အလုပ်သမားဂေဟာ
Vol. 12 Ch. 120
“သဘာဝလွန်စွမ်းအား လွှမ်းမိုးမှု ရှိတယ်...” ကလိုင်းရဲ့ မျက်လုံးတွေဟာ ပုံမှန်ပြန်ဖြစ်သွားပြီး လန်နာ့ဒ်နဲ့ ဖရိုင်းကို ကြည့်ကာ ပြောပါတယ်။
လန်နာ့ဒ်ဟာ ကောက်ကာငင်ကာ တစ်ချက် ရယ်ပါတယ်။
“ပညာရှင်ပီသတယ်... အမြင်ဆရာဆိုတဲ့ အမည်နာမနဲ့ ထိုက်တန်ပါပေတယ်...”
‘ငါ့ကို တစ်ခုခု အရိပ်အမြွက်ပြဖို့ ကြိုးစားနေတာလား...’ ကလိုင်းဟာ ခေါင်းထဲမှာ ရေရွတ်လိုက်ပါတယ်။
ဖရိုင်းဟာ လက်ဆွဲအိတ် ဆွဲဖွင့်ပြီး ငွေဓားနဲ့ တခြားကိရိယာတွေ ထုတ်ပါတယ်။ သူဟာ ခဏရပ်ပြီး မေးပါတယ်။
“အလောင်းက ပြောတာတော့ တကယ်ကို နှလုံးဖောက်ပြီး သေသွားတာ... ဒီထက်ပိုပြီးတော့ တိတိကျကျ သိရအောင် တွက်လို့ရတဲ့ နည်းလမ်း မရှိဘူးလား”
ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး။
“စိတ်ဝိညာဉ် ဆက်သွယ်တဲ့ အစီအရင်နဲ့ အိပ်မက်ဗေဒင်ကို တွဲသုံးကြည့်လို့တော့ ရတယ်... မစ္စလောက်အိစ်ရဲ့ လက်ကျန်စိတ်ဝိညာဉ်ဆီက တစ်ခုခုရဖို့ မျှော်လင့်ရတာပဲ”
အေးစက်တဲ့ မျက်နှာသေကြီးနဲ့ ဖရိုင်းဟာ ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်ကာ။
“စမ်းကြည့်လေ”
အဲဒီနောက် သူဟာ ကလိုင်းကို လှည့်ကြည့်ပြီး ရုတ်တရက် သက်ပြင်းချကာ သိပ်ပြောင်းလဲ မသွားတဲ့ လေသံနဲ့။
“မင်းက ဒီအခြေအနေကို ပိုပိုပြီးတော့ ကျင့်သားရလာပြီပဲ”
‘အဲဒီလိုဖြစ်ချင်တယ်လို့ ဘယ်သူက ပြောလို့လဲ...’ ကလိုင်းဟာ ငိုချင်စိတ် ပေါက်သွားပါတယ်။ အဲဒီနောက် သူဟာ ရေစင်၊ အမွှေးဆီနဲ့ ဆေးမှုန့် ပုလင်းတွေကို ထုတ်ယူပြီး စိတ်ဝိညာဉ် ဆက်သွယ်တဲ့ အစီအရင်ကို ခပ်သွက်သွက် စီရင်ပါတယ်။
သူဟာ စိတ်ဝိညာဉ်နံရံထဲမှာ ထာဝရည နတ်ဘုရားမရဲ့ ဘွဲ့တော်တွေကို ရွတ်ဆိုပြီးနောက် ဟာမီးဘာသာစကားနဲ့ ဆုတောင်းပါတယ်။ မကြာခင်မှာပဲ သူ့ပတ်လည်မှာ လေတိုက်ခိုက်လာပြီး အလင်းရောင် ပိုပိုပြီးတော့ မှေးမှိန်သွားပါတယ်။
သူ့မျက်လုံးတွေဟာ လုံးဝ မည်းနက်သွားပြီး ဗေဒင်တွက်မဲ့ စာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ဆိုပါတယ်။
‘မစ္စလောက်အိစ် သေဆုံးရတဲ့ အကြောင်းရင်း...’
