အခန်း (၃၆၃)
Vol. 25 Ch. 363
သူ့စိတ်နှင့် အာရုံခံအင်္ဂါများက နှေးကွေးသွားသည့်အချိန်တွင် သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက ငြိမ်သက်သွားကြောင်း မုန့်ချီက ခံစားလိုက်ရသည်။
ရုတ်တရက်ဆိုသလို အလွန်ကြောက်စရာကောင်းသော လေလှိုင်းတစ်ခု တိုက်ခတ်လာခဲ့၏။ သိပ်မကြာခင် အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ မကောင်းဆိုးဝါးချီစွမ်းအင်များက နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့၏။
အနက်ရောင်နှင့် အဖြူရောင်ကမ္ဘာကြီးကလည်း တောက်ပသော အလင်းရောင်များနှင့် ပြည့်နှက်လာပြီး သွေးမြစ်များက ဆက်လက် စီးဆင်းလာခဲ့သည်။ မူလတုန်းက ပြောင်းလဲမှုများ ဖြစ်ပေါ်လာသော အနက်ရောင် တိမ်တိုက်များကလည်း မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်ကို ဆက်တိုက် ကျဆင်းလာနေခဲ့၏။
"တောက် တောက် တောက် တောက် တောက်... ဝေါ... "
များပြားလွန်းလှသော အနက်ရောင်အရိပ်များက နာနာကျင်ကျင် အော်ဟစ်လိုက်ကြပြီး ဖြည်းညင်းစွာ မှေးမှိန်သွားကြသည်။ အနည်းငယ်ကသာ အကောင်းအတိုင်း ကျန်နေတော့၏။
မီးခိုးငွေ့များ ၊ တိမ်တိုက်များက နောက်တစ်ကြိမ် စုစည်းလာပြီး ဖုတ်ကောင် ပြန်ဖြစ်လာခဲ့သည်။ သို့သော် မကောင်းဆိုးဝါးချီစွမ်းအင်များက ဗုဒ္ဓအလင်းရောင်များထက် ပို၍ အားနည်းလာခဲ့သည်။
ကျန်းကျိဝေ၏ခေါင်းပေါ်တွင် ရှိနေသော ပင်မဝိညာဉ်က လောင်ကျွမ်းနေသည်မှာ အလွန်များပြားလွန်းလှသည့်အတွက် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား အားလျော့နေခဲ့သည်။
သူမက မျက်လုံးမှိတ်လိုက်သည့် အချိန်တွင် ပင်မဝိညာဉ်က ခေါင်းထဲသို့ ပြန်ရောက်လာသည်။ သူမ၏မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အလွန်အားနည်းကြောင်း ပြသနေ၏။ အဆိုးဆုံး အခြေအနေကတော့ သူမ၏သွေးကြော (၇) ပေါက်မှနေ၍ အနက်ရောင်သွေးများ စီးကျလာနေခဲ့သည်။
သူမက မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့ပြီး အသက်ရှူသံကလည်း အတော်လေး အားလျော့လာခဲ့သည်။ ထိုသို့ဆိုရာတွင် သူမ၏ဓားကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသေး၏။
မုန့်ချီက သူမဆီသို့ ပြေးသွားပြီး သူမ၏အသက်ကို ကယ်တင်ရန် စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး တိုက်ရန် ကူညီပေးချင်ခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း လှုပ်ရှားနိုင်ခြင်း မရှိသေးပေ။
အကယ်၍ သူကသာ မကောင်းဆိုးဝါးချီစွမ်းအင်များ ပျောက်ကွယ်သွားအောင် ဗုဒ္ဓအလင်းတန်းကို ကူညီပေးခဲ့ခြင်း မရှိလျှင် ကျန်းကျိဝေ၏အသက်ကို ကယ်တင်ပေးနိုင်လျှင်လည်း အသုံးမဝင်နိုင်ပေ။ သူတို့အားလုံးက သေဆုံးသွားနိုင်၏။ ယခုက နောက်ဆုံးအကြိမ် ဖြစ်သည်။
