← Chapters

လက်ရှိကျင့်ကြံခြင်းအဆင့်၏နောက်ဆုံးခြေလှမ်း

Vol. 95 Ch. 1331

လက်ရှိကျင့်ကြံခြင်းအဆင့်၏နောက်ဆုံးခြေလှမ်း

Vol. 95 Ch. 1331

အခန်း (၁၃၃၁) လက်ရှိကျင့်ကြံခြင်းအဆင့်၏နောက်ဆုံးခြေလှမ်း

လူတိုင်း၏ ယခင် ခန့်မှန်းချက်များ မှန်ကန်သွားခဲ့သည်။

ယခုတစ်ကြိမ် အမတခုံရုံးနှင့် ကြာပန်းဖြူ သုခဘုံတို့ကြားဖြစ်ပွားသော စစ်ပွဲက ယခင်ကဖြစ်ပွားခဲ့သော စစ်ပွဲများထက် ပိုမိုပြင်းထန်ပြီး ကြာမြင့်ခဲ့သည်။

နှစ်ပေါင်း နှစ်ဆယ်ကျော်လွန်သွားသော်လည်း စစ်ပွဲသည် မပြီးဆုံးသေးပေ။

စစ်ပွဲမစတင်မီအချိန်တွင် ကြီးမားသောထိုးနှက်ချက်ခံစားခဲ့ရသည့် အမတခုံရုံးက ထိခိုက်မှုခံစားခဲ့ရပြီး ကြာပန်းဖြူ သုခဘုံက အသာစီးရရှိနေခဲ့သည်။

ထို့ကြောင့် အမတခုံရုံးမှ ဆုတ်ခွာရန် ဖြစ်လာခဲ့၏။

သူတို့၏ဆုတ်ခွာမှုကို ရန်သူများ နှောင်းနှေးစေရန် နည်းဗျူဟာအဖြစ်အသုံးပြုကာ အမတခုံရုံးက သူတို့၏အနေအထားကို ဖြည်းဖြည်းချင်း ပြန်လည်ထူထောင်ရန် လုံလောက်သောအချိန်ကို ရယူနိုင်ခဲ့သည်။

ခံစစ်လိုင်းကို ချုံ့လိုက်ခြင်းဖြင့် သူတို့အတွက် လူအင်အားစုစည်းရန် ပိုမိုအထောက်အကူ ဖြစ်စေသည်။

အဖြူရောင်ကြာပန်း သုခဘုံမှ လူများကတော့ ဤသို့သောရှားပါးအခွင့်အရေးကို လက်မလွှတ်နိုင်သည်ဖြစ်ရာ အနားမယူဘဲ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှု စတင်ခဲ့ကြသည်။

သို့ဖြစ်ရာ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်း သုခဘုံတို့သည် အမတခုံရုံးနယ်နိမိတ်အနီးတွင် ရှေ့နောက်အပြန်အလှန် တိုက်ခိုက်နေခဲ့ကြပြီး မည်သူအနိုင်ရမည်ကို ဆုံးဖြတ်နိုင်ခြင်းမ ရှိခဲ့ကြပေ။

စစ်ပွဲအတွင်းများပြားစွာသော ပြင်ပတာအိုကျင့်ကြံသူများ ကျဆုံးခဲ့ကြပြီး ၎င်းတို့ထဲတွင် အမတခုံရုံးမှ နတ်ဘုရားအဆင့်တက်ရောက်ပြီးသော တန်ခိုးစွမ်းအားရှင်များစွာပါဝင်ခဲ့သည်။

သူတော်စင်ဘုံဘက်မှလည်း ရွှေခန္ဓာရရှိပြီးသား ဗုဒ္ဓဘာသာကိုယ်တော်များစွာ ကျဆုံးခဲ့ကြသည်။

ယခင်အချိန်က စစ်ပွဲများဆိုလျှင် ဤသို့သောအခြေအနေရောက်ရှိပြီးပါက ဖြည်းဖြည်းချင်းငြိမ်သက်သွားပြီး အခြေအနေများ တည်ငြိမ်လာမည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ကြာပန်းဖြူ သုခဘုံမှလူများက အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။ သူတို့က များပြားလှစွာသော အမတခုံရုံးကမ္ဘာများကို သိမ်းပိုက်နိုင်ခဲ့၏။

