အေးချမ်းသလိုနဲ့ မအေးချမ်းပါ
Vol. 12 Ch. 118
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ထင်းဂန်မြို့မှာ နွေရာသီ ကုန်ဆုံးသွားတဲ့အတွက် အပူချိန်ဟာ၂၆ ဒီဂရီ နဲ့ ၂၇ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား ရစ်ဝဲနေပါတယ်။
“ဝှစ်....”
ကလိုင်းဟာ ရေချိုးဇလုံထဲကနေ မတ်တတ် ရပ်လိုက်တဲ့အတွက် ကြမ်းပြင်ပေါ်ကို ရေစက်တွေ စင်သွားပါတယ်။ သူဟာ ကိုယ်တုံးလုံး မတ်တတ်ရပ်ပြီး သူ့ရဲ့ ဗိုက်ကြွက်သားတွေကို ငုံ့ကြည့်တဲ့အခါ အဖုအထစ်တွေ ရုပ်လုံး ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
ဒါက သူ့ရဲ့ နေ့စဉ် လေ့ကျင့်မှုကြောင့်ပါ။ ဒီလိုလေ့ကျင့်မှုကြောင့်ပဲ သူဟာ အရင်ကထက် ပိုပြီးတော့ လန်းဆန်း တက်ကြွနေပါတယ်။
ဒီနေ့မှာ သူ့ရဲ့ တိုက်ခိုက်ရေးဆရာ ဂဝန်းက သူ့ကို လက်သီးထိုးဖို့ အခြေခံခြေကွက်နဲ့ အားကို ဘယ်လိုသုံးရမလဲဆိုတာ စတင် သင်ကြားပါတယ်။
“ရှပ်... ရှပ်... ရှပ်...”
ကလိုင်းဟာ ခြေဗလာနဲ့ ရေချိုးခန်းကြမ်းပြင်ပေါ် နင်းလိုက်ပါတယ်။ အဲဒီနောက် ရှေ့မတိုးရင် နောက်ဆုတ်၊ ညာဘက်ကို ရှောင်တိမ်းပြီး လက်သီးကို ဝှေ့ယမ်းကာ ခံစစ်ပြင်ပါတယ်။
“ဟူး...” သူဟာ ကစားတာရပ်ပြီး အပြုံးနဲ့ အသက်ရှူထုတ်လိုက်ပါတယ်။ အဲဒီနောက် ဘေးနားမှာရှိတဲ့ ပဝါယူပြီး ခေါင်းအစ ခြေအဆုံး သုတ်လိုက်ပါတယ်။
စိတ္တဇဆေးရုံက ဒက်တာ ဂျူဒေရီးယန်နဲ့ တွေ့ပြီးနောက် ကလိုင်းဆီမှာ နှစ်ပတ်လုံးလုံး ဘာတိုက်ဆိုင်မှုမှ မဖြစ်ပါဘူး။ သဘာဝလွန် ဖြစ်ရပ်တွေ ဆက်တိုက် ပေါ်မလာတဲ့အတွက် သူ့ဘဝဟာ တည်ငြိမ်လာပါတယ်။
သူဟာ အချိန်မှန် လခထုတ်ပြီး အချိန်မှာ ဂမ္ဘီရပညာကို လေ့ကျင့် သင်ကြားပါတယ်။ သေနတ်ပစ်စွမ်းရည်နဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း နေ့စဉ် လေ့ကျင့်ပါတယ်။ အဲဒါအပြင် ဟင်းချက်နည်းအသစ်တွေ တီထွင်ပြီး သင့်တင်တဲ့ မီးဖိုချောင်းသုံး ပစ္စည်းတွေ အလှဆင်ပစ္စည်းတွေကို ဘန်ဆင် မလီဆာတို့နဲ့အတူ ဖြည်းဖြည်းချင်း စုဆောင်းပါတယ်။
သူ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အတိတ်မှာ ဖြစ်ခဲ့တဲ့ သဘာဝလွန်ကိစ္စတွေ အကြောင်း မေးမြန်းပါတယ်။ ဗေဒင်ကလပ်ကို ပုံမှန်သွားပြီး ဗေဒင်ဟောကာ သူ ရှာတွေ့ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာပါတယ်။
