အောက်လမ်းစစ်စစ်
Vol. 12 Ch. 119
ထင်းဂန်မြို့၊ အမှတ် (၂) ဒက်ဖဒိုလမ်း။
စာတိုချန်ထားခဲ့တဲ့ ကလိုင်းဟာ တံခါးကို သော့ခတ်ပြီး လမ်းဘေးမှာ စောင့်နေတဲ့ လန်နာ့ဒ်မစ်ချယ်ဆီ မပြေးရုံတမယ် လျှောက်သွားပါတယ်။ လန်နာ့ဒ်ရဲ့ ဆံပင်တိုတွေက ဒီလမှာ နည်းနည်းရှည်လာပြီး ခေါင်းဖီးတာ မရှိတဲ့အတွက် နည်းနည်း ရှုပ်ပွနေပါတယ်။
အဲဒီလို ရှုပ်ပွနေတာတောင် သူ့ဆံပင်တွေက သူ့မျက်နှာ၊ မြရောင်မျက်လုံး၊ ကဗျာဆရာဟန်ပန်နဲ့ လိုက်ဖက်ပြီး တစ်မျိုးလှနေပါတယ်။
‘ဘယ်ဆံပင်ပုံစံမဆို တကယ်ကို မျက်နှာပေါ် မူတည်တာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒကတက်လိုက်ပါတယ်။ အဲဒီနောက် သူဟာ သံကြက်ခြေခတ်လမ်းကို ထိုးပြပြီး မေးလိုက်ပါတယ် “ဖရိုင်းက ငါတို့ကို အဲဒီမှာ စောင့်နေတာလား”
“ဟုတ်တယ်...”
လန်နာ့ဒ်ဟာ ခေါက်နေတဲ့ အင်္ကျီကို ပြန့်အောင်ဖြန့်ပြီး အေးအေးလူလူ မေးပါတယ်။
“မင်း စာရွက်စာတမ်းတွေ ဖတ်ကြည့်တော့ သဲလွန်စတစ်ခုခု တွေ့သေးလား”
ကလိုင်းဟာ လက်ကိုင်တုတ်ကို ဘယ်လက်မှာကိုင်ပြီး လမ်းဘေးကနေ လမ်းလျှောက်ပါတယ်။
“မတွေ့ဘူး... အချိန်၊ နေရာ၊ သေဆုံးတဲ့အကြောင်းအရင်း... ဒီသုံးခုမှာ တူတာ မတွေ့ဘူး... မကောင်းဆိုးဝါး နတ်ဘုရားတွေ မိစ္ဆာတွေနဲ့ ပတ်သက်တဲ့ ဘယ်အစီအရင်မဆို အချိန်တစ်ခုအတွင်း ဒါမှမဟုတ် အထူးနည်းလမ်း တစ်ခုခုသုံးပြီး စီရင်ရတယ်ဆိုတာ မင်းလည်း သိမှာပါ...”
လန်နာ့ဒ်ဟာ ရှပ်အင်္ကျီအောက်က ခါးနားမှာ သူ့အလိုကျ ပြုလုပ်ထားတဲ့ ခြောက်လုံးပြူးကို ကောက်ထိပြီး တစ်ချက် ရယ်ပါတယ်။
“အဲဒီလို တထစ်ချကြီး မှတ်ထားလို့တော့ မရဘူး... ငါ့အတွေ့အကြုံအရဆိုရင် တချို့ မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက သူတို့အကြိုက်နဲ့ တောင်းဆိုတာ ကိုက်ရင် လွယ်လွယ်ကူကူ လက်ခံကြတယ်”
“နောက်ပြီး သေဆုံးတဲ့လူ တော်တော်များများက သာမန်ပဲ... အဲဒီတော့ ငါတို့တွေ တကယ့်အဖြေကို မရခင် အဲဒီသာမန်ကိစ္စတွေကို ပယ်ရလိမ့်မယ်”
ကလိုင်းကို လန်နာ့ဒ်ကို တစ်ချက် ကြည့်လိုက်ပါတယ် “အဲဒါကြောင့် ကပ္ပတိန်က ငါတို့ကို နောက်တစ်ခါ စုံစမ်းစစ်ဆေးခိုင်းတာပဲ... သာမန်သေဆုံးမှုတွေကို ဖယ်ထုတ်ဖို့လေ”
