အခန်း (၃၆၇)
Vol. 25 Ch. 367
"ငါက အင်မော်တယ်တွေနဲ့ ပူးပေါင်းလိုက်ပြီ…"
မုန့်ချီက အနည်းငယ် ချောင်းဟန့်ပြီး ကြေညာလိုက်၏။ ကျင့်စဉ်ကြောင့် ဒဏ္ဍာရီများက သူ့မိတ်ဆွေများကို ပြဿနာရှာနိုင်သည့်အတွက် ဗုဒ္ဓလက်ဝါးကျင့်စဉ် အကြောင်းကိုတော့ တိုက်ရိုက်ပြောပြခဲ့ခြင်း မရှိချေ။
ကျန်းကျိဝေက မှင်တက်သွားခဲ့ပြီး ရွမ်ယုရှုက တိုးတိုးလေး ပင့်သက်ရှိုက်လိုက်မိသည်။ ချီကျန်းရန်က မျက်လုံးပြူးသွားခဲ့၏။ ခံစားချက်ကင်းမဲ့သော သူ၏မျက်နှာပေါ်တွင်ပင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ မုန့်ချီက ထိုအရာများကို အသေးစိတ် ပြောမပြခဲ့ပေ။
"ပြောရမယ်ဆိုရင်တော့ တိမ်တိုက်ပြာဘိုးဘေးက ဘုန်းတော်ကြီး ကျူးကျန်းကို ငါ့ရဲ့မီးအိမ် ငှားပေးခိုင်းပြီး မကောင်းဆိုးဝါးဘိုးဘေးကို သတ်ဖို့ကူညီပေးခဲ့တယ်။ သူက ပျက်စီးလုနီးနီးဖြစ်နေတဲ့ ဗောဓိမျိုးစေ့တစ်ခုကိုပဲ ရခဲ့တယ်…"
“စိတ်မကောင်းပါဘူး ဘိုးဘေး…။ ဒီအတွက် သူ့ကိုပဲ အပြစ်တင်ရတော့မယ်..”
"ဒါကို စဉ်းစားပြီး သူက ငါ့ကို အင်မော်တယ်တွေနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တာ…"
မုန့်ချီ၏ အမူအရာက တစ်စုံတစ်ခု လွဲမှားနေကြောင်း ကျန်းကျိဝေက သတိထားမိခဲ့၏။ ထိုကိုရင်လေးက အင်မော်တယ်များနှင့် ပူးပေါင်းရန် ဆန္ဒမရှိခဲ့ပေ။ တိမ်တိုက်ပြာဘိုးဘေးက တောင်းဆိုလိုက်သည်နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်မှာလည်း စစ်မှန်သောအဖြေတစ်ခု မဟုတ်နိုင်ပေ။
သူက တခြားသော ရတနာတစ်ခုအတွက် လျော်ကြေးပေးလိုက်သည်ဆိုလျှင်တော့ ဖြစ်နိုင်ချေတစ်ခုရှိသည်။
"သူက တစ်ခုခုများ … "
သူမက တစ်စုံတစ်ခုကို နားလည်သွားသည့်အလား မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက မုန့်ချီ၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီး နားလည်နေပြီး ဗုဒ္ဓမီးအိမ်လေးနှင့် ပတ်သက်မှုကိုလည်း သိနေသည်။ သူက အင်မော်တယ်များနှင့် ဗောဓိမျိုးစေ့လေးကို ဆက်စပ်ပြီး တွေးမိလိုက်သည့်အခါ အမှန်တရားက စတင်ထွက်ပေါ်လာခဲ့သည်။
သို့သော် သူမက ထိုအတွေးများကို ဆက်မတွေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရလဒ်က သူတို့အတွက် ကောင်းလာစရာ တစ်ခုမျှ မရှိချေ။ သူ့အတွက် အတော်လေးကို ရှုပ်ထွေးသွားနိုင်၏။ ဘာကြောင့် ကျူးကျန်းက မုန့်ချီဆီမှ မီးအိမ်လေးကို တိုက်ရိုက်မငှားခဲ့ရသနည်း။ သူက တိမ်တိုက်ပြာဘိုးဘေးနှင့် တစ်စုံတစ်ခု သဘောတူထားခြင်းပေလော။ ဘာကြောင့် မုန့်ချီ၏ သဘောထားက ရုတ်တရက် ပြောင်းလဲသွားခဲ့ရသနည်း။
ချီကျန်းရန်က မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်နေပြီး သူလည်း ချက်ချင်းပင် သတိထား၍ အတွေးများကို ဖယ်ရှားလိုက်သည်။
