မိန်းမငယ်လေးကြောင့် ဆူပူမှုဖြစ်ပွားခြင်း
Vol. 012 Ch. 1182
ဆန်းဇွန် ခေါင်းညိတ်ကာ ပြောသည် ... “အထဲကိုဝင်လာခဲ့ပါ”
ရီဖူရှင်းက အခြားလူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်လှည့်ကာ သူ့နေရာတွင်သူ ပြန်ထိုင်သည်။
လူငယ်က စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး လွတ်နေသော တစ်နေရာ၌ ထိုင်သည်။ သူ၏ ကောက်ကျစ်စဉ်းလဲဟန်ရသော မျက်လုံးများကရှားရှင်းယွန်၊ မှန်နန်းသခင်မနှင့် အဖွဲ့ထဲမှ မိန်းကလေးထံသို့ ကျရောက်နေပြီးမှ ရီဖူရှင်းကို ကြည့်သည်။
ရှားရှင်းယွန်က မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျက်လုံးများက သာမန်ထက် အေးစက်နေသည်။
“အစ်ကိုရီ ... ဒီလူငယ်က ချန်ယဲ့မြို့ ကောင်းချီးနန်းတော်က နန်းတော်သခင်လေး ပိုင်ကျဲပါ။ သူ့အကျင့်က အမြဲ ဒီလိုပဲမို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ဆန်းဇွန်က ရီဖူရှင်းကို ပြောသည်။ သူက ပိုင်ကျဲဘက်သို့ လှည့်ကာ ကြည့်လိုက်သည် ...“ပိုင်ကျဲ… နောက်ဆိုရင် မင်းကိုယ်မင်း သတိထားနေတာ အကောင်းဆုံးပဲ ... အစ်ကိုရီသာ မကယ်ခဲ့ရင် မင်းရဲ့ သားရဲက ကလေးမလေးကို တက်နင်းမိတော့မှာ”
“ဒါဆိုလည်း သူမက အနာဂတ်မှာ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းစရာ မလိုတော့ဘူးပေါ့” ပိုင်ကျဲ၏အမူအရာက တည်ငြိမ်နေသည်။ သူ့ပုံစံမှာ သူဘာအမှားမှ လုပ်မထားသကဲ့သို့ ဖြစ်၏။
“လူတိုင်းမှာ သူ့ဘဝနဲ့သူ ရှိတယ်။ အနာဂတ်က ခက်ခဲကြမ်းတမ်းပြီး ရက်စက်တယ် ဆိုရင်တောင် အဲဒါ သူတို့ လျှောက်ရမယ့် လမ်းပဲ။ နင့်ရဲ့ သွေးအေးတဲ့ စရိုက်အတွက် ဆင်ခြေရှာနေစရာမလိုဘူး” စစ်ထိုရန်က ပိုင်ကျဲကို ကြည့်ကာ ပြောသည်။
“မမလေးစစ်ထိုက ကျော်ကြားတဲ့ ကလန်က ဆင်းသက်လာတာလေ။ အားနည်းတဲ့လူတွေရဲ့ စိတ်ပျက်စရာ ခံစားချက်ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး” ပိုင်ကျဲက စစ်ထိုရန်ကို ကြည့်ကာ ပြန်ဖြေသည်။
ပိုင်ကျဲသည် ငယ်စဉ်ကလွန်စွာ ခက်ခဲကြမ်းတမ်းခဲ့သည်ဟု ဆိုကြသည်။ ထိုအတွေ့အကြုံများက သူ့အားသွေးအေးရက်စက်သော စရိုက်ကြမ်းများအား ပိုင်ဆိုင်စေ၏။
