အခန်း (၃၇၃)
Vol. 25 Ch. 373
အေးစက်သော ညအချိန်တွင် နှင်းများက သိပ်သည်းစွာ ကျရောက်နေခဲ့သည်။ သစ်တောထဲတွင် ရှိနေသော ထင်းရှူးပင်ကြီးများကပင် စွတ်စွတ်ဖြူနေပြီး အစိမ်းရောင် အစက်အပြောက်များကိုသာ ဟိုတစ်စ ဒီတစ်စ တွေ့နေရသည်။
ပျော့ပျောင်းသော အဖြူရောင်နှင်းများပေါ်တွင်တော့ ခြေရာအတန်းလိုက်ရှိနေပြီး (၂) ခုကိုတော့ သေချာစစ်ဆေး၍ မရနိုင်ပေ။ ကြည့်လိုက်မည်ဆိုလျှင် တစ္ဆေများ ဖြတ်သန်းသွားခဲ့သလို ထင်မှတ်ရ၏။ မုန့်ချီက နှင်းဖုံးနယ်မြေကြီးပေါ်တွင် ပြေးသွားနေသည်မှာ ပုံရိပ်ယောင်တစ်ခုပမာ လျင်မြန်လွန်းလှသည်။
သို့သော် သူကတော့ အစွမ်းကုန် မသုံးခဲ့ပေ ။ မဟာတံတိုင်းမှ ခါးကုန်းကြီးနှင့် ကြိုးနီမိန်းမပျိုတို့ မမှီမှာ စိုးနေခြင်းကြောင့်ဖြစ်သည်။
"လကျေးရွာက ထိုက်ရင်နတ်ဆိုးသုတ်သင်ခြင်းကျင့်စဉ်ကို အဓိကလေ့ကျင့်ထားကြပေမယ့် သူတို့ဆီမှာ ရှေးအချိန်ကတည်းက ဂိုဏ်းအသီးသီး မိသားစုအသီးသီးရဲ့သိုင်းကျမ်းတွေကို ရယူထားကြတယ်.။ သူတို့ရဲ့ ကံကောင်းမှုတွေကြောင့် သူတို့ရဲ့ပညာရှင်တွေကလည်း တော်တော်လေးကို ရှုပ်ထွေးတဲ့ သိုင်းပညာမျိုးစုံကို ပိုင်ဆိုင်ထားကြတယ်..။ ကျေးရွာခေါင်းဆောင်နဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူတွေကလွဲရင် လူအတော်များများက အဲဒီသိုင်းကျင့်စဉ်တွေကို လေ့ကျင့်ခွင့်မရကြဘူး..။ တကယ်လို့ လေ့ကျင့်မယ့်သူတွေ ရှိမယ်ဆိုရင်တောင် သူတို့တွေက အသေခံရဲမက်တွေလို လေ့ကျင့်ထားတဲ့သူတွေပဲ ဖြစ်နိုင်တယ်... "
မဟာတံတိုင်းမှ ခါးကုန်းကြီးက မိုင်တစ်ထောင်တောင်တန်းမှ ထွက်လာသော တာအိုသခင်ချင်းယွင်ကို အခြေအနေတစ်ရပ်လုံး ရှင်းပြလိုက်သည်။
ကြိုးနီမိန်းမပျိုက ထပ်ဖြည့်ပြောလိုက်၏။
"လကျေးရွာသခင်ကြီးရဲ့ လက်အောက်မှာ အစောင့်အရှောက် (၄) ယောက်နဲ့ တပ်မှူး(၈) ယောက် အပါအဝင် ထင်ရှားတဲ့ပညာရှင်တွေ ရှိတယ်..။ သူတို့အားလုံးက သိုင်းလောကမှာ နာမည်ကျော်ကြားကြတယ်... "
"သူတို့ရဲ့အဆင့်က ဘယ်လိုလဲ... "
မုန့်ချီက မေးလိုက်သည်။
