အခန်း (၃၇၁)
Vol. 25 Ch. 371
ခိုက်ခိုက်တုန်အောင် အေးခဲနေသော ဆောင်းရာသီတွင် မြောက်ပြန်လေက တိုက်ခတ်နေသည်။ အလွန်သိပ်သည်းသော နှင်းထုကြီးများက ကျောင်းဆောင်အိုကြီး၏ အပြင်ဘက်တွင် နှင်းခြုံလွှာကြီးတစ်ခု ဖြန့်ခင်းထားသလို ထင်မှတ်ရ၏။
တိတ်ဆိတ်နေသောအချိန်တွင် ခြေသံများကိုသာ ကြားနေရပြီး သူတို့က နှင်းများပေါ်ကို တစွပ်စွပ် နင်းနေကြရသည်။ သိုင်းလောကအဖွဲ့တစ်ခုက သူတို့၏ နောက်ကျောတွင် အထုပ်များကိုသယ်ပြီး နှင်းပြင်ကြီးထဲကို ဖြတ်လာနေကြသည်။
သူတို့ကတော့ ယောကျ်ားကြီးများ ၊ မိန်းမကြီးများနှင့် လူငယ်များ ၊ အစွမ်းထက်သူမျိုးစုံ ဖြစ်ကြသည်။ ကျောင်းဆောင်ကို ရောက်လာသည့်အချိန်တွင် သူတို့၏ခေါင်းဆောင်က အော်ပြောလိုက်၏။
"ငါတို့က နှင်းဖုံးနေတဲ့ အမှောင်ညကြီးကို ဖြတ်သွားရတာ တော်တော်လေးခက်တယ်.။ ငါတို့က ဒီညတော့ ဒီမှာပဲ အနားယူကြမယ်..။ မနက်ဖန်မနက်ကျမှပဲ ခရီးဆက်ကြမယ်... "
သူ၏ပါးစပ်မှနေ၍ စကားပြောလိုက်တိုင်း အငွေ့များ ထွက်လာနေသည်။ အလွန်အေးစက်နေသော ရာသီဥတု အခြေအနေကြောင့် သူက စကားပြောနေစဉ် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
"ဟုတ်တယ်..။ ငါက လက်တွေခြေထောက်တွေကိုတောင် မခံစားမိတော့ဘူး... ။ ကြည့်ရတာ ငါက လူငယ်လေးတစ်ယောက်လို စွမ်းအားမရှိတော့ဘူးပဲ။ အနွေးဓာတ်နှင့် အနားယူရတော့မည့် အကြောင်း စဉ်းစားမိသည့်အခါ ခေါင်းတုံးနှင့် အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။
တခြားလူများကလည်း တီတိုးရေရွတ်နေကြပြီး ခေါင်းညိတ် သဘောတူလိုက်ကြ၏။ သူတို့က အဖွဲ့ငယ်လေးများအဖြစ် ခွဲပြီး ကျောင်းဆောင်၏ လှေကားဆီသို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ တက်သွားကြသည်။
"ရပ်လိုက်... "
သူတို့၏ခေါင်းဆောင်က သားမွှေးဝတ်စုံဝတ်ရုံ ထားသော သက်လတ်ပိုင်း လူကြီး တစ်ယောက် ဖြစ်သည်။ သူ၏ဘေးတွင် ဓားတစ်လက်ကို ချိတ်ထား၏။
"အတွင်းထဲမှာ မီးတောက်တချို့ကို တွေ့တယ်..။ ငါအရင်ဆုံး ဝင်သွားပြီး စစ်ဆေးကြည့်လိုက်မယ်... "
သူက စိုးရိမ်တကြီး ပြောလိုက်သည်။
တခြားလူများကလည်း သတိထားနေကြပြီး ကျောင်းဆောင်ကြီး အတွင်းထဲကို ချက်ချင်း လှည့်ကြည့်နေကြ၏။ တံခါးနှင့် ပြတင်းပေါက်များထဲမှနေ၍ အလွန်နွေးထွေးပြီး သက်သောင့်သက်သာရှိသော အလင်းရောင်များ ထွက်ပေါ်လာနေသည်။
သက်လတ်ပိုင်းခေါင်းဆောင်က သူ့ဓားကို ဆွဲထုတ်ပြီး ကျန်လက်တစ်ဖက်နှင့် ကျောင်းဆောင်တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။ သူက သတိထားပြီး အတွင်းထဲကို လှမ်းကြည့်လိုက်သည်။ မည်သူ့ကိုမျှ မမြင်ရသည့်အတွက် သူက တီးတိုးရေရွတ်လိုက်မိ၏။
"ဘာလို့ဒီမှာ လူတစ်ယောက်မှ မရှိရတာလဲ... "
