← Chapters

အခန်း (၃၇၂)

Vol. 25 Ch. 372

အခန်း (၃၇၂)

Vol. 25 Ch. 372

"မင်း... မင်း.... "

အမိုးပေါ်မှ ပြုတ်ကျလာသောသူက မုန့်ချီကို အကြောက်တရား၊ အမုန်းတရားများနှင့် စိုက်ကြည့်နေမိခဲ့သည်။ သူက စကားပြောရန် ကြိုးစားနေသော်လည်း ခဏကြာပြီးနောက် သူ၏ပါးစပ်ထဲမှ အမြှုပ်များ ထွက်လာပြီး အသက်ရှူ ရပ်တန့်သွားခဲ့သည်။ သူ၏တံခါး(၇)ပေါက်မှနေ၍ သွေးများစီးကျလာနေသေး၏။

"သူက ဒီလိုပဲ သေဆုံးသွားခဲ့တာလား.."

ဝမ်ချီချန်း၊ ချီဖန်းနှင့် တခြားလူများကတော့ မြေပေါ်တွင် လဲကျနေသော အလောင်းကိုကြည့်ပြီး ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာကြသည်။ သူတို့၏ရင်ထဲတွင်လည်း အလွန်ထိတ်လန့်သွားခဲ့ကြ၏။

သူ ရင်ဆိုင်လိုက်ရသောအော်သံက အလွန်ဆိုးရွားလွန်းလှသည့်အတွက် သူ၏သိုင်းပညာက တုန့်ပြန်တိုက်ခိုက်ခံလိုက်ရပြီး ချီစွမ်းအင်သွေဖယ်မှုကို ခံစားလိုက်ရခြင်းပေလော။

ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့ကလည်း ပင့်သက်ရှိုက်လိုက်မိကြသည်။ အလွန်ထူးဆန်းသော ကျောင်းတော်မှ စွမ်းရည်များက လမ်းမှားကျင့်စဉ်များကို ချိုးဖျက်ရန် အထူးဖန်တီးထားခြင်းပေလော။

မုန့်ချီက ဓားကိုဝှေ့ယမ်းပြီး အပြုံးနှင့် ပြောလိုက်သည်။

"အဲဒါက ထိုက်ရင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်ထဲက မှော်အသံ(၇)မျိုးပါ။ သူက အဲဒီသိုင်းပညာကို လေ့ကျင့်ခဲ့ခြင်း မရှိဘဲ ထိုက်ရင်စွမ်းအားတစ်ခုတည်းကိုပဲ လေ့ကျင့်ခဲ့တာ ကံဆိုးသွားတယ်။ ဒါကြောင့်လည်း သူက လူမဟုတ် တစ္ဆေမဟုတ် ဖြစ်နေတာ။ ဒါကြောင့် ကောင်းကင်အပြစ်ပေးမှုပုံစံအတိုင်း တုပထားတဲ့ ငါ့ရဲ့အသံကို ရှုံးနိမ့်သွားခဲ့ရတာ…"

သူ့စကားသံက အေးအေးဆေးဆေးဖြစ်နေပြီး ရန်သူကို ထိတ်လန့်သွားစေနိုင်သည့် မိုးကြိုးဟိန်းသံက အသေးအဖွဲပမာ ပြောနေခြင်းဖြစ်သည်။ သူ့ပုံစံက ထူးထူးခြားခြားကို တည်ငြိမ်လွန်းလှ၏။ ထိုက်ရင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်က သူတို့၏လက်ထဲသို့ ရောက်လာခဲ့ဖူးသည်။ သို့သော် သူတို့ကတော့ သံသရာအရှင်သခင်ဆီတွင် လဲလှယ်ခဲ့၏။

"အဲဒီမှော်အသံ(၇)မျိုးက ပင်မဝိညာဉ်ကို တိုက်ခိုက်နိုင်ပြီး ကမ္ဘာမြေကြီးရဲ့အစွမ်းကို သုံးနိုင်တယ်လို့ ကြားဖူးတယ်။ အခု ငါတို့ခံစားခဲ့ရတဲ့ ခံစားမှုတွေက ယုံတောင်ကို မယုံနိုင်ဘူး…"

