ရယ်စရာပဲ
Vol. 012 Ch. 1183
ကောင်းချီးနန်းတော်မှ အစောင့်များက အံ့သြသည့် အမူအရာများနှင့် ထိုမြင်ကွင်းကို ကြည့်ကြ၏။ ထောင်ပေါင်းများစွာသော ဓားအသိများက သူတို့၏ ဘေးပတ်လည်တွင် ပိတ်ဆို့ထားသည်။ တိုက်ခိုက်မှုများမှာ အဆက်မပြတ် ဖြစ်ပေါ်လာပြီး အဆောက်အဦများမှာ တစ်ခုပြီး တစ်ခု ပြိုကျပျက်စီးကုန်၏။
အချိန်ခဏလေးအတွင်း ထိုနေရာသည် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းကင်ကို ဖြတ်သန်းလာသော စွမ်းအားများသည် လှိုင်းလုံးများအလား ရိုက်ခတ်လာပြီး စွမ်းအားမြင့် ရှန့်ထိုတစ်ပါး၏ဒေါသအမျက်ကို ခံစားကြရ၏။
အဝေးမှ လူများသည် ကောင်းချီးနန်းတော်မှ မြင်ကွင်းကို အထိတ်တလန့် ကြည့်နေကြသည်။
ဘယ်လိုလူမျိုးက ကောင်းချီးနန်းတော်ကို ဒီလိုမျိုး ဖျက်ဆီးရတာလဲ…
ပြင်းထန်သော ရှန့်ထိုစွမ်းအားများက ကောင်းချီးနန်းတော်၏ ခန်းမတစ်ခုလုံးကို ပြိုကျပျက်စီးစေ၏။ ငွေရောင်လူရိပ်တစ်ခု ကောင်းကင်ထက်သို့ ထိုးတက်လာပြီး အောက်မှ အပျက်အစီးများအား ကြည့်၏။
သူက ရှေ့ကို လှမ်းလိုက်လျှင် ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်တွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအားများက တစ်လောကလုံးကို အမှောင်ဖုံးလွှမ်းစေလျက် ဓားအသိများအား တားဆီး ပယ်ဖျက်သွားသည်။ ငွေရောင်လူရိပ်သည် လွင့်မျောနေသည့် ဆံပင်ရှည်များနှင့်အတူ ရှေ့သို့ ဆက်လက် လှမ်းလာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးက ငွေရောင်အလင်းများဖြင့် တောက်ပနေ၏။
ရီဖူရှင်းက လေထဲသို့ ပျံသန်းလာခဲ့ပြီး ရှေ့မှ လူရိပ်ကို ကြည့်သည်။ သူ့ထံမှ ကျားယဲ့ဓားများသည် မိုးစက်များပမာ လေထုကို ခွင်းလျက် တစ်ဖက်လူထံသို့ ကျဆင်းလာခဲ့တော့၏။ ငွေရောင်လူရိပ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်တွင် ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ဧရာမလက်ရိပ်ကြီး တစ်ခုသည် ပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းကာ မိုးသီးမိုးပေါက်သဖွယ် ဓားများကို အင်္ကျီလက်အတွင်းသို့ စုပ်ယူ၏။
ကျယ်လောင်လှသည့် ကျိုးကြေပျက်စီးသံကို ကြားလိုက်ရပြီး အင်္ကျီလက်မှာ အပိုင်းပိုင်း စုတ်ပြဲသွားသည်။ ကျားယဲ့ဓားများက သူ့ အင်္ကျီလက်တစ်လျှောက် ထိုးဖောက်သွားပြီး သူ၏ လက်မောင်းကို ဖြတ်တောက်သွား၏။
နာကျင်စွာ အော်ဟစ်သံ တစ်ခုနှင့်အတူ ထိုလူ၏လက်မောင်းမှ သွေးများ ပန်းထွက်လာကာ သူ့မျက်နှာသည်လည်း ဖြူဖျော့သွားသည်။
