လာနယ်ဗို့စ်ရဲ့ ကလေး
Vol. 12 Ch. 116
ခရစ္စတီးနားဟာ ကလိုင်း ကြောင်သွားတာကို သတိထားမိပါဘူး။ သူမဟာ ဧည့်ကြိုစားပွဲက အန်ဂျလီကာကို တစ်ချက် လှမ်းကြည့်ပြီး ခပ်တိုးတိုး ပြောပါတယ် “လာနယ်ဗို့စ်ရဲ့ ကလေးကို ပြောတာ”
သူမဟာ နေကာဦးထုပ်ဆောင်းထားတဲ့ ဘေးက အမျိုးသမီးငယ်လေးကို ထိုးပြပြီး။
“ဒါက ကျွန်မရဲ့ တူမ မက်ဂို့စ်ပဲ... သူ့အမေက ကျွန်မရဲ့ အစ်မ... အရင်တုန်းက ကျွန်မ လာနယ်ဗို့စ်ကို လူတော်လေးထင်ပြီး မက်ဂို့စ်ကို သူနဲ့ မိတ်ဆက်ပေးခဲ့တာ... အဲဒီမှာ သူတို့တွေ ချစ်သူတွေ ဖြစ်သွားကြတယ်”
“ပထမတုန်းက မက်ဂို့စ်ရဲ့ မိဘတွေကလည်း လာနယ်ဗို့စ်ကို သဘောကျတယ်... သူတို့နှစ်ယောက်ကို စေ့စပ်ပေးပြီးရင် သူတို့စုဆောင်းထားသမျှ သံမဏိကုမ္ပဏီထဲ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်... တော်သေးတယ်... အဲဒီလိုမဖြစ်ခင် လာနယ်ဗို့စ် ထွက်ပြေးသွားလို့... မဟုတ်ရင် သူတို့မိသားစု ဒုက္ခအကြီးအကျယ် ရောက်မှာ... ဒါပေမဲ့ ကျွန်မရဲ့ အစ်မနဲ့ ခဲအိုက သူတို့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို စေ့စပ်ပွဲ ဘာလို့ပျက်သွားလဲဆိုတာ ရှင်းပြရဦးမယ်... မက်ဂို့စ် လွယ်ထားရတဲ့ ကလေးအတွက်လည်း စိုးရိမ်ရဦးမယ်”
“ကျွန်မတို့က ရေနွေးငွေ့နဲ့ မက္ကန်းနစ် နတ်ဘုရားကို ယုံကြည်တာ... မုန်တိုင်းအရှင်ကို ယုံကြည်သူတွေ မဟုတ်ဘူး... အဲဒီတော့ လက်မထပ်ခင် အပျိုစင်ဘဝကို ထိန်းသိမ်းရမယ်လို့ အစွဲမရှိဘူး... ကျွန်မတို့တွေ မက်ဂို့စ်ကို အပြစ်မတင်ပါဘူး... သူလည်း သနားစရာ ကောင်းတယ်... ဒါပေမဲ့ ဒီကလေးရဲ့ တည်ရှိမှုက ကိစ္စတွေကို ခက်ခဲစေတယ်... သူ့အဖေက ဒီလိုမျိုးဖြစ်နေတော့ ပိုဆိုးတာပေါ့”
‘ဒီကောင်က ငွေရောလူရော အမြတ်ထုတ်သွားတာပဲ...’ ကလိုင်းဟာ ခရစ္စတီးနားဘေးမှာ ရပ်နေတဲ့ မက်ဂို့စ်ကို ကြည့်လိုက်တဲ့အခါ မက်ဂို့စ်က အတော်အတန် ချောမောလှပတဲ့ အမျိုးသမီးဆိုတာ တွေ့သွားပါတယ်။
