အခန်း (၃၆၄)
Vol. 25 Ch. 364
"ဘိုးဘေး … ကျွန်တော်က အင်မော်တယ်တွေနဲ့ ပူးပေါင်းချင်တယ်…"
တိမ်တိုက်ပြာဘိုးဘေးက အံ့ဩသွားခဲ့သည်။ သူမက ထိုအဖြေကို သေချာစဉ်းစားနိုင်ခဲ့ခြင်း မရှိချေ။ သို့သော် သေချာစဉ်းစားကြည့်လိုက်သည့်အခါ ထိုအရာက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသော အရာတစ်ခုဖြစ်ကြောင်း နားလည်သွားခဲ့၏။
ကျူးကျန်းက သူ မသေခင် ဗောဓိမျိုးစေ့ကို ဖျက်ဆီးပစ်ခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် စုမုန့် တစ်ယောက်တည်းကသာ ထိုသိုင်းကွက်ကို မြင်တွေ့နိုင်စွမ်း ရှိတော့၏။ စိတ်ဝိညာဉ် လွှဲပြောင်းမှုဟူသည်မှာ သူမ နားလည်နိင်သော ဗုဒ္ဓရတနာတစ်ခု မဟုတ်ချေ။ အကယ်၍ သူမက စုမုန့်ကို ပြန်ပေးဆွဲပြီး နှိပ်စက်ရာမှတဆင့် ထိုအရာကို နားလည်လာမည်ဆိုလျှင် သူမ၏ နားလည်မှုက စုမုန့်ကိုယ်တိုင် အသာတကြည် ပေးခြင်းထက် ပို၍ နိမ့်ကျပါလိမ့်မည်။
အရေးကြီးဆုံးအရာကတော့ သူမက ပင်မလမ်းညွန်ချက်ကို ရရှိပြီးမှသာ ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ကို လေ့ကျင့်နိုင်ပါလိမ့်မည်။ ထိုအရာကို နားလည်ရန် ကြိုးစားသည့် လူတိုင်းက သေချာပေါက် ကျရှုံးရမည်သာဖြစ်၏။
အကယ်၍ သူသာ အင်မော်တယ်များနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် သူမတို့ အဖွဲ့အစည်းက ဗုဒ္ဓလက်ဝါးကို ရယူလိုက်ခြင်းနှင့် တူညီသွားပါလိမ့်မည်။ တခြားသော ရလဒ်များကတော့ သူတို့အတွက် အလွန်ဆုံးရှုံးမှုကြီးနိုင်၏။
ထို့ပြင် သူက အလွန်ကံကောင်းပြီး စွမ်းရည်မြင့်မားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏တိုက်ခိုက်မှုက အဆင့်တူများထဲတွင် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေ၏။ အဖွဲ့အစည်းတိုင်းက ထိုကဲ့သို့ အစွမ်းထက်သော လူတစ်ယောက် ပူးပေါင်းလာမှာကို အလွန်သဘောကျကြသည်။
သူမက စုမုန့်၏နောက်ကြောင်းကို သိနေ၏။ အကယ်၍ သူသာ မည်သည့်အရာမျှ မလုပ်ဘဲ ပင်မကမ္ဘာကြီးထဲသို့ ပြန်သွားခဲ့မည်ဆိုလျှင် သူမတို့ အဖွဲ့အစည်းက သူ့နောက်ကို သေချာပေါက် လိုက်ကြပါလိမ့်မည်။
အဆိုးဆုံးအရာကတော့ ဒဏ္ဍာရီများက လမ်းကြောင်း အပြင်ဘက်တွင် ရှိနေသေး၏။ သူတို့က သိုင်းကျမ်းကို မရခဲ့သည့်အတွက် တခြားသော သံသရာခရီးသွားများဆီ ဤကိစ္စကို သေချာပေါက် ပြောပြလိုက်နိုင်သည်။ စုမုန့်က လူတိုင်း၏ ရန်သူတစ်ယောက် ဖြစ်သွားနိုင်၏။