ကြိုးနီမိန်းမပျိုက ရုတ်တရက်နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း တာအိုသခင်ချင်းယွင်က အသံတစ်ခုတည်းနှင့် ချိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မဟာတံတိုင်းမှ ခါးကုန်းကြီးက အပြင်ဖက်ကိုကြည့်နေပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"တာအိုသခင်လေးက ဘယ်နေရာကနေ ရောက်လာတာလဲ။ မင်းက သူတော်စင်တစ်ပါးလား…"

"ကျွန်တော်က တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပါပဲ။ ကျွန်တော်ရဲ့ ဓားမောက်သိုင်းပညာက ဒီလိုအဆင့်ကို ရောက်ခဲ့တယ်ဆိုတာ တောင်ထိပ်သခင်ဟွမ်ဖူရဲ့ အကြံပေးမှုကြောင့်ပါ…"

မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

တာအိုသခင်ချင်းယွင်က ဟွမ်ဖူတောင်နှင့် မည်သည့်နေရာတွင် တွေ့ခဲ့ကြောင်း ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှခါးကုန်းကြီးတို့က မေးရန်အခွင့်အရေးပင် မရခဲ့ပေ။ ပြတင်းပေါက်တံခါးက ပွင့်လာပြီး အရိပ်ပေါင်းများစွာ ခုန်ဝင်လာခဲ့သည်။

လရောင်အောက်တွင် သူတို့က သူတို့(၃)ယောက်ကို ဝိုင်းဝန်းသတ်ဖြတ်ရန် ကြိုးစားနေကြ၏။ ထိုလူရိပ်များက ဝိုးတဝါးသာ မြင်နေရပြီး သူတို့၏ လက်ထဲတွင် ပုံစံမျိုးစုံကို ကိုင်ဆောင်ထားကြသည်။ ထိုအရာများကို အစစ်အမှန်နှင့် ပုံရိပ်ယောင်အဖြစ် ခွဲခြားရန် ခက်ခဲနေ၏။

ဝမ်ချီချန်းနှင့် တခြားလူများကတော့ ပင့်သက်ရှိုက်လိုက်မိကြသည်။ ထိုအရာက လကျေးရွာ၏ သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့က အသံတစ်ခုတည်းနှင့် သေဆုံးသွားခဲ့သော လူ၏အဆင့်အတန်းကို မသိသော်လည်း သူက မှော်အသံ(၇)မျိုးကို လေ့ကျင့်ထားသည့်အတွက် အရေးပါသောနေရာတစ်ခုရှိကြောင်း သိသာနေသည်။ သူက လကျေးရွာတွင် အလွန်ဆိုးသွမ်းသော ဂိုဏ်းထောက်များထဲမှ တစ်ယောက်ပင်ဖြစ်နိုင်၏။

အရိပ်များ၏လက်ထဲတွင်တော့ အလင်းရောင်များ တောက်ပနေသည်မှာ ဓားများ မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင်လက်သည်းများ ဖြစ်နိုင်သည်။ အလွန်ကြောက်စရာ ကောင်းသောပုံစံများကြောင့် သူတို့၏ပုံစံက လူမဟုတ် တစ္ဆေမဟုတ် ဖြစ်နေကြ၏။

ကြိုးနီမိန်းမပျိုက သူမ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက်ဆိုသလို သူမက လျှပ်စီးကြောင်းသဖွယ် လျင်မြန်သော အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။

"ချွမ်... "

ထို့နောက် ဓားမောက်တစ်ချောင်း ဓားအိမ်ထဲသို့ ထည့်လိုက်သည့်အသံကို ကြားလိုက်ရပြီး ဓားကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

ကျယ်လောင်သောအသံများက အမိန့်တစ်ခု ပေးလိုက်သလို ထင်မှတ်ရသည်။ အရိပ်များက တစ်ခုပြီးတစ်ခု မြေပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားကြသည်။ သို့သော် ထိုအချိန်တွင် သူတို့၏မတူညီသော ပုံသဏ္ဍာန်များကြောင့် တချို့က ရှေ့သို့လဲကျသွားပြီး တချို့ကဘေးသို့ လဲကျသွားသည်။

သူတို့၏ဒဏ်ရာများလည်း ပေါ်လာခဲ့၏။ သူတို့၏လည်ပင်းတွင် အလွန်ပါးလွှာသော ဓားဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။

"အကုန်လုံး သေသွားပြီလား.."

