မဟူရာညဉ့်ယံအောက်က အကြောက်တရား
Vol. 101 Ch. 1330
ချင်မူနှင့် ဆေးဆရာမှာ ဗျပ်စောင်းသံထဲတွင် နစ်မျောသွားသော်လည်း နားထောင်ရင်း အနည်းငယ် မိန်းမောနေကြမိသော်လည်း မကြာမီ သတိဝင်သွားကြသည်။
ညင်သာစွာ ပျံ့လွင့်နေသော ဗျပ်စောင်းသံနှင့်အတူ ချင်မူက ဆေးဆရာအား ကူညီပေးနေသည်။ သူ မီးမွှေး၍ အပူချိန်ကို ထိန်းညှိပေးနေစဉ် ဆေးဆရာက ပြင်ဆင်ထားသည့် ပရဆေးပင်များကို ဆေးပေါင်းဖိုထဲသို့ ပစ်ထည့်နေသည်။
နန်းဆောင်ခန်းမထဲတွင် ဗျပ်စောင်းသံသည် သာယာနာပျော်စွာ မျောလွင့်နေပြီး ကောင်းကင်မီးလျှံသည်လည်း တဟုန်းဟုန်း တောက်လောင်နေကြ၏။ ဧရာမဆေးပေါင်းဖိုကြီးက မီးတောက်များပေါ်တွင် လှည့်ပတ်နေလေသည်။
ချင်မူသည် ကောင်းကင်မီးလျှံကို လက်ဖဝါးထဲ၌ မြှောက်ကိုင်ထားကာ ဆေးပေါင်းဖို၏ အပူချိန်ကို ထိန်းညှိနေ၏။
တစ်လောကလုံးတွင် ဆေးကောင်းကင်နန်းဆောင်ကို “ဖွဲ့တည်ထားနိုင်သော” ဒုတိယမြောက်လူအနေဖြင့် ဆေးတာအိုတွင် ချင်မူ၏ အောင်မြင်မှုသည် ဆေးဆရာပြီးလျှင် ဒုတိယဖြစ်၏။ မှန်ပါသည်။ သူ၏ ဆေးတာအိုကောင်းကင်နန်းဆောင်ကို ဆေးဆရာက စွမ်းအင်ဆေးလုံးများ အကူအညီဖြင့် ဖန်တီးပေးထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဆေးတာအိုအောင်မြင်မှုမှာ ဆေးဆရာအောက် နိမ့်ကျနေသေးသည်။
ဆေးဆရာက ရှေ့တစ်လှမ်း တက်လိုက်ရာ အင်္ကျီလက်အိုးများ လေထဲတွင် လှုပ်ခါသွားသည်။ ကောင်းကင်မီးလျှံ၏ မီးရောင်အောက်တွင် ဆေးဆရာကား ကြယ်တံခွန်ပမာ လျင်မြန်သော ခြေလှမ်းများဖြင့် ရွေ့လျားနေပြီး ဆေးဖော်စပ်ခြင်း လျှို့ဝှက်ချက်များသည်လည်း သူ့လက်နှစ်ဖက်ထဲတွင် အတောမသပ်နိုင်အောင် ပြောင်းလဲနေ၏။
သူ၏မူလဝိညာဉ်က ဆေးပေါင်းဖိုအပေါ်ရှိ ကောင်းကင်ထက်တွင် ပေါ်လာပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် မားမားမတ်မတ် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်က ထွားကြိုင်းသန်မာနေပြီး အသတ်အဖြတ်စိတ်ဆန္ဒများဖြစ်သော လေနှစ်ဝှေ့သည် သူ့အား နဂါးများကဲ့သို့ ရစ်ပတ်နေ၏။
ဆေးဆရာ၏ မူလဝိညာဉ်က လက်ချောင်းဆယ်ချောင်းကို လှုပ်ခါလိုက်ရာ ချီစွမ်းအင်သည် ရောယှက်ရစ်ပတ်နေသော တာအိုသင်္ကေတများအသွင် ပြောင်းလဲသွား၏။ ဆေးဖော်ခြင်း၏ ဆန်းကြယ်မှုများမှာ အသက်ရှူမှားဖွယ်ပင်။
မကြာမီ စွမ်းအင်ဆေးလုံးငါးလုံး ဖော်စပ်သန့်စင်ပြီးသွားလေပြီ။
