ကံကောင်းသွားခြင်း
Vol. 12 Ch. 111
တစ်အောင့်ကြာတဲ့ အခါမှာတော့ ပါးရိုးမြင့်မြင့်နဲ့ ဟောပြောပို့ချမဲ့လူဟာ သစ်သားစင်မြင့်ပေါ် တက်လာပါတယ်။ သူမဟာ မဟောပြောခင် အရင်ဆုံး ချောင်းဟန့်ပြီး လည်ချောင်းရှင်းပါတယ်။
“မင်္ဂလာ မနက်ခင်းပါ... ဂုဏ်သရေ မိန်းမပျိုအပေါင်းတို့... ကျွန်မက ဆားဗီးယား ဟဲဒါပါ... ကျွန်မ ဒီနေ့ မိသားစု အသုံးစရိတ်ကို စီမံခန့်ခွဲတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အတွေ့အကြုံတွေကို မျှဝေပေးမှာပါ... မိသားစု အသုံးစရိတ်ကို စီမံခန့်ခွဲတဲ့နေရာမှာ အပိုင်းသုံးပိုင်း ရှိတယ်...”
“ပထမပိုင်းမှာ တစ်နှစ်ဝင်ငွေ ပေါင်တစ်ရာရှိတဲ့ မိသားစုတွေက အစားအသောက်၊ နေမှုထိုင်မှု၊ အဝတ်အစားနဲ့ အလုပ်သမားတွေကို ဘယ်လို ဟန်ချက်ညီအောင် ဘတ်ဂျက် ဆွဲရမယ်ဆိုတာ ပြောပြပါမယ်... ဒုတိယပိုင်းမှာ တစ်နှစ်ဝင်ငွေ ပေါင်နှစ်ရာရှိတဲ့ မိသားစုတွေက ပိုပြီးတော့ ဂုဏ်သိက္ခာရှိအောင် အသုံးစရိတ်ကို ဘယ်နေရာတွေမှာ တိုးသုံးရမလဲဆိုတာ ပြောပြပါမယ်...”
မလီဆာဟာ စိတ်ဝင်တစား နားထောင်ပါတယ်။ သူမဟာ သူ့အစ်ကိုတွေရဲ့ တစ်နှစ်ဝင်ငွေကို လက်ချောင်း သုံးပြီး တွက်ကြည့်ပါတယ်။
‘ပေါင်နှစ်ရာတောင် ကျော်နေတာပဲ...’ သူမဟာ စိတ်သက်သာရာ ရသွားသလို ကြောက်လည်း ကြောက်သွားပါတယ်။ သူမဟာ လက်ရှိဘဝကို ကျေနပ်တဲ့အတွက် စိတ်သက်သာရာ ရသွားတာဖြစ်ပြီး ဒီလိုဘဝက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားမှာကိုလည်း ကြောက်နေပါတယ်။
အဲဒီအချိန်မှာ ဝိုင်နီရောင်ဆံပင်နဲ့ ဆယ်လီနာဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး သူမရဲ့ သူငယ်ချင်း နှစ်ယောက်ကို တိုးတိုးတိတ်တိတ် ပြောပါတယ် “သူက မုန်တိုင်းအရှင်ကို ယုံကြည်တဲ့လူ ထင်တယ်... လေမုန်တိုင်း တံဆိပ် ထိုးထားတယ်”
မလီဆာ လှမ်းကြည့်လိုက်တဲ့အခါ ဆားဗီးယားက လေပြင်းနဲ့ လှိုင်းလုံးကြီးတွေ ရေးဆွဲထားတဲ့ တံဆိပ်တစ်ခုကို ဘယ်ဘက်ရင်အုံမှာ ထိုးထားတာ တွေ့လိုက်ရပါတယ်။
သူမဟာ ချက်ချင်းပဲ ရှင်းပြလိုက်ပါတယ် “ဒီပွဲအကြောင်း ငါ့ကိုပြောတဲ့ မစ္စရှားကလည်း မုန်တိုင်းအရှင်နောက်လိုက်ပဲ... အဲဒီတော့ ဟောပြောတဲ့လူကလည်း မုန်တိုင်းအရှင် နောက်လိုက် ဖြစ်တာ မထူးဆန်းပါဘူး”
“ဟုတ်တယ်... ငါလည်း အဲဒါက ပြဿနာရှိတယ်လို့ မထင်ဘူး... ငါတို့တွေက ဒီနေရာကို ဘတ်ဂျက် ဘယ်လိုဆွဲရမလဲဆိုတာ လေ့လာဖို့ ရောက်နေတာလေ...” အဲလစ်ဇဘတ်က မလီဆာနဲ့ သဘောတူပါတယ်။