နှစ်ပေါင်း(၂၀)ဆိုသည်က ကျင့်ကြံခြင်းအဆင့်မြင့်မားသူများအတွက် ဘာမှမဟုတ်သော်လည်း သာမန်လူများနှင့် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများအတွက် မျိုးဆက်တစ်ခု ပေါ်ထွန်းရန် လုံလောက်သောအချိန် ဖြစ်သည်။

သို့ဖြစ်ရာ အဖြူရောင်ကြာပန်း သုခဘုံမှလူများက သူတို့သိမ်းပိုက်ရရှိသော အမတခုံရုံးကမ္ဘာများကို သူတို့၏ပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲရန် ရည်ရွယ်ခဲ့သည်။ ဤသို့ဖြင့် သူတို့၏ယုံကြည်မှုအား ပိုမိုတည်ငြိမ်စေမည် ဖြစ်၏။

အချိန်ကုန်လွန်လာသည်နှင့်အမျှ အဖြူရောင်ကြာပန်း သုခဘုံမှ သိမ်းပိုက်ထားသောကမ္ဘာများ၏ ယုံကြည်မှုစွမ်းအားက တိုက်ခိုက်စွမ်းအားကို ဖြည့်တင်းပေးခဲ့ပြီး သူတို့အား ဆက်လက်တိုက်ပွဲဝင်စေနိုင်ခဲ့သည်။

အမတခုံရုံးအနေဖြင့်လည်း အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။

သူတို့က အစပိုင်းတွင် ကြီးမားစွာထိခိုက်မှု ခံစားခဲ့ရပြီး သုခဘုံမှလူများကြောင့် အအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

အမတခုံရုံးအနေဖြင့် ထိခိုက်မှုမှ ပြန်လည်ထူထောင်ရန်ခက်ခဲပြီး ကြာမြင့်စွာ အချိန်ယူရမည် ဖြစ်၏။

ထို့ကြောင့် သူတို့က အလွန်အမင်း တောင့်ခံထားခဲ့ပြီး အဖြူရောင်ကြာပန်းသုခဘုံကို အဆုံးထိတိုက်ခိုက်ကာ သူတို့ပိုင်ဆိုင်သည့်နယ်မြေများကို အတင်းအကျပ် ကာကွယ်ခဲ့ကြသည်။

ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် သူတို့အနေဖြင့် လက်လျှော့ပေးရန် မည်သို့မှမတတ်နိုင်ပေ။ မည်မျှပင်ခက်ခဲပါစေ သူတို့က အတင်းအကျပ် သည်းခံပြီး တိုက်ပွဲဝင်ခဲ့ကြသည်။

ထို့ကြောင့် နှစ်ပေါင်း(၂၀)ခန့်ကြာပြီးသည့်တိုင် စစ်ပွဲက ငြိမ်သက်မသွားဘဲ ပိုမိုပြင်းထန်လာခဲ့သည်။

ဤအတိုင်းဆိုလျှင် နောက်ထပ် အနှစ်(၂၀) ဆက်လက်တိုက်ခိုက်ရလျှင်လည်း ပြဿနာရှိနိုင်မည် မထင်ပေ။

အမတခုံရုံးဘက်မှကူညီပေးသော ‘သူတော်စင်ဘုံ’ နှင့် သုခဘုံဘက်မှ ကူညီပေးနေသော ‘ချန်စန်းရှင်းဟိုင်စကြာဝဠာ’ တို့သည်လည်း တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်တိုက်ခိုက်နေကြသည်။

ရန်ကျောက်ကဲ၏ နောက်ဆုံးရသတင်းအရ တာအိုဝါဒမှ ‘ကောင်းကင်ဘုံအရှင်’ အဆင့် နှင့် နှိုင်းယှဉ်နိုင်သော တန်ခိုးစွမ်းအားရှင်များကို နှစ်ဖက်လုံးမှ စေလွှတ်တိုက်ခိုက်ခဲ့ကြသည်။

သူတို့က မိုးမြေပြောင်းပြန်လန်သည်အထိ တိုက်ခိုက်ခဲ့ကြပြီး ကမ္ဘာလောကကြီးပင် ကွဲကြေသွားမည့်အလား ထင်မှတ်ရသည်။

“ဒါကိုကြည့်ရရင်... အချိန်ကတဖြည်းဖြည်းအချိန်ကျလာတော့မယ် ၊ ကျွန်‌တော်တို့ရဲ့နောက်ဆုံးလုပ်ဆောင်ချက်ကို အကောင်အထည် ဖော်နိုင်တော့မယ်”