ရွမ်ယုရှု၏ မျက်လုံးများက လှုပ်ရှားသွားခဲ့၏။ မုန့်ချီက စိတ်ပျော့ညံ့သည့် လူတစ်ယောက် မဟုတ်ကြောင်း သူမက သိနေသည်။ အကယ်၍ အခြေအနေအရ လိုအပ်လာမည်ဆိုလျှင် မုန့်ချီက သူ၏သဘောထားကို စိတ်မဝင်စားတော့ဘဲ တခဏအတွင်း သူ့စိတ်ကို ပြောင်းလဲပစ်လိုက်နိုင်သည်။ ထိုအရာက အဓိကဖြစ်၏။
သူမကတော့ အရာအားလုံးကို နားလည်နေသည့်အလား တိတ်ဆိတ်နေခဲ့သည်။ သူမက ပင်မသိုင်းဂိုဏ်းများ အားလုံး၏ အခြေခံဖြစ်သော ဗုဒ္ဓလက်ဝါး အကြောင်းကိုတော့ တွေးမနေခဲ့ပေ။
ဒဏ္ဍာရီများက သူတို့၏ လျှို့ဝှက်ချက်များအပေါ် ရှာဖွေနိုင်သွားမည့်အပေါ် သူတို့ (၃)ယောက်က စိုးရိမ်နေကြခြင်း မရှိချေ။ အကယ်၍ စိတ်ဝိညာဉ် စွမ်းအားများကို သုံးပြီး သူတို့၏ မှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်မည်ဆိုလျှင်ပင် သတိထားစရာ အချက်များ မရှိနိုင်ပေ။
အကယ်၍ သူတို့ကသာ မုန့်ချီ၏ အကျင့်စရိုက်ကို ကောင်းကောင်း နားမလည်ထားလျှင် သူ၏ဆုံးဖြတ်ချက်ကို အပြင်တင်မိပါလိမ့်မည်။ အင်မော်တယ်များက တောင်းဆိုနေမည်ဆိုလျှင် ထိုအရာကို ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။
မုန့်ချီက သူတို့အကြောင်း အနည်းငယ်လေးသာ သိထားသော အဖွဲ့သား တစ်ယောက် ဖြစ်သည်။ သူ့ဆီမှ အချက်အလက်များကို ရှာဖွေခြင်းကလည်း အသုံးမဝင်နိုင်ပေ။ အဆုံးသတ်တွင်တော့ အင်မော်တယ်များနှင့် သူတို့အဖွဲ့၏ ကြားထဲတွင် ရှိနေသော စွမ်းအားကွာဟမှုက အလွန်ကြီးမားလွန်းလှသည်။
ဒဏ္ဍာရီများကလည်း သူတို့အဖွဲ့ကို ခန့်မှန်းနေကြဦးမည် ဖြစ်သည်။ အင်မော်တယ်များကတော့ တချို့အကြောင်းအရာများကို သေချာစစ်ဆေးပြီး သူတို့အပေါ် အပြစ်တင်လာနိုင်သည်။ ထို့ကြောင့် သူတို့ပစ်မှတ်ထားခံရနိုင်သည့် ဖြစ်နိုင်ချေက နည်းပါးနေသော်လည်း ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်သည်။
မုန့်ချီက ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ငါက ငါတို့ရဲ့အဖွဲ့ထဲကနေ သေချာပေါက် ထွက်သွားမှာ မဟုတ်ဘူး။ ငါက ရံဖန်ရံခါ အဖွဲ့အစည်းကို ကူညီဖို့ သွားရလိမ့်မယ်။ ဒါပေမယ့် အဲဒါထက်ပိုပြီး ငါလည်း ဘာမှသိမထားဘူး။ နောက်ပိုင်းမှာတော့ ငါက အဲဒီအကြောင်းတွေကို ပြောလို့မရနိုင်တော့ဘူး ထင်တယ်…"
"ငါလည်း အဲဒါကို ခန့်မှန်းမိပါတယ်…"
ချီကျန်းရန်က သက်ပြင်းချလိုက်မိသည်။
ကျန်းကျိဝေက မချိပြုံး ပြုံးလိုက်၏။
"တစ်ခါတရံ ကိစ္စတွေက ချောချောမွေ့မွေ့ဖြစ်သွားတယ် ဆိုရင်တောင် ဆိုးရွားတဲ့ လက္ခဏာတွေ ပေါ်လာတတ်တာပဲ။ တာဝန်အပေါ်မှာ မထင်မှတ်ထားတဲ့ အရာတွေ လုပ်နိုင်တယ်ဆိုမှတော့ ဒါက နင့်ရဲ့ဘဝလမ်းကြောင်းပဲ ဖြစ်သွားပြီပေါ့။ "
သူမကတော့ အနည်းငယ် တွေဝေနေခဲ့သည်။
"နင်က အင်မော်တယ်တွေနဲ့ ပူးပေါင်းလိုက်တယ်ဆိုတာ ကံကောင်းဖို့ မျှော်လင့်ပါတယ်…."
