မင်း ... ချီလင်တောင်မှာ နေသင့်တယ်။
Vol. 172 Ch. 2401
ကောင်းကင်ဘုံ ချီလင် နတ်သားတော်၊ ကျိကျန်းကောင်နှင့် တုကုကြွယ်ကို အနိုင်ယူပြီး လင်းယွန်က ငြိမ်သက်သွားသည်။
တိုက်ပွဲများ ဆက်သွား နေခဲ့ကြပြီး ယွဲ့ဝေဝေနှင့် လင်းကျန်းရှန့်တို့သည်လည်း ဆင်နွှဲလာခဲ့ကြ၏။
လင်းကျန်းရှန့်မှာ ထာဝရတာအိုကို ဆုပ်ကိုင်ထား နိုင်သော်လည်း ကျင့်ကြံမှုမှာ နိမ့်ကျလွန်း၏။
သတ္တမ စမ်းသပ်ကွင်း၏ ချန်ပီယံသည် နောက်ဆုံး၌ သူမကို အနိုင်ယူခဲ့သည်။ သို့တိုင် သူမ၏ စွမ်းဆောင်ရည်သည် ချီးကျူးစရာ ကောင်းနေဆဲ ပေပင်။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲများ တဖြည်းဖြည်း ပြီးဆုံးသွား၏။ အတောက်ပဆုံး ပြိုင်ပွဲဝင်မှာ လင်းယွန် ဖြစ်သည်။
ပွဲပြီးသွားချိန်၌ ယဲ့ဝူရှန်နှင့် ရှချင်းယွင်က လူတိုင်းအပေါ် မိတ်ဖြစ်ဆွေဖြစ် ဖလှယ်ကြရန် ဖိတ်ခေါ်ပွဲများ ဆင်နွှဲလာခဲ့သည်။
အထူးသဖြင့် ယဲ့ဝူရှန်သည် (၁၈)နှစ်သာ ရှိသေးသော်လည်း စမ်းသပ်ကွင်းနှစ်ခု ချန်ပီယံ များကို အနိုင်ယူခဲ့သည်။
တစ်နာရီ ကုန်လွန်ပြီးနောက် လင်းယွန် မျက်လုံးများပွင့်လာ၏။ ဓားပင်လယ် အတွင်း၌ ရွှေရောင် မီးလုံးကြီးတစ်လုံး လောင်ကျွမ်း နေသည်။
၎င်းမှ ထုတ်လွှတ်သော ဓားအလင်းက ကောင်းကင်ကို ခွဲကာ ထာဝရ အုပ်စိုးရှင်နက္ခတ် လေးပါးထံ မှုန်ဝါးဝါး မြင်နိုင်သည်။
ကမ္ဘာကြီး တစ်ခုလုံး ဤဓားဖြင့် လင်းတော့မည်ပုံ ဖြစ်၏။ နောက်ဆုံးတွင် သက်ပြင်းချ လိုက်မိသည်။
တစ်ချိန်က ကျန့်ကျင်းရှန်၏ ဓားကို သာလွန်သွားချေပြီ။ သို့သော် ဤနှိုင်းယှဉ်ချက် တွင် ချွင်းချက်ရှိသည်။ ကျန့်ကျင်းရှန်မှ အောင်မြင်မှု မရမှသာ ဖြစ်၏။
ဓားနေမင်းကြီး အတွင်း သတိထား ကြည့်လိုက်သောအခါ မိုးပြာနဂါး တစ်ကောင် ကူးလူးနေသည်ကို မြင်နေရသည်။
အလယ်ဗဟိုတွင် ရွှေလူသားလေးက မာနကြီးစွာ ရပ်နေခဲ့၏။ ၎င်းတို့၏ စွမ်းအားမှာ သဘာဝအတိုင်း မှန်းဆမရနိုင်ချေ။ ထို့ကြောင့်၊
“ ငါ့ကို စိန်ခေါ်တဲ့ လူတွေ မရှိဘူးလား။ ”
-ဟု မေးလိုက်မိသည်။ သူသည် အစောပိုင်းက တောက်ပသော ရောင်ခြည်တော် ဓားကို စုစည်းနေရသဖြင့် ပြင်ပကမ္ဘာရှိ အဖြစ်အပျက်များကို မသိခဲ့ချေ။
“ ဘယ်သူ ... သတ္တိ ရှိမှာလဲ ... နင်က စမ်းသပ်ကွင်း သုံးခုရဲ့ ချန်ပီယံတွေကို အနိုင်ယူ ခဲ့တယ် ... တုကုကြွယ်နဲ့ ပွဲက သရေဆိုပေမယ့် နင်နိုင်တယ်ဆိုတာ လူတိုင်း သိတယ်။ ”
“ ဟုတ်တယ် တုကုကြွယ်က ... နောက်တစ်ကြိမ် တက်လာပြီး သူ့ပြိုင်ဘက်ကို အလွယ်တကူ ချေမှုန်းပစ်ခဲ့တယ် ... ဒါကြောင့် အခု အစ်ကိုကြီးလင်းကို အရူးပဲ စိန်ခေါ် ဝံ့လိမ့်မယ်။ ”
လင်းကျန်းရှန့်နှင့် ယွဲ့ဝေဝေက ပြန်ဖြေသည်။ လင်းယွင်မှ ပြုံးပြီး စကားမဆို တော့ချေ။ မည်သူမျှ စင်ပေါ် တက်မလာတော့ သဖြင့် လောထျန်းရှီက ထရပ်လာ၏။