အကယ်၍ သူသာ အင်မော်တယ်များနှင့် ပူးပေါင်းလာမည်ဆိုလျှင် အင်မော်တယ်များက အရာအားလုံးကို ပြည့်ပြည့်ဝဝ တာဝန်ယူရပါလိမ့်မည်။ ကောလာဟလများ ဖြန့်နေသော ဒဏ္ဍာရီများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူမတို့ အဖွဲ့အစည်းက ထိုစိတ်ဝိညာဉ်လွှဲပြောင်းမှုကို အမှန်တကယ် ရရှိကြောင်း သေချာသွားပါလိမ့်မည်။
ဒဏ္ဍာရီများကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်ကို မကျော်နိုင်သေးသော လူငယ်များစွာကို ထိုအရာများ ရယူခွင့်ပေးလိမ့်မည် မဟုတ်ချေ။ သူတို့က ရလဒ်ကို ကြိုတင်ပြင်ဆင်ထားကြပုံပေါ်သည်။ မည်သည့်ဘက်က အနိုင်ရစေကာမူ တိုက်ပွဲများ သေချာပေါက် ဖြစ်လာနိုင်၏။
တိမ်တိုက်ပြာဘိုးဘေးက လေထဲတွင် ပျက်စီးသွားသော ဗုဒ္ဓမီးအိမ်လေးနှင့်မုန့်ချီကို တစ်လှည့်စီ စိုက်ကြည့်နေခဲ့သည်။
"မင်းက အခြေအနေကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သေချာပေါက် သိနေတာပဲ။ အဖွဲ့အစည်းတစ်ခုကို ပူးပေါင်းတဲ့ အကျိုးအမြတ်တွေကို မင်း နားလည်တယ် မဟုတ်လား။ ပြီးတော့ မင်းဆီမှာ တံဆိပ်လေး ရှိသေးတယ် မဟုတ်လား။ မင်းက ပင်မကမ္ဘာကြီးထဲကို ပြန်ရောက်သွားရင် အဲဒီအရာကို မီးရှို့လိုက် … ။ လူတစ်ယောက်က မင်းကို အင်မော်တယ်တွေဆီ ခေါ်လာပေးလိမ့်မယ်.."
သူမက အနည်းငယ် ရှုပ်ထွေးစွာ ပြောလိုက်သည်။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးကမ္ဘာ အပိုင်းအစက ပျက်စီးနေခဲ့၏။ အချိန်ကို တိတိကျကျ မမြင်ရသည့်အတွက် သူမက သူ့ကို ချက်ချင်းပေးရန် မတောင်းဆိုခဲ့ပေ။ ထို့ပြင် သူက ကတိမတည်မှာကိုလည်း စိုးရိမ်စရာ မလိုအပ်ပေ။
“အဲဒါ တကယ်ပဲ သူတို့ပါလား …”
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ သူက ရေလှိုင်းမီးတောက်ဓားနှင့် ကြမ်းပြင်ပေါ်တွင် ရှိနေသော တခြားပစ္စည်းများကို ကောက်ယူလိုက်သည်။ အန္တရာယ်က ပြီးဆုံးသွားပြီဖြစ်၏။
ထို့နောက် သူက တိမ်တိုက်ပြာဘိုးဘေးကို စိုက်ကြည့်လိုက်သည်။
"ဘိုးဘေး …
တကယ်လို့ ကျွန်တော်ကသာ အဖွဲ့အစည်းထဲကို ဝင်သွားပြီး အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်ဆိုရင် ဓမ္မကာရအဆင့် ကျင့်စဉ်တစ်ခုရဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် အပိုင်းနဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်တွေ ရမယ်လို့ ပြောခဲ့တယ်။ အဲဒါအမှန်လား…"
သူ၏ မျက်လုံးများက တောက်ပလာသည့်အတွက် သူ့ပုံစံက ကျန်းဟွေကဲ့သို့ ဖြစ်လာသည်။