တခြားသူများအားလုံးက မုန့်ချီကို မျက်လုံးပြူး၍ စိုက်ကြည့်နေမိကြသည်။ သူ၏ဓားရှည်က ဓားအိမ်ထဲတွင် ရှိနေပြီး အလွန်တည်ငြိမ်နေ၏။ သူက တစ်ချိန်လုံး ဓားမထုတ်လိုက်သလို ထင်မှတ်ရသည်။

သို့သော် အလွန်ချောမောခန့်ညားသော တာအိုသခင်လေးက သူ့ဓားကို အမှန်တကယ်ထုတ်လိုက်ကြောင်း သူတို့က ရှင်းရှင်းလင်းလင်း သိနေကြသည်။ သူတို့က သူ၏လှုပ်ရှားမှုကို မမြင်ခဲ့သည်မှာ သူ၏တိုက်ခိုက်မှုက အလွန်လျင်မြန်ခြင်းကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် သူတို့၏မျက်လုံးထဲတွင် အလွန်တောက်ပသော ငွေရောင်အလင်းတန်းတစ်ခုသာ ပေါ်လာခဲ့၏။ တစ်ဖက်တွင်တော့ သူက သိုင်းကွက်တစ်ကွက်တည်းနှင့် လူ(၉)ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။

"တကယ်အံ့သြစရာကောင်းတဲ့ ဓားသိုင်းပညာပဲ..”

“တကယ်လို့ သူတို့ကသာ ထိုက်ရင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်လိုသိုင်းပညာမျိုးကို ဒီလိုပြောင်းလဲနိုင်တယ်ဆိုတော့ လကျေးရွာက မဆိုးဘူးလို့ ခန့်မှန်းရမယ်.."

မုန့်ချီကတော့ အပြုံးနှင့် ပြောလိုက်သည်။ လူတိုင်းက သူ့အသံထဲတွင် လှောင်ပြောင်သရော်မှုများကို ခံစားမိနေသည်။

သိုင်းလောကတွင် အတွေ့အကြုံရှိသော လူတစ်ယောက် ဖြစ်သည့်အတွက် မဟာတံတိုင်းမှ ခါးကုန်းကြီးက လျင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။ သူက သက်ပြင်းချ၍ ပြောလိုက်၏။

"ရွာတိုင်းက ထိုက်ရင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်ရဲ့နည်းလမ်းတွေ တိုးတက်လာဖို့အတွက် အသေခံရဲမက်တွေကို တိတ်တဆိတ် လေ့ကျင့်ပေးနေတယ်လို့ သတင်းကြားဖူးတယ်။ အခုတော့ အဲဒါက အမှန်ဖြစ်နေတာပဲ…"

မုန့်ချီကိုကြည့်ပြီး သူ၏မျက်နှာပေါ်တွင် ခံစားချက်များ ပြည့်နှက်လာသည်။

"အရင်တုန်းကတော့ မင်းက တောင်ထိပ်သခင်ဟွမ်ဖူရဲ့အကြံပေးမှုကို ရခဲ့တယ်ဆိုတာ ငါမယုံနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို မြင်လိုက်ရတဲ့အချိန်မှာတော့ ငါက သံသယမဝင်တော့ဘူး။ ဒါက သူ့ရဲ့နာမည်ကျော် တိမ်တိုက်ဖြူသိုင်းကွက်နဲ့ အတူတူပဲ။ သူငါ့ကို ကယ်တင်ခဲ့တဲ့အချိန်မှာ သူက သူ့ရဲ့လှံချက်နဲ့ ရန်သူတွေအားလုံးကို သတ်ပစ်ခဲ့တယ်…"

အလွန်လျင်မြန်သော သိုင်းကွက်များက လက်နက်ပြောင်းလဲသွားသော်လည်း တစ်ခုနှင့်တစ်ခု အနှစ်သာရ အတူတူသာ ဖြစ်သည်။ ဝမ်ချီချန်း၊ ချီဖန်းနှင့် တခြားသူများကတော့ ထိုအရာများ၏ ကွဲပြားမှုကို မြင်ရလောက်သည့် အခြေအနေမျိုး မရှိကြပေ။

