အိုင်းရစ် ... ။
Vol. 173 Ch. 2418
ထိုလူရွယ်သည် အပြာရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး ပန်းချီကားတစ်ချပ် အလား သေသပ်သော အသွင်အပြင်မျိုး ရှိ၏။
လင်းယွန် သိသည်မှာ အဘိုးကြီး အသွင်အပြင်ဖြစ်သည်။ သို့သော် ဤအရာသည် နတ်ဘုရားနယ်ပယ် ရောက်ပြီးနောက် ဖြစ်ပေါ် လာသည့် အပြောင်းအလဲ ဖြစ်နိုင်၏။
ယုတ္တိဗေဒနည်းအရ ပြောရမည်ဆိုသော် နတ်ဘုရားများ သို့မဟုတ် သူတော်စင်များပင် ၎င်းတို့၏ နုပျိုသော ပုံစံကို ထိန်းထားနိုင်၏။ မတုန်လှုပ် သင့်ချေ။
“ ရှန့်အာ ... ဒါက ငါ့သူငယ်ချင်းပဲ ... ပြီးတော့ သူ့ရဲ့ကျင့်ကြံမှုက နတ်ဘုရင် နယ်ပယ် ရောက်နေပြီ ... နှုတ်ဆက်လိုက်။ ”
အသူရာ ကောင်းကင် သခင်မှ ပြုံးပြီး မိတ်ဆက်ပေးသည်။ နတ်ဘုရင် နယ်ပယ်သည် နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ဖြစ်ပြီး ၎င်းအထက်၌ ဘိုးဘေးနယ်ပယ် ရှိ၏။
ထို့ကြောင့် ဤလူသည် နက်နဲပြီး နားမလည်နိုင်ဟု အဘယ့်ကြောင့် ခံစားခဲ့ရ သည်ကို လင်းကျန်းရှန့် တစ်ယောက် နားလည်လာခဲ့သည်။
သူမက လျင်မြန်စွာ ဦးညွှတ်လျက်၊
“ နတ်ဘုရင်ကို လေးစားပါတယ်။ ”
-ဟု နှုတ်ဆက်လိုက်၏။
လူရွယ်က သူမကို ခေါင်းညိတ်ပြပြီး လင်းယွန်ထံ လှည့်ကြည့်သည်။ နှစ်ယောက် အကြည့်ချင်းဆုံသောအခါ လင်းယွန်ခန္ဓာကိုယ် အတွင်းရှိ ဆေးအိုးကြီးက ပြင်းစွာ တုန်ခါလာ၏။
“ သူက … ။ ”
အသူရာ ကောင်းကင် နတ်သခင်က မိတ်ဆက်ပေးရန် ပြင်သည်။ သို့သော် လူရွယ်က ပြုံးပြီး၊
“ မိတ်ဆက်ပေးစရာ မလိုပါဘူး ... ငါသိတယ် ငါက သူ့ဆရာ မဖြစ်နိုင်ပေမယ့် အမွေပေးပြီး သူ့ကို လမ်းပြပေးဖူးတယ်။ ”
-ဟု စကား ဖြတ်ပြောလိုက်သည်။
“ ဒီလို ဇာတ်လမ်းမျိုးတွေ တကယ် ရှိတာလား။ ”
အသူရာ ကောင်းကင် နတ်သခင်က ထိတ်လန့် သွားသည်။ သူမအဖေ မိတ်ဆွေသည် ခွန်လွန်နယ်မြေမှ ဖြစ်ကြောင်း သိရှိလိုက်ရသည့် လင်းကျန်းရှန့်အတွက်မူ စကားများ ပျောက်ဆုံးသွားချေပြီ။
ပထမ လင်းယွန်၊ ဒုတိယ အဖြူဝတ် ဓားသမား ဖန်ချင်းယု၊ ယခု နတ်ဘုရင် စသည့် တုန်လှုပ်ဖွယ် တန်ခိုးရှင်များ ပေပင်။