ထိုကလေးကတော့ အခြေအနေကို ကောင်းကောင်း အသုံးချနိုင်သော ပညာရှင် တစ်ယောက်ဖြစ်၏။ မျက်နှာဖုံးအောက်တွင် ရှိနေသော တိမ်တိုက်ပြာဘိုးဘေး၏ အမူအရာက ခန့်မှန်းကြည့်၍ မရနိုင်ပေ။ သို့သော် သူမ၏ လေသံက အနည်းငယ် ထိန်းချုပ်ထားပုံရသည်။
"ဟုတ်တယ် ...။ မင်းက ဘယ်သူမှ မသုံးရသေးတဲ့ အင်မော်တယ်တစ်ယောက်ရဲ့ နာမည်ကို ယူပြီး သူ့ကျင့်စဉ်ရဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်နဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက် (၃)ကွက်ကို ရရှိနိုင်မယ်…”
“နောက်ထပ်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ဖို့ဆိုတာက အချိန်ရော စွမ်းအားရော တော်တော်လေး ပေးရတယ်။ ဒါကြောင့် တော်တော်များများက သူတို့ အဓိက လေ့ကျင့်ထားတဲ့ ကျင့်စဉ်နဲ့ တူညီနေတဲ့အရာမျိုးကိုပဲ ရွေးချယ်ကြတယ်။ ဒါပေမယ့် မင်းက ချွင်းချက်တစ်ခုပဲ။ မင်းက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက် ဖုံးကွယ်မှုတွေ ၊ တုပမှုတွေကို ကျွမ်းကျင်တယ်။ မင်းက မင်းရဲ့ချီစွမ်းအားတွေကို လိုချင်တဲ့ကျင့်စဉ်တွေအတိုင်း တစ်ထပ်တည်း ပြောင်းလဲလို့ ရနိုင်တယ်…”
“တကယ်လို့ ဒီနည်းလမ်းက မင်းရဲ့အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နဲ့ ကွဲပြားနေမယ်ဆိုရင်တော့ မင်းရဲ့တုပမှုက အဆင်ပြေမှာ မဟုတ်ဘူး။မင်းက ပုံမှန်လမ်းကြောင်းအတိုင်း သွားတဲ့ လူတွေထက် အဆင့်တစ်ဆင့်ပိုပြီး နိမ့်နိုင်သလို အဲဒါကို အားကိုးပြီး ဓမ္မကာရအဆင့်ကို ရောက်ဖို့လည်း မဖြစ်နိုင်ဘူး…”
“ဒါကြောင့် မင်းက ကြိုက်တဲ့ နည်းလမ်းကို စိတ်ကြိုက်ရွေးလို့ရတယ်။ မင်းရဲ့လက်ရှိကျင့်စဉ်နဲ့ လုံးဝဆန့်ကျင်နေတဲ့ အရာမျိုးကိုတော့ ရွေးဖို့ အကြံပေးချင်တယ်။ ဒါက မင်းကိုယ်မင်း ဖုံးကွယ်ဖို့ လိုအပ်တဲ့ အချိန်မျိုးမှာ တကယ် အသုံးဝင်နိုင်တယ်…"
သူမ၏ စကားများ မဆုံးသေးခင် ပတ်ပတ်လည်တွင်ရှိနေသော တောင်တန်းများ ၊ မြစ်များက စတင်အက်ကွဲလာသည်။ နတ်ဆိုးကမ္ဘာ အပိုင်းအစကလည်း အဆုံးသတ်သို့ ရောက်လာခဲ့၏။
ထိုအချိန်တွင် မုန့်ချီ၏ နားထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။
"နတ်ဆိုးကမ္ဘာကြီးက ပျက်စီးသွားပြီ။ မကောင်းဆိုးဝါးဘိုးဘေးကလည်း ရှင်းပစ်ခံလိုက်ရပြီ။ တာဝန် ပြီးဆုံးသွားပြီ။ မင်းတို့အားလုံးက ဆုလာဘ်နှစ်ဆ ကံကြမ္မာအမှတ် (၂၀၀၀)ဆီ ရမယ်။ ချက်ချင်း ပြန်လာခဲ့တော့ … "
