အခန်း (၃၆၁)
Vol. 25 Ch. 361
မုန့်ချီနှင့် ကျန်းကျိဝေတို့က ကျိုးဟမ်၏ နောက်မှနေ၍ အလွန်ကျဉ်းမြောင်းသော တောင်ကြားလမ်းလေးအတိုင်း ဆင်းလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ရှိနေသော အနက်ရောင်နှင့် အစိမ်းရင့်ရောင် အပင်များပေါ်တွင် ဗုဒ္ဓအလင်းရောင်များ လွှမ်းခြုံနေခဲ့၏။
အလွန်သန့်စင်ပြီး တည်ငြိမ်သော အလင်းတန်းများက အညစ်အကြေးများနှင့် ရောယှက်နေသလို ခံစားရပြီး တစ်ခုနှင့်တစ်ခု ခွဲခြားရန် ခက်ခဲနေသည်။ လမ်းအဆုံးတွင် တောင်ကြားတစ်ခုရှိ၏။
ရွမ်ယုရှုက ဧရာမကျောက်တုံးကြီး တစ်တုံးပေါ်တွင် တိတ်တဆိတ် ထိုင်နေသည်။ သူမ၏အဖြူရောင်ဝတ်စုံလေးက အလွန်သန့်စင်နေသော ခံစားမှုများ ပေးနိုင်၏။ တစ်ခါတရံ သူမက မှော်တေးသံတီးခတ်လိုက်သည့် အချိန်တိုင်း မှော်ဆန်သော လေလှိုင်းများ ထွက်ပေါ်လာခဲ့သည်။
တခြားအချိန်များတွင်တော့ သူမ၏ ပတ်ပတ်လည်တွင် အနက်ရောင် အလင်းတန်းတစ်ခုက လွှမ်းခြုံနေပြီး တစ်ခါတရံ လေထဲတွင် အော်သံတစ်ခု ကြားနေရသည်။
ထိုအရာက အလွန်ထူးခြားသော သူမ၏မျက်နှာလေးနှင့် လိုက်ဖက်သည်ဟု ခံစားရသည်။ တစ်ခါတရံ သူမက အေးစက်၍ အဆင့်အတန်း မြင့်ပုံရပြီး တစ်ခါတရံ ရူးသွပ်ဖွယ် အလှတရားများ ရှိနေသည်။ သူမ၏ဆွဲဆောင်မှုက အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်း၏။
"သူ့ဆီမှာ မကောင်းဆိုးဝါးဘိုးဘေးရဲ့သိစိတ်ကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်။ အခုပဲ သူ့ကို သွားပြီး ကူညီပေးကြစို့ … "
မုန့်ချီက ပြောလိုက်သည်။
သူကတော့ ရွမ်ယုရှုဆီသို့ လေလှိုင်းတစ်ခုသဖွယ် ပြေးသွားခဲ့သည်။ ကျန်းကျိဝေနှင့် ကျိုးဟမ်တို့ကလည်း သူ့နောက်မှ ကပ်လိုက်လာကြပြီး မုန့်ချီ၏ ဘယ်ဘက်နှင့် ညာဘက်မှ လှုပ်ရှားလာကြ၏။ သူတို့က တခြားနေရာများကို ကွေ့ပတ်သွားရန် ကြိုးစားခဲ့ခြင်း မရှိချေ။ မုန့်ချီက အာရုံများကို ဆွဲဆောင်လိုက်ပြီးနောက် သူတို့က တိတ်တဆိတ် ချဉ်းကပ်ပြီး တိုက်ခိုက်နိုင်ကြသည်။
ရွမ်ယုရှု၏ မှော်စောင်းတိုက်ခိုက်မှုက အဝေးထိ ပျံ့နှံ့နိုင်သော လွှမ်းမိုးမှုတစ်ခု ရှိသည်။ ထို့ကြောင့် သူတို့က သူမ၏ အနားသို့ ကပ်ချင်သည်ဆိုလျှင် ထိုအရာကို ရွေးချယ်ခွင့်မရှိဘဲ ထိပ်တိုက်ရင်ဆိုင်ရမည်သာ ဖြစ်၏။
ရွမ်မိသားစုဆီတွင် လျှို့ဝှက်စွမ်းရည်တစ်ခု ရှိသည်။ သူတို့က စောင်းတီးနေစဉ် ပစ်မှတ်ကို ရွေးချယ်ပြီး တိုက်ခိုက်၍ ရနိုင်၏။ ထို့ကြောင့် တိုက်ပွဲကွင်းပြင်ထဲတွင် သူတို့၏အဖွဲ့သားများ ရှိနေလျှင်ပင် မတော်တဆ ထိခိုက်သွားမှာကို စိုးရိမ်နေစရာ မလိုအပ်ပေ။