သူက ပြောနေရင်း ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ အလင်းရောင်တစ်ခု တောက်ပလာပြီး ထင်းရှူးပင်နောက်တွင် ပုန်းနေသော လူတစ်ယောက် ပြုတ်ကျသွားပြန်သည်။ သူ၏လည်ပင်းမှ သွေးများစီးကျလာနေပြီး မြေပြင်ပေါ်တွင် သွေးများ စွန်းထင်သွားခဲ့၏။ မုန့်ချီက လမ်းလျှောက်နေခြင်းကို လုံးဝမရပ်ခဲ့ပေ။
မဟာတံတိုင်းမှ ခါးကုန်းကြီးက ပြန်ဖြေလိုက်၏။
"တပ်မှူး (၈) ယောက်ထဲမှာတော့ တံခါး (၈) ပေါက်၊ တံခါး (၉) ပေါက် အဆင့် ပညာရှင်တွေ ရှိတယ်..။ ဒါပေမဲ့ အစစ်အမှန် တိုက်ခိုက်စွမ်းရည်ကတော့ ငါ့လို အသက်ကြီးပြီး အိုမင်းနေတဲ့ တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်က သူတို့ကို အနိုင်မရနိုင်လောက်ဘူး..။ အစောင့်အရှောက် (၄) ယောက်ကတော့... "
သူက ခဏရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် မုန့်ချီက သူ့ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ခြင်းကြောင့်ဖြစ်၏။ ငွေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး နှင်းများပေါ်တွင် သွေးများ ပျံ့ကျဲလာပြန်သည်။ သွေးစလေးများ စုစည်းလာပြီး သူ့ဓားထိပ်တွင် သွေးစက်လေးတစ်စက်အဖြစ် စုစည်းနေသည်။ ထိုအရာက နှင်းပေါ်သို့ ကျဆင်းသွားသည့်အချိန်တွင် ပန်းချီကားထဲရှိ ပန်းပွင့်လေးတစ်ခုကဲ့သို့ ဖြစ်နေ၏။
ကြိုးနီမိန်းမပျိုကတော့ အရာအားလုံးကို မှင်တက်စွာ ကြည့်နေမိခဲ့၏။ သူတို့က ပုန်းအောင်းနေသော လကျေးရွာမှ တပည့်များကို သတိမထားမိသည့်အတွက် ဖြည်းညင်းစွာ တုံ့ပြန်နိုင်ခြင်း ဖြစ်သည်။
ထိုတပည့်များ ထွက်လာသည့် အချိန်တွင် တာအိုသခင်ချင်းယွင်ကတော့ သူ့ဓားကို ရုပ်သိမ်းပြီးသွားပြီဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းမဲ့သော တာအိုသခင်ချင်းယွင်က သာမန်တာအိုသခင် တစ်ယောက်ကဲ့သို့ မထင်ရပေ။
မဟာတံတိုင်းမှ ခါးကုန်းကြီးက ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
"ခရမ်းနေမင်း ဓားဘုရင်နဲ့ သွေးစိမ်းနဂါးဘုရင်တို့က လကျေးရွာသခင်ကြီးရဲ့ ဆရာဦးလေးတွေလေ...။ သူတို့တွေက အစွမ်းထက်တယ်။ သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တွေပဲ ။ သူတို့က သိုင်းလောကမှာ နာမည်ကျော်ကြားပြီး လူတိုင်းက ကြောက်လန့်ကြတယ်..”