‘မစ္စလောက်အိစ် သေဆုံးရတဲ့ အကြောင်းရင်း...’
...
သူဟာ အိပ်မက်နယ်မြေထဲ ဝင်သွားပြီး အလောင်းဘေးမှာ တဝဲဝဲတလည်လည် ဖြစ်နေတဲ့ စိတ်ဝိညာဉ်တစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူဟာ သူ့ရဲ့ ဝိုးတိုးဝါးတား ညာလက်ကို ဆန့်ထုတ်ပြီး မစ္စလောက်အိစ်ရဲ့ လက်ကျန်စိတ်ဝိညာဉ်နဲ့ ထိတွေ့ပါတယ်။
ရုတ်ခြည်းဆိုသလို သူ့ရှေ့မှာ အလင်းရောင်တွေ ဖြာထွက်သွားပြီး မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာကာ အလျင်အမြန် ပြန်ပျောက်ကွယ်သွားပါတယ်။
အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားတဲ့ ပိန်ပါးပြီး ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ မီးခြစ်ဆံဘူးတွေနဲ့ အလုပ်များနေပါတယ်။
သူမဟာ ရုတ်တရက် ကော်ကပ်နေတာ ရပ်ပြီး ရင်ဘက်ကို ဖိလိုက်ပါတယ်။
သူမဟာ သူမရဲ့ ကလေးနှစ်ယောက်နဲ့ စကားပြောနေပါတယ်။
သူမ ဟောဟဲ ဟောဟဲ ဖြစ်သွားချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပါတယ်။
သူမ ပေါင်မုန့်နက်ကို ဝယ်ဖို့ အလုပ်ရှုပ်နေချိန်မှာ တစ်စုံတစ်ယောက်က သူမကို ရုတ်တရက် ပုတ်လိုက်ပါတယ်။
သူမဟာ နှလုံးဖောက်တဲ့ လက္ခဏာကို တစ်ကြိမ်ပြီး တစ်ကြိမ် ခံစားလာရပါတယ်။
သူမဟာ စိတ်ရောကိုယ်ရော ပင်ပန်းနေလို့ အိပ်လိုက်တဲ့အခါ ဘယ်တော့မှ ပြန်နိုးမလာတော့ပါဘူး။
ကလိုင်းဟာ အသေးစိတ် အချက်အလက် မှန်သမျှကို ကြည့်ရှုပြီး သဘာဝလွန်စွမ်းအား လွှမ်းမိုးမှုရဲ့ သဲလွန်စကို ရှာဖွေပါတယ်။ ဒါပေမဲ့ မြင်ကွင်းတွေ အကုန်လုံး ကုန်သွားတာတောင် သူ ဘာသဲလွန်စမှ မရလိုက်ပါဘူး။ မှုန်ဝါးမှုတွေ ကွဲကြေသွားတဲ့အခါ ကလိုင်းဟာ အိပ်မက်နယ်မြေကနေ ထွက်ပြီး လက်တွေ့လောကဆီ ပြန်ရောက်သွားပါတယ်။
သူဟာ စိတ်ဝိညာဉ်နံရံကို ဖျက်ပြီး စောင့်နေတဲ့ ဖရိုင်းနဲ့ လန်နာ့ဒ်ကို ပြောပါတယ်။
“တိုက်ရိုက် လက္ခဏာတော့ မတွေ့ရဘူး... မြင်ကွင်း အများစုက မစ္စလောက်အိစ် နှလုံးရောဂါ ခံစားရတာက အစောကြီးကတည်းကလို့ ပြတယ်... မတူတဲ့မြင်ကွင်းဆိုလို့ မစ္စလောက်အိစ်ရဲ့ နောက်ကျောကို တစ်စုံတစ်ယောက်က ပုတ်လိုက်တာပဲ ရှိတယ်... အဲဒီလက်က သွယ်လျပြီး အသားဖြူတော့ မိန်းမတစ်ယောက်ရဲ့ လက်ဖြစ်နိုင်တယ်”
