← Chapters

ချီလင်ဓား တန်ခိုးရှင်။

Vol. 173 Ch. 2415

ချီလင်ဓား တန်ခိုးရှင်။

Vol. 173 Ch. 2415

လင်းကျန်းရှန့် ဆရာသခင်ကို မိုးပြာ ကောင်းကင် နတ်သခင်ဟု ခေါ်တွင်ပြီး အသူရာ ကောင်းကင်နယ်မြေ၏ အုပ်စိုးရှင်ဖြစ်၏။

နတ်ဘုရား အများစုသည် နတ်ဘုရား ဖြစ်လာပြီးနောက် ၎င်းတို့၏ နယ်မြေအပေါ် မူတည်ကာ ဘွဲ့များ ပေးအပ်ကြသည်။

ဤနည်းဖြင့် ၎င်းတို့၏ နယ်မြေနှင့် ပို၍ သဟဇာတ ဖြစ်ကာ ကံကြမ္မာကို ရရှိစေသည်။ အင်အားစု တစ်စုသည် နတ်ဘုရား တစ်ပါး မွေးဖွားနိုင်သော် ဘုံသုံးထောင်၌ နယ်မြေ တစ်ခုကို အပိုင်စား ရရှိိနိုင်၏။

ဘုံသုံးထောင်သည် ယေဘူယျ ဂဏန်း တစ်ခုမျှသာ ဖြစ်သည်။ အမှန်တွင် စကြဝဠာ၌ မရေမတွက်နိုင်သော နယ်မြေများစွာရှိ၏။

ဧကရာဇ် တစ်ပါးကို မွေးဖွားပေးသော အင်အားစုသည် စကြာဝဠာ၌ အထင်ကြီးစရာ ပေပင်။ ထို့ကြောင့် နတ်ဘုရားများစွာ မရှိချေ။

နတ်ဘုရားများ လစ်လပ်နေသော ကြယ်နယ်မြေ အများအပြား လုံလောက်စွာ ရှိသည်။

တစ်ဖန် ဘိုးဘေးအဆင့် ပိုင်စိုးသည့် ရာနှင့်ချီသည့် ကြယ်နယ်မြေ အစုအဝေးများ သည်လည်း ရှိသည်။ ၎င်းတို့ကို ဘိုးဘေး နယ်မြေဟုသတ်မှတ်ကြသည်။

ဥပမာအားဖြင့် ဖျောက်ဆိပ်ကြယ် အစုအဝေးသည် ကောင်းကင် ဖျက်ဆီးခြင်း ဘိုးဘေး နတ်ဘုရားပိုင် ဘိုးဘေး နယ်မြေ တစ်ခုဖြစ်သည်။

အသူရာ ကောင်းကင် နယ်မြေသည် ထိုဖျောက်ဆိပ်ကြယ် အစုအဝေး အတွင်း၌ တည်ရှိ၏။ တနည်းအားဖြင့် ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေးပိုင် ဘိုးဘေးနယ်မြေ၏ လက်အောက်ခံ ကြယ်နယ်မြေ ပေပင်။

လင်းယွန်နှင့် လင်းကျန်းရှန့်တို့က ကောင်းကင် ဖျောက်ဆိပ် ကြယ်စစ်စု နယ်မြေ အတွင်းရှိ စစ်ဘီလူး မြို့တော်သို့ ဦးတည် လာခဲ့သည်။

၎င်းသည် မြို့တော်ဟု ခေါ်ဆိုသော်လည်း ကြယ်တစ်ပွင့် ဖြစ်သည်။ နတ်မဟာမိတ် အဖွဲ့မှ ထိုမြို့ကို စီမံခန့်ခွဲခဲ့ပြီး ကြားနေ ဖြစ်၏။

စစ်ဘီလူး မြို့၌ နယ်မြေအသီးသီးသို့ ဦးတည်သော တည်နေရာ ရွေ့ပြောင်း အစီရင် တစ်ခုရှိသည်။

“ အသူရာ ကောင်းကင် နယ်မြေထဲကို ဝင်ရတာ ခက်လား။ ”

“ ဟုတ်တယ် ... ဒါက ပုံမှန်ပါပဲ ... နယ်မြေ တစ်ခုမှာ သန်းပေါင်း များစွာသော အသက်တွေ ရှိတယ် ... သတိလက်လွတ်နေရင် ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုရဲ့ အုပ်စိုးခြင်းကို ...