“လန်နာ့ဒ်... မင်းစကားနဲ့ လေသံကို နားထောင်ရတာ ဒီလိုကိစ္စမျိုးမှာ အတွေ့အကြုံ တော်တော် ရှိနေတဲ့ပုံပဲ... ဒါပေမဲ့ မင်း ညသိမ်းငှက် ဖြစ်တာက လေးနှစ်ပဲ ရှိသေးတာလေ... သဘာဝလွန် ဖြစ်ရပ်က တစ်လကို နှစ်ခါ ပုံမှန်ဖြစ်ရင်တောင် လေးနှစ်မှ ဘယ်လောက်ရှိမှာလဲ... နောက်ပြီး အဲဒီသဘာဝလွန်ဖြစ်ရပ် အများစုက လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေမလား”
သူဟာ လန်နာ့ဒ်မစ်ချယ်က နည်းနည်း ထူးဆန်းပြီး လျှို့ဝှက်တယ်လို့ အမြဲတမ်း ခံစားခဲ့ရပါတယ်။ လန်နာ့ဒ်က သူနဲ့ ပတ်သက်လာရင် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု သံသယဝင်နေတာချည်းပါပဲ။ အဲဒါ့အပြင် သူ့ကိုယ်ဟန် အမူအရာကလည်း မကြာမကြာ ပြောင်းသွားတတ်ပါတယ်။
သူဟာ တစ်ခါတစ်လေကျရင် တိတ်ဆိတ်နေပြီး တစ်ခါတစ်လေကျရင် ထောင်လွှားပါတယ်။ တစ်ခါတစ်လေကျရင် မထီမဲ့မြင်နဲ့ ပြောင်ချော်ချော်နေပြီး တစ်ခါတစ်လေကျပြန်တော့ တည်တည်တန့်တန့်နဲ့ သမာဓိရှိပါတယ်။
“မဟုတ်မှလွဲရော မင်းဆီမှာ ပြဇာတ်တွေထဲက ဇာတ်လိုက်လိုမျိုး အခွင့်အရေးကောင်း တစ်ခုခု ရထားလို့လား” ကလိုင်းဟာ သူ အရင်တုန်းက ဖတ်ဖူးကြည့်ဖူးတဲ့ ဝတ္ထုတွေ ဇာတ်ကားတွေနဲ့ ဒရမ်မာတွေကို အခြေခံပြီး အကြမ်းဖျင်း ကောက်ချက်ချပါတယ်။
ဒီမေးခွန်းကို ကြားလိုက်ရတဲ့ လန်နာ့ဒ်ဟာ ရယ်ပါတယ် “မဟုတ်ပါဘူးကွာ... ဒီအကြောင်းကို မင်း မသိသေးတာက မင်း ညသိမ်းငှက်စစ်စစ် မဖြစ်သေးလို့ဘဲ... မင်းက လေ့ကျင့်တဲ့အဆင့်မှာပဲ ရှိသေးတယ်”
“သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က ဘုရားရှိခိုးကျောင်းတော် အသီးသီးမှာ တွေ့ကြုံရတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ အကုန်လုံးကို မှတ်တမ်းတင်ပြီး ခြောက်လတစ်ကြိမ် သူ့အဖွဲ့ဝင်တွေဆီ ပေးဝေတယ်”
“ဂမ္ဘီရ သင်ခန်းစာတွေကလွဲရင် မင်း အဲဒီမှတ်တမ်းတွေကို ချန်စီဂိတ်ထဲ ဝင်ဖတ်ဖို့ ကပ္ပတိန်ဆီမှာ အစီရင်ခံစာတင်လို့ရတယ်”
ကလိုင်းဟာ သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။
“ကပ္ပတိန်ကို ငါ့ကို ဒီကိစ္စ တစ်ခါမှ မပြောဖူးဘူး”
ကလိုင်းဟာ အခုချိန်အထိ ချန်စီဂိတ်ထဲဝင်ဖို့ အခွင့်အရေး မရသေးပါဘူး။
လန်နာ့ဒ်ဟာ ရယ်ပါတယ် “ကပ္ပတိန်အကြောင်းကို မင်း မသိတာလည်း မဟုတ်ဘဲနဲ့... သူပြောတာကို စောင့်နေရလား...”