“ဒီလိုမိသားစုတွေက တော်တော်လေးကို နေမကောင်းဖြစ်မှ ဆရာဝန် သွားပြကြတာ... ပရဟိတဆေးရုံမှာ တန်းစီ စောင့်ရတဲ့အချိန်ကိုတောင် သူတို့တွေ မဖြုန်းနိုင်ကြဘူး... ဒီနေ့အလုပ်မရှိရင် နောက်နေ့ ပေါင်မုန့် မရှိတော့ဘူး...” လန်နာ့ဒ်ဟာ ကဗျာဆရာလိုမျိုး ခံစားချက်အပြည့်နဲ့ သက်ပြင်းချပါတယ်။
ဖရိုင်းဟာ ခုတင်ပေါ်က အလောင်းကို ကြည့်ပြီး သက်ပြင်း အသာချပါတယ်။
ကလိုင်း ဘာမှမပြောခင်မှာပဲ လန်နာ့ဒ်ဟာ စဉ်းစားခန်း ဝင်နေရာက ထပြီး တွေးတွေးဆဆ ပြောပါတယ် “မင်း ပြောချင်တာက မစ္စလောက်အိစ်ကို တစ်ယောက်ယောက်က ပုတ်လိုက်တော့ သဘာဝလွန်စွမ်းအား လွှမ်းမိုးမှု ဖြစ်ပေါ်လာတယ်... အဲဒီလက်က မိန်းမပျိုတစ်ယောက် ဒါမှမဟုတ် မဒမ်တစ်ယောက်ရဲ့ လက်လို့ ပြောချင်တာလား”
ကလိုင်းဟာ ခေါင်းညိတ်ပါတယ် “ဟုတ်တယ်... ဒါပေမဲ့ ဒါက ငါ အဓိပ္ပာယ်ကောက်တာ သက်သက်ပဲ... ဗေဒင်ရလဒ်က အမြဲတမ်း ရှင်းရှင်းလင်းလင်း မရှိဘူး”
စကားဝိုင်းဟာ အဆုံးသတ်သွားပါတယ်။ သူနဲ့ လန်နာ့ဒ်ဟာ ခုတင်ရဲ့ တခြားတစ်ဖက်ကို ဆုတ်ပြီး ဖရိုင်းကို သူ့ကိရိယာတွေ လွတ်လွတ်လပ်လပ် ထုတ်ယူစေပါတယ်။ အဲဒါမှ ဖရိုင်းဟာ အလောင်းကို ပိုပြီးတော့ စစ်ဆေးနိုင်မယ် မဟုတ်ပါလား။
ဖရိုင်း ပြီးသွားတဲ့အခါ သူတို့နှစ်ယောက်ဟာ ဖရိုင်း ပစ္စည်းသိမ်းတာကို စောင့်ပါတယ်။ သန့်ရှင်းစရာရှိတာ သန့်ရှင်းကာ အလောင်းကို ပြန်အုပ်ပြီးနောက် ဖရိုင်းဟာ ကလိုင်းတို့ဘက်လှည့်ကာ ပြောပါတယ်။
“သူ သေဆုံးရတဲ့ အကြောင်းရင်းက သွေးရိုးသားရိုး နှလုံးရောဂါကြောင့်ပဲ... ဒါ သံသယရှိစရာ မလိုဘူး”
ဒီကောက်ချက်ကို ကြားလိုက်ရတဲ့ လန်နာ့ဒ်ဟာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါတယ်။ သူဟာ တံခါးဘေးနားထိအောင် လျှောက်သွားပြီး ခဏရပ်ကာ ပြောပါတယ်။
“ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်... ငါတို့တွေ အနောက်ပိုင်းမြို့နယ်က အလုပ်သမားဂေဟာဆီ သွားကြမယ်... တခြားသဲလွန်စတွေ ရှာနိုင်မလား ကြည့်ကြတာပေါ့... ငါတို့တွေ ဒီသေဆုံးမှု နှစ်ခုကို ဆက်စပ်လို့ ရကောင်း ရနိုင်တယ်”
“အင်း... အဲဒီလိုဖြစ်ဖို့ မျှော်လင့်ရတာပဲ” ကလိုင်းဟာ ပဟေဠိ ဖြစ်နေသေးပေမဲ့ ခေါင်းညိတ် သဘောတူပါတယ်။
