← Chapters

အခန်း (၃၇၀)

Vol. 25 Ch. 370

အခန်း (၃၇၀)

Vol. 25 Ch. 370

"ဘိုးဘေးဒိုမူ... ဟုတ်လား..."

မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ထိုအရာက လွန်ခဲ့သော (၁၀)စုနှစ် တစ်ခုခန့်တွင် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေခဲ့သော ဘိုးဘေးဒိုမူ ဖြစ်နေခြင်းပေလော။

ရှောင်လင်ကျောင်းတော်၏ ဗုဒ္ဓခန်းမကြီးထဲတွင် ကျန်းဝူဂိုဏ်း၏ အထွေထွေ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သော ရွှမ်ယွမ်ကျိက အင်မော်တယ်အဖွဲ့ထဲမှ ဘိုးဘေးဒိုမူနှင့် မတော်တဆ တွေ့ခဲ့ကြောင်း ပြောပြခဲ့ဖူးသည်။ ဘိုးဘေးဒိုမူနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် သူက ရှုံးနိမ့်သွားသည့်အတွက် ထွက်ပြေးခဲ့ရသည်။

ကိုယ်ပိုင်အရည်အချင်း ရှိနေသော ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်သည့် ရွှမ်ယွမ်ကျိက မြေပြင်မှတ်တမ်းတွင် ရှိနေသော လက်ရွေးစင်များထဲတွင်လည်း အဆင့်ရှိသည်။ ထို့ကြောင့် ဘိုးဘေးဒိုမူက ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေသည်ဟု ဆိုနိုင်၏။

တိုက်ခိုက်မှုက လွန်ခဲ့သော (၁၀)နှစ်ကျော်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် သူက ဓမ္မကာရအဆင့်ကို ခြေလှမ်းတစ်ဝက်ရောက်နေခြင်းပင် ဖြစ်နေနိုင်၏။

အကယ်၍ ဘိုးဘေးဒိုမူက ယခုအချိန်အထိ အဆင့်မတက်သေးလျှင်ပင် သူ့ဆရာထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေသေးသည်။ သူက အင်မော်တယ်များထဲတွင် ထိပ်ဆုံးပညာရှင် (၃)ယောက်ထဲ အပါအဝင် ဖြစ်နိုင်ပြီး ဘိုးဘေးလင်းပေါင်ထက်သာ နိမ့်ကျနိုင်သည်။

မုန့်ချီက အင်မော်တယ်များထဲတွင် ထိုကဲ့သို့ ထင်ရှားသောလူတစ်ယောက်နှင့် မထင်မှတ်ပဲ တွေ့လိုက်ရသည်အတွက် သတိလက်လွတ်ဖြစ်သွားခဲ့၏။

ဘိုးဘေးဒိုမူက ရိုးရှင်းသော အစိမ်းဖျော့ရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားသည်။ သူမ၏ဝတ်စုံက ခြေထောက်ကို အသားပေးထားသည့်အတွက် ပို၍ရဲရင့်တက်ကြွပုံပေါ်သည်။ သူမ၏ပုံစံကပင် အတော်လေး အံ့သြစရာ ကောင်းလွန်းလှ၏။

သူမက ကျောက်စိမ်းတိုင်လုံးပေါ်တွင် ရှိနေသော ကြေညာစာများကို ဖတ်နေသည့် အချိန်တွင် မုန့်ချီနှင့် တိမ်တိုက်ပြာဘိုးဘေးတို့ ချဉ်းကပ်လာကြောင်း ခံစားမိခဲ့သည်။ သူမက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး မျက်နှာဖုံးအောက်တွင် ရှိနေသော မုန့်ချီကို သေချာစိုက်ကြည့်နေခဲ့၏။

ထို့နောက် သူမက အလွန်တည်ငြိမ်အေးချမ်းသောလေသံနှင့် ပြောလိုက်သည်။

"နောက်ဆုံးတော့ ကောင်းကင်ဘိုးဘေးရဲ့ အမွေအနှစ်ကို လူတစ်ယောက်က ဆက်ခံဖို့ ရွေးချယ်လိုက်ပြီပဲ…"

သူမ၏မျက်လုံးများက နက်မှောင်တောက်ပနေပြီး မေ့ပျောက်၍ မရနိုင်သော မှတ်ဉာဏ်များ ပြည့်နှက်နေသည့် ရေတွင်းတစ်ခုသဖွယ် ထင်မှတ်ရသည်။

"ဘိုးဘေးကို ဂါရဝပြုပါတယ်..."