သူက တွေဝေစွာနှင့် ဝင်ပေါက်ကို စိုက်ကြည့်နေမိခဲ့သည်။ ခဏကြာပြီးမှသာ ကြမ်းပြင်ပေါ်၌ ရုပ်တုတစ်ခုလို ဖြစ်နေသော မုန့်ချီနှင့် လောင်ကျွမ်းနေသော မီးတောက်များကို မြင်လိုက်ရသည်။
ကြမ်းပြင်ပေါ်တွင် လှဲနေသည်မှာ ဆံပင်ကို ထုံးထားသည့် တာအိုသခင်တစ်ယောက် ဖြစ်သည်။ သူ့အနားတွင်တော့ ဓားရှည်တစ်ချောင်းနှင့် ဓားမောက်တစ်ချောင်း ရှိနေ၏။ သူက အသက်ရှင်နေသော်လည်း အသက်ရှုသံကိုတော့ မကြားရပေ။
"အတွင်းထဲမှာ တာအိုသခင်လေးတစ်ယောက် အိပ်နေတယ်... "
သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်မိ၏။ သူတို့က ရန်သူများ ၊ ဓားပြများ ၊ လကျေးရွာမှ တပည့်များနှင့် တိုက်ခိုက်ရမှာကို ကြောက်လန့်နေခဲ့သည်။
"ငါတို့က တိတ်တိတ်နေပြီး သူ့ကို မနှောင့်ယှက်သင့်ဘူး..။ သူနဲ့ဝေးတဲ့နေရာမှာပဲ မီးဖိုလိုက်ကြစို့…"
သူတို့အဖွဲ့ကလည်း ခေါင်းဆောင်၏နောက်မှ လိုက်လာပြီး ကျောင်းဆောင်ထဲသို့ ဝင်လာကြသည်။ ထို့နောက် အလွန်အေးခဲသော လေလှိုင်းများကို ဖယ်ရှားရန် ကျောင်းဆောင်တံခါးကို ပြန်ပိတ်လိုက်၏။
အလွန်ကြီးမားသော မီးတောက်ကြီးက အလယ်တွင် တငွေ့ငွေ့ တောက်လောင်နေသည်။ ခရီးသွားများက မီးပုံ၏ ပတ်ပတ်လည်တွင် လူခွဲ၍ ထိုင်နေကြ၏။ သူတို့ကတော့ လမ်းကြောင်းတူနေသည့် ခရီးသွားအဖွဲ့များ စုစည်းထားသလို ထင်မှတ်ရသည်။ သူတို့က စကားတစ်ခွန်းမျှ မပြောကြဘဲ သူတို့၏ အဝတ်အစားများကို အပူပေးနေကြ၏။
အပြင်ဘက်တွင် လေလှိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေပြီး သူတို့ကတော့ သူတို့နှင့်အတူ သယ်လာသော အစာခြောက်များကို တိတ်တဆိတ် စားသောက်နေကြသည်။ ထို့နောက် သူတို့အားလုံး၏ ခေါင်းထဲတွင်တော့ လေးနက်သော အတွေးများစွာ ရှိနေသည်။
လူသစ်များနှင့် ပတ်သက်ပြီး စိုးရိမ်မှုမရှိသည့်အတွက် မုန့်ချီကတော့ သူတို့ကို စိတ်မဝင်စားဘဲ အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ပထမတွဲထဲမှ ပုံစံ (၁၃) မျိုးကို ဆက်လက်လေ့ကျင့်နေခဲ့သည်။ ပုံစံတစ်ခုချင်းဆီကို လေ့ကျင့်ရန် (၁၀) မိနစ်မှ (၁၅) မိနစ်ခန့် လိုအပ်၏။
"အဖေကြည့်လိုက်ဦး..။ အဲဒီတာအိုသခင်လေးရဲ့ပုံစံတွေက ထူးဆန်းတယ်... "
ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေးငယ်လေးက သူမ၏အဖေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
သူမ၏စကားလုံးများကြောင့် လူတိုင်းက မီးပုံဘေးတွင် လှဲနေသော တာအိုသခင်လေးကို လှည့်ကြည့်လိုက်ကြသည်။ သူမ၏အဖေကတော့ အစောပိုင်း ကျောင်းဆောင်ထဲကို ဝင်ရောက်စစ်ဆေးခဲ့သော ခရီးသွားခေါင်းဆောင် ဖြစ်သည်။
သူက မုန့်ချီကိုကြည့်လိုက်ပြီး ချောင်းဟန့်၍ ရှင်းပြလိုက်သည်။
"တခြားလူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ချောင်းမကြည့်ရဘူး..။ အထူးသဖြင့် သူတို့လေ့ကျင့်နေတဲ့ အချိန်မျိုးမှာပဲ ။ အဲဒါက သူတို့ကို အပြစ်ပြုမိသလိုဖြစ်နိုင်တယ်.."