မုန့်ချီက စွန့်လွှတ်ခြင်းကျင့်စဉ်ကို နောက်တစ်ကြိမ် အသုံးပြုရန် စဉ်းစားလိုက်၏။ ရှောင်လင်ကျောင်းတော်၏ မှတ်တမ်းများအရ ဒဏ်ရာရနေသော လူတစ်ယောက်ကသာ စွန့်လွှတ်ခြင်းကျင့်စဉ်ကို (၂) ကြိမ် သုံးလိုက်မည်ဆိုလျှင် ချက်ချင်း သေဆုံးသွားနိုင်သည်။ သူက သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားလိုက်ပြီးနောက် မသေနိုင်ကြောင်း သိနေသော်လည်း သွေးကြောများအားလုံး ပျက်စီးသွားမည်ဆိုလျှင် သူ့အတွက် ကောင်းမွန်ခြင်းမရှိကြောင်း သိနေ၏။
မည်သို့ဖြစ်စေကာမူ စွမ်းအားပြန်ဖြည့်ဆေး တစ်လုံးကပင် သူ့ကို ပြန်ကောင်းအောင် ကူညီမပေးနိုင်တော့ပေ။ သူက လမ်းကြောင်းကို ဖောက်ခွဲရန်လည်း မတတ်နိုင်တော့ပေ။ အကယ်၍ သူက ရန်သူ၏ရှေ့တွင် လမ်းကြောင်းကို ချက်ချင်း ဖောက်ခွဲလိုက်မည်ဆိုလျှင် မည်သည့်အရာမျှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ချီကျန်းရန်က သူတို့စုထားသော အရင်းအမြစ်များအားလုံးကို အသုံးချပြီး ကျိုးဟမ်ကို နှိုးလိုက်ရန်သာ မျှော်လင့်နေခဲ့၏။ ထို့နောက် သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးဝိညာဉ်ကို သတ်လိုက်ပြီး လမ်းကြောင်းကို မြန်မြန်ဖောက်ခွဲပစ်ရန် မျှော်လင့်နေခဲ့သည်။
သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးတော့မည့်အချိန်တွင် ဘယ်ကမှန်းမသိသော လက်တစ်ဖက်က သူ့ဆီသို့ ရောက်လာခဲ့သည်။ ထိုအရာက သွေးသားမရှိသော လက်ဖဝါးငယ်လေးတစ်ခု ဖြစ်သော်လည်း လက်ချောင်းလေးများက ရှည်ရှည်သွယ်သွယ်နှင့် အလွန်လှပသည်။
ထိုလက် (၅) ချောင်းက ရှင်သန်ခြင်း လျှို့ဝှက်ချက်များကို ပြသနေသည့်အလား ပုံသဏ္ဍာန်မျိုးစုံ ဆက်တိုက်ပြောင်းလဲနေခဲ့၏။ ပန်းပွင့်တစ်ပွင့် မွေးဖွားခြင်း ၊ ကလေးတစ်ယောက် မွေးဖွားခြင်းနှင့် မျိုးစေ့တစ်ခု အပင်ပေါက်လာခြင်း စသည့် အရာအားလုံး တစ်ခုဆီ ပေါ်လာခဲ့သည်။
အစိမ်းရောင်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော မျိုးစေ့လေးတစ်ခု အပင်ပေါက်လာသည့်အသံကို ကြားလိုက်ရသည်။ ထိုမျိုးစေ့လေးက အလွန်သေးငယ်သော်လည်း ရွံ့များကို ထိုးဖောက်ပြီး ကြီးပြင်းလာရခြင်း ဖြစ်သည်။ ထိုအရာက အသက်စွမ်းအင်လည်း ဖြစ်၏။
ထိုအရာက ပုံရိပ်ယောင်တစ်ခု မဟုတ်ချေ။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော မြက်ပင်များစွာ ပေါက်လာပြီး အစိမ်းရောင်မြက်ခင်းကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။
"တိမ်တိုက်ပြာဘိုးဘေးလား... "
မုန့်ချီက အလွန်ဝမ်းသာသွားခဲ့၏။ သူတို့၏ကယ်တင်ရှင်က ဤနေရာကို ရောက်လာခဲ့သည်။
ထို့ကြောင့် သူလည်း စဉ်းစားမနေဘဲ ကျန်းကျိဝေဆီသို့ ပြေးသွားလိုက်၏။ သူက စွမ်းအားပြန်ဖြည့်ဆေးကို ထုတ်နိုင်ရန် သူ၏ရေလှိုင်းမီးတောက်ဓားကို ပစ်ချလိုက်သည်။
(၂၃) ချက် ဓားသိုင်းကွက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော ဖုတ်ကောင်၏ ခေါင်းပေါ်ကိုလည်း လက်ဝါးတစ်ဖက်က တိုက်ခိုက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲသို့ အလွန်အစွမ်းထက်သော အသက်စွမ်းအင်များ ပို့ဆောင်ပေးလိုက်၏။