အဲဒါတွေကြောင့်ပဲ သူ့ဘဝဟာ ပိုပြီးတော့ တည်ငြိမ်လာပါတယ်။ ညဉ့်နက်တဲ့အချိန်တွေမှာ ကမ္ဘာမြေကို လွမ်းဆွေးတာ၊ အနီရောင် မီးခိုးခေါင်းတိုင်ကို အခုထိ ရှာမတွေ့သေးတာနဲ့ သူ့အိပ်မက်ထဲမှာ မကြာမကြာပေါ်လာတတ်တဲ့ ကြမ္မာဆိုးရုပ်သေးရုပ်တို့သာ မရှိဘူးဆိုရင် သူဟာ လက်ရှိဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်မိမှာပါ။
ဒီအတောအတွင်း တဲရော့တွေ့ဆုံပွဲကို ပုံမှန်အတိုင်း တွေ့ဆုံပေမဲ့ သူဟာ ရစ်ဆဲလ် ဒိုင်ယာရီကို တစ်ရွက်မှ ထပ်မရပါဘူး။ ဒါပေမဲ့ တရားမျှတမှုက သူမဟာ သာလွန်သူ အသစ်နှစ်ယောက်နဲ့ တွေ့နေတယ်လို့ ပြောပါတယ်။ ပုံမှန် ထိတွေ့ ဆက်သွယ်နေရာကနေ သူမ အဲဒီသာလွန်သူ အသစ်နှစ်ယောက်နဲ့ မိတ်ဆွေတွေ ဖြစ်သွားပြီး သူတို့ အသိုင်းအဝိုင်းထဲ ရောက်သွားရင် ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ စာရွက်တွေကို လဲလှယ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
လူဇောက်ထိုးကတော့ ကိစ္စတချို့ လုပ်နေရတဲ့အတွက် ကုန်းမြေကို ပြန်မရောက်သေးကြောင်း၊ သူ အားတာနဲ့ သူ့အဆက်အသွယ်တွေသုံးပြီး စရှာမယ်လို့ ပြောပါတယ်။
အဲဒါတွေအပြင် တရားမျှတမှုဟာ သူမ သိထားတဲ့ သာလွန်သူအသစ် နှစ်ယောက်က တဲရော့ကလပ်ထဲဝင်ဖို့ အလားလားရှိတယ်လို့ ယူဆထားပါတယ်။ သူတို့နှစ်ယောက်လုံးက သင့်တင်တဲ့ အပေါ်ယံ သရုပ်ရှိပြီး မတူညီတဲ့ သတင်းချန်နယ်တွေ ရှိကြပါတယ်။ လုပ်ပုံကိုင်ပုံတွေနဲ့ စရိုက်လက္ခဏာတွေကလည်း မတူညီကြပါဘူး။ သူတို့နှစ်ယောက်က လျှို့ဝှက်ချက်ကို ရောင်းစားမဲ့ လူစားမျိုးလည်း မဟုတ်ပါဘူး။ ပြဿနာက သူတို့နှစ်ယောက်စလုံး ဆုံမှတ် ၉ ပဲ ရှိတာဆိုတော့ တဲရော့ကလပ်လိုမျိုး အဆင့်မြင့် လျှို့ဝှက် အဖွဲ့အစည်းနဲ့ သိပ်ပြီး မသင့်တော်ပါဘူး။
‘အဆင့်မြင့် လျှို့ဝှက်အဖွဲ့အစည်းတဲ့လား... ပိရမစ် လိမ်လည်မှုနဲ့ ပိုတူတယ်...’ ကလိုင်းဟာ မစ္စတရားမျှတမှုရဲ့ ကျေနပ်အားရတဲ့ စကားကို ကြားရတုန်းက ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတဲ့အတွက် သက်ပြင်းရှည်ကြီးချပြီး ဖုံးလိုက်ရပါတယ်။ အဲဒီ သာလွန်သူ နှစ်ယောက်ကိုလည်း ရှေ့ဆက် စောင့်ကြည့်ဖို့ သဘောတူလိုက်ရပါတယ်။
