တွေ့ဆုံခြင်း
Vol. 12 Ch. 117
‘ဒက်တာ ဂျူဒေးရီယန်... ဂရင်းဟေးလ် စိတ္တဇဆေးရုံက ဆရာဝန်...’
ကလိုင်းဟာ စုံထောက်ပြောတာကို စိတ်ထဲမှာ ထပ်ပြောပြီး စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့က ပွဲကြည့်သမား ဖြစ်နိုင်ခြေရှိတဲ့ ဒီဆရာဝန်နဲ့ ဘယ်လို တွေ့ဆုံရမလဲဆိုတာ စဉ်းစားပါတယ်။
သူဟာ ဒီကိစ္စမှာ အများကြီး အရဲမစွန့်ချင်ပါဘူး။ သူက ပြဿနာရှိနေတယ်လို့ ညသိမ်းငှက်တွေ ရှာတွေ့သွားမှာကိုလည်း မလိုချင်ပါဘူး။ အခုအချိန်မှာ သူဟာ သိပ်အရေးမကြီးတဲ့ သတင်းအချက်အလက်နဲ့ ရင်းမြစ်တွေ လဲလှယ်တာကြောင့် အသက်မဆုံးရှုံးချင်ပါဘူး။
နောက်ပြီး ဒီဆရာဝန်က ပွဲကြည့်သမား ဖြစ်ဖို့များတဲ့အတွက် အထူးတလည် လေ့ကျင့်ထားတဲ့လူ မဟုတ်ရင် သူ့ရှေ့မှာ အတွေးတွေရဲ့ ရည်ရွယ်ချက်ကို ဝှက်ထားဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
‘ငါ ကိုယ်စားလှယ်ရှာပြီး ငါ့ကိုယ်ငါ ပိုပြီးတော့ လျှို့ဝှက်အောင် လုပ်ရမလား... မဟုတ်သေးဘူး... လူများများနဲ့ ပတ်သက်လေလေ ပြဿနာတက်ဖို့ ပိုလွယ်လေလေပဲ... ဟုတ်တယ်... ငါ အမှန်တရားကို အမှန်တရားထဲမှာ ဖွက်နိုင်တာပဲ... ငါ အဲဒီဆရာဝန်ကို အမူအရာကနေတစ်ဆင့် ငါ့အတွေးနဲ့ ခံစားချက်တွေကို သိစေမယ်... ဒါပေမဲ့ အကုန်လုံးကို မသိခိုင်းဘဲ တစ်ဝက်တစ်ပျက်ပဲ သိခိုင်းမယ်’
စုံထောက်ဟင်နရီက ဒက်တာ ဂျူဒေးရီယန် အကြောင်း ရှင်းပြနေတုန်းမှာ ကလိုင်းဟာ သူလိုချင်တာ ရဖို့အတွက် စွန့်စားရတာ နည်းနိုင်သမျှ နည်းအောင် ဘယ်လိုနည်းလမ်းတွေ သုံးရမလဲဆိုတာ စဉ်းစားပါတယ်။
တဖြည်းဖြည်းနဲ့ သူဟာ သူကြည့်ဖူးတဲ့ စုံထောက်ကား တစ်ကားထဲကနေ အကြံတစ်ခု ရသွားပါတယ်။
‘ဟုတ်တယ်... ငါ အဲဒါကို စမ်းကြည့်ရမယ်... ဒါပေမဲ့ ငါ အဲဒါကို ထပ်ခါထပ်ခါ လေ့ကျင်ဖို့ လိုတယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ခေါင်းညိတ်လိုက်ပြီးနောက် စုံထောက် ဟင်နရီ ပြောနေတာတွေကို အာရုံပြန်စိုက်ကာ နားထောင်ပါတယ်။
“အဟမ်း...” ဟင်နရီဟာ လည်ချောင်းရှင်းပြီး “မီးခိုးခေါင်းတိုင်နီ ကိစ္စကိုတော့ ကျွန်တော်တို့တွေ စုံစမ်းနေတုန်းပဲ.. ထင်းဂန်မြို့မှာက အဲဒီလိုမျိုး အဆောက်အဦးတွေ အများကြီး ရှိတယ်... လူကြီးမင်းက သဲလွန်စတွေ ပိုပေးနိုင်ရင်တော့ ပိုလွယ်တာပေါ့...”
ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ပါတယ်။
“ငါ့မှာ သဲလွန်စတွေ အများကြီး ရှိရင် မင်းတို့ကို မစုံစမ်းခိုင်းဘူး”
ရိုးရိုးသားသား ပြောရရင် ဒီအချိန်ကြာ စုံစမ်းမှုက သူ့ကို စိတ်ဓာတ်ကျစေပါတယ်။ ဒီနောက်ကွယ်မှာ ရှိနေတဲ့ လူက ကလိုင်း ဗေဒင်တွက်တာကို သတိထားမိတယ်ဆိုတာ အသိသာကြီးပါ။ အဲဒီတော့ နေရာပြောင်းချင်ရင် သူ ပုန်းတဲ့နေရာကို ပြောင်းဖို့ အချိန် လုံလုံလောက်လောက် ရပါတယ်။
အဲဒါကြောင့် သူ မျှော်လင့်တာက ဒီစုံစမ်းမှုကနေ အိမ်ငှားသမားရဲ့ သဲလွန်စ နည်းနည်းပါးပါး ရနိုင်ဖို့ပါ။ အဲဒီသဲလွန်စ နည်းနည်းလေးတောင် ၇ ပေါင် ကုန်ပါတယ်။
ဒီကုန်ကျစရိတ်ကို တွေးမိတာနဲ့တင် ကလိုင်းဟာ ရင်ထဲမှာ တဆစ်ဆစ် နာကျင်သွားပါတယ်။ ကလိုင်းဟာ စုံထောက် ဟင်နရီ အစီရင်ခံလို့ ပြီးတဲ့အခါမှာတော့ လက်ကိုင်တုတ်ကိုင်ပြီး အဲဒီကနေ ထွက်လာခဲ့ပါတယ်။
...
စနေ့နေ မနက်ခင်း၊ ကိုးနာရီထိုးဖို့ မိနစ်နှစ်ဆယ်အလို။
ဂရင်းဟေးလ်၊ စိတ္တဇဆေးရုံ၊ ရုံခန်းတစ်ခန်းအတွင်း။
ရွှေမျက်မှန် တပ်ထားတဲ့ ဒက်တာ ဂျူဒေးရီယန်ဟာ အပေါ်အင်္ကျီနဲ့ ဦးထုပ်ကို ချွတ်ပြီး အဝတ်စင်မှာ ချိတ်လိုက်ပါတယ်။ အဲဒီနောက် ကော်ဖီမှုန့် ထည့်ထားတဲ သံဘူးကို ကောက်ယူလိုက်တဲ့အခါ ရုံးခန်းတံခါး ခေါက်သံကို ကြားလိုက်ရပါတယ်။
“ဝင်လာခဲ့ပါ” ဒက်တာဟာ ဒီအတိုင်း ပြောလိုက်ပါတယ်။
တစ်ဝက်ပဲ ပိတ်ထားတဲ့ တံခါးဟာ ပွင့်သွားပြီး အနက်ရောင် လေကာအင်္ကျီ ဝတ်ထားတဲ့ လူငယ်တစ်ယောက် ရုံးခန်းထဲ ဝင်လာပါတယ်။
ဒက်တာဟာ အထဲဝင်လာတဲ့လူကို မသိတာကြောင့် နားမလည်တဲ့မျက်နှာနဲ့ မေးပါတယ် “မင်္ဂလာ မနက်ခင်းပါ... ဒီက ဧည့်သည်က...”
ကလိုင်းဟာ တံခါးပိတ် ဦးထုပ်ချွတ်ပြီး ဦးထုပ်ကို ရင်ဘက်ပေါ်တင်ကာ ဦးညွှတ်ပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ဒေါက်တာ ဒက်တာ... ကျွန်တော် အကြောင်းမကြားဘဲ လာမိလို့ တောင်းပန်ပါတယ်... ကျွန်တော်က အာဝါခရိုင် ရဲဌာနက အစမ်းခန့် ရဲအုပ် ကလိုင်းမိုရက်တီပါ... ဒါက ကျွန်တော်ရဲ့ သက်သေခံ အထောက်အထားနဲ့ တံဆိပ်ပါ”
“ရဲအုပ်...” ဒက်တာဟာ အသာရေရွတ်ပြီး ကလိုင်းဆီက သက်သေခံ အထောက်အထားနဲ့ တံဆိပ်ကို ယူကြည့်ပါတယ်။
“အထူးစစ်ဆင်ရေးဌာန...” ဒက်တာဟာ ဖြည်းဖြည်းချင်း မော့ကြည့်ပါတယ်။ တစ်စုံတစ်ရာကို စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးနေသလိုမျိုး သူ့မျက်လုံးတွေက တည်ငြိမ်လှပါတယ်။
‘ဆံပင် အတို... အနက်ရောင်...... မျက်ဆံတွေက ညိုပြီးတော့ နက်တယ်... ပညာရှင်ပုံစံမျိုးပဲ... လောလောဆယ် မကောင်းတဲ့စိတ်ထား မရှိဘူး...’