ချင်မူက လက်သီးဆုပ်လိုက်ရာ ကောင်းကင်မီးလျှံများ ကွယ်ပျောက်သွားသည်။
ဆေးဆရာက ခေါင်းမော့၍ ကောင်းကင်နတ်အရှင်ယွဲ့၏ ကန့်လန့်ကာကို ဖယ်လိုက်သည်။ ၎င်းက ဘေးသို့ ကျသွားပြီး ဗျပ်စောင်းတီးနေသည့် ကောင်းကင်နတ်အရှင်ယွဲ့ကို ပေါ်လာစေသည်။
ချင်မူနှင့် ဆေးဆရာက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကောင်းကင်နတ်အရှင်ယွဲ့ဘေးသို့ ရောက်လာကြသည်။ ဆေးဆရာက ပထမဆေးလုံးကို ထုတ်လိုက်သည့်အခါ ဆေးလုံးသည် ပျံတက်သွား၏။ ချီစွမ်းအင်တို့က ချင်မူ့ခေါင်းအပေါ်ရှိ ကောင်းကင်ထက်သို့ ပြေးဝင်သွားကြပြီးနောက် သူ့ခေါင်းအနောက်တွင် ဆေးတာအိုကောင်းကင်နန်းဆောင်အား ဖွဲ့တည်ပေးလိုက်သည်။
ချင်မူ၏ ဆေးဘုရင်မူလဝိညာဉ်သည်လည်း ကောင်းကင်နန်းဆောင်ထဲတွင် ပေါ်လာသည်။ သူသည်လည်း ခပ်ပွပွ အင်္ကျီလက်အိုးများရှိသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ နတ်ဝိဇ္ဇာတစ်ဦး၏ အငွေ့အသက်များအား ထုတ်လွှတ်နေ၏။
သူတို့၏ ဆေးဘုရင်မူလဝိညာဉ်များက တစ်ပြိုင်တည်း လှုပ်ရှား၍ ဆေးလုံး၏ ဆေးအာနိသင်ကို အသက်သွင်းလိုက်ကြသည်။ ဤတစ်ကြိမ်တွင် ဆေးဆရာက အဓိက ဖြစ်ပြီး ချင်မူမှာ လက်ထောက်အကူ ဖြစ်၏။ သူက ဆေးဆရာ၏ သိုင်းအခြေခံ မခံနိုင်မည် စိုးရိမ်သောကြောင့် အချိန်မရွေး လက်လွဲယူရန် အဆင်သင့်ပြင်ထားသည်။
ဆေးဆရာမှာ နတ်ဘုရားစီရင်ရာစင်မြင့်ထက်၌ မားမားမတ်မတ် ရပ်တည်နေနိုင်သော်လည်း ကျင့်စဉ်စွမ်းအင်အရာတွင် ချင်မူအောက် များစွာ နိမ့်ကျနေသေး၏။
စွမ်းအင်ဆေးလုံးအတွင်းရှိ တာအိုသင်္ကေတများက ကဗျာတစ်ပုဒ်အလား ပျံ့လွင့်လာကြပြီး ကောင်းကင်နတ်အရှင်ယွဲ့ထံ ပျံသန်းသွားကြသည်။ စွမ်းအင်ဆေးလုံးသည် ဗျပ်စောင်းသံနှင့် ရောထွေးသွားသော ခမ်းနားသည့် တာအိုသံတစ်သံကိုလည်း ထုတ်လွှတ်လိုက်သေး၏။
စွမ်းအင်ဆေးလုံး၏ တာအိုသင်္ကေတများက ကောင်းကင်နတ်အရှင်ယွဲ့၏ ခေါင်းပေါ်သို့ ရောက်ရှိပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ကြောင့် ရခဲ့သည့် ဒဏ်ရာအား ထိတွေ့လိုက်သည်။ ကောင်းကင်တာအိုအင်အားသည် ချက်ချင်းဆိုသလို ပြန့်ကားထွက်လာတော့၏။ သို့သော် နောက်တခဏတွင် စွမ်းအင်ဆေးလုံး၏ တာအိုသင်္ကေတများက ကောင်းကင်တာအိုသင်္ကေတများအတွင်း၌ ပြည့်နှက်သွားသည်။