သို့သော် လက်ရှိ ရွမ်ယုရှုကတော့ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲနေသည့် အတွက် သူမက ရန်သူတိုင်းကို သေချာပေါက် တိုက်ခိုက်ပါလိမ့်မည်။ သူမ၏ အသက်ရှူသံက ပြင်းနေပြီး ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကို ဖိနှိပ်ထားသည်။ သူမက လက်နှစ်ဖက်ကို စောင်းပေါ်သို့ တင်ထားပြီး တည်ငြိမ်စွာ တီးခတ်နေခဲ့၏။
နားထဲတွင် စောင်းသံကို ကြားလိုက်ရသည့်အချိန်၌ မုန့်ချီက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ့ခြေထောက်များက လေးလံသွားသလို ခံစားလိုက်ရပြီး အလွန်ကြီးမားသော ကျောက်တုံးကြီးများက ဆွဲထားသလို ဖြစ်နေသည့်အတွက် သူ၏လှုပ်ရှားမှုများက နှေးကွေးလာသည်။
ကျန်းကျိဝေနှင့် ကျိုးဟမ်တို့ကလည်း အလားတူသာဖြစ်၏။ မုန့်ချီက သူ၏နားတံခါးကို ပိတ်လိုက်ရာ သူမ၏ဗျပ်စောင်းသံလွှမ်းမိုးမှုမှ ယာယီလွတ်မြောက်သွားခဲ့သည်။ သူက ချက်ချင်းပင် ရွမ်ယုရှု၏ အနားသို့ ကပ်သွားခဲ့၏။
"ဒေါင် …ဒေါင်…တင်…."
အလွန်သိမ်မွေ့ညင်သာသော ရွမ်ယုရှု၏တီးခတ်သံက တဖြည်းဖြည်း ကြောက်စရာ ကောင်းလာသည်။ သတ်ဖြတ်ရေးတေးသံများကလည်း မုန့်ချီ၏ပင်မဝိညာဉ်ထဲတွင် ပေါက်ကွဲလာပြီး သူ၏စိတ်ဝိညာဉ်က တူနှင့် အထုခံရသလို ခံစားလိုက်ရ၏။
သူ့ခေါင်းထဲတွင် မူးဝေသွားခဲ့သည်။ သူက နောက်တစ်ကြိမ် နှေးကွေးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခု ထိခိုက်သွားသလို ခံစားလိုက်ရသည်။ သူ၏ ပတ်ပတ်လည်တွင်လည်း ပုံမှန်မဟုတ်သော လေလှိုင်းတစ်ခု လှုပ်ရှားလာခဲ့၏။
ဒယီးဒယိုင် လှုပ်ရှားနေရန် ထုနှက်ခြင်း ၊ ထိုးစိုက်ခြင်း ၊ လည်ပတ်ခြင်း …
ထိုအရာများက လူမဆန်သော တေးသွား(၈)သွယ်ထဲမှ သိုင်းကွက်များဖြစ်၏။ ခြေလှမ်း(၈)လှမ်း လျှောက်လာပြီးသွားလျှင် သူ၏အသက်ရှူသံက ပျောက်ကွယ်သွားပြီး ချက်ချင်း သေဆုံးသွားရပါလိမ့်မည်။
မုန့်ချီက သူ၏စိတ်ဝိညာဉ်ကို အပြင်ဘက်သို့ ပို့ဆောင်လိုက်သည့်အချိန်တွင် သူ၏ မျက်ခုံးကြားထဲ၌ အနည်းငယ် လောင်ကျွမ်းလာခဲ့သည်။ မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို စတင်အသုံးပြုလိုက်၏။
သူက ကမ္ဘာမြေကြီးတစ်ခုလုံးနှင့် ပေါင်းစပ်သွားသလို ထင်မှတ်ရပြီး သက်ရှိများ အားလုံးကို အပေါ်ဘက်မှ ငုံ့ကြည့်နေခဲ့သည်။ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ အဆုံးမရှိသော စက်ဝိုင်းများနှင့် အရာအားလုံးက သူ့အတွက် ထူးခြားမှု မရှိတော့ချေ။ လူမဆန်သော တေးသွား (၈)သွယ်ကလည်း သူ့အပေါ် အကျိုးသက်ရောက်မှု အားနည်းသွားပြန်သည်။ သူက မှော်ဆန်သော တေးဂီတသံများကို ရင်ဆိုင်ရန် စိတ်ဝိညာဉ်ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်ရသည်။