မုန့်ချီက တလေးတစား ဦးညွှတ်လိုက်သည်။

ဘိုးဘေးဒိုမူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ငါက အဆုံးမဲ့သဘောတရားတွေ၊ ပထမတာအိုနဲ့ ကောင်းကင်ဖွင့်လှစ်ခြင်းတံဆိပ်တို့ကို တစ်နေ့နေ့မှာ မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်…"

ထို့နောက် သူမက စကားတခွန်းမျှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။

"ဘိုးဘေးဒိုမူက နည်းနည်းလေး ထူးဆန်းတယ်ထင်တယ်.."

မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် တိမ်တိုက်ပြာဘိုးဘေးကို ပြောလိုက်သည်။

တိမ်တိုက်ပြာဘိုးဘေးက ပြုံးလိုက်၏။

"အစွမ်းထက်ပြီး အဆင့်မြင့်တဲ့လူတစ်ယောက်ဖြစ်နေမှတော့ သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်တာ သဘာဝပဲလေ…"

"ဟုတ်လား..."

မုန့်ချီက ဘိုးဘေးဒိုမူကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူမ၏အသက်ရှူသံက ပေါ့ပါးပြီး တိတ်ဆိတ်၏။ စကြဝဠာ၏ အလယ်တည့်တည့်တွင် ရှိနေသော ကြယ်ပွင့်လေးများက သူမ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်နေသလို ထင်မှတ်ရသည်။

"သူ့ရဲ့အစွမ်းနဲ့ စွမ်းရည်တွေအရ လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးမယ်ဆိုရင်တောင် သူ့ရှေ့မှာတော့ စကားအကျယ်ကြီး ပြောနေသလိုပဲ…"

တိမ်တိုက်ပြာဘိုးဘေးက လှောင်ပြောင်၍ ပြောလိုက်သည်။ သူမက တမင်တကာ အရူးလုပ်လိုက်ခြင်းဖြစ်သည်။

မုန့်ချီက မျက်နှာပျက်သွားခဲ့၏။ သူရောက်လာသည့်အချိန်တွင် တခြားသူများ လှောင်ပြောင်သ‌ရော်နိုင်သည့် နာမည်တစ်ခုကို ရွေးချယ်ထားသည်။ ယခုတော့ သူက အလွန်အရေးပါသော လူတစ်ယောက်၏ နောက်ကွယ်တွင် ရိုင်းစိုင်းသလို ဖြစ်သွားခဲ့ပြန်သည်။

"နေဦး..။ ချူချမ်းနင်က အရင်ဆုံး လျှို့ဝှက်အသံပို့ဆောင်မှုကို ပြောလိုက်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူက အဲဒီကိစ္စကို မပြောခဲ့ဘူး။ သူက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ပဲ။ သူက လျှို့ဝှက်အသံပို့ဆောင်မှုသုံးဖို့ ငါ့ကို ဖျားယောင်းလိုက်တာပဲ။ တော်တော်လက်တုံ့ပြန်ချင်စိတ်ပြင်းတဲ့ မိန်းမပဲ…"

တိမ်တိုက်ပြာဘိုးဘေးက အလွန်တောက်ပသောအပြုံးနှင့် ကျောက်စိမ်းတိုင်လုံးကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းက စိတ်ကြိုက်တာဝန် ရွေးချယ်လို့ရတယ်။ ဒါပေမဲ့ (၁)နှစ်အတွင်း ပြီးဖို့တော့ လိုတယ်။ မဟုတ်ရင် မင်းက သဘောတူညီချက်ကို ဖောက်ဖျက်သလို ဖြစ်သွားလိမ့်မယ်။ မင်းက တာဝန်(၃)ခုပြီးဆုံးသွားပြီဆိုရင်တော့ တရားဝင်အဖွဲ့သား တစ်ယောက်ဖြစ်ဖို့ စမ်းသပ်ခံလို့ရတယ်…"

သေမင်းတမန်တာဝန် ပြီးဆုံးသွားခဲ့ပြီး လိုအပ်သော စွမ်းရည်များ၊ စွမ်းအားများ ရှိနေသည့်အတွက် မုန့်ချီက တရားဝင်အဖွဲ့သားတစ်ယောက်ဖြစ်လာရန် စမ်းသပ်ခွင့်ရှိသည်။ သို့သော် အဖွဲ့အစည်းတစ်ခုတွင် လူသစ်တစ်ယောက် ဖြစ်နေသည့်အတွက် သူက ဆုံးဖြတ်ချက်မချခင် သေသေချာချာလေ့လာရန် လိုအပ်နေသေးသည်။

