← Chapters

အခန်း (၃၆၂)

Vol. 25 Ch. 362

အခန်း (၃၆၂)

Vol. 25 Ch. 362

ဗုဒ္ဓအလင်းရောင်နှင့် အနက်ရောင် မကောင်းဆိုးဝါး ချီစွမ်းအင်များက မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်းများစွာ ပြောင်းလဲနေခဲ့သည်။ အဆုံးတွင်တော့ မကောင်းဆိုးဝါး ချီစွမ်းအင်များက အနိုင်ရသွားခဲ့ပြီး ဖုတ်ကောင်အလောင်းတစ်လုံးကို အနက်ရောင် အလင်းတန်းများ လွှမ်းခြုံလာခဲ့သည်။

ထိုအရာက သွေးဆာလာပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကလည်း သူတို့၏ ပင်မဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ ထိုအရာက အတော်လေးကို ကြောက်စရာကောင်း၏။

သို့သော် သူ၏အငွေ့အသက် အများစု ဗုဒ္ဓအလင်းတန်းကို တုံ့ပြန်တိုက်ခိုက်ရန် အသုံးပြုနေရသေးသည်။ ထို့ကြောင့် ယခင်တုန်းကကဲ့သို့ ကြောက်စရာကောင်းခြင်းတော့ မရှိချေ။ ထိုအရာက တိမ်တိုက်ပြာ ဘိုးဘေးထက် အနည်းငယ်ပို၍ ကြောက်စရာကောင်းရုံသာ ရှိသည်။

ထိုအဖြစ်အပျက်ကို မြင်သည့်အခါ မုန့်ချီနှင့် တခြားလူများက တိုက်ခိုက်ခြင်းကလွဲလျှင် သူတို့အတွက် ရွေးချယ်စရာ မရှိတော့ကြောင်း သိသွားကြ၏။ သူတို့၏ ရင်ထဲတွင် အလွန်လေးလံသော အကြောက်တရားများနှင့် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်လာသည်။

သို့သော် သူတို့က သေခြင်းရှင်ခြင်းကို ကြုံတွေ့ခဲ့ဖူးသော စစ်သည်တော်များ ဖြစ်ကြ၏။ သူတို့က ကြောက်လန့်နေသော်လည်း တွေဝေနေခြင်း မရှိဘဲ ရဲရဲဝံ့ဝံ့ လှုပ်ရှားလိုက်ကြသည်။

ရွမ်ယုရှုက သူမ၏အိပ်တန်းတက် ဇာမဏီ ဗျပ်စောင်းပေါ်သို့ သွေးတစ်ပွက် ထွေးလိုက်သည်။ ထိုဗျပ်စောင်းပေါ်တွင် အလင်းတန်းတစ်ခု လွှမ်းခြုံလာပြီး သူမ၏ မျက်စိရှေ့တွင် လွင့်မျောနေခဲ့၏။ သူမက အလွန်အေးစက်သော အမူအရာနှင့် လက်နှစ်ဖက်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။

ကျယ်လောင်သော အသံတစ်ခုက ကောင်းကင်ကြီးပေါ်မှ ကျဆင်းလာသည့်အလား တိမ်တိုက်များကို ထိုးဖောက်ပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကို တိုက်ခိုက်လိုက်သည့်အတွက် ဗုဒ္ဓအလင်းရောင် အနည်းငယ် ထွက်ပေါ်လာသည်။ ထိုအရာက နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိပင် ထိုးဖောက်သွား၏။

ကျေးငှက်တစ်ရာကျော်က စုပေါင်းပြီး သီဆိုနေသလို ထင်မှတ်ရသည်။ အလွန်သာယာနာပျော်ဖွယ်ရှိသော တီးလုံးသံကို စကားလုံးနှင့် ဖော်ပြ၍ပင် မရနိုင်ပေ။

ဖိနှိပ်ခံလိုက်ရသည့်အချိန်တွင် ဖုတ်ကောင်က အတော်လေးကို တုန်လှုပ်သွားခဲ့သည်။ မကောင်းဆိုးဝါးချီစွမ်းအင် အနည်းငယ်ကလည်း လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။ သူက နေရာတွင် ရပ်နေပြီး ဇာမဏီငိုကြွေးသံကို နားထောင်နေပုံရသည်။

မုန့်ချီက အကြောက်တရားများ စိုးရိမ်မှုများ အားလုံးကို ထိန်းချုပ်လိုက်၏။ ထိုအခါ သူ့ရင်ထဲတွင် တည်ငြိမ်နေပြီး ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို တုံ့ပြန်လိုက်၏။ ထို့နောက် သူက ဓားသွားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ သူက ဗုဒ္ဓမီးအိမ်ကို အသက်သွင်းရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာက လော်ဟန့်ကိုယ်တော်ကို ဖြေရှင်းခဲ့ရသည့် အခြေအနေနှင့် မတူညီတော့ပေ။ ထိုအချိန်တွင် သူ့လက်ထဲ၌ ဗုဒ္ဓလမ်းစဉ် ဘိုးဘေးများ၏ လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်တစ်ခု ရှိနေသည်။