“ဘယ်သူ ဒီကို လာပြီး ဖျက်ဆီးဝံ့တာလဲ” ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခု လေထုကို တုန်ခါစေလျက် ပေါက်ကွဲထွက်လာသည်။ တစ်ပြိုင်နက်တည်းတွင် ကြီးမားသည့် ဖိအားလှိုင်းများ ရီဖူရှင်းထံသို့ ရိုက်ခတ်လာခဲ့၏။
ရီဖူရှင်း၏ ခန္ဓာကိုယ်က ကောင်းကင်တွင် မားမားမတ်မတ် ရပ်နေခဲ့ကာ ဓားအသိများသည် သူ့ကို လှည့်ပတ် ဝန်းရံထားသည်။ သူက ကောင်းချီးနန်းတော်မှ လူများဘက်သို့ လှည့်ကာ မေးသည်… “ပိုင်ကျဲ ဘယ်မှာလဲ”
ကောင်းချီးနန်းတော်မှ တန်ခိုးရှင်များက အပြင်သို့ ထွက်လာကြပြီး သူတို့၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။ သို့သော်လည်း ထိုအချိန်တွင် တခြား မိန်းမပျိုလေးတစ်ဦး ရီဖူရှင်း၏ ဘေးနားတွင် ပေါ်လာသည်။ သူမက လက်ဝှေ့ယမ်းလိုက်လျှင် ကြီးမားသည့် ဓားစက်ကွင်းတစ်ခု ကောင်းကင်တွင် ထွက်ပေါ်လာ၏။ အဆုံးမဲ့သော ဓားအသိများသည် ကျယ်ပြန့်သည့် လေထုကို စက်ဝန်းအသွင် ဖြတ်သန်းကာ အော်မြည်နေသည်။ စွမ်းအားများက ဓားစက်ကွင်းထဲသို့ အားကောင်းစွာ စုစည်းလာနေကြ၏။
ဓားအသိများက ဓားကွန်ရက်အဖြစ်နှင့် ကောင်းချီးနန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်ထက်တွင် ဓားအလင်းရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့ကာ ဓားဝင်္ကပါမှ ဖိအားများကြောင့် နန်းတော်မှာ ပိုမိုအက်ကွဲပျက်စီး လာခဲ့တော့သည်။
ကောင်းချီးနန်းတော်မှ ရှန့်ထိုများသည် ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေကြ၏။ တချိန်တည်းမှာပင် သူတို့၏ အမူအရာများ ပျက်ယွင်းလာခဲ့ကြသည်။
သူတို့၏ ကျင့်ကြံရေး အဆင့်ဖြင့်ဆိုလျှင် ပုံမှန်အားဖြင့် ဓားဝင်္ကပါအတွင်း၌ ပုန်းကွယ်နေသည့် စွမ်းအားများကို ခံစားမိကြပေသည်။ ထိုဓားများကျဆင်းလာလျှင် မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း ရှန့်ထိုအဆင့်မှ လူများသည်ပင် တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
ထို့အပြင် သည်လူများကို ချန်ယဲ့မြို့၌ မြင်တွေ့ဖူးခြင်း မရှိခဲ့ကြပေ။
ပိုင်ကျဲတစ်ယောက် မည်သည့်အချိန်က သည်လူများအား ရန်သွားစမိခဲ့သနည်း။
“မင်းတို့က ဘယ်သူတွေလဲ” ကောင်းချီးနန်းတော်၏ ပြာသာဒ်ဖျားထံမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခု ကောင်းကင်သို့ တက်လာသည်။ ထိုနေရာတွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရပ်နေ၏။ သူ့မျက်လုံးများက ဓားတစ်လက်အလား ထက်ရှနေပြီး သူက လေထဲတွင် ရပ်နေသော ရာရာအား အကဲခတ်နေ၏။