“သူမက ချန်ယဲ့မြို့လို နေရာမျိုးမှာ မွေးခဲ့တယ်။ သူမရဲ့ အကြီးအကဲတွေကလည်း သူမကို ထောက်ပံ့နိုင်စွမ်း မရှိဘူး။ သူတို့တွေက သူမကို တစ်ချက်ကလေးတောင် စောင့်ရှောက်နိုင်စွမ်း မရှိဘူးလေ။ သူမ ဒီမှာဆက်နေရင် ဘာတွေ ဖြစ်လာမယ်ထင်လဲ” ပိုင်ကျဲက ခံစားချက် ကင်းမဲ့စွာပြောလျှင် သူ၏လေသံမှာ မကောင်းဆိုးဝါး တစ်ကောင်အလား ထင်မှတ်ရ၏။
“သူမမှာ ဘယ်လို ကံကြမ္မာပဲ ရှိပါစေ၊ မင်းဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“ငါက အရည်အချင်းမီတာပေါ့” ပိုင်ကျဲက ရီဖူရှင်း၏ စကားကို ကြားပြီးနောက် လှည့်ကြည့်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြ၏။
“ဒီမှာ စကားများ ရန်ဖြစ်နေစရာ မလိုပါဘူး” ဆန်းဇွန်က ပြောသည် ... “အစ်ကိုရီက သူ့လူတွေနဲ့အတူ အင်ပါယာရှားဘုံကနေ ရောက်လာတော့ မင်းတို့ကို သူတို့နဲ့အတူ သောက်ရအောင် ဖိတ်ခေါ်လိုက်တာပဲ”
“သောက်တယ် ဆိုတာကလည်း လူအပေါ်မှာ မူတည်သေးတယ်။ ခွင့်လွှတ်ပါ အစ်ကိုဆန်း။ ကျုပ် ဒီလိုလူမျိုးနဲ့ သောက်ချင်စိတ်မရှိဘူး” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“ပျင်းစရာကောင်းတယ်” ပိုင်ကျဲက ရီဖူရှင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှားရှင်းယွန်နှင့် မှန်နန်းသခင်မထံသို့ အကြည့်ရောက်သွားသည်… “ဒါပေမဲ့ သူတို့လေးတွေကကော ကျုပ်နဲ့အတူ သောက်မပေးချင်ဘူးလား”
“ထွက်သွား … ”
ရှားရှင်းယွန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်သည်။ သူမမျက်လုံးများထဲတွင် အထင်အမြင် သေးခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
မှန်နန်းသခင်မသည်ကား မည်သည့်စကားကိုမှ မကြားသလို တိတ်ဆိတ်နေသည်။
ပိုင်ကျဲ၏မျက်လုံးများက သူတို့နှစ်ယောက်ကိုသာ ဆက်လက်၍ စူးစိုက်ကြည့်နေသည်။ သူ၏ ဖြူလျော့လျော့ မျက်နှာ၌ အပြုံးရေးရေးမျှ ရှိနေသည်။ သူကဘာကိုမှ အလေးထားဟန် မရှိပေ။
“သောက်ရူး”
ငှက်တစ်ကောင်က ပိုင်ကျဲကို အထင်အမြင်သေးစွာ ကြည့်နေသည်။ ငါ့သခင်က သူ့အာဏာကို မပြတာနဲ့ပဲ သူက ဒီနေရာကို သူ့ပိုက်နက် ထင်နေပြီလား … စဉ်းစားစမ်းပါ…
နတ်ဆိုးမက ရက်စက်သည် ဆိုသော်လည်း ဤသို့သော ကောင်မျိုးနှင့်တော့ အဖက်လုပ်ရမည့်အဆင့် မဟုတ်ပေ။
ရှားရှင်းယွန်က သိမ်းငှက်နက်ကို ကြည့်လိုက်သည့်အခါ သူမ၏ မျက်ဝန်းများက နူးညံ့နေ၏။