ဖရိုင်းဟာ သူ့လက်ဆွဲအိတ်ကို ကောက်ယူပြီးနောက် ကြမ်းပြင်ပေါ်မှာ ခင်းထားတဲ့ အိပ်ရာနှစ်ခုပေါ်က စောင်တွေကို တက်မနင်းမိအောင် ဂရုတစိုက် ခုန်ကျော်ပါတယ်။
လန်နာ့ဒ်ဟာ တံခါးဆွဲဖွင့်ပြီး အခန်းထဲကနေ ပထမဆုံး ထွက်ကာ လောက်အိစ်နဲ့ အိမ်ငှားကို ပြောလိုက်ပါတယ် “မင်းတို့တွေ ပြန်ဝင်လို့ရပြီ”
ကလိုင်းဟာ တစ်ခဏတွေးပြီးနောက် ဖြည့်ပြောပါတယ် “အလောင်းကို အလျင်စလို မမြှုပ်နှံနဲ့ဦး... နောက်တစ်ရက်လောက် စောင့်ဦး... နောက်တစ်ခါ စစ်ဆေးရကောင်း စစ်ဆေးရနိုင်သေးတယ်”
“ဟု.. ဟုတ်ကဲ့ပါ ရဲအုပ်...” လောက်အိစ်ဟာ ခေါင်းအသာညွှတ်ပြီး အမြန်ပြန်ဖြေပါတယ်။ အဲဒီနောက် သူဟာ ဝမ်းနည်းလွန်းလို့ ထုံသွားတဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့မျက်နှာနဲ့ “တ... တကယ်တော့... ကျွန်... ကျွန်တော်ဆီမှာ သူ့ကို မြေမြှုပ်ဖို့ ပိုက်ဆံ ခုထိ မရှိသေးဘူး... ကျွန်တော် နောက်ထပ် လေးငါးရက်လောက် စုရဦးမယ်... ကံကောင်းတာက ဒီရက်ထဲ ရာသီဥတု အေးနေတာပဲ”
ကလိုင်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် “မင်းက အလောင်းကို အခန်းထဲမှာ လေးငါးရက် ဒီအတိုင်း ထားမလို့လား”
လောက်အိစ်ဟာ ဟန်လုပ်ပြုံးပြီး ဖြေပါတယ် “ဟုတ်ပါတယ်... ဒီရက်ထဲ ရာသီဥတု အေးလာတာကို ကျေးဇူးတင်ရမယ်... ညကျရင် ကျွန်တော် အလောင်းကို စားပွဲပေါ်မှာ ရွှေ့ထားလို့ရတယ်... ထမင်းစားရင်တော့ ကျွန်တော် အလောင်းကို ခုတင်ပေါ် ပြန်တင်...”
သူ့စကား မဆုံးခင်မှာဘဲ ဖရိုင်းက ရုတ်တရက် ဖြတ်ပြောပါတယ် “ငါ အသုဘကိစ္စအတွက် မင်းမိန်းမဘေးမှာ ပိုက်ဆံထားခဲ့တယ်”
ဒီစကားတွေကို ကျောက်ရုပ်မျက်နှာနဲ့ ပြောပြီးနောက် ဖရိုင်းဟာ လောက်အိစ်ရဲ့ အံ့ဩတကြီးဖြစ်သွားကာ ကျေးဇူးအရမ်းတင်တဲ့ မျက်နှာကို တစ်ချက်ကလေးတောင် ဂရုမစိုက်ဘဲ အခန်းထဲကနေ တစ်ခါတည်း ထွက်သွားပါတယ်။
ကလိုင်းဟာ ဖရိုင်းနောက်ကလိုက်ရင်း မေးခွန်းတစ်ခုကို တွေးမိလိုက်ပါတယ်။
‘ဇွန် ဇူလိုင်လိုမျိုး ပူအိုက်နေရင် လောက်အိစ်က သူ့မိန်းမ အလောင်းကို ဘယ်လိုလုပ်မှာလဲ’
‘လေထန်တဲ့ လမိုက်ညကို ရွေးပြီး အလောင်းကို ထာ့ဆစ်မြစ်ထဲ ပစ်ချမှာလား... ဒါမှမဟုတ် တွင်းတစ်တွင်း တူးပြီး မြေမြှုပ်မှာလား...’