တစ်ဖက်တွင်တော့ အပြာရောင်မီးအိမ်လေးက ပျက်စီးလုနီးနီး ဖြစ်နေသည့်အတွက် ကနဦးဝေ့ကျင်းအဆင့် စွမ်းအားများကိုသာ အသုံးပြုနိုင်သည်။ အကယ်၍ ထိုအရာက ဗုဒ္ဓအလင်းရောင်ကို ကူညီပေးနိုင်မည်ဆိုလျှင်ပင် မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဖိနှိပ်နိုင်မည့်ပုံ မရှိချေ။

မကောင်းဆိုးဝါးဝိညာဉ်ကို အရင်ဆုံးထိခိုက်အောင် လုပ်ပြီးမှသာ သူ၏ မကောင်းဆိုးဝါး ချီစွမ်းအင်တချို့က ပျောက်ကွယ်သွားနိုင်ပါလိမ့်မည်။ ထို့ကြောင့် သူတို့ကလည်း မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်၏။

ထိုအချိန်တွင် မုန့်ချီက အရာအားလုံးကို မေ့လျော့သွားခဲ့သည်။ သူက ဖြစ်နိုင်ချေ ရှိသော ရလဒ်များကိုပင် မေ့လျော့ထားခဲ့သည်။ သူနှင့် အလောင်း၏ ကြားထဲတွင် ရှိနေသော မြေပြင်ကြီးက ကြီးထွားလာပြီး အတွင်းထဲမှနေ၍ သစ်ပင်များ ထွက်ပေါ်လာခဲ့၏။ သူ၏အာရုံ အားလုံးကတော့ မကောင်းဆိုးဝါး ဝိညာဉ်ကိုသာ စိုက်ကြည့်နေခဲ့သည်။

အခြေအနေ ပြောင်းလဲသွားခဲ့ပြီး မကောင်းဆိုးဝါးဝိညာဉ် ၊ နက်မှောင်နေသော မြေပြင်ကြီးနှင့်သစ်ပင်ကြီး စသည့် အရာအားလုံးက မုန့်ချီ၏ သိစိတ်ကမ္ဘာကြီးထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထိုအရာက အစစ်အမှန်နှင့် တစ်ထပ်တည်းနီးပါး တူညီနေပြီး ခံစားချက်များကပင် ထပ်တူကျနေသည်။

အလွန်ပြင်းထန်သော အခြေအနေအောက်တွင် မုန့်ချီ စုစည်းထားခဲ့သော အရှိန်အဝါများ အားလုံးက တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။ မုန့်ချီ၏ သိုင်းပညာကလည်း အဆင့်အသစ်တစ်ခုသို့ တက်လှမ်းသွားခဲ့၏။

သူ၏ (၈)ခုမြောက် တံခါးပေါက်က တိတ်တဆိတ် ပွင့်လာခဲ့သည်။ အသက်ရှင်ရန် ပြင်ဆင်နေမှုက အလွန်လျင်မြန်စွာ လည်ပတ်နေသော ဧရာမ စက်ဝိုင်းကြီးတစ်ခုသဖွယ် ဖြစ်လာ၏။

ထိုအရာက လျင်မြန်စွာ လည်ပတ်လာပြီး သူ၏ ချီစွမ်းအင်များနှင့် စိတ်ဝိညာဉ်စွမ်းအားများက သူ၏လက်ရှိအတားအဆီးများကို ဖြတ်ကျော်သွားပြီး ပို၍ မြင့်မားသော အဆင့်တစ်ခုသို့ မြှင့်တင်ပေးနိုင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ်များ ပွင့်သွားသည့်အချိန်တွင် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများကို စွန့်ထုတ်နိုင်သော လမ်းကြောင်းတစ်ခု ပေါ်လာပြီး အညစ်အကြေးများ ၊ အသက်စွမ်းအင်များလည်း ထွက်လာခဲ့သည်။ ထိုအရာက အရာအားလုံးကို ဖုံးကွယ်ထားနိုင်ပြီး ချီစွမ်းအင်များအားလုံးကို သန့်စင်ပေးခဲ့သည်။ ထိုအရာက သဘာဝတရားကြီး၏ အခြေအနေနှင့် တူညီပြီး အလွန်အံ့ဩစရာကောင်းသည်။

ကောင်းကင်ပြစ်ဒဏ်ဓားက (၈)ကြိမ်တိတိ လှုပ်ရှားလာခဲ့ပြီး အလွန်လျင်မြန်သော အရှိန်နှင့် ခုတ်လိုက်သည်။ ခရမ်းရောင် လျှပ်စီးကြောင်းများကလည်း အလွန်ကြောက်စရာကောင်းသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့၏။

သူ၏ပတ်ပတ်လည်တွင် အလွန်သိပ်သည်းသော မြူခိုးတစ်ခု ပေါ်လာပြီး ခေါင်းပေါ်တွင် အနက်ရောင်တိမ်တိုက်ကြီးများ ထွက်ပေါ်လာသည်။ ထိုတိမ်တိုက်ထဲတွင် ငွေရောင်လျှပ်စီးကြောင်းများလည်း လှုပ်ရှားနေခဲ့၏။ မိုးကြိုးသံများကိုလည်း အဝေးမှပင် ကြားနေရသည်။