ရွမ်ယုရှုကတော့ အသံတိုးတိုးနှင့် ပြောလိုက်သည်။
"တကယ်လို့ ငါကသာ အသုံးဝင်တဲ့ ကျင့်စဉ်နည်းလမ်းအသစ်တွေ ရလာမယ်ဆိုရင် ငါတို့က ဝေမျှနိုင်တယ်…"
မုန့်ချီက ထပ်ဖြည့်ပြောလိုက်သည်။ သူကတော့ အကြောင်းအရာများကို မည်သို့ အသုံးချရမည်ဖြစ်ကြောင်း နားလည်နေခဲ့၏။
သူတို့က ခဏကြာ စကားပြောခဲ့ပြီးနောက် အချင်းချင်း လူခွဲသွားကြသည်။ ကျန်းကျိဝေက အလင်းတိုင်လုံးထဲသို့ ဝင်မသွားခင် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ကိုရင်လေး …
ငါ့အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဗုဒ္ဓလမ်းစဉ်မှာ နင့်ရဲ့ကံကြမ္မာက အရမ်းကို ကောင်းလွန်းနေတယ်။ နင်က ဘုန်းတော်ကြီးအနတ္တရဲ့ ဓားသိုင်းပညာကို ရခဲ့တယ်။ ကျောက်စိမ်းပြားလေးကို ရခဲ့တယ်။ ပြီးတော့ ဗုဒ္ဓမီးအိမ်ကိုလည်း ရခဲ့တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုတော့ မဖြစ်နိုင်ဘူး။ နင် သတိထားပါ … "
"ဟမ် … ဆရာကြီးလုကလည်း ငါ့ကို အဲဒီလိုစကားမျိုး ပြောခဲ့ဖူးတယ်…"
မုန့်ချီက ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူက အလင်းတိုင်လုံးထဲမှ ထွက်လာပြီးနောက် ရွာ (၉)ရွာ ကမ္ဘာကြီးကို မသွားခင် အင်မော်တယ်များဆီကို သွားရန် စဉ်းစားလိုက်သည်။ ပင်မကမ္ဘာကြီးသို့ ပြန်ရောက်လာပြီးနောက် မုန့်ချီက အမှောင်ထုအောက်တွင် မြို့နံရံပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက် သူက နေရာတစ်ခုရှာပြီး အင်မော်တယ်များ ပေးခဲ့သော လျှို့ဝှက်တံဆိပ်လေးကို မီးရှို့လိုက်၏။ ထိုတံဆိပ်လေးက တဖြည်းဖြည်း လင်းလက်လာပြီး အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူ့ရှေ့တွင် အလွန်ကြီးမားသော အစိမ်းရောင်အပေါက်ကြီး တစ်ခုပေါ်လာခဲ့၏။
ထိုအစိမ်းရောင်အပေါက်ကြီးက တဖြည်းဖြည်းနှင့် မှော်အင်းကွက်များ ခြယ်သထားသော အစိမ်းရောင်တံခါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက လေဟာနယ် ကူးသန်းသွားလာနိုင်သော အက်ကွဲကြောင်းကြီးတစ်ခုဖြစ်၏။
အစိမ်းရောင်တံခါးကြီးက ဖြည်းညင်းစွာ ပွင့်လာပြီးနောက် အတွင်းထဲတွင် ရှိနေသော အရာများက ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။ တောင်တန်းများ ၊ ရေစီးကြောင်းများ ၊ ကောင်းကင်ပေါ်တွင် ပျံသန်းနေသော အနီရောင်ကြိုးကြာများ ၊ ကမ္ဘာမြေကြီးထဲတွင် သွားလာနေသော မှော်ဆန်ဆန်သတ္တဝါများ၊ သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေသည့် တောင်ထိပ်ကြီးများ စသည့်အရာများက နတ်ဘုံနတ်နန်းပမာ ထင်မှတ်ရသည်။
မုန့်ချီက တံခါးဝတွင် ရပ်နေသော တိမ်တိုက်ပြာဘိုးဘေးကို တွေ့လိုက်ရသည်။ သူမက ပြောလိုက်၏။
"မင်းက ထွက်ပေါက်တစ်ခုအနားမှာ ရှိနေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါက တောင်ပေါ်ကို တက်ပြီး ဒီကနေ ဆင်းလာရဦးမယ်…"
"ကြည့်ရတာ အင်မော်တယ်တွေဆီကို နေရာတိုင်းကနေ ဝင်လို့မရနိုင်ဘူး ထင်တယ်…"