ဒါပေမဲ့ တရားမျှတမှုဟာ အရင်တုန်းကလိုမျိုး အပြစ်ကင်းစင်ပြီး ရိုမန့်တစ်ဆန်ချင်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူမဟာ သတိတစ်ချက် မလွတ်ဘဲ သာလွန်သူ နှစ်ယောက်ရဲ့ နာမည်နဲ့ သူတို့ရဲ့ ဝိသေသလက္ခဏာတွေကို တစ်စက်ကလေးတောင် ပြောမသွားပါဘူး။ လူဇောက်ထိုးက သူမ ပြောတဲ့ အချက်အလက်တွေကနေ အဲဒီသာလွန်သူ နှစ်ယောက်ကို ရှာတွေ့သွားမှာစိုးလို့ပါ။
‘မစ္စတရားမျှတမှုက ဆေးရည်ချေဖျက်တဲ့ လက္ခဏာကို ရှင်းရှင်းလင်းလင်း ခံစားရတယ်လို့ ပြောတယ်... အဲဒီတော့ ပွဲကြည့်သမားလိုမျိုး ဆက်ပြီးတော့ သရုပ်ဆောင်မယ်ဆိုရင် ဆေးရည်ကို အကုန်ချေဖျက်နိုင်ဖို့က သုံးလေးပတ်လောက်ပဲ လိုလိမ့်မယ်... ဒီတော့ ငါ မနောဆက်သမား ဆေးရည် ဖော်မြူလာကို ကြိုယူထားရမယ်...’
ကလိုင်းဟာ ခန္ဓာကိုယ်ကို ရေခြောက်အောင် သုတ်ပြီးနောက် ပဝါကို ဘေးပစ်ကာ တစ်နေ့က တဲရော့ကလပ် တွေ့ဆုံပွဲအကြောင်း စဉ်းစားရင်း အဝတ်အစားတွေ ဝတ်ပါတယ်။
ပြီးခဲ့တဲ့ ရက်နှစ်ဆယ်မှာ သူဟာ ဒက်တာ ဂျူဒေးရီယန်နဲ့ တစ်ခါပဲ တွေ့ပါတယ်။ အလျင်လို အနှေးဖြစ်မှာစိုးတဲ့အတွက် သူဟာ ဒက်တာရဲ့ အခြေအနေနဲ့ စိတ်ပညာ အဂ္ဂိရတ်သမားအဖွဲ့က အရေးမကြီးတဲ့ ကိစ္စတွေကိုပဲ မေးမြန်းပါတယ်။
တရားမျှတမှုရဲ့ ဆေးရည် ချေဖျက်နှုန်းကြောင့် သူဟာ ဒက်တာဆီကနေ ဆုံမှတ် ၈ မနောဆက်သမား ဆေးရည် ဖော်မြူလာကို ဘယ်လို ရအောင် ယူရမလဲဆိုတာ စဉ်းစားရပါတော့တယ်။
ကလိုင်းဟာ အင်္ကျီကြယ်စေ့တပ်ပြီးနောက် နောက်ထပ် ခြောက်သွေ့တဲ့ ပဝါတစ်ထည်ကို ခေါင်းပေါ်တင်ပြီး ရေစိုနေတဲ့ဆံပင်ကို ခြောက်သွားအောင် လုပ်ပါတယ်။
တရားမျှတမှုနဲ့ ယှဉ်ရင် သူ့ရဲ့ အမြင်ဆရာ ဆေးရည် ချေဖျက်နှုန်းကလည်း ထင်ထားတာထက် ပိုမြန်ပါတယ်။ ဒီအပတ်ထဲမှာတင် သူဟာ တွေးခေါ်မှု အခြေအနေထဲ ဝင်ရင်ဖြစ်ဖြစ် စိတ်ဝိညာဉ်အာရုံကို ဖွင့်ရင်ပဲဖြစ်ဖြစ် သူ မမြင်သင့်တာတွေကို မမြင်တော့ရသလို မကြားသင့်တာတွေကိုလည်း မကြားရတော့ပါဘူး။
သူဟာ ပဝါကိုလှန်ပြီး ခေါင်းကို ထပ်သုတ်ပါတယ်။ အဲဒီနောက် တံခါးကို လှမ်းကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ငါ ရှာတွေ့ထားတဲ့ အမြင်ဆရာရဲ့ စည်းမျဉ်းတွေက တကယ်ကို အလုပ်ဖြစ်တယ်... နောက်တစ်ပတ်... နောက်တစ်ပတ်ကျရင် ငါ ဆေးရည်ကို အလုံးစုံ ချေဖျက်နိုင်လောက်ပြီ...”