အဂ္ဂိရတ်ခန်းမ၏စကြာဝဠာ ၊ ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ရန်ကျောက်ကဲ ထိုင်နေပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လျှက် ‌ရေရွတ်လိုက်သည်။

နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ နှင့် ကျန့်ဟွာဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ တို့အပြင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးဖြစ်သော ရန်တိနှင့် နျဲ့ကျင်းရှန်တို့သည်လည်း နေရာတွင် ရှိနေကြသည်။

ဖန်းယွင်ရှန်းကတော့ တင်ပျဉ်ခွေထိုင်နေပြီး သူမ၏အနက်ရောင်ဓားရှည်ကို ဒူးများထက်တွင် တင်ထားသည်။

ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ကတော့ ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေလေ၏။

“ငါ ရွှမ်ဟွမ်ဧကရီနဲ့ တွေ့ဆုံခွင့်ရခဲ့တယ် ၊ သူပြောပုံအရဆိုရင်တော့ ဝူတန့်မယ်တော်က ဆိတ်ဆိတ်နေပြီး မင်းရဲ့အစီအစဉ်တွေကို လက်ခံကြောင်းပြတယ် ၊ ဒီတော့ သူက မင်းရဲ့အစီအစဉ်ကို ထောက်ခံမှာလည်းမဟုတ်သလို ဝင်စွက်ဖက်မှာလည်း မဟုတ်ဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါဖြင့် ကောင်းတာပေါ့”

တာအိုစကြာဝဠာမှ ထွက်ခွာလာရန် စီစဉ်ပြီးကတည်းက ရန်ကျောက်ကဲစိတ်ထဲ အစီအစဉ်များစွာရှိခဲ့သည်။

သူက အထက်ဘုံကမ္ဘာနယ်မြေများနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများသာမကဘဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်အတူ အခြားများပြားလှစွာသော အောက်ဘုံကမ္ဘာများကိုပါ တာအိုစကြာဝဠာမှ အဝေးသို့ ခေါ်ထုတ်သွားချင်ခဲ့သည်။

ရန်ကျောက်ကဲတို့အုပ်စုချည်းဆိုလျှင် လှုပ်ရှားသွားလာရန် မလွယ်ကူလှပေ။ ထို့ကြောင့် သတင်းအချက်အလက်ရရှိရန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အားကိုးရမည် မဟုတ်ပါလား။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း တာအိုစကြာဝဠာမှ ထွက်ခွာမည်ဆိုလျှင် ရန်ကျောက်ကဲအတွက် လုပ်ဆောင်ရန် အတော်လေး အဆင်မပြေနိုင်စရာများ ရှိသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ လူတိုင်းတာအိုစကြာဝဠာမှ ထွက်ခွာသွားမည့်အစီအစဉ်ကို ပိုမိုသဘောကျသည်။

တာအိုစကြာဝဠာမှ ခွဲထွက်မည်ဆိုလျှင် ရွှမ်ဟွမ်ဧကရီနှင့်အခြားသူများကဲ့သို့ ခေါင်းမာသော သဘောထားရှိသူများအတွက် မည်သည့်အရာကိုမှစိုးရိမ်စရာမလိုဘဲ စိတ်ထင်တိုင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲ ဤသို့ပြုလုပ်ရသည်မှာ သူက ကြီးကျယ်ခမ်းနားသောခံစားချက်ကို သဘောကျသောကြောင့်မဟုတ်ပေ။ ရှေ့တွင်ရင်ဆိုင်ရမည့် ပြဿနာတစ်ခု ရှိနေသောကြောင့် ဖြစ်၏။

ယခု အဂ္ဂိရတ်ခန်းမက ပြင်ပဗလာနယ်ထဲတွင် လွင့်မျောနေပြီး အခြားသူများအတွက် ရှာဖွေရခက်ခဲသည်။

သို့ဖြစ်ရာ တစ်ယောက်ယောက်က ရန်ကျောက်ကဲအားရှာဖွေရန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် အခြေအနေများပိုမိုဆိုးရွားလာပါက ရန်ကျောက်ကဲတို့အနေဖြင့် သူတို့ကို အကူအညီပေးသင့်ပေသည်။

တိုက်ခိုက်သူများအနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးကို ပစ်မှတ်ထားစရာမလိုပေ။ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့ မိသားစုကို ပစ်မှတ်ထားရုံပဲ ဖြစ်သည်။