မုန့်ချီ၏နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
အစိမ်းရောင်တံခါးကြီး ပွင့်လာပြီး တိမ်တိုက်ပြာဘိုးဘေး ရောက်လာသည့်အတွက် သူလည်း တုန်လှုပ်သွားခဲ့၏။ သူက ထိုအဖွဲ့အစည်းတစ်ခုကို ပူးပေါင်းလိုက်ပြီးနောက် အစိမ်းရောင်တံခါးကြီးကိုသုံးပြီး အချိန်မရွေး ထွက်ပြေးနိုင်မည်ဟု တွေးမိခဲ့သည်။
"ဘဝကြီးက အဲဒီလောက် လွယ်ကူမနေဘူးလေ…"
တိမ်တိုက်ပြာ ဘိုးဘေးက ရယ်လိုက်သည်။
တခဏအတွင်း သူမ၏ လေသံက အေးစက်သွားခဲ့သည်။
“အထဲကို မြန်မြန်ဝင်တော့ စကားပြောနေဖို့ အချိန်မရှိဘူး။ ငါတို့ကို တခြားလူတွေ မြင်သွားလို့ မရဘူး…"
သူက တစ်ယောက်တည်း တွေးလိုက်မိသည်။
"ဘိုးဘေးက သူ့ရဲ့အစစ်အမှန်မျက်နှာကို ပြသသင့်တယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ ငါက အခုမှ အင်မော်တယ်တွေနဲ့ ပူးပေါင်းတာလေ … "
သူက အစိမ်းရောင်တံခါးကြီးထဲသို့ ဝင်သွားလိုက်သည့်အခါ နေရာတိုင်းတွင် ကျောက်များ ခင်းထားကြောင်း တွေ့လိုက်ရသည်။ အစိမ်းရောင်တံခါးကြီးက သူ့ကို လွှမ်းခြုံသွားပြီး ခဏကြာသည့်အခါ အစစ်အမှန် အပြာရောင်အင်မော်တယ် တံခါးကြီးကို တွေ့လိုက်ရသည်။
လေဟာနယ် လှုပ်ရှားသွားခြင်းကို ကြုံလိုက်ရပြီးနောက် သူ၏ ပင်မဝိညာဉ်က တုန်လှုပ်သွားခဲ့၏။ ခန္ဓာကိုယ်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည့်အလား ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူကတော့ အနက်ရောင် လေဟာနယ်လမ်းကြောင်း၏ အဆုံးသတ်ကို ရောက်လာသလို ခံစားလိုက်ရ၏။
တိမ်တိုက်ပြာဘိုးဘေးက သူ့ကို အမြင့်ဆုံး တောင်ထိပ်ပေါ်သို့ ခေါ်သွားပြီး အလွန်ကြီးကျယ်ခမ်းနားသော တာအိုကျောင်းဆောင်ကြီးတစ်ခုရှေ့တွင် ဆင်းသက်လိုက်သည်။ ထိုကျောင်းဆောင်ကြီးပေါ်တွင်တော့ ရှေးကျခြင်း မရှိသလို ခေတ်မဆန်သော ဆိုင်းဘုတ်တစ်ခုကို ရေးထိုးထား၏။ ထိုအရာကို ကြည့်လိုက်ရုံနှင့် စကားလုံးများ၏ အရေးပါမှုကို သိနိုင်သည်။
"အသူရာနန်းတော်…"
မုန့်ချီကတော့ သူတို့နှင့် ပတ်သက်သော ပထမဆုံး စကားလုံးတစ်ခုကို လျစ်လျူရှုထားလိုက်သည်။ အကယ်၍ သူသာ အဖွဲ့အစည်းတစ်ခု ထူထောင်မည်ဆိုလျှင် အဖွဲ့အစည်း၏ နာမည်ကို တုသိသာနန်းတော် ၊ ကျောက်စိမ်းနန်းတော်ကဲ့သို့ နာမည်မျိုးကို ပေးမိမည်ဖြစ်၏။
ထိုနန်းတော်ကြီးက အတော်လေးကို ခြောက်ကပ်နေသည်။ တိမ်တိုက်ပြာဘိုးဘေးနှင့် မုန့်ချီတို့ကလွဲလျှင် တခြားအင်မော်တယ်တစ်ယောက်မျှ မရှိချေ။
"ငါတို့တွေ အများစုက ကြီးကြီးမားမားကိစ္စတွေ မရှိဘဲ ဒီနန်းတော်ကို မလာကြဘူး။ ငါတို့က တာဝန်တွေ ရွေးချယ်ဖို့ ဒါမှမဟုတ် ရောင်းချင်တဲ့ပစ္စည်းတွေ ပြသဖို့နဲ့ ငါတို့လိုအပ်တဲ့ အရာတွေကို ရှာဖို့အတွက် အင်မော်တယ်လမ်းကြောင်းထဲကိုပဲ သွားတတ်ကြတယ်…"
တိမ်တိုက်ပြာဘိုးဘေးက မုန့်ချီ၏အတွေးကို သိနေသည့်အလား ရှင်းပြလိုက်သည်။ မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုရင် ကျွန်တော့်ကို အင်မော်တယ်တွေနဲ့ ပတ်သက်ပြီး ပြောပြလို့ ရနိုင်မလား..”