... ခံသွားရနိုင်တယ် ဒါကြောင့် ဘယ်သူမှ သတိလက်လွတ် မနေရဲဘူး နယ်မြေတိုင်းအပေါ် အစီရင်နဲ့ ပိတ်ဆို့ထားရတယ် ... ကောင်းကင် တံခါးရဲ့ ကြယ်နယ်မြေသာ ဘိုးဘေးအဆင့် နတ်ဘုရား နေထိုင်လို့ ဝင်ရလွယ်တာ။ ”

“ ဒါဆို ခွန်လွန်ရဲ့ အခြေအနေနဲ့ အတူတူပဲပေါ့ ဘယ်သူမှ ထွက်ခွာလို့ မရသလို ဝင်လို့လည်း မရဘူး။ ”

လင်းယွန်စကားကို လင်းကျန်းရှန့်က ခေါင်းယမ်းလျက်၊

“ ခွန်လွန်ရဲ့ အခြေအနေနဲ့ မတူပါဘူး ... ခွန်လွန်ဆိုတာ ယခင်ဘိုးဘေးနယ်မြေ ဖြစ်ပြီး ကြောက်စရာ ကောင်းတဲ့ အခြေခံအုတ်မြစ် ရှိတယ်၊ ကောင်းကင်လမ်း ပြန်ပြင်ပြီးရင် ...

... ခွန်လွန်နယ်မြေမှာ ... ရှေးဟောင်း အပျက်အစီးနဲ့ တားမြစ်နယ်မြေတွေ အများကြီး ပေါ်လာလိမ့်မယ် ... အဲဒီနယ်မြေတွေက နတ်ဘုရားတွေကြားက ...

... စစ်တလင်း ဖြစ်ခဲ့တာမို့ အမွေတေွ ကျန်ရှိခဲ့တယ် ... ဒါကခွန်လွန်မြေမှာ နတ်ဘုရား အမြောက်အများ မွေးဖွားလာလိမ့်မယ်။ ”

နှစ်ဦးသား ဝိုင်သောက်ပြီး စကားစမြည် ပြောနေခဲ့ကြစဉ် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်လာတော့၏။

“ နောက်ဆုံးတော့ တည်နေရာ ရွေ့ပြောင်း အစီရင်ဖွင့်ဖို့ အချိန်ကျပြီ ... သွားကြရအောင်။ ”

အားလုံးက ခွက်ကို ပြန်ချကာ ထွက်ခွာကုန်သည်။

“ သွားကြရအောင် ... ။ ”

လင်းကျန်းရှန့်က ပြောသည်။ လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ စစ်ဘီလူးမြို့ တည်နေရာ ရွေ့ပြောင်း အစီရင်ကို (၁၆)နာရီကြာ တစ်ကြိမ် ဖွင့်လှစ်မည် ဖြစ်ပြီး ထိုကာလအတွင်း ခရီးသွား လာမည့် လူအများစုက စောင့်ဆိုင်းနေရသည်။

လင်းယွန်နှင့် လင်းကျန်းရှန့်က တည်းခိုဆောင်သို့ ငွေပေးချေ ပြီးနောက် အမြန် ထွက်ခွာလာခဲ့၏။

တည်နေရာ ရွေ့ပြောင်း အစီရင်သည် တည်းခိုခန်း အနီးရှိ ကြယ်စင် စောင့်ကြည့်ရေး စင်မြင့်တွင် တည်ရှိသည်။

လင်းကျန်းရှန်က အသူရာ ကောင်းကင် နယ်မြေ တံဆိပ်ကို ကိုင်ဆောင်လျက် စောင့်နေ ခဲ့သည်။

“ မင်းဆရာက ကိုယ်တိုင် ခေါ်ဆောင်ပေးလို့ မရဘူးလား။ ”