“ငါ လူရွှင်ဆေးရည်အတွက် လိုအပ်တဲ့ အရွယ်ရောက်ပြီးသား ဟွန်းနာဆစ် မီးခိုးရောင် တောင်ဆိတ်ရဲ့ တစ်ချောင်းတည်းရှိတဲ့ ဦးချိုနဲ့ လူမျက်နှာရှိတဲ့ နှင်းဆီပန်းတစ်ပွင့်ကို ဘယ်ကနေ ရှာရမလဲဆိုတာ အခုထိ မသိသေးဘူး... ငါ မဒမ်ဒေလီလိုမျိုး အထူးအစီရင်ခံစာ တင်လို့ရတာပဲ... ဒါပေမဲ့ အဲဒီလိုလုပ်ရင် လူကြီးတွေ အာရုံစိုက်တာကို ခံရလိမ့်မယ်... ငါက ငါနိုင်သလောက်ပဲ လှမ်းချင်တာ... ရဲဌာနမှာရှိတဲ့ အော်ရိုရာဂိုဏ်းရဲ့ ယုံကြည်သူကိုတော့ ရှာတွေ့သွားပြီ... ဒါပေမဲ့ ငါက အခုထိ ဒီမစ္စတာဇက်ဆိုတဲ့လူကို ရှာမတွေ့သေးဘူး”
“ဟင်နရီ ပြောတာတော့ ဒီအနီရောင် မီးခိုးခေါင်းတိုင်တာဝန်ကို ဒီတစ်ပတ်ကုန်ရင် ပြီးမယ်လို့ ပြောတာပဲ... ငါ့ကိုယ်ပိုင်ငွေကလည်း ခုနစ်ပေါင်ကို နည်းနည်း ကျော်သွားပြီဆိုတော့ အနည်းဆုံး ငါ ပိုက်ဆံပေးဖို့အတွက် စိုးရိမ်စရာ မလိုတော့ဘူး...”
“သူ ငါ့ကို အရင်က ပေးထားတဲ့ အိမ်တွေနဲ့ အိမ်ငှားတွေရဲ့ အချက်အလက်က ထူးထူးခြားခြား ဘာမှ မရှိဘူး... ငါကလည်း တစ်အိမ်ချင်း တစ်ယောက်ချင်း လိုက်စုံစမ်းဖို့ အချိန်မရှိဘူး”
“ငါ ဘယ်အနီရောင် မီးခိုးခေါင်းတိုင်အိမ်က အိမ်ငှားအသစ်ကို မကြာသေးခင်ကမှ လက်ခံထားလဲဆိုတာ စစ်ဆေးကြည့်ရင်ရော...”