“ဒါပေမဲ့ မလီဆာကလွဲရင် ငါတို့တွေ ဘတ်ဂျက်ဆွဲဖို့ မလိုပါဘူး... ငါတို့မှာ ငါတို့မိသားစုရဲ့ ငွေရေးကြေးရေးကို စီမံပိုင်ခွင့်မှ မရှိတာ...” ဆယ်လီနာက နှုတ်ခမ်းစူပြီး ပြောပါတယ်။
အဲလစ်ဇဘတ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ပြောပါတယ် “ဒါပေမဲ့ ငါတို့တွေ လက်ထပ်ရင် ငါတို့ကိုယ်ပိုင် မိသားစု ရှိလာမှာပဲလေ”
ဆယ်လီနာဟာ မှော်မှန်ဗေဒင်ကိစ္စ ပြီးကတည်းက အဲလစ်ဇဘတ်ကို နည်းနည်း ကြောက်နေတာမလို့ ကသိကအောက်နဲ့ ခေါင်းညိတ်ပြီး ဟောပြောတာကို စိတ်ဝင်တစား နားထောင်ချင်ယောင် ဆောင်ပါတယ်။
ဟောပြောတဲ့ ဆားဗီးယားက ညာလက် မြှောက်ပြီး ပြောပါတယ်။
“ဘယ်လို ဘတ်ဂျက်ပဲဆွဲဆွဲ အိမ်ထောင်ဦးစီးရဲ့ အမြင်ကို လေးစားရမယ်... သူတို့တွေက ဝင်ငွေ ရင်းမြစ်လည်း ဟုတ်သလို မိသားစုရဲ့ ထောက်တိုင်လည်း ဟုတ်တယ်... သူတို့တွေက ငါတို့တွေ အရာအားလုံးကို ရနိုင်ဖို့ စိုးရိမ်သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေနဲ့ လူ့မှုအသိုင်းအဝိုင်းရဲ့ ဖိအားဒဏ်တွေကို ခံရတယ်... အဲဒါကြောင့် ငါတို့က အပြင်ဘက်က ပြဿနာတွေနဲ့ ကင်းဝေးတဲ့ အေးချမ်းတဲ့ အိမ်လေးတစ်အိမ်ဖြစ်အောင် ဖန်တီးပေးရမယ်... အဲဒါမှ သူတို့တွေ အိမ်ပြန်လာတဲ့အခါ စိတ်အမောပြောပြီး လန်းဆန်းတက်ကြွလိမ့်မယ်... အဲဒါမှ သူတို့တွေ နောက်လာမဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုပြီးတော့ ပြင်ဆင်နိုင်မှာ...”
“နာမည်ကျော် တွေးခေါ်ပညာရှင်၊ လူမှုရေးသိပ္ပံ ပညာရှင်၊ မနုဿဝါဒ ပညာရှင်နဲ့ စီးပွားရေး ပညာရှင်ဖြစ်တဲ့ မစ္စတာ လယုမီက ပြောခဲ့ဖူးတယ်... အမျိုးသမီးတစ်ယောက်က အိမ်ထောင်စုတစ်စုရဲ့ နတ်သမီးပဲတဲ့”
ဆယ်လီနာဟာ ပါးကိုသပ်ပြီး ပါးချိုင့်တွေက စမ်းရင်းက နည်းနည်း စိတ်လှုပ်ရှားတဲ့အသံနဲ့ တီးတိုးပြောပါတယ်။
“လယုမီ... လူသားတွေက လွတ်လပ်မှုနဲ့ မွေးဖွားလာတာလို့ ပြောတဲ့လူလား”
အဲလစ်ဇဘတ်ဟာ တစ်စက္ကန့် နှစ်စက္ကန့် တုံ့ဆိုင်းသွားပြီး ဖြေပါတယ် “ဟုတ်တယ်... ဒါပေမဲ့ သူက မုန်တိုင်းအရှင်ကို ယုံကြည်တဲ့လူပဲ”
အဲဒီအချိန်မှာ ဆားဗီးယားက ဆက်ပြောပါတယ် “မစ္စတာ လယုမီက ပြောထားတယ်... မိန်းမတွေက အသိပညာနဲ့ ကျိုးကြောင်းကျကျ စဉ်းစားတဲ့နေရာမှာ မွေးရာပါ အားနည်းချက်ရှိတယ်... အဲဒါကြောင့် သူတို့ကိုယ်သူတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ သူတို့ရဲ့အဖေနဲ့ သူတို့ရဲ့ ယောက်ျား ဒါမှမဟုတ် ဘုရားကျောင်းရဲ့ ဆုံးဖြတ်ချက်ကို လက်သင့်ခံရမယ်..."
ဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ မလီဆာ၊ ဆယ်လီနာနဲ့ အဲလစ်ဇဘတ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဆွံအသွားပါတယ်။
“သွားကြမလား” နောက်ဆုံးမှာ ဆယ်လီနာက အကြံပြုပါတယ်။
မလီဆာနဲ့ အဲလစ်ဇဘတ်ဟာ ခေါင်းညိတ်ပါတယ်။
“ကောင်းတယ်”
သူတို့သုံးယောက်ဟာ သူတို့ရဲ့ ဇာဦးထုပ်တွေကို ယူပြီး ခါးကုန်းလျှောက်ကာ ဘယ်သူမှမသိအောင် ဘေးတံခါးကနေ ခိုးထွက်ပါတယ်။
သတိကြီးကြီးနဲ့ လျှောက်ရင်း အပြင်ရောက်သွားတဲ့အခါမှာတော့ သူတို့သုံးယောက်ဟာ ခါးဆန့်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခန်းမလေးထဲကလာတဲ့ လက်ခုပ် လက်ဝါးတီးသံကို သူတို့တွေ ရုတ်တရက် ကြားလိုက်ရပါတယ်။
မလီဆာဟာ ခန်းမဘက်ကို တစ်ချက် လှည့်ကြည့်မိလိုက်ပါတယ်။ မစ္စရှားနဲ့ တခြားအမျိုးသမီးတွေ လက်ခုပ်တီးနေတာကို သူမ တွေ့လိုက်ရပါတယ်။
‘ဟူး... အရှင်မအား ချီးကျူးကြလော့...’ မလီဆာဟာ အသက်ရှူထုတ်ပါတယ်။ သူမဟာ ဆယ်လီနာ၊ အဲလစ်ဇဘတ်တို့နဲ့ အတူတူ ဒီနေလို့ထိုင်လို့ မကောင်းတဲ့ နေရာကနေ ထွက်ခွာပါတယ်။
“ငါတို့တွေ ဟဲရစ်ကို သွားကြမလား...” ဆယ်လီနာဟာ သစ်တစ်ပင်အောက်မှာ ရပ်ရင်း အကြံပေးပါတယ်။ သူမဟာ စောစောက ဖြစ်ခဲ့တာကို လုံးဝ မေ့သွားပါပြီ။
မလီဆာဟာ လေးငါးစက္ကန့် တိတ်ဆိတ်နေပြီးမှ ပြောပါတယ် “ငါ အိမ်ပြန်ပြီး စာလုပ်မလားလို့”
“စာလုပ်မယ်”ဆယ်လီနာဟာ ပုံမှန်ဘဝကို ပြန်ရောက်သွားသလိုမျိုး သူမရဲ့ ဝိုင်နီရောင် ဆံပင်တွေကို ဖွပါတယ်။
“အင်း... ငါ ပေါင်မုန့်၊ အမဲသား၊ အာလူးနဲ့ သစ်သီးတွေလည်း ဝယ်ရဦးမယ်... အစ်ကိုလတ်က ဒီနေ့ အလုပ်သွားတယ်... အစ်ကိုကြီးကလည်း မြူနီစပယ် စာကြည့်တိုက်ကို သွားတယ်... အဲဒီတော့ ငါ အိမ်ပြန်ရမယ်” မလီဆာဟာ သူမ ပုံနှိပ်စာအုပ်တွေ၊ ဂီယာတွေနဲ့ စပရင်တွေကို ဘယ်လောက် ချစ်တယ်ဆိုတာကို ရုတ်တရက် သဘောပေါက်သွားပါတယ်။
ဆယ်လီနာဟာ သာမန်လူတွေနဲ့ မတူဘဲ ထူးဆန်းနေတဲ့ မလီဆာနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ပြီး အဲလစ်ဇဘတ်ကို လှည့်ကြည့်ကာ အပြုံးနဲ့ ပြောပါတယ် “ငါတို့နှစ်ယောက် ဟဲရစ်ကို သွားကြမလား... ငါ ပိုက်ဆံတွေ အကုန်လုံး သုံးလိုက်ပြီဆိုပေမဲ့ လိုက်ကြည့်ရတဲ့ ခံစားချက်ကလည်း မဆိုးပါဘူး”
“ရတယ်လေ... သွားမယ်” အဲလစ်ဇဘတ်ဟာ ဆယ်လီနာရဲ့ အဆိုပြုချက်ကို လက်ခံပြီး ဒီအတိုင်း မေးလိုက်ပါတယ် “မလီဆာ... နင့်အစ်ကို ကလိုင်းက တနင်္ဂနွေနေ့လည်း အလုပ်လုပ်ရတာပဲလား...”
