အခန်း (၃၆၆)
Vol. 25 Ch. 366
ထိုအရာက ရွှေရောင်ဒေါင်လိုက် မျက်လုံးတစ်ခုဖြစ်ပြီး ရိုးရှင်း၍ ထူးခြားဆန်းကြယ်သည်။ သို့သော် ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခုကို သယ်ဆောင်ထားခဲ့၏။ ထိုအရာက တည်ငြိမ်သောခံစားမှုတစ်ခုကို ပေးစွမ်းနိုင်သည်။
ချီကျန်းရန်က ထိုပစ္စည်းလေးကို ကောက်ယူပြီး မျက်ခုံးပေါ်သို့ တင်လိုက်ရာ သူ၏စိတ်ဝိညာဉ်နှင့် အလိုလို ဆက်သွယ်သွားခဲ့သည်။ ခဏကြာပြီးနောက် ရေလှိုင်းလေးများ ထွက်ပေါ်လာပြီး လုံးဝကို ပျောက်ကွယ်သွားခဲ့၏။
"အစ်ကိုချီ... အဲဒါက အသုံးဝင်လားဆိုတာ စမ်းသပ်ကြည့်လိုက်လေ.."
မုန့်ချီ၏ စိတ်ထဲတွင် လှုပ်ရှားမှုများ ပေါ်လာပြီး ချီကျန်းရန်အတွက် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ချီကျန်းရန်က ရွှေရောင်သံချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ဇာမဏီငှက်မွှေးဦးထုပ်နှင့် မျက်ခုံးအလယ်တည့်တည့်တွင်တော့ အထွတ်အမြတ် ဒေါင်လိုက်မျက်လုံးတစ်ခုကို ဝတ်ဆင်ထားသော ပုံရိပ်ဖြစ်သည်။
ချီကျန်းရန်က သက်ပြင်းချလိုက်ပြီး မျက်ခုံးအလယ်တည့်တည့်တွင် ရှိနေသော ရွှေရောင်ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်ရာ အနီရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။
ထိုအနီရောင်အလင်းတန်းက သူ၏ပတ်ပတ်လည်ကို လွှမ်းခြုံသွားခဲ့ပြီး ပတ်ပတ်လည်တွင် အလွန်သိပ်သည်းသောမြူခိုးများ ထွက်ပေါ်လာခဲ့၏။ ထိုအရာက အမှန်တကယ်ကို အံ့သြစရာကောင်းလွန်းလှသည်။
"မဆိုးပါဘူး..."
မုန့်ချီနှင့် ကျန်းကျိဝေတို့က တစ်ပြိုင်နက်တည်း ပြောလိုက်မိကြ၏။ မုန့်ချီကတော့ ပုံစံကို သဘောကျနေခြင်းဖြစ်ပြီး ကျန်းကျိဝေကတော့ အကျိုးသက်ရောက်မှုကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
သူမက ပြောလိုက်၏။
"ရွှေရောင်ဒေါင်လိုက်မျက်လုံးက တော်တော်လေးကို ကွဲပြားတယ်။ နင်က အင်မော်တယ်လမ်းစဉ်က လူတစ်ယောက်လို ခံစားမှုမျိုး တကယ်ရတယ်။ အဖြူရောင်မြူခိုးတွေ၊ အနီရောင်အလင်းတန်းတွေနဲ့ ရေခဲအလင်းတန်းတွေက သိပ်ပြီး မထူးဆန်းတော့ဘူး…"
အရေးကြီးဆုံးအရာကတော့ မျက်လုံးက အသုံးပြုသူကို ရိုးရှင်းစွာ ဖုံးကွယ်ပေးနိုင်သော အရာတစ်ခု မဟုတ်ချေ။ ထိုအရာကို အသုံးပြုခြင်း မရှိလျှင်ပင် စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို တစ်ပိုင်းတစ်စ ကာကွယ်ပေးနိုင်သေးသည်။
ထိုအရာက နတ်ဆိုးများနှင့် တစ္ဆေများကို ခွဲခြားပေးနိုင်သည့်အတွက် စိမ်းပြာနှင်းမုန်တိုင်းသိုင်းကွက်နှင့် တိမ်တိုက်ဖြူ မီးခိုးသိုင်းကွက်တို့၏ အကျိုးသက်ရောက်မှုကို ပို၍တိုးမြင့်လာစေနိုင်၏။