“ဟုတ်တယ်... ဒါကလည်း စစ်ဆေးကြည့်လို့ရတဲ့ နည်းလမ်းတစ်ခုပဲ”
…
နောက်ထပ် စက္ကန့်သုံးဆယ်လောက် တိတ်တဆိတ် ထိုင်ပြီး သူဟာ အနက်ရောင် ဘောင်းဘီရှည်၊ နက်ကတိုင်နဲ့ ချိုင်းသေနတ်အိတ်ကို ဝတ်ဆင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကြမ်းပြင်ပေါ်က စစ်သူရဲ လေ့ကျင့်ရေးဝတ်စုံကို အဝတ်လျှော်ခြင်းထဲ ပစ်ထည့်လိုက်ပါတယ်။ အဲဒီနောက် သူဟာ တံခါးဖွင့်ပြီး ရေချိုးခန်းထဲက ထွက်လိုက်ပါတယ်။
သူဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ခင်း တိုက်ခိုက်ရေး လေ့ကျင့်မှုကို ပြီးရုံ ရှိသေးတဲ့အတွက် သူ့တိုက်ခိုက်ရေး နည်းပြ ဂဝန်းရဲ့အိမ်မှာပဲ ရှိနေပါသေးတယ်။
“မင်္ဂလာပါ... မစ္စတာမိုရက်တီ...” ဂဝန်းရဲ့ အိမ်ဖော်ဟာ ကလိုင်းကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်ပါတယ်။
ကလိုင်းဟာ အသာခေါင်းညိတ်ပြီး ရှုပ်ပွနေတဲ့ ရေချိုးခန်းကို ထိုးပြကာ “ဒါတွေကို ရှင်းပေးလို့ရမလား”
“ရပါတယ် ဆရာ... အဝတ်တွေကို အဝတ်လျှော်အိမ်ဖော်က လျှော်ပေးပါလိမ့်မယ်... သူ ဒီကို ခြောက်နာရီကျရင် လာလိမ့်မယ်” အိမ်ဖော်ဟာ ခေါင်းငုံ့ထားရင်းက ဖြေပါတယ်။
အဝတ်လျှော်တဲ့ အိမ်ဖော်တွေကို နေထိုင်ဖို့နဲ့ စားသောက်ဖို့ စီစဉ်ပေးစရာ မလိုပါဘူး။ သူတို့ကို ငှားရမ်းတာက တစ်အိမ်တည်း မဟုတ်ပါဘူး။ ပုံမှန်ဆိုရင် သူတို့တွေက လေးငါးဆယ်အိမ်ရဲ့ အဝတ်တွေကို လျှော်ပေးဖို့ စာချုပ်ချုပ်ကြပါတယ်။
အဲဒါကြောင့် သူတို့တွေဟာ နေ့တိုင်း အပြေးသွားပြီး တစ်အိမ်တက် တစ်အိမ်ဆင်း အဝတ်တွေ လျှော်ရင်လျှော် မဟုတ်ရင်လည်း အိမ်အသီးသီးက အဝတ်တွေကို အတူတူ စုလျှော်ပြီး ပြန်ပို့ပါတယ်။ အဲဒါမှပဲ သူတို့တွေဟာ နေထိုင်စားသောက်နိုင်ရုံ ရှိပါတယ်။
ကလိုင်းဟာ အများကြီး မပြောဘဲ ဧည့်ခန်းကို ပြန်ပြီး လှုပ်ကုလားထိုင်မှာ ထိုင်နေတဲ့ အိမ်ရှင်ကို နှုတ်ဆက်ပါတယ်။ ခြေထောက်ကို အညိုရောင်ဖျော့ဖျော့ စောင်ခြုံထားပြီး လက်ထဲမှာ အာဝါညနေခင်း သတင်းစာ ကိုင်ထားတဲ့ ဂဝန်းဟာ သူ့ကို လူမမာလို ခေါင်းညိတ်ပြပါတယ်။
