နဂါးပျံ ဗုံ ... ။
Vol. 172 Ch. 2408
“ ပန်းသင်္ချိုင်း ပြိုင်ဘက် မရှိ ... ၊ ပန်းသင်္ချိုင်း ပြိုင်ဘက်မရှိ ... ပန်းသင်္ချိုင်း ပြိုင်ဘက် မရှိ။ ”
လူပေါင်းများစွာ၏ အသံက ပေါင်းစည်း လာပြီးနောက် ဧရာမလှိုင်းကြီးအသွင် ဖြစ်ပေါ် သွားလေသည်။
ဤအရာသည် လောထျန်းရှီနှင့် အခြားသော နတ်ဘုရား အစောင့်များ ကိုပင် ထိတ်လန့်သွား တော့၏။
“ တုနှိုင်းမဲ့ ဓားသမားလား ... ဒါဟာ နည်းနည်းတော့ ချဲ့ကားမှု တစ်ခုပဲ ဒါပေမယ့် အဆင်ပြေပါတယ်။ ”
ကျန်းရီ၏ လုပ်ရပ်ကြောင့် လူတိုင်းက လင်းယွန်ကိုသာ ထောက်ခံသည်။ အထူးသဖြင့် ကောင်းကင်တံခါးမှ ထူးချွန်သူများ ဖြစ်၏။
သစ္စာ တာအိုကို ဓားဖြင့် အနိုင်ယူပြ ပြီးနောက် ဤမြင်ကွင်းက မယုံနိုင်ဖွယ်ရာ တုန်လှုပ် ချောက်ချားစေသည်။
“ ချီလင် နတ်သားတော် ... မင်း အဆင်ပြေရဲ့လား၊ ယောကျ်ား တစ်ယောက် အနေနဲ့ မင်းရဲ့ အသားအရေက အရမ်း အားနည်းနေသလိုပဲ။ ”
တုကုကြွယ်က လှောင်ပြောင် လိုက်၏။
“ ဟမ့် ... ကျန်းရီကို အနိုင်ယူနိုင်ရုံနဲ့ မျိုးဆက်တစ်ခုလုံး အပေါ် အနိုင်ယူနိုင်တယ်လို့ ထင်နေလား ဟာသပဲ ... ငါ့မျက်လုံးထဲမှာ ဒါက လူရွှင်တော် တစ်ယောက်ပဲ။ ”
“ ငါယုံပြီ ... မင်းခန္ဓာကိုယ် တစ်ခုလုံးမှာ လျှာက အထန်ဆုံးဆိုတာ ... ။ ”
“ မင်း ... ။ ”
“ ဟား ဟား ဟား ... ။ ”
တုကုကြွယ် စကားကြောင့် လူအချို့က ခေါင်းညိတ် ရယ်မော လိုက်ကြသည်။ ချီလင် နတ်သား ခမျာ ပါးစပ်ပိတ်သွား၏။
“ အဟွတ် အဟွတ် ... ။ ”
ကျန်းရီ တစ်ယောက် ရင်ဘတ်ကို အုပ်ကိုင်ပြီး ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက် လိုက်ကာ ချောင်းဆိုးသွားသည်။
ပြန်ထရန် ခွန်အား မရှိတော့ချေ။ ဤပွဲ၌ လင်းယွန်၏ နင်းဖြတ်ခြင်း ခံလိုက်ရသည်ကို နားလည်လိုက်မိသည်။
လင်းယွန်က အသံရှင်ထံ လှည့်ကြည့် လိုက်မိ၏။ အောင်းကြွယ်နှင့် ရှန်ထျန်းနန် အနား၌ ဖန်ချင်းယုကို မြင်လိုက်ရသည်။
၎င်းရောက်ရှိ နေခဲ့သည်ကို ရှန်းထျန်းနန်နှင့် အောင်းကြွယ်မှ သိပုံ မရချေ။ ဖန်ချင်းယုက ဝိုင်ခွက်ကို မြောက်ကာ ပြုံးပြသည်။
“ သတိထား ... ။ ”
ယွဲ့ဝေဝေက လှမ်းအော်သည်။
လင်းယွန် အာရုံလွင့်နေစဉ် ပိုင်ယုချန် ဝင်လာခြင်း ဖြစ်သည်။ ဤအချိန်ကို တမင် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သို့သော် သူ ရွေ့လိုက်သည့် အခိုက်တွင် အားပြင်းသော လေမုန်တိုင်းတစ်ခု လွှမ်းခြုံလာ ခဲ့သည်။