"လေ့ကျင့်နေတာလား...။ အဖေ အဲဒါက ဘယ်လိုသိုင်းပညာမျိုးလဲ... "
သူမအဖေ၏ သတိပေးချက်ကြောင့် သူ၏သမီးငယ်လေးက ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။
ခေါင်းဆောင်က ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့၏။ ကျောင်းဆောင်၏ အခန်းထဲတွင် ချောင်းနားထောင်နေသော နားများရှိနေမှာကို သူက ကြောက်လန့်နေခဲ့သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
"အသက်ရှူလေ့ကျင့်ခန်းတွေကို လေ့ကျင့်ကြတဲ့ ကျောင်းတော်တွေ ဂိုဏ်းတွေ ရှိတယ်လို့ အဖေ ကြားဖူးတယ်... ။ သူတို့ရဲ့လေ့ကျင့်ခန်းပုံစံတွေ အများစုက တော်တော်လေးကို ထူးခြားတယ်... "
"ကျွန်တော်တို့က ရိုးဖြောင့်ခြင်းဗိမာန်က ကျင့်စဉ်တွေ အားလုံးကိုမြင်ခဲ့ဖူးတယ်... ။ သူတို့ရဲ့ပုံစံတွေက ဒီလိုမျိုး မထူးဆန်းပါဘူး... "
လူငယ်လေးတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ သူ၏စကားသံက လေလှိုင်းထဲတွင် ပျံ့နှံ့သွားခဲ့၏။
ထိုအချိန်တွင် အေးစက်သော လေလှိုင်းများက ကျောင်းဆောင်၏ အပေါက်များ ၊ အက်ကွဲကြောင်းထဲမှ ဖြတ်တိုက်လာသည့်အတွက် တံခါးများ၊ ပြတင်းပေါက်များက အတော်လေး လှုပ်ရှားသွားခဲ့သည်။ ထိုအရာများကသာ သူတို့ကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။
ခေါင်းတုံးနှင့် အဘိုးအိုက ချောင်းဟန့်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
"သခင်ကြီးဝမ်ပြောတာ ဟုတ်တယ်...။ ငါတို့အားလုံးက ဒီနေရာကိုမတော်တဆ ရောက်လာကြတာ..။ ဒီမှာရှိတဲ့ တာအိုသခင်လေးအကြောင်း ထပ်ပြီးတော့ မပြောနဲ့တော့... ။ ငါတို့က ကိုယ့်ကိစ္စ ကိုယ်အာရုံစိုက်ပြီး မနက်လင်းတာနဲ့ ခရီးကိုဆက်သွားရမယ်... "
ခရီးဆက်သွားရမည်ဟူသော စကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အဖွဲ့က နောက်တစ်ကြိမ် ငြိမ်သက်သွားကြပြန်သည်။ သူတို့ဆီတွင် စိတ်ဓာတ်ကျမှုများသာ ရှိနေကြ၏။
ရုတ်တရက်ဆိုသလို ကျောင်းဆောင်တံခါး ခေါက်သံတစ်ခု ကြားလိုက်ရသည်။
"ဒေါက် ဒေါက်... "
တံခါးခေါက်သံက အလွန်ကျယ်လွန်းလှသည့်အတွက် အေးစက်နေသော အမှောင်ညတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲ... "
သခင်ကြီးဝမ်က ဓားကို တင်းတင်းဆုပ်ကိုင်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။
သူတို့စကားပြောနေစဉ် အတောအတွင်း လူတစ်ယောက် ချဉ်းကပ်လာသည်ကို သတိမထားမိခဲ့ပေ။ အမည်မသိ ဧည့်သည်တစ်ယောက် ရုတ်တရက် ပေါ်လာသည့် အတွက် သူတို့လည်း စိတ်လှုပ်ရှားသွားသည်။ လူစိမ်းများက နှင်းထဲတွင် အသံမထွက်ဘဲ ရောက်လာနိုင်သည့်အတွက် ကိုယ်ဖော့ပညာ အလွန်ထူးချွန်ကြောင်း ပြသနေသည်။
"အဖြူရောင်ချည်သားဝတ်စုံနဲ့ ဝတ်ရုံ ဝတ်ဆင်ထားတဲ့ အသက် (၂၀) အရွယ် မိန်းကလေးတစ်ယောက်..။ ခင်ဗျားတို့တွေက ကျုပ်ရဲ့ပုံစံအကြောင်း ဆွေးနွေးနေကြတဲ့အချိန်မှာ သူက သစ်တောထဲကနေ ထွက်လာတာ..။ သူက နှင်းပေါ်မှာ လမ်းလျှောက်တဲ့အချိန် အသံလုံးဝမထွက်ခဲ့ဘူး.။ သူ့ရဲ့ခြေရာနည်းနည်းပဲ ပေါ်လာခဲ့တယ်..။ သူနဲ့အတူ အဘိုးကြီးတစ်ယောက် ပါလာတယ်... ။ အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနဲ့ ခါးနည်းနည်းကုန်းနေတယ်..။ သူက စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အကာအကွယ်ချီစွမ်းအင်တွေ ပိုင်ဆိုင်ထားတယ်... "
ပထမဆုံး လေ့ကျင့်မှု ပြီးဆုံးသွားသည့်အချိန်တွင် မုန့်ချီက သူတို့၏မေးခွန်းကို တစ်ယောက်တည်း ပြန်ဖြေလိုက်သည်။ သူက အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကို လေ့ကျင့်နေစဉ် အတောအတွင်း လူသားနှင့်ကောင်းကင် တစ်သားတည်း အခြေအနေကို ရောက်နေသလို ခံစားနေရ၏။
သူက မိခင်ဝမ်းဗိုက်ထဲကို ရောက်သွားသလို ဖြစ်နေပြီး သူ၏အာရုံခံနိုင်စွမ်းများက လုံးဝမရောက်ဖူးသော အဆင့်တစ်ခုကို ရောက်နေသလို ခံစားနေရသည်။ သူ၏အာရုံခံစွမ်းရည်များက မြင့်တက်လာပြီး မီတာ (၁၀၀) အဝေးတွင် ရှိနေသော အရာများကိုပင် သူမျက်စိရှေ့တွင် ဖြစ်နေသည့်အလား မြင်တွေ့နေရသည်။
"ညအချိန်လမ်းပျောက်နေတဲ့ ခရီးသွားတစ်ယောက်ပါ... "