သူတို့က နန်းတော်ထဲကို ပျံသန်းသွားရမည့်အစား သူမက အေးအေးဆေးဆေး လျှောက်လာခဲ့သည်။
သူမက ရှင်းပြလိုက်၏။
"အင်မော်တယ်တွေက ဒဏ္ဍာရီတွေနဲ့ ကွဲပြားတယ်။ ငါတို့ရဲ့ရည်မှန်းချက်ကတော့ သံသရာကနေ လွတ်မြောက်နိုင်ဖို့ပဲ။ ပြီးတော့ နောက်ဆုံး အဆုံးသတ်ကံကြမ္မာကို ရှောင်တိမ်းပြီး အစစ်အမှန် အင်မော်တယ်တွေ ဖြစ်လာဖို့ပဲ…”
“အစပိုင်းမှာတော့ ငါတို့ရဲ့အဖွဲ့သားတွေက ခရီးသွားရင်း တာအိုသူတော်စင်တွေရဲ့ ကျင့်ကြံမှုနည်းလမ်းတွေကို ရရှိခဲ့ကြတယ်။ အဲဒီအရာတွေကနေ အင်မော်တယ်တွေကို ဖန်တီးခဲ့တာပဲ။ ငါတို့က အချင်းချင်း ပူးပေါင်းပြီး လုပ်ဆောင်ကြတာ ဖြစ်တဲ့အတွက် ငါတို့အဖွဲ့အစည်းတွေက အဖွဲ့သားတွေကို တာဝန်လက်ခံဖို့အတွက် အတင်းအကြပ် တွန်းအားပေးတာမျိုး မရှိဘူး။ အဲဒီအစား ဆုလာဘ်ဆိုတာက ငါတို့အဖွဲ့အစည်းရဲ့ အခြေခံပဲ…”
“ဥပမာအနေနဲ့ ပြောရရင် ဘိုးဘေးလင်းပေါင်က ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရှာဖွေချင်တယ်ဆိုရင် သူနဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားတဲ့ လူတစ်ယောက်ကို ရှာဖွေဖို့အတွက် တာဝန်တစ်ခု ထုတ်လိုက်တယ်။ ပြီးတော့ သူက အပြန်အလှန်အနေနဲ့ ဆုလာဘ်ကောင်းကောင်း ပြန်ပေးတတ်တယ်။ နောက်ထပ် ဥပမာတစ်ခုကတော့ ငါကိုယ်တိုင်သွားဖို့ မသင့်တော်တဲ့ တာဝန်မျိုးမှာဆိုရင် သင့်တော်တဲ့ ဆုလာဘ်မျိုးပေးပြီး တာဝန်တစ်ခု ထုတ်ပြန်လို့ရတယ်။ ဒါဆိုရင် တခြားအဖွဲ့သားတွေက ငါ့ကိုယ်စား အဲဒီတာဝန်ကို လုပ်ဆောင်လို့ ရတယ်လေ..”
“ပြီးတော့ သံသရာကမ္ဘာကြီးထဲကနေ ရလာတဲ့ပစ္စည်းတွေ ဒါမှမဟုတ် ပင်မကမ္ဘာကြီးထဲကနေ ရလာတဲ့ပစ္စည်းတွေကို လမ်းကြားထဲမှာ ရောင်းချလို့ ရတယ်။ မင်းက အချိန်တိကျတဲ့ သဘောတူညီမှု မရှိဘူးဆိုရင် အင်မော်တယ်တွေနဲ့ တိုက်ရိုက်လဲလှယ်လို့ရတယ်။ အဲဒါက မင်းရဲ့ဂုဏ်သတင်းကို ပျက်စီးသွားစေမှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် သံသရာအရှင်သခင်ဆီမှာ လဲတာထက် ပိုပြီးတော့ ကောင်းတဲ့ အကျိုးအမြတ်ရတယ်…”
“ပြီးတော့ ငါတို့ရဲ့ကျင့်ကြံမှုတွေ ၊ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ ပြင်ပကမ္ဘာကြီးဆီ ပြန်ပြောတာကို တားမြစ်ထားတယ်။ ဒါက မင်းလက်မှတ်ထိုးရမယ့် သဘောတူညီချက်ထဲမှာ ရေးသားထားတယ်။ အဲဒါကို သံသရာအရှင်သခင်က ထောက်ခံထားတယ်။ တကယ်လို့ မင်းကသာ သဘောတူညီချက်ကို ဖောက်ဖျက်လိုက်မယ်ဆိုရင် ချက်ချင်း ရှင်းပစ်ခံရနိုင်ပြီး အလောင်းတောင် မကျန်နိုင်ဘူး…"