ကလိုင်းဟာ ဒီညနေခင်းဆည်းဆာကို ခံစားနေတဲ့ လူကြီးလူကောင်းက အသက်ငါးဆယ်ကျော်ပဲ ရှိသေးတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ပင်ပန်းနွမ်းနယ်မှုက သူ့ကို အသက်ရှစ်ဆယ် အဘိုးကြီးလိုမျိုး ဖြစ်သွားစေပါတယ်။
တိုက်ခိုက်ရေး လေ့ကျင့်တုန်းက ဂဝန်းဟာ တစ်ချိန်လုံး ဆိတ်ဆိတ်နေပြီး လိုအပ်မှပဲ ထောက်ပြပါတယ်။ သူက စကားပြောလို့ အဆင်ပြေတဲ့လူ မဟုတ်ပါဘူး။ ကလိုင်းကလည်း နေ့စဉ် လေ့ကျင့်မှုကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အတွက် စကားပြောချင်စိတ် မရှိပါဘူး။ အဲဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ နီးကပ်လာခြင်း မရှိဘဲ ခပ်တန်းတန်းပဲ ဖြစ်နေပါတယ်။
‘သရုပ်ပြတာကို ကြည့်ရသလောက်တော့ ဆရာဂဝန်းရဲ့ ခွန်အားက တော်တော် ကြောက်ဖို့ ကောင်းသေးတယ်... သူ့ခြေလှမ်းတွေကလည်း သွက်တယ်... ငါလို လူသုံးလေးယောက်ကို အသာလေး နိုင်တယ်... သူက ရဲဌာနကနေ လစာရတယ်... ထင်းဂန်မြို့ ဆင်ခြေဖုံးမှာလည်း မြေတစ်ကွက် ဝယ်ထားပြီး ပုံမှန်းငှားခ ရတယ်... စားဖိုးမှူး၊ အိမ်ဖော်နဲ့ အဝတ်လျှော်အိမ်ဖော် ငှားထားတယ်... ကမ္ဘာမြေက အစားသောင်းကျန်းတဲ့ နိုင်ငံမှာဆိုရင် သူ့လို ချမ်းသာတဲ့လူက ကမ္ဘာအနှံ့ လျှောက်သွားနေပြီ...’
ကလိုင်းဟာ ဂဝန်းဆီကနေ အကြည့်လွှဲပြီး ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် သူဟာ အဝတ်စင်ဆီ လျှောက်သွားပြီး ဦးထုပ်နဲ့ အနက်ရောင် လေကာအင်္ကျီကို ယူလိုက်ပါတယ်။ သူ့ကိုယ်သူ သပ်ရပ်အောင် ပြုပြင်ပြီးတဲ့အခါမှာတော့ သူဟာ လက်ကိုင်တုတ်ယူပြီး အိမ်ထဲက ထွက်ပါတယ်။ မြက်တွေအုပ်နေတဲ့ ကျောက်တုံးခင်းထားတဲ့ လမ်းကနေ သူဟာ ခြံတံခါးဆီ လျှောက်သွားပါတယ်။
အဲဒီအချိန်မှာပဲ သတ္တုခြံစည်းရိုးအပြင်ဘက်မှာ နှစ်ဘီးမြင်းလှည်းတစ်စီး ရပ်ထားတာကို သူ တွေ့လိုက်ရပါတယ်။ သူ တရင်းတနှီးရှိတဲ့ လူတစ်ယောက်က မြင်းလှည်းဘေးမှာ ရပ်နေပါတယ်။
“လန်နာ့ဒ်...” ကလိုင်းဟာ သူ့ဘာသာ ရေရွတ်ရင်း ဆံပင်တွေ ရှုပ်ပွနေတဲ့ သူ့ရဲ့ ညသိမ်းငှက် လုပ်ဖော်ကိုင်ဖက်ကို သံသယနဲ့ ကြည့်လိုက်ပါတယ်။