တံခါးအပြင်ဘက်မှာနေ၍ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။ အလွန်တိုးညှင်းသော သူမ၏စကားသံက တောင်ပိုင်းအသံ အနည်းငယ်ဝဲနေသည်။
သခင်ကြီးဝမ်က သတိထားနေရင်း ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"ဒီနေရာမှာ ပိုင်ရှင်မရှိပါဘူး..။ အဆင်ပြေရင် ဝင်လာလို့ရပါတယ်... "
တံခါး၏နောက်တွင် ရှိနေသော်လည်း သူမက တစ်ယောက်တည်း မဟုတ်ကြောင်း သူက ပြောနိုင်သည်။ ကျောင်းဆောင်၏ တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် အပြင်ဘက်မှနေ၍ လေအေးများ ရောက်လာခဲ့သည်။ လူစိမ်း (၂) ယောက်က တံခါးကိုဖြတ်၍ ဝင်လာခဲ့၏။ သူတို့က မုန့်ချီခံစားမိသည့်အတိုင်း အတိအကျဖြစ်သည်။
မျက်နှာဘဲဥပုံနှင့် မိန်းမပျိုဆီတွင် ထူထဲသော မျက်ခုံးများ ရှိနေပြီး ရင့်ကျက်တည်ငြိမ်သည့် မျက်နှာအမူအရာ ရှိသည်။ သူမက ဝတ်ရုံကို ခါလိုက်ပြီး နှင်းများကို ဖယ်ရှားလိုက်၏။ သူမ၏ဓားကတော့ အလွန်ပါးလွှာသော အနီရောင် ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ ထိုမိန်းမပျိုက အဘိုးအိုနှင့်အတူ ကျောင်းဆောင်၏တစ်ဖက်သို့ လျှောက်သွားကြောင်း သတိထားမိခဲ့၏။
ထူးဆန်းစွာပင် သခင်ကြီးဝမ်နှင့် ခေါင်းတုံးအဘိုးအို၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူတို့က ထိုမိန်းမပျိုနှင့် အဘိုးအိုကို မြင်လိုက်ရသည့်အချိန်တွင် ကြောက်လန့်သွားကြောင်း မြင်လိုက်ရသည်။ ကြိုးနီမိန်းမပျိုနှင့် ခါးကုန်းအဘိုးအိုတို့ကတော့ မီးဖို မဖိုခဲ့ပေ။
သူတို့က ကြမ်းပြင်တွင် ထိုင်နေပြီး ခရီးသွားအဖွဲ့ကို သေချာစိုက်ကြည့်နေခဲ့၏။ အထူးသဖြင့် သခင်ကြီးဝမ်နှင့် ခေါင်းတုံးအဘိုးအိုတို့ ဖြစ်ကြသည်။ ပထမတွင်တော့ သူတို့၏ အမူအရာက ရှုပ်ထွေးနေပုံရပြီး ချက်ချင်း နားလည်သွားခဲ့၏။ ထို့နောက် သူတို့၏ မျက်နှာပေါ်တွင် ကြောက်လန့်နေသော အမူအရာများ ပေါ်လာခဲ့သည်။
သို့သော် သူတို့တွေ တစ်ယောက်မျှစကားမပြောခဲ့ချေ။ ကျောင်းဆောင်ကြီးထဲတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့၏။
"နောက်တစ်ဖွဲ့ရောက်လာပြန်ပြီ ။ သူတို့ကတော့ သူတို့ရဲ့အငွေ့အသက်တွေကို ဖုံးကွယ်ပြီး ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေကြတာပဲ…"
မုန့်ချီက သူ၏ပုံစံကို ပြောင်းရင်း သတိထားမိခဲ့သည်။ သူကတော့ လက်ရှိအခြေအနေတွင် သူ၏ချီစွမ်းအား ၊ ဓားမောက်ပညာနှင့် ဓားရှည်သိုင်းပညာတို့ကို မတူညီသောအမြင်ဖြင့် ပြန်လည်စစ်ဆေးမိနေခဲ့သည်။
ထို့ကြောင့် သူက သူ၏စွမ်းရည်များနှင့် ပတ်သက်ပြီး ပို၍နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့၏။ အနာဂတ်တွင် ကြုံတွေ့ရသည့် အချိန်တွင်လည်း ပို၍ထူးခြားလာနိုင်သည်။ သူ၏သိစိတ်ကြောင့် ချီစွမ်းအင်စီးဆင်းမှုများကိုပင် သတိထားမိခဲ့သည်။ သွေးကြောများ ပြောင်းလဲနေသည့်လမ်းကြောင်းများကိုလည်း သတိထားမိနေခဲ့၏။
သူ့ဆီတွင် ယခုအချိန်ထိ ဝိုးတဝါး ရှိနေသော ခံစားမှုတစ်ခုလည်း ရှိနေသည့်အတွက် မုန့်ချီက ကြွက်သားများကို အနည်းငယ်ပြောင်းလဲလိုက်သည်။ ထိုသို့ဆိုရာတွင် အာရုံခံစွမ်းရည်များက သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာနေသေး၏။
"မဟာတံတိုင်းက ခါးကုန်းကြီးနဲ့ ကြိုးနီမိန်းမပျိုတို့ …
ငါက မင်းတို့နဲ့တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူရမှာလား... "
တိတ်ဆိတ်နေသော အချိန်တွင် အလွန်နက်ရှိုင်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံက ပတ်ပတ်လည်မှ ထွက်ပေါ်လာနေသလို ထင်မှတ်ရသော်လည်း သခင်ကြီးဝမ်နှင့် တခြားလူများကတော့ ပတ်ပတ်လည်သို့ ကြောက်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာပေါ်တွင် အကြောက်တရားများ ရှိနေခဲ့၏။
ကျစ်ဆံမြှီးကျစ်ထားသော မိန်းကလေးကလည်း ကြောက်လန့်မှုကြောင့် ငိုကြွေးနေခဲ့သည်။ ထိုအရာက မကောင်းဆိုးဝိညာဉ်လော တစ္ဆေလော ။
ကြိုးနီမိန်းမပျိုက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"ရှင်တို့က ထွက်လာလိုက်စမ်းပါ..။ ကျွန်မက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို သွားနေတာ... "
"ငါလည်း အတူတူပဲ.."