ဒက်တာဟာ သက်သေခံ အထောက်အထားနဲ့ တံဆိပ်ကို ပြန်ပေးပြီး စားပွဲဘေးက ကုလားထိုင်ကို ပြကာ။
“ရဲအရာရှိ ထိုင်ပါ... ကျွန်တော် ဘာများ ကူညီပေးရမလဲ”
ကလိုင်းဟာ ကုလားထိုင်မှာ ဝင်ထိုင်ပြီး လက်ကိုင်တုတ်ကို ဘေးချလိုက်ပါတယ်။ အဲဒီနောက် သက်သေခံ အထောက်အထားနဲ့ တံဆိပ်ကို ပြန်သိမ်းပြီး ပြုံးလိုက်ပါတယ်။
“ကျွန်တော်ကိုယ် ကျွန်တော် ထပ်ပြီးတော့ မိတ်ဆက်ပေးပါရစေ”
“ကျွန်တော်က သဘာဝလွန်ကိစ္စတွေကို အထူးတလည် ကိုင်တွယ်ဖြေရှင်းတဲ့ ထင်းဂန်မြို့ ညသိမ်းငှက်အဖွဲ့ထဲက အဖွဲ့သားတစ်ယောက်ပါ”
“မင်္ဂလာ မနက်ခင်းပါ... မစ္စတာ ပွဲကြည့်သမား”
သူ့စကား မဆုံးခင်မှာပဲ ဒက်တာရဲ့ မျက်ဆံတွေ ကျုံ့ဝင်သွားတာကို သူ တွေ့လိုက်ရပါတယ်။ ဒက်တာဟာ လက်ရုပ်လိုက်ပါတယ်။ သူ့ကြည့်ရတာ ထွက်ပြေးချင်တဲ့ပုံစံပါပဲ။
“ရဲအုပ်... ကျွန်တော် ရဲအုပ် ပြောတာ နားမလည်ဘူး” ဒက်တာဟာ စကားတစ်လုံးနှစ်လုံးကို အားတင်း ပြောလိုက်ရပါတယ်။ သူဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်လုနီး ဖြစ်သွားပါတယ်။
“ကျွန်တော် နောက်တာတွေကို မကြိုက်ဘူး... ကြည့်ရတာ လုံခြုံရေး ခေါ်ရမဲ့ပုံပဲ”
ကလိုင်းဟာ အပြုံးမပျက် ခြောက်လုံးပြူးကို ချိုင်းသေနတ်အိတ်ထဲကနေ မနှေးမမြန် ဆွဲထုတ်လိုက်ပါတယ်။
“မစ္စတာဒက်တာ... ကျွန်တော်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဒုက္ခပေးလိုစိတ် မရှိတာကို ခင်ဗျား မြင်မှာပါ... ဟီးဟီး... အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း သိပ်မသေချာဘူး... ဒါပေမဲ့ ခင်ဗျားရဲ့ အမူအရာက ကျွန်တော် လိုချင်တဲ့ အဖြေကို ပေးလိုက်ပြီ”
‘အခု ငါပြောတဲ့ စကားလုံးတွေ အကုန်လုံးက မှန်တယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်ပြောပါတယ်။
ဒက်တာဟာ နည်းနည်း စိတ်သက်သာရာ ရသွားပြီး ခြောက်လုံးပြူးကို ကြည့်ကာ နားမလည်တဲ့ မျက်နှာနဲ့ မေးပါတယ် “ရဲအုပ်က ကျွန်တော်ကို ဘာလို့ လာရှာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး... ကျွန်တော် သာလွန်သူဆိုတာ ပေါ်အောင် ဘာတစ်ခုမှ လုပ်မထားပါဘူး...”