ဒီစကားကို ပြောပြီးတဲ့နောက်မှာ သူဟာ အဓိပ္ပာယ်ပါပါ ထပ်ပြောပါတယ် “တစ်နေ့ကျလို့ ကပ္ပတိန် အကုန်လုံး မှတ်မိနေမှာကိုတောင် ငါတို့က သတိထားရမှာ”
‘စိတ်လွတ်တာကို ပြောတာလား...’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာဟာ လေးနက်သွားပါတယ်။ အဲဒီနောက် သူဟာ မေးခွန်း ထပ်ထုတ်ပါတယ်။
“သတိမေ့တတ်တာက ကပ္ပတိန် တစ်ယောက်တည်လား... ငါက အဲဒါ အအိပ်မဲ့ ဆုံမှတ် လမ်းကြောင်းကြောင့်လို့ ထင်နေတာ”
‘အမြဲတမ်း အိပ်ရေးပျက်ရင် မှတ်ဉာဏ် ဆုံးရှုံးတာ ဖြစ်ရိုးဖြစ်စဉ်ပဲ...’
“ပိုပြီးတော့ တိတိကျကျ ပြောရရင် အဲဒါက အိပ်မက်ဆိုးတွေ ခံစားရတဲ့ လက္ခဏာတစ်ခုပဲ... အိပ်မက်နဲ့ လက်တွေ့ဘဝက ရောထွေးနေတော့ ဘယ်ဟာက အစစ်အမှန်လဲ ဘယ်ဟာက အိပ်မက်လဲဆိုတာ ခွဲဖို့ ခက်သွားတယ်... သူတို့တွေက လက်တွေ့ဘဝ မဟုတ်တာကိုလည်း မှတ်ထားဖို့ လိုတယ်လေ...”
လန်နာ့ဒ်ဟာ ဆက်ပြီး ပြောချင်ပေမဲ့ သူတို့တွေဟာ သံကြက်ခြေခတ်လမ်းကို ရောက်သွားပြီး မြင်းလှည်းရုံမှာ စောင့်နေတဲ့ အလောင်းကောက်သမား ဖရိုင်းကို တွေ့လိုက်ရပါတယ်။
ဖရိုင်းဟာ အနက်ရောင် ဦးထုပ်ဝိုင်းတစ်လုံးနဲ့ သူ့လက်ထဲက စာရွက်ထည့်တဲ့ သားရေအိတ်နဲ့ အရောင်တူ အနွေးထည်ကို ဝတ်ဆင်ထားပါတယ်။ သူ့မျက်နှာက ဖျော့တော့လွန်းတဲ့အတွက် ကောက်ကာငင်ကာ လဲသွားနိုင်တယ်လို့တောင် ကလိုင်း သံသယ ဝင်မိလိုက်ပါတယ်။ သူ့ရဲ့ အေးစက်တဲ့ရောင်ဝါက မြင်းလှည်းစောင့်နေတဲ့လူတွေကို ခပ်ဝေးဝေးမှာ ထားထားပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ခေါင်းညိတ်ပြပြီးနောက် သူတို့သုံးယောက်ဟာ တိတ်တဆိတ် စုဖွဲ့ပြီး စမရင်မုန့်ဆိုင်ကို ကျော်ကာ သံကြက်ခြေလမ်းရဲ့ အောက်လမ်းထဲ ဝင်လိုက်ပါတယ်။
သူတို့ ချက်ချင်း ရင်ဆိုင်လိုက်ရကတော့ တညံညံဆူနေတဲ့ အသံဗလံတွေပါ။ ဈေးသည်တွေဟာ ခုံးကောင်စွပ်ပြုတ်၊ ငါးကြော်၊ ဂျင်းဘီယာနဲ့ သစ်သီးသစ်ဥတွေ ရောင်းကုန်အောင် တစာစာအော် ရောင်းနေတဲ့အတွက် လမ်းသွား လမ်းလာတွေဟာ တမင်မရပ်တာတောင် ခြေလှမ်းတွေ နှေးသွားကြပါတယ်။
