ပြင်ဆင်မှုများ ... ။
Vol. 173 Ch. 2419
အိုင်းရစ်ဓား သူတော်စင်က လှည့်ကြည့်သည်။
“ သူ နိုးပြီလား ... အခု ဘယ်လိုနေလဲ။ ”
“ နိုးနေပြီ ... သူက ထက်မြက်တယ် ... သူ့ခန္ဓာကိုယ်ကို မိုးပြာနဂါးဘုရင်ရဲ့ ... အရိုးနဲ့ ပြန်ဖွဲ့စည်းထားတယ်၊ ဒေါသကြီးတယ် ဝါကြွားတယ် သူ့ကိုယ်သူ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီလို့ အမြဲ ...
... ပြောတယ် ဒါပေမယ့် တစ်ချိန်လုံး ငိုဖို့ချောင်းနေတဲ့ ကလေး တစ်ယောက်လို ပါပဲ၊ ပြီးတော့ သူက အရမ်း သဘောထား သေးသိမ်တယ်။ ”
ခရမ်းငယ် အကြောင်း ပြောနေချိန်၌ လင်းယွန်မျက်နှာတွင် အပြုံးပန်းများ ဝေနေ ခဲ့သည်။ လွမ်းစပင် ပြုလာ၏။
“ ဒီကောင်မလေးက အရင်အတိုင်းပဲ ... ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီဆိုတာ သူ ကြွားဝါနေတာ မဟုတ်ဘူး။ ”
“ အရင်တုန်းက ... သူ ဘာအပြစ်တွေ လုပ်ခဲ့လို့လဲ ... သူ့မှတ်ဉာဏ် ပျောက်ဆုံးနေပြီ ဒါက တစ်ယောက်ယောက် တံဆိပ်ခတ် ထားတာလား ... ။ ”
“ ဟုတ်တယ် သူ့အတိတ်ကို ငါပဲ တံဆိပ်ခတ်ထားတာ ... သူ ဘာအမှားမှ မလုပ် ခဲ့ပါဘူး ... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းက ရေခဲဖီးနစ် မျိုးရိုးတစ်ခုလုံး ဝိညာဉ် နတ်မိစ္ဆာ မျိုးရိုးကြောင့် သေဆုံးကြရတယ် ...
... ဒါကြောင့် တစ်ကောင်တည်း ကျန်ခဲ့တဲ့ တစ္ဆေ မီးတောက် နတ်သခင်က ကလဲ့စားချေဖို့ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း တားမြစ် နည်းစနစ်ကို ကျင့်ကြံခဲ့တယ်၊ ...
... ပြီးတာနဲ့ ကောင်းကင်ဘုံ တရား စီရင်ရေးဧကရီဘွဲ့ကို ခံယူပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို သတ်တယ် ... အဆုံးမှာတော့ အပြစ်တွေနဲ့ ပြည့်နှက်ပြီး သူလည်း သေဆုံးသွားရတယ်။ ”
“ သေသွားတာလား ... ။ ”
လင်းယွန် အံ့သြသွားသည်။
“ ဟုတ်တယ် သူ့ဝိညာဉ် ပျောက်ကွယ် မသွားခင် သူရဲ့ မှတ်ဉာဏ်ကို တံဆိပ်ခတ်ပစ်ပြီး အိုင်းရစ်ဓားသေတ္တာထဲ ငါထည့်လိုက်တယ် ... အခုလို မမှတ်မိတာ သူ့အတွက် ကောင်းတယ် ဒါကြောင့် ဒီအကြောင်းကို မပြောပြနဲ့။ ”
အိုးရစ်ဓား သူတော်စင်က ရှင်းပြ၏။ ရေခဲဖီးနစ် မျိုးရိုးတစ်ခုလုံး အသတ် ခံခဲ့ရခြင်း ဟူသည် ခရမ်းငယ်အတွက် မည်မျှ နာကျင်ဖွယ် ကောင်းမည်ကို စိတ်ကူး ကြည့်နိုင်သည်။
“ ဟုတ်ကဲ့ ... ။ ”
“ အဲဒီတုန်းက ... ငါ သူ့ကို တံဆိပ်ခတ်လိုက်တဲ့ အချိန်မှာ သူ့ဝိညာဉ်က မပြည့်စုံတော့ဘူး ဒါကြောင့် နိုးခြင်း မနိုးခြင်းက သူ့ ကံကြမ္မာပဲ ...