ကလိုင်းဟာ ရယ်ပြီး ဖြေပါတယ် “ဒါက တိုက်ဆိုင်မှုတစ်ခုပဲ... မဟုတ်ရင်လည်း ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို တွေ့စေချင်တာ ဖြစ်နိုင်တယ်”
“ကျွန်တော်တို့တွေ မိစ္ဆာနဂါးဘားက မြေအောက်ဈေးမှာ တွေ့ခဲ့တယ်လေ... ဒါပေမဲ့ အဲဒီတုန်းက ခင်ဗျား ကျွန်တော်ကို သတိမထားမိခဲ့ဘူး”
“ခင်ဗျားက ဆေးရည်ရဲ့ အကူဖြည့်ဖက် ပစ္စည်းတွေကို အရင်ဆုံး ဝယ်တာ ဉာဏ်ကောင်းတယ်လို့ ပြောရမယ်... ဒါပေမဲ့ ကျွန်တော်က အဲဒီဖော်မြူလာနဲ့ ရင်းနှီးတော့ ခင်ဗျားကို အာရုံစိုက်မိတော့တာပဲ”
ဒက်တာဟာ ခုခံလိုစိတ် ဆုံးရှုံးသွားသလိုမျိုး ရုတ်တရက် အသက်ရှူထုတ်ပါတယ်။
“အဲဒီလိုကိုး...”
“ကျွန်တော်ကိုယ် ကျွန်တော် တော်တော် ဂရုစိုက်လှပြီလို့ ထင်ထားခဲ့တာ... အဲဒီလိုမျိုး... အဲဒီလိုမျိုး...”
ဒက်တာဟာ သူ့ဘာသာ ရေရွတ်ပြီးနောက် ကလိုင်းမျက်လုံးထဲ ကြည့်ကာ။
“ရဲအုပ်... ရဲအုပ်က ကျွန်တော်ကို လာဖမ်းတာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်... ရဲအုပ် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ကလိုင်းဟာ စိတ်ပြေလက်ပျောက် မျက်နှာနဲ့။
“ကျွန်တော်က တခြား ညသိမ်းငှက်တွေနဲ့ မတူဘူး... ကိုယ့်လူမဟုတ်တဲ့ သာလွန်သူတိုင်းက အပြစ်ကျူးလွန်တဲ့ လူဆိုးတွေလို့ မထင်ဘူး... ဒါက ဥပဒေလိုက်နာတဲ့ သာလွန်သူတွေအပေါ် မတရားဘူး”
ဒက်တာဟာ ကိုယ်ဟန် ပြောင်းသွားပါတယ်။ သူရဲ့ ခန္ဓာကိုယ် တောင့်တောင့်ကြီးဟာ ပြေလျော့သွားပါတယ်။
“တခြား ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေသာ ရဲအုပ်လိုမျိုးတွေရင် ကမ္ဘာကြီး ငြိမ်းချမ်းတာကြာပြီ”
“ခင်ဗျားက ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေကို သိတာလား” ကလိုင်းဟာ အံ့အားသင့်ချင်ယောင် ဆောင်ပါတယ် “ဒါက ကြုံရာကျပမ်း သာလွန်သူ ဖြစ်လာတဲ့ လူတစ်ယောက် သိနိုင်တဲ့အရာတွေ မဟုတ်ဘူး... ခင်ဗျားရဲ့နောက်မှာ အဖွဲ့အစည်း တစ်ခုခု ရှိရမယ်”
အဲဒီနောက် သူဟာ ကုလားထိုင်မှာ နောက်မှီပြီး အပြုံးနဲ့ ပြောပါတယ် “စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့...”
သူဟာ အဲဒီစကားကို ပြောရင်း ဒက်တာ မျက်နှာပျက်သွားတာကို အပြုံးမပျက် ကြည့်ပါတယ်။
“ရဲအုပ်က ဒီအဖြေကိုလည်း ကျွန်တော်ဆီကနေ အတည်ပြုဖို့ စောင့်နေတယ်ဆိုတာ ကျွန်တော် ပြောနိုင်တယ်... အဲဒါတောင် ကျွန်တော် ရဲအုပ်ရဲ့ စကားထောင်ချောက်ထဲ ကျသေးတာပဲ” ဒက်တာဟာ စိတ်မချမ်းမသာနဲ့ ပြောပါတယ်။
သူဟာ ပွဲကြည့်သမား အခြေအနေက အနှိုင်းမဲ့ မဟုတ်တာကို စပြီးတော့ သတိထားမိလာပါတယ်။ တဖက်လူက ဒီကို ဘာလို့ ရောက်လာလဲဆိုတာ သူ သိပေမဲ့ တိတိကျကျ အကြောင်းရင်းကိုတော့ သူ မသိပါဘူး။
ကလိုင်းဟာ ခြောက်လုံးပြူးရဲ့ ဆလင်ဒါကို လက်နဲ့သပ်ပြီး။
“ဒေါက်တာ... ကျွန်တော်တို့တွေ ရိုးရိုးသားသား စကားပြောကြရအောင်... ကျွန်တော်ဘက်ကနေ အရင်စပြောမယ်...”