သူမဟာ နဖူးကောင်းပြီး ရွှေရောင်ဆံပင်တွေနဲ့ ခရစ္စတီးနားလိုမျိုး မျက်လုံးကြီးတွေ ရှိပါတယ်။ စိတ်ဓာတ်ကျနေပုံ ပေါ်ပေမဲ့ တည်ငြိမ်ပြီး နှုတ်ခမ်းတွေကို တင်းတင်း စေ့ထားပါတယ်။
‘တော်တော် ဒေါသထွက်စရာ ကောင်းတဲ့ လူလိမ်ပဲ... ဒီထက်ပိုပြီး ဒေါသထွက်စရာ ကောင်းတာက အောင်အောင်မြင်မြင်ကို လှိမ့်ထွက်သွားတာ...’ ကလိုင်းဟာ လာနယ်ဗို့စ်ကို စိတ်ထဲမှာ ကျိန်ဆဲပြီးနောက် တွေးတွေးဆဆ ပြောပါတယ်။
“ကလေးက မွေးပြီးပြီဆိုရင် ကလေးကို အကူအနေနဲ့ သုံးပြီး လာနယ်ဗို့စ်ရဲ့ တည်နေရာကို တွက်ချက်လို့ရတယ်... ဒါပေမဲ့ ကံမကောင်းချင်တော့ ဒီလိုလုပ်နိုင်ဖို့ လနည်းနည်း ထပ်စောင့်ရဦးမယ်... ဒါက စောစောက တွက်ချက်မှုရဲ့ လောဘမကြီးဘဲ စိတ်ရှည်လက်ရှည်စောင့်ရင် မျှော်လင့်ချက်ရောင်ခြည် မြင်ရမယ်ဆိုတာပဲ ဖြစ်လိမ့်မယ်”
“လနည်းနည်း စောင့်ရမှာလား...” ခရစ္စတီးနားဟာ သူမဘာသာ ရေရွတ်ပြီး ခေါင်းခါပါတယ် “မဖြစ်ဘူး... အဲဒီလောက်ကြာရင် ကျွန်မတို့တွေ လာနယ်ဗို့စ်ကို ရှာတွေ့ရင်တောင် ပိုက်ဆံတွေ ပြန်မရဖို့ များတယ်”
သူမဟာ မက်ဂို့စ်ကို ကြည့်ပြီး တိုးတိုးတိတ်တိတ် မေးပါတယ် “နင့်ဆီမှာ လာနယ်ဗို့စ် အမြဲတမ်း ဆောင်ထားတတ်တဲ့ ပစ္စည်းတစ်ခုခု ရှိလား”
“မရှိဘူး...” မက်ဂို့စ်ဟာ ညင်ညင်သာသာနဲ့ ရှင်းရှင်းလင်းလင်း ဖြေပါတယ် “သူပေးထားတဲ့ လက်စွပ်ဆိုရင်ရော...”
“သူ အချိန်အကြာကြီး ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ပစ္စည်းဖြစ်မှ ရမှာ...” ကလိုင်းဟာ ခေါင်းခါပါတယ်။
ခရစ္စတီးနားဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် မက်ဂို့စ်ကို ကြည့်ကာ ပြောပါတယ် “နင် ဆုံးဖြတ်ချက်ချ... ဒီကလေးကို မွေးတာက နင့်အနာဂတ်ကို ခက်ထန် ကြမ်းတမ်းစေလိမ့်မယ်... သူ့ကို သူ့အဖေက လူအများကြီးရဲ့ ပိုက်ဆံနဲ့ သူ့အမေရဲ့ ပိုက်ဆံကိုပါ လိမ်သွားတဲ့ လူလိမ်လို့ ပြောမှာလား...”