“ဒီတိရစ္ဆာန်က ဘယ်ကလာတာလဲ” ပိုင်ကျဲ၏ မျက်လုံးများက နတ်ဆိုးအသွင် ပြောင်းလဲသွားကာ သိမ်းငှက်နက်ကို ကြည့်သည်။ သူ့ထံမှ ဖိအားများ ထွက်ပေါ်လာသည်တွင် သိမ်းငှက်နက်က အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိသည်။ သို့သော်လည်း သူ့မျက်လုံးများကတော့ ထိုလူကို ပမာမခန့် စိုက်ကြည့်နေဆဲ ဖြစ်၏။ သိမ်းငှက်ကပြောသည် ... “ငါ စဉ်းစားနေတာ။ မင်းငါ့ကို 'ဆရာ' လို့ မခေါ်ချင်ဘူးလား”
ပိုင်ကျဲ၏နောက်မှ အနက်ရောင်ဝတ်လူများ အများအပြား ထွက်ပေါ်လာသည်။ သူတို့၏ အကြည့်များက အေးစက်ကာ လူသတ်ငွေ့များ လျှံကျနေ၏။
“ကောင်းပြီလေ ... မင်းတို့က သောက်ဖို့ စိတ်ကူးမရှိဘူးဆိုမှတော့ တိုက်ခိုက်တာလည်း မဆိုးပါဘူး။ ဒါပေမဲ့ အလွန်အကျွံမလုပ်ရဘူး ”
ဆန်းဇွန်က ရီဖူရှင်း၏ နောက်တွင်ရှိသော ယူချင်း၊ ရီဝူချင်းနှင့် အခြားလူများကို ကြည့်ကာ ပြောသည်။
“ငါကတော့ ကြိုက်တယ်” ပိုင်ကျဲမျက်လုံးများက သိမ်းငှက်နက်ထံသို့ ရောက်နေ၏။
မင်းကို ဆရာခေါ်ရမယ်ဟုတ်လား… စဉ်းစားလေ…
“အစ်ကိုရီရော ဘယ်လိုထင်လဲ” ဆန်းဇွန်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။
ရီဖူရှင်းက ခဏမျှ တွေးလိုက်ပြီးမှ ဆန်းဇွန်ကို ကြည့်ကာ ပြောသည် ... “ဒီလူတွေက အဆင့်မမီဘူး”
သူက ထရပ်လိုက်ကာ ဆန်းဇွန်ကို ပြောသည် ... “ကျုပ် ဒီနေ့ စိတ်မပါတော့လို့ အရင်ပြန်လိုက်တော့မယ်။ ခွင့်ပြုပါ အစ်ကိုဆန်း”
ဆန်းဇွန်က ရီဖူရှင်းနှင့် သူ့လူများ မတ်တတ်ရပ်သည်ကို မြင်သည့်အခါ ခေါင်းညိတ်သည်။ ထို့နောက် သူက မေးလိုက်သည် ...“အစ်ကိုရီအတွက် တည်းခိုဖို့နေရာ စီစဉ်ပေးရမလား”
“မလိုဘူး။ ကျုပ်တို့က ကိုယ့်ဘာသာစီစဉ်ပါ့မယ်” ရီဖူရှင်းက ပြောပြီး အပြင်ထွက်သွားသည်။ သူက ပိုင်ကျဲကို တစ်ချက်မျှပင်မကြည့်ခဲ့။
တခြားလူများကလည်း ရီဖူရှင်းနောက်မှ လိုက်ပါသွားကြ၏။
သူက စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ပတ်ဝန်းကျင် အနီးတစ်ဝိုက်အား အနည်းငယ် စူးစမ်းသည်။ ထို့နောက် တခြားနေရာတစ်ခုသို့ ဦးတည်လိုက်၏။
အဘိုးကြီးနှင့် မိန်းကလေးငယ်တို့မှာ ချန်ယဲ့မြို့အတွင်းမှာ လမ်းလျှောက် နေကြသည်။ သူတို့သည် လူအများကြားထဲတွင် အတတ်နိုင်ဆုံးထင်သာမြင်သာ မရှိအောင် သွားနေကြဟန်ရသည်။
“အဘိုး” အဘိုးကြီး၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ သူက အသံလာရာသို့ကြည့်လျှင် ရီဖူရှင်းကို မြင်ရာ ဦးညွှတ်ကာ နှုတ်ဆက်သည်… “နှုတ်ဆက်ပါတယ် လူငယ်လေး”