လင်းယွန်က ဦးညွှတ်ပြီး၊
“ မင်္ဂလာပါ စီနီယာ ... မင်းက တကယ့် အိုင်းရစ်ဓား သူတော်စင်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါ့ကိုယ်ပွားတွေ ခွန်လွန်မှာ ငါးယောက် ထားခဲ့တယ် ... မင်းဘယ်နှစ်ယောက် မြင်ဖူးလဲ ... ဘယ်နေရာမှာလဲ။ ”
“ အနန္တ သင်္ချိုင်း တောင်ကြား ... ။ ”
လင်းယွန်က ပြန်ဖြေသည်။ အသူရာ နတ်သခင်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံး၏။
“ အိုင်းရစ် ... မင်းမှာ အစီအစဉ် တစ်ခု ရှိနေပုံရတယ် ... ဒါဆို ငါမင်းတို့ နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူး။ ”
“ ဘာအစီအစဉ်မှ မရှိပါဘူး ... အစက ခွန်လွန်ရဲ့ အခြားတစ်ယောက်လို့ ထင်နေတာ သူ ဖြစ်မယ်လို့ မမျှော်လင့်ထားမိဘူး ... ဒါက တိုက်ဆိုင်မှု တစ်ခုပါ။ ”
အိုင်းရစ် ဓားသူတော်စင်က ပြုံးကာ ပြန်ပြောသည်။
“ ကောင်းပြီ၊ မင်းတို့ ပြောကြ ... ။ ”
အသူရာ ကောင်းကင် နတ်သခင်က လင်းကျန်းရှန့်ကို ခေါ်ဆောင်ကာ ထွက်ခွာ သွားတော့၏။
“ သူတို့က အသိတွေလား ... ။ ”
လင်းကျန်းရှန့်က မေးသည်။
“ ငါ မသိဘူး ... သူတို့ နှစ်ယောက်က အဆက်အသွယ်ရှိတယ် မင်းရဲ့ ဒီသူငယ်ချင်းက ဘိုးဘေး နတ်ဘုရားကို သူ့ဆရာ အဖြစ် မခံယူခဲ့တာ ...
... အဆိုးကြီးတော့လည်း မဟုတ်ပါဘူး ... ဒါက သူ့အတွက် အခွင့်အလမ်း တစ်ခု ရှိနေပုံ ရတယ်။ ”
လင်းကျန်းရှန့်က ပြန်လှည့် ကြည့်မိ၏။ အိုင်းရစ်ဓားနှင့် လင်းယွန် အတူတူ ထိုင်နေ သည်ကို မြင်လိုက်ရသည်။
လင်းယွန်တွင် ပြောစရာများ များစွာ ရှိသော်လည်း အစကို ရှာမရခဲ့ချေ။ ထို့ကြောင့် အိုင်းရစ်ဓားကို ငေးကြည့်နေမိသည်။
“ ငါ့ကို ဒီလိုကြည့်နေတာ ရိုင်းတယ် မဟုတ်လား ... မေးစရာရှိရင် မေးလို့ရပါတယ် အခု ငါက မူလပါ ကိုယ်ပွား မဟုတ်ဘူး။ ”
“ ဒါဆို ဘယ်လို ခေါ်ရမလဲ။ ”
လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“ ငါ့ကို အိုင်းရစ် ဒါမှမဟုတ် စီနီယာလို့ ခေါ်နိုင်တယ် ... ငါဒီမှာ သုံးရက်ပဲ နေနိုင်တာမို့ ပိုပြီး တိုက်ရိုက်ပြောပါ။ ”