ညနေ ငါးနာရီ ကျော်သွားပြီမလို့ အလုပ်သွားတဲ့လူတွေ သံကြက်ခြေခတ်လမ်းကို ပြန်လာကြတဲ့အတွက် လမ်းဘေးနှစ်ဖက်စလုံးမှာ လူတွေ ပြည့်နေပါတယ်။ လူအုပ်ထဲက တချို့ကလေးတွေဟာ အရာအားလုံးကို အေးအေးစက်စက် ကြည့်ပြီး လမ်းသွားလမ်းလာတွေရဲ့ ပိုက်ဆံအိတ်တွေကို အာရုံစိုက်ကြပါတယ်။
ကလိုင်းဟာ ဒီနေရာမှာ ဈေးချိုတဲ့ ဟင်းတွေ မကြာခဏ လာဝယ်ဖူးတဲ့အတွက် ဒီလမ်းနဲ့ ရင်းနှီးပါတယ်။ အရင်တုန်းက ဒီနားမှာရှိတဲ့ တိုက်ခန်းမှာ သူ နေထိုင်ခဲ့တယ် မဟုတ်ပါလား။ အဲဒါကြောင့် သူဟာ လန်နာ့ဒ်နဲ့ ဖရိုင်းကို သတိပေးလိုက်ပါတယ်။
“ခါးပိုက်နှိုက်ကို သတိထား”
လန်နာ့ဒ်ဟာ ပြုံးလိုက်ပါတယ် “မင်း သူတို့ကို ဂရုစိုက်စရာ မလိုဘူး”
လန်နာ့ဟာ အင်္ကျီကို ဆွဲတင်ပြီး သေနတ်အိတ်ကို နေရာပြင်ကာ ခြောက်လုံးပြူးကို ထုတ်ပြလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို သူတို့ဆီ ရောက်နေတဲ့ အကြည့် အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတယ်။ သူတို့ဘေးနားက လမ်းသွား လမ်းလာတွေလည်း လမ်းဖယ်ပေးကြပါတယ်။
ကလိုင်းဟာ တစ်ဒင်္ဂ အေးခဲသွားပြီးနောက် ခြေလှမ်းကျဲကြီးတွေနဲ့ လန်နာ့ဒ်နဲ့ ဖရိုင်းနောက်ကို အမီလိုက်ပါတယ်။ သူဟာ သူနဲ့ သိတဲ့လူတွေ သူ့ကို မှတ်မိသွားမှာစိုးတဲ့အတွက် ခေါင်းငုံ့ထားပါတယ်။
ဘန်ဆင်နဲ့ မလီဆာဟာ ဒီအနီးအနားက အိမ်နီးနားချင်းတွေနဲ့ အဆက်အသွယ် မပြတ်သေးပါဘူး။ သူတို့တွေ အိမ်ပြောင်းသွားတာက သိပ်မဝေးဘူး မဟုတ်ပါလား။
သူတို့သုံးယောက်ဟာ ဈေးသည်တွေပေါတဲ့ ဒီနေရာကို ကျော်ဖြတ်ပြီးနောက် သံကြက်ခြေခတ်လမ်းရဲ့ တကယ့် အောက်လမ်း စစ်စစ်ထဲ ဝင်လိုက်ပါတယ်။
ဒီမှာရှိတဲ့ လမ်းသွားလမ်းလာ အကုန်လုံးရဲ့ အဝတ်အစားတွေဟာ ဟောင်းနွမ်း စုတ်ပြတ်နေပါတယ်။ သူတို့တွေဟာ သားသားနားနား ဝတ်စားထားတဲ့ သူစိမ်းတွေဆိုရင် သတိကြီးကြီးထားကြပေမဲ့ သူတို့မျက်လုံးထဲက လောဘကိုတော့ ဖုံးဖိလို့ မရပါဘူး။ သားကောင်ချောင်း ချောင်းနေတဲ့ ကျားရဲလိုပါပဲ။ ဒါပေမဲ့ လန်နာ့ဒ်ရဲ့ ခြောက်လုံးပြူးက ဘာပြဿနာမှ မဖြစ်အောင် ဟန့်တားပေးပါတယ်။
“မနေ့က လူသေတာကို ပထမဆုံး စုံစမ်းကြတာပေါ့... ငါတို့တွေ မီးခြစ်ဆံဘူး လုပ်ရောင်းတဲ့ မစ္စလောက်အိစ်ကနေ စကြမယ်...”