ရာရာက ဘာမှ ပြန်မပြောပေ။ သူမက ရီဖူရှင်းအား ပြန်ကြည့်သည်။
အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် ကောင်းချီးနန်းတော်အပေါ် လေထဲသို့ တက်လာသည်။ သူ့အဝတ်များသည် အစွန်းအထင်း ကင်းမဲ့နေသည်။ သူ၏ အကြည့်များက အေးစက်နေပြီး အဝေးမှ ရီဖူရှင်းကို အကဲဖြတ်နေ၏။
သိပ်မကြာသေးခင် စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့ တစ်စုံတစ်ယောက်က ကောင်းချီးနန်းတော်ကို လာရောက် ဖျက်ဆီးခြင်းအား သူ အံ့အားသင့်နေသည်။
“ပိုင်ကျဲ သူက ဘယ်သူလဲ”
သက်လတ်ပိုင်းလူကြီးမှာ ကောင်းချီးနန်းတော်၏ အရှင်သခင်ဖြစ်သည်။ သူက ပိုင်ကျဲကို ကြည့်ကာ မေးလိုက်၏။
“ဆရာ ... သူက ကျွန်တော်နဲ့ သိပ်မကြာသေးခင်က စားသောက်ဆိုင် တစ်ခုမှာ တွေ့ခဲ့တဲ့လူပါ။ သူတို့က တခြားဘုံက လာကြတာ” ပိုင်ကျဲက ပြန်ဖြေလိုက်ပြီး ရီဖူရှင်းဘက်ကို လှည့်ကာ မေးသည်… “မင်း အခုလို လုပ်တာ အဲဒီမိန်းကလေးကြောင့်လား”
ချန်ယဲ့မြို့၏ အဓိကအင်အားစု ဖြစ်သော ကောင်းချီးနန်းတော်သို့ လာရောက် တိုက်ခိုက်ခြင်းက ထိုအကြောင်းပြချက် အတွက်ကြောင့်လား။
ပိုင်ကျဲ၏ဘဝတွင် သည်မျှ ရူးသွပ်သောသူအား မမြင်ဖူးပေ။
ရီဖူရှင်းက သူ့ထံသို့ ဖြည်းဖြည်းချင်း လှမ်းသွားပြီး ပြောသည် ... “မင်းပြောခဲ့တယ်။ မင်းက သူမရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ်တဲ့။ ဒီလိုဆိုမှတော့ မင်းရဲ့အပြစ်တွေနဲ့ စွန်းထင်းနေတဲ့ဘဝကို အဆုံးသတ်ပေးတာက အကောင်းဆုံးဖြစ်မယ်”
“မင်းက ငါ့ကံကြမ္မာကို ဆုံးဖြတ်ဖို့ အရည်အချင်း ရှိလား ငါကြည့်မယ်” ပိုင်ကျဲကလည်း ရှေ့သို့ တိုးလာ၏။ ကောင်းချီးများဖြင့် ထုံမွမ်းထားသကဲ့သို့ ရွှေရောင် အစီအရင်စာလုံးများ လေထဲတွင် ပေါ်လာသည်။
မရေတွက်နိုင်သည့် မှော်စာလုံးများက လေထဲတွင် လှည့်ပတ်နေသည်။ ၎င်းတို့က ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအင်များနှင့် ပေါင်းစပ်နေသည်။ တစ်စုံတစ်ယောက်၏ အကြည့်များသည် အနန္တမှော်စာလုံးများပေါ်သို့ ရောက်သွားလျှင် သွေးလေချောက်ချားမှုများ ဖြစ်လာပုံရကာ မှော်စာလုံးကမ္ဘာထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
ပုံရိပ်ယောင်… ရီဖူရှင်းက တွေးသည်။