အဖွဲ့အစည်း၏ အလယ်တွင် ရှိနေသည့်အတွက် မုန့်ချီက အဖွဲ့အသီးသီး၏ အကြည့်ကို ရင်ဆိုင်နေရသည်။ သူက အင်မော်တယ်လမ်းကြားထဲတွင် ဖြည်းညင်းစွာ လှည့်ပတ်သွားလာနေပြီး ကြေညာစာများကို ရှာဖွေဖတ်ရှု၍ ရွာ(၉)ရွာ ကမ္ဘာကြီးနှင့် သက်ဆိုင်သောတာဝန်ကို ရှာဖွေနေခဲ့သည်။ ထိုသို့ဆိုလျှင် သူက နောက်တစ်ကြိမ် သွားစရာမလိုဘဲ တာဝန်(၂)ခုကို တစ်ပြိုင်နက်တည်း ပြီးဆုံးနိုင်သည်။

ထိုနေရာတွင် မုန့်ချီကို အလေးထားစေနိုင်သော ပစ္စည်းပေါင်းများစွာလည်းရှိသည်။ သို့သော် သူ၏စွမ်းရည်နှင့် ပစ္စည်းအများစုကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်ရမည် ဆိုလျှင်တော့ အတော်လေး ရှက်စရာကောင်းသည်။ သူ့ဆီတွင် လဲလှယ်စရာ ပစ္စည်းအပို မကျန်တော့ပေ။ သူက ဗုဒ္ဓလက်ဝါးကျင့်စဉ်ကို ရရှိရန်သာ မျှော်လင့်နေခဲ့ရသည်။

ထိုအချိန်တွင် သူက ရွာ(၉)ရွာဟူသော စကားလုံးကို မြင်လိုက်ရသည့်အတွက် သူ၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။

“အရေးကြီးတာဝန်...

ငါတို့အဖွဲ့မှာရှိတဲ့ မိန်းကလေးတစ်ယောက်က ရွာ(၉)ရွာ ကမ္ဘာကြီးထဲမှာရှိတဲ့ ကောင်းကင်ကျေးရွာသခင်တစ်ယောက်နဲ့ ခံစားချက်တွေ ရှိလာတယ်။ အဲဒီလူက ကောင်းကင်ကျေးရွာထဲမှာ သူ့ကို ချုပ်နှောင်ထားပြီး ထွက်သွားခွင့်မပေးဘူး။ သူ့ကို ဘယ်အချိန်မှ လွှတ်မလဲဆိုတာ မသိနိုင်တဲ့အတွက် ငါတို့ရဲ့ပင်မတာဝန်ကလည်း တော်တော်လေးကို နှောင့်နှေးနေရပြီ။ ဒီတော့ စီနီယာအဖွဲ့သားတွေက ကူညီပေးဖို့ မျှော်လင့်ပါတယ်။

ဆုလာဘ် - နှစ်(၅၀၀)သက်တမ်းရှိ ချင်းဟွာသစ်သီး.."

တာဝန်ပေးအပ်သူ - မြောက်ပိုင်းမြေအောက်အဖွဲ့.."

"ချင်းဟွာသစ်သီး ဟုတ်လား..."

ထိုအရာက အရှေ့ဝင်ရိုးသက်တော်ရှည်ဆေးညွှန်းတွင် ပင်မပစ္စည်းတစ်ခု မဟုတ်ပေလော။ မုန့်ချီက ခဏကြာစဉ်းစားနေခဲ့၏။

မုန့်ချီက ထိုတာဝန်ကို အာရုံစိုက်နေကြောင်း သတိထားမိသည့်အခါ တိမ်တိုက်ပြာဘိုးဘေးက အသေးစိတ်ပြောပြလိုက်သည်။

"မြောက်ပိုင်းမြေအောက်အဖွဲ့က ငါတို့ရဲ့အရံအဖွဲ့တစ်ခုပဲ။ ဒါပေမဲ့ သူတို့တွေ တစ်ယောက်မှ စမ်းသပ်မှုကို မအောင်မြင်သေးဘူး။ သူတို့က ကနဦးအဖွဲ့သားတွေအဖြစ် ရွေးချယ်နေတုန်းပဲ ရှိသေးတယ်..”