အနီးအနားတွင် ရှိနေသော ကောင်းကင်ကြီးပေါ်ရှိ အက်ကွဲကြောင်းက တဖြည်းဖြည်း ပို၍ ကြီးမားလာခဲ့သည်။ ထိုအရာက လေဟာနယ်ထဲတွင် နက်မှောင်နေပြီး အလွန်အမင်းကို ကြောက်စရာကောင်း၏။
အမှောင်ထုကြီးက မုန့်ချီ၏ မျက်လုံးကို ယာယီ ဖုံးကွယ်သွားပြီးတော့ သူက အလင်းတိုင်လုံး၏ ရှေ့တွင် ရှိနေသော သံသရာမြေကွက်လပ်ထဲတွင် ဒဏ်ရာများကို ကုသနေကြောင်း တွေ့လိုက်ရသည်။
သူ့ဒဏ်ရာများက အသေးအဖွဲသာဖြစ်၏။ အများစုကတော့ စွန့်လွှတ်ခြင်းကျင့်စဉ်၏ ဆိုးကျိုးများကြောင့်သာဖြစ်သည်။ သူက လျင်မြန်စွာ ပြန်ကောင်းလားပြီး တိုင်လုံးထဲမှ ထွက်လာခဲ့၏။ သူက ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်ရာ အလင်းတိုင်လုံး (၄)ခုကို တွေ့လိုက်ရသည်။ သိပ်မကြာခင် ချီကျန်းရန်က အလင်းတိုင်လုံးထဲမှ ထွက်လာခဲ့၏။
"ပင်မတာဝန်က ပြီးသွားပြီလား ။ တိမ်တိုက်ပြာ ဘိုးဘေးက မကောင်းဆိုးဝါး ဘိုးဘေးကို သတ်ပစ်လိုက်တာလား…"
တိမ်တိုက်ပြာဘိုးဘေး ရောက်လာပြီးနောက် သူက သတိလစ်သွားခြင်းဖြစ်သည်။
မုန့်ချီက သူ၏ထင်မြင်ချက်ကို အတည်ပြုပေးလိုက်ပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"ကျွန်တော်တို့က ကျိုးဟမ် ထွက်သွားပြီးမှပဲ ဒီကိစ္စကို ပြောကြမယ်…"
ဤကိစ္စက အလွန်အရေးပါသည်။ သူတို့က သေရေး ရှင်ရေး အခြေအနေမှ လွတ်မြောက်လာခဲ့သော်လည်း ကျိုးဟမ်အကြောင်းကို သေချာမသိသေးပေ။ ယခုအချိန်တွင် ဖုံးကွယ်ထားခြင်းက ပိုကောင်းသည်။ မည်သို့ဖြစ်စေကာမူ ကျိုးဟမ်က ပင်မကမ္ဘာကြီးထဲတွင် သူ၏အဆင့်အတန်းကို ထုတ်ဖော်ရန်လည်း စိုးရိမ်စရာ မလိုအပ်ပေ။
တစ်ဖက်တွင်တော့ မုန့်ချီက သူ့မိတ်ဆွေများကို သတိပေးရဦးမည်ဖြစ်သည်။ သူတို့က ဒဏ္ဍာရီများ၏ ပစ်မှတ်ထားမှုကြောင့် ပုန်းအောင်းပြီး မနေစေချင်ခဲ့ပေ။
ရွမ်ယုရှုက ကုသမှုကို တတိယမြောက် ပြီးဆုံးသော လူတစ်ယောက်ဖြစ်သည်။ သူမက အလွန်ရှုပ်ထွေးသော အမူအရာနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့၏။ သူက သူမကိုလည်း လျှို့ဝှက်အသံပို့ဆောင်မှုနှင့် တူညီစွာ ပြောပြခဲ့သည်။
နောက်ထပ်တစ်ယောက် ပြန်ကောင်းလာသူက ကျိုးဟမ်ဖြစ်၏။ သူက မကောင်းဆိုးဝါး ဘိုးဘေး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ သူ၏အဖိုးတန် လက်နက်များကြောင့်သာ မဟုတ်လျှင် သူသေသွားသည်မှာ ကြာခဲ့ပါပြီ။ သူ၏ဒဏ်ရာများက အတော်လေးကို ပြင်းထန်၏။
သူတို့က အကောင်းအတိုင်း ဖြစ်နေသေးသည်ကို မြင်သည့်အခါ သူက ပြုံးရုံလေး ပြုံးလိုက်မိ၏။