ယခု မဟာတံတိုင်းမှ ခါးကုန်းကြီး ပြောပြလိုက်မှသာ သူတို့က ချက်ချင်း နားလည်သွားခဲ့သည်။ ထိုအရာက သူတို့၏သခင်မလေးနှင့် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ တပည့်များ လေ့ကျင့်ထားကြသော တိမ်တိုက်ဖြူသိုင်းကွက်နှင့် အတော်လေးကို တူညီနေကြောင်း သတိထားမိခဲ့၏။

တာအိုသခင်ချင်းယွင်က တိမ်တိုက်သခင် ဟွမ်ဖူဆီမှ လမ်းညွှန်ချက်တချို့ကို အမှန်တကယ်ရရှိခဲ့ခြင်းပေလော။ ဓားမောက်ပညာတွင် တူညီသောအနှစ်သာရများ ရရှိရန် ခက်ခဲသည်။ မုန့်ချီက အကြံပေးချက်ကို ရရှိခဲ့သည်ဟုပြောခဲ့သော်လည်း မဟာတံတိုင်းမှ ခါးကုန်းကြီးက ထိုအရာကို သေချာမသိနိုင်ပေ။

များသောအားဖြင့် သိုင်းပညာ၏ အခြေခံသိုင်းကွက်များဖြစ်သော ဓားခုတ်ခြင်း၊ ဓားဖြတ်ခြင်း၊ ဓားပိုင်းခြင်း၊ ဓားဝိုက်ခြင်း စသည့်အရာများကတော့ တိုက်ခိုက်သည့်အချိန်တွင် တူညီနေသည်သာဖြစ်သည်။ တစ်ခုနှင့်တစ်ခု ကွဲပြားမှုက မသိသာသည့်အတွက် မည်သူကမျှ တိတိကျကျ ခွဲခြားနိုင်ခြင်း မရှိချေ။

"တောင်ထိပ်သခင်ဟွမ်ဖူကြောင့်သာမဟုတ်ရင် ကျုပ်က ဒီဓားပညာရဲ့အနှစ်သာရကို နားလည်ဖို့အတွက် တစ်နှစ်ခွဲလောက် အချိန်ပေးရလိမ့်မယ်…"

မုန့်ချီက တလေးတစား ပြန်ဖြေလိုက်သည်။

မုန့်ချီက တရားမျှတမှုကို လိုလားသော လူတစ်ယောက်ဖြစ်ကြောင်း နားလည်သွားသည့်အခါ ကြိုးနီမိန်းမပျိုက အတော်လေး ဝမ်းသာသွားခဲ့သည်။

"ကျွန်မကလည်း ဆရာကြီးဟွမ်ဖူရဲ့ အကြံပေးမှုကို ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ သူ့ရဲ့လှံသိုင်းပညာအနှစ်သာရတွေကို ကျွန်မရဲ့ဓားသိုင်းပညာမှာ ပေါင်းစပ်အသုံးမချနိုင်ခဲ့ဘူး။ ကျွန်မက ရှင်နဲ့ယှဉ်ရင် တော်တော်လေးကို နိမ့်ကျပါတယ်။ ရှင်က ဆရာကြီးဟွမ်ဖူနဲ့ ဘယ်အချိန်မှာ တွေ့ခဲ့တာလဲ…"

ဟွမ်ဖူတောင်က ရူးသွပ်သွားခဲ့ပြီး မိုင်တစ်ထောင်တောင်တန်းထဲသို့ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မုန့်ချီကတော့ အသက်(၂၀)ဝန်းကျင်သာ ရှိနေသေး၏။ ထို့ကြောင့် သူတို့က အချိန်ကာလကို သံသယဝင်နေသေးသည်။

"ကျုပ်အထင်ပြောရရင်တော့ နှစ်အနည်းငယ်လောက်ပဲ ရှိပါသေးတယ်…"

နောက်ဆုံးတစ်ကြိမ် ကျန်းဝူအင်ပါယာကို စုံစမ်းခဲ့သည်မှာ အချိန်မည်မျှ ကြာခဲ့ကြောင်း မုန့်ချီလည်း မပြောတတ်ပေ။