အကယ်၍ အကျိုးသက်ရောက်မှုကောင်းကောင်းသာ ရလာနိုင်မည်ဆိုလျှင် အခြေအနေများက ကွဲပြားသွားနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် ကန္တာရထဲတွင် သဲမုန်တိုင်းတစ်ခု ဖန်တီးခြင်းမျိုး၊ စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမျိုးဖြစ်သည်။
အသုံးပြုသူက ဝေ့ကျင်းတစ်ဝက်အဆင့်ပညာရှင်များကိုပင် တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထိုအရာက ချီကျန်းရန်၏အစွမ်း ဉာဏ်အလင်းပွင့်မှုအဆင့်တွင်သာ အသုံးပြု၍ ရနိုင်သည်။ ဝေ့ကျင်းတဝက်အဆင့်ကို ရောက်သည့်အချိန်တွင်တော့ ထိုအရာက အများဆုံးအဖိုးတန်လက်နက်တစ်ခု၏ အသုံးဝင်မှုအတိုင်းသာ ရှိနေနိုင်၏။
ချီကျန်းရန်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ပြုံးလိုက်ခြင်း မရှိသော်လည်း အတော်လေး ကျေနပ်နေပုံရ၏။
"အရင်တုန်းကတော့ ငါက အင်မော်တယ်လမ်းစဉ်က ညီအစ်ကိုတွေကို အထင်သေးခဲ့မိတယ်။ အခုတော့ ငါ့ရဲ့အမြင်က တော်တော်လေး ကျဉ်းမြောင်းသေးတယ်ဆိုတာ နားလည်သွားပြီ။ သူတို့က တခြားသူတွေကို ကျင့်စဉ်တွေ ဆက်လက်မျှဝေပေးနိုင်တဲ့အတွက် တစ်ချို့နယ်ပယ်တွေမှာ သူတို့ကို အထင်သေးလို့ မရနိုင်ဘူးဆိုတာ လုံလောက်ပါတယ်…"
အဆင့်အတန်း ဖုံးကွယ်ရန် ပြင်ဆင်ပြီးသွားသည့်အချိန်တွင် သူက နောက်ထပ် ကံကြမ္မာအမှတ်(၅၀၀)သုံးပြီး ရေခဲအလင်းတန်းဓားသိုင်းပညာ၏ ဆီးနှင်းလွင်ပြင်သိုင်းကွက်ကို လဲလှယ်လိုက်သည်။ ထိုအရာက သူ့အစွမ်းကို တိုးတက်လာစေနိုင်၏။
လက်ရှိအချိန်တွင်တော့ သူ့ဆီတွင် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုတည်းသာ ရှိသည်။ အကယ်၍ ထိုအရာကိုသာ အကြိမ်ကြိမ် အသုံးပြုလိုက်မည်ဆိုလျှင် ပြိုင်ဖက်များက အလွယ်တကူ ခန့်မှန်းနိုင်ပြီး သူ၏သိုင်းကွက်များကို ခုခံနိုင်ပါလိမ့်မည်။
"ငါက နောက်ထပ်သံသရာတာဝန်မှာ သွေးကြောမှတ်တွေကို စုစည်းပြီး ခရမ်းကြယ်မြစ်သိုင်းကွက်ကို လေ့ကျင့်ဖို့ ကြိုးစားရမယ်။ သူ့ရဲ့စွမ်းအားတွေ တိုးလာပြီဆိုရင်တော့ အဲဒီသိုင်းကွက်ကလည်း ကံကြမ္မာအမှတ်(၁၀၀၀)ကျော် တန်ကြေးရှိတဲ့ ဝေ့ကျင်းအဆင့်သိုင်းကွက်တစ်ခု ဖြစ်လာနိုင်တယ်…"
ချီကျန်းရန်က ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ သူ၏ကျင့်ကြံမှုက ဖရိုဖရဲကျင့်စဉ် အဆင့်(၅)ကို ရောက်လာနိုင်ပါတော့မည်။
မုန့်ချီကတော့ ပြောလိုက်၏။
"ကျွန်တော်လည်း အဲဒါကို မျှော်လင့်နေပါတယ်.."