“ငွေရောင်လ ရေဘုရင်နဲ့ မျက်ခုံးနီဓားမောက်ဘုရင်တို့ကတော့ သာမန်တံခါး (၉) ပေါက်အဆင့် ပညာရှင်တွေထက် ပိုပြီးတော့သာတယ်... ။ တကယ်လို့ သူတို့ကသာ အဆင့်တူခြင်း တိုက်ခိုက်ပြီး အစွမ်းကုန် တိုက်ခိုက်လိုက်မယ်ဆိုရင် သဘာဝဖြစ်စဉ်တွေတောင် ပေါ်လာနိုင်တယ်..။ သူတို့ (၂) ယောက်လုံးက လကျေးရွာသခင်ကြီးရဲ့တူတွေပဲ ။ သူတို့တွေ တော်တော်များများကတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တွေဖြစ်လာဖို့ မျှော်လင့်နေကြတယ်... "
သူပြောနေသည့်အချိန်တွင် သူတို့ (၃) ယောက်ကတော့ နှင်းများပေါ်တွင် အသံတိုးတိုးကို ကြားလိုက်ရသည်။ မကြာခဏဆိုသလို ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အသက်တစ်သက် ကုန်ဆုံး၍ မြေပြင်ပေါ်တွင် သွေးများပေါ်လာခဲ့သည်။ အဖြူရောင်နှင်းပြင်ကြီးကတော့ ပို၍ပင် အေးစက်နေသလို ထင်မှတ်ရ၏။
"တကယ်လို့ ငါတို့ကသာ အစောင့်အရှောက် (၄) ယောက်ကို တွေ့ရမယ်ဆိုရင်တော့ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ရောက်ဖို့တောင်မလွယ်လောက်ဘူး ။ ဒါပေမဲ့ စိုးရိမ်စရာလည်း မလိုပါဘူး ..”
“တောင်ထိပ်သခင်ဟွမ်ဖူမှာ အကန့်အသတ်မဲ့အင်မော်တယ်နဲ့ သူရဲကောင်းကျောင်းဆောင်သခင်လို အစွမ်းထက်မိတ်ဆွေတွေ အများကြီးရှိတယ် ။ သူတို့အားလုံးက ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေပြီ ။ ဂိုဏ်းနဲ့ အဖိုးတန်လက်နက်တွေ ပါမလာရင်တောင် သူတို့က အစောင့်အရှောက် (၄)ယောက်ကိုတော့ တားဆီးနိုင်ကြတယ် ။ အထူးသဖြင့် အကန့်အသတ်မဲ့ အင်မော်တယ်ပဲ ။ သူ့ရဲ့အစွမ်းက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တွေထဲမှာ ထိပ်တန်းလို့ ပြောလို့ရတယ် ။ လကျေးရွာသခင်ကြီးက သူနဲ့ကိုယ်တိုင် တိုက်ခိုက်နိုင်တယ် ..."
ကြိုးနီမိန်းမပျိုလို တည့်တိုးဆန်သော မိန်းကလေးတယောက်နှင့်ယှဉ်လိုက်မည်ဆိုလျှင် မဟာတံတိုင်းမှ ခါးကုန်းကြီးက အခြေအနေကို ကောင်းကောင်းကြီးနားလည်နေသည် ။
ကြိုးနီမိန်းမပျိုက တီးတိုးပြောလိုက်၏။
"ကျွန်မတော့ နားမလည်ဘူး..။ လကျေးရွာသခင်ကြီးက တန်းကန်အင်ပါယာအဖြစ် ရယူဖို့ကို အဓိကအလေးထားနေတာ ။ ဘာကြောင့် သူက ဒီလိုမျိုးပြဿနာတွေ ရှာနေရတာလဲ..။ ကြယ်ခူးအင်မော်တယ် ၊ ဗုဒ္ဓတိတ်ဆိတ်ခြင်းဘုန်းတော်ကြီးနဲ့ လှုပ်ရှားခြင်းဓားကမ္ဘာတို့ကို မကြောက်တာလား ။ တောင်ထိပ်သခင်ဟွမ်ဖူဆီမှာ ဂိုဏ်းတွေ၊ မိသားစုတွေအများကြီးရဲ့ အထောက်အပံ့ရှိတယ် .."