"ဘုန်း … "

အလွန်ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုကို ကြားလိုက်ရပြီး မုန့်ချီက နောက်ဆုံး တိုက်ခိုက်မှုကို လုပ်ဆောင်လိုက်သည်။ ထိုစွမ်းအားများကြောင့် လေလှိုင်းများကပင် ပျက်စီးသွားခဲ့၏။ ပတ်ပတ်လည်တွင် ရှိနေသော လှုပ်ရှားမှုများ၊ အစိုဓာတ်များနှင့် လျှပ်စီးကြောင်းများအားလုံးကလည်း သူ့ဓားပေါ်တွင် စုစည်းလာကြသည်။

"ဘုန်း … "

လျှပ်စီးကြောင်းများ စုစည်းလာပြီး မိုးကြိုးများက ကောင်းကင်ကြီးကို ဖျက်ဆီးလိုက်သည့်အလား မုန့်ချီ၏ ဓားအရှိန်အဝါနှင့် ပေါင်းစပ်လာခဲ့သည်။

ကောင်းကင်ကြီးပေါ်မှနေ၍ အလွန်ကြီးမားသော မိုးရေစက်များလည်း ကျလာပြီး မြူခိုးငွေ့များ ဖြစ်ပေါ်လာသည်။ ကောင်းကင်မိုးကြိုးက မုန့်ချီ၏ဓားသွားကို လမ်းပြနေသည့်အလား ကြောက်စရာကောင်းစွာ အက်ကွဲလာခဲ့၏။

လျှပ်စီးကြောင်းများစွာက စုစည်းလာပြီး ခရမ်းရောင် လျှပ်စီးကြောင်းများက ဧရာမနဂါးကြီးတစ်ကောင်အဖြစ် စုစည်းသွားခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာ ကောင်းလွန်းလှသည့်အတွက် ကောင်းကင်ကြီးကို တားဆီးပြီး ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသလို ထင်မှတ်လိုက်ရသည်။

မိုးကြိုးစပါးအုံးမြွေငယ်လေးများက လေထဲတွင် လှည့်ပတ်လှုပ်ရှားနေပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဖျက်ဆီး၍ ဗုဒ္ဓအလင်းရောင်များကို ဖယ်ရှားလိုက်သည်။ မြေပြင်ပေါ်တွင်ပင် မည်းနက်သွားခဲ့ပြီး နတ်ဆိုးကမ္ဘာကြီးထဲမှ ချုံပုတ်ငယ်များစွာက ပျက်စီးသွားခဲ့သည်။

"ဂျိမ်းးး… "

ခရမ်းရောင်နဂါးကြီးက ဖုတ်ကောင်ကို အလွန်ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။

တစ်ဖက်တွင် ချီကျန်းရန်က မိုင်တစ်ထောင်အေးခဲခြင်းအစွမ်းကို သုံးရာတွင် မုန့်ချီထက် အနည်းငယ် ပို၍နှေးကွေးနေသည်။ သူလည်း ရွှေနဂါးဓားကို အသက်သွင်းလိုက်၏။ ထိုအခါ ပတ်ပတ်လည်တွင် ရှိနေသော အပူချိန်က ကြောက်စရာကောင်းစွာ နိမ့်ကျလာပြီး အနက်ရောင်အငွေ့များက ရေခဲအလွှာများအဖြစ် စတင်အေးခဲလာကာ အနက်ရောင်သလင်းကျောက်များကဲ့သို့ ဖြစ်လာသည်။

ကျဆင်းလာသော မိုးရေစက်များကလည်း စုစည်းလာပြီး နှင်းပွင့်လေးများအဖြစ် ပြောင်းလဲ၍ လေထဲတွင် လှုပ်ရှားနေခဲ့သည်။ အလင်းတန်းကြီးတစ်ခုကလည်း နဂါးတစ်ကောင်ကဲ့သို့ ဖုတ်ကောင်ဆီကို ကျရောက်လာခဲ့သည်။ ထိုအလင်းတန်းနှင့် ထိလိုက်ရသော အရာအားလုံးက ရေခဲများအဖြစ် ပြောင်းလဲသွားခဲ့၏။

သူနှင့် တစ်ချိန်တည်းတွင် ကျိုးဟမ်ကတော့ ရွှေချည်ထိုးထားသော အဝါရောင် တံဆိပ်လေးတစ်ခုကို ထုတ်လိုက်သည်။ ထိုအရာက အဆင့်အတန်းမြင့်ပြီး ကြီးကျယ်ခမ်းနား၏။ မကောင်းဆိုးဝါးများက ထိုးဖောက်၍ မရနိုင်သလို ထင်မှတ်ရသည်။

ထိုတံဆိပ်ငယ်လေးက အသက်ဝင်လာသည့်အချိန်တွင် ကြိတ်ဆုံကျောက် အရွယ်အစားအဖြစ် ပြောင်းလဲလာသည်။ လက်သည်း (၅)ချောင်း ရွှေနဂါး (၃)ကောင်ကလည်း အသက်ဝင်လာသလို ထင်မှတ်ရပြီး တံဆိပ်ကို လှည့်ပတ်နေကြသည်။