ချီကျန်းရန်ကတော့ ခရမ်းကြယ်မြစ်သိုင်းကွက်ထဲမှ ခရမ်းရောင်စွမ်းအားများကို ပြသချင်နေသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ ထိုအရာကို စဉ်းစားကြည့်လိုက်ရုံနှင့် ရင်ထဲတွင် အေးစက်သွားနိုင်၏။ ချီကျန်းရန်က နောက်ထပ်စကားတစ်ခွန်းမျှ မပြောဘဲ အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ဝင်သွားလိုက်သည်။
"အစ်ကိုချီ... ဘာလုပ်မလို့လဲ…"
မုန့်ချီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ချီကျန်းရန်က ပြန်ဖြေလိုက်၏။
"အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ရဲ့ ကျင့်စဉ်ပုံစံ(၉)မျိုးကိုပဲ မှန်မှန်ကန်ကန် ပြောင်းလဲနိုင်မယ်ဆိုရင်ရော အကျိုးသက်ရောက်မှုရှိမရှိ သံသရာအရှင်သခင်ကို စစ်ဆေးခိုင်းမလို့….”
"ဟမ်..."
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။
"သွမ့်လွေရဲ့ပုံစံ(၉)မျိုးက မမှန်မကန် လေ့ကျင့်ခဲ့တာတောင် အကျိုးသက်ရောက်မှု ရှိခဲ့သေးတာကို ငါ သတိထားမိခဲ့တယ်။ ဒါကြောင့် သူတို့ကို မှန်မှန်ကန်ကန် လေ့ကျင့်လိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှုရှိမယ်လို့ ဆိုလိုနေတာပဲလေ…"
ချီကျန်းရန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ထို့နောက် သူက သူ၏ယူဆချက်ကို အတည်ပြုရန် ထွက်သွားခဲ့၏။ သူက လိုချင်သည့်အချက်ကို တွေးလိုက်ရာ သံသရာအရှင်သခင်က သူ့ကို အေးစက်စွာ တုံ့ပြန်လိုက်သည်။
"တကယ်လို့ မင်းကသာ မှန်ကန်တဲ့ အစီအစဉ်ကို လိုချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ်(၃၀၀) လိုအပ်တယ်။ ပုံစံ(၉)ခုရဲ့ မှန်ကန်တဲ့ အစီအစဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် အရိုးကြွတ်သားအားဖြည့်ကျင့်စဉ် ပထမတွဲက ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်နဲ့ အတူတူပဲ။ အဲဒီအရာကို ဝေ့ကျင်းအဆင့်အထိ မြှင့်တင်လို့ ရနိုင်တယ်.."
ချီကျန်းရန်က အတည်ပြုပြီးသွားသည့် ရလဒ်ကို မိတ်ဆွေများသိအောင် ပြောပြလိုက်သည်။
မုန့်ချီကတော့ အလွန်ထိတ်လန့်သွားခဲ့သည့်အတွက် ခဏကြာ စကားမပြောနိုင်ခဲ့ပေ။
"ဘာလို့ကျွန်တော်က အဲဒါကို မတွေးမိခဲ့ရတာလဲ…"
သူက ထိုအရာကို အရင်ဆုံး ပြည့်စုံအောင်လုပ်ရန် မလိုအပ်ချေ။ သူက ပုံစံ(၉)မျိုးကို အရင်ဆုံး လေ့ကျင့်လိုက်ရုံနှင့် လုံလောက်သည်။ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ပြီးမှ (သို့မဟုတ်) ကံကြမ္မာအမှတ်များ ရရှိမှသာ နောက်ထပ် ထပ်ဖြည့်ရန် လိုအပ်သည်။
"မင်းကတော့ ပိုပြီးတော့ အဆင်ပြေမှာပါ..။ ပြီးတော့ ငါက အဲဒါကို စဉ်းစားကြည့်ရုံပဲ ရှိသေးတယ်လေ…"
ချီကျန်းရန်၏ပုံစံက ခံစားချက် ကင်းမဲ့နေသေးသည်။ သို့သော် သူကတော့ အနည်းငယ်ပြုံးလိုက်မိ၏။
မုန့်ချီကတော့ ယာယီမှင်တက်သွားခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ချီကျန်းရန်ကတော့ အစီအစဉ်ကို ပြင်ဆင်လိုက်သည့်အတွက် သူ့ဆီတွင် ကံကြမ္မာအမှတ်(၁၈၀)သာ ကျန်တော့သည်။
"ယုရှု... နင်ကရော.."