လူသေကို သုသာန်မှာပဲ မြှုပ်နှံရမယ်ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့တာ လွန်ခဲ့တဲ့ နှစ်တစ်ပေါင်းတစ်ထောင်ကျော် ပြီးခဲ့တဲ့ ယုဂ်နှောင်း ကတည်းကပါ။ ဘုရားကျောင်းကြီး ၇ ကျောင်းနဲ့ နိုင်ငံတိုင်းက တော်ဝင်မိသားစုတွေဟာ ရေသရဲတွေ ဖုတ်ကောင်တွေနဲ့ တစ္ဆေတွေကို လျှော့ချဖို့အတွက် ဒီဥပဒေကို လက်ခံ ကျင့်သုံးကြပါတယ်။
နိုင်ငံတိုင်းက သုသာန်အတွက် အခမဲ့မြေ သတ်မှတ်ပေးပြီး ဘုရားကျောင်းတိုင်းက ဒီသုဿန်မြေကို အစဉ်မပြတ် ကင်းလှည့် စောင့်ကြပ် ကြပါတယ်။ သူတို့တွေဟာ လိုအပ်တဲ့ လုပ်အားခကို ပေးဖို့အတွက် အနည်းဆုံး သင်္ဂြိုဟ်ခကိုပဲ ကောက်ခံပါတယ်။ အဲဒါကိုတောင် တကယ့်ဆင်းရဲသားတွေက မပေးနိုင်ကြပါဘူး။
အမှတ် (၁၃၄) သံကြက်ခြေခတ်လမ်း အောက်လမ်းက ထွက်ခွာပြီးနောက် ညသိမ်းငှက် သုံးယောက်နဲ့ ဘစ်မောင့်ဘက်တန်ဟာ လမ်းခွဲလိုက်ကြပါတယ်။ ကလိုင်းတို့ သုံးယောက်ဟာ တိတ်တိတ် ဆိတ်ဆိတ်ပဲ အနောက်ပိုင်းမြို့နယ်က အလုပ်သမားဂေဟာဆီ ဦးတည်ကြပါတယ်။
သူတို့တွေ အလုပ်သမားဂေဟားနဲ့ တဖြည်းဖြည်း နီးလာတဲ့အခါ ကလိုင်းဟာ လူတန်းရှည်ကြီးကို တွေ့လိုက်ရပါတယ်။ ၂၁ ရာစုက အစားသောင်းကျန်းတဲ့ တရုတ်တွေ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဆိုင်တစ်ဆိုင်ရှေ့ တန်းစီနေသလိုပါပဲ။
“လူတစ်ရာလောက် ရှိမယ်... မဟုတ်ဘူး... နှစ်ရာနား ကပ်မယ် ထင်တယ်” သူဟာ တအံ့တဩ ရေရွတ်လိုက်ပါတယ်။ ဒီတန်းစီနေတဲ့လူတွေက စုတ်ပြဲနေတဲ့ အဝတ်အစားတွေ ဝတ်ထားကြပြီး ခံစားချက်ကင်းမဲ့တဲ့ အရုပ်တွေလိုပါပဲ။ သူတို့တွေဟာ စိတ်မရှည်တရှည်နဲ့ အလုပ်ဂေဟာတံခါးဆီကို မကြာမကြာတော့ ကြည့်ကြပါတယ်။
ဖရိုင်းဟာ ခြေလှမ်းနှေးပြီး အေးအေးစက်စက် ပြောပါတယ် “အလုပ်ဂေဟာ နေ့တိုင်း လက်ခံနိုင်တဲ့ အိမ်ခြေမဲ့ ဆင်းရဲသားက အကန့်အသတ် ရှိတယ်... အဲဒီတော့ တန်းစီထားတဲ့ အစဉ်အတိုင်းပဲ လက်ခံရတယ်... နောက်ပြီး အလုပ်ဂေဟာက သူတို့တွေကို စစ်ဆေးပြီး လိုအပ်ချက် ပြည့်မှီမှ ဝင်ခွင့်ပေးတယ်”
“ပြီးခဲ့တဲ့ လတွေမှာ စီးပွားရေးကျတော့ အိမ်ခြေမဲ့ ဆင်းရဲသားက ပိုများလာတယ်...” လန်နာ့ဒ်ဟာ သက်ပြင်းချပါတယ်။
“တန်းစီလို့ မမီတဲ့လူတွေက သူတို့ဘာသာ နည်းလမ်း ရှာကြံရမှာလား” ကလိုင်းဟာ လွှတ်ခနဲ မေးမိလိုက်ပါတယ်။