... အခုလို နိုးထလာတော့လည်း ဒါက ကောင်းချီးတစ်ခုပါ ... သူ့ကို ကောင်းကောင်း မွန်မွန် ဆက်ဆံပါ ... ဖီးနစ် တစ်ကောင်ရဲ့ နှလုံးသားက အရမ်းသေးတယ် ... သူ မင်းကိုပဲ ရင်ဘတ်ထဲ ထည့်ထားနိုင်လိမ့်မယ်။ ”
နှစ်ယောက်သား ခရမ်းငယ်ကို ပြန်လည်မြင်ယောင်ကာ ပြုံးလိုက်မိကြသည်။
“ စီနီယာ … ။ ”
လင်းယွန်က တစ်ခုခုကို ပြောချင်နေသေး သော်လည်း အာကာသ ပုံပျက်ကာ အိုင်းရစ်ဓား ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
ဤရွေလျားမှု နည်းစနစ်သည် လေးနက်ပြီး အာကာသ တာအို မဟုတ်ကြောင်း သတိထားမိ လိုက်၏။
ဆိုလိုသည်မှာ နိဗ္ဗာန် တာအို အတက်အကျ လှိုင်းများ ဖြစ်ချေပြီ။
“ ဟမ့် ... လင်းကျန်းရှန့် ပြောတော့ အချိန်နဲ့အာကာသကို ကျွမ်းကျင်တဲ့ လူမှသာ ငါ့ကို ပြန်ပို့နိုင်တယ် မဟုတ်လား ... ကြည့်ရတာ လုံးဝ မှားနေပုံပဲ၊ အချိန်နဲ့ အာကာသကို နိဗ္ဗာန်က စေစားနိုင်နေပြီ။ ”
လင်းယွန်တစ်ယောက် အတွေးထဲသို့ နစ်မြုပ်သွားခဲ့သည်။ ၎င်းကို သင်ယူနိုင်သော် သူ့ ကြံ့ခိုင်မှု သိသိသာသာ တိုးလာနိုင်ပေမည်။
အိုင်းရစ် ဓားသူတော်စင်နှင့် အသူရာ ကောင်းကင် နတ်သခင်ကြား စကား ပြောဆိုမှု မည်မျှ ကြာမည်ကို မသိသောကြောင့် တရား ထိုင်ကာ အချိန်ကုန်ဆုံးစေခဲ့သည်။
သူသည် နဝမအဆင့် သူတော်စင် သခင် ဖြစ်လာပြီး အချိန်မရွေး သူတော်စင် ဘုရင်သို့ ဝင်ရောက်နိုင်ပေတော့မည်။
ဓားကျမ်း နှစ်ခုကို ဖြန့်ကျက်လျက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ စုပ်ယူနေ မိသည်။
နဝမအဆင့် သူတော်စင်သခင် ဟူသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းခြင်းဟု အဓိပ္ပါယ်ရ၏။
တစ်ဖက်တွင် အိုင်းရစ်နှင့် အသူရာ ကောင်းကင် နတ်သခင်က ဆွေးနွေးမှုများ စတင်နေကြသည်။
“ သူ့ကို ပြန်ပို့ဖို့ လွယ်မှာ မဟုတ်ဘူး ... မင်းဆုံးဖြတ်လိုက်ပြီလား တာအိုသခင် နေရာ အတွက် ယှဉ်ပြိုင်ရဦးမယ် ... ဒီနည်းလမ်းက မင်းရဲ့ တည်နေရာကို ဖော်ထုတ်ရာ ရောက်လိမ့်မယ်။ ”
အိုင်းရစ်ဓားက ခေါင်းညိတ်ပြီး၊
“ ငါ ဆုံးဖြတ်ပြီးပြီ ... အစီရင် ပြင်ဆင်မှု ဘယ်လိုရှိလဲ။ ”
“ ပြင်ဆင်ပြီးတာ ကြာပြီ ... ဒါပေမယ့် ခွန်လွန်ဘက်ခြမ်းက ခင်းကျင်းမှုကို ငါထိန်းချုပ် နိုင်မှာ မဟုတ်ဘူး။ ”
အသူရာ ကောင်းကင် သခင်သည် ဝိညာဉ်ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်ပြီး လက်ဗလာဖြင့် နတ်ရူရ်များကို ရေးထွင်း နိုင်သည်။
အိုင်းရစ်ဓား သူတော်စင်ပင် ဝိညာဉ် ရေးရာအစီရင် အခင်းအကျင်းများတွင် သူနှင့် မယှဉ်နိုင်ချေ။
“ ဒါကို မင်းစိုးရိမ်နေစရာ မလိုပါဘူး ... ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်ပေါ်က အစီရင်နဲ့ ချိတ်လိုက်ပါ ... ဒါပေမယ့် ...