အဝါရင့်ရောင် အလင်းတန်းလေး ပျံ့နှံလာသည့်အချိန်တွင် အနီးအနားတွင် ရှိနေသော အနက်ရောင်မြေပြင်ကြီးက အညိုရောင် ပြောင်းလဲသွားပြီး အညစ်အကြေးများ ဆုံးရှုံးသွားသလို ဖြစ်သွားသည်။

ကျန်းကျိဝေကတော့ သူတို့ထက် အနည်းငယ်ပို၍ နှေးကွေးနေ၏။ သူမက အလွန်တည်ငြိမ်နေပြီး မိတ်ဆွေနှင့် ရန်သူများ ၊ အနိုင်အရှုံး ‌၊ သေခြင်းနှင့်ရှင်ခြင်းကိုပင် မေ့လျော့နေပြီး အနန္တဓားသိုင်းကို ကိုင်ထားခဲ့သည်။

ကောင်းကင်ကြီးက တဖြည်းဖြည်းပို၍ မှောင်မည်းလာသလို ထင်မှတ်ရပြီး ဓားအလင်းတန်း၏ အလှတရားများ ပေါ်လွင်လာခဲ့သည်။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သလို ထင်မှတ်ရ၏။

အတားအဆီးများ ၊ အန္တရာယ်များ ၊ သေခြင်းရှင်ခြင်း စက်ဝိုင်းများ ၊ မကောင်းဆိုးဝါးချီစွမ်းအင်များနှင့် ဗုဒ္ဓအလင်းရောင်များ အားလုံးကို ဖျက်ဆီးတော့မလို ထင်မှတ်ရသည်။ အရာအားလုံးက သူမ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။

ဓားချီစွမ်းအင်များ မြင့်တက်လာခဲ့ပြီး မြေပြင်ကြီးကလည်း အက်ကွဲလာသည်။ သစ်ပင်ပေါင်းမြောက်များစွာက လေထဲသို့ မြောက်တက်လာပြီး သူတို့၏ အမှတ်အသားများက ရှင်းလင်းလာ၏။ တောင်တစ်တောင် အရွယ်အစားခန့်ရှိသော ဧရာမကျောက်တုံးကြီးကပင် ပျက်စီးသွားခဲ့သည်။

သူတို့အားလုံးက အစွမ်းကုန် တိုက်ခိုက်လိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုက မည်သည့် ရည်ရွယ်ချက်မျှ မရှိကြပေ။

မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားများ အားလုံးကို သုံးထားသည့်အတွက် တံခါး(၇)ပေါက်မှ သွေးများအားလုံး စီးကျလာနေ၏။ သို့သော် သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကိုသုံးရန် အာရုံခွဲနိုင်ခြင်း မရှိချေ။ သူ့စိတ်ထဲတွင်တော့ သူ့ဓားနှင့် မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုတည်းသာ ရှိသည်။

အလွန်ကြီးမားပြီး ကြောက်စရာကောင်းသော ခရမ်းရောင်နဂါးကြီးက ဖုတ်ကောင်ဆီသို့ တည့်တည့်ရောက်လာခဲ့သည်။ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးချီစွမ်းအင် အမြောက်အများ ပျောက်ကွယ်သွားခဲ့၏။

သို့သော် ထိုအချိန်တွင် ဖုတ်ကောင်ကတော့ ကောင်းကင်ဇာမဏီ ငိုကြွေးသံ၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာသလို ထင်မှတ်ရသည်။ သူက လက်သီးနှင့် ထိုးလိုက်၏။ နိယာမများ ပါဝင်နေပုံရသော လက်သီးက မုန့်ချီ၏ ဓားသွားပေါ်ကို ကျရောက်လာခဲ့သည်။

သူ့လက်သီးနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်က မည်းနက်သွားခဲ့သည်။ အလင်းရောင်များအားလုံးကလည်း စုပ်ယူခံလိုက်ရ၏။ သူတို့က မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ လှုပ်ရှားနေသော အလင်းရောင်များကသာ ပို၍ ထင်ရှားလာပြီး အမှောင်ထုကြီးက ခရမ်းရောင်မိုးကြိုးများကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

"ဘုန်း … "

မိုးကြိုးများက ပေါက်ကွဲသွားပြီး မုန့်ချီက နောက်သို့လွင့်သွားခဲ့၏။ သူက သွေးအန်လိုက်ရပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကလည်း မှေးမှိန်၍ ပျက်စီးသွားခဲ့သည်။ ထို့နောက် သူက မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့၏။

ဖုတ်ကောင်က စောင်းသံလွှမ်းမိုးမှုမှ လွတ်မြောက်လာသည့် ကျေးဇူးကြောင့်သာ အစွမ်းကုန် မသုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုလက်သီးချက်တစ်ခုတည်းနှင့် မုန့်ချီ၏ဓားက လက်ထဲမှ လွတ်ထွက်သွားနိုင်ပြီး အရိုးများ တစ်စစီ ကြေမွသွားနိုင်သည်။