"ကြိုးနီမိန်းမပျို …
လကျေးရွာသခင်ကြီးက ကနဦးဝေ့ကျင်းအဆင့် အစွမ်းမျိုးနဲ့ အဲဒီဂုဏ်ပုဒ်ကို တိုက်ခိုက်ဖို့ ဖြစ်နိုင်မယ်လို့ ထင်နေတာလား…"
မုန့်ချီကတော့ အဖြူရောင်နှင်းများပေါ်တွင် သွားလာနေရင်း ပြန်ပြောလိုက်သည်။
ကြိုးနီမိန်းမပျိုက ခဏကြာစဉ်းစားနေခဲ့၏။
မဟာတံတိုင်းမှ ခါးကုန်းကြီးကတော့ အတွေ့အကြုံရှိပြီး ဘဝအခက်အခဲများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သူက သက်ပြင်းချလိုက်မိ၏။
"သူ့ရဲ့အစစ်အမှန်ရည်ရွယ်ချက်ကတော့ အဲဒါပဲ။ သူက တန်းကန်အင်ပါယာရာထူးကို ယှဉ်ပြိုင်နေပေမယ့် အဲဒါကို လက်လျှော့လိုက်နိုင်တယ် ။ ဒါပေမယ့် သူက အဲဒါကို လက်လျှော့လိုက်ပြီး ကြယ်ခူးအင်မော်တယ်နဲ့ တခြားသူတွေက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ရဲ့ မင်္ဂလာပွဲကို ဝင်မရှုပ်ဖို့ သဘောတူထားတာလည်း ဖြစ်နိုင်တယ်…"
"သူက အဲဒီလိုလုပ်နိုင်တာလား…"
ကြိုးနီမိန်းမပျိုက အံ့သြသွားခဲ့သည်။ ပွင့်ပွင့်လင်းလင်း နေတတ်သည့်အတွက် သူမကတော့ လှည့်ကွက်များကို လုံးဝသဘောမကျပေ။
လကျေးရွာသခင်ကြီးကတော့ အမှောင်ထဲတွင် ကြောက်စရာကောင်းပြီး ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ဗုဒ္ဓတိတ်ဆိတ်ခြင်းဘုန်းတော်ကြီးက လမ်းမှန်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူက ထိုကဲ့သို့အရာမျိုးကို လက်ခံမည်လော။
"အာဏာနဲ့ပတ်သက်လာရင် အကုန်လုံးက ကောက်ကျစ်စဉ်းလဲကြတာပဲလေ…"
မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်၏။
တိတ်ဆိတ်ခြင်းဘုန်းတော်ကြီးက သူတော်စင်တစ်ပါးသာ ဖြစ်မည်ဆိုလျှင် တန်းခိုင်အင်ပါယာနေရာအတွက် ပါဝင်တိုက်ခိုက်လိုက်မည် မဟုတ်ချေ။ နှင်းများပေါ်တွင် နောက်ထပ်သွေးများ စီးကျလာပြီး မျက်လုံးထဲကို ထိုးဖောက်မိသည့်အတွက် သွေးများ နီရဲနေသည်။
မဟာတံတိုင်းမှ ခါးကုန်းကြီးကတော့ သွေးများ ဖုံးလွှမ်းနေသော ကွင်းပြင်ကြီးကိုကြည့်ပြီး ပြောလိုက်သည်။
"လကျေးရွာရဲ့တပ်မှူး (၈) ယောက်ထဲမှာ အင်မော်တယ်ပိတ်ဆို့ခြင်းဓား လင်းပုပင်က အစွမ်းထက်ဆုံးပဲ ။ သူပြီးရင်တော့ ထိုက်ရင်နတ်ဆိုးသုတ်သင်ရှင်းလင်းရေးကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ ပိုင်ကျန်းလုံပဲ ။ အားအနည်းဆုံးကတော့ လကျေးရွာ သခင်ကြီးရဲ့သားပဲ ။ ပြီးတော့ ဒီတစ်ကြိမ် သတို့သားကလည်း သူပဲလေ ။ သူ့ကိုတော့ ပန်းပွင့်သခင် ဝမ်ဟန်းရွှေလို့ခေါ်ကြတယ်…"