မုန့်ချီက သူ့ကိုယ်သူ ဖြေသိမ့်ရန် ကြိုးစားနေသည်။
ရွမ်ယုရှုကတော့ အသံတိုးတိုးနှင့် တုန့်ပြန်လိုက်၏။
"ငါကတော့ ပုံစံ(၉)မျိုးရဲ့အစီအစဉ်တွေကို အရင်ဆုံး ပြောင်းလဲကြည့်ဦးမယ်…"
မုန့်ချီက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပြန်သည်။
"ဟုတ်တယ်..။ အဲဒါက ပြည့်စုံနေပြီ။ ငါတို့က (၂)နှစ် (၃)နှစ်လောက်တော့ အကျိုးသက်ရောက်မှု ရှိနိုင်သေးတယ်…"
ကျန်းကျိဝေက သူ့ကို နှစ်သိမ့်ပေးလိုက်၏။ သို့သော် သူမကတော့ မနေနိုင်ပဲ တိုးတိုးလေး ရယ်လိုက်မိသည်။
တစ်ဖက်တွင်တော့ ကျိုးဟမ်က လက်နောက်ပစ်ထားပြီး သူတို့၏ထူးဆန်းသော ရင်းနှီးမှုကို စောင့်ကြည့်နေခဲ့သည်။
"ငါ့ရဲ့ကောင်းကင်ပြာတံဆိပ်က ပျက်စီးသွားပြီ။ တကယ်လို့ ငါ့မိသားစုသာ သိသွားမယ်ဆိုရင် ငါက ရှင်းပြလို့မရဘူး။ ဒါ့ကြောင့် ငါက နောက်တစ်ခုလဲဖို့လိုတယ်.."
ရွမ်ယုရှုက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်အကြောင်း ဆွေးနွေးနေခြင်း မရှိဘဲ သူမ၏အစီအစဉ်ကိုသာ အရင်ဆုံးလုပ်ဆောင်လိုက်သည်။
မုန့်ချီက ဝေ့ကျင်းအဆင့်စာရင်းထဲကို ကြည့်လိုက်ရာ ကောင်းကင်ပြာတံဆိပ်ကို တွေ့လိုက်ရသည်။ ထိုအရာက ကံကြမ္မာဆိုးများကို ဖယ်ရှားနိုင်သော ဝေ့ကျင်းအဆင့် အဆောင်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထိုအရာက ကံကြမ္မာအမှတ် (၁၈၀၀)ရှိသည့်အတွက် အံ့ဩစရာတော့ မကောင်းချေ။ သို့သော် ထိုအရာက ရွမ်ယုရှုနှင့် မုန့်ချီတို့၏ လက်ရှိအခြေအနေမျိုးတွင်တော့ အတော်လေးကို အကျိုးသက်ရောက်မှုရှိသည်။
"ပြီးတော့ ကျန်တဲ့ ကံကြမ္မာအမှတ်တွေနဲ့ နင်က ဝေ့ကျင်းအဆင့် ဂီတသံစဉ်တစ်ခုကို လဲလှယ်ဖို့ လိုအပ်သေးတယ်။ နင့်ဆီမှာ လူမဆန်တဲ့တေးသွား(၈)သွယ်နဲ့ ကွမ်ဟန်းကျိန်စာရှိနေပေမယ့် အဲဒီအရာတွေအားလုံးက ရှားပါးနေသေးတာပဲ။ နင်က နင့်ရဲ့မိသားစုကို မသိနိုင်တဲ့အရာတစ်ခု သုံးသင့်တယ်…"
မုန့်ချီကတော့ ပြန်လည်တည်ငြိမ်လာခဲ့သည်။
ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်၏။
"တကယ်လို့ ငါကသာ အိပ်တန်းတက်ဇာမဏီဗျပ်စောင်းကို မတီးဘူးဆိုရင် ထူးခြားတယ်လို့ ဘယ်သူကမှ ပြောနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူတို့က ငါ့ကို မမှတ်မိနိုင်ဘူး။ အဓိကအချက်ကတော့ ဂီတသံစဉ်ပဲ…"
သူမက မထင်မရှားမိသားစုတစ်ခု၏ ဂီတသံစဉ်တစ်ခုကို ရွေးချယ်လိုက်သည်။ ထိုအရာက မုန့်ချီတွေးနေသည်ထက်ပင် ပို၍လျင်မြန်နေသေး၏။
"ပင်မဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ပြန်လည်ဝင်စားခြင်းကျိန်စာ၊ ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးဂီတသံတစ်ခု။ ကံကြမ္မာအမှတ်(၁၂၀၀) တန်ကြေးရှိတယ်…"