ရီဖူရှင်း၏ မျက်လုံးထဲမှ ရွှေရောင်အလင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အရာအားလုံးကို ထွင်းဖောက် မြင်စေ၏။ မှော်စာလုံးများမှ စွမ်းအားများသည် သူ့အသိစိတ်ကို သွေးရူးသွေးတန်း ရိုက်ခတ်လာနေကြသည်။
ရီဖူရှင်းက ရှေ့သို့ လှမ်းလိုက်လျှင် ဓားအသိများသည် သူ့အနီးတွင် စက်ဝိုင်းသဖွယ် ဝန်းရံလည်ပတ်ကြသည်။ မှော်စာလုံးများ ရောက်လာသောအခါ ကျားယဲ့ဓားများက မှော်စာလုံးများအား အပိုင်းပိုင်းအစစ ဖျက်ဆီးလိုက်ကြ၏။
ပိုင်ကျဲက သူ့ထံသို့ လာနေသည့် တောက်ပသည့် အလင်းပုံရိပ်ကို မြင်သောအခါ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်တစ်ခွင် ကြီးမားသော ဖိအားများနှင့်အတူ ဖြစ်ပေါ်လာသော မှော်စာလုံးသည် ရီဖူရှင်းထံသို့ တည့်တည့်ပြေးဝင်သွားကာ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်အောင် ပိတ်ဆို့ထားသည်။ ကျားယဲ့ဓားများ အဆက်မပြတ် ထွက်ပေါ်လာသော်လည်း ထိုမှော်စာလုံးကို ထိုးဖောက်ရန် မဖြစ်နိုင်ပေ။ မှော်စာလုံးမှ အဆုံးအစမဲ့ တောက်ပနေသည့် နတ်ဘုရားအလင်းက ၎င်းကို မြင်လိုက်သည့် မည်သူ့ကိုမဆို ပုံရိပ်ယောင် အလွှာများထဲ ကျရောက်သွားစေသည်။
ရီဖူရှင်းက ရိပ်ခနဲ လှုပ်ရှားလိုက်ရာ အနီးဝန်းကျင်က လေထုမှာ တုန်ခါသွားသည်။ ခြေလှမ်းတိုင်းက ထောင်ချီလေးလံသည့် အလေးချိန်ကို သယ်ဆောင်ထား၏။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် မဟာလမ်းစဉ်၏ အသိများသည် လက်သီးထံသို့ စီးဆင်းလာပြီး သူ့လက်အား အလင်းများ တောက်ပလာစေသည်။
မှော်စာလုံးက အနီးသို့ ရောက်မလာခင်မီတွင်ပင် လက်သီး၏ အားလှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ဟွမ်ထန်းလက်သီးအားမှ တစ်လွှာပြီးတစ်လွှာ ဆင့်ကဲထွက်လာပြီး မဟာလမ်းစဉ်၏ မှော်စာလုံးများကို ပြင်းထန်စွာ ဆောင့်တိုက်မိသည်။
လက်သီးအားသည် တစ်နေရာတည်းကို စုစည်း ထိုးနှက်တိုက်ခိုက်လျှင် မရေတွက်နိုင်သည့် အက်ကြောင်းများ မှော်စာလုံးတွင် ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် မှော်စာလုံးသည် ကျယ်လောင်သည့် အသံနှင့်အတူ ပေါက်ကွဲသွား၏။
ရီဖူရှင်းက လက်ကိုမကာ လေထဲကို ဆွဲသည်။ ဤတွင် ပိုင်ကျဲက သူ့အနီးဝန်းကျင်မှာ ပိတ်ဆို့ခံထားရသလို ခံစားလိုက်ရ၏။ သူက အလင်းရောင်များ တောက်ပနေသည့် ရွှေရောင် လှံတစ်ချောင်းကို လက်ထဲမှာ ကိုင်ဆောင်လိုက်သည်။