“ကျွန်တော်က စီမံမှုအောက်မှာမရှိတဲ့ သာလွန်သူတွေကို လူဆိုးလောင်းတွေလို့ သဘောမထားဘူး... ဒါပေမဲ့ သာလွန်သူတိုင်း မှတ်ပုံတင်ပြီး စောင့်ကြည့်ခံရမယ်ဆိုတာကိုတော့ လက်ခံတယ်... ဒါက သာလွန်သူတွေ စိတ်လွတ်မဲ့ အခြေအနေကို ကြိုတင်ကာကွယ်တာပဲ... ဆိုးဆိုးရွားရွား ဘေးအန္တရာယ် မကျရောက်ဖို့ ဒီဟာက မရှိမဖြစ် လိုအပ်တယ်”
“ကျွန်တော်က ဒေါက်တာရဲ့ သာမန်ဘဝကို မနှောင့်ယှက်ပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု တချို့ လုပ်နိုင်ဖို့တော့ မျှော်လင့်တယ်”
“ပူပေါင်းဆောင်ရွက်မှုတချို့...” ဒက်တာဟာ တစ်စုံတစ်ခုကို တွေးရင်း မေးပါတယ်။
ကလိုင်းဟာ အသာရယ်ပါတယ်။
“ဟုတ်တယ်... တချို့တလေပဲ”
“ဥပမာ... ဒေါက်တာရဲ့ အခြေအနေကို ကျွန်တော်ဆီ ပုံမှန် ပြောလို့ရတယ်... လုံးဝ စိတ်မလွတ်သေးတဲ့လူကို ကယ်တင်လို့ ရနိုင်တယ်ဆိုတာ ဒေါက်တာလည်း သိမှာပါ... အဲဒီအပိုင်းမှာ ကျွန်တော်တို့ ညသိမ်းငှက်တွေက အတွေ့အကြုံ တော်တော် များတယ်”
“ဒေါက်တာသိတဲ့ သာလွန်သူ တစ်ယောက်ယောက် ဒါမှမဟုတ် ဒေါက်တာရဲ့ အဖွဲ့အစည်းထဲမှာ အပြစ်မရှိတဲ့လူတွေကို ဒုက္ခပေးဖို့လုပ်နေတဲ့ သာလွန်သူ တစ်ယောက်ယောက်ရဲ့ သဲလွန်စတွေကိုလည်း ပေးလို့ရတယ်”
“အဲဒီလိုမှ မဟုတ်ရင်လည်း ဒေါက်တာအတွက် အသုံးဝင်မဲ့ ပစ္စည်းတစ်ခုခုကို လဲလှယ်လို့ရတယ်... ဒါက ကျွန်တော် ဒေါက်တာကိုပေးတဲ့ အကျိုးခံစားခွင့်ပဲ... အကျိုးခံစားခွင့်က ဘာလဲဆိုတာကို ဒေါက်တာလည်း သိမှာပါ... ကျွန်တော် ရှင်းပြဖို့ မလိုဘူးမလား”
“နောက်ပြီး ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေက တစ်နေ့ကျရင် ဒေါက်တာကို ရုတ်တရက်ကြီး လာဖမ်းမှာ စိုးရိမ်စရာ မလိုဘူး... ဒေါက်တာရဲ့ ဘဝကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလို့ရတယ်”
“ဒေါက်တာ ဘယ်သူလဲဆိုတာကို သက်သေပြဖို့အတွက် ကျွန်တော်တို့က သက်သေခံ အထောက်အထား ပေးထားမယ်... ဒေါက်တာဆီမှာ တခြားရွေးချယ်စရာ မရှိတော့ဘူးဆိုရင် အဲဒါကို ထုတ်သုံးလို့ရတယ်”