"ငါတို့က ဒီလိုခက်ခဲတဲ့တာဝန်ကနေ အသက်ရှင်လာတာ လွယ်တော့ မလွယ်ဘူး…"
"မင်း ပြောတာဟုတ်တယ်။ ဒါတွေ အားလုံးက နတ်ဆိုးကို အားနည်းအောင် လုပ်ဖို့ ကျိဝေက သူ့ရဲ့အသက်စွမ်းအားတွေကို လောင်ကျွမ်းပစ်လိုက်တဲ့ အကျိုးကျေးဇူးကြောင့်ပဲ။ သူက တိမ်တိုက်ပြာဘိုးဘေး ရောက်လာတဲ့အချိန်အထိ နတ်ဆိုးတွေကို ခုခံထားခဲ့တယ်…"
မုန့်ချီကတော့ အမှန်တရား တစ်ဝက်ရော၍ ပြောပြလိုက်သည်။
"ငါ နားလည်သွားပြီ…"
ကျိုးဟမ်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့ဆီတွင် တိမ်တိုက်ပြာဘိုးဘေး ရှိနေသည်မှာ ကံကောင်းသွား၏။
ကျန်းကျိဝေကတော့ ကုသမှု ပြီးဆုံးရန် (၁၅)မိနစ် ခန့် အချိန်ပေးခဲ့ရသည်။ သူမ ပြန်ပေါ်လာသည့်အချိန်တွင် သူမ၏ပုံစံက အလွန်တက်ကြွပြီး ဓားဆန္ဒများကလည်း ပို၍ များပြားနေသည်။ လေစီးကြောင်းများကလည်း သူမ၏ ပတ်ပတ်လည်တွင် ပြည့်နှက်နေပုံရ၏။
"နင်က တံခါး (၉)ပေါက်ကို ဖွင့်နိုင်ခဲ့ပြီလား … "
မုန့်ချီက ဝမ်းသာအားရ မေးလိုက်သည်။
ကျန်းကျိဝေက ပြုံးလိုက်၏။
"ဟုတ်တယ်။ ငါက အဲဒီတိုက်ခိုက်မှုကို တိုက်ခိုက်လိုက်တဲ့အချိန်မှာ အဆင့်တက်သွားခဲ့တယ်…”
“ဓားနှလုံးသား ၊ ဓားဝိညာဉ် ၊ ပင်မဝိညာဉ်ဓား သိုင်းကွက်က တကယ့်ကို ထူးခြားတာပဲ။ နင်က (၂၃)ချက် ဓားသိုင်းကွက်ကို တိတ်တိတ်လေး စုစည်းခဲ့ပြီး ငါတို့ကို ကြိုမပြောဘဲ အသုံးပြုခဲ့တယ်။ အဲဒီအချိန်မှာ ငါက မီးအိမ်လေးကို အသက်သွင်းဖို့အတွက် စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလို့ ရသေးတယ်လေ။ တကယ်လို့ နင်က အနန္တဓားသိုင်းကို သုံးပြီး ငါနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့က အောင်မြင်နိုင်တယ်.. "
မုန့်ချီက သူမကို အပြစ်တင်လိုက်မိသည်။ ထိုအချိန်တွင် သူလည်း အမှန်တကယ် ကြောက်လန့်သွားခဲ့၏။
ကျန်းကျိဝေက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးကြီးကို မော့ကြည့်ပြီး ပြောလိုက်သည်။
"တကယ်လို့ ငါ့ဓားကို မကိုင်ခင်ကသာ ငါက တုန်လှုပ်နေခဲ့မယ်ဆိုရင် အဲဒါက ငါ မဟုတ်နိုင်တော့ဘူး…"
"လူတစ်ယောက်က ကိုယ့်အခြေအနေကိုတော့ သိသင့်တာပေါ့…"
မုန့်ချီက နောက်တစ်ကြိမ် အပြစ်တင်လိုက်ပြန်သည်။
ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"တာဝန်သုံးသပ်ချက် …