တိမ်တိုက်ပြာဘိုးဘေး ရောက်လာသည့်အချိန်တွင် ကျန်းကျိဝေ၏ တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရသည်။ သူမက အလွန်ထိတ်လန့်သွားခဲ့သော်လည်း ရုတ်တရက် အလျင်လိုနေကြောင်း ခံစားမိခဲ့၏။ ထို့ကြောင့် သူမလည်း လှုပ်ရှားလိုက်ခြင်း ဖြစ်၏။
ထိုမကောင်းဆိုးဝါးက အလွန်ကြောက်စရာ ကောင်းလွန်းလှသည့်အတွက် သူမက ဘိုးဘေးကွမ်ချန်း ၊ ယွင်ကျုံးကျိတို့နှင့်အတူ တိုက်ခိုက်ရန် စဉ်းစားထားခဲ့သည်။ သို့သော် ထိုမကောင်းဆိုးဝါးက သူမ ထင်ထားသည်ထက် ပို၍ အားနည်းနေခဲ့၏။ သူူက ဗုဒ္ဓအလင်းတန်းကို ဖိနှိပ်ရန်လည်း အာရုံစိုက်ထားရသေးသည်။
အရေးကြီးဆုံး အရာကတော့ ဝေ့ကျင်းတစ်ဝက်အဆင့်ပင် မရောက်သေးသော ကလေးငယ်များက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်နိုင်ခဲ့၏။ သူ၏မကောင်းဆိုးဝါးချီစွမ်းအင် အများစုက ပျောက်ကွယ်သွားသည့်အတွက် ထိုခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် လက်လွှတ်လိုက်ရပြီး ဗုဒ္ဓအလင်းရောင်များက အားကောင်းလာခဲ့သည်။
ထိုကဲ့သို့ ပြီးပြည့်စုံသော အခွင့်အရေးမျိုးကို မြင်လိုက်ရသည့်အချိန်တွင် သူမက ဘာကြောင့် ဘေးထွက်နေရမည်နည်း။ အကယ်၍ သူမကသာ နတ်ဘုရားများပေးသော ဆုလက်ဆောင်ကို လက်မခံလျှင် အကျိုးဆက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
"အား... "
မကောင်းဆိုးဝါးက နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှာ အနက်ရောင်အငွေ့များ ထွက်လာကာ အစိမ်းရောင် အသက်စွမ်းအားများကို ဖယ်ရှားလိုက်သည်။
အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးရနံ့များကလည်း နေရာတိုင်း ပျံ့နှံ့သွားသည့်အတွက် တိမ်တိုက်ပြာဘိုးဘေးက နောက်ဆုတ်သွားလိုက်ရ၏။ ဗုဒ္ဓအလင်းရောင်က အခွင့်အရေးကို အရယူပြီး မကောင်းဆိုးဝါးချီစွမ်းအင်များကို ဖယ်ရှား၍ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူက မကောင်းဆိုးဝါးချီစွမ်းအင်များကိုလည်း မောင်းထုတ်လိုက်၏။
သူ့ခေါင်းက ဖုတ်ကောင်ဖြစ်နေသော်လည်း မျက်နှာပေါ်တွင် ဂရုဏာတရားများ ပေါ်လာခဲ့သည်။
"အော်မီတော်ဖော်… "
တိမ်တိုက်ပြာဘိုးဘေးက နောက်တစ်ကြိမ် မတိုက်ခိုက်ရဲပေ။ သူမက ဗုဒ္ဓအလင်းရောင်များကို ဖယ်ရှားရန် မကောင်းဆိုးဝါးချီစွမ်းအင်များကို ကူညီပေးမိမှာ စိုးရိမ်သွားခဲ့၏။
မကောင်းဆိုးဝါးက ကြောက်စရာကောင်းလှအောင် အစွမ်းထက်သည်။ သူမက ခေါင်းကို အစွမ်းကုန် တိုက်ခိုက်လိုက်သော်လည်း လက်ဝါးရာတစ်ခုသာ ပေါ်လာပြီး အကြီးအကျယ် ဒဏ်ရာရသွားခြင်း မရှိချေ။ အကယ်၍ မကောင်းဆိုးဝါး ချီစွမ်းအင်များနှင့် ဗုဒ္ဓအလင်းရောင်များကသာ သူမကို ပြန်လည် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူမက သေဆုံးသွားနိုင်သည်။