“ သုံးရက်လား ... မနည်းဘူးလား။ ”
“ ပထမက တစ်ရက်ပဲနေဖို့ စီစဉ်ထားတာ တစ်ယောက်ယောက်က ငါ့ကို ရှာတွေ့သွားရင် အန္တရာယ် ရှိတယ်။ ”
“ ရန်သူတွေလား ... ။ ”
“ ဟုတ်တယ် ငါ့ဆရာရဲ့ ရန်သူတွေ ... သူတို့က ငါ့ကို ဘိုးဘေး နတ်ဘုရား ဖြစ်လာမှာ မမြင်ချင်ကြဘူး။ ”
အိုင်းရစ်ဓား သူတော်စင်၏ ဆရာမှာ နဂါးပြာဘိုးဘေး ဖြစ်၏။ ထို့ကြောင့် ရန်သူများ မည်မျှ အစွမ်းထက်မည်ကို စိတ်ကူး မယဉ်နိုင်ချေ။
“ နတ်ဘုရားကို ဘယ်လို သတ်လိုက်တာလဲ။ ”
“ ငါ ကံကောင်းခဲ့တာပါ ... အဲဒီ အတွက်လည်း အရမ်းကြီးမားတဲ့ တန်ကြေး တစ်ခု ပေးခဲ့ရတယ် ... ရွေးချယ်စရာ ရှိရင် မလုပ်ဖို့ အကြံပေးမိမယ်။ ”
လင်းယွန်က သံသယ မျက်ဝန်းများဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
“ သေမျိုးက သူတော်စင်ကို ... မသတ်နိုင်သလို သူတော်စင်ကလည်း နတ်ဘုရားကို မသတ်နိုင်ဘူး။ ”
ဤသဘောတရားကို လင်းယွန်က နားလည်နိုင်သည်။ သူတော်စင်သည် သေမျိုး များထက် ဆယ်ဆ ပိုမိုအားကောင်းသည့် သူတော်စင် စွမ်းအင်ကို ပိုင်ဆိုင်၏။
ခွန်အားကို သူတော်စင် တာအိုဖြင့်လည်း မြှင့်တင်နိုင်မည်။ ဆိုလိုသည်မှာ လက်ရှိအချိန်၌ လောကနိယာမ နယ်ပယ်မှ မည်သူမျှ သူ့အပေါ် ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ချေ။
“ နိဗ္ဗာန် တာအို ကြောင့်လား။ ”
“ မှန်တယ် ... ဒါပေမယ့် အကုန်တော့ မဟုတ်ဘူး ... ရတနာတစ်ခုရဲ့ အကူအညီလည်း ရယူခဲ့တယ် ... အရမ်း စျေးပေးခဲ့ရတယ် ... ဒါတောင် နတ်ဘုရားက မသေဘူး ...
... ဒဏ်ရာ ပြင်းထန်ရုံပဲ ရှိတယ် ... ဂုဏ်ယူစရာ ဘာမှ မရှိဘူး ... ဘုံသုံးထောင်မှာ နတ်ဘုရားတစ်ပါးကို သတ်နိုင်တဲ့ ...
... သူတော်စင် တစ်ပါးမှ မရှိတော့ ငါ့ဇာတ်လမ်းက ချဲ့ကား ချီးမွန်း ခံလိုက်ရတာ သိပ်လည်း အထင် မကြီးနဲ့ ... ။ ”
ဧကရာဇ်များသည်ပင် နတ်ဘုရားကို သတ်ရန် ခက်ခဲသည်။ ထို့ကြောင့် သူတော်စင် တစ်ပါးအတွက်မူ ဆိုဖွယ်မရှိချေ။
သို့သော် အိုင်ရစ်ဓား သူတော်စင်က ရတနာကို အားကိုးခဲ့သဖြင့် ဤလုပ်ရပ်အပေါ် ဂုဏ်ယူဖွယ် မရှိဟု ဆိုနေသည်။