သူက တပ်မှူး (၈) ယောက်၏အကြောင်းကို အသေးစိတ်ပြောပြနေခဲ့သည်။ ထိုလူများက သူတို့ကို နှောင့်ယှက်ရန် စေလွှတ်ထားနိုင်သူများ ဖြစ်နေ၏။ ပြိုင်ဘက်၏အကြောင်းကို ပို၍ရင်းနှီးလေလေ ရင်ဆိုင်ရန် ပို၍ယုံကြည်ချက်ရှိလာလေလေ ဖြစ်သည်။
ရာသီဥတုက အေးစက်နေပြီးမုန်တိုင်းက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သို့သော် နှင်းများကတော့ သိပ်သည်းနေသေး၏။ အနက်ရောင် တိမ်တိုက်များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လရောင်က နှင်းများပေါ်တွင် ကျရောက်နေသည်။
လရောင်က ကြည်လင်တောက်ပနေသည်မှာ ငွေရောင်ခြုံလွှာကြီးတစ်ခုပမာ ထင်မှတ်ရသည်။ ထိုအချိန်တွင် အလင်းရောင်အောက်မှနေ၍ ဝိုးတဝါးအရိပ်တစ်ခု ခုန်ထွက်လာပြီး မုန့်ချီ၏နောက်ကျောကို လက်သည်းနှင့် ကုတ်လိုက်သည်။ အနားကို ရောက်မလာခင် သူ၏ချီစွမ်းအင်များက ပေါက်ကွဲထွက်လာခဲ့၏။
သူ၏လက်ချောင်းများဆီမှ ပေါက်ကွဲလာသော စွမ်းအားများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး သူ၏သွေးထဲတွင် အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။
"သတိထား... "
ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့က တစ်ချိန်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့က ဓားနှင့် လက်ဝါးကို မြှောက်ပြီး ကူညီပေးရန် ပြင်ဆင်လိုက်ကြ၏။
မုန့်ချီ၏ တာအိုသခင်ဝတ်စုံတွင် ပိုးခါးပတ်လေးတစ်ခု ရှိနေသည်။ သူ့နောက်ကျောတွင် ရှိနေသော လူက လရောင်ထဲ၌ ပေါ်လာသည့်အချိန်တွင် သူက ဓားကို နောက်ပြန်လှမ်းထိုးလိုက်သည်။
ဓား၏အရှိန်အဝါက ပြီးပြည့်စုံလွန်းလှပြီး အရာအားလုံးကို ထိန်းသိမ်းထားနိုင်သလို ထင်မှတ်ရသည်။ ပြောင်းလဲမှုများ လေစီးကြောင်းများအားလုံးကိုလည်း စုပ်ယူနိုင်၏။ တိုက်ခိုက်သူ၏ လက် (၁၀) ချောင်းမှ စွမ်းအားများက တိတ်တဆိတ် စုပ်ယူခံလိုက်ရသည်။
ထိုလက်ချောင်းလေးများက လေဟာနယ်ကိုပင် ဆုပ်ကိုင်မိခဲ့ခြင်း မရှိချေ။ လေဟာနယ်က ပေါက်ကွဲသွားခဲ့ပြီး ယင်နှင့်ယန်အဖြစ် ကွဲသွားခဲ့၏။ အလွန်နှေးကွေးသော ဓားမောက်အရှိန်အဝါ ပါဝင်နေသည့် ဓားမောက်ထဲတွင်တော့ မြောက်မြားလွန်းလှသော ပြောင်းလဲမှုများ ပါဝင်နေသလို ထင်မှတ်ရသည်။
ပြောင်းလဲမှုတစ်ခုချင်းဆီက အလွန်အမင်းကို လျင်မြန်လှပြီး ထွက်ပြေးနိုင်သည့် လမ်းကြောင်းပေါင်းစုံကို ပိတ်ဆို့ထားခဲ့သည်။ တိုက်ခိုက်သူဆီတွင် အစွမ်းရှိသော်လည်း ကမ္ဘာမြေကြီးထဲသို့ ပထမဆုံး စုပ်ယူခံလိုက်ရသည့်အချိန်တွင် သူ၏ကိုယ်ဖော့ပညာ အသာစီးရမှုက ဖျက်ဆီးခံလိုက်ရသည်။