မုန့်ချီက သူ၏ချီစွမ်းအင်များကို အသုံးချပြီး ကျန်းကျိဝေကို ပါးစပ်ဟလိုက်သည်။ ထို့နောက် သူမကို စွမ်းအားပြန်ဖြည့်ဆေး တိုက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ဆေးအာနိသင်များ မြန်မြန်ရောက်စေရန် ကူညီပေးလိုက်သည်။ ကျန်းကျိဝေ၏ ပင်မဝိညာဉ်က ဖြည်းညင်းစွာ ပျက်စီးသွားနေပြီး ထိုအရာကို ထိန်းချုပ်၍ မရနိုင်ပေ။
မုန့်ချီက အလွန်စိုးရိမ်နေသည့်အတွက် တိမ်တိုက်ပြာဘိုးဘေးကို အကူအညီ တောင်းချင်နေခဲ့၏။ ထိုအချိန်တွင် ကျန်းကျိဝေ၏ ခန္ဓာကိုယ်ပေါ်၌ ဗုဒ္ဓအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ပင်မဝိညာဉ်ကို ထိန်းချုပ်၍ ခေါင်းထဲတွင် သိမ်းဆည်းပေးခဲ့သည်။ ထို့ကြောင့် သူမ၏ ပင်မဝိညာဉ်က အလွန်လျင်မြန်စွာ ပျောက်ဆုံးသွားခြင်းကို ကာကွယ်နိုင်သည်။
"အော်မီတော်ဖော် …
ကိုယ်တော်က အများကြီးကူညီမပေးနိုင်ဘူး..။ ဒါပေမဲ့ ပင်မဝိညာဉ်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်ထားလိုက်တဲ့အတွက် (၇) ရက်အတွင်း လော်ဟန့် ရွှေကိုယ်တော်တစ်ပါးကို ရှာနိုင်မယ်ဆိုရင် သူ့ကို ကယ်နိုင်ပါတယ်... "
ဖုတ်ကောင်က လက်အုပ်ချီ၍ ပြောလိုက်သည်။ သူ၏ အဝါရောင်ဝတ်စုံနှင့် အနီစင်းခြုံလွှာအရ သူက ထိပ်တန်းကိုယ်တော် တစ်ပါးဖြစ်ကြောင်း ပြသနေသည်။
မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူတို့ဆီတွင် သံသရာအရှင်သခင် ရှိနေသေးသည်။
"ဒါဆိုရင်တော့ ကိစ္စမရှိတော့ပါဘူး... "
သူက ပြောလိုက်၏။
သူတို့၏အခြေအနေက ပိုကောင်းလာသည်ကို မြင်လိုက်ရသည့်အခါ ချီကျန်းရန်က စိတ်အေးသွားခဲ့သည်။ သူ့ဆီတွင် အနှောင်အဖွဲ့ မရှိတော့သည့်အတွက် သူလည်း သတိလစ်သွားခဲ့၏။
………..
အစိမ်းဝတ် လူတစ်ယောက်က ကျောက်တုံးအခန်းလေးထဲတွင် ရှိနေသော မြေပြင်ပေါ်တွင် တင်ပြင်ခွေထိုင်နေသည်။ သူက အတော်လေး ငယ်ရွယ်ပုံရသော်လည်း ပြောပြ၍ မရနိုင်သော ကံကြမ္မာအပြောင်းအလဲတစ်ခုကို သယ်ဆောင်ထားသည်။ သူက ထိုနေရာတွင် လူကိုယ်တိုင် ရှိနေသော်လည်း စိတ်ဝိညာဉ်ကတော့ အတွင်းထဲတွင် ရှိပုံမရချေ။
"ချွမ်း... "
ဓားရှည်က သူ့ဒူးပေါ်သို့ ကျသွားပြီး ခန္ဓာကိုယ်က (၂) ခြမ်း ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် သူက ဓားကို ပြန်သိမ်းလိုက်၏။ ကောင်းကင်နန်းတော်ထဲတွင် မည်သူမျှမရှိကြောင်း သေချာသွားပြီးနောက် တိုက်ခိုက်ရေးကြယ်နှင့် အနောက်ပိုင်းဘုရင်မတို့က မုန့်ချီတို့ ဖောက်ဝင်လာသော ပြတင်းပေါက်ထဲမှ အထဲကို ပျံသန်းလာခဲ့ကြသည်။
……………
"အော်မီတော်ဖော် ..
ကိုယ်တော့်နာမည်က ကျူးကျန်းလို့ခေါ်တယ်... "
ဘုန်းတော်ကြီးက သူ၏ဓမ္မနာမည်ကို ပြောပြလိုက်သည်။
အစောပိုင်းကတည်းက တိမ်တိုက်ပြာဘိုးဘေးက သူ၏အဆင့်အတန်းနှင့် အခြေအနေကို ခန့်မှန်းမိခဲ့သည်။ ထိုသို့ဆိုရာတွင် သူမ၏စိတ်ထဲတွင် ရှုပ်ထွေးပြီး သံသယဝင်နေသေး၏။ သူမက သူ ဆက်ပြောသည့်အချိန်ကို သတိထား၍ စောင့်နေခဲ့သည်။