“သူတို့ရဲ့အစွမ်းအရ သူတို့ရဲ့ပင်မတာဝန်က ရွာ(၉)ရွာကမ္ဘာကြီးထဲက ပညာရှင်တစ်ယောက်နဲ့ ပတ်သက်စရာ မရှိလောက်ဘူး…"

ထိုအရာက ထူးဆန်းနေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ထိုအရာက အချစ်ရေးပြဿနာများကြောင့် ပြောင်းလဲသွားခြင်းပေလော။

သူတို့က ကနဦးအဖွဲ့ဝင်များပင် မဟုတ်ကြသေးသည့်အတွက် လူငယ်မှတ်တမ်း၏ အဆင့်(၂၅)အတွင်း ရောက်နိုင်သည့် အစွမ်းမျိုး မရှိကြပေ။ တစ်ဖက်တွင်တော့ ရွာ(၉)ရွာကမ္ဘာကြီးထဲရှိ ကျေးရွာခေါင်းဆောင်များက ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်နိုင်သည်။ ကောင်းကင်ကျေးရွာ၏ အရှင်သခင်ကတော့ အနိမ့်ဆုံး ဝေ့ကျင်းတစ်ဝက်အဆင့် ဖြစ်နိုင်၏။ သူတို့အဖွဲ့၏ လက်ရှိအစွမ်းအရ တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုကဲ့သို့ အဆင့်ရှိသော ရန်သူတစ်ယောက်ကို အနိုင်ရရန် လုံးဝမဖြစ်နိုင်ပေ။

မုန့်ချီက တစ်ယောက်တည်း သုံးသပ်နေခဲ့၏။

"သေချာပေါက် မရှိနိုင်ဘူးလေ.."

တိမ်တိုက်ပြာဘိုးဘေးက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

"သူတို့က လမ်းတစ်ဝက်မှာ တာဝန်ပြောင်းသွားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ကောင်းကင်ကျေးရွာနဲ့ ပတ်သက်သွားတာ ဖြစ်နိုင်တယ်…"

သူမက ရယ်လိုက်သည်။

"သူတို့ရဲ့ပင်မတာဝန်မှာ အချိန်ကန့်သတ်ချက်မရှိဘူးလို့ ပြောတယ်။ သူတို့က ပင်မတာဝန်သာ မပြီးသေးဘူးဆိုရင် ရွာ(၉)ရွာကမ္ဘာကြီးမှာ ထာဝရနေရတော့မှာပဲ။ ဒါကြောင့် သူတို့က သူတို့ရဲ့တာဝန်ကို ပြီးဆုံးအောင်ကူညီပေးဖို့ တခြားသံသရာအဖွဲ့သားတွေရဲ့ အကူအညီကို တောင်းဆိုနေတာ…"

"အဲဒီမှာနေတာက ပိုပြီးတော့ မကောင်းဘူးလား။ သူတို့က ပင်မကမ္ဘာကြီးကို ပြန်လာတဲ့ အချိန်ကျရင် စက္ကန့်ပိုင်းလောက်ပဲ ကြာမှာလေ။ သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့် ဒါမှမဟုတ် ဝေ့ကျင်းအဆင့်ကို ရောက်အောင် လေ့ကျင့်ပြီးမှ သူတို့ရဲ့အဖွဲ့သားတွေကို ကူညီပေးမယ်ဆိုရင်လည်း နောက်မကျသေးဘူးမလား…"

မုန့်ချီက ဇဝေဇဝါဖြစ်သည့်အမူအရာနှင့် ပြန်မေးလိုက်သည်။

ထိုမိန်းမပျိုက အဖွဲ့သားများနှင့် အနီးအနားတွင် မရှိလျှင် သူတို့၏ခံစားမှုကို မြင်ရလိမ့်မည်မဟုတ်ချေ။

တိမ်တိုက်ပြာဘိုးဘေးက ပြောလိုက်၏။

"သံသယအရှင်သခင်က ဒီလောက်သနားကြင်နာလိမ့်မယ်လို့ မင်းက ထင်နေတာလား။ အချိန်အကန့်အသတ်မရှိတဲ့ တာဝန်တွေမှာ လေ့ကျင့်မှုက ပိုပြီးတော့ ခက်ခဲတယ်။ တစ်လကြာတဲ့အထိ သူတို့ရဲ့တာဝန် မပြီးဆုံးသေးဘူးဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်တွေက ပုံမှန်အတိုင်း အသက်ကြီးလာလိမ့်မယ်။ သူတို့ ပင်မကမ္ဘာကြီးထဲကို ပြန်ရောက်လာတဲ့ အချိန်ကျရင် သူတို့ရဲ့ဆံပင်တွေ ဖြူလာတာကိုပဲ တွေ့ရလိမ့်မယ်…"

"ကျွန်တော်နားလည်သွားပြီ.."