မဟာတံတိုင်းမှ ခါးကုန်းကြီးက သဘောတူလိုက်သည်။
နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ဟူသော စကားကို ကြားသည့်အခါ သခင်ကြီးဝမ်နှင့် တခြားလူများက အံ့သြသွားသော်လည်း ကြောက်လန့်သွားကြသည်။ သူတို့၏မျက်နှာက မည်းမှောင်သွားခဲ့၏။
မုန့်ချီကလည်း အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ဆက်၍ လေ့ကျင့်ခြင်း မရှိတော့ပဲ တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
"ဒါက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်နဲ့ ပတ်သက်နေတာလား... ။ သံသရာအရှင်သခင်က ငါ သွားမယ့်နေရာကို တမင်တကာများ ပို့ပေးလိုက်တာများလား... "
"ငါတို့ထင်ထားတဲ့အတိုင်းပါပဲလား... ။ မင်းတို့က နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ဘာသွားလုပ်မလို့လဲ... "
အမှောင်ထဲမှအသံက နောက်တစ်ကြိမ် မေးလိုက်ပြန်သည်။
"မိန်းကလေးဟွမ်ဖူဖေးနဲ့ လကျေးရွာ မင်္ဂလာပွဲကို တားဆီးမလို့ပေါ့... "
ကြိုးနီမိန်းမပျိုက မိန်းမပျိုတစ်ယောက်ဖြစ်သော်လည်း ဒေါသများ ရောနှောနေသည့်အတွက် တည့်တည့်သာ ပြောလိုက်သည်။
"မင်္ဂလာပွဲဆိုတာက လှပတဲ့အရာမဟုတ်ဘူးလား... ။ ဘာလို့မင်းတို့က တားဆီးချင်ရတာလဲ... "
အမှောင်ထဲမှအသံက အံ့သြသွားပုံရသည်။ သူ၏တည်နေရာကို ဆုံးဖြတ်၍ မရနိုင်သည့်အတွက် အတော်လေး ကြောက်စရာကောင်းနေသည်။
ကြိုးနီမိန်းမပျိုက မတ်တပ်ရပ်လိုက်ပြီး လက်ကို ဓားလက်ကိုင်ပေါ်တင်၍ ပြောလိုက်၏။
"ဆရာကြီးဟွမ်ဖူက သူနဲ့ရွယ်တူမျိုးဆက်တွေအားလုံးကို ဖြတ်ကျော်ပြီး ထိပ်ဆုံးကို ရောက်ခဲ့တယ်...။ ဒါကြောင့် သူက ရူးသွပ်ပြီး အသက်မကြီးခင် တောင်တန်းထဲကို ရောက်သွားခဲ့တာ..။ ဒါပေမယ့် သူ့တပည့်တွေနဲ့ သူ့သမီးက အရွယ်မရောက်သေးဘူး..။ ဒီလိုမင်္ဂလာပွဲကို အတင်းအကြပ်လုပ်လိုက်တယ်ဆိုတာ လကျေးရွာက လူတွေက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ရဲ့ အုတ်မြစ်တွေကို ခိုးယူချင်လို့ပဲ ။ ဒီလိုအနိုင်ကျင့်တဲ့အရာမျိုးကို လှပတဲ့အရာလို့ ပြောနိုင်ဦးမှာလား... "
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ရွာ (၉) ရွာနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဟွမ်ဖူတောင်၏ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်တွင် သူနှင့်အဆင့်တူပညာရှင် တစ်ယောက်မျှ မရှိချေ။ သူ၏အစွမ်းထက်ဆုံး တပည့်ကပင် တံခါး (၉) ပေါက်သာ ပွင့်နေသေး၏။ အကယ်၍ သူသာ မရူးခင် နောက်ထပ်နှစ် (၂ဝ) လောက် နေခွင့်ရမည်ဆိုလျှင်တော့ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်၏အုတ်မြစ်က လုံးဝကို တည်ငြိမ်ပါလိမ့်မည်။
မည်သို့ဖြစ်စေကာမူ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်အတွက် အသက်(၆၀)အရွယ်တွင်ပင် အစွမ်းထက်နေနိုင်သေး၏။ ထိုအရာကို ဟွမ်ဖူတောင်ကလည်း ယုံကြည်နေသည့်အတွက် အသက် (၄၀) အရွယ်တွင် လက်ထပ်ပြီး ကလေးယူခဲ့ခြင်း ဖြစ်သည်။