ယခုတော့ သူတို့က နတ်ဆိုးကမ္ဘာ အပိုင်းအစထဲတွင် ဖုတ်ကောင်ဘုန်းတော်ကြီးကို တွေ့လိုက်ရသည့်အတွက် ထိုအရာက ကျူးကျန်းဖြစ်နေကြောင်း မုန့်ချီက မသိခဲ့ပေ။ သူက ကျန်းကျိဝေကို ဖြည်းညင်းစွာ ချထားပေးလိုက်ပြီး ထိုဖုတ်ကောင်ဘုန်းတော်ကြီးကို စိုက်ကြည့်လိုက်သည်။
ကျူးကျန်းက ဆက်ပြောလိုက်၏။
"ကိုယ်တော်က မကောင်းဆိုးဝါးဘိုးဘေးကို ရှင်းပစ်ဖို့အတွက် ဗုဒ္ဓရတနာနှင့်အတူ နတ်ဆိုးကမ္ဘာအပိုင်းအစထဲကို ရောက်လာခဲ့တာ..။ ဒါပေမယ့် ငါက အောင်မြင်လုနီးပါး အခြေအနေကို ရောက်တဲ့အချိန်မှာ တစ်စုံတစ်ခုကို ဝမ်းနည်းစွာ လျစ်လျူရှုခဲ့မိတယ်..။ အမှန်အတိုင်းပြောရရင်တော့ ဒီကမ္ဘာကြီးက ဖျက်ဆီးလို့မရဘူး..။ အဲဒီအရာက သူ့ရဲ့သိစိတ်ကို ငါ့ရဲ့ခန္ဓာကိုယ်ထဲ ပေါင်းထည့်ဖို့ အခွင့်အရေးတစ်ခု ရသွားခဲ့တယ်...။ အဲဒီအချိန်ကတည်းကစပြီး ငါတို့က ပေါင်းစပ်တဲ့ အခြေအနေမျိုးရှိနေကြပြီး အချင်းချင်း နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့ကြတာ..။ ငါက သေသွားတာ တော်တော်လေးကို ကြာနေပြီ။ ဒါပေမယ့် သူ့ရဲ့သိစိတ်ကြောင့် အခုထိ အသက်ရှင်နေသေးတယ်... ။ ဒါကတော့ ငါ့ရဲ့ကံတရားလို့ သတ်မှတ်လို့မရပါဘူး..။ ငါက သူ့ကိုသတ်နိုင်ဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုကို ရှာဖွေနေခဲ့တာ..။ အစောပိုင်းမှာ ဗုဒ္ဓဘိုးဘေးတွေနဲ့ သက်ဆိုင်တဲ့ ရတနာတစ်ခု ပေါ်လာတာကို ခံစားမိခဲ့တယ်..။ အဲဒါကြောင့် ငါ့အတွက် အခွင့်အရေးရောက်လာပြီဆိုတာကို နားလည်သွားပြီး မင်းတို့ကို အတွင်းထဲ ရောက်လာအောင် လှမ်းခေါ်လိုက်ရတာပဲ ။ ဒါပေမယ့် ငါက စွမ်းအားအမြောက်အမြား ကုန်ဆုံးသွားတဲ့အတွက် မကောင်းဆိုးဝါးဘိုးဘေးက ငါရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သွားတယ်..။ ငါက မင်းတို့ကို သတ်ပစ်လုနီးပါး ဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်... "
"သေစမ်း... "
မုန့်ချီက သူနှင့် သူ့မိတ်ဆွေများ ကျရောက်ခဲ့ရသော အခြေအနေကို နားလည်သွားသည့်အတွက် ထိုဘုန်းကြီးကို အပြစ်တင်နေမိသည်။ သူ့ကြောင့်သာ သူတို့အားလုံး ဒုက္ခရောက်ခဲ့ခြင်း ဖြစ်၏။
သို့သော် တစ်ချိန်တည်းတွင် အရာအားလုံးကို နားလည်သွားခဲ့သည်။ သူက ဗုဒ္ဓမီးအိမ်လေးကို သုံးလိုက်ခြင်းကြောင့် ဖြစ်နိုင်၏။
တိမ်တိုက်ပြာဘိုးဘေးကလည်း ခေါင်းညိတ်ပြလိုက်သည်။ မုန့်ချီ၏ရှေ့တွင် ဆွဲထားသော အပြာရောင်မီးအိမ်လေးကို မြင်လိုက်ရသည့်အခါ သူမ၏သံသယများကလည်း ပျောက်ကွယ်သွား၏။
"မကောင်းဆိုးဝါးဘိုးဘေးကို ဖယ်ရှားဖို့အတွက် မင်းရဲ့မီးအိမ်လေးကို ငှားပေးလို့ ရနိုင်မလား... "
ဘုန်းတော်ကြီးကျူးကျန်းက လက်အုပ်ချီပြီး တောင်းဆိုလိုက်သည်။
တိမ်တိုက်ပြာဘိုးဘေးက မျက်မှောင်ကြုတ်လိုက်မိပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိနေ၏။ သို့သော် ကျူးကျန်း၏ရှေ့တွင် မည်သည့်အရာမျှ မလုပ်ရဲပေ။