ထိုအချိန်တွင် ဓားများက လေဟာနယ်ကို ဖြတ်ကာ ပိုင်ကျဲဆီသို့ တည့်မတ်စွာ ဦးတည်လာနေသည်။ သို့သော်လည်း ပိုင်ကျဲက လှံရှည်ကို ဝှေ့ယမ်းလျက် ပုံရိပ်ယောင်များကို ဆက်လက် ဖြစ်ပေါ်စေသည်။
ဓားများက အဆုံးမရှိပေ။ သေးငယ်သည့် စုတ်ပြဲသံများနှင့်အတူ ဓားများက ပိုင်ကျဲ၏ ကိုယ်ကို ထိုးဖောက်သွားသည်။
သို့သော်လည်း ထိုအချိန်တွင် နန်းတော်သခင်က လှုပ်ရှားသည်။ သူက ပိုင်ကျဲကို ပုံသဏ္ဌာန်မဲ့ စွမ်းအားများနှင့် ချိပ်ပိတ်လိုက်၏။ ဓားအသိများက သည်းသည်းမည်းမည်း ကျဆင်းလာနေဆဲ ဖြစ်သော်လည်း ထိုစွမ်းအားအကာအကွယ်ကို ထိုးဖောက် ဖြတ်သန်းနိုင်စွမ်း မရှိပေ။
ကောင်းကင်မှ ဓားဝင်္ကပါသည် ဓားအသိများကို အလင်းတန်းများ အသွင်ဖြင့် လေထုကို ခွင်းကာ ကောင်းချီးနန်းတော် သခင်ထံသို့ ပြေးဝင်သွားသည်။
နန်းတော်သခင်က လေထဲကို ကြည့်လိုက်ပြီး ရိပ်ခနဲ ရွေ့လျားသွား၏။ သူ့အနီးဝန်းကျင်မှာလည်း သူနှင့်အတူ တုန်ယင်သွား၏။ အနီးမှ လူတိုင်းမှာ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် အရောင်မှာ ပြောင်းလဲသွားပြီး မရေတွက်နိုင်သည့် မှော်စာလုံးများက လေထဲကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။
နတ်ဘုရားအလင်းများ ကောင်းချီးနန်းတော် တစ်ခုလုံး ပြည့်နှက်နေပြီး ဓားကွန်ရက်ထံမှ မရေတွက်နိုင်သည့် ဓားအလင်းတန်းများ ကျဆင်းလာသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက တားဆီး ကာကွယ်ကြသော်လည်း မရဏဓားသည် လေထဲမှ ထွက်ပေါ်လာကာ သူတို့အားလုံးကို ဖြတ်သန်းလျက် မှော်စာလုံးများကို ဖျက်ဆီးသွားပြီး နန်းတော်သခင်ထံသို့ တည့်တည့် ပြေးဝင်သွားသည်။
အဆုံးမဲ့ ရွှေရောင်မှော်စာလုံးများက ထောင်ပေါင်းများစွာသော ချိပ်တံဆိပ်များအဖြစ် ပြောင်းလဲသွားကာ ရာရာထံသို့ အလျင်အမြန် ပြေးဝင်သွားသော်လည်း တောက်ပနေသည့် ဓားကွန်ရက်အလင်းများ အောက်တွင် ဘာမှမဟုတ်သကဲ့သို့ ပျက်ပြယ်သွားသည်။
နန်းတော်သခင်က လက်ဝါးတစ်ချက် ထုတ်ဖော်လိုက်သည်။ အဆုံးမဲ့နတ်ဘုရား အလင်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ရွှေရောင်အလင်းများက မှော်စာလုံးများအဖြစ်သို့ အားလုံး ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ် အရွယ်အစားက ကြီးထွားလာပြီး အဆုံးမဲ့မှော်စာလုံးနှင့် ပေါင်းစပ် ရောယှက်သွားသည်။ ထို့နောက် သူသည် လက်ဗလာဖြင့် လေဟာနယ်ကို ထိုးဖောက်လာသည့် ဓားကို ရိုက်ခတ်ရန် ကြိုးစားသည်။