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။ ကြည့်ရသည်မှာ အင်မော်တယ်များနှင့် ဒဏ္ဍာရီများ ရှင်းပစ်ခံရမှုက သံသရာအရှင်သခင်နှင့် ပတ်သက်နေသည်။ ထို့ကြောင့်လည်း အဖွဲ့အစည်းနှစ်ခုစလုံးက သံသရာကမ္ဘာကြီးနှင့် တူညီနေသည်ဟု ကျောင်းထိုင်ကိုယ်တော်က ကုံဝမ်က တွေးနေခဲ့ခြင်းဖြစ်၏။
သူက တိမ်တိုက်ပြာဘိုးဘေး၏ စကားကို စဉ်းစားပြီး နောက်တစ်ကြိမ် မေးလိုက်သည်။
"ဘိုးဘေးလင်းပေါင်က အင်မော်တယ်တွေရဲ့ခေါင်းဆောင်လား … "
"ဟုတ်တယ်။ သူက ငါတို့ရဲ့ပထမဆုံး အဖွဲ့သားတစ်ယောက်ပဲ။ ပြီးတော့ ငါတို့ရဲ့ လက်ရှိခေါင်းဆောင်လည်း ဟုတ်တယ်။ သူကတော့ ကောင်းကင်တာအိုသခင်လို့ နာမည်ကြီးတယ်…"
တိမ်တိုက်ပြာဘိုးဘေးက ပြန်ဖြေလိုက်သည်။
"ကောင်းကင်တာအိုသခင်လား … "
မုန့်ချီက ပြန်မေးလိုက်၏။
ဘိုးဘေးလင်းပေါင်က တာအိုသခင် (၉)ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘိုးဘေး၊ လူသားဘိုးဘေးတို့နှင့် အဆင့်တူလည်း ဖြစ်၏။ သို့သော် ပင်မကမ္ဘာကြီးထဲတွင်တော့ သူ၏နာမည်မရှိခဲ့ပေ။
“ဘာလို့လဲဆိုတော့ သံသရာကမ္ဘာကြီးတချို့မှာတော့ သူက ကောင်းကင်တာအိုသခင်လို့ နာမည်ကျော်ကြားတယ်လေ … "
သူမက ရှင်းပြလိုက်သည်။ မည်သည့်ကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ အရာမျိုး ရှိနေကြောင်း သိမှာကို သူမက စိုးရိမ်နေခြင်းပေလော။ ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော ကောင်းကင်မှတ်တမ်းထဲမှ ပညာရှင်များနှင့် ထိုအရာက မည်သို့ပတ်သက်နေသနည်း။
မုန့်ချီ၏ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။
"ဘိုးဘေး … ကျွန်တော်က ဘာတွေသိဖို့လိုလဲ…"
"နောက်ထပ် ရှိသေးတယ်။ တရားဝင်အဖွဲ့သားတွေ ၊ ပြင်ပဂိုဏ်းသားတွေက တစ်နှစ်ကို အနည်းဆုံး တာဝန်တစ်ခုတော့ လက်ခံရလိမ့်မယ်။ ဒါက တာဝန်ယူရမယ်ဆိုတဲ့ အသိကို ထည့်ပေးလိုက်တာပဲ။ အဖွဲ့အစည်းကတော့ အရမ်းကြီး တင်းကြပ်ထားတာ မရှိဘူး။ ပြီးတော့ ဒီစည်းမျဉ်းကို အရမ်းတွန်းအားပေးစရာလည်း မလိုပါဘူး။ လူတိုင်းက အရမ်းကို စိတ်ဝင်စားနေကြတာလေ…"
သူမက မုန့်ချီကို ကျောင်းဆောင်ထဲသို့ ခေါ်သွားခဲ့သည်။
“တရားဝင် အဖွဲ့သားတွေကတော့ တစ်နှစ်ကို တစ်ကြိမ် မှတ်စုတွေကို ဖလှယ်ကြရတယ်။ တံခါးပိတ် လေ့ကျင့်နေတာမျိုး မဟုတ်ဘူး ၊ တာဝန်လုပ်နေတာမျိုး မဟုတ်ဘူးဆိုရင် မဖြစ်မနေ လာရတယ်..”