မုန့်ချီကတော့ ထိုအရာကို လက်ခံသင့်မသင့် စဉ်းစားနေ၏။ မည်သို့ဖြစ်စေကာမူ ထိုမီးအိမ်လေးက ကံကြမ္မာအမှတ်များစွာ တန်ကြေးရှိသည်။ ထို့နောက် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ သံသရာအရှင်သခင်က ထိုမီးအိမ်လေးနှင့် ပတ်သက်ပြီး ပြောခဲ့ဖူးသည်။
"ဒီမီးအိမ်လေးရှိနေသူက ကျောက်စိမ်းဗုဒ္ဓဆက်ခံသူ ဖြစ်လာနိုင်တယ်... "
"ရပါတယ်..။ မကောင်းဆိုးဝါးဘိုးဘေးကို ဖျက်ဆီးလိုက်တာက ဒီကမ္ဘာကြီးကို ငြိမ်းချမ်းသွားစေနိုင်တဲ့ အမှန်တရားလမ်းစဉ်တစ်ခုပဲ…"
မုန့်ချီက သူရဲကောင်းဆန်ဆန် ပြောလိုက်သည်။ ထို့နောက် သူက မီးအိမ်လေးကိုချွတ်ပြီး ဘုန်းတော်ကြီးကျူးကျန်းကို ပေးလိုက်၏။
ထိုအချိန်တွင် ကျူးကျန်း၏ ဖုတ်ကောင်မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက မီးအိမ်လေးကိုလက်ခံပြီး ဦးညွှတ်လိုက်၏။
"အော်မီတော်ဖော် …
ဒကာလေးရဲ့သနားကြင်နာမှုကို ဗုဒ္ဓသူတော်စင်တွေက သေချာပေါက် လက်ခံကြမှာပါ... "
သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်တစ်ဖက်တွင် မီးအိမ်လေးကိုကိုင်ထား၍ တခြားလက်တစ်ဖက်က သူ့ရင်ဘတ်ပေါ်သို့ တင်ထားခဲ့သည်။ ထိုအချိန်တွင် အလွန်တည်ငြိမ်ပြီး ဂရုဏာစွမ်းအားများ ပြည့်နေသော အသံတစ်ခုကို ကြားလိုက်ရ၏။
"မင်းရဲ့ဘဝတလျှောက်လုံး သတ်ဖြတ်ဖို့နဲ့ သွေးဆာမှုကိုပဲ သိတယ်..။ မင်းရဲ့လောဘက မင်းရဲ့ဆုံးဖြတ်နိုင်စွမ်းတွေကို တိုက်စားသွားပြီ ။ မင်းနဲ့အတူ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့အတွက် ငါက မင်းရဲ့စွဲလမ်းမှုတွေကို ကောင်းကောင်းကြီး နားလည်ထားတယ်...။ ငါက မင်းရဲ့မကောင်းဆိုးဝါးစိတ်တွေကို ဖယ်ရှားပြီး မင်းကိုင ါနဲ့အတူ သန့်စင်နယ်မြေဆီခေါ်သွားမယ်...”
“ကိတ္ထိပါလအရှင်ရဲ့ ခရီးလမ်းမှာ လူသားတွေရဲ့အာရုံ (၅) ပါးက နတ္ထိပဲဆိုတာကို နားလည်သွားတယ်... ။ ဒီလိုနားလည်မှုတွေကြောင့် ဒုက္ခတွေအားလုံးကနေ လွတ်မြောက်သွားခဲ့ရတယ်... ။ ရှရီပူရကျမ်းစာအရ မင်းတို့ရဲ့ရှေ့မှာ ရှိနေတဲ့အရာအားလုံးက နတ္ထိပဲ…"
ကျမ်းစာရွတ်ဖတ်သံက အလွန်တိတ်ဆိတ်ပြီး တည်ငြိမ်နေသည်။ အဆင့်အတန်းမြင့်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။ သူတို့၏နှလုံးသားထဲတွင် တည်ငြိမ်အေးချမ်းနေပြီး ဘဝအကြောင်းကိုသာ စဉ်းစားနေမိခဲ့ကြသည်။
ထိုအချိန်တွင် ကျူးကျန်း၏ ဘယ်ဘက်လက်ဖဝါးပေါ်၌ ရှိနေသော မီးအိမ်လေးက တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး မီးအိမ်လေးပေါ်တွင် အက်ကွဲကြောင်းများ ကြီးထွားလာသည်။ အလွန်သေးငယ်သော ဗုဒ္ဓဘိုးဘေး၏ အငွေ့အသက်များလည်း ထွက်ပေါ်လာခဲ့၏။
ဤကမ္ဘာကြီးထဲတွင် အဆုံးမဲ့အလင်းတန်းများသာ တောက်ပနေခဲ့သည်။ သူတို့က နတ်ဆိုးကမ္ဘာ အပိုင်းအစတစ်ခုလုံးတွင် ပြည့်နှက်နေပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များ အားလုံးကတော့ နေရောင်အောက်တွင် ရှိနေသော နှင်းပွင့်များကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျသွားခဲ့၏။ အက်ကွဲသံများစွာနှင့်အတူ အနက်ရောင်ကောင်းကင်ကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