လန်နာ့ဒ်ဟာ ရှပ်အင်္ကျီဖြူနဲ့ အနက်ရောင် ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး ကြယ်သီးမဲ့ သားရေဖိနပ်ကို စီးထားပါတယ်။ သူဟာ ဦးထုပ်ကို လက်ထဲမှာ လှည့်ပြီး ကစားနေပါတယ်။ သူဟာ ကလိုင်း အိမ်ထဲကနေ ထွက်လာတာကို တွေ့လိုက်ရတဲ့အခါ အပြုံးနဲ့ မေးပါတယ် “အံ့ဩပြီး စိတ်ထဲမှာ ကျေနပ်သွားလား”
‘အံ့အားတော့ သင့်တယ်... ပျော်တော့ မပျော်ဘူး...’ ကလိုင်းဟာ လန်နာ့ဒ်ရဲ့ မသင့်လျော်တဲ့ အပြုအမူကို ဂရုမစိုက်ဘဲ မျက်လုံးထဲ စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
“ဘာဖြစ်လို့လဲ”
လန်နာ့ဒ်ဟာ ဦးထုပ် ပြန်ဆောင်းပြီး “ကပ္ပတိန်က မင်းကို ငါတို့ ဖရိုင်းတို့နဲ့အတူ အလုပ်လုပ်စေချင်တယ်... လမ်းမှာ ပြောကြတာပေါ့”
“အင်း...” ကလိုင်းဟာ မြင်းလှည်းပေါ် တက်လိုက်ပါတယ်။
အပြင်ဘက်က မြင်ကွင်းတွေ တရိပ်ရိပ် ကျန်နေခဲ့တဲ့အခါ လန်နာ့ဒ်ဟာ သူ့ဘေးနားက စာရွက်စာတမ်းအိတ်ကို ကလိုင်းဆီ ပစ်ပေးပါတယ်။
ကလိုင်းဟာ စာအိတ်ကို ဖွင့်ပြီး အထဲက စာရွက်ကို ထုတ်ကာ သေချာဂရုတစိုက် စဖတ်ပါတယ်။
“ဩဂုတ်လ ၁၁ ရက်၊ ည ၁၁ နာရီ၊ အနောက်ပိုင်းမြို့နယ်က အလုပ်ဂေဟာတစ်ခုမှာ ဒေဝါလီခံလိုက်ရတဲ့ ဆဲလစ်က မီးရှို့ဖို့ ကြိုးစားတယ်... ဒါပေမဲ့ နောက်ဆုံးမှာ သူတစ်ယောက်တည်းပဲ မီးလောင်သေသွားတယ်...”
“ဩဂုတ်လ ၁၁ ရက်၊ ည ၁၀ နာရီ၊ ဆိပ်ကမ်းအလုပ်သမား ဇစ်က ထာ့ဆစ်မြစ်ထဲ ခုန်ချပြီး သူ့ရဲ့ လူဆင်းရဲဘဝကို အဆုံးသတ်သွားတယ်...”
“ဩဂုတ်လ ၁၁ ရက်၊ ည ၈ နာရီ၊ သံကြက်ခြေခတ်လမ်း အောက်ပိုင်းလမ်းမှာ မီးခြစ်ဆံဘူးရောင်းပြီး အသက်မွေးတဲ့ မစ္စလောက်အိစ်က ရုတ်တရက်ရောဂါနဲ့ သေသွားတယ်...”
...
ကလိုင်းဟာ ပထမ အမှုနှစ်ခုကို ဖတ်တဲ့အခါ ပဟေဠိ ဖြစ်သွားပါတယ်။ သေဆုံးတဲ့ အကြောင်းရင်းက ရိုးရှင်းလွန်းပြီး သာမန်ပါပဲ။ ညသိမ်းငှက်တွေ မပြောနဲ့ ရဲတွေတောင် ဒီလိုအမှုမျိုးကို အချိန်ကုန်ခံပြီး မလိုက်ပါဘူး။
ဒါပေမဲ့ အောက်ပိုင်းအမှုတွေကို ဆက်ဖတ်တဲ့အခါမှာတော့ သူ့မျက်မှောင်တွေ တဖြည်းဖြည်း ကြုတ်သွားပါတယ်။
နှစ်ရွက် ဖတ်ပြီးတဲ့အခါမှာတော့ သူဟာ ရုတ်တရက် ခေါင်းမော့ပြီး လန်နာ့ဒ်ကို ကြည့်လိုက်ပါတယ်။
“ဒါ မများလွန်းဘူးလား”
သာမန်သေဆုံးမှုက ပမာဏ များလာတဲ့အခါ သာမန်လို့ပြောဖို့ ခက်သွားပါပြီ။