“ဆေးရုံဆေးခန်း သွားရအောင်... ဒီလိုဆို ငါတို့ ဆုံးရှုံးသွားတာတွေ ပြန်ရအောင် လာနယ်ဗို့စ်ကို ရှာတဲ့နေရမှာ အထောက်အကူလည်း ဖြစ်လိမ့်မယ်”
‘ဟေး... ဒီလိုနည်လမ်းနဲ့ တွက်တာက နည်းနည်း မရက်စက်လွန်းဘူးလား...’ ကလိုင်းဟာ တခြားလူရဲ့ မိသားစုကိစ္စထဲ ဝင်မပါချင်တဲ့အတွက် ဘေးမှာ စိတ်ရှည်လက်ရှည် စောင့်ပြီး စိတ်ထဲကနေ မကြာမကြာ သရော်စကား ဆိုပါတယ်။
မက်ဂို့စ်ဟာ ခေါင်းငုံ့ပြီး အောက်ကို ကြည့်ကာ အတော်ကြာတဲ့အထိ ဘာမှ မပြောပါဘူး။ အဲဒီနောက် သူမဟာ သူမရဲ့ဗိုက်ကို ထိပြီး ညင်ညင်သာသာ ပြုံးပါတယ်။
“သူက သူ့အဖေနဲ့ မတူဘူး... သနားညှာတာတတ်ပြီး သိတတ်တဲ့ ကလေးလေး ဖြစ်မှာ...”
“သူက နေ့တိုင်း သမီးရဲ့ဗိုက်ကို ကန်ပြီး သူ့စိတ် ဘယ်လိုရှိလဲဆိုတာ ပြောတယ်... သူက သီချင်းညည်း လေချွန်ပြီး သမီးကို အိပ်ပျော်အောင်လည်း ကူညီပေးတယ်...”
ကလိုင်းဟာ နားထောင်ရင်းက တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
မက်ဂို့စ်ရဲ့ ပထမစကားက သာမန်ပဲဆိုပေမဲ့ နောက်ပိုင်းစကားက ရူးနေတဲ့ မိန်းမတစ်ယောက်ရဲ့ စကားလိုပါပဲ။
‘ဒီကိစ္စကြောင့် သူ စိတ်ထိခိုက်ပြီး စိတ်မမှန်တော့တာလား...’ ကလိုင်းဟာ ညာလက်မြှောက်ပြီး နဖူးကို နှိပ်သယောင်နဲ့ မျက်ခုံးလယ်ကို တောက်ဖို့ ပြင်ပါတယ်။
အဲဒီအချိန်မှာပဲ မက်ဂို့စ်ဟာ ရုတ်တရက် တစ်ဖက်လှည့်ပြီး စကားတစ်ခွန်း ပြောကာ တံခါးပေါက်ဆီ လျှောက်သွားပါတယ်။
“သူ မွေးလာရင် သူ့အဖေက တိတ်တဆိတ် ပြန်လာကောင်း ပြန်လာနိုင်တယ်... သူ့ကလေးအတွက် ပိုက်ဆံတချို့လည်း ချန်ထားနိုင်တယ်...”
ကလိုင်းဟာ မက်ဂို့စ်က ဒီလိုတုံ့ပြန်လိမ့်မယ်လို့ ထင်မထားမိတဲ့အတွက် တဒင်္ဂကြောင်သွားပြီး စိတ်ဝိညာဉ်အာရုံဖွင့်ဖို့ မေ့သွားပါတယ်။ အဲဒါကြောင့် မက်ဂို့စ် ကလပ်ထဲက ထွက်ပြီး လှေကားကနေ ဆင်းသွားတာကို ဒီအတိုင်း ကြည့်နေလိုက်ရပါတယ်။
ခရစ္စတီးနားဟာ သက်ပြင်းတစ်ချက် ချပြီး။
“မစ္စတာမိုရက်တီ... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်မတို့တွေ လာနယ်ဗို့စ် တစ်ချိန်လုံး ဆောင်ထားတဲ့ ပစ္စည်းတစ်ခုခုကို ရှာလိုက်ပါ့မယ်”
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ခရစ္စတီးနား လှေကားကနေ ဆင်းသွားတာကို ကြည့်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်ပါတယ်။
...