မုန့်ချီက သံသရာအရှင်သခင်နှင့် ပတ်သက်သော အကြောင်းအရာများကို အတတ်နိုင်ဆုံး နားလည်ရန်ကြိုးစားနေသည်။ သူတို့ကို မည်ကဲ့သို့ ထောင်ချောက်များ စောင့်နေကြောင်း မသိနိုင်ပေ။

ခဏကြာစဉ်းစားပြီးနောက် သူက ပြောလိုက်၏။

"ဘိုးဘေး...

ကျွန်တော်က ဒီတာဝန်ကို လိုချင်တယ်။ သူတို့အဖွဲ့သားတွေရဲ့ပုံစံနဲ့ ရွာ(၉)ရွာကမ္ဘာကြီးအကြောင်း အသေးစိတ် အချက်အလက်တွေရှိလား…"

သူ၏အစစ်အမှန်ရည်ရွယ်ချက်ကတော့ ဒုတိယတစ်မျိုးဖြစ်သည်။ ရွာ(၉)ရွာ၏ အသေးစိတ် အချက်အလက်များဖြစ်၏။

"ရှိတာပေါ့..."

တိမ်တိုက်ပြာဘိုးဘေးက ထိုတာဝန်ကြေညာချက်ကို အရင်ဆုံး ဖြဲဆုတ်ပြီး မုန့်ချီဆီသို့ ပေးလိုက်သည်။

သူက ထိုအရာကို ဖြဲဆုတ်လိုက်သည့်အချိန်တွင် အစိမ်းရင့်ရောင်မီးတောက်များ လွှမ်းခြုံသွားခဲ့၏။ ထိုကြေညာချက်နှင့် မီးတောက်များက အစိမ်းရောင်မီးခိုးငွေများအဖြစ် ပြောင်းလဲပြီး မုန့်ချီ၏ ကောင်းကင်ဘိုးဘေး မျက်နှာဖုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် မြောက်ပိုင်းမြေအောက်အဖွဲ့၏ အသေးစိတ်အချက်အလက်များက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့၏။ လက်ရှိအချိန်တွင် သူတို့အဖွဲ့က အဖွဲ့သား(၄)ယောက် ဖြစ်သည်။ ယောကျ်ားလေး(၂)ယောက်နှင့် မိန်းကလေး(၂)ယောက် ဖြစ်၏။ ဖမ်းဆီးခံထားရသည့် မိန်းကလေးကတော့ ချင်းချင်ဖြစ်သည်။

တိမ်တိုက်ပြာဘိုးဘေးက အချက်အလက်များကိုဖတ်ပြီး မုန့်ချီကို ဆက်၍ မိတ်ဆက်ပေးလိုက်သည်။

"ရွာ(၉)ရွာ ကမ္ဘာကြီးကတော့ ကောင်းကင်ကျေးရွာ၊ မြေကြီးကျေးရွာ၊ လူသားကျေးရွာ၊ နေကျေးရွာ အစရှိတဲ့ ကျေးရွာတွေပဲ။ သူတို့ရဲ့သိုင်းပညာတွေအားလုံးက မိုင်(၁၀၀၀)တောင်တန်းကြီးထဲမှာရှိတဲ့ လျှို့ဝှက်အုတ်ဂူကြီးထဲကနေ ရလာကြတာ။ ဒါပေမဲ့ ရွာ(၉)ရွာကို တည်ထောင်ခဲ့တဲ့ ပညာရှင်တွေက ရုတ်တရက် ရူးသွပ်သွားခဲ့ပြီး သေဆုံးခါနီးနှစ်တွေမှာ အုတ်ဂူကြီးဆီ ပြန်သွားခဲ့ကြတယ်။ အဲဒီအုတ်ဂူကြီးကတော့ နှစ်ပေါင်းများစွာအတွင်း လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေသေးတယ်။ ငါတို့က အခုချိန်ထိ အုတ်ဂူကိုမရှာနိုင်သေးဘူး။ အဲဒါက အရမ်းအန္တရာယ်များနိုင်တဲ့အတွက် သွားရှာဖို့ အကြံမပေးချင်ဘူး…"

သူတို့က ထိုနေရာကို ရှာဖွေပြီးသွားပါပြီ။ မုန့်ချီကတော့ တိတ်တဆိတ်ဆက်၍ နားထောင်နေသည်။