ကျူးကျန်း၏ ခန္ဓာကိုယ်အတွင်းထဲတွင် မကောင်းဆိုးဝါးအရိပ်တစ်ခုက နာနာကျင်ကျင် ရုန်းကန်နေခဲ့သည်။ သူက တဖြည်းဖြည်း ပျောက်ကွယ်သွားနေခဲ့၏။ ကျူးကျန်း၏ ခန္ဓာကိုယ်ကလည်း ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေပြီး လေထဲတွင် တဖြည်းဖြည်း မှေးမှိန်လာသည်။
"ခေါင်းတုံးကျူးကျန်း …
မင်းက ဒီလိုလေး ရွတ်လိုက်တာနဲ့ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား... "
မကောင်းဆိုးဝါးဘိုးဘေးက အော်ဟစ်လိုက်သည်။ သူကတော့ ရုန်းကန်ခြင်းကို လက်လျှော့လိုက်သည့်အလား အားရပါးရ ရယ်လိုက်၏။
"ပရာဏ ပရမတ္တဆိုတာ အရမ်းကို ကြီးမြတ်လွန်းလှတယ်..။ အဲဒါက မကောင်းတဲ့ အရာတွေအားလုံးကို တကယ်ပဲ ဖယ်ရှားပေးနိုင်တယ်... "
ကျူးကျန်းကတော့ အတော်လေး ကျေနပ်နေခဲ့၏။
ဗုဒ္ဓအလင်းရောင်နှင့် မီးအိမ်လေး၏အလင်းရောင်များက အလွန်အမင်းကို တောက်ပလာသည့်အတွက် မုန့်ချီက မျက်လုံးမှိတ်လိုက်မိသည်။ တောက်ပနေသည့် အလင်းရောင်ထဲတွင် အနက်ရောင်အငွေ့များကတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏ ပတ်ပတ်လည်တွင် ရူးသွပ်ဖွယ် ရယ်သံတစ်ခုသာ ကြားနေရ၏။
"လုပ်လိုက်စမ်းပါ... ။ မင်းရဲ့ရင်ထဲမှာ ဆန္ဒတွေရှိနေသေးသရွေ့ ငါက ထာဝရရှိနေနိုင်သေးတယ်... "
ဗုဒ္ဓအလင်းရောင်များ ပျောက်ကွယ်သွားပြီး နတ်ဆိုးကမ္ဘာ အပိုင်းအစတစ်ခုလုံးက ကြည်လင်အေးချမ်းသွားသည်။ ကောင်းကင်ကြီးကလည်း အချိန်မရွေး ပျက်စီးသွားတော့မည်အလား အက်ကွဲကြောင်းများ ပြည့်နှက်လာခဲ့၏။
…………..
တိုက်ခိုက်ရေးကြယ်နှင့် အနောက်ပိုင်းဘုရင်မတို့က အမှောင်လမ်းကြောင်းကြီးဆီသို့ ပျံသန်းလာခဲ့ကြသော်လည်း သူတို့က ရပ်တန့်လိုက်ရသည်။ ဝင်ပေါက်က ပျက်စီးသွားခဲ့၏။
"အင်မော်တယ်တွေက ဗုဒ္ဓရတနာကိုရသွားပြီလား... "
သူတို့က အချင်းချင်း အံ့အားသင့်ဖွယ် ကြည့်လိုက်မိကြသည်။
………….
ကျူးကျန်းက ရွှေခန္ဓာကို သုံးလိုက်၏။ ထိုအရာက လက် (၈) ဖက် လော်ဟန့်ကိုယ်တော်တစ်ပါး ဖြစ်သည်။ သို့သော် သူ၏အလင်းရောင်များက မှေးမှိန်နေပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မလို ထင်မှတ်ရ၏။
"အော်မီတော်ဖော် ။ ဒါတွေအားလုံးက ဒကာလေးရဲ့ကျေးဇူးကြောင့်ပါပဲ…"
ကျူးကျန်းက မုန့်ချီကို လက်အုပ်ချီပြီး ဦးညွှတ်လိုက်သည်။
“ငါ့မှာ ပေးစရာဘာမှမရှိဘူး..။ ပျက်စီးနေတဲ့ ဗုဒ္ဓရတနာတစ်ခုပဲ ရှိတော့တယ်.။ ကျေးဇူးပြုပြီး အဲဒီအရာကို လက်ခံပေးပါ... "
သူ့စကားမဆုံးသေးခင် တိမ်တိုက်ပြာဘိုးဘေးက အစိမ်းရောင်အလင်းတန်းများ လွှမ်းခြုံပြီး သူ့ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူမအတွက် ကံဆိုးသွားခဲ့သည်မှာ ကျူးကျန်းက ပို၍ လျင်မြန်နေခဲ့၏။ သူက နဖူးပေါ်တွင် ရှိနေသော ထောင်လိုက်မျက်လုံးကို ဖွင့်လိုက်ရာ စိမ်းပြာရောင် ဗောဓိမျိုးစေ့တစ်ခုက မုန့်ချီ၏မျက်ခုံးတည့်တည့်ဆီသို့ ပျံသန်းသွားခဲ့သည်။