ရှေးဟောင်းနတ်ဘုရားဘုရင် ထားရစ်ခဲ့သည့် တာအိုဒဏ်ရာထဲရှိ တာအိုသင်္ကေတများသည် စွမ်းအင်ဆေးလုံး၏ တာအိုသင်္ကေတနှင့် ထိတွေ့သွားကြ၏။ တမုဟုတ်ချင်းပင် မြွေဆိပ်နှင့် ထိတွေ့မိသည့် သွေးကဲ့သို့ ချက်ချင်း ခဲပြစ်ပုပ်သိုးသွားကြသည်။
ချင်မူမှာ ၎င်းကို မြင်လျှင် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။ သူ့မှာ ခေါင်းပူသွားပြီး အရိုးများပင် တုန်ရီလာသည်။
ဤစွမ်းအင်ဆေးလုံးမျိုးသည် ဆေးမဟုတ်ဘဲ သေစေနိုင်သော အဆိပ်တစ်မျိုး ဖြစ်၏။ ၎င်းသည် လူနာ ကြိုးစားပမ်းစား ကျင့်ကြံထားရသည့် တာအိုလမ်းစဉ်ကို ပျောက်ပျယ်သွားစေနိုင်သည့်အပြင် တာအိုကို အသွင်ပြောင်းနိုင်သည့် အဆိပ်တစ်မျိုးပင်။
“စိတ်မပူပါနဲ့…. ဒီ ဆေးလုံးက ရှေးဟောင်းနတ်ဘုရားဘုရင် ထားခဲ့တဲ့ ဒဏ်ရာတွေကိုပဲ ပစ်မှတ်ထားတာ” ဆေးဆရာ၏အသံက သူ၏ အကြောက်တရားများကို လွင့်ပြယ်သွားစေရန် အချိန်ကိုက် ထွက်ပေါ်လာသည်။
ချင်မူလည်း စိတ်ထိန်းလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ဆေးဆရာက ဆေးလုံးနောက်နှစ်လုံး ထုတ်လိုက်သည်။ တစ်လုံးက ကောင်းကင်နတ်အရှင်ဟောင် ထားခဲ့သော တာအိုဒဏ်ရာများ ရှိသည့် ကောင်းကင်နတ်အရှင်ယွဲ့၏ ကျောသို့ ပျံသန်းသွားပြီး နောက်တစ်လုံးက ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ရခဲ့သော ဒဏ်ရာများထံ ဦးတည်သွားသည်။
ထိုအခါ ချီစွမ်းအင်တို့သည် ချင်မူ့ဦးခေါင်းနောက်ရှိ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကောင်းကင်နန်းဆောင်နှစ်ဆောင် အသွင်ပြောင်းသွား၏။ တစ်ခုက မူလကောင်းကင်နန်းဆောင်ဖြစ်ပြီး နောက်တစ်ခုက ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင် ဖြစ်သည်။
သူက ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်ကို အသုံးပြု၍ ကောင်းကင်နတ်အရှင်ယွဲ့၏ ရုပ်ရည်သွင်ပြင်အား နဂိုအသွင်အပြင်သို့ ပြန်လည်ရောက်ရှိစေသည်။ တခြားတစ်ဖက်တွင် မူလကောင်းကင်နန်းဆောင်မှာမူ ကောင်းကင်နတ်အရှင်ဟောင်၏ အင်အားကြီးမားသော အဆုံးသတ်မြို့ပျက် မဟာတာအိုနှင့် မွေးရာပါမူလချီတို့ကို ရင်ဆိုင်ရန်ဖြစ်သည်။ ဆေးဆရာ၏ ဆေးလုံးများ ထင်ထားသည့်အတိုင်း အလုပ်မဖြစ်ခဲ့ပါက… အရန်အစီအစဉ် ပြင်ဆင်ထားခြင်းဖြစ်၏။