“သူတို့တွေ တခြားအလုပ်ဂေဟာတွေမှာ ကံစမ်းကြည့်လို့ရတယ်... အလုပ်ဂေဟာတွေက အလုပ်ချိန် တူတာ မဟုတ်ဘူး... ဒါပေမဲ့ ဒီလိုမျိုး အတန်းအရှည်ကြီး ရှိတာတော့ တူတယ်... တချို့ဆို နေ့လည် ၂ နာရီကတည်းက စောင့်ကြတယ်”
ဖရိုင်းဟာ တဒင်္ဂ ရပ်ပြီးမှ ဆက်ပြောပါတယ် “ကျန်တဲ့လူ အများစုကတော့ တစ်နေ့စာ ငတ်တယ်... အဲဒီမှာ အလုပ်ရှာနိုင်စွမ်း မရှိတော့ဘဲ အဲဒီလိုမျိုး သံသရာလည်ပြီး နောက်ဆုံး ငတ်သေရော... ဒီအခက်အခဲကို တောင့်မခံနိုင်တဲ့လူကတော့ ဒုစရိုက်လောကထဲ ရောက်သွားတယ်...”
ကလိုင်းဟာ လေးငါးစက္ကန့် တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်ပါတယ်။
“သတင်းစာထဲမှာ ဒီအကြောင်း တစ်ခါမှ ထည့်မရေးဘူး... မစ္စတာဖရိုင်း... ဒီနေ့ကျမှ စကား တော်တော် ပြောနေပါ့လား”
“ငါ အရှင်မရဲ့ အလုပ်ဂေဟာတစ်ခုမှာ သင်းအုပ်ဆရာ လုပ်ဖူးတယ်” ဖရိုင်းဟာ အေးအေးစက်စက် ရှိနေတုန်းပါ။
သူတို့သုံးယောက် အလုပ်ဂေဟာ တံခါးရှေ့ ရောက်သွားတဲ့အခါ တန်းစီနေတဲ့လူတွေကို အထက်စီးကနေ ကြည့်နေတဲ့ တံခါးစောင့်ကို သူတို့ရဲ့ သက်သေ အထောက်အထား ပြပြီး အလုပ်ဂေဟာထဲ ဝင်ခွင့် ရသွားပါတယ်။
အလုပ်ဂေဟာက ဘုရားကျောင်းအိုကြီးကနေ ပြောင်းတည်ထားတာပါ။ စုဝေးခန်းမ တစ်ခန်းလုံးမှာ အိပ်ရာတွေ ပုခက်တွေနဲ့ ပြည့်နေပါတယ်။ ချွေးနံ့နဲ့ အားကစားသမားတစ်ယောက်ရဲ့ ခြေထောက်နံ့က တစ်ခန်းလုံး ပျံ့နှံ့နေပါတယ်။
ခန်းမအပြင်ဘက်မှာတော့ ဆင်းရဲသားတွေ ရှိနေပြီး တူတွေ မြှောက်ကာ ကျောက်တုံးတွေ ထုခွဲနေပါတယ်။ တချို့ကတော့ လျှော်မျှင်တွေ ထုတ်နေကြပါတယ်။ အကျဉ်းချုပ်ရရင် တစ်ယောက်မှ အလုပ်နဲ့လက် မပြတ်ပါဘူး။
“ဆင်းရဲသားတွေ အလုပ်ဂေဟာအပေါ် မှီခိုလွန်းပြီး ကလိမ်ကကျစ်တွေ ဖြစ်ကုန်မှာစိုးတဲ့အတွက် ၁,၃၃၆ ခုနစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဆင်းရဲသားဥပဒေအရ ဆင်းရဲသားတိုင်း အလုပ်ဂေဟာမှာ အများဆုံး ငါးရက်ပဲ နေထိုင်ခွင့် ရှိတယ်... အဲဒီထက်ကြာရင် မောင်းထုတ်ခံရတယ်... ဒီငါးရက်အတွင်းမှာ သူတို့တွေက အလုပ်ကြမ်းတွေ... ကျောက်ခွဲတာတို့ လျှော်မျှင် ထုတ်တာတို့ လုပ်ရတယ်... ထောင်ကျတဲ့ လူဆိုးတွေ လုပ်ရတာနဲ့ အတူတူပဲ” ဖရိုင်းဟာ ခံစားချက်သိပ်မပါဘဲ ကလိုင်းနဲ့ လန်နာ့ဒ်ကို အကြမ်းဖျင်း ရှင်းပြပါတယ်။