“ဦးလေး…” မိန်းမငယ်လေးက ခေါ်သည်။ သူမ၏ မျက်ဝန်းများက ဖြူစင်ကာ အပြစ်ကင်း၏။
ရီဖူရှင်းက သူတို့အနီးသို့ လျှောက်သွားကာ မိန်းမငယ်လေး၏ ခေါင်းကို ပုတ်လိုက်ပြီးနောက် အဘိုးအိုဘက်ကို လှည့်ကာ ပြောသည် ... “ကောင်းချီနန်းတော်ရဲ့ နန်းတော်သခင်ငယ် မိစ္ဆာကောင်က ကောင်းတဲ့လူ မဟုတ်ဘူး။ ကောင်းချီးနန်းတော်ဆိုတာ ဘယ်လိုနေရာမျိုးလဲ”
အဘိုးအိုက ရီဖူရှင်း၏ စကားကို ကြားလျှင် အထိတ်တလန့် ဖြစ်သွားပြီး ဘေးဘီဝဲယာကို ကြည့်ရှုစစ်ဆေးသည်။ သူက အသံကို နှိမ့်ကာ ပြောလိုက်သည် ...“ကောင်းချီးနန်းတော်ရဲ့ တန်ခိုးရှင်တွေက အရမ်း ရက်စက်ကြတယ်။ နန်းတော်သခင်ငယ်ဆို ပိုဆိုးသေးတယ်။ သူက မိန်းကလေးတွေကို ကျင့်ကြံရေးပစ္စည်း အဖြစ် အသုံးချတတ်တယ်”
“ဒါဆို ဘာလို့ သူမကို ကောင်းချီနန်းတော်ဆီ ပို့ချင်ရတာလဲ” ရီဖူရှင်းက မေးသည်။
“ကျုပ် လုပ်နိုင်တာ ဘာရှိပါ့မလဲ။ ကျုပ်က ယန်လေးမိဘတွေရဲ့ အစေခံပါ။ သူမမိဘတွေ သေသွားကတည်းက ကြည့်ရှုစောင့်ရှောက်လာတာ။ ချန်ယဲ့မြို့လို နေရာမျိုးမှာ ကြီးမားတဲ့ အင်အားစုတစ်ခုခုရဲ့ အစေခံဖြစ်တာက သူမအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကောင်းချီနန်းတော် သခင်ငယ်က မိန်းကလေးတွေကို ကျင့်ကြံရေးပစ္စည်း အဖြစ် အသုံးချတယ်ဆိုပေမဲ့ အနည်းဆုံးတော့ သူအနားမှာ ရှိတဲ့ မိန်းကလေးတွေက သူနဲ့အတူ ကျင့်ကြံနိုင်တယ်လေ။ ယန်လေးမှာ ပါရမီကောင်းကောင်းလေး ရှိဖို့ ကျုပ်မျှော်လင့်တယ်။ အဲဒါမှ အခွင့်အရေးကောင်းတွေ ရှိလာနိုင်မှာ” အဘိုးအိုက သက်ပြင်းချသည်။
“ဒါပေမဲ့လည်း သခင်လေးသာ သူမကို ခေါ်သွားဖို့ ဆန္ဒရှိရင် ကျုပ် သေပျော်ပါပြီ” လူအိုကြီးက မြေပြင်ပေါ်တွင် ဒူးထောက်သည်။ မိန်းမငယ်လေးကလည်း ဒူးထောက်ချသည်။ သို့သော်လည်း ရီဖူရှင်းက ဟန့်တားလိုက်၏။
ရီဖူရှင်းက ဘာစကားမှမဆိုဘဲ အတန်ငယ် တိတ်ဆိတ်သွား၏။ အောက်ဘုံသည် အထက်ဘုံထက် အခွင့်အလမ်းများကာ ပိုမိုကောင်းမွန်သည်ဟု သူထင်ခဲ့၏။ သို့သော်လည်း ထိုအကဲဖြတ်မှုမှာလူတိုင်းအတွက် မဟုတ်ကြောင်း သူသိလာ၏။ အောက်ဘုံတွင်ဖြစ်စေ၊ အထက်ဘုံတွင်ဖြစ်စေ အားနည်းသူများမှာ အားကြီးသူများအတွက် အဖိနှိပ်ခံနင်းပြားများသာ ဖြစ်သည်။