“ တိုက်ပွဲ ပြီးသွားပြီ ... ထိပ်ဆုံး ဆယ်ယောက်စာရင်းကို ကြေငြာမယ် နာမည် အခေါ် ခံရသူတွေ စင်မြင့်ပေါ် လာပါ။ ”
လူအုပ်ကြီးက ငြိမ်သက်သွားသည်။ လျောထျန်းရှီက ချက်ချင်း မကြေငြာသေးဘဲ၊
“ ကောင်းပြီ နောက်ဆုံးအဆင့်က တစ်စုံတစ်ယောက်အတွက် ... အရည်အချင်းနဲ့ အလားအလာက အရေးကြီးတယ်လို့ ငါပြောကြားခဲ့တယ်။ ”
-ဟု ပြောကြားလိုက်၏။
အားလုံးက အသိအမှတ်ပြု ခေါင်းညိတ်ကြသည်။ ဤပွဲသည် သေရှင် တိုက်ပွဲ မဟုတ်ချေ။
ဘိုးဘေး နတ်ဘုရားမှ ရွေးချယ်ရ လွယ်ကူစေရန် စစ်ထုတ်ခြင်း ဖြစ်ပြီး ရလာဒ်ကို လောထျန်းရှီမှ ကြေညာမည် ဖြစ်သည်။
“ အဆင့် တစ်ဆယ် ... ကောင်းကင်ဘုံ ချီလင်နတ်သားတော်။ ”
လောထျန်းရှီက အသားအရေ ဖြူဖျော့နေသော ချီလင်နတ်သားကို ကြည့်ကာ ကြေငြာလိုက်၏။
ထိုကြေငြာချက်ကြောင့် ဒဏ်ရာရနေသည့် ချီလင်နတ်သားတော်ကို မျက်နှာ ပျက်ယွင်းကာ အထိတ်တလန့် ဖြစ်သွားစေသည်။
အကယ်၍ အခြားလူ တစ်ဦးသာ ဖြစ်နေခဲ့ပါက ဤအဆင့် တစ်ဆယ်အတွက် ကျေနပ်မိမည်မှာ သေချာ၏။
သူဟူသည် ဤပွဲ၌ ချန်ပီယံအတွက် ရေပန်းစားသော ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်လေရာ ရလဒ်ကို လက်မခံနိုင်ချေ။
အရာအားလုံး လင်းယွန်ကြောင့် ပေပင်။ အံကြိတ်လျက် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဆိုလိုသည်မှာ သူသည် ဘိုးဘေး နတ်ဘုရား၏ တပည့် မဖြစ်နိုင်တော့သည့် အတွက် ဆက်၍ ယဉ်ကျေးပြနေရန် အကြောင်းမရှိတော့ခေျ။
“ အဆင့်ကိုး ... ကျိကျန်းကောင် ... ။ ”
လောထျန်းရှီမှ ဆက်ပြောသည်။ ယင်းက ကျိကျန်းကောင်ကို မူးဝေသွားစေ၏။ လင်းယွန် လက်တွင် ရှုံးပြီးနောက် သူ့အဆင့် မြင့်မားမည် မဟုတ်ကြောင်း သူ သိခဲ့သည်။
“ အဆင့်ရှစ် ... ပိုင်ရီ ... ။ ”
“ အဆင့် ခုနစ် ... လင်းကျန်းရှန့် ... ။ ”
လင်းကျန်းရှန့်က ပြုံးပြီး ခေါင်းညိတ်၏။ သူမဟူသည် သတ္တမအဆင့် သူတော်စင် သခင် မျှသာ ဖြစ်သဖြင့် ပိုင်ရီရှေ့၌ အဆင့်သတ်မှတ် ခံရသည်ပင် ထိုက်တန်နေချေပြီ။
ဆိုလိုသည်မှာ ပိုင်ရီထက် သူမတွင် အလားအလာ ပိုရှိချေ၏။
“ အဆင့်ခြောက် ... ကျိကျစ်ရှီ။ ”
လောထျန်းရှီက ဖော်ရွေသော အပြုံးဖြင့် လှည့်ကြည့်ကာ၊
“ ကောင်မလေး ... ငါသာ မမှားရင် ... မင်းက ခွန်လွန်ရဲ့ နတ်ဖီးနစ်တောင်ကနေ လာတာ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
ကျိကျစ်ရှီက ခေါင်းညိတ်ပြ၏။
“ မင်းက ဒီသုံးဆယ်ထဲမှာ အသက် အငယ်ဆုံးဖြစ်ပြီး ခွန်လွန်ကနေ ဒီရောက်လာဖို့ တကယ် မလွယ်ပါဘူး ... ပိုင်ရီ ပြောတာတွေကို စိတ်ထဲမထားနဲ့ လူတိုင်းက မွေးဖွားခွင့်အပေါ် ဘယ်သူမှ ရွေးချယ်လို့ မရဘူး ...
... ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ဖြစ်နေတာနဲ့တင် လုံလောက်နေပြီ ဒါကြောင့် ဒီစကားတွေကို နှောင်ကြိုး အဖြစ်မခံနဲ့။ ”
လောထျန်းရှီ စကားကြောင့် ကျိကျစ်ရှီတစ်ယောက် နွေးထွေးမှုကို ခံစား လိုက်ရလေသည်။
တစ်ဖက်တွင် ပိုင်ရီခမျာ ဒူးထောက်ပြီး တောင်းပန်ရသည်အထိ ကြောက်လန့်သွားခဲ့၏။ လောထျန်းရှီသည် ဂိုဏ်းချုပ်ဖြစ်သဖြင့် ပိုင်ရီကို နင်းလိုခြင်း မရှိချေ။ လက်ကို ဝှေ့ယမ်းကာ ပြီးစေခဲ့သည်။
“ အဆင့်ငါး ... ကျန့်ကောင်းယန် ... ။ ”
လူသုံးဆယ်တွင် တစ်ဦးတည်းသော ဝိညာဉ်ရေးရာ ဆရာသခင် ဖြစ်သည်။ ရူရ်များ အပေါ်၌ ပြိုင်ဘက်ကင်းသော နားလည်မှု စွမ်းရည်မျိုး ရှိချေ၏။
“ စတုတ္ထ ... ကျောက်ရီ ... ။ ”
၎င်းသည် တိုက်ပွဲ တစ်လျှောက်တွင် တောက်ပနေခဲ့သော ဒုတိယ စမ်းသပ်ကွင်း ချန်ပီယံ ဖြစ်သည်။
သူသည် လင်းယွန်အပေါ် စိန်ခေါ်လိုသော်လည်း တုကုကြွယ်၏ ရလာဒ်ကို မြင်ပြီးနောက် စွန့်လွှတ်လိုက်၏။
“ တတိယ ... ယွဲ့ဝေဝေ ။ ”
ဤကြေငြာချက်သည် အံ့အားသင့်စရာ ဖြစ်သော်လည်း ကောင်းကင် ရနံ့ သင်းသင်းမှ နတ်သမီးဖြစ်သောကြောင့် လက်ခံခဲ့ကြသည်။
ပွဲမစခင်ကပင် တပည့်တစ်ဦး အဖြစ် အရွေးခံရသည့် နောက်ခံမျိုးပေပင်။ တိုက်ပွဲ ၌လည်း ပြိုင်ဘက်အပေါ် အကြိမ်တစ်ရာ အတွင်း အနိုင်ယူပြခဲ့၏။
နတ်တောင်၏ ‘ကောင်ကင်ဘုံ ကိုးပါး ကကြိုး’သည် ဤကမ္ဘာကြီး၌ နတ်သမီးတစ်ပါး အမှန်တကယ် တည်ရှိကြောင်း လက်ခံမိစေသည်။
ထို့နောက် လူတိုင်း၏ အကြည့်များ လင်းယွန်နှင့် တုကုကြွယ်ထံ ကျရောက်လာ၏။ ချန်ပီယံသည် ဤနှစ်ယောက်ထဲမှ ဖြစ်သည်။
“ လင်းယွန် ... တုကုကြွယ် မင်းတို့ နှစ်ယောက် ဘာလို့ ... ထပ်ပြီး မတိုက်ကြ တာလဲ။ ”
လောထျန်းရှီက မေးမြန်းလိုက်၏။
“ ဟုတ်ကဲ့ ဆန္ဒရှိပါတယ် ... ။ ”
လင်းယွန်က ပြုံးရွှင်သွားသည်။ တစ်ဖက်တွင် တုကုကြွယ်မှာ ထိတ်လန့်လာပြီး၊
“ လင်းယွန်ကို ချန်ပီယံ ရာထူးပေးရင် မကန့်ကွက်ပါဘူး ... ဒါကြောင့် ထပ်တိုက်ပြီး အချိန်ဖြုန်း မနေပါနဲ့ ... ။ ”
-ဟု အမြန် ဝင်ပြောလိုက်ရ၏။