ဝင်ရောက်လာသော ဓားမောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူလည်း ပြေးစရာ နေရာမရှိတော့ပေ။ ဓားမောက်စွမ်းရည်များက ဖြည်းညင်းစွာ ကျဆင်းလာခဲ့၏။ သို့သော် ထိုအရာက တိုက်ခိုက်သူအတွက် အိပ်မက်ဆိုးကြီးတစ်ခုပမာ ထင်မှတ်ရသည်။ သူက လုံးဝထွက်ပြေးနိုင်ခဲ့ခြင်း မရှိချေ။
ဓားမောက်က သူ့ကို တိုက်ခိုက်လိုက်သည့်အချိန်မှသာ သူက လက်ဝါးနှင့် အလျင်အမြန် တုံ့ပြန်လိုက်ရသည်။ ပြောင်းလဲမှုများ ပါဝင်နေသော ဓားချီစွမ်းအင်များ နှင့်အတူ ဓားမောက်က သူ၏လက်ဝါးကြားထဲမှ လွတ်ထွက်သွားခဲ့သည်။ ထိုဓားက မိုးကြိုးစပါးအုံးမြွေကြီးတစ်ကောင်ကဲ့သို့ တိုက်ခိုက်သူ၏ ချီစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်၏။
"ချွမ်... "
ဓားမောက်က ဓားအိမ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ တိုက်ခိုက်သူက လက်ဝါး (၂)ဖက်ကို လက်အုပ်ချီပြီး တောင်းပန်နေသလို ထင်မှတ်ရသော်လည်း သူ၏လည်ပင်းတွင် အလွန်နက်ရှိုင်းသော ဓားရာကြီးတစ်ခု ရှိနေသည်။ သူ၏ဒဏ်ရာမှနေ၍ အနီရင့်ရောင်သွေးများ စီးကျလာနေပြီး နှင်းများပေါ်တွင် စွန်းထင်သွားခဲ့သည်။
"အလစ်ချောင်း တိုက်ခိုက်တာကို သတိထား... "
တိုက်ခိုက်သူက လဲကျသွားသည့်အချိန်မှသာ ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့က စကားဆုံးသွားခဲ့သည်။ သူတို့က လက်ဝါးနှင့်ဓားကို ဆွဲထုတ်လိုက်ရုံသာ ရှိသေး၏။
"တော်တော်အစွမ်းထက်တဲ့ဓားသိုင်းပညာပဲ ..”
“တော်တော်ကို လျင်မြန်တဲ့ဓားသိုင်းပဲ…"
မျက်စိတမှိတ်အတွင်း သူက ကြောက်စရာကောင်းသည့် အစွမ်းရှိနေသော ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့သည်။ သူတို့က တိုက်ခိုက်သူနှင့် မုန့်ချီတို့ကိုကြည့်ပြီး အလွန်ထိတ်လန့်အံ့ဩနေကြ၏။
မုန့်ချီကတော့ သူပြသလိုက်သော ဓားမောက်သိုင်းပညာကို အလွန်ကျေနပ်နေပြီး သူတို့ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ နတ်ဆိုးကမ္ဘာအပိုင်းအစထဲတွင် ကျန်းကျိဝေ၏ဓားချက်ကို ရင်ဆိုင်ခဲ့ရပြီးနောက် သူ၏ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့က ပို၍ပင် တိုးတက်လာခဲ့သည်။ သူက နားလည်ထားခဲ့သော အနှစ်သာရများကို ကောင်းကင်ဓားကျင့်စဉ်ထဲသို့ ပေါင်းစပ်ခဲ့ပြီး တူညီသော အခြေအနေနှင့် မတူညီသော အားနည်းချက်များကို ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်။ သူက ဓားပြန်လာခြင်းအဆင့်ကို ရောက်ပြီး စိတ်ကြိုက်အသုံးပြုနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