“ နတ်ဘုရားတွေက ... သူ့ပိုင် ကြယ်နယ်မြေကို စောင့်ကြပ်ရတယ် ဘယ်သူမှ အလွယ်တကူ မထွက်ခွာနိုင်သလို ... နယ်မြေကို ကာကွယ်ဖို့ မလိုအပ်တဲ့ နတ်ဘုရားတွေတောင် လူအများရှေ့မှာ ပေါ်လာခဲတယ်။ ”

နတ်မဟာမိတ်၏ စည်းမျဉ်းများ အရ နတ်ဘုရားများသည် သာမန် ကျင့်ကြံသူများကို တိုက်ခိုက်ခြင်းအပေါ် ခွင့်မပြုချေ။

များမကြာခင် အစီရင် အသက်ဝင်လာပြီး လူတိုင်း၏ တံဆိပ်ပြားများတုန်ခါလျက် ဝိညာဉ် စွမ်းအင်များ ရစ်သိုင်းလာသည်။

အလင်းရောင်က လူတိုင်းကို ဝါးမြိုသွားသောအခါ အာကာသ လမ်းကြောင်း ကြီးငယ်များ ပေါ်လာတော့၏။

လင်းယွန်နှင့် လင်းကျန်းရှန့်မှာ တူညီသော အာကာသ လမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး ဒေသအနှံ့ မှောင်မိုက်နေခဲ့သည်။

ဤသည်မှာ အာကာသ တွင်းနက်ဖြစ်ကာ လမ်းကြောင်းအပေါ်မှ သွေဖယ်ပါက နတ်ဘုရား တစ်ပါး မဟုတ်သော် မည်သူမဆို သေဆုံးသွား နိုင်၏။

“ နောက်ဆုံးတော့ ငါတို့ စိတ်သက်သာရာ ရနိုင်ပြီ။ ”

လင်းကျန်းရှန့်က သက်ပြင်းချ လိုက်၏။ တော်ဝင် ကောင်းကင် သခင်၏ အကာအကွယ် ဖြင့်ပင် လမ်းခရီး၌ ဒုက္ခရောက်မည်ကို စိုးရိမ်နေမိသည်။

“ ငါတို့ လုံခြုံပြီလား။ ”

လင်းယွန်မှ မေး၏။

“ နတ်ဘုရား တစ်ပါးတောင်မှ ... ဒီလမ်းကြောင်းပေါ်က တစ်စုံတစ်ယောက်ကို ဖမ်းဆုပ်ဖို့ မလွယ်ဘူး မကြာခင် ငါတို့ လိုရာ ခရီးကို ရောက်လိမ့်မယ်။ ”

လင်းယွန်က ခွန်လွန်သို့ ပြန်ရန် စိတ်စောနေသဖြင့် ပြုံးလိုက်၏။ ချောမွေ့သော် အကောင်းဆုံး ပေပင်။

“ ငါ့ဆရာရဲ့ သူငယ်ချင်းလည်း ရောက်နေလောက်ပြီ။ ”

“ သူက မိုးပြာကောင်းကင် နယ်မြေကို လာမှာလား ... သူ့နယ်မြေကို စောင့်ရှောက်ဖို့ မလိုဘူးလား ။ ”

လင်းယွန်က သိချင်သွား၏။

“ အဲဒီလူက တစ်ယောက်တည်း နေတာ လျှို့ဝှက် ဆန်းကြယ်တယ် ... သူပိုင်တဲ့ နယ်မြေ ဖျက်ဆီးခံခဲ့ရပြီး နတ်ဘုရား မရှိတဲ့ နယ်မြေတွေ အနားတစ်ဝိုက်မှာ လှည့်ပတ်နေတယ်လို့ ကြားတယ်။ ”

ထိုစဉ် အာကာသ လမ်းကြောင်း တုန်ခါလျက် ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ လမ်းကြောင်း အဆုံးတွင် အလင်းအမှုန်အမွှား များကို မြင်လိုက်ရ၏။ ၎င်းက သူတို့ကို ပိတ်ဆို့ထားသည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