လန်နာ့ဒ်ဟာ ပါးစပ်ဖွင့်ပြီး စနောက်တာလား ရှင်းပြတာလား ဘယ်သူမှ မသေချာတဲ့ စကားကို ပြောပါတယ်။
“သူတို့တွေ ဒီအလုပ်ဂေဟာကထွက်ရင် တခြားအလုပ်ဂေဟာကို သွားလို့ရတယ်... ဒါပေမဲ့ သူတို့တွေ အဲဒီအလုပ်ဂေဟာထဲ ဝင်နိုင်ဖို့က သေတော့ မသေချာဘူး... ဟီးဟီး... လူတချို့အတွက် ဆင်းရဲသားတွေက လူဆိုးတွေလိုပဲ”
“... လျှော်မျှင်ထုတ်တာ...” ကလိုင်းဟာ တိတ်ဆိတ်သွားပါတယ်။ သူဟာ ဘာမေးရမှန်း မသိတော့ပါဘူး။
ကြိုးဟောင်းရဲ့ အမျှင်တွေက လှေတွေ သင်္ဘောတွေ ဖာထေးဖို့ တော်တော် ကောင်းတဲ့ပစ္စည်းပဲ” ဖရိုင်းဟာ ခြေလှမ်းရပ်လိုက်ပါတယ်။ မြေကြီးပေါ်မှာ မီးလောင်ရာကို ရှာတွေ့သွားလို့ပါ။
လေးငါးမိနစ်ကြာတဲ့အခါမှာတော့ အလုပ်ဂေဟာရဲ့ ဒါရိုက်တာနဲ့ သင်းအုပ်ဆရာဟာ မပြေးရုံတမယ် ရောက်လာပါတယ်။ သူတို့နှစ်ယောက်လုံးက အသက်လေးဆယ်ကျော် အမျိုးသားတွေပါ။
“ဆဲလစ်က ဒီနေရာမှာ မီးစရှို့ပြီး သူ့ဘာသာ မီးလောင် သေသွားတာလား” လန်နာ့ဒ်ဟာ မြေကြီးပေါ်က မီးလောင်ရာကို ထိုးပြပြီး မေးပါတယ်။
နဖူး ကျယ်ပြီးကြမ်းတဲ့ အလုပ်ဂေဟာရဲ့ ဒါရိုက်တာဟာ ရဲအုပ်မစ်ချယ် ထိုးပြတဲ့နေရာကို မျက်လုံးပြာတွေနဲ့ ဝေ့ဝိုက်ကြည့်ပြီး ခေါင်းညိတ် အတည်ပြုပါတယ်။
“ဟုတ်ပါတယ်”
“အဲဒီမတိုင်ခင် ဆဲလစ် ထူးထူးခြားခြား ပြုမူတာရှိလား” ကလိုင်းက မေးပါတယ်။
အလုပ်ဂေဟာရဲ့ ဒါရိုက်တာဟာ တွေးပြီး ဖြေပါတယ် “သူ့ဘေးမှာအိပ်တဲ့လူတွေရဲ့ စကားအရဆိုရင် ဆဲလစ်က... ‘အရှင်က ငါ့ကို စွန့်လွှတ်လိုက်ပြီ’... ‘လောကကြီး ညစ်ပတ်လွန်းတယ်’... ‘ငါ့မှာ ဘာမှမကျန်တော့ဘူး’ အဲဒီလိုစကားတွေကို ဆက်တိုက် ရွတ်နေတယ်လို့ ပြောတယ်... သူ့မျက်လုံးထဲမှာလည်း အငြိုအတေးတွေနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေ ပြည့်နေတယ်တဲ့... “
“ဒါပေမဲ့ ဒီလိုမျိုး ရေနံဆီမီးအိမ် အကုန်လုံးကို ခွဲပြီး လူတိုင်းအိပ်နေချိန်မှာ ဒီနေရာကို မီးတင်ရှို့လိုက်မယ်လို့ ဘယ်သူကမှ ထင်မထားမိဘူး... အရှင်ကို ကျေးဇူးတင်ရမယ်... တစ်ယောက်ယောက်က အချိန်မီ ရှာတွေ့ပြီး တားဆီးလိုက်နိုင်လို့... မဟုတ်ရင် မတွေးရဲစရာပဲ...”