“ဟုတ်တယ်... သူက တနင်္လာနေ့ကျမှ နားရတာ... သာမန်အလုပ်တွေနဲ့ မတူဘူး” မလီဆာဟာ သူမရဲ့ခေါင်း မသိမသာ မြှောက်သွားတာကို သတိမထားမိလိုက်ပါဘူး။
...
ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ ထွက်ပြီးနောက် ကလိုင်းဟာ ဟောက်လမ်းဆီ အများသုံး မြင်းလှည်းနဲ့ သွားပါတယ်။
သူဟာ အန်တီဂိုနပ်မိသားစုရဲ့ ရတနာ အကြောင်းကို မတွေးမိအောင် သူ့ခံစားချက်တွေကို အကောင်းဆုံး ကြိုးစား နှိပ်ကွပ်ပါတယ်။ သူဟာ သရုပ်ဆောင်တဲ့ ကိစ္စအပေါ်မှာပဲ အာရုံရှိအောင် ကြိုးစားပါတယ်။
မှော်ဆေးရည်ကို တက်နိုင်သလောက် မြန်မြန် အကုန်အစင် ချေဖျက်နိုင်ဖို့က အရေးကြီးပါတယ်။ ဘာတွေပဲဖြစ်ဖြစ် သူ့ကိုယ်သူ တိုးတက်အောင် လုပ်တာက အရမ်းအရေးကြီးတဲ့ ကိစ္စပါ။
‘အမြင်ဆရာအဖြစ် သရုပ်ဆောင်ရမယ်... ဟီးဟီး... ငါက ပရော်ဖက်ရှင်နယ် မကျသေးဘူး... ၂၁ ရာစုက ဗေဒင်ဆရာတွေဆိုရင် အဖြေမရခင် အများကြီး တွက်ချက်ကြတာ...’ ကလိုင်းဟာ လက်ကိုင်တုတ် ကိုင်ရင်း မြင်းလှည်းထဲမှာ ထိုင်လိုက်ပါတယ်။
ကလိုင်းဟာ သူ ဒီနေ့ ဗေဒင်ကလပ်ဆီ သွားတာက သူ့အတွက် အကျိုးရှိလား မရှိဘူးလားဆိုတာကို တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါမှ အမြင်ဆရာနဲ့ ပိုတူမယ် မဟုတ်ပါလား။
မြင်းလှည်းပေါ်က ဆင်းပြီးနောက် သူဟာ ပဲနိဝက်တန် ကြွေပြားစေ့ကို ထုတ်လိုက်ပါတယ်။ သူ့ မြင်ကွင်းဟာ ကျဉ်းမြောင်းသွားပြီး သူ့မျက်ဆံတွေက နက်မှောင်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ စိတ်ထဲမှာ ရွတ်ဆိုလိုက်ပါတယ်။
‘ဒီနေ့ ဗေဒင်ကလပ်ဆီသွားဖို့ သင့်တော်တယ်’
‘ဒီနေ့ ဗေဒင်ကလပ်ဆီသွားဖို့ သင့်တော်တယ်’
...
“ချွမ်...”
ကလိုင်းဟာ အကြွေစေ့ကို လေထဲ မြှောက်လိုက်ပါတယ်။ သူဟာ အကြွေစေ့ လေထဲ မြှောက်တက်ပြီး ချာလည်ပတ်လည် လှည်သွားတာကို မကြည့်ဘဲ လက်ကိုသာ အေးအေးဆေးဆေး ရှေ့ဆန့်လိုက်ပါတယ်။
“ဖတ်...”
အကြွေစေ့ဟာ သူလက်ဖဝါးရဲ့ အလယ်ကို ကျပါတယ်။
ဒီတစ်ကြိမ်မှာ ၁/၂ က အပေါ်ကို မျက်နှာ မူနေပါတယ်။
‘နံပါတ်က အပေါ်ကို မျက်နှာမူနေတာဆိုတော့ ငါ ဒီနေ့ ဗေဒင်ကလပ်သွားရင် မကောင်းတဲ့ကိစ္စ တစ်ခုခုဖြစ်မယ်လို့ ဆိုလိုတာပဲ...’