နှစ်ယောက်သား ထိတ်လန့် သွား၏။ သူတို့သည် ဓားသမားများ ဖြစ်ကြပြီး ၎င်းသည် ဓားရည်ရွယ် ဖြစ်ကြောင်း ရိပ်မိသည်။

“ ဒါ ... နတ်ဘုရားလား။ ”

လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။

“ မဖြစ်နိုင်ဘူး ... နတ်ဘုရားတွေက မလုပ်ရဲဘူး မဟုတ်ရင် နတ်မဟာမိတ်အဖွဲ့က သူတို့ကို သတ်ပစ်လိမ့်မယ်။ ”

နတ်ဘုရား မဟုတ်သော် ဤသို့သော အစွမ်းသတ္တိမျိုး မည်သူ ပိုင်ဆိုင်နိုင် သနည်း။ ဤဓားက အခြားသော လမ်းကြောင်းများ အပေါ်လည်း ပိတ်ဆို့ထား၏။

အာကာသ လမ်းကြောင်းအတိုင်း နောက်ပြန်ဆုတ်လျက် လူတိုင်း ကြယ်စင် လေ့လာရေး စင်မြင့်သို့ ပြန်လည် ရောက်ရှိ လာသည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

“ ကြောက်စရာ ကောင်းလိုက်တဲ့ဓား အာကာသလမ်းကြောင်းကို ဖြတ်တောက် နိုင်တယ်။ ”

“ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်တွေ ရောက်လာတာလား။ ”

လူတိုင်း ဖြစ်ပျက်နေသည် များကို နားမလည်သောကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။

စစ်ဘီလူး မြို့တော်ကို စောင့်ကြပ်နေသော နတ်မဟာမိတ် အဖွဲ့မှ အကြီးအကဲ သည်လည်း သတိကြီးစွာ လှမ်းထွက်လာ၏။

“ ဝှစ် ... ။ ”

အပြာရောင် အ၀တ်အစားများ ဝတ်ဆင်ထားပြီး အသက် လေးဆယ်ကျော် အရွယ် ဓားသမား တစ်ယောက် ကောင်းကင်မှ ဆင်းသက်လာသည်။

“ ကျေးဇူးပြုပြီး မကြောက်ကြပါနဲ့ ... ငါက ချီလင်ဓား တန်ခိုးရှင်ပါ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ အလျင်လိုနေတယ် ... နတ်မဟာမိတ် အဖွဲ့နဲ့ လူတိုင်းကို မရိုမသေ ပြုလုပ်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ”

သူ ပြောသည်ကို ကြားပြီးနောက် လူတိုင်း သက်ပြင်းချ လိုက်ကြသည်။ လင်းယွန်သည်သာ နှလုံးခုန် မြန်လာတော့၏။

ချီလင်ဓား တန်ခိုးရှင်သည် နတ်ဘုရား မဖြစ်သေးသော်လည်း နတ်ဘုရားများထက် အားနည်းခြင်း မရှိကြောင်း သတိထားမိ လိုက်သည်။

၎င်းသည် ဓားတာအို ကန့်သတ်ချက်သို့ လျှောက်လှမ်းနေသော ဘုံသုံးထောင်ကြား ထူးဆန်းသည့် ဓားသမား ဖြစ်၏။

ထာဝရ တာအို၏ သဘောတရားကို ဓားတာအိုဖြင့် ချိုးဖျက်နိုင်ပြီး ‘ဓားတန်ခိုးရှင်’ ဘွဲ့ ရယူထားခြင်း ဖြစ်သည်။

“ ချီလင်ဓားတန်ခိုးရှင် ... မင်းဘယ်သူနဲ့ တွေ့ချင်တာလဲ ... ငါသိနိုင်မလား။ ”

နတ်မဟာမိတ်အဖွဲ့၏ အကြီးအကဲက မေးသည်။ ဤလူသည် အာကာသ လမ်းအပေါ် နှောင့်ယှက်ခဲ့သော်လည်း မရိုမသေ မပြုဝံ့ချေ။