လဲလှယ်လိုက်ပြီးနောက် သူမဆီတွင် ကံကြမ္မာအမှတ်(၈၀) ကျန်နေသေး၏။ သူမက ထိုအရာကို နောက်ထပ်တာဝန်အတွက် အချက်အလက်များကို လဲလှယ်ရန် စီစဉ်ထားခဲ့သည်။
"ပုံမှန်အားဖြင့်တော့ ငါက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုကို လဲရမှာ။ ဒါပေမဲ့ ငါက ဖျက်ဆီးခြင်းပင်လယ်သိုင်းကွက်နဲ့ (၂၃)ချက်ဓားသိုင်းကွက်တို့ကို ဆက်သုံးလို့ မရတော့ဘူး…"
လူတိုင်းက သူမကို စိုက်ကြည့်နေကြောင်း သတိထားမိသည့်အခါ ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်သည်။
သူမက တည်ငြိမ်စွာပြောလိုက်၏။
"ငါက ဓားကျောင်းဆောင်ရဲ့ မပြည့်စုံသော ကမ္ဘာမြေဓားသိုင်း(၁၀၈)ကွက်ထဲကနေ ကမ္ဘာမြေအမုန်းတရားသိုင်းကွက်ကို လဲချင်တယ်။ ဒါပေမဲ့ ပင်မလမ်းညွှန်ချက် မရှိရင် ငါက သူ့ရဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကွက်ကိုပဲ သုံးနိုင်တယ်။ အဲဒါကို လေ့လာဖို့လည်း အချိန်အကြာကြီးပေးရလိမ့်မယ်…"
ဓားသိုင်းပညာများ အကြောင်းကို ဆွေးနွေးရာတွင် သူမ၏မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာပုံရသည်။ သူမက အလွန်ထူးခြားလွန်းလှသည့်အတွက် တခြားသူများက သူမကို တည့်တည့်စိုက်ကြည့်နိုင်ခြင်း မရှိချေ။
ဓားကျောင်းဆောင်က ဓားဂိုဏ်း(၆)ဂိုဏ်းထဲမှ တစ်ခုဖြစ်သည်။ မပြည့်စုံသော ကမ္ဘာမြေဓားသိုင်း(၁၀၈)ကွက်က သတ်ဖြတ်ရေးဓားသိုင်း(၁၃)မျိုးထဲမှ ဆင်းသက်လာသော အခြေခံဓားသိုင်းပညာဖြစ်သည်။ ထိုအရာက အတော်လေး နာမည်ကျော်ကြားသော ဝေ့ကျင်းအဆင့်သိုင်းကွက်တစ်ခုဖြစ်၏။
အသုံးပြုသူက သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်နိုင်ပြီး ဓားချက်(၉)ချက်ကို ချိတ်ဆက်၍ အသုံးပြုနိုင်သည်။ ထိုသိုင်းကွက်က ဝေ့ကျင်းအဆင့်တွင် အတော်လေး ကြောက်စရာကောင်း၏။
"ကျိဝေ...
နင့်ရဲ့ဓားသိုင်းပညာက အနှစ်သာရတွေကို နားလည်နေပြီး စည်းမျဉ်းတွေ၊ နိယာမတွေကိုလည်း ကျွမ်းကျင်နေပြီ။ တကယ်လို့ နင်သာ ဓားကျောင်းဆောင်ရဲ့ ဝေ့ကျင်းအဆင့်သိုင်းကွက်ကို များများသုံးလိုက်မယ်ဆိုရင် နင်နဲ့တွေ့တဲ့ သံသရာခရီးသွားတိုင်းက နင့်ကို ဓားကျောင်းဆောင်က တပည့်တစ်ယောက်လို့ပဲ တွေးမိကြလိမ့်မယ်…"
မုန့်ချီက ပြောလိုက်သည်။
ကျန်းကျိဝေက စကားတခွန်းမျှမပြောဘဲ ပင်မလမ်းညွှန်ချက်ကို ကံကြမ္မာအမှတ်(၁၀၀၀)နှင့် ချက်ချင်း လဲလိုက်သည်။ ထို့နောက် နောက်ထပ်ကံကြမ္မာအမှတ်(၄၆၀)သုံးပြီး ကမ္ဘာမြေအမုန်းတရား သိုင်းကွက်(၈)ကွက်ကို အချင်းချင်း ပေါင်းစပ်လိုက်သည်။