လူအုပ်ကြီးက သံသယဝင်နေသည်ကို မြင်သည့်အခါ သူက ရယ်လိုက်၏။ သူက ဘယ်လက်ကို ဓားမောက်ပေါ်တွင်တင်ပြီး အပြင်ဖက်သို့ ထွက်လာခဲ့၏။

"ကျုပ် ငယ်ငယ်တုန်းက ကံတရားတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကျုပ်က ချောက်ကမ်းပါးတစ်ခုထဲကို ပြုတ်ကျသွားပြီး ထိပ်တန်းကျောင်းတော်တစ်ခုရဲ့ နှလုံးကျင့်စဉ်တွေနဲ့ ထိပ်တန်းဓားမောက်သိုင်းပညာတစ်ခုကိုရခဲ့တယ်။ အဲဒီနောက်မှာတော့ ကျုပ်က နှစ်တစ်သောင်းသက်တမ်းရှိ မှိုတစ်မျိုးကို စားခဲ့ရပြီး နှစ်ပေါင်း(၆၀)နီးပါးလောက်ရှိတဲ့ အတွင်းအားကိုရခဲ့တယ်။ ပြီးတော့ တံခါး(၆)ပေါက်အဆင့်ကို တိုက်ရိုက်အောင်မြင်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ တောင်ထိပ်သခင်ဟွမ်ဖူနဲ့ တွေ့ခဲ့ရပြီး တောင်တန်းထဲကနေ ထွက်လာခဲ့တာပဲ။ ကျုပ်ရဲ့အရိုးအဆစ်ဖွဲ့စည်းပုံက တော်တော်လေး အံ့သြစရာကောင်းတဲ့အတွက် ကျုပ်က ထူးချွန်နိုင်တယ်လို့ သူက ပြောခဲ့တယ်။ ဒါကြောင့်လည်း ကျုပ်ရဲ့သိုင်းပညာတွေကို အကြံပေးခဲ့တာ။ နောက်ဆုံးမှာတော့ ကျုပ်က နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး အနှစ်သာရတွေကို နားလည်သွားတဲ့အတွက် သိုင်းလောကကို ခြေချလာတာ။ အခုတော့ ကျုပ်က အရာအားလုံးကို ယုံကြည်ချက်ရှိနေပြီ…"

သူက လူတိုင်းကိုလှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"တကယ်လို့ ကျုပ်က အဲဒီလိုပြောလိုက်မယ်ဆိုရင် မင်းတို့က ယုံကြည်မှာလား…"

"မယုံဘူး.."

ကြိုးနီမိန်းမပျိုက တည့်တည့်သာ ပြန်ဖြေလိုက်သည်။

မုန့်ချီက ပြန်လှည့်ပြီး လက်နောက်ပစ်၍ ပြောလိုက်၏။

"လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေတာပဲလေ။ ဘာလို့သိချင်နေရတာလဲ။ ဒီတော့ ဖန်တီးထားတဲ့ ပုံပြင်တွေပဲလို့ တွေးနေမယ်ဆိုရင် အလိမ်အညာတွေကို နားထောင်လို့ရော ဘာများအကျိုးရှိမှာလဲ။ ကျုပ်တို့က တိတ်ဆိတ်နေတာ ပိုပြီးတော့ ကောင်းပါတယ်…"

"သူက တကယ့်တာအိုသခင်တစ်ယောက်လိုပါပဲလား.."

ထိုကဲ့သို့သော စကားများကို ကြားသည့်အခါ ဝမ်ချီချန်းက သက်ပြင်းချလိုက်မိသည်။ သူ ငယ်ရွယ်စဉ်အချိန်တွင် ထိုကဲ့သို့ ကျက်သရေရှိသောပုံစံမျိုးကို အလွန်လိုချင်နေခဲ့သည်။