လန်နာ့ဒ်ဟာ စာရွက်တွေကို လှန်ပြီး မလှမ်းမကမ်းက နေရာတစ်ခုကို ထိုးပြပါတယ် “အမှတ် (၁၃၄)၊ ပထမထပ်...”
သူတို့သုံးယောက် ရှေ့ဆက်လျှောက်တဲ့အခါ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ လမ်းထဲမှာ ကစားနေကြတဲ့ ကလေးတွေဟာ လမ်းထောင့်တစ်နေရာမှာ ပြေးပုန်းပြီး သူတို့သုံးယောက်ကို စူးစမ်းစိတ် ကြောက်ရွံ့စိတ် ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ချောင်းကြည့်ပါတယ်။
“သူတို့ရဲ့ လက်တွေ ခြေထောက်တွေကို ကြည့်စမ်း... မီးခြစ်ဆံလိုပဲ...” လန်နာ့ဒ်ဟာ သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် သူဟာ အမှတ် (၁၃၄) အဆောက်အဦးထဲကို ပထမဆုံး ဝင်ပါတယ်။
အနံ့မျိုးစုံရောထွေးနေတဲ့ လေက ကလိုင်းရဲ့ နှာခေါင်းထဲ တိုးဝင်လာပါတယ်။ ကလိုင်းဟာ သေးနံ့ ချွေးနံ့ သိုးနံ့နဲ့ မီးသွေး လောင်ကျွမ်းနေတဲ့ အနံ့ကို ခပ်ယဲ့ယဲ့ ခံစားလိုက်ရတဲ့အတွက် နှာခေါင်းကို မပိတ်ဘဲ မနေနိုင်ပါဘူး။
အဲဒီနောက် သူတို့ကို စောင့်နေတဲ့ ဘစ်(ချ်)မောင့်ဘက်တန်ကို တွေ့လိုက်ရပါတယ်။ ဝါညိုရောင် မုတ်ဆိတ်မွေးနဲ့ ရဲအရာရှိ ဘစ်(ချ်)မောင့်ဘက်တန်ဟာ လန်နာ့ဒ်ရဲ့ ရဲအုပ်ရာထူးကို အားကျတဲ့ ရဲတစ်ယောက်ပါ။
“ဆရာ... ကျွန်တော် လောက်အိစ်ကို အခန်းထဲမှာ စောင့်နေဖို့ ပြောထားပြီးပြီ” မောင့်ဘက်တန်ဟာ သူ့ရဲ့ တစ်မူထူးခြားတဲ့ အသံစူးစူးနဲ့ ပြောပါတယ်။
သူက တက်တက်ကြွကြွနဲ့ သားသားနားနား ဖြစ်နေတဲ့ ကလိုင်းကို မမှတ်မိဘူးဆိုတာ အသိသာကြီးပါ။ သူဟာ ကလိုင်းတို့ သုံးယောက်ကို ပထမထပ်မှာရှိတဲ့ လောက်အိစ် မိသားစုဆီ ခေါ်သွားရင်း သူ့ရှေ့က ရဲအုပ်သုံးယောက်ကို ဖော်လံဖားလုပ်ပါတယ်။
တိုက်ခန်းက ရိုးရိုးရှင်းရှင်းပါပဲ။ အခန်းထဲမှာ အိပ်စင်ခုတင်တစ်လုံးနဲ့ ညာဘက်မှာ စက္ကူအထူနဲ့ ကော်တွေတင်ထားတဲ့ စားပွဲတစ်လုံး ရှိပါတယ်။ အခန်းထောင့်မှာတော့ မီးခြစ်ဆံဘူး အကြမ်းထည်တွေ ပုံနေပါတယ်။ အခန်းရဲ့ ဘယ်ဘက်မှာတော့ ဗီရိုဟောင်းတစ်လုံး ရှိပြီး အဝတ်အစည်းနဲ့ ပန်းကန်ခွက်ယောက်တွေ ထည့်သိမ်းစရာအဖြစ် ရှိနေပါတယ်။