ဖုတ်ကောင်ဆီတွင် လျှပ်စီးကြောင်း အနည်းငယ်တော့ ကျန်နေသေး၏။ ထိုအချိန်တွင် မကောင်းဆိုးဝါးချီစွမ်းအင် တော်တော်များများ ပျောက်ကွယ်သွားခဲ့ပြီး ဗုဒ္ဓအလင်းတန်းကို ဖိနှိပ်ရန် ပို၍ ခက်ခဲလာသည်။

သို့သော် ထိုအရာက ဖုတ်ကောင်အတွက်တော့ ပြဿနာမရှိသေးပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေပြီး မကောင်းဆိုးဝါးသခင်တစ်ယောက်ကဲ့သို့ ဖြစ်နေသေး၏။

ထို့နောက် အလွန်အေးစက်သော အငွေ့အသက်တစ်ခု ရောက်လာသည့်အတွက် လူတိုင်းက အရိုးခိုက်လုမတတ် ခံစားလိုက်ရသည်။ မကောင်းဆိုးဝါး ချီစွမ်းအင်များကလည်း အေးခဲသွားခဲ့ပြီး ဖုတ်ကောင်က ရေခဲအဖြစ် ပြောင်းလဲသွားသည်။ ဓားချီစွမ်းအင်များက လေထဲကို ဖြတ်သန်းလာပြီး သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်၏။

တခဏအတွင်း ဖုတ်ကောင်က ဘယ်လက်ကို မြှောက်လိုက်ရာ ဘယ်လက်ထဲတွင် အမှောင်ထုကြီးက စုစည်းလာပြီး ဓားချီစွမ်းအင်များကို တားဆီးထားလိုက်သည်။

"ခလွပ်..… "

ဓားချီစွမ်းအင်များက ပျက်စီးသွားခဲ့ပြီး ရေခဲများက ပို၍အစွမ်းထက်လာသည်။ သို့သော် ဖုတ်ကောင်၏ လက်ဝါးကတော့ လုံးဝထိခိုက်သွားခြင်း မရှိပေ။ ရေခဲများ အက်ကွဲသွားသည့်အသံကိုပင် အတိုင်းသားကြားနေရ၏။

ထို့နောက် အဝါရင့်ရောင် တံဆိပ်လေးက ကောင်းကင်ပေါ်မှ ကျရောက်လာသော တောင်မြင့်ကြီးတစ်လုံးအလား ဖုတ်ကောင်၏ ခေါင်းပေါ်မှ ကျဆင်းလာခဲ့သည်။

"ဘုန်း … "

ရေခဲနှင့်ဓားချီစွမ်းအင်များ၏လွှမ်းမိုးမှုကြောင့် ဖုတ်ကောင်က ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိချေ။ ထိုအရာက သူ့ခေါင်းကို တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ့ခေါင်း ပတ်ပတ်လည်တွင် ရှိနေသော ရေခဲအလွှာများက ပျက်စီးသွားခဲ့သည်။

အဝါရင့်ရောင် အလင်းတန်းလေးက တဖြည်းဖြည်း ပို၍တောက်ပလာပြီး ရွှေရောင်နဂါး(၃)ကောင်က ထိုဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

"အား … "

ဖုတ်ကောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏နဖူးပေါ်မှနေ၍ သွေးများစီးကျလာပြီး မကောင်းဆိုးဝါးချီစွမ်းအင်များ ထွက်ပေါ်လာသည်။ ရွှေရောင်နဂါးများကလည်း အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့၏။

တစ်ဖက်တွင်တော့ ဗုဒ္ဓအလင်းရောင်များက နောက်တစ်ကြိမ် ပို၍အစွမ်းထက်လာသည်။ သို့သော် ယခုအချိန်ထိ ဖုတ်ကောင်ကို ပြန်လည်ထိန်းချုပ်၍ မရသေးပေ။

ထိုအချိန်တွင် အလွန်လှပပြီး ကြောက်စရာကောင်းသော ဓားအလင်းတန်းက အရာအားလုံးကို ဖြတ်ကျော်လာပြီး သူ့ဆီကို ရောက်လာခဲ့သည်။ ထိုအရာက ဖုတ်ကောင်၏ ပင်မဝိညာဉ်ကို လှုပ်ရှားသွားစေပြီး သူ၏မျက်ခုံးပေါ်တွင် ပစ်မှတ်ထားနေ၏။

ထိုအချိန်တွင် ဖုတ်ကောင်၏ ခန္ဓာကိုယ်က ကြည်လင်သွားပြီး အနက်ရောင် အရိပ်ပေါင်းများစွာအဖြစ် ပြောင်းလဲ၍ ပတ်ပတ်လည်သို့ ‌ဖြန့်ခွဲသွားခဲ့၏။ နေဖောက်သက်တန့်ဓားက အရိပ်အနည်းငယ်ကိုသာ ထိခိုက်အောင်လုပ်နိုင်ပြီး သူတို့က ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် အနက်ရောင်အရိပ်ပေါင်းများစွာက လေထဲတွင် လှုပ်ရှားလာပြီး နောက်တစ်ကြိမ် စုစည်း၍ ကျိုးဟမ်ဆီကို ခုန်ဝင်သွားခဲ့သည်။ ကျိုးဟမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပစ္စည်းပေါင်းများစွာ ပျက်စီးသွားသည့်အသံများ ထွက်ပေါ်လာ၏။