... အကာအကွယ် အစီရင်တစ်ခုကို ထပ်ပြီးတော့ တည်ဆောက်ရမယ် နဝမတန်း နတ်အစီရင် အဆင့်ပဲ ... ။ ”
“ ဟမ့် ... မင်း ဒါကို နားလည်နေပြီလား။ ”
အသူရာ ကောင်းကင် နတ်သခင်က မျက်နှာပြောင်းသွားသည်။ ဘိုးဘေး နတ်ဘုရား ဖြစ်ရန် စီနီယာ ဘိုးဘေး နတ်ဘုရားများကို အနိုင်ယူရ၏။
ထာဝရတာအို တစ်ခုတွင် လူနှစ်ဦးမှ သုံးဦးအထိသာနေရာရှိပြီး ၎င်းမှတစ်စုံတစ်ဦးကို ဖယ်ထုတ်ပစ်ရပေမည်။
ဆိုလိုသည်မှာ အိုင်းရစ်သည် နိဗ္ဗာန်ကို နားလည်ထားသဖြင့် တာအိုသခင် ဖြစ်လိုပါက နိဗ္ဗာန်အပေါ် နားလည်သော ဘိုးဘေး တစ်ပါးပါးကို သတ်ပစ်ရမည် ဖြစ်သည်။
ထို့ပြင် နဂါးပြာ ဘိုးဘေး တပည့် ဟူသော ရာထူးသည်လည်း ပေါ့ပါးခြင်းမရှိချေ။ နေရပ်ကို ဖော်ထုတ်မိပါက လုပ်ကြံ ခံရနိုင်မည်။
အသူရာ ကောင်းကင် နယ်မြေတွင် အဋ္ဌမတန်း နတ်အစီရင်တစ်ခု ရှိနှင့်ပြီး ဖြစ်၏။ သို့တိုင် နဝမတန်းကို ခင်းကျင်းရန် အကြံပြု လာခဲ့သည်။
အိုင်းရစ်ဓား သူတော်စင်က ခေါင်းညိတ်ပြပြီး၊
“ သုံးရက် ... ငါတို့မှာ သုံးရက်ပဲ ... အချိန်ရှိမယ် ဒီသုံးရက်အတွင်း ငါသူ့ကို လမ်းပြ ပေးလိုက်မယ် နတ်အစီရင်အတွက် မင်းကိုပဲ အားကိုးရမယ်။ ”
ထိုစကားကြောင့် အသူရာ ကောင်းကင် သခင်က အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။ သူတို့တွင် အချိန်အများကြီး မရှိချေ။
“ ဒီမှာ ဒြပ်စင်ငါးပါး နတ်သစ်သား ... မင်းရဲ့သမီးအတွက် ငါ့လက်ဆောင်လို့ မှတ်ယူ ပေးပါ။ ”
အိုင်းရစ်ဓား သူတော်စင်က သစ်သား တစ်ချောင်းကို ထုတ်ယူကာ ပေးအပ်လာသည်။ ဒြပ်စင်ငါးပါးသည် ရှားပါးသောကြောင့် ၎င်းကို နားလည်ထားသည့် လင်းကျန်းရှန့် အတွက် ရတနာ တစ်ခု ဖြစ်သည်။
အသူရာ ကောင်းကင် သခင်က ပြုံးပြီး၊
“ ကြည့်ရတာ တကယ် ကံကောင်းပုံပဲ။ ”
-ဟု ရေရွတ်လိုက်၏။
ခွန်လွန်ရှိ နတ်ဖီးနစ် တောင်ပေါ်တွင် ဘိုးဘေးခန်းမထဲ၌ ဆီမီးများ ထွန်းထားကာ အကြီးအကဲများ အားလုံး မျက်လုံး ဖွင့်ကြည့် လိုက်ကြသည်။
မျက်စိရှေ့ရှိ မီးခွက်ကို မြင်မှသာလျှင် သက်ပြင်းချ လိုက်ကြ၏။ တောင်တန်း သခင်က ကျိကျစ်ရှီကို ထွက်ခွာမသွားမီ တံဆိပ် သုံးခုပေးအပ်ခဲ့သည်။
တံဆိပ် တစ်ခုကို ချေမှုန်းခြင်းဖြင့် ဤမီးခွက်လင်းကာ ကျိကျစ်ရှီ ဘေးကင်းနေ သည်ဟု အဓိပ္ပါယ်ရ၏။