ဆေးဆရာ၏ ပထမဆေးလုံးနှစ်လုံးဆီမှ ဆေးအာနိသင် ထွက်ပေါ်လာသည်။ ချင်မူ့ခန္ဓာကိုယ်က လှုပ်ခါသွားပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါ်လာကာ တာအိုအမှတ်အသားတစ်ခုစီ၏ ပြောင်းလဲမှုတိုင်းကို အသေးစိတ် အကဲခတ်နေ၏။
ထိုအခိုက်အတန့်တွင် ဆေးဆရာက ကောင်းကင်နတ်အရှင်ရှောင် ထားခဲ့သော တာအိုဒဏ်ရာများကို ကုသရန် ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။
ချင်မူက မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဘိုးဘိုးဆေးဆရာ၊ ကောင်းကင်နတ်အရှင်ယွဲ့က ကျွန်တော့်လို မဟုတ်ဘူးနော်…. ကောင်းကင်နတ်အရှင်တွေကို တစ်ခါတည်းနဲ့ အသိပေးတော့မလို့လား..”
ဆေးဆရာက စွမ်းအင်ဆေးလုံး၏ ဆေးအာနိသင်ကို အသက်သွင်းရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “တခြားကောင်းကင်နတ်အရှင်တွေ သတိထားမိသွားရင် ကောင်းကင်နတ်အရှင်ရှောင်ကိုလည်း ဖုန်းကွယ်လို့ရမှာ မဟုတ်ဘူး… သူ စပြီး လှုပ်ရှားတာ စောင့်နေမယ့်အစား ငါတို့ဘက်က ကောင်းကင်နတ်အရှင်အားလုံးကို သတိပေးလိုက်တာ ကောင်းတယ်”
ချင်မူက မျက်မှောင်ကြုတ်သွားပြီး သူ၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြန်သည်။ ကောင်းကင်နန်းဆောင်များသည် သူ့အနောက်တွင် ပေါ်လာပြီး နတ်ရောင်နတ်၀ါတို့ ထွန်းလင်းတောက်ပနေသည့် ကောင်းကင်နတ်ဘုံတစ်ခုအား ဖော်ဆောင်လိုက်၏။
သူ၏မူလဝိညာဉ်က ဆယ့်ရှစ်ကိုယ် ကွဲသွားပြီး ကောင်းကင်နန်းဆောင်များထဲတွင် မားမားမတ်မတ် ရပ်လျက် ကောင်းကင်နတ်အရှင်ယွဲ့၏ တာအိုဒဏ်ရာများမှ တာအိုသင်္ကေတအပြောင်းအလဲများကို အသေးစိတ် လေ့လာနေကြသည်။
စွမ်းအင်ဆေးလုံးသည် ကောင်းကင်နတ်အရှင်ရှောင်၏ တာအိုသင်္ကေတများအား တိုက်စားနေပြီဖြစ်ပြီး ပထမဆုံး တာအိုသင်္ကေတ ပြိုကွဲသွား၏။
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ တာအိုသင်္ကေတများ အက်ကွဲသွားသည်နှင့် တစ်စုံတစ်ခု နိုးထလာသလို အာရုံခံမိလိုက်သည်။
ညအမှောင်ထုထဲတွင် မျက်လုံးဖွင့်လိုက်သည့် ကြောက်မက်ဖွယ် မိစ္ဆာသားရဲတစ်ကောင်ကြီးအလားပင်။