"ရွာ(၉)ရွာကမ္ဘာကြီးထဲမှာ တော်ဝင်တရားရုံးတွေ၊ အစိုးရအဖွဲ့တွေ လုံးဝမရှိဘူး။ ရွာ(၉)ရွာက အဲဒီကမ္ဘာကြီးကို အညီအမျှ ခွဲဝေအုပ်ချုပ်ကြတယ်။ ပြီးတော့ သူတို့ရဲ့အုပ်ချုပ်သူအဖြစ် တန်းကန်အင်ပါယာကို ရွေးချယ်ကြတယ်။ အင်ပါယာက လူတိုင်းလေးစားပြီး အစွမ်းထက်နိုင်တဲ့အရည်အချင်းမျိုးရှိဖို့ လိုအပ်သလို ရွာ(၉)ရွာထဲကနေ ရွေးချယ်ထားတဲ့ ပညာရှင်လည်း ဖြစ်ရမယ်။ ပြောရရင်တော့ ရွာ(၉)ရွာရဲ့အရှင်သခင်တွေက အနည်းဆုံး ဝေ့ကျင်းတစ်ဝက်အဆင့်ရှိနိုင်တယ်…"

တိမ်တိုက်ပြာဘိုးဘေးက ရွာ(၉)ရွာ ကမ္ဘာကြီးနှင့် ပတ်သက်ပြီး အင်မော်တယ်များ စုစည်းထားသည့် အချက်အလက်များအားလုံးကို ရှင်းပြလိုက်သည်။

"အရင်တန်းကန်အင်ပါယာကတော့ ဟွမ်ဖူတောင်လို့ခေါ်တယ်။ သူက နတ်ဘုရားစုစည်းခြင်း တောင်ထိပ်ရဲ့ ကောင်းကင်အပြစ်ပေးအရှင်သခင်ပဲ။ ဒါပေမဲ့ သူ့ရှေ့မှာ ရွာ(၉)ရွာကို တည်ထောင်ခဲ့တဲ့ ပညာရှင်တွေလိုပဲ သူလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အုတ်ဂူကြီးထဲကို ဝင်သွားခဲ့တယ်။ ရွာ(၉)ရွာက အခုအချိန်ထိ အင်ပါယာအသစ် မတင်မြှောက်ရသေးဘူး။ ဘာလို့လဲဆိုတော့ ကျေးရွာတွေရဲ့ အပြင်ဖက်မှာ အနည်းဆုံး ဝေ့ကျင်းအဆင့် ပညာရှင်(၂)ယောက် ရှိနေတယ်။ လကျေးရွာနဲ့ ကြယ်ကျေးရွာက အရှင်သခင်(၂)ယောက်ပါ ရှိနေတဲ့အတွက် ဝေ့ကျင်းအဆင့် ပညာရှင်(၄)ယောက်က အချင်းချင်း ယှဉ်ပြိုင်ရမယ်…"

သူက ထိုနာမည်ကို သိနေသည်။ ဟွမ်ဖူတောင် အကြောင်းကို ကြားလိုက်ရသည့် အချိန်တွင် မုန့်ချီဆီတွင် ခံစားချက်များ ပြည့်နှက်လာခဲ့၏။ သူ၏အကြံပေးကြောင့် မုန့်ချီက ဓမ္မကာရအဆင့် သိုင်းကွက်၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကို နားလည်လာခြင်းဖြစ်သည်။ သူက ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်ရမည်ဖြစ်၏။

ကြီးမားသောအင်အားများက ကြီးမားသော တာဝန်ယူမှုများရှိနေပြီး အကျိုးဆက်များလည်း ရှိသည်။ အနတ္တကျိန်စာဖျက်ဓားပညာ၏ နောက်ကွယ်တွင် ရှိနေသော အကျိုးဆက်များကို နားလည်သွားသည့်အချိန်တွင် မုန့်ချီကတော့ ကံကြမ္မာနှင့် ပတ်သက်သောအရာများကို ပို၍သတိထားလာရ၏။

သူက တစ်ဖက်လူ ပေးအပ်သောအရာများကို အကောင်းဆုံး ပြန်လည်ပေးဆပ်ရန် ကြိုးစားနေသည်။ သူက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ ကောင်းကင်မိုးကြိုး (၅)သွယ်ကို နားလည်ခဲ့ရသည့်အတွက်ဟွမ်ဖူတောင်၏ ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်ချင်နေ၏။

"ဒါက ရွာ(၉)ရွာရဲ့မြေပုံပဲ.."