ယင်းသည် မြင်ကွင်းကို ပိတ်ဆို့ သွားစေသော လေတံတိုင်း တစ်ခုနှင့် တူသည့် ဓားတစ်လက် ပေပင်။
ထို့ကြောင့် ကျောရိုး တစ်လျှောက် အေးစက်သွားပြီး အန္တရာယ် အငွေ့အသက်များ ရရှိကာ ပြန်ဆုတ်လိုက်ရသည်။
သို့တိုင် ဓားသွားက ပါးပြင်ကို ပြတ်ရှ သွားသေး၏။ ခိုးဝင် တိုက်ခိုက် လိုက်သည့်တိုင် အနားမကပ်နိုင် သဖြင့် ပိုင်ယုချန် တစ်ယောက် မျက်နှာ မည်းမှောင်သွားသည်။
ပိုင်ယုချန်က ပြန်ကြည့် လိုက်စဉ် လှောင်ပြောင်လိုသော အပြုံးဖြင့် လင်းယွန်ကို မြင်လိုက်ရသည်။
“ မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်တာလား ... တော်သေးတယ် ငါ သတိထားမိ လိုက်လို့ ... ။ ”
စကားဆုံးသည်နှင့် ဖဲကြိုး ကိုးထောင် ကောင်းကင်ပေါ် ပျံတက်ကာ ရောင်ဝါများ ပျံ့နှံ့ သွားလေသည်။
“ ငါ မင်းကို စုံစမ်းနေတာ ... ခိုးဝင် တိုက်ခိုက်ချင်မှတော့ တာအို သားတော်နဲ့ အတူ လာမှာပေါ့။ ”
ပိုင်ယုချန် စကားကြောင့် လင်းယွန်က ပြုံး၏။
“ ဒါဆို ... မင်းတို့ အတူတူ လာခဲ့ကြ ... ငါလှိုင်းထိပ်မှာ ရပ်နေပြီ ... လေတိုက်နေသရွေ့ ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူး ... ငါ့ဓားနဲ့ မျိုးဆက် တစ်ဆက်လုံးကို နှိမ်နှင်းမယ်။ ”
ဤစကားက ရုတ်ရုတ်သဲသဲ ဖြစ်စေ၏။ ပန်းသင်္ချိုင်းသည် သူတို့ ထင်ထားသည်ထက် ပို၍ မောက်မာနေချေပြီ။
မောက်မာခြင်း ဟူသော ဝေါဟာရသည် သူနှင့်မှ ပြည့်စုံ၏။ လူတိုင်းသည် ‘လှိုင်းထိပ်မှာ ငါရပ်နေတယ်’- ဟူသော စကားလုံးများကို ခပ်ဖွဖွ ရွတ်ဆို နေမိကြသည်။
“ ဟား ဟား ဟား ... ပြောတာ ... ကောင်းတယ်။ ”
လောထျန်းရှီက သဘောကျ သွား၏။ ထိုသုံးယောက်သည် ကောင်းကင် တံခါးတွင် နတ်သားတော် မရှိဟူသော အချက်အပေါ် အခွင့်ကောင်း ယူ၍ ပွဲပျက်ရန် လာခဲ့ကြသည်။
ထို့ကြောင့် သူက မတ်တပ်ထရပ်ပြီး ပြုံးလျက်၊
“ အဲဒီတုန်းက နဂါးပြာ ဘိုးဘေးက ... နတ်နဂါးခေတ်ကို တည်ထောင်ပြီး ကောင်းကင် လမ်းကို ခင်းခဲ့တယ် ... သူက ယနေ့အချိန်ထိ ဘိုးဘေးစဉ်ဆက် ချမှတ်ထားတဲ့ စည်းကမ်း အတိုင်းကို လိုက်နာနေဆဲပဲ၊ ...
... ဒီနေ့ ပန်းသင်္ချိုင်းရဲ့ စွမ်းဆောင်ရည်က နဂါးပြာ ဘိုးဘေးထက် မနိမ့်ကျဘူး နတ်သခင် (၃၆)ယောက် နားထောင်ပါ ... ပန်းသင်္ချိုင်း အတွက် နဂါးပျံ တိုက်ပွဲဗုံကို ...