ကျောင်းဆောင်၏ အတွင်းထဲတွင်တော့ ထိုအရာက ကြည်လင်သန့်ရှင်းနေခဲ့သည်။ ထိုနေရာတွင် ဘိုးဘေးများ ၊ လူသားများ၏ ပုံရိပ်များ မရှိပေ။ ဘိုးဘေးလင်းပေါင်ကို အရိုအသေပေးနေသည့် အရာများသာ ဖြစ်သည်။ ထိုနေရာတွင်တော့ တာအို ဟူသော စကားလုံးကို ရိုးရှင်းစွာ ရေးသားထား၏။
တိမ်တိုက်ပြာဘိုးဘေးက သူ့ကို စောင့်နေရန် ပြောလိုက်ပြီး ကျောင်းဆောင်ထဲသို့ တစ်ယောက်တည်း ဝင်သွားခဲ့၏။ သူမက အညိုရောင် သဘောတူ စာရွက်ကို ယူလာပြီးနောက် အပြင်သို့ ပြန်ထွက်လာခဲ့သည်။ ထိုစာရွက်က ရိုးရှင်းပြီး ကြမ်းတမ်း၏။
သူမက ရှင်းပြလိုက်သည်။
"ဒီထဲက အသေးစိတ်အချက်အလက်တွေက မင်းကို ပြောခဲ့တဲ့ အရာတွေပဲ။ မင်းက အဲဒါကို လက်မှတ်ထိုးပြီးမှပဲ တရားဝင်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းက သေမင်းတမန် တာဝန်အောင်မြင်သွားပြီဆိုမှတော့ တာဝန် (၃)ခုပြီးသွားရင် တရားဝင် အဖွဲ့သား တစ်ယောက်ဖြစ်လာဖို့ စမ်းသပ်ခံလို့ရတယ်…"
မုန့်ချီက သဘောတူညီချက်ကို သေချာပြန်ကြည့်လိုက်သည်။
"တရားဝင် အဖွဲ့သားတစ်ယောက်နဲ့ ပြင်ပအဖွဲ့သားတွေက ဘာများကွာခြားတာလဲ.."
"အကုန်လုံးက နာမည်တစ်ခုချင်းဆီရဲ့အောက်မှာရှိတဲ့ ဝေ့ကျင်းအဆင့် ကျင့်ကြံမှုနည်းလမ်းတွေနဲ့ ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခု ရနိုင်တယ်။ ပြီးတော့ တရားဝင်အဖွဲ့သားတွေကပဲ ရှေးဟောင်းတာဝန်တွေကို လုပ်ဆောင်ခွင့်ပြုတယ်.."
သူမက စိတ်လိုလက်ရ ပြန်ဖြေလိုက်သည်။
မုန့်ချီက သဘောတူညီချက်ကို ဖတ်ပြီးသွားသည့်အချိန်တွင် တိမ်တိုက်ပြာဘိုးဘေးကို စိုက်ကြည့်လိုက်၏။ သူက စဉ်းစားမနေဘဲ သဘောတူညီချက်ကို အသံကျယ်ကျယ်နှင့် ဖတ်လိုက်ပြီး သူ၏အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့်စိတ်ဆန္ဒများ ကို စုတ်တံတစ်ချောင်းအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်၏။
သဘောတူညီချက်က အလင်းရောင်များ တောက်ပလာပြီးနောက် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့နားထဲတွင်တော့ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"သဘောတူညီမှု လုပ်ဆောင်ပြီးသွားပြီ။ သဘောတူညီမှုထဲက အချက်အလက်တွေကို ဖောက်ဖျက်ရင် ရှင်းပစ်ခံရမယ်…"
ထိုစကားကို ကြားသည့်အချိန်တွင် တိမ်တိုက်ပြာဘိုးဘေး၏ အသံက ပြောင်းလဲသွားသည်။ သူမက ပြောလိုက်၏။
"မင်းက ဗုဒ္ဓလက်ဝါးကနေ ရလာတဲ့ ကျင့်ကြံမှုနည်းလမ်းတွေကို ငါတို့ဆီပေးဖို့ မမေ့ပါနဲ့။ ဘိုးဘေးလင်းပေါင်က အဲဒီအရာကို အသုံးလိုတယ်။ အဲဒါအတွက် ကျင့်ကြံမှု နည်းလမ်းတွေ ကံကြမ္မာအမှတ်တွေလည်း အများကြီးရနိုင်တယ်…"
သူမ၏လေသံက အလွန်တည်ငြိမ်နေခဲ့သည်။ သူမက ဗုဒ္ဓလက်ဝါးကို ရယူရန် အခွင့်အရေး တစ်ခုရခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
"ဘိုးဘေး …
တရားဝင် အဖွဲ့သားတွေအားလုံးက သတင်းစုဆောင်းတာမျိုးရော လုပ်ဖို့ လိုသေးလား…"
မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။
သူမက ပြန်ဖြေလိုက်၏။