ကလိုင်းဟာ တစ်ခဏတွေးပြီးနောက် မျက်နှာချင်းဆိုင်လမ်းကို ဖြတ်ကူးကာ အများသုံးမြင်းလှည်း စောင့်ပြီး ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။
သူဟာ တဖြည်းဖြည်း ဆရာယောင်နဲ့ ပိုတူလာပြီလို့ ခံစားလိုက်ရပါတယ်။
...
ဟောက်လမ်း၊ ဟဲရစ်ကုန်တိုက် ဝင်ပေါက်။
အထဲဝင်တော့မဲ့ဆဲဆဲ ဆယ်လီနာဟာ ရုတ်တရက်ခဲသွားပြီး ဘေးကို ကြည့်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ” အဲလစ်ဇဘတ်က ပဟေဠိနဲ့ မေးပါတယ်။
ဆယ်လီနာဟာ ပါးဖောင်းပြီး ပြောပါတယ် “ငါ့ရဲ့ ဂမ္ဘီရဆရာ မစ္စတာဗင်းဆင့်ကို တွေးမိလို့ပါ... သူက ငါ့မွေးနေ့ပွဲပြီးလို့ နောက်တစ်နေ့ပဲ ဆုံးသွားတာ...”
“အဲဒါ ငါ သူ့ရဲ့ လျှို့ဝှက်မန္တန်ကို ခိုးကြည့်ခဲ့လို့များလား... ငါ အဲဒါကို တွေးမိတိုင်း အပြစ်ရှိတယ်လို ခံစားရတယ်... နောက်ပြီး ငါ ဒီအတောအတွင်း ကံသိပ်မကောင်းဘူး”
“အဲဒီတော့...”
ဆယ်လီနာဟာ နှုတ်ခမ်းကိုက်ပြီး “ငါ ဟိုက ဗေဒင်ကလပ်မှာ ဗေဒင်တွက်ချင်တယ်... မစ္စတာဗင်းဆင့်ရဲ့ သေဆုံးမှုက ငါနဲ့ ဆိုင်လားဆိုတာလည်း မေးချင်တယ်”
‘မွေးနေ့ပွဲပြီးကတည်းက အဲလစ်ဇဘတ်က တစ်ခုခု ဝှက်ထားတယ်လို့ ငါ ခံစားချက် ရနေတယ်... အဲဒီတုန်းက ထက်စီဒိုဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ နောက်ကျောကို ငါ မြင်လိုက်ပါတယ်’
“နင့်ဘာသာနင် တွက်လို့ မရဘူးလား” အဲလစ်ဇဘတ်က တအံ့တဩ မေးပါတယ်။
ဆယ်လီနာဟာ သူ့အဖေကို အတုခိုးပြီး သက်ပြင်းချပါတယ်။
“ဟင်း... ငါ့လက်ရှိ အခြေအနေနဲ့ ဘယ်လိုလုပ် တွက်လို့ရမှာလဲ”
“အင်း... အဲဒါဆိုလည်း ဗေဒင်ကလပ်ကို အရင်ဆုံး သွားကြတာပေါ့” အဲလစ်ဇဘတ်ဟာ သူ့သူငယ်ချင်း တောင်းဆိုတာကို သဘောတူပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ ဗေဒင်ကလပ်ရှိတဲ့ အဆောက်အဦးဆီ လျှောက်သွားပြီး လှေကားကနေ ဒုတိယထပ်ဆီ တက်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ... မစ္စအန်ဂျလီကာ... တွေ့ရတာ ဝမ်းသာပါတယ်” ဆယ်လီနာဟာ ဧည့်ကြိုကောင်တာမှာ ရွှင်ရွှင်ပျပျ နှုတ်ဆက်ပါတယ်။
အန်ဂျလီကာဟာ ပြုံးလိုက်ပါတယ် “နေ့လည်စာ စားပြီးချိန် လာတာနဲ့ နင် ငါ့ကို ဒီနေရာမှာ တွေ့ရမှာပဲ”
ဆယ်လီနာဟာ နှုတ်ဆက်စကား ပြောပြီးမှ ဟန်းနစ်ဗင်းဆင့်ရဲ့ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောပါတယ်။ အဲဒီနောက်...။
“ကျွန်မ ဗေဒင်တွက်ချင်လို့...”