အနက်ရောင်နှင့် အနီရောင်အလင်းတန်းများက ကျိုးဟမ်၏ ခန္ဓာကိုယ်ထဲသို့ အနက်ရောင်အရိပ်များ ဝင်ရောက်ခြင်းကို တားဆီးနေပုံရသည်။ အနက်ရောင်အရိပ်က အလွန်အစွမ်းထက်သော်လည်း အလင်းတန်းများက သူ့ကို ခဏကြာ တားဆီးထားနိုင်သည်။

ထိုအချိန်တွင် ကျယ်လောင်သော နဂါးဟိန်းသံတစ်ခုကို ကြားလိုက်ရ၏။ ထိုအသံက နတ်ဆိုးကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။ ရွမ်ယုရှုက လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်ကို နောက်တစ်ကြိမ် တီးခတ်လိုက်ခြင်း ဖြစ်၏။ ထို့နောက် သူမ၏မျက်လုံးများက မည်းမှောင်သွားပြီး မြေပေါ်သို့ သတိလစ်၍ လဲကျသွားခဲ့သည်။

သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုးဝါး ချီစွမ်းအင်များကလည်း နဂါးအော်သံကို ရှောင်တိမ်းရန်အတွက် အပြင်ဘက်သို့ ထွက်ခွာသွားကြသည်။ အနက်ရောင်အရိပ်က နေရာတွင် ရပ်နေရာမှ အဝေးသို့ ထွက်ပြေးချင်နေခဲ့၏။

မုန့်ချီက အံကြိတ်လိုက်ပြီး စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလိုက်သည်။ သူ၏ အတွင်းအား ၊ချီစွမ်းအင် ၊စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများ အားလုံးကလည်း နောက်တစ်ကြိမ် အထွဋ်အထိပ်သို့ ရောက်လာပြီး ဘယ်လက်ထဲတွင် ကိုင်ထားသော ရေလှိုင်းမီးတောက်ဓားကို အသက်သွင်းလိုက်၏။

သူ၏ညာလက်က ယခင် တိုက်ခိုက်မှုကြောင့် ထုံကျင်နေသေးသည်။ ထို့ကြောင့် သူက ရန်သူကို ခုခံရန် သူ၏ဓားရှည်ကိုသာ အားကိုးရပါတော့မည်။ ထိုအချိန်တွင် သူက ဗုဒ္ဓမီးအိမ်လေးကို မသုံးသေးပေ။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးချီစွမ်းအင်များက အသာစီးရနေသေးသည်။

ကျိုးဟမ်၏ အဝါရောင်တံဆိပ်လေးက မကောင်းဆိုးဝါး ချီစွမ်းအင် တစ်စိတ်တစ်ပိုင်းကိုသာ ဖယ်ရှား‌နိုင်သေးသည်။ ထိုအချိန်တွင် မီးတောက် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလွန်သန့်စင်သော ဓားဆန္ဒတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာက လှပပြီး ဓားဆန္ဒများ ပြည့်နှက်နေ၏။ အနီးအနားတွင် မီးတောက်များ ထွက်ပေါ်လာခြင်း မရှိသော်လည်း အပူရှိန်က တငွေ့ငွေ့ လောင်ကျွမ်းနေခဲ့၏။ ဓားရှည်က အနက်ရောင်အရိပ်ကို ထိုးစိုက်လိုက်ရာ ယင်မီးတောက်များက သူ၏ ခြေထောက်မှနေ၍ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို လောင်ကျွမ်းလာခဲ့သည်။

ကောင်းကင်နဂါး၏ အစွမ်းကို သယ်ဆောင်ထားသော ရွှေရောင်မီးတောက်များက သူ၏ မျက်ခုံးအလယ်မှ တိုက်ခိုက်လိုက်၏။ ထိုအရာနှစ်ခုက မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဆက်တိုက် လောင်ကျွမ်းစေနိုင်ပြီး တဖြည်းဖြည်း ပို၍ အစွမ်းထက်လာစေခဲ့သည်။

ထိုအချိန်တွင် ဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် အနက်ရောင် မကောင်းဆိုးဝါး မီးတောက်များက ပေါက်ကွဲလာခဲ့၏။ ကြောက်စရာကောင်းသော ထိုမီးတောက်များက ယင်မီးတောက်များနှင့် ကောင်းကင်နဂါးမီးတောက်များကို တခဏအတွင်း လောင်ကျွမ်းသွားစေခဲ့သည်။

ထို့နောက် အနက်ရောင်အရိပ်ပေါင်းများစွာအဖြစ် ခွဲပြီး ပတ်ပတ်လည်သို့ ပျံသန်းသွားခဲ့ပြန်၏။ သူက ချီကျန်းရန်၏ မိုင်တစ်ထောင် အေးခဲခြင်းအစွမ်းကို ရှောင်တိမ်းနေသည်။