... တီးခတ်လိုက်ရအောင် ... မျိုးဆက် တစ်ခုလုံးရဲ့ ဉာဏ်ကြီးရှင်တွေကို ... မနှိမ်နင်း နိုင်ဘူးလို့ ဘယ်သူ ပြောလဲ။ ”
-ဟု အမိန့်ပေး လိုက်တော့သည်။
“ ဝှစ် ... ။ ”
သူ့စကားဆုံး သည်နှင့် တော်ဝင် ကောင်းကင်သခင်မှ ဦးဆောင်လျက် နတ်သခင် များက လေထဲ ပျံတက်ကာ တိမ်တိုက်ထဲ ပျောက်ကွယ်သွား၏။
“ နဂါးပျံ တိုက်ပွဲဗုံ ... ။ ”
တုကုကြွယ်က အံ့သြသွားသည်။ ချီလင်နတ်သားတော်မှာ ဆိုဖွယ် မရှိတော့ချေ။ ထို့နောက် နတ်သခင်များက ဗုံအသီးသီး ကိုင်ဆောင်လျက် ပြန်ပေါ်လာသည်။
“ တုံ ... တုံ .. တုံ တုံ ။ ”
မစောင့်ဆိုင်း နိုင်တော့ဘဲ လောထျန်းရှီက ဗုံတစ်လုံးကို ချက်ချင်း လှမ်းယူကာ တီးခတ်ပစ် လိုက်တော့သည်။
ဗုံသံက လူတိုင်း၏ သွေးများကို ဆူပွက် လာစေ၏။ နက်နဲပြီး ကြီးကျယ် ခမ်းနားသော အသံ ဖြစ်ချေပြီ။
“ တိုက်ပွဲ ... တိုက်ပွဲ ... တိုက် ... ။ ”
လူအုပ်ကြီးက မြူးကြွစွာ အော်ဟစ် လိုက်ကြသည်။ ဤသည်မှာ ဇာတ်ဝင်ခန်းကြီး များကို သဘောကျ စေတတ်သော ဖုန်ယွမ်ပင် မျက်မှောင်ကြုတ် မိစေ၏။
ပိုင်ယုချန်က နှုတ်ခမ်း တုန်ယင်လျက် မျက်နှာ ဖြူဖျော့လာပြီး ဤအရှုပ် အထွေးကနေ ဆုတ်ခွာလိုခဲ့သည်။
ကျန်းရီက ဆေးတစ်လုံး မျိုချကာ နောက်ဆုတ် သွားခဲ့၏။
“ တာအိုသားတော် ... ငါတို့ အခု ပြန်ဆုတ်သင့်လား ... ။ ”
ပိုင်ယုချန်က မေးသည်။
“ ဧကရာဇ် ကိုယ်တိုင်တီးတဲ့ ... တိုက်ပွဲဝင် ဗုံသံအောက်မှာ မင်းက ထွက်သွားချင် တာလား တိုက် ... ။ ”
ဖုန်ယွမ်က ပြန်ဖြေ၏။ ပိုင်ယုချန်က အသက်ပြင်းပြင်း ရှူပြီး လှုပ်ရှား လိုက်တော့ သည်။
အုပ်စိုးရှင် တာအို (၁၈)ပါး ပေါ်လာကာ ကျန်းရီထက် မြင့်မားသော ကျင့်ကြံမှုကို ပြသ လိုက်ပြီး ကောင်းကင်ဘုံ နတ်ဓားဖြင့် လင်းယွန်ထံ လှမ်းထိုး လိုက်၏။
ဓားရောင်ခြည် တစ်စင်း ထွက်ပေါ် လာပြီးနောက် ကိုးထပ် ကျောက်စိမ်းဘုံကျောင်း တစ်ခု သူ့နောက်၌ ပေါ်လာသည်။
ဤဓားသည် အုပ်စိုးရှင် (၁၈)ပါးကို ပေါင်းစည်းထား၏။ ခွန်အားသည် လူတိုင်းကို ထိတ်လန့်စေမည်။
သို့သော် ကောင်းကင် ဓားခန်းမ၏ သခင်ငယ်သည် အားနည်းပုံရ၏။ လင်းယွန်မှ ဝင်လာသော တိုက်ခိုက်မှုကို ဓားအလင်းဖြင့် ဖြိုခွဲနေခဲ့သည်။
ထို့ကြောင့် ပိုင်ယုချန်က မျက်မှောင် ကြုတ်လျက် ကိုးထပ် ကျောက်စိမ်း ဘုံကျောင်း ကို ပို၍ ကြီးမားစေခဲ့သည်။
လက်ဝှေ့ယမ်း လိုက်ရုံဖြင့် ဘုံကျောင်းက အာကာပြင်ကို စုပ်ယူ၏။ သို့သော် လင်းယွန်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
ယင်းက ပိုင်ယုချန်ကို ငိုချင်လာစေ၏။ ထာဝရ တာအိုကို ထုတ်ဖော်လို ခဲ့သော်လည်း အခွင့်အရေး မရချေ။
ဆယ်ကြိမ်ပြည့် ပြီးနောက် လင်းယွန်၏ ဖဲကြိုးကိုးထောင်က သူ့အပေါ် ထိမှန်လာသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းရန် ခြေလှမ်း ဆယ်လှမ်း နောက်ပြန် ဆုတ်လိုက်ရ၏။ ဒဏ်ရာ မရရှိခဲ့သော်လည်း အလွန် အရှက်ရစေသည်။
“ ငါ့ကို ခွင့်ပြုပါ ... ။ ”
ဒေါသတကြီးနှင့် ဆက်၍ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ဖုန်ယွမ်က စတင်လှုပ်ရှားလာ တော့သည်။
***