တိုက်ခိုက်သူက ကြောက်စရာကောင်းသောအစွမ်းကို ပိုင်ဆိုင်ထားသည့်အတွက် မဟာတံတိုင်းမှ ခါးကုန်းကြီးက သူ၏အလောင်းကို ကိုင်ကြည့်ပြီး စစ်ဆေးကြည့်လိုက်သည်။
"ဒါက ပိုင်ကျန်းလုံပဲ…"
သူက မှင်တက်သွားခဲ့၏။ ပိုင်ကျန်းလုံက တာအိုသခင်ချင်းယွင်၏ ဓားချက်အောက်တွင် ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ သေဆုံးသွားခဲ့ရသည်။
သူက တပ်မှူး (၈) ယောက်ထဲတွင် ဒုတိယအစွမ်းထက်ဆုံး မဟုတ်ပေလော။ မူလတုန်းကတော့ တိုက်ခိုက်သူက လကျေးရွာမှ သာမန်တံခါး (၉) ပေါက်အဆင့် ပညာရှင် တစ်ယောက်ဟုသာ ထင်ထားခဲ့သည်။ နှင်းပွင့်လေးများ သူ၏မျက်နှာပေါ်သို့ ကျဆင်းလာသော်လည်း သူကတော့ အေးစက်မှုကို မခံစားခဲ့ရပေ။ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက အိပ်မက်တစ်ခုသဖွယ် ခံစားနေရ၏။
ပိုင်ကျန်းလုံကို အေးအေးဆေးဆေး သတ်ပစ်လိုက်သည့်အတွက် သူက ဝေ့ကျင်းတစ်ဝက်အဆင့် အစွမ်းမျိုး ရှိနေသည်ဟု ဆိုနိုင်သည်။ သို့သော် တာအိုသခင်ချင်းယွင်က မျက်ခုံးကြား လျှို့ဝှက်တံခါးပွင့်နေသော လူတစ်ယောက်နှင့် မတူပေ။
ကြိုးနီမိန်းမပျိုကလည်း မယုံကြည်နိုင်ခဲ့သလို ရေရွတ်နေမိ၏။ ပိုင်ကျန်းလုံက အမှန်တကယ်ကို တပ်မှူး (၈) ယောက်ထဲမှ တစ်ယောက်ပေလော။ တာအိုသခင်ချင်းယွင်က လက်လှုပ်ရုံသာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
"အဲဒါက ပိုင်ကျန်းလုံလား ။ သူက သိပ်မဆိုးပါဘူး…"
မုန့်ချီက အလောင်းကို စိုက်ကြည့်လိုက်သည်။ ပိုင်ကျန်းလုံက မည်သည့်လက်နက်ကိုမျှသုံးပုံမရချေ။ အဘယ်ကြောင့်ဆိုသော် ထိုက်ရင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်က လရောင်၏စွမ်းအားများကို ငှားယူရခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် သူ၏အဝတ်ပါးလေးများအောက်တွင် မည်သည့်ပစ္စည်းကိုမျှသယ်ဆောင်ထားခြင်း မရှိချေ။
သူက နှင်းပေါ်တွင် ရှိနေသော အနီရောင်သွေးများကိုသာ ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
"တပ်မှူး (၈) ယောက်က ပေါ်လာပြီဆိုမှတော့ နောက်ထပ် လမ်းရှင်းသွားပါပြီ…"
ထို့နောက် မုန့်ချီက အလျင်အမြန် ဆက်လျှောက်သွားခဲ့သည်။ သူကတော့ နှင်းများပေါ်တွင် ထိရုံသာ ထိနေသလို ထင်မှတ်ရသည်။ သူ၏ဝတ်စုံက လေထဲတွင် လှုပ်ရှားသွားပြီး သူ၏လက်ထဲတွင်လည်း ဓားကို ကိုင်ထားခဲ့သည်။ သူ့ပုံစံကတော့ လွတ်လပ်ပေါ့ပါးနေသလို ထင်မှတ်ရ၏။
ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့ကလည်း အံ့ဩမှင်တက်နေရာမှ သတိပြန်ဝင်လာကြသည်။