နောက်ထပ် ကံကြမ္မာအမှတ်(၃၀၀)သုံးပြီး ပုံစံ(၉)မျိုး၏ အစီအစဉ်ကို ပြောင်းလဲလိုက်၏။ ထို့ကြောင့် သူမဆီတွင် ကံကြမ္မာအမှတ်(၂၁၀၀)သာ ကျန်နေတော့သည်။
သူမက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"ငါက ဓားကျောင်းဆောင်ရဲ့ သိုင်းကွက်တွေကို လဲရုံနဲ့ မလုံလောက်သေးဘူး။ ငါတို့က မတူညီတဲ့ဂိုဏ်းတွေ ၊ မိသားစုတွေဆီက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တွေကို တတ်နိုင်သမျှ များများလဲဖို့လိုအပ်တယ်။ တကယ်လို့ ငါတို့ကသာ ရန်သူတွေရဲ့ အမြင်အာရုံနဲ့ အကြားအာရုံကို ရှုပ်ထွေးအောင်လုပ်နိုင်မယ်ဆိုရင် တစ်ခါတစ်ရံ ဖျက်ဆီးခြင်းပင်လယ်သိုင်းကွက်ကို အသုံးပြုနိုင်တယ်…”
“ဝေ့ကျင်းအဆင့် သိုင်းကွက်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ ဓားဂိုဏ်း(၆)ဂိုဏ်းက အကောင်းဆုံးပဲ…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်ပြီး ဓားဂိုဏ်း(၆)ဂိုဏ်း၏ အခြေခံဓားသိုင်းပညာများကို စတင်ရှာဖွေနေခဲ့သည်။ ထိုအထဲတွင် ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်များမှ ဆင်းသက်လာသော အရာများလည်း ပါဝင်နေ၏။
"ငါက အဲဒါကို စဉ်းစားပြီးသွားပါပြီ။ အရင်ဆုံး စိမ်းပြာစန္ဒာဓားဂိုဏ်းက အင်မော်တယ်ကျဆင်းခြင်း ဓားသိုင်းပညာကို ယူလိုက်မယ်…"
ကျန်းကျိဝေက ချက်ချင်းပြန်ဖြေလိုက်သည်။ ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော ဓားသိုင်းပညာများနှင့် ပတ်သက်ပြီး မုန့်ချီက သူမကို မည်သို့ယှဉ်နိုင်မည်နည်း။
စိမ်းပြာစန္ဒာဓားဂိုဏ်းက ကျိကျန်းစံအိမ်၊ ဟွမ်ဟွာဓားဂိုဏ်း၊ ဓားကျောင်းဆောင်၊ နှင်းတောင်ဓားဂိုဏ်း၊ အရှေ့ပင်လယ်ဓားရွာအပါအဝင် ဓားဂိုဏ်း(၆)ဂိုဏ်းထဲမှ တစ်ခုဖြစ်သည်။
ဓားကျောင်းဆောင်၊ ဟွာမေ့တောင်တန်းနှင့် သန့်စင်နေမင်းဂိုဏ်းတို့ကတော့ မြောက်ပိုင်းကျိုးအင်ပါယာထဲမှ ဖြစ်ကြပြီး သူတို့၏ တပည့်များက မိန်းကလေးများ ဖြစ်ကြသည်။ မုန့်ချီက ကျန်းကျိဝေ ပြောနေသော ဂိုဏ်းများနှင့် ရင်းနှီးမှု မရှိသည့်အတွက် အရာအားလုံးကို စိတ်ဝင်စားနေခဲ့သည်။
သူကတော့ သူတို့ထဲတွင် အခြေခံအကျဆုံး ဓားသိုင်းပညာတစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာကတော့ အင်မော်တယ်ပျက်သုဉ်းခြင်း ဓားသိုင်းပညာဖြစ်သည်။ အင်မော်တယ် ကျဆင်းခြင်းဓားသိုင်းကွက်ကတော့ သူ၏ပြောင်းလဲမှုသာ ဖြစ်သည်။
သူက တစ်ယောက်တည်း စဉ်းစားနေမိခဲ့၏။
"အင်မော်တယ်ပျက်သုဉ်းခြင်းဓားသိုင်းပညာလား..။ ဒါဆိုရင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းပညာ၊ အင်မော်တယ်ချုပ်နှောင်ခြင်း ဓားသိုင်းပညာနဲ့ အင်မော်တယ် သတ်ဖြတ်ခြင်းဓားသိုင်းပညာတွေရော ရှိနိုင်လား..”