နောက်တစ်နေ့ မနက်ခင်း။
ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ဝင်ပြီး ရိုဇန်းကို နှုတ်ဆက်ကာ မေးလိုက်ပါတယ် “ဒီနေ့သတင်းစာ ဘယ်မှာလဲ”
ရိုဇန်းဟာ သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး နားမလည်တဲ့မျက်နှာနဲ့ “ကလိုင်း... ရှင့်ကို ကြည့်ရတာ ဒီနေ့ ထူးဆန်းနေတယ်”
“ဘာထူးဆန်းနေလို့လဲ” ကလိုင်းဟာ အပြုံးနဲ့ ပြန်မေးပါတယ်။
ရိုဇန်းဟာ မျက်လုံးပင့်ပြီး ဖြေပါတယ် “ရှင်က မနက်ခင်းမှာ ဂမ္ဘီရသင်ခန်းစာတွေ ရှိလို့ သတင်းစာကို နေ့ခင်း အနားယူချိန်ကျမှ ဖတ်တာမလား... အခုအချိန်ဆို လူအိုကြီးနီးလ်က ရှင့်ကို လက်နက်တိုက်ထဲမှာ စောင့်နေလောက်ပြီ”
“ငါ ဆုငွေထုတ်ထားတဲ့ အမှုတစ်ခုကို ရှာတွေ့ထားတယ်... အဲဒါ အဲဒီလူဆိုးရဲ့ မျက်နှာကို မှတ်ထားမလို့... တစ်နေ့ကျရင် ထိပ်တိုက် မတိုးဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ” ကလိုင်းက အပြုံးနဲ့ ရှင်းပြပါတယ်။
“အဲဒီလိုလား...” ရိုဇန်းဟာ ဒီနေ့ သတင်းစာကို ကောက်ယူပြီး သိချင်စိတ်နဲ့ လှန်လှောကြည့်ပါတယ် “ဝရမ်းပြေး... လာနယ်ဗို့စ်လား”
ကလိုင်းဟာ ချက်ချင်းပဲ ဖြေပါတယ် “ဟုတ်တယ်”
“အယုတ်တမာ လူလိမ်ကောင်... ပေါင်တစ်သောင်းတောင် ခိုးသွားတယ်...” ရိုဇန်းဟာ သတင်းစာကို စက္ကန့်နှစ်ဆယ်လောက် စိတ်ဝင်တစား ဖတ်ပြီးနောက် ဒေါသတကြီး ဆဲဆိုပါတယ်။
ကလိုင်းလည်း သူမလိုပဲ ခံစားရပါတယ်။
“အဓိပ္ပာယ်မရှိလိုက်တာ... ကျွန်မတောင် ဒီအမှုကို ကိုင်ချင်သွားပြီ”
ရိုဇန်းဟာ သတင်းစာကို ဆက်ဖတ်ပြီး စိတ်မချမ်းမသာ ခေါင်းခါလိုက်ပါတယ်။
“ဒီအမှုက သဘာဝလွန်အကြောင်းတွေ ပါပုံ မပေါ်ဘူး... ပါတယ်ဆိုရင်တောင် မုန်တိုင်းအရှင်အောက်က ဒဏ်ခတ်သမားတွေဆီ ရောက်သွားမှာပဲ”