အရိပ်များထဲမှ တစ်ခုကတော့ ကျိုးဟမ်ဆီသို့ ခုန်ဝင်သွားပြီး သူ၏ သွေးအဆီအနှစ်များကို စုပ်ယူလိုက်သည့်အတွက် ကျိုးဟမ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။

ကျိုးဟမ်ဆီတွင် လျှို့ဝှက်ရတနာများစွာနှင့် ထိပ်သီးသိုင်းပညာများစွာ ရှိနေသည်။ ထို့ကြောင့်လည်း ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါး ဝိညာဉ်က သူ့ကို အာရုံစိုက်နေခြင်းဖြစ်သည်။ သူက အရာအားလုံးကို သုံးလိုက်ပြီးနောက် အသက်ကို မနည်း ချန်ထားနေရသည်။ သူတို့၏ စွမ်းအားကွာဟမှုက အလွန်သိသာနေ၏။

ရွမ်ယုရှုနှင့် ကျိုးဟမ်တို့က လက်လျှော့လိုက်ရသည်။ ချီကျန်းရန်ကလည်း သူ၏အတွင်းအား ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများ အားလုံး ကုန်ဆုံးသွားသည့်အတွက် ပြိုလဲလုနီးနီးဖြစ်နေသည်။ သူက သာမန်သိုင်းကွက်များကိုသာ အသုံးပြုနိုင်ပြီး ဝေ့ကျင်းအဆင့် သိုင်းကွက်များကို မသုံးနိုင်တော့ပေ။

မုန့်ချီကလည်း ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်လာသော စိတ်ဓာတ်ကျမှုများကို ဖိနှိပ်၍ မရနိုင်တော့ပေ။ ကျိဝေ တစ်ယောက်တည်းကသာ ဆက်လက် တိုက်ခိုက်နိုင်သေး၏။ သို့သော် မကောင်းဆိုးဝါးဝိညာဉ်က အနက်ရောင် အရိပ်ပေါင်းများစွာအဖြစ် ပြောင်းလဲနေသည့်အတွက် သူတို့အားလုံးကို ပစ်မှတ်ထားရန် မဖြစ်နိုင်ပေ။ သူ၏ ပင်မဝိညာဉ်ကို တိုက်ခိုက်ရန် ခက်ခဲနေသည်။

အစားသရဲလေးက သတိလစ်နေပြီး တခြားလူများကတော့ မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့ပေ။ သူတို့က တစ်ယောက်ချင်းဆီ အသတ်ခံရနိုင်သည့်အတွက် မည်သို့ ဆက်လက် တိုက်ခိုက်ရတော့မည်နည်း။

ထိုအရာက မုန့်ချီ ကြုံခဲ့ဖူးသမျှ တိုက်ပွဲများထဲတွင် စိတ်ဓာတ်ကျစရာ အကောင်းဆုံး တိုက်ပွဲတစ်ပွဲ ဖြစ်သည်။ သူတို့က အမှောင်ဘုရင်ကြီးနှင့် ရင်ဆိုင်ရသည့် အချိန်တွင်ပင် အသက်ရှင်ရန် အခွင့်အရေး တစ်ခုရှိနေသေးသည်။

သို့သော် သူက စိတ်ဓာတ်ကျမှုကြောင့် တိုက်ခိုက်ချင်စိတ် ပျောက်ကွယ်သွားသော လူတစ်ယောက်တော့ မဟုတ်ချေ။ တစ်ဖက်တွင်တော့ သူက အလွန်ကြံ့ခိုင်ပြီး သေမှာကို မကြောက်သော လူတစ်ယောက် ဖြစ်သည်။ အကယ်၍ သူက ယနေ့ သေရမည်ဆိုလျှင်ပင် ထိုမကောင်းဆိုးဝါးကိုတော့ သူနှင့်အတူ ခေါ်ဆောင်သွားမည်ဖြစ်သည်။ သူက တခြားမည်သည့်ပစ္စည်းကို အသုံးပြုနိုင်ဦးမည်နည်း။

သေရေးရှင်ရေး အခြေအနေမျိုးတွင် သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို နောက်တစ်ကြိမ်သုံးပြီး ဗုဒ္ဓမီးအိမ်‌လေးကို အသက်သွင်းလိုက်ရမည်လော။

“ဆရာကြီးလုရဲ့ ပန်းပုရုပ်ကလေးက ဒီမကောင်းဆိုးဝါးဝိညာဉ်ကို ခြောက်လှန့်နိုင်ပြီး ကျိဝေ တိုက်ခိုက်ဖို့ အခွင့်အရေး ပေးနိုင်မလား..”