သူက စာရင်းကို စစ်ဆေးကြည့်လိုက်ရာ ထိုအရာများကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ သို့သော် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းပညာ၏ အောက်တွင်တော့ မှတ်ချက်တစ်ခု ရေးထားသည်။ ထိုအရာကတော့ သိုင်းကျမ်းကုန်ဆုံးသွားပြီဟူသော အချက်ဖြစ်၏။
"အင်မော်တယ်ကျဆင်းခြင်းဓားသိုင်းပညာလား..မဆိုးပါဘူး.."
သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ထိုဓားသိုင်းပညာတစ်ခုလုံးကို ကံကြမ္မာအမှတ်(၆၀၀၀)ကျသည်။ ပင်မလမ်းညွှန်ချက်က ကံကြမ္မာအမှတ်(၁၀၀၀)ဖြစ်ပြီး ဓားသိုင်းကွက်(၅)ကွက်က ကံကြမ္မာအမှတ်(၁၀၀၀)ဆီ ဖြစ်သည်။
ကျန်းကျိဝေက ပင်မလမ်းညွှန်ချက်နှင့် ပထမဆုံးဓားသိုင်းကွက်ဖြစ်သော စိမ်းပြာစန္ဒာ ကောင်းကင်ရှင်းလင်းခြင်းဟူသော သိုင်းကွက်ကို လဲလှယ်လိုက်သည်။ နောက်ဆုံး သူမဆီတွင် ကံကြမ္မာအမှတ်(၁၀၀)သာ ကျန်နေတော့၏။
ထို့နောက် သူတို့အဖွဲ့က ကံကြမ္မာအမှတ်(၈၀)ဆီပေးလိုက်ပြီး နောက်ထပ်တာဝန်အတွက် အချက်အလက်များကို လဲလှယ်လိုက်ကြသည်။
"ရှေးရှေးတုန်းက နတ်ဘုရားတွေ၊ နတ်ဆိုးတွေက ဒီကမ္ဘာကြီးထဲကို လာလည်ခဲ့ကြသေးတယ်။ သူတို့တွေက မျိုးဆက်တွေ၊ ထိပ်တန်းသိုင်းပညာတွေနဲ့ အဖိုးတန်လက်နက်တွေ အများကြီး ချန်ထားခဲ့ကြတယ်။ အဲဒီအရာတွေအားလုံးက ကမ္ဘာမြေကြီးကို ရှုပ်ထွေးအောင် လုပ်ဆောင်နိုင်ခဲ့တယ်..။ တော်ဝင်မိသားစုတွေက လမ်းပျောက်နေပြီး ဘုရင်က သိုင်းပညာအကြောင်း နည်းနည်းပဲ စိတ်ဝင်စားတော့တယ်။ ဒါကြောင့် နေရာတိုင်းမှာ ပုန်ကန်ထကြွမှုတွေ ပြည့်နှက်နေတယ်။ နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့ မျိုးဆက်တွေကိုရှာပြီး ကောင်းကင်သော့ကို ရယူရမယ်…”
“ပင်မတာဝန်...
တန်းနင်ကိုသွားပြီး ဝတ်ရုံနီတပ်ဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးကောင်းကင်ဘုရင် တူဟွိုင်ရှန့်ကို လွှတ်ပေးရမယ်။ ပြီးတော့ အခြေအနေတွေကို ရှုပ်ထွေးအောင် လုပ်နေတဲ့ ကျောက်စိမ်းမျက်လုံးနဂါးပျံ ကျိုးဟန်ဖန်းကို သတ်ပစ်ရမယ်။ တာဝန်ပြီးဆုံးမယ့်ဆုလာဘ်က ကံကြမ္မာအမှတ်(၁၀၀၀)...။ ကျဆုံးမယ်ဆိုရင်တော့ တူညီတဲ့ပမာဏ အနှုတ်ခံရမယ်…"
မုန့်ချီတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။
နောက်ထပ်ကမ္ဘာကြီးကတော့ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ထိပ်တန်းသိုင်းပညာများ ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခုဖြစ်နေပြီး ဝေ့ကျင်းအဆင့် ပညာရှင်များလည်း နည်းပါးမှု မရှိချေ။ သို့သော် ထိုကမ္ဘာကြီးကတော့ ပရမ်းပတာ မဖြစ်သေးသည့်အတွက် ပင်မတာဝန်တွင် ရှိနေသော ရန်သူများက အလွန်အမင်း အစွမ်းမထက်နိုင်ပေ။
ထိုကမ္ဘာကြီးထဲတွင် ရှိနေသော လူအများစုက ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိနေသေးသည်။ ထို့ကြောင့် အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးကဲ့သို့ အန္တရာယ်များခြင်း မရှိနိုင်ပေ။
"နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့ ပင်မသိုင်းပညာတွေ၊ အဖိုးတန်လက်နက်တွေ တပ်ဆင်ထားကြတယ်။ ကြည့်ရတာ ငါတို့က သူတို့ကို ပစ်မှတ်ထားနိုင်တဲ့ ပစ္စည်းမျိုး မလိုအပ်ဘူး…"
ကျိုးဟမ်က မျက်မှောင်ကြုတ်လိုက်သည်။
မုန့်ချီက ပြုံးလိုက်၏။
"အနည်းဆုံးတော့ ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာတွေ၊ တခြားအသုံးဝင်တဲ့ ရတနာတွေ ရနိုင်သေးတယ်လေ…။ သူတို့က နတ်ဆိုးထုတ်ဖော်ကြေးမုံနဲ့ နတ်ဆိုးချုပ်နှောင်ခြင်းကျောင်းဆောင်လို ပစ္စည်းမျိုးတွေ တိုက်ရိုက်သုံးဖို့ မလိုအပ်ဘူး..”