မဟာတံတိုင်းမှခါးကုန်းကြီးနှင့် ကြိုးနီမိန်းမပျိုတို့က ချက်ချင်း နားလည်သွားခဲ့၏။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော အုတ်ဂူဆီမှ ရောက်လာခြင်းပေလော။ သူလည်း တောင်ထိပ်သခင် ဟွမ်ဖူတောင်နှင့် ရွာ(၉)ရွာမှ ဆရာကြီးများကဲ့သို့ အတွေ့အကြုံရှာဖွေရန် ထွက်လာခဲ့ခြင်းပေလော။ ထို့ကြောင့် သူက တောင်ထိပ်သခင်ဟွမ်ဖူ၏အကြံပေးချက်ကို ရခဲ့ခြင်းပေလော။ သူတို့၏ခေါင်းထဲတွင် အတွေးများတစ်ခုပြီး တစ်ခုရောက်လာခဲ့သည်။

မုန့်ချီက ကျောင်းဆောင်ထဲမှ ထွက်သွားတော့မည်ကို သတိထားမိသည့်အခါ ကြိုးနီမိန်းမပျိုက အလျင်အမြန် လှမ်းပြောလိုက်သည်။

"တာအိုသခင်လေး... ဘယ်ကိုသွားမလို့လဲ.."

မုန့်ချီက နှင်းပွင့်လေးများကို လက်နှင့်ဖမ်းပြီး ရယ်လိုက်သည်။

"ဒီနေ့ည နှင်းတွေက အရမ်းကိုပြည့်စုံနေတယ်။ ဒီတော့ ညအချိန် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကိုသွားတာ မကောင်းဘူးလား။ မင်းတို့က ဘယ်လိုသဘောရလဲ…"

"တာအိုသခင်ချင်းယွင်...

လကျေးရွာကတပည့်တွေက အမှောင်ထဲမှာ လုပ်ကြံသတ်ဖြတ်ရတာကို ကျွမ်းကျင်ကြတယ်…"

မဟာတံတိုင်းမှခါးကုန်းကြီးက မုန့်ချီကို သတိပေးလိုက်သည်။ ထို့ကြောင့်လည်း သူနှင့်ကြိုးနီမိန်းမပျိုတို့က ကျောင်းဆောင်ထဲတွင် နားခိုရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

သူ့စကားမဆုံးသေးခင် မုန့်ချီ၏နောက်ကျောကိုသာ မြင်လိုက်ရ၏။ သူကတော့ ကျောင်းဆောင်၏တံခါးထဲမှ ထွက်သွားပြီဖြစ်သည်။

ကြိုးနီမိန်းမပျိုက တီးတိုးပြောလိုက်၏။

"တာအိုသခင်ချင်းယွင် တံခါး(၉)ပေါက် အစွမ်းမျိုးရှိနိုင်တယ်။ သူက ဘယ်နေရာက ရောက်လာမှန်း မသိတဲ့အတွက် လကျေးရွာက လူတွေက သူ့ကို သေချာပေါက် နှောင့်ယှက်မှာပဲ။ ဒါပေမဲ့ အများဆုံး သူတို့က တပ်မှူး(၈)ယောက်ထဲက (၁)ယောက်ကိုပဲ စေလွှတ်နိုင်တယ်။ တကယ်လို့ ကျွန်မတို့သာ သူနဲ့ပေါင်းပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ပြဿနာမရှိနိုင်ဘူး…"

မဟာတံတိုင်းမှ ခါးကုန်းကြီးက ခဏကြာစဉ်းစားပြီး သဘောတူလိုက်သည်။ သူတို့နှစ်ယောက်ကလည်း မုန့်ချီ၏နောက်မှ အလျှင်အမြန်လိုက်သွားကြသည့်အတွက် ဝမ်ချီချန်းတို့သာ ကျန်နေတော့သည်။

"အဖေ...