ကလိုင်းဟာ ရိုဇန်းစကားပြောတာကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ သတင်းစာကို ယူပြီး ဖတ်ကြည့်တဲ့ အခါမှာတော့ နားလည်သွားပြီး သက်ပြင်းချလိုက်ပါတယ်။
“ဟုတ်တယ်... အလိမ်ခံလိုက်ရတဲ့လူတွေ အများကြီးပဲ... ဘုရားကျောင်းကြီး သုံးကျောင်းစလုံးက ယုံကြည်သူတွေ ပါတယ်... ဒါပေမဲ့ လာနယ်ဗို့စ်ရဲ့ သံမဏိကုမ္ပဏီက တောင်ပိုင်းမြို့နယ်မှာ ရှိတယ်လို့ ပြောတယ်”
သဘာဝလွန်အကြောင်းနဲ့ ပတ်သက်လာပြီး နတ်ဘုရားတစ်ပါးတည်းရဲ့ ယုံကြည်သူတွေသာ ပါဝင်ပတ်သက်မယ်ဆိုရင် အဲဒီနတ်ဘုရားရဲ့ ဘုရားကျောင်းလက်အောက်က အဖွဲ့ကို တာဝန်ပေးပါတယ်။ ဒါပေမဲ့ ထာဝရညနတ်ဘုရားမ၊ မုန်တိုင်းအရှင်၊ ရေနွေးနွေးနဲ့ စက်ယန္တရား နတ်ဘုရား သုံးပါးစလုံးရဲ့ ယုံကြည်သူတွေ ပါဝင်နေရင်တော့ ဒေသပေါ်မူတည်ပြီး တာဝန်ပေးပါတယ်။
ညသိမ်းငှက်တွေက ရွှေရောင်စက်မှုန်ဇုန် မြို့နယ်၊ မြောက်ပိုင်းမြို့နယ်နဲ့ အနောက်ပိုင်း မြို့နယ်ကို ထိန်းချုပ်ထားပြီး ဒဏ်ခတ်သမားတွေက အရှေ့ပိုင်းမြို့နယ်၊ တောင်ပိုင်းမြို့နယ်နဲ့ ဆိပ်ကမ်းကို ထိန်းချုပ်ထားပါတယ်။ မက္ကန်းနစ် ဟိုက်မိုင်းတွေကတော့ တက္ကသိုလ်နဲ့ မြို့ဆင်ခြေဖုံးကို တာဝန်ယူပါတယ်။
သတင်းစာကို လှန်ကြည့်ပြီး ကလိုင်းဟာ လာနယ်ဗို့စ်ရဲ့ ရုပ်သွင်ကို အလွတ်မှတ်ပါတယ်။ လာနယ်ဗို့စ်ဟာ နဖူးမောက်ပြီး အနက်ရောင် ဆံပင်၊ အညိုရောင်မျက်လုံးနဲ့ ဝိုင်းစက်လုနီး မျက်မှန်တစ်လက် တပ်ထားပါတယ်။ သူ့ပုံစံက လူတိုင်းကို သရော်နေတဲ့အတိုင်း ခပ်ယဲ့ယဲ့ ဟန်လုပ် ပြုံးနေပါတယ်။
အဲဒီမျက်မှန် တပ်ထားကလွဲရင် လာနယ်ဗို့စ်မှာ တခြား ထူးထူးခြားခြား ဘာမှမရှိဘဲ သာမန် လူတစ်ယောက်နဲ့ တူပါတယ်။
သူဟာ ရိုဇန်းနဲ့ အာလာပသလ္လာပ နည်းနည်းပါးပါး ပြောပြီးနောက် အခန်းခွဲထားတဲ့ အပိုင်းကို ဖြတ်ကျော်ကာ မြေအောက်ထပ်ဆီ ဆင်းဖို့ ပြင်ပါတယ်။