ဒက်တာဟာ ကလိုင်းပြောသမျှကို တိတ်တဆိတ် နားထောင်ပါတယ်။ အတန်ကြာတဲ့အခါမှာတော့...။
“ရဲအုပ်က ကျွန်တော်ရဲ့ အဖွဲ့ကို သစ္စာဖောက်စေချင်တာလား”
“ဘယ်ကလား... သစ္စာမဖောက်ခိုင်းပါဘူး...” ကလိုင်းဟာ ရင်ထဲကလာတဲ့ ခံစားချက်နဲ့။
“ဒါက တရားမျှတမှုကို ကာကွယ်တာ... ကိုယ်ကျင့်တရားကောင်းတာ... သနားကြင်နာမှု ရှိတာ... ဒေါက်တာက ရက်စက်ကြမ်းကြုတ်တဲ့ သွေးသံရဲရဲ မကောင်းတဲ့ကိစ္စတွေ ဖြစ်လာမှာကို တားဆီးတာ... အဲဒါကလွဲရင် ဒေါက်တာရဲ့ အဖွဲ့ထဲက လျှို့ဝှက်ချက်တွေကို ထုတ်ပြောဖို့ ကျွန်တော်က မတောင်းဆိုပါဘူး”
ဒက်တာဟာ တစ်ခဏ စဉ်းစားပါတယ်။ ကလိုင်းပေးတဲ့ ဆင်ခြေက သူ့ကို နည်းနည်း နေသာထိုင်သာ ရှိသွားစေပါတယ်။
သူဟာ လေးငါးဆယ်စက္ကန့် တိတ်ဆိတ်နေပြီးမှ ညာလက်ကို ဆန့်ထုတ်လိုက်ပါတယ်။
“ပူးပေါင်းဆောင်ရွက် ကြရအောင်”
ကလိုင်းဟာ အားတဲ့လက်နဲ့ လက်ဆွဲနှုတ်ဆက်ပါတယ် “ပူးပေါင်းဆောင်ရွက်ကြမယ်” အဲဒီနောက် သူဟာ စကား ခဏရပ်ပြီး တစ်ချက်ရယ်ပါတယ်။
“ဒေါက်တာ... အခု ဒေါက်တာက စိတ်ပညာ အဂ္ဂိရတ်သမားတွေရဲ့ အဖွဲ့ဝင်လားဆိုတာ ပြောပြလို့ ရပြီလား”
“ဟုတ်တယ်... ကျွန်တော် စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဝင်ပါ” ဒက်တာဟာ ခေါင်းညိတ်ပါတယ်။
အခန်းထဲ ဝင်လာကတည်းက စိတ်ဝိညာဉ်အာရုံ မပိတ်ထားတဲ့ ကလိုင်းဟာ ဒက်တာရဲ့ ခံစားချက် အရောင် ပြောင်းလဲသွားတာကို မမြင်ရပါဘူး။ အဲဒါကြောင့် တဲ့တိုး မေးလိုက်ပါတယ်။
“ဒေါက်တာက ဘယ်လိုလုပ်ပြီး စိတ်ပညာ အဂ္ဂိရတ်သမားအဖွဲ့ထဲ ရောက်သွားတာလဲ”
ဒက်တာဟာ သူ့မျက်လုံးကို ကြည့်ပြီး။
“ဒီစိတ္တဇဆေးရုံမှာ ကျွန်တော် လူနာတစ်ယောက်ကို ဂရုစိုက်နေတုန်း အဲဒီလူနာက ကျွန်တော်ရဲ့စိတ်ကို ဖောက်မြင်နိုင်တယ်ဆိုတာ သိလိုက်ရတယ်... သူရဲ့ ကြည်လင်ပြတ်သားတဲ့ စိတ်က အရူးနဲ့ တစ်စက်ကလေးမှကို မတူဘူး”
“သူ့နာမည်က ဟွတ်ယူဂျင်...”