"ဒါက အနာဂတ်တန်းကန်အင်ပါယာပဲ…"
…………
နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က တောင်တန်းနှင့်မြစ်များဘေးတွင် တည်ရှိနေပြီး အနောက်ဘက်တွင် နှင်းဖုံးသစ်တောကြီးများ ရှိနေသည်။ ထိုတောင်တန်းက အလွန်အမင်းကို ကျယ်ပြန့်လှ၏။
သူတို့က ထိုနေရာသို့ ရောက်လာသည့်အချိန်တွင် မနက်စောစောသာ ရှိနေသေးသည်။ ဆောင်းရာသီတွင် နေ့တာတိုပြီး ညတာရှည်သည့်အတွက် ထိုနေရာက အနည်းငယ်မှောင်နေသေး၏။
စံအိမ်တစ်ခုလုံးကို သေချာစီစဉ်ထားပြီး အနီရောင် စာရွက်များ နေရာတိုင်းတွင် ချိတ်ဆွဲထားသည့်အတွက် ပျော်ပွဲရွှင်ပွဲတစ်ခု ရှိနေသလို ထင်မှတ်ရသည်။ သို့သော် အစေခံ အနည်းငယ်က တစ်ညလုံး ထိတ်လန့်ကြောက်ရွံ့စွာ စောင့်ကြပ်နေရသလို ထင်ရ၏။ သူတို့၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုမျိုး မရှိချေ။
ထိုအချိန်တွင် အဝေးမှနေ၍ အဖွဲ့တစ်ဖွဲ့ မြင်းစီးလာနေသည့်အသံကို ကြားလိုက်ရသည်။ သူတို့က ဗုံများ ၊ တူရိယာများကို တီးခတ်နေပြီး သတို့သမီးကို လက်ခံရန် ရောက်လာသော သတို့သားကဲ့သို့ထင်မှတ်ရသည်။
"လကျေးရွာက ဒီကိစ္စကို ဒီလောက်မြန်မြန်ဖြေရှင်းပြီး မင်္ဂလာပွဲကို ရှေ့တိုးလိမ့်မယ်လို့ မထင်ထားဘူး ။ မင်္ဂလာပွဲကို ရှေ့တိုးလိုက်တာပဲ…"
ကြိုးနီမိန်းမပျို၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ ထိုအဖွဲ့ထဲတွင် အလွန်အစွမ်းထက်သော ပညာရှင်တစ်ယောက် ပါလာနိုင်သည်။ ထိုအရာက ခရမ်းနေမင်းဓားဘုရင် သို့မဟုတ် သွေးစိမ်းနဂါးဘုရင်တို့ပင် ဖြစ်နေနိုင်၏။
မဟာတံတိုင်းမှခါးကုန်းကြီးကလည်း မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"သူတို့က မင်္ဂလာပွဲကို တခြားသူတွေ မလာနိုင်အောင်လို့ တမင်တကာ သတင်းအမှားဖြန့်လိုက်တာပဲ ။ ဒါဆိုရင် သူတို့က မင်္ဂလာပွဲကို အေးအေးဆေးဆေး ကျင်းပလို့ရပြီ ။ တော်တော်ကို ကောက်ကျစ်စဉ်းလဲတဲ့ လကျေးရွာသခင်ကြီးပဲ…"
မုန့်ချီက ဘယ်လက်တွင် ဓားကို ကိုင်ထားပြီး နောက်ကျောတွင် ဓားရှည်ကို ချိတ်ထားသည်။ လေထဲတွင် သူ၏ တာအိုသခင်ဝတ်ရုံက လှုပ်ရှားနေပြီး နံရံထောင့်တွင် ရှိနေသော အနီရောင်ပန်းပွင့်များနှင့် အလွန်သေးငယ်သော နှင်းလွှာများကို ကြည့်နေသည်။ သူက လမ်းတလျှောက်တွင် ထိုအရာများအားလုံးကို မှတ်မိနေပုံရ၏။
"အချိန်မီရောက်လာတာပဲ ။ မိန်းကလေးဟွမ်ဖူကို အရင်ဆုံး သွားရှာပြီး သူဘာပြောမလဲ ကြည့်ကြစို့…"
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
Translated by Hein Htet