ကျန်းကျိဝေ၏ ပင်မဝိညာဉ်ကတော့ မုန့်ချီကဲ့သို့ အစွမ်းမထက်သည့်အတွက် သူမက နှလုံးသားထဲတွင် ရှိနေသော ဓားဆန္ဒများကိုသာ အာရုံစိုက်နေရသည်။ သူမက စောင်းသံနှင့် ဖန်တီးထားသော အချုပ်အနှောင်များကို တစ်လွှာပြီး တစ်လွှာ ချိုးဖောက်နေရ၏။
ကျိုးဟမ်၏ တံခါး (၇)ပေါက်ကလည်း လူမဆန်သော တေးသွား၏ အကျိုးသက်ရောက်မှုကြောင့် အနည်းငယ် သွေးများ စီးကျလာနေခဲ့သည်။ ထို့နောက် သူ၏အမူအရာက လေးနက်လာပြီး သူ၏မျက်ခုံးကြားထဲတွင် ရွှေရောင်အလင်းစက်တစ်ခု ပေါ်လာခဲ့သည်။
အဝါရောင်အလင်းတန်းများ တဖြည်းဖြည်း စီးဆင်းလာပြီးနောက် သူက ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသော နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့သည်။ စောင်းသံ၏ သက်ရောက်မှုကိုလည်း မခံရတော့ပေ။ သူကတော့ စိတ်ဝိညာဉ်ကျင့်စဉ်တစ်ခုကို မသုံးနိုင်ခဲ့ပေ။
မုန့်ချီက ထိုအရာကို ကြားခဲ့ဖူး၏။ ထိုအရာက ကမ္ဘာမြေလှုပ်ရှားခြင်းကျင့်စဉ်ထဲမှ အင်မော်တယ်ဖိနှိပ်ခြင်းတံဆိပ် ဖြစ်သည်။ ထိုအရာက တရားမျှတမှုနှင့် အမှန်တရားကို ကောင်းကောင်းအသုံးချပြီး သူ၏ပင်မဝိညာဉ်ကို ကာကွယ်နိုင်၏။
သူတို့၏အကွာအဝေးက နီးကပ်လာလေလေ အခြေအနေက အန္တရာယ်များလေလေ ဖြစ်သည်။ ရွမ်ယုရှု၏ စောင်းသံကတော့ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ သူမ၏စောင်းသံက လရောက်အောက်တွင် ရှိနေသော ရေကန်ထဲတွင် လှိုင်းလုံးများ ပေါ်လာသလို ဖြစ်နေ၏။
ဝမ်းနည်းမှုနှင့် ချိုမြမှုများ ရောနှောနေသော ခံစားမှုတစ်ခုကလည်း လေထဲတွင် ပျံ့နှံ့လာခဲ့၏။ ထိုအရာက နှလုံးသားထဲတွင် တည်ငြိမ်အေးချမ်းမှုကို ခံစားရစေနိုင်သည်။ ထိုအသံက ကောင်းကင်ကြီးကိုပင် အေးခဲသွားစေနိုင်ပုံရ၏။
မုန့်ချီ၏ စိတ်ဝိညာဉ်က အနည်းငယ် နှေးကွေးသွားခဲ့ပြီး ခုခံ၍ မရတော့သလို ခံစားလိုက်ရသည်။ နှလုံးသား၏ အောက်ခြေတွင်လည်း အေးစက်တည်ငြိမ်သွားခဲ့၏။ သူ၏ပင်မဝိညာဉ်က ရေခဲရုပ်တုတစ်ခုသဖွယ် ဖြစ်လာနေသည်။
"ကွမ်ဟန်းကျိန်စာလား … "
ရွမ်ယုရှုက ဝေ့ကျင်းအဆင့် ဂီတသိုင်းကွက်တစ်ခုကို လဲလှယ်ထားကြောင်း မုန့်ချီက အမှတ်ရသွားခဲ့သည်။ သူမက ထိုအရာကို ကျွမ်းကျင်သွားပြီးနောက် သူတို့က အရင်ဆုံး ရင်ဆိုင်ရလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။
ကျန်းကျိဝေ၏ အရှိန်ကလည်း နှေးကွေးသွားခဲ့ပြန်သည်။ သူမ၏အရှိန်က ရေခဲအလွှာများပေါ်တွင် အပေါက်များ ထိုးဖောက်နိုင်သေးသော်လည်း သူမ၏ ပင်မဝိညာဉ်က မုန့်ချီကဲ့သို့ အစွမ်းထက်ခြင်း မရှိသည့်အတွက် သူတို့ နှစ်ယောက်၏ အကွာအဝေးက တဖြည်းဖြည်းပို၍ ကွာဟလာခဲ့သည်။