“ ပန်းသင်္ချိုင်း ... ။ ”

ချီလင်ဓားတန်ခိုးရှင်၏ အဖြေကြောင့် လူအုပ်ကြီးက အချင်းချင်း ပြန်ကြည့်မိကြသည်။ နောက်ဆုံးတွင် ပန်းသင်္ချိုင်း အမည်ကို မသိသူ မရှိခဲ့ချေ။

ကောင်းကင်ဘုံ ဧည့်ခံပွဲပြီးနောက် သူ့နာမည်မှာ ဘုံသုံးထောင်ထိတိုင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားများစွာကပင် သူ့ကို သတိ ထားမိပြီဖြစ်၏။

“ ကောင်းကင်ဘုံ ဧည့်ခံပွဲရဲ့ ချန်ပီယံ၊ ပန်းသင်္ချိုင်း အကြောင်း ပြောနေတာလား။ ”

နတ်မဟာမိတ် အဖွဲ့၏ အကြီးအကဲမှ ထပ်မံ အတည်ပြုလိုက်သည်။

“ နောက်ထပ် ... ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ ... ရပြီ သူ့ကို ငါတွေ့ပြီ ... ။ ”

ချီလင်ဓားတန်ခိုးရှင်၏ အကြည့်များက လင်းယွန်ပေါ်သို့ ကျရောက် သွားတော့သည်။ ထို့ကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူအုပ်မှာ တိမ်းဖယ်လိုက်ကြ၏။

လင်းကျန်းရှန်မှတပါး မည်သူမျှ မရှိတော့ချေ။ ကွက်လပ် ဖြစ်သွားလေသည်။

“ သူလား ... ။ ”

“ သူက ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေး နတ်ဘုရားကို ... ငြင်းဆိုခဲ့တယ်လို့ ငါကြားတယ်။ ”

“ တကယ့်ကို ထူးဆန်းတယ် ... သူသာ တပည့်ဖြစ်ချင်ရင် ကောင်းကင်တံခါး နတ်သား ဖြစ်လာမှာ သေချာတယ်။ ”

လူတိုင်းက ကောင်းကင် ဧည့်ခံပွဲ ချန်ပီယံသည် ဤမျှလောက် နိမ့်ကျသော အသွင် ယူထားလိမ့်မည်ဟု မမျှော်လင့် ထားကြချေ။

နတ်မဟာမိတ်အဖွဲ့ အကြီးအကဲ တစ်ယောက် ခက်ခဲသော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

“ ချီလင်ဓား တန်ခိုးရှင် ... လင်းယွန်က ဘိုးဘေးနတ်ဘုရားကို ငြင်းဆိုခဲ့တယ်ဆိုပေမယ့် ကောင်းကင်တံခါးက သူ့အပေါ် အကြွေးတစ်ခု တင်ထားတယ် ... မင်းသူ့ကို ထိဝံ့ရင် ... ဘိုးဘေးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ ”

တော်ဝင် ကောင်းကင် သခင်က အမှောင်ထဲမှ လှမ်းထွက်လာရသည်။ သူ့အသွင် အပြင်သည် စိတ်ဓာတ်ကျနေ၏။ လင်းယွန်ကို စေလွှတ်ခြင်း ပြီးဆုံးတော့မည်ဟု ယူဆနေစဉ် ပြန်လည် ဆွဲခေါ်ခံရခြင်း ပေပင်။

ထိုဓားသည် ကြောက်မက်ဖွယ် ကောင်းလှပြီး သူသည်လည်း မခံနိုင်ချေ။ သူက ကောင်းကင်တံခါး၏ ဘိုဘေးဟူသည့် အမည်ကို သုံးစွဲလိုက်သော်လည်း ချီလင်ဓား တန်ခိုးရှင်က ကြောက်ပုံမပြဘဲ၊

“ လူငယ်တွေ ကြားက ကိစ္စတွေကို ... ဘာလို့ အာရုံစိုက်နေတာလဲ မင်းရဲ့ ကောင်းကင် တံခါးက သူ့ကို ဝင်ခွင့် မပေးတဲ့အတွက် ငါခေါ်ဖို့ လာခဲ့တာ ... ဒါဆို မင်းက ဘာလို့ တားဆီးချင် နေရတာလဲ။ ”