တိမ်တိုက်ပြာဘိုးဘေးက အလွန်ရိုးရှင်းသောမြေပုံတစ်ခုကို ပေးလိုက်သည်။

မိုင်(၁၀၀၀)တောင်တန်းကြီးက မြေပုံနှင့် ရွာ(၉)ရွာ၏အလယ်တွင် ရှိနေသည်။ ထိုမြေပုံပေါ်တွင် ရွာ(၉)ရွာ၊ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်နှင့် ကိုယ်ကျင့်တရားကျောင်းဆောင်တို့ကို သေချာမှတ်တမ်းတင်ထားသည်။

မုန့်ချီက မြေပုံကို စစ်ဆေးကြည့်လိုက်ပြီး ကောင်းကင်ကျေးရွာနှင့် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်တို့က အနည်းငယ်ဝေးကွာနေသည်ကို မြင်လိုက်ရသည့်အခါ အနည်းငယ် စိုးရိမ်သွားခဲ့၏။ သူ့အစီအစဉ်အတွက် အချိန်(၁)လက မလုံလောက်သေးပေ။

"ဘာဖြစ်လို့လဲ.."

တိမ်တိုက်ပြာဘိုးဘေးက မေးလိုက်သည်။

မုန့်ချီက စကားလုံးများကိုရွေးချယ်ပြီး ပြန်ဖြေလိုက်၏။

"ရွာ(၉)ရွာရဲ့ တည်နေရာက တစ်ခုနဲ့တစ်ခု ဝေးတယ်။ တကယ်လို့ ကျွန်တော့်ကိုသာ ဝေးတဲ့နေရာတစ်ခုဆီ ပို့လိုက်မယ်ဆိုရင် ကောင်းကင်ကျေးရွာကို (၁)လအတွင်း မရောက်နိုင်ဘူး…"

"မင်းဆီမှာ ကံကြမ္မာအမှတ်တွေ ကျန်နေသေးလား…"

တိမ်တိုက်ပြာဘိုးဘေးက မုန့်ချီ၏ပြဿနာကို စိုးရိမ်နေခြင်းမရှိဘဲ မေးလိုက်သည်။

"ကျွန်တော့်မှာ (၂၀၀) (၃၀၀)တော့ ကျန်သေးတယ်…"

မုန့်ချီက ဇဝေဇဝါဖြစ်သွား၏။

တိမ်တိုက်ပြာဘိုးဘေးက အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"တကယ်လို့ မင်းကသာ သံသရာကမ္ဘာကြီးရဲ့အပြင်ဖက်မှာ သံသရာတံဆိပ်ကို သုံးလိုက်မယ်ဆိုရင် သံသရာမြေကွက်လပ်ထဲကို ဝင်လို့မရတော့ဘူး။ ဒါပေမဲ့ ငါတို့ကိုအင်မော်တယ်တွေကတော့ အခွင့်အာဏာတချို့ ရနိုင်တယ်။ အလယ်မှာရှိတဲ့ ကျောက်စိမ်းတိုင်လုံးကြီးက သံသရာမြေကွက်လပ်တစ်ဝက်နဲ့ အတူတူပဲ။ မင်းက အဲဒီမှာ လိုအပ်တဲ့အချိန် နောက်ထပ်တစ်လ နှစ်လလောက် သွားပြီး လဲလို့ရတယ်…"

"အဲဒီလိုတောင် လဲလို့ရတာလား.."

မုန့်ချီက အံ့အားသင့်စွာ မေးလိုက်မိသည်။

တိမ်တိုက်ပြာဘိုးဘေးက ရယ်ကာမောကာနှင့်ပြောလိုက်၏။

"ရတာပေါ့..။ မင်းက သေမင်းတမန်တာဝန် (၄)ကြိမ် ပြီးဆုံးသွားပြီဆိုရင် ပိုပြီးကောင်းတဲ့ အခွင့်အရေးတွေ ရနိုင်သေးတယ်။ ဒါကတော့ အဲဒီအခွင့်အရေးတွေထဲက တစ်ခုပဲ…"

သူမက အသေးစိတ်တော့မပြောခဲ့ပေ။ မည်သို့ဖြစ်စေကာမူ မုန့်ချီက ကနဦးအဖွဲ့သားတစ်ယောက်သာ ဖြစ်နေသေးသည်။ သံသရာကမ္ဘာကြီးနှင့် ပတ်သက်သော အချက်အလက်များက လျှို့ဝှက်ချက်များဖြစ်၏။

"ကျွန်တော်နားလည်ပြီ..။ ဒါနဲ့ မြောက်ပိုင်းမြေအောက်အဖွဲ့လို့ အားနည်းတဲ့ အဖွဲ့တွေမှာတောင် ကိုယ်ပိုင်အဖွဲ့နာမည်တွေရှိတယ်။ ဘာလို့ ကျွန်တော်တို့အဖွဲ့မှာတော့ နာမည်မရှိရတာလဲ…"