“ ငါရော လုပ်နိုင်ပါ့မလား ... သူတော်စင်နယ်ပယ်နဲ့ နတ်ဘုရားကို သတ်ချင်တယ်။ ”
“ မင်းလား ... မလုပ်နိုင်ဘူး။ ”
အိုင်းရစ်က ပြုံးပြီး ချက်ချင်း ပြန်ဖြေ၏။
“ စီနီယာ ... မင်းက တကယ့်ကို ရက်စက်တယ်။ ”
လင်းယွန်က အဆင်မပြေစွာ ပြုံးလိုက်သည်။
“ ဒါကြောင့် သုံးရက်လောက်နေဖို့ ငါဆုံးဖြတ်လိုက်တာ။ ”
“ ဒါဆို ... ။ ”
လင်းယွန်က စိတ်လှုပ်ရှား လာ၏။
“ ဟုတ်တယ် ... ။ ”
အိုင်းရစ်ဓား သူတော်စင်က ခေါင်းညိတ်လိုက်ပြီး၊
“ မင်းက နိဗ္ဗာန် တာအိုကို ဆုပ်ကိုင်ထားတယ် ... တခြားလူတွေ မင်းကို သင်ပြဖို့ ခက်ပေမယ့် ငါတတ်နိုင်တယ်။ ”
လင်းယွန်က ဝမ်းသာသွားသည်။ အကြောင်းမှာ နိဗ္ဗာန် တာအိုကို နတ်ဖီးနစ် တောင်တန်း သခင်သည်ပင် လမ်းညွှန် ပေးနိုင်ခြင်း မရှိချေ။
“ စီနီယာ ... ငါ့မှာ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်။ ”
“ မေးပါ ... ။ ”
“ စီနီယာရဲ့ ခွန်အားနဲ့ ... ဘာလို့ ခွန်လွန်ကို ထားခဲ့ရတာလဲ။ ”
“ ခွန်လွန်မှာ ဘိုးဘေးအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... ပြီးတော့ ခွန်လွန်ကို ငါ မထားခဲ့ပါဘူး လွန်ခဲ့တဲ့ အနှစ် သုံးထောင်က အမွေကိုးပါးတောင် ချန်ထားပေးခဲ့တယ်။ ”
“ ဧကရာဇ် ကိုးပါး ... ။ ”
လင်းယွန်က မျက်နှာ ပြောင်းသွား၏။
“ ဟမ့် ... မင်းဘာပြောတာလဲ ... ။ ”
အိုင်းရစ်ဓားသူတော်စင် တစ်ယောက် နားရှုပ်သွားလေသည်။
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က အမှောင်ခေတ်ကို အဆုံးသတ်ခဲ့တဲ့ လူ (၉)ဦး ထွက်ပေါ်လာခဲ့တယ် …။ ”
လင်းယွန်က ဧကရာဇ်ကိုးပါး၏ ဇာတ်လမ်းကို ဓားသူတော်စင်နှင့် မျှဝေခဲ့သည်။
“ ကောင်းကင် နဂါးအရိုး ... ၊ ဘဝ-မရဏပန်းချီ ... ကောင်းကင် ကံကြမ္မာစီရင်ချက် စတဲ့ ... အမွေကိုးပါးကို ငါချန်ခဲ့တာ ... ဒါပေမယ့် အခု ကြည့်ရတာ ...
... ငါစီစဉ်ထားတာနဲ့ မတူတော့ဘူး ထင်တယ် ငါက နဂါးတံခါးအတွက် မျှော်လင့်ပြီး ထားခဲ့တာ နတ်နဂါးအင်ပါယာကို ဖန်ဆင်းဖို့ မဟုတ်ဘူး ... နဂါးတံခါးဆိုရင် လူတိုင်းက ...