ထိုသို့ဆိုရာတွင် သူမကတော့ ရှေ့ကို ဆက်၍ လျှောက်လာနေသေး၏။ ထိုကဲ့သို့ ရန်သူမျိုးကြောင့် သူမက အတော်လေး စိတ်ဓာတ်ကျသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမက တန်ပြန်တိုက်ခိုက်ရန် ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုလည်း သုံး၍ မရနိုင်ပေ။ သူမ၏ပင်မဝိညာဉ်နှင့် ချီစွမ်းအင်များက မည်မျှခံနိုင်ရည်ရှိသလဲဟူသည့် အပေါ်သာ မှီခိုနေခဲ့သည်။
အကယ်၍ ရန်သူကသာ တခြားသူဆိုလျှင် သူမက အဖိုးတန်လက်နက်ကို အသက်သွင်းလိုက်ပါပြီ။ သူမ၏ဓားချီစွမ်းအင်များက (၁၀)မိုင်ကျော် ပျံ့နှံသွားနိုင်ပြီး အဝေးမှနေ၍ ရန်သူကို တိုက်ခိုက်နိုင်၏။
သို့သော် လက်ရှိအချိန်တွင် သူမက ထိုအစွမ်းကိုလည်း မထိန်းချုပ်နိုင်ပေ။ ထိုအရာက ရွမ်ယုရှုကို အလွယ်တကူ သတ်ပစ်နိုင်၏။ ထိုအရာက သူမ၏နောက်ဆုံး အခြေအနေဖြစ်ပြီး တတ်နိုင်သမျှ မသုံးချင်သေးပေ။
ကျိုးဟမ်၏ အရှိန်ကလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့၏။ သူ၏မျက်ခုံးကြားထဲတွင် ရှိနေသော ရွှေရောင်အစက်ကလေးကလည်း အေးခဲလာသည့်အလား တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ သူ့နောက်တွင် အငွေ့နဂါးတစ်ကောင် စုစည်းလာခဲ့၏။
နောက်ဆုံးတွင်တော့ သူက အဝေးမှ တိုက်ခိုက်ပြီး ရွမ်ယုရှုကို သက်ရောက်စေရန် မျှော်လင့်နေခဲ့သည်။ သူက လက်သီးနှင့် လှမ်းထိုးလိုက်၏။ ထိုအခါ နဂါးတစ်ကောင်ကဲ့သို့ အစွမ်းထက်သော လေလှိုင်းတစ်ခုက မျက်နှာချင်းဆိုင်သို့ ရောက်သွားခဲ့သည်။
ရွမ်ယုရှုက သူမ၏ ဗျပ်စောင်းကို ဆက်၍ တီးခတ်နေခဲ့၏။ သို့သော် သူမ၏ လက်ချောင်းလေးများ လှုပ်ရှားသွားသည့်အချိန်တွင် ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအရာများက အလွန်ကြောက်စရာကောင်းပြီး လျင်မြန်သွက်လက်သည့်အတွက် ခန့်မှန်း၍ မရနိုင်ပေ။ သူတို့က လေထဲသို့ ဖြတ်သန်းလာပြီး အငွေ့နဂါးကြီးကို ဖျက်ဆီးပစ်လိုက်၏။
"ဝှစ် … "
ရွမ်ယုရှုကတော့ ဆက်၍ တီးခတ်နေသေးပြီး အေးစက်မှုများက တဖြည်းဖြည်း ပို၍ အစွမ်းထက်လာသည်။ အငွေ့နဂါးကြီးက ပျက်စီးသွားခဲ့သော်လည်း သူမကို တိုက်ခိုက်နိုင်သေး၏။
သူမက လေထဲတွင် ကခုန်နေသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူမ၏ အင်္ကျီလက်နှစ်ဖက်ကလည်း လှုပ်ရှားနေခဲ့၏။ ထိုအချိန်တွင် ရွမ်ယုရှုက လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်ကို တီးခတ်တော့မည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
မုန့်ချီက သူမနှင့် အနည်းငယ် အလှမ်းကွာနေသေးသည့်အတွက် သူမကို အချိန်မီ တားဆီး၍ မရနိုင်ပေ။ ထို့ကြောင့် သူက ကောင်းကင်ပြစ်ဒဏ်ဓားကို သုံးရန် ဆုံးဖြတ်လိုက်၏။