ကျိုးဟမ် ၊ ရွမ်ယုရှုနဲ့ ချီကျန်းရန် - အလယ်အလတ် ။ တစ်ယောက်ကို ကံကြမ္မာအမှတ် (၂၀၀) စီ ဆုလာဘ်ရမယ်။ ကျန်းကျိဝေ - ကောင်းတယ်။ သူက ကံကြမ္မာအမှတ် (၃၀၀)နဲ့ မဲနှိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ရမယ်။ မဲနှိုက်တဲ့ ဆုလက်ဆောင်က ဉာဏ်အလင်းပွင့်မှုအဆင့်နဲ့ ဝေ့ကျင်းအဆင့် ကြားထဲမှာ ရှိနိုင်တယ်။ ကျန်းတင် - တော်တယ်။ သူကတော့ သံသရာတံဆိပ်တစ်ခုနဲ့ ကံကြမ္မာအမှတ် (၄၀၀)ရမယ်။ သူလည်း မဲနှိုက်ဖို့ အခွင့်အရေးတစ်ခု ရမယ်။ အဲဒီပစ္စည်းက ဉာဏ်အလင်းပွင့်မှုအဆင့်နဲ့ ဓမ္မကာရအဆင့် ကြားထဲမှာ ရှိတဲ့ ပစ္စည်းတစ်ခုပဲ…"
“သူက ဒီတစ်ကြိမ် ဘာတွေ လုပ်ခဲ့တာလဲ …”
ကျန်းကျိဝေ ၊ ချီကျန်းရန်နဲ့ ရွမ်ယုရှုတို့က မုန့်ချီကို စိုက်ကြည့်နေကြသည်။ သူတို့အားလုံး၏ အတွေးက တူညီနေကြ၏။
မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်သည်။
"ဗုဒ္ဓမီးအိမ်လေးက ပျက်စီးသွားပြီ။ အဲဒါနဲ့ မကောင်းဆိုးဝါး ဘိုးဘေးကို လုံးဝဖယ်ရှားနိုင်ခဲ့တယ်…"
"ဒီလို ရတနာတစ်ခု ပျက်စီးသွားတာက နှမြောစရာပဲ။ တကယ်လို့ မင်းသာ အဲဒါကို သယ်ထားဦးမယ်ဆိုရင် တစ်နေ့နေ့မှာ အရေးကြီးတဲ့ အရာတစ်ခုကို နားလည်သွားနိုင်တယ်…"
ကျိုးဟမ်က သက်ပြင်းချလိုက်မိသည်။
"နင်က အဆင့်မြင့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးသွားရပြီ.."
ရွမ်ယုရှုက ကံကောင်းသွားသလို ခံစားနေမိသလို နောင်တရနေသလိုလည်း ခံစားနေမိသည်။
မုန့်ချီက ထိုစကားကို ဆက်မပြောတော့ပေ။ သူက မဲနှိုက်သည့်အိုးကို လက်ညှိုးထိုပြပြီး ပြောလိုက်သည်။
"ကျိဝေ … မဲနှိုက်တော့လေ…"
ကျန်းကျိဝေက (၂၃)ချက် ဓားသိုင်းကွက်ကို အသုံးပြုခဲ့ပြီး တာဝန်မှ အသက်ရှင်နိုင်ခဲ့သည်။ တံခါး (၉)ပေါက် အဆင့်ကိုလည်း ရောက်သွားခဲ့၏။ သူမက အပြုံးနှင့် ပြောလိုက်သည်။
"ဒါက ကံကြမ္မာအမှတ်တွေဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါဆိုရင် ငါက ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခုကို လဲလို့ရပြီ။ ပြီးတော့ ငါက သံသရာတာဝန်တွေထဲမှာ ငါ့ကိုယ်ငါ ဖုံးကွယ်ဖို့ ကြိုးစားနိုင်တယ်…"
သူမက ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသိုင်းပညာ၏ အနှစ်သာရများအားလုံးကို ရရှိထားသည်။ သူမ၏အစွမ်းနှင့် အထွဋ်အထိပ် ဓားသိုင်းပညာကိုပင် ဖန်တီးနိုင်စွမ်း ရှိ၏။ ထိုအရာက သူမ၏ စိတ်ဝင်စားမှုတစ်ခုလည်းဖြစ်ပြီး သူမ၏ဓားသိုင်းကွက်များကို စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်သည်။ အကယ်၍ သူမကသာ တခြားသော ဓားသိုင်းပညာများကို လေ့လာလိုက်မည်ဆိုလျှင် တခြားသော ပညာရှင်များကပင် သူမကို မှတ်မိရန် လုံးဝ မဖြစ်နိုင်တော့ပေ။