"တောင်ထိပ်သခင်ဟွမ်ဖူက အသက်ငယ်ငယ်လေးနဲ့ သေဆုံးသွားတာလေ... ။ ဒါကြောင့် လကျေးရွာက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ရဲ့ အုတ်မြစ်ကို ျတည်ငြိမ်အောင်လုပ်ဖို့အတွက် မိန်းကလေးဟွမ်ဖူကို ကူညီပေးနေတာ... ။ ဒါကို အနိုင်ကျင့်တယ်လို့ ခေါ်မှာလား... "
အမှောင်ထဲမှအသံက အံ့ဩနေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"မိန်းကလေးဟွမ်ဖူမှာ ချစ်သူရှိနေတယ်ဆိုတာ တစ်ကမ္ဘာလုံးသိတယ်..။ သူတို့က ရှင်တို့ရဲ့မင်္ဂလာပွဲကမ်းလှမ်းမှုကို အကြိမ်ပေါင်းများစွာ ငြင်းဆန်နေတာ... ။ လကျေးရွာကြောင့်သာ မဟုတ်ရင် ဘာလို့သခင်မကြီးဟွမ်ဖူက တောင်ထိပ်သခင်ရဲ့အုတ်ဂူရှေ့မှာ ငိုယိုပြီး မိန်းကလေးဟွမ်ဖူကို သဘောတူခိုင်းမှာလဲ..။ ပြီးတော့ တောင်ထိပ်သခင်ဟွမ်ဖူရဲ့ အတော်ဆုံး နံပါတ် (၃)တပည့် သခင်လေးရွှယ်ကို ဘယ်သူက သတ်ပစ်ရဲမှာလဲ... "
ကြိုးနီမိန်းမပျိုက ဒေါသတကြီး ပြန်ပြောလိုက်သည်။
"တန်းကန်အင်ပါယာရာထူးအတွက်နဲ့ လကျေးရွာသခင်ကြီးက ဒီလိုရက်စက်တဲ့အရာမျိုးကို လုပ်စရာလိုလို့လား... "
လကျေးရွာသခင်ကြီးဟု နာမည်ကျော်ကြားသော ဝမ်ဟောင်ကူက လက်ရှိလကျေးရွာ၏ အရှင်သခင်ဖြစ်ပြီး ဝေ့ကျင်းအဆင့်ကို ရောက်နေသည်မှာ နှစ်အနည်းငယ်ကြာနေပါပြီ။ ဤကမ္ဘာကြီးက ကျန်းဝူအင်ပါယာ အုတ်ဂူ၏ လမ်းညွှန်မှုတွင် ရှိနေသည့်အတွက် သိုင်းပညာအဆင့်က ပင်မကမ္ဘာကြီးနည်းတူ သတ်မှတ်နိုင်ကြသည်။
အမှောင်ထဲမှအသံက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
"ငါက မင်းတို့ကို သနားလို့ ဖြောင်းဖြနေတာ... ။ မင်းတို့ကတော့ ပိုပိုပြီးဆိုးလာပြီ ။ ငါက မင်းတို့ကို သတ်လိုက်မှာ မကြောက်ဘူးလား... "
ကြိုးနီမိန်းမပျိုက ဓားနှင့် မျက်နှာကျက်ဆီသို့ ချိန်လိုက်သည်။ ထို့နောက် ခက်ထန်စွာ ပြန်ပြောလိုက်၏။
"နင်တို့က တစ်ဖက်လူရဲ့ကံဆိုးမှုတွေကို အကျိုးအမြတ် ယူရဲသေးတာလား... ။ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ဘယ်သူမှမကူညီနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား... "
"သခင်ကြီးဟွမ်ဖူက မတရားမှုတွေကို ရှင်းလင်းပေးနေတဲ့ အတောအတွင်း လူငယ်ပေါင်းမြောက်မြားစွာကို လမ်းညွှန်ပေးခဲ့တယ်..။ မိတ်ဆွေတွေအများကြီးလည်း ရှိတယ်...။ ဒီတော့ နင်က သူတို့နဲ့ ပြဿနာမရှာတာ အကောင်းဆုံးပဲ…"
အမှောင်ထဲမှအသံက ရယ်ပြီး ပြောလိုက်သည်။
"စိတ်မကောင်းစရာပဲ ။ သူ့ရဲ့မိတ်ဆွေတွေ တစ်ယောက်မှ ဝေ့ကျင်းအဆင့်ကို မရောက်သေးဘူး..။ ဒါကြောင့်လည်း စေ့စပ်ပြီး (၃)လအတွင်း နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ကူညီပေးမယ့်လူတွေက အရမ်းနည်းနေတာ... ။ လက်တစ်ဖက်တောင် မပြည့်ဘူး.။ အဲဒီထဲမှာ မင်းတို့ (၂)ယောက်လည်း ပါသေးတယ်။ ပြီးတော့ ငါပြောပြလိုက်တဲ့အတွက် အများစုက ကြောက်သွားကြပြီ ။ လူအနည်းစုကလည်း ဟွမ်ဖူတောင်လို ရူးသွားကြတယ်လေ..”
“ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးက စွမ်းအားပေါ်ပဲ မူတည်နေတာ... ။ တစ်ကိုယ်ကောင်းဆန်ပြီး ကျေးဇူးတရား မသိတတ်တဲ့သူတွေက သူ့ရဲ့အကူအညီတွေ၊ ဂရုဏာတရားတွေကို ဘာများပေးဆပ်နိုင်ဦးမှလဲ... ။ မင်းတို့ (၂) ယောက်လို လူတွေကတော့ အရမ်းကိုနည်းတယ်..။ တကိုယ်ကောင်းမဆန်ပေမယ့် ရူးမိုက်တာပဲ.."
ကြိုးနီမိန်းမပျိုက အလွန်ဒေါသထွက်သွားပြီး အားရပါးရ ရယ်လိုက်သည်။ သူမက သခင်ကြီးဝမ်နှင့် ခေါင်းတုံးအဘိုးအိုတို့ကို ဓားနှင့်ချိန်ပြီး ပြောလိုက်၏။
"ရှင်ပြောတာဟုတ်တယ်..။ လူအများစုက တစ်ကိုယ်ကောင်းဆန်ပြီး ကျေးဇူးမသိတတ်ဘူး..။ ဝမ်ချီချန်း .. ရှင်က ဝေ့မြစ်ကမ်းမှာရှိတဲ့ မကောင်းဆိုးဝါး (၆)ယောက်ရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် သေလုမျောပါးကြုံခဲ့ရတယ်... ။ ရှင့်ရဲ့အသက်ကို သခင်ကြီးဟွမ်ဖူက ကယ်တင်ခဲ့တာ..။ အဲဒီနောက်မှာတော့ ရှင်က ဒဏ်ရာကနေ ပြန်ကောင်းဖို့ ခက်ခဲတယ်ဆိုတာသိတဲ့အတွက် ဂိုဏ်းထောက်အဖြစ် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ခေါ်သွားခဲ့တယ်..။ ပြီးတော့ သူ့ရဲ့မိန်းမနဲ့ မိတ်ဆက်ပေးခဲ့ပြီး မိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်ပေးခဲ့တယ်... ။ အဲဒါမဟုတ်ဘူးလား...”
“ပြီးတော့ ချီဖန်း … ရှင်တို့တစ်မိသားစုလုံးက ကောင်းကင်ကျေးရွာက တပည့်တွေကို ရန်စမိခဲ့တဲ့အတွက် တစ်မိသားစုလုံးနီးပါး သေဆုံးသွားခဲ့တယ်..။ အဲဒါကို ဘယ်သူက ကူညီပေးခဲ့တာလဲ.။ အဆုံးမှာ ဘယ်သူက တရားမျှတမှုကိုယူဆောင်ပေးခဲ့တာလဲ.."
သူမကတော့ တစ်ယောက်ပြီးတစ်ယောက် လက်ညှိုးထိုး၍ သြေခင်ကြီးဝမ် ၊ ခေါင်းတုံးအဘိုးအိုနှင့် တခြားလူများက အလွန်ရှက်ရွံ့နေသော်လည်း ဒေါသများ ဖြစ်နေကြသည်။
"သူ့ရဲ့ဂရုဏာတရားကို ရှင်တို့က ဘယ်လိုပေးဆပ်မှာလဲ... ။ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က အန္တရာယ်ကျနေတဲ့အချိန်မှာ ပညာရှင်တွေ အများကြီး ထွက်ပြေးသွားကြတယ်... "
ကြိုးနီမိန်းမပျိုက ပြန်ပြောလိုက်သည်။
“ကျွန်မက အားနည်းတဲ့ မိန်းကလေးတစ်ယောက်ပဲ ။ ဒါပေမယ့် ကျွန်မကို သခင်ကြီးဟွမ်ဖူက လမ်းညွှန်ပေးခဲ့တယ်..။ ကျွန်မက သူလုပ်ပေးခဲ့တဲ့အရာတွေကို အမြဲတမ်းအမှတ်ရနေတယ်..။ ဒါကြောင့်ပဲ ဒီနေ့နတ်ဘုရား စုစည်းခြင်း တောင်ထိပ်ကိုသွားပြီး သခင်မလေးဟွမ်ဖူအတွက် အမှန်တရားကို ရှာဖွေပေးမှာ... ။ ကျွန်မရဲ့အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး... "
မဟာတံတိုင်းမှ ခါးကုန်းကြီးကလည်း မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"တကယ်လို့ တောင်ထိပ်သခင်ဟွမ်ဖူကြောင့်သာ မဟုတ်ရင် ငါက လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) လောက်ကတည်းက သေသွားလောက်ပြီ ။ ဒီနှစ် (၃၀) အတွင်းငါက အထွဋ်အထိပ်ကို ပြန်ရောက်လာပြီ ။ အခုငါက သူ့ရဲ့နှစ် (၃၀) အကြွေးကို ပြန်ပေးရလိမ့်မယ်... ။ ငါ့အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ငါ့မှာနောင်တမရှိဘူး... "
"တော်တော်ရူးတာပဲ ။ တော်တော်ကို မဆင်မခြင် လုပ်ကြတာပဲ…"