လင်းယွန်က စိတ်ပျက်သွားသည်။ တောက်ပသော ရောင်ခြည်တော်ဓားကို စမ်းရန် တုကုကြွယ်သည်သာ အသင့်လျောဆုံး ဖြစ်၏။
“ အစ်ကိုတု ... ငါတို့ဘာလို့ ထပ်မတိုက် ကြတာလဲ ... အရင်က သရေပွဲဆိုတော့ မင်းမှာ အခွင့်အရေး ရှိပါတယ် ... နောက်ဆုံးတော့ ချန်ပီယံက ဘိုးဘေးနတ်ဘုရားဆီမှာ ... လိုရာ ဆုတစ်ခု တောင်းနိုင်တယ် မဟုတ်လား။ ”
“ မလိုပါဘူး ... မင်းနဲ့ သရေကျတာနဲ့တင် အဆင်ပြေတယ်။ ”
လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ဤလူသည် ချီလင် နတ်သား ကဲ့သို့ မောက်မာခြင်း မရှိသည်မှာ စိတ်မကောင်း စရာ ပေပင်။
“ ကောင်းပြီ ဒါဆို ချန်ပီယံက လင်းယွန်၊ ဒုတိယက တုကုကြွယ် ... ယွဲ့ဝေဝေ တတိယပဲ စည်မျဉ်းတွေအတိုင်း ... မင်းတို့သုံးယောက်က ဘိုးဘေးရဲ့ အတွင်းတပည့် ဖြစ်မယ် ... ချန်ပီယံက လိုရာတစ်ခု တောင်းပါ။ ”
လောထျန်းရှီက ပြုံးလျက်၊
“ ဒါပေမယ့် ငါ့ဆရာက မင်းတို့ သုံးယောက်အပြင် နောက်ထပ် တစ်ယောက်ကို သူ့တပည့်အဖြစ် ခေါ်ချင်နေသေးတယ်။ ”
-ဟု ပြောကြား လာတော့၏။
သူ ပြောလိုက်သည့် အခိုက်တွင် ကျန်(၇)ယောက်၏ မျက်လုံးများ တောက်ပလာ ခဲ့သည်။ အထူးသဖြင့် ချီလင် နတ်သားတော် ဖြစ်၏။
“ ဂိုဏ်းချုပ် ... အဲဒီလူက ငါမဟုတ်လား။ ”
“ မင်းက ကိုယ့်ကိုယ်ကို တော်တော် ယုံကြည်မှု ရှိတာပဲ။ ”
လောထျန်းရှီက ပြုံးသည်။
“ မှန်တယ် ငါက ... ဒီလူတွေ ထဲမှာ အာကာသ တာအိုကို ဆုပ်ကိုင်ထားပြီး ... ငါ့လို ပါရမီရှင်တွေ အများကြီး မရှိပါဘူး ... ထိပ်ဆုံး သုံးဦးအပြင် ...
... နောက်ထပ် တစ်ယောက်ကို တပည့်အဖြစ် ရွေးချယ်မယ် ဆိုရင် ... အဲဒါ ငါပဲ သေချာတယ် မဟုတ်လား။ ”
သူ့စကားများက အခြားလူများကို မကျေမနပ် ဖြစ်စေသည်။ လောထျန်းရှီက အပြုံးမပျက်ဘဲ၊
“ မင်း ... ချီလင်တောင်မှာပဲ နေရင် ပိုကောင်းမယ် ချီလင်ဓားတန်ခိုးရှင်က မင်းကို သဘောကျနိုင်တယ်။ ”
-ဟု တုန့်ပြန်လိုက်၏။ ထို့နောက် ချစ်ခင်သော အမူအရာမျိုးဖြင့် ကျိကျစ်ရှီထံ လှည့်ကြည့် လိုက်တော့သည်။
“ ကျိကျစ်ရှီ ... ငါတို့ရဲ့ ဘိုးဘေး နတ်ဘုရားကို ... မင်းရဲ့ဆရာသခင်အဖြစ် ခံယူဖို့ ဆန္ဒရှိလား။ ”
***