နောက်ကွယ်တွင် ဝူတန့်မယ်တော် ရှိနေသည့်တိုင် ရွှမ်ဟွမ်ဧကရီအနေဖြင့် အခြားသောရန်သူများကို သတိထားရန် လိုအပ်နေဆဲပင်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်း’မီလဲ့ကိုယ်တော်’ ကို အသာထား ၊ ယခုဆိုလျှင် ဤလောကတွင် နတ်မိစ္ဆာမျိုးနွယ်များနှင့် လမ်းမှန်ဗုဒ္ဓဘာသာ ‘သူတော်စင်ဘုံ’ သည်လည်း ပြန်လည်ထွက်ပေါ်လာပြီ ဖြစ်သည်။

သတင်းများအရဆိုလျှင် နှစ်ဖက်လုံးက ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူများဖြင့် တိုက်ခိုက်နေကြကြောင်း အတည်ပြုနိုင်သည်။

သူတော်စင်ဘုံမှ ဗုဒ္ဓများနှင့် နတ်မိစ္ဆာမျိုးနွယ်များမှ သူတော်စင်များက အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားများနှင့် လုံးဝ တူညီခြင်း မရှိပေ။

နှစ်ဖက်လုံး အပြန်အလှန်တိုက်ခိုက်နေကြသော်လည်း သူတို့က အဖြူရောင်ကြာပန်း သုခဘုံနှင့် အမတခုံရုံးတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိကြပေ။

သူတော်စင်ဘုံဖြစ်စေ ၊ ချန်စန်းရှင်းဟိုင်စကြာဝဠာဖြစ်စေ သူတို့က မမျှော်လင့်သောအပြောင်းအလဲများကိုကာကွယ်ရန် လုံလောက်သောအင်အားကို ထိန်းသိမ်းထားသည်။

သူတို့က ငရဲကိုးထပ်၏အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး စောမင်ကျန့် ၊ ဝူတန့်မယ်တော်နှင့် အခြားသူများကိုလည်း သတိထားလျှက် ရှိကြသည်။

နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်စကြာဝဠာတို့က ဤလောကတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူ‌တော်စင်ဘုံက အမတခုံရုံးဘက်မှ ကူညီခဲ့ပြီး နတ်မိစ္ဆာများကတော့ သုခဘုံဘက်မှ ကူညီခဲ့သည်။

ရန်ကျောက်ကဲ အခြေအနေများကိုသုံးသပ်ရင်း အဆိုးဆုံးဖြစ်လာနိုင်ခြေများကို တွက်ချက်မိသည်။

ထို့ကြောင့် သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သူနှင့်အတူ ခေါ်ဆောင်သွားရန် စဉ်းစားမိခဲ့ခြင်း ဖြစ်၏။

သဘောတရားအရ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏ အဆက်အနွယ်များအားလုံး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားမည်ဆိုလျှင် ၊ ရန်ကျောက်ကဲ၏ ရန်သူများအနေဖြင့် သူနှင့်အဂ္ဂိရတ်ခန်းမ ထွက်ပေါ်လာစေရန်အတွက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပစ်မှတ်ထားတော့မည် မဟုတ်ပေ။

သို့ပေသိ သူက ၎င်းတို့ကိုခေါ်ဆောင်သွားမည်ဆိုလျှင် များပြားလှစွာသောရင်းမြစ်ပစ္စည်းများနှင့် လူပေါင်းများစွာကို မည်သို့ခေါ်ဆောင်သွားပါမည်နည်း။

ရွှမ်ဟွမ်ဧကရီ၏အဆက်အနွယ်က အပြာရော်ငခရီးရှည်ကောင်းကင်ဘုံကို တင်းကျပ်စွာ ထိန်းချုပ်နိုင်စွမ်းရှိသည်။ သူတို့သာ ရန်ကျောက်ကဲနှင့်ပူးပေါင်းမည်ဆိုလျှင် ကိစ္စရပ်အားလုံး ချောချောမွေ့မွေ့ဖြစ်သည် အမှန်ပင်။

တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများသည်လည်း ကန့်ကွက်ကြမည် မဟုတ်ပေ။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် အထက်ဘုံကမ္ဘာနှင့် ရန်လိုရသော အဓိကအကြောင်းရင်းမှ သူတို့က တိဟွမ်မြေကမ္ဘာဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အထက်ဘုံကမ္ဘာ၏ ရပ်တည်မှုအယူအဆကို သဘောမတူသောကြောင့် ဖြစ်၏။