ဓားနှင့်လက် ထိခတ်မိသည့် ကြောက်မက်ဖွယ် တုန်ခါသံကို နေရာတိုင်းက ကြားနိုင်သည်။ ကောင်းချီးနန်းတော် တစ်ခုလုံး ပြိုကျသွားကာ အဆောက်အဦများလည်း ပြားပြားဝပ် ပျက်စီးသွားသည်။ နန်းတော်သခင် အောက်ခြေရှိ မြေပြင်သည်လည်း အပြင်းအထန် ထိခိုက်မှုကြောင့် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
ဘုန်း…
နောက်ထပ် ကျယ်လောင်သည့် အသံတစ်ခုသည် ကြားလိုက်ရသူတိုင်း၏ နားစည်များကို ပျက်စီးလုလု ဖြစ်သွားသည်။ နန်းတော်သခင်သည် လေထဲသို့ တက်ကာ ရာရာထံ ပြေးဝင်သွားသည်ကို လူတိုင်းက မြင်လိုက်ရသည်။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်တွင် လက်ဝါး ရိုက်ချက်တိုင်းက အရာအားလုံးကို အမှန်တကယ် ဖျက်ဆီးနိုင်စွမ်း ရှိသည်။
“သံသယကင်းစင်ခြင်းရှန့်ထို” ရီဖူရှင်းက ကောင်းကင်ထက်မှ တိုက်ပွဲကို ကြည့်သည်။ နန်းတော်သခင်၏ ခန္ဓာကိုယ်မှာ ရောင်စဉ်များဖြင့် တောက်ပနေ၏။ မဟာလမ်းစဉ်က အားနည်းချက် ကင်းမဲ့ပြီး ချို့ယွင်းချက်မဲ့သော နတ်ဘုရား အလင်းများသည် လက်နက်အသွင် စတင် ဖြစ်တည်လာသည်။
“သူ့ကိုသတ်” ပိုင်ကျဲ၏ အဖြူရောင်ဝတ်စုံက သွေးများ စွန်းထင်းနေသည်။ သူက ရီဖူရှင်းထံသို့ စူးစိုက်ကြည့်ကာ ပြောသည်တွင် ကောင်းချီးနန်းတော်မှ ရှန့်ထိုများက ရီဖူရှင်းဘက်သို့ လှည့်လာကြသည်။
“တခြားလူတွေ မပါပေမဲ့ နန်းတော်သခင်နဲ့ ပိုင်ကျဲက သေဖို့လိုတယ်။ ကောင်းချီး နန်းတော်ကလည်း ဖျက်ဆီးခံရမယ်။ လှုပ်ရှားရဲတဲ့ ဘယ်သူမဆို အသတ်ခံရမယ်” ရီဖူရှင်း၏ ကြေညာသံက ထွက်ပေါ်လာသည်။ သူ့အသံက လေထုကို ဖြတ်ကာ တန်ခိုးရှင်များကို ရပ်တန့်သွားအောင် ပြုလုပ်လိုက်နိုင်သည်။ ကောင်းချီးနန်းတော်မှ ရှန့်ထိုများက ရီဖူရှင်းကို ကြည့်လိုက်ပြီး ဘယ်သူကမှ မလှုပ်ရှားတော့ပေ။
ကောင်းကင်ထက်မှ တိုက်ပွဲအခြေအနေက ကြောက်မက်ဖွယ် ပြင်းထန်လှသည်။ နန်းတော်သခင်၏ တိုက်ခိုက်မှုတိုင်းသည် လေဟာနယ် တစ်ခုလုံးကို တုန်ခါနေစေသည်။ သိန်းသန်းချီသည့် မှော်စာလုံးများက လေထဲ၌ လှည့်ပတ်နေသော်လည်း ရာရာ၏ ဓားများကို ဖြတ်ကျော်နိုင်စွမ်း မရှိပေ။ ထို့အပြင် ရာရာနောက်မှ ဓားကွန်ရက်သည် တောက်ပနေဆဲဖြစ်ကာ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ ချန်ယဲ့မြို့မှ များလှစွာသော တန်ခိုးရှင်များ၏ ဓားများက လေထုကို ဖြတ်သန်း၍ ဓားကွန်ရက်ဆီသို့ ပျံသန်း ရောက်ရှိလာသည်။
နန်းတော်သခင်သည် တစ်ခုခုမှားနေကြောင်း ခံစားရသည်။ ဓားဝင်္ကပါ၏ စွမ်းအားများမှာ အလွန်အမင်း ပြင်းထန်တိုးမြင့်လာပြီး ကမ္ဘာပျက်တော့မည့်အလား ထင်မှတ်ရ၏။