"မလိုဘူး။ လူတိုင်းက ဖုံးကွယ်နေဖို့ မလိုအပ်ဘူး။ အရေးကြီးတဲ့နေရာမှာရှိတဲ့ တချို့ကတော့ ဖုံးကွယ်ထားတယ်။ ပြောရမယ်ဆိုရင်တော့ အောက်ခြေမှာတော့ သူတို့တွေက ဘာမှမဟုတ်တဲ့ လူတွေပါပဲ… "
မုန့်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။ သူမက ချူချမ်းနင်ဖြစ်၏။
သူမက စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
"ငါက မင်းရဲ့အရည်အချင်းတွေကို မြင်နေရတယ်။ ဒါကြောင့်လည်း မင်းကို တံဆိပ်ပြားပေးခဲ့တာပဲ။ မင်းက အဲဒါကို အလွယ်တကူ စွန့်ပစ်ထားလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ရဲ့စေတနာကို ဖြုန်းတီးပစ်တယ်…"
ထိုအကြောင်းအရာမျိုးနှင့်ပတ်သက်လာသည့်အချိန်တွင် သူကတော့ မိန်းမတစ်ယောက်နှင့် ငြင်းဆန်လိုခြင်း မရှိပေ။ သူက သူ့ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်လိုက်၏။
သူမက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"ဒီနေ့ ဘိုးဘေးလင်းပေါင်က ဒီမှာမရှိဘူး။ ဒီတော့ ငါက နင့်အတွက် နာမည်တစ်ခုရွေးဖို့ ခေါ်သွားပေးမယ်…"
မုန့်ချီက အလွန်အံ့ဩသွားခဲ့ပြီး ကျောင်းဆောင်ထဲတွင် ရှိနေသော နယ်မြေထဲသို့ လိုက်သွားခဲ့သည်။ ထိုနေရာတွင်တော့ မြေသားကန့်လန့်ကာတစ်ခု ရှိနေခဲ့၏။ ထိုနေရာတွင် ဖိနှိပ်ထားသော ဓားချီစွမ်းအင်များ ရှိနေပြီး သူကသာ တစ်စုံတစ်ခု မှားယွင်းလုပ်ဆောင်မိလိုက်မည်ဆိုလျှင် ဓားသွားပေါင်းများစွာက အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်လိုက်ပါလိမ့်မည်။
နံရံပေါ်တွင်လည်း အပေါက်ရာပေါင်းများစွာ ရှိနေပြီး အပေါက်တစ်ခုချင်းဆီတိုင်းတွင် ကျောက်စိမ်းဝါးသိုင်းကျမ်းတစ်ခုဆီ ရှိနေသည်။ တချို့က နက်မှောင်နေပြီး တချို့က မှေးမှိန်နေသည်။ ထိုအရာများ၏နာမည်များကတော့ ဘိုးလေးလင်းပေါင် ၊ ဘိုးဘေးဒိုမူ ၊ ဘိုးဘေးနန်းဟွာ ၊ ဘိုးဘေးကွမ်ချန်းနှင့် သန့်စင်မှော်အရှင်တို့ကဲ့သို့ နာမည်များ ဖြစ်ကြသည်။
အစပိုင်းနာမည်များကတော့ ကောင်းကင်ဘိုးဘေး ၊ ထိုက်ယီအရှင် ၊ ဘိုးဘေးကွမ်ဖ ၊ အင်မော်တယ်ယုတင် ၊ အင်မော်တယ် စီဟန်း ၊ ခရမ်းပုံရိပ်ယောင်ဘိုးဘေးနှင့် တခြားနာမည်များ ဖြစ်ကြသည်။ ကြည့်ရသည်မှာ ပိုင်ရှင်ရှိသော အရာများက လင်းလက်နေပုံရ၏။
မုန့်ချီက ရေတွက်ကြည့်လိုက်ရာ အနည်းဆုံး နာမည် (၅၀) ရှိနေသည့်အတွက် အဖွဲ့သားတိုင်းက နာမည်ရနိုင်ခြင်း မဟုတ်ကြောင်း ပြသနေသည်။ စွမ်းအားရှိပြီး အဆင့်တစ်ခုကို ရောက်နေသည့်လူများကသာ သီခြားနာမည်တစ်ခုကို ရွေးချယ်ပိုင်ခွင့် ရှိကြသည်။
အင်မော်တယ်တိုင်းက တာအိုသခင် ကျင့်ကြံမှုနည်းလမ်းများကို အသုံးပြုကြခြင်း မဟုတ်ချေ။ လူသားဘိုးဘေး ၊ ဘိုးဘေးတောင်ပေါင်တို့၏ သိုင်းပညာများတော့ ပျောက်ဆုံးနေပြီး နာမည်လည်း မရှိချေ။
"နင်က အစိမ်းရောင်မလင်းတဲ့ နာမည်တိုင်းကို ရွေးချယ်လို့ရတယ်…"
တိမ်တိုက်ပြာဘိုးဘေးက ထိုအပေါက်လေးများကို လက်ညှိုးထိုးပြီး ပြောပြလိုက်သည်။
Translated by Hein Htet