နောက်ထပ်ပြဿနာတစ်ခုကတော့ ယွဲ့ကျန့်ပေနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြားမှ ရန်ငြိုးထားမှု ဖြစ်သည်။

သို့ပေသိ တာအိုစကြာဝဠာတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အထက်ဘုံကမ္ဘာ ခွဲခြားတည်ရှိသကဲ့သို့ အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာတွင်လည်း အလားတူပင် ခွဲခြားတည်ရှိနေမည် ဖြစ်သည်။

စန့်ချင်အဆက်အနွယ် ကျင့်ကြံသူများက ကျန့်ဟွမ်ဓားဧကရာဇ်ကို မကျေနပ်ကြသော်လည်း ပြင်ပတာအိုကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုမှ ကင်းလွတ်သည့် အသစ်သောပတ်ဝန်းကျင်တစ်ခုတွင်နေထိုင်ရန် အခွင့်အရေးတစ်ခုရရှိမည်ဆိုလျှင် သူတို့က တစ်ချက်မတုံ့ဆိုင်းဘဲ လက်ခံမည်သာပင်။

ရန်ကျောက်ကဲအတွက်တော့ ဤသည်က နှစ်ဖက်ကြားပဋိပက္ခကိုဖြေရှင်းရန်နှင့် ရွှမ်ဟွမ်ဧကရီ ၊ လုန်ချွမ်ဧကရာဇ်တို့၏ အဆက်အနွယ်များ အခြေအနေခိုင်မာစေရန် အခွင့်အရေးတစ်ခု ဖြစ်၏။

“အဂ္ဂိရတ်ခန်းမထဲက ဆေးလုံးချီတွေ လုံးဝပျောက်ကွယ်မသွားသေးဘူး ၊ ပြီးတော့ ကမ္ဘာတွေကြားက နယ်နိမိတ်တွေလည်း မတည်ငြိမ်သေးဘူးဆိုပေမယ့် အခြေခံ ဖွဲ့စည်းပုံအုတ်မြစ်ကတော့ ပြီးသွားပါပြီ”

ရန်ကျောက်ကဲက အားလုံးကို ပြောပြလိုက်သည်။

“အခု ကျွန်တော်တို့မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ အောက်ဘုံကမ္ဘာတွေကို ထပ်ပြီးထည့်သွင်းဖို့ လုံလောက်တဲ့နေရာရှိပါပြီ”

ယခင် အဂ္ဂိရတ်ခန်းမ၏စကြာဝဠာ မတည်ငြိမ်သေးစဉ်က အထက်ဘုံကမ္ဘာနယ်မြေများနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့သော အောက်ဘုံကမ္ဘာများမှာ ခန်းမထဲတွင် အံဝင်ခွင်ကျ ဖြစ်ရုံသာရှိသည်။

သို့သော် နှစ်ပေါင်း(၂၀)အတွင်း ရန်ကျောက်ကဲ၏ အဆက်မပြတ် သန့်စင်ပေးမှုအောက်တွင် များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အဂ္ဂိရတ်ခန်းမ၏စကြာဝဠာက အရင်ကနှင့်ဆာလျှင် များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တကယ်တော့ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို သူ၏ကျင့်ကြံခြင်းဖြင့် ပေါင်းစပ်သန့်စင်ခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏စကြာဝဠာ ပိုမိုတည်ငြိမ်လာသည်နှင့်အမျှ အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ပိုမိုခိုင်မာလာသည်။

ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း လက်ရှိ ကျင့်ကြံခြင်းအဆင့်၏ နောက်ဆုံးခြေလှမ်းကို တက်လှမ်းနိုင်ရန် နီးကပ်လာသည်ဟု ခံစားရသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ယူဆောင်သွားရန် အချိန်သည်လည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ဒီလိုဆိုတော့... ကျွန်တော့်ရဲ့ကိုယ်ပွားက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ အဓိကရုပ်ခန္ဓာက အဂ္ဂိရတ်ခန်းမကို ဦးဆောင်တာဝန်ယူရလိမ့်မယ်”

ရန်ကျောက်ကဲက နေရာတွင် ရှိနေသူများအားလုံးကို တစ်ချက်ကြည့်ရင်း ဖြည်းညင်းစွာ စကားဆိုလိုက်လေသည်။

All Chapters