-ဟု ပြန်လည် မေးခွန်းထုတ်လိုက်၏။

ထိုစကားကြောင့် လူတိုင်း အံ့အားသင့် သွားကြသည်။ ဤနေရာတွင် ပြဿနာ ရှာရန် မဟုတ်ဘဲ တပည့်အဖြစ် ခေါ်ဆောင်ရန် လာခဲ့ကြောင်း သိရှိလိုက်ကြ၏။

ချီလင်ဓား တန်ခိုးရှင်က ပြုံးပြီး၊

“ ကောင်လေး ... မင်း ဘိုးဘေး နတ်ဘုရားကို ငြင်းလိုက်တာ ငါ မအံ့သြပါဘူး ... သူက ဓားသမားမှ မဟုတ်တာ ငါနဲ့လိုက်ခဲ့။ ”

-ဟု စကား လှည့်ပြောလာ၏။

“ တခြား ကိစ္စတွေ ရှိသေးတယ် ... ငါ မလိုက်နိုင်ဘူး ... ပြီးတော့ ငါ့မှာ ဆရာရှိတယ် နောက်ထပ် ဆရာ မလိုတော့ဘူး။ ”

လင်းယွန်မှ ခက်ထန်သော အသွင်ဖြင့် ပြန်လည် ပြောကြား လိုက်လေသည်။

“ ဒါဆို ... မင်း ငါ့တပည့် အဖြစ် ... မခံယူချင်လည်း ရတယ် ... ဒါပေမယ့် ငါ့ဆီမှာ ကျင့်ကြံပါ ... ဓားထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး။ ”

ချီလင်ဓားတန်ခိုးရှင်က မျက်လုံးများ ပို၍တောက်ပလာပြီး လင်းယွန်ကို အတင်း ဆွဲခေါ်ရန် ပြင်လိုက်သည်။

“ ရပ် ... ။ ”

တော်ဝင် ကောင်းကင် သခင်က လင်းယွန်ရှေ့ ဝင်ရပ် လိုက်လေသည်။ သို့သော် တစ်ဖက်လူက ဓားအလင်းဖြင့် တောက်ကာ သူ့ကို အလွယ်တကူ ဖယ်ရှားလိုက်၏။

“ ဘုန်း ... ။ ”

တင်းပုတ်ဖြင့် အထုခံလိုက်ရ သကဲ့သို့ ရင်ဘတ်တစ်ခုလုံး အောင့်မြက်သွားပြီး လွင့်စဉ် သွားတော့သည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် အဖြူဝတ် လူငယ်တစ်ဦးက လင်းယွန်နှင့် လင်းကျန်းရှန့် ပခုံးကို ဆွဲကိုင်ကာ ကြယ်စင် လေ့လာရေးစင်မြင့်မှ ဝေးရာသို့ ရွေ့လျားလိုက်၏။

“ ဟား ဟား ဟား ... အဘိုးကြီး စိတ်ပျက်စရာကောင်းတဲ့ မင်းရဲ့ ဓားပညာကို တခြားလူဆီ သင်ပေးချင် နေတာလား။ ”

အဖြူဝတ်လူငယ်က ရယ်မောလျက် ​မေးခွန်းထုတ်လိုက်သည်။

“ ဖန် ချင်း ယု ... ။ ”

လူငယ်ကို မြင်ချိန်၌ လင်းယွန်တစ်ယောက် အံ့သြသွားတော့၏။

“ မင်းက ... ကောင်းကင် တံခါးမှာ ... ဒီမီဂေါ့ဝိုင်ကို ခိုးနေတာ မဟုတ်ဘူးလား ဘာလို့ ဒီရောက်လာတာလဲ။ ”

“ ငါ ... မင်းကို စိတ်ပူလို့။ ”

ဖန်ချင်းယုက ပြုံးပြီး ပြန်ဖြေလာ၏။

***

All Chapters