လန်နာ့ဒ်ဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး “ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လူသေတဲ့ဖြစ်စဉ်က ပုံမှန်သေနှုန်းထက် ငါးဆ ပိုများနေတယ်”
“ထင်းဂန်မြို့ရဲဌာနချုပ်က အချက်အလက်တွေကို စာရင်းလုပ်တော့ ဒီပြဿနာကို တွေ့သွားပြီး ငါတို့ဆီ ခပ်မြန်မြန် လွှဲလိုက်တာပဲ... ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုင်မိုင်းတွေလည်း ပါတယ်”
“ဒီသေဆုံးမှု ဖြစ်စဉ်တွေက ကနဦးစစ်ဆေးမှု ရလဒ်တွေအရ သာမန်ပဲဆိုပေမဲ့ ငါတို့တွေ နောက်တစ်ခါ ထပ်စုံစမ်း စစ်ဆေးသင့်တယ်လို့ ကပ္ပတိန်က ပြောတယ်... ဗေဒင်တွက်တာ ဒါမှမဟုတ် အစီအရင်ရဲ့ အကူအညီကို ယူရကောင်း ယူရနိုင်တယ်”
ကလိုင်းဟာ သဘောပေါက်သွားပါတယ် “ငါ နားလည်ပြီ”
လန်နာ့ဒ်ဟာ လက်ချိုးပြီး။
“မင်းရယ် ငါရယ် ဖရိုင်းရယ်က တစ်ဖွဲ့ပဲ... သူက ငါတို့ကို သံကြက်ခြေခတ်လမ်းရဲ့ အောက်လမ်းမှာ စောင့်နေတယ်... စီကာ ရိုင်ရွယ်နဲ့ လူအိုကြီးနီးလ်က နောက်တစ်ဖွဲ့ပဲ... သူတို့က မြောက်ပိုင်းမြို့နယ်မှာရှိတဲ့ ဒီလိုအမှုတွေကို စုံစမ်းစစ်ဆေးနေတယ်... ကပ္ပတိန်ကတော့ အရေးပေါ်ကိစ္စတွေကို အချိန်မီ တုံ့ပြန်နိုင်အောင် လုံခြုံရေးကုမ္ပဏီမှာပဲ နေတယ်”
“အင်း...” ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး တစ်စုံတစ်ခုကို တွေးမိတာကြောင့် ချက်ချင်း မေးလိုက်ပါတယ် “ငါ ငါ့အိမ်မှာ ခဏရပ်ပြီး စာတိုတစ်စောင် ချန်ထားခဲ့လို့ရမလား”
သူ ဒီနေ့ည ကိစ္စတစ်ခု ပေါ်လာလို့ အိမ်မှာ ညစာ မစားဖြစ်တော့တဲ့အကြောင်း သူ့အစ်ကိုနဲ့ သူ့ညီမကို ပြောပြဖို့ လိုပါတယ်။
လန်နာ့ဒ်ဟာ ရယ်ပါတယ်။
“ရပါတယ်... ကိစ္စမရှိပါဘူး... လမ်းကြုံတာပဲ”
သူ့စကားကြောင့် ကလိုင်းဟာ တည်ငြိမ်သွားပြီး သေဆုံးတဲ့ဖြစ်စဉ်တွေကို နောက်တစ်ခါ ထပ်ဖတ်ကာ နာမည်တွေ အချိန်တွေနဲ့ သေဆုံးတဲ့ အကြောင်းရင်းတွေကြားမှာ ဆက်စပ်မှုကို ရှာဖွေဖို့ ကြိုးစားပါတယ်။
အဲဒီအချိန်မှာပဲ သူဟာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရမိလိုက်ပါတယ်။
‘ဒါက ငါ ညသိမ်းငှက်ဖြစ်လာပြီး ပထမဆုံး ထမ်းဆောင်ရတဲ့ အဖွဲ့လိုက်တာဝန်ပဲ’
မြန်မာပြည် ငြိမ်ချမ်းပါစေ။