နတ်ဆိုးများ၊ တစ္ဆေများနှင့် ယှဉ်လိုက်မည်ဆိုလျှင် လူသားမျိုးနွယ်စုက တကွဲတပြားဆီ ဖြစ်နေပြီး သူတို့ကို ထိန်းချုပ်ရန် နည်းလမ်း မရှိချေ။
"ပထမဆုံး ဘယ်လိုပစ္စည်းမျိုးက အသုံးဝင်လဲဆိုတာ ကြည့်ကြမယ်။ ပြီးမှ ငါတို့က ကံကြမ္မာအမှတ်တွေ ရနိုင်သမျှရှာဖို့ ကြိုးစားရမယ်…"
ကျန်းကျိဝေက အကြံပေးလိုက်သည်။ သူတို့အဖွဲ့၏အစွမ်းအရ အသုံးဝင်နိုင်သည့် ပစ္စည်းမျိုးက တန်ဖိုးအလွန်များနိုင်သည်။ ထို့ကြောင့် သူတို့က ကံကြမ္မာအမှတ် (၃၀၀၀)ဝန်းကျင်မှ ပစ္စည်းအနည်းငယ်ကိုသာ ရွေးချယ်နိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင်တော့ နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကဲ့သို့ အရာမျိုးဖြစ်၏။
ပစ္စည်းကို ဆုံးဖြတ်လိုက်ပြီးနောက် မုန့်ချီက ကံကြမ္မာအမှတ်(၃၅၀)ချန်ထားခဲ့သည်။ အင်မော်တယ်များနှင့် ပူးပေါင်းလိုက်ပြီးနောက် ရွာ(၉)ရွာကမ္ဘာကြီးသို့ သွားရမည် ဖြစ်သည့်အတွက် ထိုနေရာ၌ ဒဏ်ရာရသွားမည်ဆိုလျှင် သူက စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကို လိုအပ်လာနိုင်သည်။
သူ့ဆီတွင်တော့ ယပ်တောင်(၆)လက်ကျောင်းမှ ရထားသော ကုသရေဆေးလုံးများ ရှိနေသေး၏။ အခြေအနေက အလွန်အမင်း ဆိုးရွားနေခြင်း မရှိချေ။
ခဏကြာပြီးနောက် ကျိုးဟမ်က အရင်ဆုံး ထွက်သွားခဲ့၏။ မုန့်ချီက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ပေးရန် ပြောခဲ့သည့် ကျေးဇူးကြောင့် သူတို့က အတော်လေးကို ရင်းနှီးလာခဲ့၏။ ထိုလူများက မိတ်ဆွေဖြစ်ရန် ထိုက်တန်သည်ဟုလည်း သူကိုယ်တိုင် တွေးမိလာခဲ့သည်။
"ကိုရင်လေး...
နင်က ဘယ်ကိစ္စကို သီးသန့်ဆွေးနွေးချင်တာလဲ…"
ကျန်းကျိဝေက အချိန်တော်တော်ကြာ ဖိနှိပ်ထားသော စိတ်ဝင်စားမှုကို ထိန်းချုပ်မထားတော့ပဲ မေးလိုက်သည်။
ချီကျန်းရန်နှင့် ရွမ်ယုရှုတို့၏ မျက်လုံးများကလည်း သူ့ကို စိုက်ကြည့်နေခဲ့၏။
Translated by Hein Htet.