ထိုအချိန်တွင် ရွမ်ယုရှု၏ အငွေ့အသက်များက ပြောင်းလဲသွားသည်။ မှော်ဆန်သော လေလှိုင်းများကလည်း နောက်တစ်ကြိမ် ပျံ့နှံ့လာပြီး နတ်ဆိုးဆန်သော ခံစားချက်များကို ဖိနှိပ်လိုက်သည်။
သူမ၏မျက်လုံးများက တဖြည်းဖြည်း ကြည်လင်လာပြီး လက်နှစ်ဖက်ကလည်း လှုပ်ရှားမှု ရပ်တန့်သွားသည်။ သို့သော် အနက်ရောင် အလင်းတန်းများကတော့ ပျောက်ကွယ်သွားပုံ မရသေးဘဲ သူမကို ခေါင်းမာမနှင့် ထိန်းချုပ်ရန် ကြိုးစားနေပုံ ရ၏။
မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရေနဂါးခြောက် … "
ရွမ်ယုရှုက ငြိမ်သက်သွားခဲ့ပြီး စောင်းပေါ်တွင် ရှိနေသော လက်ကလည်း ရပ်တန့်သွားခဲ့သည်။ မှော်ဆန်သော လေလှိုင်းများက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ပို၍တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။
"အလုပ်ဖြစ်တယ်…"
မုန့်ချီက သူမဆီသို့ အလွန်လျင်မြန်စွာ ပြေးသွားခဲ့သည်။
"ဝက်ပေါင်ခြောက် ၊ ဝက်ဝံလက်သည်းကင် ၊ သမင်အမြီးကင် ၊ ဘဲကင် ၊ ကြက်ကင်၊ ငန်းကင် ၊ ဘဲသားပေါင်း ၊ ကြက်ပဲပိစပ် ၊ ဂဏန်းပေါင်း ၊ ပုစွန်ထုပ်မီးကင်သုတ် ၊ ဝက်သားခြောက်စပ် ၊ ကြက်ကောင်လုံးကင် ၊ ရသာ(၈)သွယ်ဝက်သား … "
သူက ဟင်းနာမည်များကို တစ်ခုပြီးတစ်ခု အော်ဟစ်နေခဲ့သည်။
ထိုအချိန်တွင် မှော်ဆန်သောလေလှိုင်းများက တဖြည်းဖြည်း ပို၍လွှမ်းမိုးလာပြီး ရွမ်ယုရှု၏ မျက်လုံးများက ကြည်လင်လာခဲ့သည်။ သူမ၏လက်ထဲတွင် ရှိနေသော စောင်းကလည်း ရပ်တန့်သွားခဲ့၏။
သူမနှင့် အကွာအဝေး တစ်ခုအတွင်း ရောက်သည့်အချိန်တွင် မုန့်ချီက ဗုဒ္ဓမီးအိမ်လေးကို အသက်သွင်းလိုက်သည်။ မီးအိမ်လေးဆီမှ အလင်းရောင်များ ပျံ့နှံလာပြီး ပတ်ပတ်လည်သို့ လွှမ်းခြုံသွားခဲ့၏။ ထိုအရာက ရွမ်ယုရှုကို လွှမ်းခြုံသွားပြီး အနက်ရောင်အငွေ့များကို လွင့်ပြယ်သွားစေခဲ့သည်။
ထို့နောက် သူက အနားသို့ ကပ်သွားပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးအစွမ်းကို လျင်မြန်စွာ သုံးလိုက်၏။ ယခုတစ်ကြိမ်တော့ သူက စားစရာနာမည်များ အော်ခေါ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ နောက်ဆုံးတွင်တော့ အစားသရဲလေးကို ပြန်လည်ကယ်တင်နိုင်ပြီ ဖြစ်၏။
သူမ၏ အကာအကွယ်ရတနာနှင့် ဗုဒ္ဓမီးအိမ်လေး၏ ဖိနှိပ်မှုကြောင့် သူက မကောင်းဆိုးဝါးဘိုးဘေး၏ ဖိနှိပ်မှုကို ဖယ်ရှားရန် ရွမ်ယုရှုကို အလွယ်တကူ ကူညီပေးနိုင်ခဲ့သည်။
ထို့နောက် သူက နတ်ဆိုးရနံ့ထုတ် ဆေးလုံးကို ထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုး အငွေ့အသက်များကို ဖယ်ရှားနိုင်ရန် တိုက်လိုက်သည်။
ရွမ်ယုရှုကို ကယ်တင်နိုင်ခဲ့ကြောင်း မြင်သည့်အခါ ကျန်းကျိဝေက အတော်လေး ဝမ်းသာသွားခဲ့သည်။