တစ်ခုတည်းသော ပြဿနာကတော့ အနန္တဓားသိုင်းက အလွန်ထင်ရှားသည်။ သူမက ထိုအရာကို အသုံးပြုလိုက်သည့်အချိန်၌ တခြားလူများ၏ ရှေ့တွင် ပေါ်သွားနိုင်၏။ ထို့ကြောင့် သူမက ကျိကျန်းဓားစံအိမ်မှ မဟုတ်သော ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်များကို ရယူပြီး သူမ၏ ဝှက်ဖဲအဖြစ် အသုံးပြုရန် လိုအပ်သည်။
မဲနှိုက်သည့်အိုးထဲတွင် ပစ္စည်းပေါင်းများစွာ ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင်တော့ ကံကြမ္မာအမှတ်တွင် ရပ်သွားခဲ့သည်။
"ကံကြမ္မာအမှတ် (၅၀၀)… "
သံသရာအရှင်သခင်က ကြေညာလိုက်၏။
ကျန်းကျိဝေက ရယ်လိုက်မိသည်။ ထိုအရာက သူမ လိုချင်နေသော အရာလည်းဖြစ်၏။
"နင်က ဘယ်လို ဒဏ္ဍာရီကျင့်စဉ်မျိုးကို လိုချင်နေလို့လဲ…"
"မှော်ဆရာမလေးကျိဝေ …
ငါရော ဘာယူရမလဲဆိုတာ ပြောပါဦး…"
မုန့်ချီက စနောက်လိုက်သည်။
သူမက သေချာစဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်၏။
"ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုလေ ။ နင်က နင့်ကိုယ်နင် ဖုံးကွယ်ဖို့ စဉ်းစားရမယ့် အချိန်ရောက်ပြီ။ ဒါပေမယ့် နင့်ရဲ့အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကြောင့် နင်က ငါတို့ထက် ပိုပြီးလွယ်မှာပါ…"
"ငါလည်း အဲဒီလိုမျှော်လင့်ပါတယ်…"
မုန့်ချီက မဲနှိုက်သည့် အိုးကိုကိုင်ပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သည်။ သူ့စိတ်ထဲတွင်လည်း တာအိုသခင် ၊ ဗုဒ္ဓလမ်းစဉ် ဘိုးဘေးများ ၊ ကောင်းကင်ဧကရာဇ်နှင့် မကောင်းဆိုးဝါး သူတော်စင်များဆီကို ဆုတောင်းနေမိသည်။
အိုးက လည်သွားသည့်အချိန်တွင် လူတိုင်းက ရလဒ်ကို စိတ်ဝင်တစား စောင့်နေခဲ့၏။ ဝေ့ကျင်းအဆင့် သိုင်းကွက်များ ၊ သတ်ဖြတ်ရေး သိုင်းကွက်များ ဆေးလုံးပေါင်းများစွာကဲ့သို့သော ပစ္စည်းပေါင်းများစွာ ဖြတ်ကျော်သွားသည်။ အဆုံးတွင်တော့ အစိမ်းရောင်သစ်ရွက်လေး တစ်ရွက်ပေါ်တွင် ရပ်သွားခဲ့၏။
"အမြင်အာရုံနှောင့်ယှက်ခြင်း သစ်ရွက် - အဖိုးတန်လက်နက်တစ်ခု ၊ လူတစ်ယောက်ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ဖို့အတွက် အသုံးပြုနိုင်တယ်။ တတိယ ကောင်းကင်ဝေ့ကျင်းအဆင့်ကို မရောက်သေးတဲ့ ပညာရှင်တွေက စစ်ဆေးကြည့်ဖို့တောင် ခက်ခဲတယ်။ မင်းက အဲဒါကို တစ်ကြိမ်သုံးတဲ့အချိန်တိုင်း ကံကြမ္မာအမှတ် (၁၉၀၀) ကုန်ကျလိမ့်မယ်…"