တာအိုသခင်ချင်းယွင်က တော်တော်လေးကို လွတ်လပ်ပေါ့ပါးတာပဲ…"

ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေး၏မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့သည်။

ဝမ်ချီချန်းက ခါးသီးစွာ ရယ်လိုက်မိ၏။

"သမီးက အရင်ဆုံး အစွမ်းထက်ဖို့ ကြိုးစားရလိမ့်မယ်။ တာအိုသခင်ချင်းယွင်က အဖေတို့ရဲ့ အခက်အခဲကို နားလည်တဲ့လူကောင်းတစ်ယောက်ပါပဲ။ သူအဆင်ပြေဖို့ မျှော်လင့်ပါတယ်…"

မုန့်ချီ၏ဓားမောက်သိုင်းပညာက အလွန်အံ့သြစရာကောင်းသည့်အတွက် ရန်သူများက အားနည်းသည်ဟုပင် သူက ခံစားမိခဲ့သည်။ ဝမ်ချီချန်းက သူနှင့် လကျေးရွာမှ တပ်မှူး(၈)ယောက်ကို မနှိုင်းယှဉ်ရဲပေ။ သူတို့၏အစောင့်အရှောက်(၄)ယောက်ထဲတွင် (၂)ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်သေးပေ။ သူတို့အဖွဲ့ထဲတွင် ဝေ့ကျင်းတစ်ဝက်အဆင့်နှင့် ဝေ့ကျင်းအဆင့် ပညာရှင်များပင် ပါဝင်နေသေး၏။

ထိုကဲ့သို့ ဓားမောက်သိုင်းပညာများက မည်မျှကွဲပြားအောင် လုပ်ဆောင်နိုင်မည်နည်း။ မှိန်ဖျော့ဖျော့ ကျဆင်းနေသော လရောင်အောက်တွင် နှင်းပွင့်များက အဖြူရောင်ခြုံလွှာကြီးပမာ ဖြစ်နေသည်။ မုန့်ချီကတော့ အေးအေးဆေးဆေးလျှောက်လာခဲ့၏။

"တာအိုသခင်ချင်းယွင်...

လကျေးရွာက တပည့်တွေရဲ့ လုပ်ကြံမှုကို သတိထားပါ…"

မဟာတံတိုင်းမှ ခါးကုန်းကြီးက ကျယ်လောင်စွာ သတိပေးလိုက်သည်။

မုန့်ချီကတော့ မိန်းကလေးနှင့် တခြားသူများ၏ရှေ့တွင် ဆက်နေရမည့်အစား အလျှင်အမြန်ထွက်လာခဲ့သည်မှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိသည်။ သူက အပြင်ဖက်သို့ ထွက်လာမည်ဆိုလျှင် လကျေးရွာမှ တပည့်များက သူရှိနေကြောင်း သေချာပေါက် သိကြဦးမည် မဟုတ်ချေ။ ထို့ကြောင့် သူက သူတို့၏နှောင့်ယှက်ခြင်းကို ချိုးဖောက်နိုင်ပြီး သူတို့အကူအညီများ မခေါ်နိုင်ခင် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်သို့ ရောက်သွားနိုင်သည်။ ထို့နောက် သူက စိတ်တိုင်းကျလှည့်စား၍ရနိုင်၏။

အကယ်၍ လကျေးရွာ၏ အရှင်သခင်ကိုယ်တိုင် (သို့မဟုတ်) အစွမ်းထက်သော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ပေါ်လာလျှင်ပင် သူကတော့ ထွက်ပြေး၍ရနိုင်သေးသည်။ ထို့နောက် သူက ဟွမ်ဖူဖေးကို ဖျောင်းဖျပြီး နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ အမွေအနှစ်များကို ကြိုးစားကြည့်၍ရနိုင်သည်။

သူမက ကိုယ်တိုင်နှင့် တခြားတပည့်များကို စတေးပြီး တောင်တန်းကို ကာကွယ်စရာ မလိုကြောင်း ဖျောင်းဖျပြောဆို၍ရနိုင်သည်။ တစ်ဖက်တွင်တော့ သူမကသာ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို လက်လွှတ်လိုက်မည်ဆိုလျှင် သူတို့အားလုံး အသက်ရှင်နိုင်ပါလိမ့်မည်။

ဤကမ္ဘာကြီးက အလွန်ကြီးမားသော ကမ္ဘာကြီးတစ်ခုဖြစ်သည်။ လကျေးရွာက ထိုမျှအစွမ်းမထက်နိုင်ပေ။ ထို့ပြင် ဟွမ်ဖူဖေးတို့ကလည်း သေချာပေါက် အားမနည်းနိုင်ပေ။ သူ၏အကာအကွယ်အောက်တွင် သူတို့က နာမည်ကိုဖုံးကွယ်၍ အလွယ်တကူဖြတ်ကျော်နိုင်၏။