မီးဖို၊ အိမ်သာ၊ ထင်းနဲ့မီးသွေး နည်းနည်းက တံခါးရဲ့ ဘေးနှစ်ဖက်မှာ ရှိနေပြီး အခန်းအလယ်မှာတော့ ညစ်ပတ်ပေရေတဲ့ အိပ်ရာနှစ်ခုက နေရာယူထားပါတယ်။ လူတစ်ယောက်က စောင်ပြဲတစ်ထည် အောက်မှာ အိပ်နေတဲ့အတွက် လမ်းလျှောက်ဖို့တောင် နေရာမရှိပါဘူး။
အိပ်စင်ရဲ့ အောက်ထပ်မှာ အမျိုးသမီးတစ်ယောက် လဲလျောင်းနေပါတယ်။ ဒီအမျိုးသမီးရဲ့ အသားအရေဟာ ရေခဲလို အေးစက်နေတဲ့အတွက် အသက်မရှိတော့ဘူးဆိုတာ ထင်ရှားပါတယ်။
အလောင်းဘေးမှာတော့ အသက်သုံးဆယ်ဝန်းကျင် လူတစ်ယောက် ထိုင်နေပါတယ်။ သူ့ဆံပင်တွေက အဆီပြန်နေပြီး စိတ်ဓာတ်ကျပုံ ပေါ်နေပါတယ်။ သူ့မျက်လုံးတွေကလည်း တောက်ပမှု မရှိပါဘူး။
“လောက်အိစ်... ဒီရဲအုပ်သုံးယောက်က အလောင်း စစ်ဆေးဖို့နဲ့ မင်းကို မေးခွန်းမေးဖို့ လာတာ...” ဘစ်မောင့်ဘက်တန်ဟာ အိပ်နေတဲ့လူကို လုံးဝ ဂရုမစိုက်ဘဲ အော်ပြောပါတယ်။
စိတ်ဓာတ်ကျနေတဲ့ အမျိုးသားဟာ ပျော့တိပျော့ဖတ် မော့ကြည့်ပြီး တအံ့တဩ မေးပါတယ် “စောစောက အလောင်းကို စစ်ဆေးပြီး ကျွန်တော့်ကို မေးခွန်း မေးပြီးပြီ မဟုတ်ဘူးလား”
သူဟာ ဖာထေးရာ ဗရပွနဲ့ ပြာမှိုင်းမှိုင်း အလုပ်သမား ဝတ်စုံကို ဝတ်ထားပါတယ်။
“ငါပြောတာကို လုပ်... ဘာလို့ မေးခွန်းတွေ ပြန်မေးနေတာလဲ” ဘစ်မောင့်ဘက်တန်ဟာ စိတ်ဓာတ်ကျနေတဲ့ အမျိုးသားကို ဆူပူပြီး ကလိုင်းတို့ သုံးယောက်ဘက် ပြန်လှည့်ကာ “ရဲအုပ်တို့... ဒါက လောက်အိစ်ပါ... ခုတင်ပေါ်က သေသွားတဲ့လူက သူ့ဇနီးသည်ပါ... ကျွန်တော်တို့ရဲ့ ကနဦး စစ်ဆေးမှုရ မစ္စလောက်အိစ်က ရုတ်တရက် ဖျားနာပြီး သေသွားတာ”
ကလိုင်းတို့တွေဟာ ခုတင်နား လျှောက်သွားပါတယ်။
နှာတံမောက်မောက် နှုတ်ခမ်းပါးပါးနဲ့ ဖရိုင်းဟာ ပုံမှန်အတိုင်း အေးစက်တဲ့ အမူအရာနဲ့ ဘာမှမပြောဘဲ လောက်အိစ်ကို အသာပုတ်ကာ သူ အလောင်း စစ်ဆေးနိုင်အောင် ဖယ်ပေးဖို့ အချက်ပြပါတယ်။
ကလိုင်းဟာ အိပ်နေတဲ့လူကိုကြည့်ပြီး မေးခွန်းထုတ်ပါတယ် “ဒီလူက ဘယ်သူလဲ”