အဲဒီအချိန်မှာပဲ ဖြူဖတ်ဖြူရော်နဲ့ အေးအေးစက်စက်ရှိတဲ့ အလောင်းကောက်သမား ဖရိုင်းနဲ့ အဖြူရောင် ဆံပင် အနက်ရောင် မျက်လုံးရှိတဲ့ စာရေးဆရာ စီကာထရွန်တို့ အပန်းဖြေခန်းကနေ ထွက်လာပြီး သူ့ဆီ လှည့်လာတာ တွေ့လိုက်ရပါတယ်။
ယဉ်ကျေးမှုအရ နှုတ်ဆက်ပြီးနောက် ကလိုင်းဟာ သူ့လုပ်ဖော်ကိုင်ဖက် နှစ်ယောက် ထွက်သွားတာကို ကြည့်နေပါတယ်။ အဲဒီနောက် အနက်ရောင် လေကာအင်္ကျီနဲ့ ဒန်းစမစ်က ရုံးခန်းထဲက ထွက်လာပြီး တံခါးဘေးမှာ ရပ်နေတာ တွေ့လိုက်ရပါတယ်။
“အမှုပေါ်လို့လား” ကလိုင်းက စပ်စုလိုက်ပါတယ်။
ဒီလိုအချိန်မျိုးမှာ ညသိမ်းငှက် နှစ်ယောက်က အကြောင်းရင်းမရှိဘဲ အတူတူ အပြင်ထွက်မှာ မဟုတ်ပါဘူး။
ဒန်းစမစ်ဟာ သူ့ကို မီးခိုးရောင်မျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးပါတယ်။
“အင်း... အနောက်ပိုင်းမြို့နယ်မှာ သာမန်မဟုတ်တဲ့ကိစ္စတစ်ခု ဖြစ်လို့တဲ့... အဲဒါကြောင့် စစ်ကြည့်ဖို့ ငါ စီကာနဲ့ ဖရိုင်းကို လွှတ်လိုက်တာ... ဒါပေမဲ့ မင်းစိုးရိမ်စရာ မလိုပါဘူး... မင်း တိုက်ခိုက်ရေးပညာ မကျွမ်းကျင်မချင်း ငါ မင်းကို တာဝန်ပေးဖို့ အစီအစဉ်မရှိဘူး... ငါအဖွဲ့သားတွေအတွက် ငါ့မှာ တာဝန်ရှိတယ်”
‘ကပ္ပတိန်... ကပ္ပတိန်က လူကောင်းပဲ... ခေါင်းပြောင်တာနဲ့ မှတ်ဉာဏ်မကောင်းတာကလွဲရင် ဘာပြစ်ချက်မှ မရှိဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်ပါတယ်။ သူဟာ အတည်ပြုတဲ့ သဘောနဲ့ ထပ်မေးပါတယ် “အဲဒီတော့ ကျွန်တော်က ဂမ္ဘီရသင်ခန်းစာတွေ သင်ပြီး တိုက်ခိုက်ရေး လေ့ကျင့်ရုံနဲ့ ဘာတာဝန်မှ လုပ်စရာမလိုဘဲ လစာရမှာပေါ့”
“ခဏပေါ့ကွာ” ဒန်းစမစ်ဟာ ခေါင်းညိတ်ပါတယ်။
‘အတန်းတက်ပြီး လေ့ကျင့်ခန်း လုပ်ရုံနဲ့ လစာကောင်းကောင်း ရတယ်... တွေးကြည့်ရုံနဲ့တောင် တော်တော် ကောင်းနေပြီ...’ ကလိုင်းဟာ ပျော်ရွှင်သွားပါတယ်။
‘နောက်ထပ် ဘာအမှုမှ မရှိပါစေနဲ့...’ ကလိုင်းဟာ တိတ်တဆိတ် ဆုတောင်းပါတယ်။
...