ကလိုင်းဟာ ဒီနာမည်ကို ခေါင်းထဲမှာ စွဲနေအောင် မှတ်လိုက်ပြီး ဒက်တာနဲ့ စကား ထပ်ပြောကာ ဘယ်လို လျှို့ဝှက်ဆက်သွယ်မယ် ဘယ်လို တွေ့ဆုံမယ်ဆိုတာကို သတ်မှတ်ပါတယ်။
သူဟာ ဆေးရည်တွေ ဖော်မြူလာတွေ ကောလဟာလတွေနဲ့ ပတ်သက်တာတွေကို လောလောဆယ်မှာ အလဲအလှယ် မလုပ်ပါဘူး။ သင့်တော်တဲ့ အချိန်ကို ရောက်တဲ့အခါ သူဟာ ဒက်တာကို နှုတ်ဆက်ပြီး ခြောက်လုံးပြူးကို သိမ်းကာ ရုံးခန်းထဲက ထွက်ပါတယ်။
ဒက်တာဟာ သူ့မြင်ကွင်းထဲကနေ ကလိုင်းရဲ့ နောက်ကျော အလုံးစုံ ပျောက်ကွယ်သွားတော့မှ အသက်အရှည်ကြီး ရှူထုတ်လိုက်ပါတယ်။ သူဟာ ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်လိုက်ပါတယ်။ သူဟာ နည်းနည်း သောက ရောက်သွားပေမဲ့ နည်းနည်းလည်း စိတ်သက်သာရာ ရသွားပါတယ်။
...
အမှတ် (၃၆) ဇိုးတလန်လမ်း။
ဆူးနက်လုံခြုံရေး ကုမ္ပဏီအတွင်း။
စားပွဲနောက်မှာ ထိုင်နေတဲ့ ဒန်းစမစ်ဟာ မီးခိုးရောင်းမျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး မေးပါတယ် “ဘာဖြစ်လို့လဲ”
နာရီဝက်နီးပါး နောက်ကျတဲ့ ကလိုင်းဟာ ဘာပြောရမလဲဆိုတာ အရင်စဉ်းစားပြီးမှ။
“ကပ္ပတိန်... ကျွန်တော် သာလွန်သူတစ်ယောက် ရှာတွေ့ထားတယ်... သူက စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဝင်ဆိုတာကို အတည်ပြုပြီးပြီ...”
“သူက တရားဝင် ဆရာဝန်တစ်ယောက်... ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူတယ်... အဲဒီတော့ ကျွန်တော်အထင် ဒီလိုမျိုး ဆက်သွားတာပဲ ပိုကောင်းလိမ့်မယ်... သူကနေတစ်ဆင့် ကျွန်တော်တို့တွေ စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ရဲ့ လက်ရှိအခြေအနေကို ပိုသိရတာပေါ့”
အဲဒီနောက် ကလိုင်းဟာ သုံးလေးစက္ကန့်ရပ်ပြီးမှ ထပ်ပြောပါတယ် “ကျွန်တော် သူ့ကို ညသိမ်းငှက်ရဲ့ သတင်းပေးဖြစ်အောင် လုပ်ချင်တယ်... ဒါမှမဟုတ် လျှို့ဝှက်ပြင်ပအဖွဲ့ဝင်ပေါ့”
‘သတင်းပေး’ ဆိုတဲ့ စကားလုံးက အင်ထစ်က လာတာပါ။ ဒီစကားလုံးကို တီထွင်ခဲ့တဲ့လူက ဧကရာဇ်ရစ်ဆဲလ်ပါပဲ။
ဒန်းစမစ်ဟာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး။
“မင်း ကိုင်တွယ်တာ တော်တယ်... ဒါပေမဲ့ နောက်ကျလို့ ဒီလိုအခြေအနေမျိုး ကြုံရရင် ငါ့ကို သတင်းပေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
“အဲဒီဆရာဝန်ရဲ့ အချက်အလက်နဲ့ မင်း အဲဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ခဲ့တယ်ဆိုတာ ချရေးပေး... ငါ သူ့ကို သက်သေခံ အထောက်အထား တစ်ခုခု ပေးလိုက်မယ်”
“နောက်ပြီး ဒီကိစ္စကို လန်နာ့ဒ်နဲ့ တခြားသူတွေ မသိစေနဲ့... သူတို့က ယုံကြည်ရတဲ့ အဖွဲ့သားတွေဆိုပေမဲ့ လုပ်ထုံးလုပ်နည်းအရ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ လိုတယ်”
“နောက်ကျရင် ဒီဆရာဝန်နဲ့ ဆက်သွယ်ဖို့ မင်းပဲ တာဝန်ယူရလိမ့်မယ်”
ကလိုင်းဟာ တိတ်တဆိတ် အသက်ရှူထုတ်ပြီး အပြုံးနဲ့ ဖြေပါတယ် “ဟုတ်ကဲ့ပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။