ထိုအတွေး ပေါ်လာသည့်အချိန်တွင် မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများက ရပ်တန့်သွားကြောင်း ခံစားလိုက်ရသည်။ ထူးဆန်းသောအရာများလည်း ဖြစ်ပေါ်လာခဲ့၏။

သူက အလွန်ထိတ်လန့်သွားခဲ့ပြီး ကျန်းကျိဝေကို လှမ်းကြည့်လိုက်သည်။ သူမက မြေပြင်ပေါ်တွင် ရပ်နေပြီး လေထဲတွင်တော့ သူမ၏အရိပ်တစ်ခု ပေါ်လာခဲ့၏။ သူမ၏ ပင်မဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်လာသလို ထင်မှတ်ရသည်။

ပြတ်သားမှုနှင့်ရဲရင့်မှု …

ထိုအရာက နောက်ပြန်လှည့်၍ မရနိုင်တော့ပေ။ မုန့်ချီ၏ စိတ်ထဲတွင် ထိုကဲ့သို့ ခံစားမှုတစ်ခု ပေါ်လာခဲ့၏။

ကျန်းကျိဝေ၏ ခန္ဓာကိုယ်က ဓားရှည်ကို ကိုင်ထားပြီး လေထဲတွင် ရှိနေသော သူမ၏ ပင်မဝိညာဉ်ကတော့ လျင်မြန်စွာ လောင်ကျွမ်းနေသည်။ လေလှိုင်းများက ရပ်တန့်သွားပြီး ကောင်းကင်ပေါ်တွင် ရှိနေသော မိုးစက်များကလည်း ရပ်တန့်သွားသည်။

မကောင်းဆိုးဝါး ချီစွမ်းအင်များကလည်း လှုပ်ရှားနေခြင်း မရှိတော့ဘဲ အရာအားလုံးက ငြိမ်သက်သွားခဲ့၏။ သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော အလင်းရောင်များက မှေးမှိန်သွားသလို ထင်မှတ်ရပြီး အဖြူရောင်နှင့် အနက်ရောင်ကသာ ပို၍ ထင်ရှားလာသည်။

မကောင်းဆိုးဝါး ဝိညာဉ်၏ အနက်ရောင်အရိပ်များကလည်း သလင်းကျောက်ထဲတွင် ပိတ်မိနေသော ပိုးကောင်များကဲ့သို့ နေရာတွင် အေးခဲနေခဲ့သည်။ မုန့်ချီ၏ အတွေးကပင် တဖြည်းဖြည်းပို၍ နှေးကွေးလာပြီး သူ့ရင်ထဲတွင်တော့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မလုပ်နဲ့ … "

ထိုအရာက (၂၃)ချက် ဓားသိုင်းကွက်ထဲမှ သိုင်းကွက်တစ်ခုဖြစ်သော ဓားနှလုံးသား ၊ ဓားဝိညာဉ် ၊ ပင်မဝိညာဉ်ဓား သိုင်းကွက်ဖြစ်၏။ ထိုသိုင်းကွက်တစ်ခုတည်းနှင့် အရာအားလုံးကို ဆုံးရှုံးသွားနိုင်ပြီး အရာအားလုံးက နေရာတွင် ရပ်တန့်သွားပါလိမ့်မည်။ ထိုအရာကို မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိချေ။ ထိုသိုင်းကွက်ကို လေ့ကျင့်ထားသူတိုင်းက ကောင်းကင်အင်ပါယာ အချိန်ဖျက်ဆီးခြင်းစွမ်းအားကို ပိုင်ဆိုင်နိုင်ကြသည်။

ထိုအရာက အနန္တဓားသိုင်းထက် အစွမ်းထက်သော ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုတော့ မဟုတ်ချေ။ သို့သော် တချို့သော အခြေအနေမျိုးတွင်တော့ အနန္တဓားသိုင်းထက် ပို၍ အသုံးဝင်သည်။ ထိုအရာက ပို၍ အစွမ်းထက်ခြင်း မဟုတ်ဘဲ ပို၍ အသုံးဝင်ခြင်းသာဖြစ်၏။

သို့သော် ထိုတိုက်ခိုက်မှု ပင်မဝိညာဉ်ကို လောင်ကျွမ်းပစ်ရန် လိုအပ်သည်။ ထိုအရာက အသက်ကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူဖြစ်ပြီး အသက်ကို ပေးဆပ်ရနိုင်သည်။

"ကျိဝေ … ကြက်သတ်နတ်ဘုရားဓား … "

မုန့်ချီက ရင်ထဲတွင် အော်‌ဟစ်နေခဲ့ပြီး ခံစားမှုများက ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့သည်။

"အဆင်ပြေနိုင်ပါသေးတယ်။ သူက (၂၃)ချက် ဓားသိုင်းကွက်ကို သုံးလိုက်ပြီးတာနဲ့ ချက်ချင်း သေသွားမှာ မဟုတ်သေးဘူး။ ငါတို့ကသာ လမ်းကြောင်းကို ဖောက်ခွဲပြီး သံသရာမြေကွက်လပ်ထဲကို အချိန်မီ ပြန်သွားနိုင်တယ်ဆိုရင် သံသရာအရှင်သခင်က သူ့ကို ကယ်နိုင်သေးတယ်…"

သူက အကြောက်တရားများ အားလုံးကို အတင်းအကြပ် ဖယ်ရှားနေရလေသည်။

Translated by Hein Htet.

All Chapters