သူတို့ကသာ နတ်ဘုရားစွမ်းရည်များကို ကျွမ်းကျင်သွားမည်ဆိုလျှင် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ပြန်လည်တည်ဆောက်၍ရနိုင်သည်။ အကယ်၍ ဟွမ်ဖူဖေးက တွေဝေနေမည်ဆိုလျှင်တော့ မုန့်ချီက သူမကို သူမ၏ချစ်ခြင်းမေတ္တာတရားနှင့် ဖျောင်းဖျပြောဆိုရမည်ဖြစ်သည်။ သူက သူမ၏ခံစားချက်များကို လှုံ့ဆော်နိုင်သော ပုံပြင်တစ်ခုကို ပြောပြနိုင်သည်။

မဟာတံတိုင်းမှ ခါးကုန်းကြီးက အော်ဟစ်လိုက်သည့်အချိန်တွင် နှင်းများ ဖုံးလွှမ်းနေသော ခြုံပုတ်နောက်မှနေ၍ လူတစ်ယောက် ခုန်ထွက်လာခဲ့သည်။ သူက မုန့်ချီ၏နောက်ကျောကို ခုန်လာပြီး သူ၏နှလုံးသားတည့်တည့်ကို ဓားနှင့် ထိုးစိုက်လိုက်သည်။

ထိုလူက လရောင်အောက်တွင် ပျောက်ကွယ်နေသည်။ ဂရုမစိုက်မိလျှင် ချက်ချင်း သေဆုံးသွားနိုင်၏။ ဓားရောင် လင်းလက်တောက်ပသွားပြီးနောက် သူက နောက်တွင် ရှိနေသော လူ(၂)ယောက်ကို ကျေးဇူးတင်လိုက်သည်။

"မင်းတို့ရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်.."

ထိုလူက မြေပေါ်သို့ပြုတ်ကျသွားခဲ့ပြီး နှင်းပေါ်တွင် သွေးများ စိုရွှဲနေသည်။

"ကျုပ်က အခုမှတောင်ထဲကနေ ထွက်လာတာဆိုတော့ မင်းတို့က လကျေးရွာမှာရှိတဲ့ အစွမ်းထက်ပညာရှင်တွေရဲ့အကြောင်းကို ပြောပြနိုင်မလား…"

မုန့်ချီက စကားပြောနေရင်း ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြန်သည်။ သွေးစက်များက နှင်းပေါ်တွင် ကျဆင်းသွားပြီး ထိုအရိပ်ကလည်း ပြုတ်ကျသွားခဲ့ပြန်သည်။ သူက အေးအေးဆေးဆေး စကားပြောနေရင်း လူများကို သတ်ပစ်နိုင်နေသည်။

တာအိုသခင်ချင်းယွင်ကတော့ အေးအေးဆေးဆေးဖြစ်နေကြောင်း မဟာတံတိုင်းမှ ခါးကုန်းကြီးက တွေ့နေရ၏။ သူ့ပုံစံကတော့ သူ၏ကိုယ်ပိုင်ခြံဝန်းထဲတွင် လမ်းလျှောက်နေသလို ထင်မှတ်ရသည်။

ခါးကုန်းကြီးက သက်ပြင်းချပြီးပြောလိုက်၏။

"မေးနေစရာမလိုပါဘူး။ ဒါက ငါတို့ပြောသင့်တဲ့အရာပါပဲ…"

လရောင်အောက်တွင် မုန့်ချီကတော့ သွေးအိုင်နှစ်ခု ဖန်တီးနိုင်ခဲ့သည်။ သူက သက်ပြင်းချလိုက်မိ၏။

"ဒီနေ့ည လရောင်အောက်မှာ အနီရောင်သွေးအိုင်တွေ ဘယ်လောက်များ ပေါ်လာမှာလဲ.."

အရိပ်များ ဆက်လက်ကျဆင်းလာနေပြီး နှင်းပွင့်များပေါ်တွင် အနီရောင်သွေးများ ဆက်လက်ပေါ်လာနေခဲ့သည်။

Translated by Hein Htet

All Chapters