"ကိုရင်လေး …
နင်က တော်တော်လေးကို နားလည်နေတာပဲ။ ခုနတုန်းက နင် အော်လိုက်တဲ့ အသံတွေက တကယ့်ကိုပဲ … "
သူမက တိုးတိုးလေး ရယ်လိုက်မိသည်။
"စားစရာနာမည်တွေ ရွတ်ပြနေတဲ့ စားပွဲထိုးတစ်ယောက်လိုပဲလေ … "
ရွမ်ယုရှုက သူမ၏ စကားလုံးကို ဖြည့်ပြောလိုက်သည်။
မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်မိ၏။ သူကတော့ စိတ်တိုသွားခြင်း မရှိဘဲ ခေါင်းစဉ်ပြောင်း၍ ပြောလိုက်သည်။
"အစ်ကိုချီကို မြန်မြန်သွားရှာကြစို့ … ။ ငါတို့က အချိန်ဆွဲနေလို့ မရတော့ဘူး…"
သူတို့၏ အဓိက ဦးတည်ချက်က ချီကျန်းရန်ကို ကယ်တင်ရန်ဖြစ်သည်။ ရွမ်ယုရှုက လျင်မြန်စွာ ထလိုက်ပြီး အဖွဲ့သားများနောက်သို့ လိုက်လာခဲ့၏။ သူမက ပြေးနေရင်း လက်ထဲတွင်တော့ စောင်းကို ပိုက်ထားခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အစိမ်းရင့်ရောင် ကျောက်စိမ်းပြားလေးကတော့ နှစ်ခြမ်းကွဲသွားခဲ့၏။
သူတို့က တောင်ကြားထဲမှ ထွက်လာသည့်အချိန်တွင် ရှေ့မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်တည်ငြိမ်နေ၏။ သူ၏မျက်နှာက ခံစားချက် ကင်းမဲ့နေသည်။ ထိုအရာက ချီကျန်းရန်ဖြစ်ကြောင်း သူတို့က နားလည်နေကြ၏။
"အစ်ကိုချီ ရပ်လိုက် … "
မုန့်ချီက ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။ နောက်ပိုင်းတွင်တော့ ချီကျန်းရန်၏ မျက်လုံးများက ရှင်းလင်းနေပြီး မကောင်းဆိုးဝါး အငွေ့အသက်များ မရှိကြောင်း သတိထားမိခဲ့၏။
ထို့ကြောင့် မုန့်ချီက သံသယဝင်စွာ မေးလိုက်သည်။
"မကောင်းဆိုးဝါးဘိုးဘေးရဲ့သိစိတ်က အစ်ကို့ကို မထိန်းချုပ်ခဲ့ဘူးလား.."
မုန့်ချီတို့ကလည်း ထိန်းချုပ်ခံထားရခြင်း မရှိကြောင်း မြင်လိုက်ရသည့်အခါ ချီကျန်းရန်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
"ဖရိုဖရဲ ကျင့်စဉ်က ကမ္ဘာမြေကြီးရဲ့အစွမ်းတွေကို လေ့ကျင့်ရတာလေ။ အငွေ့တွေ စုစည်းလာတဲ့ အချိန်ကတည်းကစပြီး အတွင်းနဲ့အပြင် ဆက်သွယ်မှုကို လုပ်ဆောင်နိုင်တယ်။ ငါ့ရဲ့ပင်မဝိညာဉ်မှာလည်း ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်။ မကောင်းဆိုးဝါးဘိုးဘေးရဲ့သိစိတ်က ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချိန်မှာ ငါ့ရဲ့ နေဝင်ဆည်းဆာဓားစွမ်းအားက သူ့ကို လောင်ကျွမ်းပြီး ဖယ်ရှားလိုက်တယ်…"
နေဝင်ဆည်းဆာဓားသိုင်းက မီးတောက်အမျိုးအစား သိုင်းပညာတစ်ခုဖြစ်သည်။
"ကျွန်တော် နားလည်ပြီ…"
မုန့်ချီက ဖရိုဖရဲကျင့်စဉ်ကို လေ့ကျင့်ဖူးခြင်း မရှိသည့်အတွက် ထိုအရာကို မသေချာခဲ့ပေ။
သူကတော့ လုံခြုံစေရန် ပြောလိုက်၏။
"အစ်ကိုချီ …