"မဆိုးပါဘူး … "
မုန့်ချီက ထိုရလဒ်ကို ကျေနပ်နေခဲ့သည်။ ထိုအရာက သေရေး၊ ရှင်ရေး အခြေအနေမျိုးတွင် သူ့အသက်ကို ကယ်တင်ပေးနိုင်၏။ သူက ရွမ်ယုရှုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ငါတို့က ပစ္စည်းတွေ အားလုံးကို ထုတ်ပြီး ကံကြမ္မာအမှတ်တွေနဲ့ လဲလှယ်လိုက်ကြစို့ "
ရွမ်ယုရှုက ခေါင်းညိတ်ပြီး အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ လျှောက်သွားခဲ့သည်။ နတ်ဆိုးသလင်းကျောက်များကို သုံးစရာမလိုဘဲ နတ်ဆိုးကမ္ဘာအပိုင်းအစက ပျက်စီးသွားသည့်အတွက် သူတို့ ရရှိထားသော နတ်ဆိုးသလင်းကျောက် (၅)ခုကိုလည်း ဆုလာဘ်အဖြစ် သတ်မှတ်နိုင်သည်။
"နတ်ဆိုးမီးတောက် နှလုံးသား - ဝေ့ကျင်း တစ်ဝက်အဆင့်ရှိတဲ့ မီးတောက်နတ်ဆိုးရဲ့ အတွင်းအားတွေ ၊ ကံကြမ္မာအမှတ် (၆၀၀)နဲ့ လဲလှယ်နိုင်တယ်။
သွေးနတ်ဆိုးရဲ့အရိုး - ဝေ့ကျင်း တစ်ဝက်အဆင့် သွေးအရိုး မကောင်းဆိုးဝါးရဲ့ ဝိညာဉ်ရဲ့ စွမ်းအား ၊ ကံကြမ္မာအမှတ် (၆၀၀)နဲ့ လဲလှယ်နိုင်တယ်။
သွေးနတ်ဆိုးရဲ့ ရင်ဘတ်အရေပြား - ကနဦး ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးဝိညာဉ်ရဲ့ အနှစ်သာရ ၊ အဖိုးတန်လက်နက် ထုလုပ်ဖို့အတွက် အသုံးပြုနိုင်တယ်။ ကံကြမ္မာအမှတ် (၉၀၀) နဲ့ လဲလို့ရတယ်။
ရဲမက်နတ်ဆိုးရဲ့ နတ်ဆိုးသလင်းကျောက် - ကံကြမ္မာအမှတ် (၄၀၀)နဲ့ လဲလို့ရတယ်။ သံနတ်ဆိုးရဲ့ နတ်ဆိုးသလင်းကျောက် - ကံကြမ္မာအမှတ် (၄၀၀)နဲ့ လဲနိုင်တယ်။ မီးတောက်နတ်ဆိုးရဲ့ နတ်ဆိုးသလင်းကျောက် - ကံကြမ္မာအမှတ် (၆၀၀)နဲ့လဲနိုင်တယ်။ သွေးအရိုး မကောင်းဆိုးဝါးဝိညာဉ်ရဲ့သလင်းကျောက် - ကံကြမ္မာအမှတ် (၆၀၀)နဲ့လဲနိုင်တယ်။ သွေးနတ်ဆိုးရဲ့နတ်ဆိုးသလင်းကျောက် - ကံကြမ္မာအမှတ် (၉၀၀)နဲ့ လဲနိုင်တယ်…"
သူတို့က စုစုပေါင်း ကံကြမ္မာအမှတ် (၅၀၀၀) ရခဲ့သည့်အတွက် တစ်ယောက်ကို (၁၀၀၀)ဆီ ရခဲ့သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မုန့်ချီက အပြစ်ရှိသလို ခံစားနေရ၏။ သူကတော့ ထိုလူများ အားလုံးထဲတွင် အကျိုးအမြတ် အများဆုံးရခဲ့သည့်အပြင် ကံကြမ္မာအမှတ်များလည်း ရခဲ့သေးသည်။ ယခုတော့ သူက မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း ထိုလူများကို ပြောပြနိုင်ခြင်း မရှိချေ။
သူက ဗုဒ္ဓလက်ဝါးသိုင်း၏ ပထမသိုင်းကွက်ကို နားလည်ရန် မျှော်လင့်နေပြီး သူ့မိတ်ဆွေများနှင့် မျှဝေပေးချင်စိတ်သာ ရှိနေသည်။
Translated by Hein Htet