“ငါ ပိုင်ကျဲကို မင်းတို့ဆီမှာ အပ်မယ်” သူကပြောသည်။ ယင်းက လူအများကို တုန်လှုပ်စေ၏။ နန်းတော်သခင်က တိုက်ပွဲမှာ ရှုံးနိမ့်သွားသည်လား။ သူတို့အားလုံး အံ့အားသင့်နေကြ၏။
ရာရာက သူ့အသံကို ကြားလျှင် ရှေ့သို့ တက်လာသည်။ ဓားကွန်ရက်၏ အလင်းများက သူမ၏ ခန္ဓာကိုယ်ဘေးတစ်လျှောက်တွင် ရွေ့လျားနေသည်။ ကောင်းကင်ထက်မှ အလင်းရောင်စဉ်သည် သူ့လမ်းကြောင်းမှ အရာအားလုံးကို ဖျက်ဆီး ဖြတ်သန်းသွားတော့မလို ထင်မြင်ရ၏။
ဓား၏အလင်းသည် ပေါက်ကွဲကာ ပြင်းထန်စွာ ကျဆင်းလာသည်။ အနန္တမှော်စာလုံးများ အားလုံးသည် တစ်ခဏအတွင်း ပြိုကွဲပျက်စီးသွားသည်။ သူတို့၏ ပတ်ဝန်းကျင်သည် ရပ်တန့်သွားပြီး လူအများက နန်းတော်သခင်၏ တစ်ကိုယ်လုံးတွင် ဓားအလင်းများ ရစ်ပတ်နေပြီး အချိန်မရွေး ပျက်စီးတော့မည့်ပုံ ထင်ရ၏။
သူက သူ့ခေါင်းကို မော့လိုက်ကာ ကောင်းကင်ကို ကြည့်သည်။ ဖြစ်ပျက်နေသည့် အရာများကို လက်ခံရန် ခက်ခဲနေသည်။
ငါက သေရတော့မှာလား။ သူက အံ့အားသင့်နေမိသည်။
သံသယကင်းစင်ခြင်း ရှန့်ထိုတစ်ယောက်အနေနဲ့ သွေးနဂါးဘုံ၌ပင် အလွန်စွမ်းအား ကြီးမားပေသည်။ သို့သော်လည်း သူသည် တကယ့် ကျော်ကြားခြင်းအား သိနားလည်ခြင်း မရှိသေးမီ၌ပင် အသတ်ခံရတော့မည်။
အရာအားလုံးက အဓိပ္ပာယ် ကင်းမဲ့လွန်း၏။
အောက်မှ အခြေအနေကို ကြည့်နေကြသော လူအများသည်လည်း ကောင်းကင်တွင် ဖြစ်ပျက်နေသည်များကို ကြည့်လိုက်ကာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ မြင်ကွင်းကား မယုံကြည်နိုင်ဖွယ်ရာပင် ကောင်း၏။
ဓား၏ တောက်ပနေသောအလင်း ရောင်စဉ်များက ကြည့်နေသူများ၏ မျက်လုံးကို ပြာဝေသွားစေသည်။ ခဏအတွင်းမှာပင် နန်းတော်သခင်၏ ခန္ဓာကိုယ်သည် ဓားအလင်းရောင်စဉ်များ အောက်တွင် ပျက်စီးသွားပြီး အစအနပင် မကျန်ခဲ့တော့ပေ။
“မဟုတ်ဘူး ... ... ... ...” ပိုင်ကျဲက ကောင်းကင်ကို ကြည့်သည်။ သူ၏ မျက်လုံးများက စူးရှတောက်ပသည့် အလင်းများအောက်တွင် ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေ၏။
သူက သူ့ဆရာ အသတ်ခံလိုက်ရသည်ဟု မယုံနိုင်သေးပေ။
သံသယကင်းစင်ခြင်း ရှန့်ထိုတစ်ယောက်၏ သေဆုံးခြင်းသည် သူက မိန်းမငယ်လေး တစ်ယောက်၏ ကံတရားကို ဆော့ကစားမိခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထိုအကြောင်းအရာနှစ်ခုက အကျိုးအပြစ်များဟု ပြောလျှင် သူမည်သို့ ယုံကြည် လက်ခံနိုင်မည်နည်း။
***