ဘုံတိုင်းတွင် လူများသည် သူတို့၏ ကိုယ်ပိုင် အသက်ရှင်နေထိုင်ရေး နည်းလမ်းများရှိသည်။ စွမ်းအားကြီးမားသူက လူအများ၏ အထက်၌ ရပ်တည်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် အရင်းအမြစ်များ အလျှံပယ် ပေါကြွယ်ဝသည့် နေရာတွင် တန်ခိုးရှင်များက စွမ်းအားကြီးကြသည်။ နောက်ခံမရှိဘဲ အားနည်းသည့်လူများမှာ အသက်ရှင်သန်ရန်ပင် ရုန်းကန်လှုပ်ရှားကြရ၏။
သို့သော် အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရင်း တဖြည်းဖြည်းချင်း အင်အား ကြီးမားလာသူများလည်း ရှိသည်။
ယန်လေးကဲ့သို့ မိဘကို ဆုံးရှုံးထားရသည့် လူများအတွက်မူ ဤသို့သောဖြစ်ရပ်မျိုး ဖြစ်လာနိုင်ချေ အလွန်ပင် နည်းပါးသည်။ အဆိုးဆုံးက သွေးနဂါးဘုံသည် အလွန်ပင် ကျယ်ပြန့်၏။ အခက်အခဲများကို ရုန်းကန်ပြီး လွတ်မြောက်ရန်မှာ အတော်လေး ခက်ခဲမည်ဖြစ်၏။
သွေးနဂါးဘုံသည် ပြဿနာ များလွန်းသည့် နေရာဖြစ်ပြီး အင်ပါယာရှားဘုံထက် ပို၍ ရှင်သန်လှုပ်ရှားရန်ခက်ခဲကြမ်းတမ်းသည်။
“သူ တွေးတာမှန်တယ်။ ကောင်းချီနန်းတော်ကို ဝင်ဖို့က သူမအတွက် သိပ်ဆိုးလှတာတော့ မဟုတ်ဘူး” အသံတစ်ခုကို ကြားလိုက်ရပြီး မိန်းမတစ်ယောက် ရောက်ရှိလာသည်။ သူမကား စစ်ထိုရန် ဖြစ်၏။
စစ်ထိုကလန်မှ အငယ်ဆုံး ရှန့်ထိုတစ်ပါးဖြစ်သည့် အမျိုးသမီး၏ စကားသည် ရီဖူရှင်းကို သနားစိတ် ခံစားလိုက်ရစေသည်။
သို့သော်လည်း သူက ခွန်းတုံ့ပြန်နိုင်သည့် စကားမရှိပေ။
“ကိစ္စတချို့က မှားနေတယ်ဆိုတာ ကျုပ်တို့သိတယ်။ ဒါပေမဲ့ ဘာလို့ အဲဒီအမှားကို မှားတယ်လို့ ပြောရမယ့်အစား ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာ ရအောင်ပဲ လုပ်နေရတာလဲ” ရီဖူရှင်းက မသဲမကွဲ ပြောသည်။ ထိုစကားသည် စစ်ထိုရန်ကို ပြောလိုက်သည်ဟု ထင်ရသော်လည်း တစ်ချိန်တည်းမှာ သူ့ကိုယ်သူ ပြန်မေးနေသည်နှင့်လည်း တူသည်။
“ဘုံတစ်ခုဟာ အတိုင်းအဆမဲ့အောင် ကျယ်ပြောတယ်။ ရှန့်ထိုတစ်ပါး ဆိုရင်တောင် သူက ဘယ်လောက်များများ ပြောင်းလဲနိုင်စွမ်း ရှိမှာလဲ။ အမှားအမှန်ကို ပြောနိုင်ဖို့ ငါတို့ ဘာတွေ လုပ်ကြရမှာလဲ” စစ်ထိုရန်က မေးသည်။
“ရှေးက လူတွေ ထားရစ်ခဲ့တဲ့ ကျင့်ကြံခြင်း အဆင့်တွေဖြစ်တဲ့ ရှီအဆင့်၊ ရှန့်ထိုအဆင့် လိုမျိုးတွေက စွမ်းအားဘယ်လောက် ကြီးမားလဲဆိုတဲ့အပေါ် အခြေခံတာလား” ရီဖူရှင်းထပ်မေးသည်။