... အိပ်မက်တွေနောက် လိုက်နိုင်တယ် ... နတ်နဂါး အင်ပါယာကတော့ နယ်မြေ အုပ်စိုးဖို့ အာရုံစိုက်တယ်။ ”
အိုင်းရစ်ဓား သူတော်စင်က သက်ပြင်းချလျက်၊
“ ငါချန်ထားခဲ့တဲ့ အမွေတွေက ... မင်းအတွက် အတားအဆီး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ”
“ အဲဒီအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး လူတစ်ယောက်ရဲ့ နှလုံးသားကို ခန့်မှန်းရ ခက်ပါတယ် စီနီယာ။ ”
လင်းယွန်က နှစ်သိမ့်လိုက်သည်။
“ မင်းအတွက် ငါလုပ်ပေးမယ် ... သူတို့ ရခဲ့တဲ့ အမွေတွေကို ပြောပြပေးမယ် ... တစ်နေ့ မင်းလမ်းပေါ် ရောက်လာတဲ့ အခါ စိုးရိမ်စရာ မရှိတော့ဘူး။ ”
ထိုစကားကို ကြားသောအခါ လင်းယွန်၏ မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ ဧကရာဇ် ကိုးပါး၏ အားနည်းချက်များကို ဆိုလိုခြင်း ဖြစ်၏။
“ ကျေးဇူးတင်ပါတယ် ... ။ ”
လင်းယွန်က ဦးညွှတ်လိုက်သည်။
“ နောက်ထပ် ... မေးခွန်းတစ်ခု ရှိပါသေးတယ် ... ငါ့မှာ ရတနာတစ်ခု ရှိတယ် အဲဒါကို အကျိုးဆက် အများကြီး ခံယူစရာ မလိုဘဲ သုံးဖို့ နည်းလမ်းရှိသလား။ ”
လင်းယွန်က ကောင်းကင် ချပ်ဝတ် အကြောင်း ရှင်းပြလိုက်သည်။
“ ဒီအတွက် အနည်းဆုံးတော့ မင်းက မဟာသူတော်စင် အဆင့်မှာ ရှိနေမှရမယ်။ ”
“ အဝေးကြီး လိုသေးတယ်။ ”
လင်းယွန်က ကူကယ်ရာမဲ့စွာ ညည်းတွား လိုက်သည်။
“ ဘာတွေ တွေးနေတာလဲ ... ဒါက အုပ်စိုးရှင် သူတော်စင် ရတနာထက် သာလွန်တဲ့ ရတနာပဲ ... အထွတ်အထိပ် ဧကရာဇ်တောင် အသုံးပြုဖို့ ခက်တယ် ... မိုးပြာ နဂါး သခင်ရဲ့ လက်ထဲမှာ နတ်ဘုရားကိုတောင် ရင်ဆိုင်နိုင်တယ်။ ”
သို့တိုင် လင်းယွန်က စိတ်ပျက် နေသေး၏။ ၎င်းကို သုံးနိုင်သော် သူ၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာမည် ဖြစ်သည်။
“ ဒါပေမယ့် ငါ ကန့်သတ်ချက်တွေကို ပြင်ပေးမယ် ဒါက သူ့စွမ်းအား တစိတ်တပိုင်း ထုတ်လွှတ်နိုင်မှာပါ ... ။ ”
ဤသည်မှာ သတင်းကောင်းတစ်ခု ဖြစ်သည်။
“ ဖြစ်နိုင်ရင် မင်းအနေနဲ့ သုံးသင့်ဘူး ... တစ်ခါသုံးပြီးပြီ ဆိုတော့ နောက်တစ်ကြိမ်သာ ထပ်သုံးရင် အကျိုးဆက်က ခံနိုင်ဖို့ ခက်ခဲလာလိမ့်မယ်။ ”
လင်းယွန်က အပြုံး မပျက်ချေ။ သူ အသက်ရှင်နေသရွေ့တော့ ပြဿနာ မဟုတ်ဟု ခံယူထားသည်။ ဆရာ သခင်ကို ကူညီနိုင်သော် ကျင့်ကြံမှု ဆုံးရှုံးသည့်တိုင် ထိုက်တန်၏။
“ ဒီမှာ ရပ်ရအောင် ... ငါ အသူရာ ကောင်းကင်နဲ့ ... စကားပြောစရာတွေ ရှိတယ်၊ မင်း ပြန်ချင်ရင် သူ့အကူအညီ အများကြီး လိုတယ်။ ”
အိုင်ရစ်ဓားသူတော်စင်က ထရပ် လိုက်သည်။ လင်းယွန်က ချီတုံချတုံ ဖြစ်လာပြီး အဆုံးတွင် ထုတ်မေးလိုက်တော့၏။
“ ခဏနေပါဦး စီနီယာ ... အဲဒီတုန်းက ရေခဲဖီးနစ် စာကလေးကို နှစ်တစ်သိန်းတိတိ ဘာလို့ ချိပ်ပိတ်ထားရတာလဲ။ ”
***