မီးခွက်နှစ်လုံး လင်းသော် သူမသည် ဘိုးဘေး တပည့်ဖြစ်လာပြီး တတိယမြောက် မီးခွက်သည် သူမနှင့် လင်းယွန်တို့ ဘေးကင်းသည်ဟု ဆိုလိုချေပြီ။
များမကြာခင် ဒုတိယနှင့် တတိယ မီးခွက်များ ထွန်းတောက်လာ ပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့၏။
“ ကျစ်ရှီ အောင်မြင်ပြီ။ ”
“ ပန်းသင်္ချိုင်းက စိတ်ချရတယ် ... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းအတွင်း ငါတို့ အကြိမ်တိုင်း ကျရှုံးခဲ့တယ်။ ”
“ ကျစ်ရှီက ဘိုးဘေး နတ်ဘုရားရဲ့ တပည့်ဖြစ်လာပြီဆိုတော့ အနည်းဆုံး နှစ်ပေါင်း ငါးရာအတွင်းမှာ နတ်ဘုရား ဖြစ်လာလိမ့်မယ်။ ”
“ နောက်ဆုံးတော့ ခွန်လွန်ကနေ ငါတို့ ထွက်သွားနိုင်ပြီ ... ။ ”
ခန်းမထဲရှိ အကြီးအကဲများ အားလုံး မျက်ရည်များ စီးကျလာ၏။ သူတို့၏ ဆန္ဒများ ဖြည့်ဆည်း နိုင်တော့မည် ဖြစ်သည်။
တောင်တန်း သခင်နှင့် ခရမ်းငယ်တို့က ခန်းမအပြင်သို့ လှမ်းထွက်ပြီး ကောင်းကင်ပေါ် မော့ကြည့်ကာ ရွှင်မြူးနေကြသည်။
သူတို့ နှစ်ဦး မည်မျှ စိုးရိမ်ခဲ့ရသည်ကို သူတို့သာ အသိဆုံးဖြစ်၏။ ဤရက်များအတွင်း တစ်မှေးမျှ မအိပ်ကြချေ။
“ သခင်ဖီးနစ် ... သူတို့ အသက်ရှင်နေတယ်။ ”
တောင်တန်းသခင်က စိတ်လှုပ်ရှားစွာ ပြောသည်။
“ ဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး ... ဒါတွေအားလုံးက ငါမျှော်လင့်ချက် အတိုင်း ဖြစ်နေတာပါ။ ”
ခရမ်းငယ်က ဝံ့ကြွားစွာ ပြောကြား လိုက်သည်။ နတ်ဖီးနစ် တောင်တန်း သခင်က ပြုံးရုံသာ ပြုံးပြီး စကားပြန် မပြောတော့ချေ။
ဤကာလအတွင်း သခင် ဖီးနစ်သည် လက်သီးများ ဆုပ်ထားကာ သူ့ထက်ပင် ပို၍ ဂဏာမငြိမ် ဖြစ်နေခဲ့သည်ကို မည်သူမဆို သိချေ၏။
“ လင်းယွန်က သူ့ကတိကို ဖြည့်ဆည်းပေးပြီးပြီ ဆိုတော့ နတ်ဖီးနစ်တောင် ဘက်ကလည်း ... ။ ”
“ ဟုတ်ပါတယ် ... ဒီအတွက် စိတ်မပူပါနဲ့ သခင်ဖီးနစ် သက်တံဓားကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ”
“ ကျွန်တော်တို့လည်း အကောင်းဆုံး လုပ်သွားမှာပါ ... စိတ်ချနေပါ သခင် ဖီးနစ်။ ”
“ ဟုတ်ပါတယ်။ ”