စစ်ထိုရန် အံ့အားသင့်သွားသည်။ ကမ္ဘာပေါ်တွင် လူတိုင်း သိကြသည်က ရန်ဟောင်၊ ရှန့်ထိုနှင့် ရှီ စသည့် အဆင့်များသည် ကျင့်ကြံရေး အဆင့်များသာ ဖြစ်သည်။
“ကျွန်မ ဒီမိန်းကလေးကို စစ်ထိုကလန်ဆီ ခေါ်သွားမယ်။ ဒါပေမဲ့ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဒီလောက်လေးပဲ လုပ်ပေးနိုင်စွမ်း ရှိတယ်။ တန်ခိုးရှင်လောက တစ်ခုလုံးကိုတော့ ဘယ်လို ပြောင်းလဲနိုင်စွမ်း ရှိမှာလဲ…” စစ်ထိုရန်က ရီဖူရှင်းကို ကြည့်သည်။ တခြားဘုံကနေ သွေးနဂါးဘုံကို လာခဲ့သည့် ငွေရောင်ဆံပင်နှင့် တန်ခိုးရှင်သည် အခြားလူများနှင့် မတူညီသည်ကိုတော့ သူမ သတိပြုမိသည်။
အဘိုးအိုက မျက်ရည်များ တသွင်သွင်စီးကျရင်း စစ်ထိုရန်ထံ၌ ဒူးထောက် ဦးခိုက်သည်။
“ကျေးဇူးပါ” ရီဖူရှင်းက စစ်ထိုရန်ကို ကြည့်ကာ ပြောသည် ... “မင်းမှန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့တွေက တန်ခိုးရှင် လောကတစ်ခုလုံးကို ပြောင်းလဲ မပစ်နိုင်ရင်တောင် အနည်းဆုံးတော့ ကိုယ်လုပ်နိုင်စွမ်းရှိတာကို လုပ်ရမယ်။ ကောင်းချီးနန်းတော်သခင်က ဘယ်အဆင့်လဲ”
စစ်ထိုရန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည် ... “သူက သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်ပဲ။ ရှင် ဘာလုပ်မလို့လဲ”
ကောင်းချီးနန်းတော်သည် ချန်ယဲ့မြို့တွင် ထိပ်တန်းအင်အားစု ဖြစ်၏။ သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်၏ အင်အားက အမှန်ပင် ကြောက်မက်ဖွယ် ဖြစ်သည်။
ထို့အပြင် ကောင်းချီးနန်းတော်တွင် အခြား စွမ်းအားကြီး ရှန့်ထို အများအပြား ရှိသည်။
ရီဖူရှင်းက ရာရာကို လှည့်ကြည့်သည်။
ရီဖူရှင်း ပြောချင်သည့် အဓိပ္ပာယ်ကို သူ့မျက်လုံးတွေကနေ တစ်ဆင့် ရာရာ နားလည်သွားသည်။ သူမ ခေါင်းညိတ်လိုက်၏။
သူက ရာရာ့ခေါင်းကို ပုတ်လိုက်ပြီး ပြုံးသည်။
ဤတွင် ရာရာက သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်၏။
“အစ်ကို၃ ကျိုးကြောင်းဆီလျော်ခြင်းထက် အင်အားကြီးတာ ဘာလဲ” ရီဖူရှင်းက ဂူတုံးလျှိုဘက် လှည့်ကာ မေးသည်။
“လက်သီးပဲလေ” ဂူတုံးလျှိုက ဖြေသည်။ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြ၏။
သူတို့၏ ဆရာက သူ၏ အတွေးအမြင်များကို အရှေ့မြေရိုင်းဒေသ၌ ဖြန့်ဖြူးခဲ့သော်လည်း နောက်ဆုံးတွင် သူ တွေ့ရှိခဲ့သည်မှာ သူစကားပြောဖို့ရာတွင် လက်သီးကသာ ပဓာနကျလေသည်။