အစ်ကို့ရဲ့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးဘိုးဘေးရဲ့အငွေ့အသက်တွေ ရှိနေမှာကို စိုးရိမ်ရတယ်။ ဒီတော့ ကျွန်တော်က ဗုဒ္ဓမီးအိမ်လေးနဲ့ စစ်ဆေးကြည့်ချင်တယ်။ ဒါဆိုရင်တော့ ပိုပြီးစိတ်ချရတာပေါ့…"
ချီကျန်းရန်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ … "
အပြာရောင်မီးအိမ်လေးက တဖြည်းဖြည်း ကြီးလာပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်များ တောက်ပလာသည်။ ချီကျန်းရန်၏ ခန္ဓာကိုယ်ကလည်း အလင်းရောင်များ လွှမ်းခြုံနေခဲ့၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အငွေ့များ ၊ မကောင်းဆိုးဝါး စွမ်းအင်များ မရှိပေ။ မုန့်ချီတို့ဆီတွင်လည်း အတူတူသာဖြစ်၏။
"ပြဿနာမရှိတော့ဘူး … "
သူတို့၏အဖွဲ့သားများ အားလုံးကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် မုန့်ချီကလည်း အတော်လေး စိတ်အေးသွားသလို ခံစားလိုက်ရ၏။
သူက လေးလေးနက်နက် အမူအရာနှင့် ချီကျန်းရန်ကို ပြောလိုက်သည်။
"အစ်ကိုချီ …ပြုံးကြည့်ပါအုံး … "
မုန့်ချီက ဘာကြောင့် ထိုသို့လုပ်ခိုင်းကြောင်း ချီကျန်းရန်က မသိခဲ့ပေ။ သို့သော် တည်ငြိမ်သော မုန့်ချီ၏အမူအရာကို မြင်သည့်အခါ သူ့ကို မကောင်းဆိုးဝါး ဘိုးဘေး၏သိစိတ်က သိမ်းပိုက်ခြင်း ရှိမရှိ စမ်းသပ်နေခြင်းဖြစ်မည်ဟုသာ တွေးခဲ့မိသည်။
ထို့ကြောင့် သူက အားတင်း၍ ပြုံးလိုက်၏။
"အစ်ကို့ရဲ့ အပြုံးက အရင်တုန်းကလို အိုးတိုးအန်းတန်း ဖြစ်နေတုန်းပဲ။ တကယ့်ကို ထိန်းချုပ်ခံထားရတာ မဟုတ်ဘူး…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
မူလတုန်းက သံသယဝင်နေသော ကျန်းကျိဝေက မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။ ရွမ်ယုရှုကလည်း ပါးစပ်ကို လက်နှင့် အုပ်လိုက်မိ၏။ ကျိုးဟမ်၏ မျက်နှာကပင် အနည်းငယ် လှုပ်ရှားသွားသည်။ အကယ်၍ သူတို့၏ အခြေအနေများကသာ ပြောင်းလဲ မသွားလျှင် သူက စုမုန့်ကို သေချာပေါက် ရိုက်မိပါလိမ့်မည်။
ချီကျန်းရန်က မျက်မှောင်ကြုတ်မိလိုက်သည့်အတွက် မုန့်ချီက နောက်ပြန်ဆုတ်လိုက်သည်။
"နတ်ဆိုးကမ္ဘာအပိုင်းအစကြီးက ပြောင်းလဲနေပြီ။ ကျွန်တော်တို့က ဝင်ပေါက်ကို မြန်မြန် ပြန်သွားပြီး လမ်းမှာရှိတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို သတ်ဖို့ကြိုးစားရမယ်။ ကျွန်တော်တို့ဆီမှာ နတ်ဆိုးသလင်းကျောက် လုံလောက်ပြီဆိုတာနဲ့ ဒီနေရာကနေ ထွက်သွားလို့ ရပြီ…"
ထိုအရာကိုတော့ အတွေ့အကြုံ ရှိသော လူတိုင်း နားလည်နေခဲ့သည်။ ချီကျန်းရန်က သူ၏ခံစားချက်များကို ဖိနှိပ်ထားခဲ့၏။