အမှောင်ထဲမှအသံက ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။
"ဟုတ်တယ်... ။ သူရဲကောင်းတွေဆိုတာ ဒီလိုမျိုးပဲ လုပ်သင့်တာပေါ့... "
ကြည်လင်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။
ကြိုးနီမိန်းမပျိုနှင့် တခြားလူများက ပြန်လှည့်ကြည့်လိုက်ရာ အလွန်ချောမောခန့်ညားသော တာအိုသခင်လေးက မတ်တပ်ရပ်လိုက်ကြောင်း မြင်လိုက်ရသည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓားတစ်လက်ကိုလွယ်၍ ခါးတွင် ဓားရှည်ကို ချိတ်ထားသည်။ သူ့ပုံစံက လွတ်လပ်ပေါ့ပါးသလို ထင်မှတ်ရ၏။
"ဒီတာအိုသခင်လေးက ဘာတွေလုပ်နေတာလဲ... "
ဝမ်ချီချန်းနှင့် တခြားလူများအားလုံးက မှင်တက်သွားကြသည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ဒါပေမဲ့ သူရဲကောင်းဆိုတာ တခြားသူတွေကို အတင်းအကြပ် တွန်းအားမပေးရဘူး... ။ သခင်ကြီးဝမ်ရဲ့အစွမ်းအရ သူက ဘာမှအကူအညီပေးနိုင်မှာ မဟုတ်ဘူး..။ ပြီးတော့ သူ့မှာ ဂရုစိုက်ရမယ့် မိန်းမနဲ့သမီးတစ်ယောက် ရှိနေတယ်ဆိုမှတော့ သူ့မိသားစုရဲ့အသက်ကို ကာကွယ်ရမယ်လေ... ။ ဒါကြောင့် သူက ကူညီမပေးချင်တာကို နားလည်ရမယ်... "
သူက ကြိုးနီမိန်းမပျို ပြောသည့်စကားအတိုင်း ဆက်ပြောလိုက်သည့်အတွက် ဝမ်ချီချန်းနှင့် ချီဖန်းတို့ဆီတွင် ခံစားချက်များ ပြည့်နှက်လာကြသည်။
ထိုအချိန်တွင် ကြိုးနီမိန်းမပျိုက ဒေါသထွက်သွားပြီး မဟာတံတိုင်းမှခါးကုန်းကြီးကတော့ မျက်နှာပျက်သွားကြ၏။
"ဒီတာအိုသခင်လေးပြောတဲ့စကားကမှ အဓိပ္ပါယ်ရှိသေးတယ်... "
အမှောင်ထဲမှ စကားသံက သူ့ကို ချီးကျူးလိုက်သည်။
ကြိုးနီမိန်းမပျိုက စကားတစ်ခွန်းမှ မပြောရသေးခင် မုန့်ချီက သူ့ဓားကိုပုတ်ပြီး ရယ်လိုက်၏။
"ငါ့နာမည်က တာအိုသခင်ချင်းယွင်လို့ခေါ်တယ်..။ ငါ့ရဲ့ဓားသိုင်းပညာကို ဆရာကြီးဟွမ်ဖူက လမ်းညွှန်ခဲ့တာ..။ ငါက မင်းတို့နဲ့အတူ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ကူညီပေးချင်တယ်... "
အခြေအနေက ထိုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ကို ကြိုးနီမိန်းမပျိုက မထင်ထားခဲ့ပေ။ သူမက အလွန်ချောမောခန့်ညားသော တာအိုသခင်လေးကိုကြည့်ပြီး ပြောစရာစကားလုံးများ ပျောက်ဆုံးနေခဲ့၏။
"ကြည့်ရတာ နောက်ထပ်အရူးတစ်ယောက်ပဲထင်တယ်... "
အမှောင်ထဲမှ စကားသံက အေးစက်စွာ ပြောလိုက်၏။
သူ့စကားမဆုံးသေးခင် မုန့်ချီက မိုးခြိမ်းသံပမာ အော်ဟစ်လိုက်သည်။
"ထွက်လာခဲ့စမ်း... "
သူက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ခရမ်းမိုးကြိုးစွမ်းအားကို တုပပြီး သုံးလိုက်သည့်အတွက် မိုးကြိုးဟိန်းသံက ပို၍ကြောက်စရာကောင်းလာသည်။ ထိုအသံက မိုးခြိမ်းသံပမာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်တွင် ခရမ်းရောင် လျှပ်စီးကြောင်းများကိုပင် မြင်နေရ၏။
အမိုးပေါ်မှနေ၍ လူတစ်ယောက် ပြုတ်ကျလာပြီး သူ့ပုံစံက မိုးကြိုးအပစ်ခံရသည့်အလား တစ်ကိုယ်လုံး တွန့်လိမ်နေခဲ့၏။ အမှောင်ထဲမှ အသံကလည်း လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။
Translated by Hein Htet