“ကျွန်... ကျွန်တော်ရဲ့ အိမ်ငှားပါ” လောက်အိစ်ဟာ ကလိုင်းရဲ့ မေးခွန်းကို ဖြေရင်း နဖူးကို နှိပ်ပါတယ် “ဒီအခန်းငှားခက တစ်ပတ်ကို သုံးဆိုလီနဲ့ ဆယ်ပဲနိ... ကျွန်တော်က ဆိပ်ကမ်းမှာ ကုန်ထမ်းတယ်... ကျွန်တော့် ဇနီးသည်က ကော်ကပ်ထားတဲ့ မီးခြစ်ဆံဘူး တစ်သေတ္တာကို ၂ ပဲနိနဲ့ ပဲနိစိတ် ရတယ်... မီးခြစ်ဆံဘူး တစ်... တစ်သေတ္တာကို မီးခြစ်ဆံဘူး ၁၃၀ ပါတယ်... ကျွန်တော်တို့... ကျွန်တော်တို့မှာ ကလေးတစ်ယောက်လည်း ရှိတယ်... အဲဒီတော့ နေရာလွတ်ကို တစ်ယောက်ယောက်စီ ပြန်ငှားတယ်... ကျွန်တော်တို့တွေ အများကြီး မယူပါဘူး... အိပ်ရာခင်း တစ်နေရာကို တစ်ပတ်မှ တစ်ဆိုလီတည်းပါ”
“ကျွန်တော်ရဲ့ အိမ်ငှားက ပြဇာတ်ရုံမှာ အကူလုပ်တယ်... သူက ည ၁၀ နာရီမတိုင်ခင် ပြန်မလာဘူး... အဲဒီတော့ သူက သူ့ရဲ့ နေ့ခင်းဘက် အိပ်ရာကို ဒီလူ... ဒီလူ့ဆီ ငှားလိုက်တယ်... ဒီလူက ပြဇာတ်ရုံ ညစောင့်ပဲ... အဲဒီတော့ သူက တစ်ပတ်ကို ခြောက်ပဲနိပဲ ပေးရတယ်...”
တစ်ဖက်လူရဲ့ စကားအထစ်ထစ်နဲ့ ရှင်းပြတာကို နားထောင်ပြီး ကလိုင်းဟာ အခန်းထောင့်မှာရှိတဲ့ သေတ္တာကို မကြည့်ဘဲ မနေနိုင်ပါဘူး။
‘တစ်သေတ္တာကို မီးခြစ်ဆံဘူး ၁၃၀ ပါတယ်.. ၂.၂၅ ပဲနိပဲရတယ်... ဒါက ပေါင်မုန့်နက် ၂ ပေါင်လောက်ပဲ ဝယ်လို့ရမယ်... သူ တစ်နေ့ကို ဘယ်နှသေတ္တာပြီးနိုင်မှာလဲ’
လန်နာ့ဒ်ဟာ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး မေးပါတယ် “မင်းရဲ့ ဇနီးသည်က မသေဆုံးခင် ထူးခြားတာ တစ်ခုခု ရှိလား”
ဒီလိုမေးခွန်းမျိုး အမေးခံရဖူးတဲ့ လောက်အိစ်ဟာ သူ့ဘယ်ဘက်ရင်အုံကို ထိုးပြပြီး ဖြေပါတယ် “ပြီးခဲ့တဲ့ အပတ်... အင်း... အဲဒီမတိုင်ခင် တစ်ပတ်ကတည်းက ဖြစ်မယ်... ဒီနားတစ်ဝိုက် အောင့်ပြီး အသက်ရှူရ ခက်တယ်လို့ ပြောတယ်”
‘နှလုံးရောဂါ လက္ခဏာ... သာမန်သေဆုံးမှုလား...’ ကလိုင်းဟာ ဖြတ်မေးလိုက်ပါတယ် “မင်းရဲ့ဇနီးသည် ဘယ်လို သေသွားလဲ ဆိုတာကို မြင်လား”
လောက်အိစ်ဟာ တွေးပြီး ဖြေပါတယ် “ကျွန်တော် ဇနီးသည်က နေဝင်ရင် အလုပ် မလုပ်တော့ဘူး... ဖယောင်းတိုင်နဲ့ ဓာတ်ငွေ့က မီးခြစ်ဆံထက် ဈေးပိုကြီးတယ်... သူ အရမ်းပင်ပန်းနေလို့ ကလေးတွေကို ကျွန်တော့် ကြည့်ခိုင်းပြီး နားတာပဲ... ကျွန်တော် သူ့ကို နောက်တစ်ခါ မြင်ရတော့ အသက်ရှူ ရပ်သွားပြီ”
ဒီစကားကို ပြောလိုက်တဲ့ လောက်အိစ်ဟာ ဝမ်းနည်းမှုကို ဘယ်လိုမှ ထိန်းမထားနိုင်တော့ပါဘူး။