မုန့်ချီက အလွန်ရှုပ်ထွေးနေပြီး ဇဝေဇဝါ ဖြစ်သွားသလို ခံစားလိုက်ရ၏။ သူ၏မျက်လုံးထဲတွင် အမှောင်ထုကြီးတစ်ခု ပေါ်လာခဲ့သည်။ အမှောင်ထုကြီးထဲတွင်တော့ ဗုဒ္ဓတစ်ပါးပေါ်လာပြီး ကောင်းကင်ကြီးပေါ်ကို လက်ညှိုးထိုးပြနေသည်။
ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ ငါက တစ်ဦးတည်းသော အရှင်သခင်ပဲ…"
ဗုဒ္ဓအလင်းရောင်က အမှောင်ထုကြီးကို လုံးဝဖယ်ရှားလိုက်ပြီး စကြဝဠာကြီးတစ်ခု ပေါ်လာခဲ့သည်။ အလွန်ဆိုးရွားသော ခေါင်းကိုက်မှုကြောင့် မုန့်ချီ၏ခေါင်းထဲတွင် ပေါက်ကွဲထွက်တော့မတတ် ခံစားနေရသည်။ သူက ထိုခံစားချက် ပျောက်ကွယ်သွားသည့်အချိန်တွင် အရာအားလုံးကို နားလည်သွားခဲ့သည်။
သူ သတိပြန်ဝင်လာသည့်အချိန်တွင် ကျူးကျန်းက ပြုံးပြနေကြောင်းကိုသာ မြင်လိုက်ရ၏။ သူ၏မျက်လုံးထဲတွင်တော့ အစိမ်းရောင်အမှုန်လေးတစ်ခု ရှိနေသည်။ ထိုအရာက အစောပိုင်းတွင် ပို့ခဲ့သော ဗောဓိမျိုးစေ့ ဖြစ်သည်။ ထိုဗုဒ္ဓရတနာရှိနေလျှင် သူက ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ဟူသော သိုင်းကွက်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်နိုင်တော့မည်လော။
"မဟုတ်သေးဘူး..။ ကျူးကျန်းရဲ့အပြုံးအရ အဲဒီဗောဓိမျိုးစေ့လေးကို သူက ဖြေရှင်းပြီးသွားပြီဆိုတာ ပြောပြနေတာပဲ…"
ထိုအချိန်တွင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို ရရှိသွားသည့်အတွက် မုန့်ချီက ဝမ်းသာသလိုမခံစားရပေ။ သူ့ခေါင်းထဲတွင်တော့ ပုံရိပ်ယောင်ပေါင်းများစွာ ပြည့်နှက်နေသည်။ သူ့မျက်လုံးထဲတွင်လည်း တိမ်တိုက်ပြာဘိုးဘေးကို မြင်ယောင်လာခဲ့၏။
"သေစမ်း... "
ဗုဒ္ဓလက်ဝါးသိုင်းကွက်က လူတိုင်းကို လောဘတက်သွားစေနိုင်သည်။ သူတို့က ပင်မကမ္ဘာကြီးထဲကို ပြန်သွားရမည် ဖြစ်၏။ ထိုသတင်းကသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူကတော့ သေဆုံးသွားနိုင်သည်။
အကယ်၍ သူက ပင်မကမ္ဘာကြီးထဲသို့ အောင်အောင်မြင်မြင် ပြန်သွားနိုင်ပြီး တိမ်တိုက်ပြာဘိုးဘေး၏လက်ထဲမှ လွတ်မြောက်သွားမည်ဆိုလျှင်ပင် သူ့နောက်ကြောင်းကို သိသွားသည်နှင့် လူတိုင်းက ပစ်မှတ်ထားလာနိုင်သည်။
အကယ်၍ အင်မော်တယ်များက ထိုသိုင်းပညာကို တိတ်တဆိတ် လိုချင်နေသည်ဆိုလျှင်ပင် ဒဏ္ဍာရီများက ထိုသတင်းကို လူသိရှင်ကြား ကြေညာလိုက်နိုင်သည်။ အင်မော်တယ် သို့မဟုတ် မုန့်ချီနှင့် သူ့အဖော်များက ဗုဒ္ဓလက်ဝါး၏ ပထမသိုင်းကွက်ကို ရရှိသွားပြီဖြစ်ကြောင်း သူတို့က သေချာပေါက် ပြောလိုက်နိုင်သည်။
သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်လာပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်၏။ သူက လေးလေးနက်နက် ဆုံးဖြတ်လိုက်ပြီး တိမ်တိုက်ပြာဘိုးဘေးကို ပြတ်သားစွာ ပြောလိုက်သည်။
"ဘိုးဘေး …
ကျွန်တော်က အင်မော်တယ်တွေနဲ့ ပူးပေါင်းချင်တယ်... "
Translated by Hein Htet.