ဒီလိုနဲ့ နေ့ရက်တွေဟာ သောကြာနေ့မတိုင်ခင်အထိ အေးအေးချမ်းချမ်း ကုန်ဆုံးသွားပါတယ်။ ကလိုင်းဟာ တိုက်ခိုက်ရေး လေ့ကျင့်တာ ပြီးတဲ့အခါ ဘက်ဆစ်လမ်းကို အများသုံး မြင်းလှည်းနဲ့ သွားပါတယ်။
ဟင်နရီ ပုဂ္ဂလိက စုံထောက်ကုမ္ပဏီ အပြင်ဘက်မှာ သူဟာ ဘယ်ညာကြည့်ပြီး သူ့ကို ဘယ်သူမှ ကြည့်မနေဘူးဆိုတာ အတည်ပြုပါတယ်။ ပြီးတဲ့အခါမှာတော့ ပိတ်ကျဲမျက်နှာဖုံးတပ်ပြီး လေကာအင်္ကျီရဲ့ ကော်လာကို ထောင်ကာ လှေကားထစ်ဆီ ခပ်သုတ်သုတ် လျှောက်သွားပါတယ်။
တံခါးခေါက်ပြီးနောက် ကလိုင်းဟာ လူလတ်ပိုင်းအရွယ် ဗလတောင့်တောင့် စုံထောက်ဟင်နရီကို ထပ်တွေ့လိုက်ရပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ လူကြီးမင်း... လူကြီးမင်း အပ်ထားတဲ့ ကိစ္စတစ်ခု ပြီးသွားပြီ” ပြာနက်တဲ့ မျက်လုံးတွေနဲ့ စုံထောက်ဟင်နရီက ဆေးလိပ်သောက်ရာက လာတဲ့ အသံဩဩနဲ့ ပြောပါတယ်။
ကလိုင်းဟာ အသံကို တမင်နှိမ့်ပြီး “မိစ္ဆာနဂါးဘားမှာ ပေါ်လာတဲ့ အမျိုးသားလား”
‘ပွဲကြည့်သမား ဆေးရည်ရဲ့ ဖြည့်စွက် ပစ္စည်းတွေ ဝယ်သွားတဲ့လူလေ...’
“ဟုတ်တယ်...” ဟင်နရီဟာ ဆေးတံကို ဝှေ့ယမ်းလိုက်ပါတယ်။
အဲဒီနောက် သူဟာ ဘာမှ ထပ်မပြောဘဲ ကလိုင်းကို အပြုံးနဲ့ ကြည့်ပါတယ်။
ကလိုင်းဟာ သူ ဆိုလိုတာကို နားလည်တဲ့အတွက် တစ်ပေါင်တန် လေးရွက်ထုတ်ပြီး ပေးလိုက်ပါတယ်။
“ဒါ ဒုတိယ အရစ်ကျပဲ” ပြီးတဲ့အခါမှာတော့ သူဟာ ခဏရပ်ပြီး ဖြည့်ပြောပါတယ် “ရငွေပြေစာတော့ ရေးပေး”
ဒီငွေပေးပြီးနာက် သူ့ကိုယ်ပိုင်ငွေက တစ်ပေါင်တောင် မကျန်တော့ပါဘူး။
“ရတယ်” ဟင်နရီဟာ ချောင်းတစ်ချက် ဟန့်ပြီး သူ့ဝန်ထမ်းကို စာရွက်နဲ့ ဖော့ပင် ယူလာခိုင်းကာ ပိုက်ဆံပေါ်က အတုအပ မလုပ်နိုင်အောင် အထူးတလည် ရိုက်နှိပ်ထားတဲ့ အမှတ်အသားတွေကို စစ်ဆေးပါတယ်။
အဲဒီနောက် သူဟာ ကလိုင်းကို ထိုင်ဖို့ နေရာပေးပြီး ရငွေပြေစာ ရေးကာ အောက်ဆုံးမှာ တံဆိပ်နှိပ်လိုက်ပါတယ်။
အကုန်လုံး ပြီးသွားတဲ့အခါမှာတော့ ဟင်နရီဟာ မီးခိုးတွေ မှုတ်ထုတ်ပြီး ပြောပါတယ် “လူကြီးမင်း ပြောပြထားတဲ့ အချက်အလက်တွေအရ ကျွန်တော်နဲ့ ကျွန်တော်ရဲ့ လက်ထောက် မိစ္ဆာနဂါးဘားမှာ သုံးရက်စောင့်ပြီး နောက်ဆုံးမှာ အဲဒီလူကို တွေ့လိုက်ရတယ်”
“သူက တော်တော် သတိကြီးတဲ့လူပဲ... အကဲခတ်လည်း တော်တယ်... တော်သေးတယ်... ကျွန်တော်တို့က အတွေ့အကြုံရှိလို့...”
“သူ့နာမည်က ဒက်စ်တာ ဂျူဒေးရီယန်... ဂရင်းဟေးလ် စိတ္တဇဆေးရုံက ဆရာဝန်ပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။