ထိုအခိုက်အတန့်တွင် ဆေးဆရာက ငါးလုံးမြောက် ဆေးလုံးကို ထုတ်လိုက်သဖြင့် ချင်မူ့နဖူးကြောများ ထောင်လာတော့သည်။ သို့သော် သူက အောင့်အည်းသည်းခံ၍ ဆေးဆရာကို မနှောင့်ယှက်ဘဲ ကောင်းကင်နတ်အရှင်ယွဲ့၏ ဒဏ်ရာများအား စိတ်တိုင်းကျ ကုသစေ၏။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံမှာ ငြင်သာဖြည်းညင်းစွာ ပျံ့လွင့်နေဆဲပင်။ ချင်မူနှင့် ဆေးဆရာ ကုသသည့်အခါ သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပြန်လည်ခုခံကြသသဖြင့် သူမမှာ ပို၍ နာကျင်ရသည်။ သို့သော် သူမ၏ လက်ချောင်းများ တည်ငြိမ်နေဆဲဖြစ်ပြီး ဗျပ်စောင်းကြိုးများကို အားပါပါ တီးခတ်နေဆဲ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် တာအိုဂိုဏ်းရှိ တာအိုရသေ့များနှင့် တောင်ခြေမြို့သူမြို့သားများသည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။
မက်မွန်တောအုပ်တစ်ခုလုံး အလင်းရောင်တို့ဖြင့် ထိန်လင်းတောက်ပလာလေသည်။ မက်မွန်တောအုပ်ထဲရှိ အလင်းတန်းများက ဗျပ်စောင်းသံနှင့်အတူ ကခုန်နေကြသည်။ ရာချီသော အလင်းကြိုးမျှင်များနှင့် ဗျပ်စောင်းတေးသံတို့က လိုက်ဖက်ညီစွာ ယိမ်းနွဲ့နေကြချေရာ ညအမှောင်ထုထဲရှိ မက်မွန်တောအုပ်အား အလင်းရောင်ခြုံလွှမ်းနေသော တေးသွားတစ်ခုပမာ ဖြစ်နေစေတော့သည်။
ပို၍ထူးဆန်းသည်က တေးသွားတစ်ခု ကခုန်သွားတိုင်း မက်မွန်တောအုပ်သည် နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းသွားသယောင် ထင်ရသည်။ ကမ္ဘာအသစ်တစ်ခုသည် ညအမှောင်ကောင်းကင်ယံတွင် ပေါ်လာပြီး မက်မွန်တောအုပ်နှင့် ချိတ်ဆက်သွား၏။
ဤအခိုက်အတန့်တွင် ကမ္ဘာဦးဘုံမှာ မှောင်မိုက်နေသော်လည်း ထိုဆန်းကြယ်ကမ္ဘာအားလုံးက မှောင်နေခြင်းမဟုတ်ပေ။ တချို့ကမ္ဘာများတွင် နေထွက်နေကြပြီး တာအိုဂိုဏ်းအနီးမှ လူများသည် နေသုံးစင်း ပင်လယ်ထက်မှ ဖြည်းဖြည်းချင်း မြောက်တက်လာသည်ကို တွေ့မြင်ကြရ၏။
နေမင်း၏ အလင်းရောင်က ညကောင်းကင်ယံနှင့် ကမ်းခြေရှိ မက်မွန်တောအုပ်ထက်သို့ ဖြာကျတောက်ပလာသည်။ မက်မွန်တောအုပ်မှတစ်ဆင့် တာအိုဂိုဏ်း၏ ခွန်းလွန်တောင်အပေါ်သို့ ပန်းချီကားတစ်ချပ်အလား ဖြာကျလာသည်။
သို့သော် မက်မွန်တောအုပ်၏ စည်းချက်တေးသွားများ ကခုန်နေကြချိန်တွင် မြင်ကွင်းမှာ ရုတ်တရက်ပြောင်းလဲသွားပြန်၏။ အမှောင်ကမ္ဘာတစ်ခု ဆင်းသက်လာပြီး အနက်ရောင်တောင်တန်းများမှာ သားရဲတစ်ကောင်၏ ကျောပေါ်မှ အစွယ်များကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။