ထိုနည်းနှင့်ပင် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ကို ပို၍ လေးစားလာခဲ့သည်။
ကြီးမား မြင့်မြတ်သည့် ရည်မှန်းချက်များသည့် တစ်စုံတစ်ယောက်၏ လက်သီး အပေါ်တွင်သာ အခြေတည်လာခြင်း ဖြစ်၏။
စစ်ထိုရန်က ရီဖူရှင်းနှင့် သူ့လူများကို ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။
ဒီလူတွေက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ …
ကောင်းချီးနန်းတော်သည် ကြီးမားကျယ်ပြန့်သော နယ်မြေကို ပိုင်ဆိုင်သည်။ ကြီးကျယ်ခမ်းနားသည့် နန်းတော်သည် ကောင်းကင်သို့တိုင် ထိုးဖောက် ဝင်ရောက်နေသလို အလွန်လည်း မားမားမတ်မတ် တည်ဆောက်ထားသည်။
ကောင်းချီးနန်းတော်၏ ရွှေရောင်ဂိတ်တံခါးပေါက်များမှာ အလွန်ပင် တန်ဖိုးကြီးကာ တင့်တယ် ထည်ဝါ၏။
လူတစ်စုသည် ကောင်းချီးနန်းတော်သို့ ရောက်ရှိလာပြီး ဂိတ်ရှေ့တွင် ရပ်၏။
ရီဖူရှင်းက ရှေ့ဆုံးမှာ ရပ်နေ၏။ ရှားရှင်းယွန်က သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး တားဆီးလိုသည့် ပုံမရှိပေ။
ရီဖူရှင်းသာ ဆန္ဒရှိရင် ကောင်းချီးနန်းတော် တစ်ခုလုံးကို ဖြိုချပစ်ပါကလည်း ပြဿနာ ရှိမည် မဟုတ်ပေ။
“ဘယ်သူတွေလဲ” ကောင်းချီးနန်းတော်မှ တံခါးစောင့်သည် ရီဖူရှင်းနှင့် သူအဖွဲ့ကို အော်ငေါက်သည်။
ရီဖူရှင်းက ဘာမှမပြောပေ။ သူက ခြေလှမ်း အနည်းငယ် ရှေ့တိုးလိုက်လျှင် ရုတ်တရက် သူ့ခန္ဓာမှ ဓားအသိများ ဖြာထွက်လာသည်။
ဓားအရှိန်အဝါသည် ကောင်းကင်ကို ထိုးတက်သွားပြီး လေထုက စူးရှသော အသံများ ပေးသည်။ ယင်းသည် တောက်ပနေသည့် ဓားအလင်းရောင်များနှင့်အတူ သစ်ရွက်ပုံစံများအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ ခေါင်းထက်တွင် စက်ဝိုင်းသဖွယ် ရှိနေသည်။
ကောင်းချီးနန်းတော်၏ အစောင့်များသည် ကြက်သေသေ သွားကြသည်။ တစ်ယောက်က အော်ဟစ်လိုက်၏။ “ကျူးကျော်သူရှိတယ်”
ဓားအသိသည် ကောင်းကင်မှ ကျဆင်းလာပြီး အော်ဟစ်လိုက်သူကို အဆုံးသတ်သွား၏။ တိုက်ခိုက်မှုများက လေဟာနယ်ကို လျင်မြန်စွာ ဖြတ်ကာ မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းလာ၏။
ကောင်းချီးနန်းတော်၏ ခမ်းနားလှသော ရွှေရောင်ဂိတ်များသည် မကြာခင်အချိန်၌ ပြိုကျပျက်စီးသွားတော့သည်။
***