မုန့်ချီက တစ်ယောက်တည်း တွေဝေနေခဲ့၏။

"ငါတို့ရဲ့ အရံအဖွဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စာရင်းပေးလိုက်မယ်ဆိုရင် ငါတို့က မင်းတို့အဖွဲ့ကို နာမည်ပေးနိုင်တယ်။ မဟုတ်ရင် မင်းတို့က နောက်ထပ်သေမင်းတမန်တာဝန်ကို ပြီးဆုံးဖို့ လိုအပ်တယ်…"

တိမ်တိုက်ပြာဘိုးဘေးက ခနဲ့သလို ပြောလိုက်သည်။

"ထားလိုက်ပါတော့.."

မုန့်ချီက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ လျှောက်သွားပြီး ကံကြမ္မာအမှတ်(၂၀၀)ကိုသုံး၍ နောက်(၁)လ လဲလိုက်သည်။ ထို့နောက် သံသရာတံဆိပ်ကို သုံးလိုက်၏။

သူက ရပ်နေသည့်နေရာတွင် အစိမ်းရောင်အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူ၏မျက်စိရှေ့တွင် အလင်းရောင်များ ပေါ်လာပြီး ကျန်းဝူအင်ပါယာအုတ်ဂူ၏ ပုံရိပ်ယောင် ပေါ်လာခဲ့သည်။

"မိုင်(၁၀၀၀)တောင်တန်းကြီးရဲ့ပတ်ပတ်လည်မှာ မတူညီတဲ့ဝင်ပေါက်တွေ ရှိနေတယ်။ မင်းက နှစ်သက်ရာဝင်ပေါက်တစ်ခုကို ရွေးချယ်နိုင်တယ်…"

သံသရာအရှင်သခင်၏စကားသံကို ကြားလိုက်ရသည်။

မုန့်ချီက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်နှင့် အနီးဆုံးဝင်ပေါက်ကို ရွေးချယ်လိုက်သည်။ သူက သူ၏ကိုယ်ပိုင်တာဝန်ကို အရင်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။

သူ၏ပတ်ပတ်လည်တွင် အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီကိုယ်တိုင်ကတော့ တောင်ပေါ်တွင် ရှိနေသော ကျောင်းဆောင်လေးတစ်ခုထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။

သူ့ရှေ့တွင်တော့ မီးငြိမ်းနေသော မီးဖိုတစ်ခုရှိသည်။ သူ့ထက်အရင် အစောပိုင်းတွင် ဤနေရာ၌ လူရှိခဲ့၏။ အပြင်ဖက်တွင်တော့ မှောင်မဲနေပြီး ကြယ်ရောင်နှင့် လရောင်ကိုပင် မမြင်ရပေ။ ကောင်းကင်ကြီးအောက်တွင် မှောင်မဲနေသော တိမ်တိုက်များသာ ရှိသည်။

သူက ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဖယ်ရှားလိုက်၏။ နောက်ကျနေပြီ ဖြစ်သည့်အတွက် နောက်တစ်နေ့မနက်မှသာ ခရီးဆက်ရန် စဉ်းစားလိုက်၏။ သူက မီးဖိုလိုက်ပြီး လှဲရန်နေရာတစ်ခု ရှာဖွေလိုက်သည်။ ထို့နောက် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၏ ပထမပုံစံကို လေ့ကျင့်ရန် ကြိုးစားလိုက်သည်။

မိနစ်ပိုင်းလေးအတွင်း သူက အိပ်မက်ဆန်ဆန် ပုံရိပ်ယောင်တစ်ခုထဲသို့ ရောက်ရှိသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင် အနွေးဓာတ်များ စီးဆင်းလာသလို ခံစားလိုက်ရပြီး အသက်ရှူသံက ရပ်တန့်သွားသည်။ သူက မိခင်ဝမ်းဗိုက်ထဲတွင် ရှိနေသော ကလေးတစ်ယောက်ကဲ့သို့ ခံစားရ၏။

သူ၏အာရုံခံနိုင်စွမ်းများကလည်း တိုးမြင့်လာပြီး အဝေးတွင် ရှိနေသော အသံများကိုပင် ကြားနေရသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကျောင်းဆောင်ဆီသို့ ချဉ်းကပ်လာနေကြောင်း သတိထားမိခဲ့၏။

Translated by Hein Htet.

All Chapters