“ကလပ်ရဲ့ စည်းမျဉ်းတွေကို နင်လည်း သိတာပဲ... ဒါက ဗေဒင်တွက်ပေးဖို့ ဆန္ဒရှိတဲ့ အဖွဲ့ဝင်တွေရဲ့ စာရင်းပဲ... စနေ တနင်္ဂနွေဆိုတော့ အဖွဲ့ဝင်အများစု ရောက်နေတယ်” အန်ဂျလီကာဟာ ထုံးစံအတိုင်း ရှင်းပြပါတယ်။
ဆယ်လီနာနဲ့ အဲလစ်ဇဘတ်ဟာ ခေါင်းချင်းဝှေ့ပြီး နာမည်စာရင်းနဲ့ အကြောင်းအရာကို ဖတ်ပါတယ်။
“အရင်က ငါ ဆရာ့ကိုပဲ တိုက်ရိုက်မေးတာ... ကလပ်မှာ ဗေဒင်တွက်ချင်တဲ့ အဖွဲ့ဝင်တွေက မနှစ်ကထက်စာရင် ဒီလောက်ထိ များလာလိမ့်မယ်လို့ ထင်မထားဘူး” ဆယ်လီနာက စိတ်လှုပ်တရှား ပြောပါတယ်။
ရုတ်တရက် သူမဟာ လေးငါးစက္ကန့် ရပ်သွားပြီး နားမလည်တဲ့ မျက်နှာနဲ့ ပြောပါတယ် “ကလိုင်းမိုရက်တီ... ကလိုင်းမိုရက်တီက... မလီဆာအစ်ကိုရဲ့ နာမည်မလား”
အဲလစ်ဇဘတ်ရဲ့ မျက်နှာဟာ ခဲသွားပါတယ်။ သူမဟာ ကလိုင်းမိုရက်တီ ဆိုတဲ့ နာမည်ကို ထပ်ခါထပ်ခါ ကြည့်ပြီး ခေါင်းညိတ်ပါတယ် “ဟုတ်တယ်”
“မစ္စအန်ဂျလီကာ... မစ္စတာ ကလိုင်းမိုရက်တီ ရှိလား” ဆယ်လီနာဟာ တလဲ့လဲ့တောက်ပနေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်ပါတယ်။
အန်ဂျလီကာဟာ ခေါင်းခါပါတယ်။
“အားတော့နာပါတယ်... မစ္စတာမိုရက်တီက ဒီနေ့ ကလပ်ကို မလာဘူး”
“အင်း... အဲဒါဆိုလည်း ကျွန်မတို့တွေ တခြားတစ်ယောက် ရွေးမယ်” ဆယ်လီနာဟာ ကလိုင်းမိုရက်တီနဲ့ မတွက်ရလို့ စိတ်မရှိပါဘူး။ သူမဟာ ရယ်ပြီး အဲလစ်ဇဘတ်ကို ပြောပါတယ်။
“သူက မလီဆာရဲ့ အစ်ကိုတော့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ ဒီနာမည်မြင်တော့ အင်ထစ်သတင်းစာ ခေါင်းစီးနဲ့တန်မဲ့ ခေါင်းစဉ်ကို တွေးမိတယ်”
အင်ထစ်သတင်းစာက ဧကရာဇ်ရစ်ဆဲလ် တည်ထောင်ခဲ့တာ ဖြစ်ပြီး လူတွေရဲ့ အာရုံကို ဖမ်းစားလွန်းတဲ့ ခေါင်းစီးတွေနဲ့ နာမည်ကြီးပါတယ်။ အင်ထစ်သတင်းစာက မြောက်ပိုင်းတိုက်မှာ နာမည်အကြီးဆုံး သတင်းစာတစ်စောင်ပါ။
အဲလစ်ဇဘတ်က ဂရုမစိုက်ဘဲ မေးပါတယ် “ဘယ်လို ခေါင်းစဉ်မျိုးလဲ”
ဆယ်လီနာဟာ လည်းချောင်းရှင်းပြီး ဖြေပါတယ်။
“ဂုဏ်သိက္ခာကို တန်ဖိုးမထားကျတော့တာလား... ဒါမှမဟုတ် လူ့မှုအသိုင်းအဝိုင်းရဲ့ ပြဿနာလား... သမိုင်းဘွဲ့ရတစ်ယောက်က အားလပ်ရက်မှာ ဗေဒင်တွက်ပြီး ပိုက်ဆံရှာနေတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။