ခန်းမထဲမှ အကြီးအကဲများ လှမ်းထွက်လာကြပြီး အလျင်အမြန် ကတိပေး လိုက်ကြသည်။ ၎င်းတို့သည် သူတော်စင်များ ဖြစ်ပြီး လေးဦးမှာ မဟာ သူတော်စင် ဖြစ်၏။
ခွန်အား အရာတွင် ခွန်လွန်ဘုံ၌ အတော်အတန် အားကောင်းသော ကျွမ်းကျင်သူ အဆင့် စာရင်းဝင်သည်။
“ နတ်ဖီးနစ်တောင်မှာ ဧကရာဇ် ရှိသလား။ ”
ခရမ်းငယ်က မေး၏။
“ ဧကရာဇ် အကြီးအကဲနှစ်ပါး ရှိပါတယ် ဒါပေမယ့် သူတို့ လှုပ်ရှားရင် ဧကရီ မပျော်မရွှင် ဖြစ်လာမှာကို ကြောက်မိတယ်။ ”
“ သူတို့ လှုပ်ရှားစရာ မလိုပါဘူး ... ဒါပေမယ့် ငါတို့ ပြင်ဆင်ထားဖို့ လိုတယ်။ ”
“ နားလည်ပါပြီ။ ”
ခရမ်းငယ်က လေးနက်စွာ ပြောကြား လိုက်သည်။ ခန်းမထဲရှိ မီးအိမ်ကို ပြန်ကြည့်ကာ တစ်ဖက်တွင် လင်းယွန်တစ်ယောက် မည်မျှ ခက်ခဲခဲ့မည်ကို သူ သိ၏။
ပြန်မလာ နိုင်သော် အကောင်းဆုံး ပေပင်။ ၎င်းကို ဤအရှုပ်အထွေးအတွင်း မပါဝင်စေလို သည်မှာ သူမ အတ္တ ဖြစ်သည်။
သက်တံဓား၏ ဒုက္ခသည် သူ့မျှော်လင့်ချက်ကို ကျော်လွန်နေသည့် ခြေရာ လက်ရာများ ရှာတွေ့ထားသည်။
အဆုံးတွင် ဧကရာဇ်များပင် လှုပ်ရှား လာနိုင်၏။ တစ်ဖက်တွင် ကြွေလွင့် နတ်ဘုရား တောင်ကြား၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။
ခရမ်း-ရွှေရောင် သရဖူ ဝတ်ဆင်လျက် ဆုစီယာက ကြောက်မက်ဖွယ် ကောင်းသော နဂါးအငွေ့အသက်ကို ထုတ်လွှတ်ထား၏။
အရိုးလက် တစ်ဖက်က သက်ရှိ တစ်ကောင်အလား သူမကို စောင့်ကြည့်ပြီး တုန့်ပြန် နေခဲ့သည်။
“ ကောင်မလေး၊ မင်း ရှုံးနိမ့်တာကို ဝန်ခံပါ။ ”
အရိုးလက်ထံမှ အသက်ကြီးသော အဖိုးအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“ ငါ့တံဆိပ်ကို ဖျက်ပြီး ... ဒီနေရာကို ထွက်သွားလို့ရအောင် ကူညီပေးပါ ... ငါမင်းကို တစ်ကြိမ် ကူညီဖို့ ကတိပေးနိုင်တယ်။ ”
သို့သော် ဆုစီယာမှာ မယုံချေ။ ဤအရိုးလက်သည် ကောက်ကျစ်ပြီး မာယာ များချေ၏။ ၎င်းကို သန့်စင်နိုင်ပါက သူမ ခွန်အား သိသိသာသာ တိုးပေမည်။
“ မင်းရဲ့ ... အကြွင်းမဲ့ နာခံမှုကိုပဲ ငါလိုချင်တယ် ... ခရမ်း-ရွှေရောင် နတ်နဂါး ... ငါ့အမိန့်ကို နာခံပါ။ ”
နဂါးဟောက်သံများ တောင်ကြား၌ ပဲ့တင်ထပ်လာစဉ် ဆုစီယာက လေထဲ ပျံဝဲပြီး အရိုးလက်ကို စတင် တိုက်ခိုက်တော့သည်။
***