တေးသွားများ ပြောင်းလဲသွားပြီး ရုတ်တရက် နေ့အချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။ ကောင်းကင်သည် ကြည်လင်ပြာဝေနေပြီး ဧရာမမြေထုကြီးတစ်ခုက ကောင်းကင်ထက်တွင် မြောလွင့်နေ၏။ ငှက်ခေါင်း လူတောင်ပံဖြင့် နတ်ဘုရားများက ကောင်းကင်ထက်တွင် လူးလာပျံသန်းနေကြသည်။
ထိုစဉ်မှာပဲ သူတို့သည် နေဝင်နေသော ကမ္ဘာတစ်စင်းအောက်သို့ ရောက်သွားကြ၏။ နေမင်းကြီးက ရဲရဲတောက်နီနေပြီး နေရောင်ဆည်းဆာက ကောင်းကင်ကို ဖုံးလွှမ်းထားရာ အင်မတန် လှပတင့်တယ်နေတော့၏။
မိုင်တစ်သောင်းကျယ်ဝန်းသော မက်မွန်တောအုပ်မှာ တစ်နေရာမှတစ်နေရာသို့ ခုန်နေသည့်အလား အနန္တစကြ၀ဠာများကို ဖြတ်လျက် အဆက်မပြတ် ခုန်နေတော့သည်။ အလင်းတန်းကြိုးမျှင်များက တေးသွားများကို ဖွဲ့တည်စေပြီး တေးသွားတို့က ခုန်ကူးနိုင်ရန် နေရာဟင်းလင်းပြင်ထောင်ပေါင်းများစွာကို တည်ဆောက်ပေးသည်။ တာအိုဂိုဏ်းအနီးရှိလူများမှာ ၎င်းကို ငေးမောကြည့်နေကြတော့သည်။
ရုတ်တရုတ် တာအိုဂိုဏ်း၏ အကြီးအကဲတစ်ဦးက အဝေးရှိ အမှောင်ထုထဲသို့ ကြည့်လိုက်သည်။ မှောင်မိုက်နေသော ယွမ်တု၏ အလယ်တွင် ကမ္ဘာဦးသစ်ပင်သည် သားရဲတစ်ကောင်ကဲ့သို ရပ်နေကြောင်း တွေ့လိုက်ရသည်။
ထိုနေရာတွင် ကျဉ်းမြောင်းမြောင်း မျက်လုံးနှစ်လုံးက ဖြည်းဖြည်းချင်း ပွင့်လာကြ၏။
ထိုမျက်လုံးများမှာ ကြီးမားလွန်းလှသဖြင့် အင်မတန် ဝေးကွာသော်လည်း မြင်ရနိုင်နေသည်။
တာအိုဂိုဏ်းအကြီးအကဲမှာ အံ့သားသင့်သွားသည်။ သူက အလျင်အမြန် ခေါင်းလောင်းတီး၍ တာအိုဂိုဏ်းသားများကို စုဝေးလိုက်ရင်း ခပ်ဩဩ အော်လိုက်သည်။ “တာအိုသခင် ဒီမှာ မရှိဘူး… မင်းတို့အားလုံး တောင်အောက်ဆင်းပြီး အနားက မြို့တွေဆီ သွားကြ…. ဘယ်သူ့ကိုမှ အိမ်ပြင်၊ မြို့ပြင်ကို မထွက်ခိုင်းကြနဲ့… အားလုံး တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ထားခိုင်း…. ဘယ်သူမှ ထွက်လို့မဖြစ်ဘူး”
တာအိုဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ တာအိုဂိုဏ်းအကြီးအကဲကလည်း တောင်အောက်ဆင်း၍ သာမန်ပြည်သူများအား အပြင်မထွက်ရန် မှာကြားနေ၏။ သူက အမှောင်ထုထဲတွင် ဖြည်းဖြည်းချင်း တောက်ပလာနေသော မျက်လုံးကြီးများဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ ကြယ်တာရာများ အမှတ်မထင် ပိုမိုကြီးမားလာသည်ကိုလည်း မြင်လိုက်ရ၏။ သူ့မှာ စိတ်မပူဘဲ မနေနိုင်တော့ပေ။ “မက်မွန်တောအုပ်…. အပြောင်းအလဲကြီးတစ်ခုများ ဖြစ်နေပြီလား”