သူတို့က တောင်တန်းများ ၊ မြစ်များကို ကြည့်ပြီး အလင်းတန်းတောက်ပနေသော အစွန်အတိုင်း အလျင်အမြန် ထွက်လာခဲ့ကြသည်။
…………
တိုက်ခိုက်ရေးကြယ်နှင့် အနောက်ပိုင်းဘုရင်မတို့က ကောင်းကင်နန်းတော်ကြီး၏ အပြင်ဘက်တွင် ခိုးကြောင်ခိုးဝှက် ဆင်းသက်လိုက်ကြ၏။ သူတို့က အလစ်ချောင်း တိုက်ခိုက်ခံရမှာ စိုးသည့်အတွက် အတွင်းထဲကို ချက်ချင်း ဝင်မသွားခဲ့ကြပေ။
…………
နတ်ဆိုးကမ္ဘာအပိုင်းအစ၏ အတွင်းထဲတွင် …
အလွန်ကြောက်စရာကောင်းသော သတ္တဝါများ ပျောက်ကွယ်သွားပြီးနောက် လိုဏ်ဂူထဲတွင် တိမ်တိုက်ပြာဘိုးဘေးသာ ကျန်နေတော့၏။ သူမကလည်း ဝင်ပေါက်ဆီသို့ ပြန်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူမ၏ အနားတွင် ရှိနေသော ဗုဒ္ဓအလင်းရောင်များက မှေးမှိန်ပျောက်ကွယ်လာကြောင်း နားလည်သွားခဲ့၏။
"မဟုတ်ဘူး ။ ပျောက်ကွယ်လာတာ မဟုတ်ဘူး …။ အဲဒါက တစ်နေရာကို စုစည်းသွားတာပဲ။ ဗုဒ္ဓအလင်းရောင်က ရောင်စုံအလင်းတန်းနှင့် မကောင်းဆိုးဝါး ချီစွမ်းအင်တစ်ခုအဖြစ် စုစည်းသွားတယ်။ အဲဒီအရာတွေက အရမ်းကို သိပ်သည်းလွန်းတဲ့အတွက် သူ့ရဲ့ဗဟိုနေရာမှာ အသက်ဝင်လာသလို ဖြစ်သွားတယ်…"
မကောင်းဆိုးဝါးများ၏ ကြောက်စရာကောင်းသော အငွေ့အသက်များကိုတော့ လွတ်မြောက်သွားပုံရသည်။
"ဘာတွေဖြစ်နေတာလဲ … "
နတ်ဆိုးကမ္ဘာအပိုင်းအစကြီးက တစ်စုံတစ်ခုဖြစ်လာတော့မည်ဟု တိမ်တိုက်ပြာဘိုးဘေးက သံသယဝင်လာမိသည်။
သူမက အံကြိတ်လိုက်မိ၏။ သူမဆီတွင် အသက်ကယ်နိုင်သော ပစ္စည်းတစ်ခု ရှိနေသေးသည့်အတွက် သူမက ဖြစ်ပျက်နေသည့်အရာများကို သွားရှာရန် အလျင်အမြန် ဦးတည်သွားခဲ့သည်။ မဟုတ်လျှင် သူမအတွက် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ချေ။
……….
မုန့်ချီတို့က လမ်းပေါ်တွင် ရုတ်တရတ် ရပ်လိုက်မိကြသည်။ သူတို့က စိတ်ထဲမှ ကြောက်လန့်မှုများကို ထိန်းချုပ်ထားကြသော်လည်း အတော်လေးကို မျက်နှာပျက်နေကြ၏။ သူတို့၏ရှေ့တွင် မကောင်းဆိုးဝါးတစ်ကောင် ရပ်နေသည်။
သူက ဖုတ်ကောင်ကဲ့သို့ အလောင်းတစ်ခုဖြစ်ပြီး ပုပ်ပွပျက်စီးနေခြင်း မရှိသော်လည်း အစိုဓာတ်များ ဆုံးရှုံးထားသည်။ ထိုအလောင်းက အဝါရောင်ဝတ်စုံနှင့် အနီရောင်ခြုံထည်ကို ဝတ်ဆင်ထား၏။ သူ၏ ခန္ဓာကိုယ်တစ်ဝက်က အနက်ရောင် ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ဝက်ကတော့ ရောင်စုံအလင်းတန်းများ တောက်ပနေသည်။
ခန္ဓာကိုယ်နှစ်ခုက လုံးဝခွဲခြား၍ မရနိုင်ပေ။ သူတို့က အချင်းချင်း တိုက်ခိုက်နေကြပုံ ပေါ်၏။ တစ်ခါတရံ တောက်ပသော အလင်းရောင်များက တခြားတစ်ဖက်ကို ဖိနှိပ်နိုင်ပြီး တစ်ခါတရံ မကောင်းဆိုးဝါး ချီစွမ်းအင်များက တခြားတစ်ဖက်ကို ဖိနှိပ်ထားသည်။
Translated by Hein Htet