ကလိုင်းနဲ့ လန်နာ့ဒ်ဟာ မေးခွန်းတချို့ ထပ်မေးပေမဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာထူးဆန်းတာမှ ရှာမတွေ့ပါဘူး။
သူတို့တွေဟာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လန်နာ့ဒ်က။
“မစ္စတာလောက်အိစ်... အပြင်မှာ လေးငါးမိနစ်လောက် စောင့်ပေးပါ... ငါတို့တွေ အလောင်းကို စစ်ဆေးမလို့... မစ္စတာလောက်အိစ် ဒါကို မြင်ချင်လိမ့်မယ်လို့ မထင်ဘူး”
“ဟုတ်ကဲ့ပါ...” လောက်အိစ်ဟာ သောကရောက်နေတဲ့ မျက်နှာနဲ့ မတ်တတ်ရပ်ပါတယ်။
ဘစ်မောင့်ဘက်တန်ဟာ အိပ်ရာခင်းဆီ လျှောက်သွားပြီး အိမ်ငှားကို ကန်နှိုးကာ အခန်းထဲကနေ ခပ်ကြမ်းကြမ်း မောင်းထုတ်ပါတယ်။ အဲဒီနောက် အခန်းတံခါးပိတ်ပြီး အပြင်ကနေ စောင့်ပါတယ်။
“ဘယ်လိုလဲ...” လန်နာ့ဒ်ဟာ ဖရိုင်းကို ကြည့်လိုက်ပါတယ်။
“နှလုံးရောဂါနဲ့ သေတာ” ဖရိုင်းဟာ လက်ပြန်ရုပ်ပြီး အတိအကျ ပြောပါတယ်။
ကလိုင်းဟာ တစ်ခဏတွေးပြီးနောက် ကောက်ချက်အမြန် ချဖို့အတွက် ပဲနိဝက်တန် အကြွေစေ့ကို ထုတ်ပါတယ်။
‘မစ္စလောက်အိစ်ရဲ့ နှလုံးရောဂါက သဘာဝလွန် အကြောင်းကြောင့်ပဲ... မဟုတ်ဘူး... ဒါက နယ်ကျဉ်းလွန်းတယ်... အဖြေက တခြားရောက်သွားနိုင်တယ်... အင်း... မစ္စလောက်အိစ်ရဲ့ သေဆုံးမှုမှာ သဘာဝလွန် လွှမ်းမိုးမှု ရှိတယ်... ဟုတ်တယ်... ဒါကို သုံးရမယ်’ ကလိုင်းဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ခပ်မြန်မြန် ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် သူဟာ အဲဒီစာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ပြီး မစ္စလောက်အိစ်ရဲ့ အလောင်းဆီ လျှောက်သွားပါတယ်။ သူ အကြွေစေ့ကို လေထဲ မြှောက်လိုက်ချိန်မှာ သူ့မျက်လုံးတွေလည်း မည်းနက်သွားပါတယ်။
အကြွေစေ့ လည်သွားတဲ့ အသံဟာ အခန်းထဲမှာ တုန်ခါသွားပြီး အကြွေစေ့ဟာ ကလိုင်းရဲ့ လက်ဖဝါးပေါ်ကို တန်းတန်းမတ်မတ် ကျသွားပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဘုရင်ပုံ ကျပါတယ်။
ဒါက မစ္စလောက်အိစ်ရဲ့ သေဆုံးမှုမှာ သဘာဝလွန် လွှမ်းမိုးမှုတွေ ရှိနေတယ်လို့ ဆိုလိုပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။