အဲဒီနောက် ကလိုင်းနဲ့ လန်နာ့ဒ်ဟာ ဆဲလစ်ဘေးမှာအိပ်တဲ့ လူတွေနဲ့ ဒီကြမ္မာဆိုးကို တားဆီးခဲ့တဲ့ အစောင့်ကို ခေါ်တွေ့ပြီး မေးခွန်းတွေ မေးပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကလိုင်းတို့ကို ဘာသတင်းအသစ်မှ မပေးနိုင်ကြပါဘူး။
ကလိုင်းတို့ဟာ ဒီလူတွေကို မျက်စိစုံမှိတ်ပြီး ယုံကြည်တာတော့ မဟုတ်ပါဘူး။ စိတ်ဝိညာဉ်အာရုံ၊ ဗေဒင်နဲ့ တခြားနည်းလမ်းတွေ သုံးပြီး ဒီလူတွေက လိမ်ညာနေလား လှည့်စားနေလား ဆိုတာကို စစ်ဆေးပါတယ်။
“ကြည့်ရတာ ဆဲလစ်က အစောကြီးကတည်းက ကလဲ့စားချေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အကြံရှိပြီးသားနဲ့ တူတယ်...” လန်နာ့ဒ်ဟာ ဒါရိုက်တာနဲ့ သင်းအုပ်ဆရာ ထွက်သွားတဲ့အခါ သူ့အမြင်ကို ပြောပါတယ်။
ကလိုင်းကတော့ တွေးတွေးဆဆနဲ့။
“ငါရဲ့ ဗေဒင်က ဒီကိစ္စမှာ သဘာဝလွန်စွမ်းအား လွှမ်းမိုးမှု ရှိနေတယ်လို့ ပြောတယ်”
“ဆဲလစ် မီးရှို့တဲ့ကိစ္စကို ခဏ ဘေးဖယ်ထားရအောင်...” လန်နာ့ဒ်က ဆုံးဖြတ်ချက် ချပါတယ်။
အဲဒီအချိန်မှာပဲ ဖရိုင်းက ရုတ်တရက် ဝင်ပြောပါတယ် “မဟုတ်သေးဘူး... နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးတယ်... ဥပမာ ဆဲလစ် ဒီလုပ်လုပ်တာက သာလွန်သူ တစ်ယောက်ယောက်ရဲ့ လှုံ့ဆော်မှုကြောင့်လည်း ဖြစ်နိုင်တာပဲ”
ကလိုင်းရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ် “ဟုတ်တယ်... အဲဒါဖြစ်နိုင်တယ်... ဥပမာ အရင်က လှုံ့ဆော်သူလိုမျိုးပေါ့”
‘လှုံ့ဆော်သူ ထရစ်... ‘
‘ဒါပေမဲ့ ဒါက မစ္စလောက်အိစ်ရဲ့ သေဆုံးမှုနဲ့ ဘာဆက်စပ်မှုမှ မရှိဘူး...’ ကလိုင်းဟာ တွေးရင်း မျက်မှောင် နည်းနည်း ကြုတ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။