← Chapters

အခန်း (၃၇၄)

Vol. 25 Ch. 374

အခန်း (၃၇၄)

Vol. 25 Ch. 374

မင်္ဂလာပွဲကျင်းပတော့မည့်အချိန်တွင် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်၏ ပင်မတံခါးကြီးကို ဖွင့်ထားခဲ့သည်။ သို့သော် ထိုနေရာတွင် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ လူအနည်းငယ်သာ စောင့်ရှောက်နေကြ၏။ အများစုကတော့ အဖြူရောင်ဝတ်စုံဝတ်ထားသော လကျေးရွာမှ တပည့်များ ဖြစ်ကြသည်။

တံခါးဝတွင် ပြည့်နှက်နေသော နှင်းများကိုလည်း တောင်ကုန်း၏ဘေးတွင် ရှိနေသော သစ်ပင်များဆီသို့ လှည်းထားပြီး အနီရောင်ပန်းပွင့်များနှင့် ဆင်ယင်ထားသည်။

မုန့်ချီက ဘယ်လက်ထဲတွင် ဓားမောက်ကို ကိုင်ပြီး ပင်မတံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်ကို ကြိုးနီမိန်းမပျိုနှင့် ခါးကုန်းကြီးတို့က အေးအေးဆေးဆေး စိုက်ကြည့်နေကြသည်။ သူတို့က အလွန်ထိတ်လန့်သွားကြ၏။

သူတို့က မိန်းကလေးဟွမ်ဖူကို ရှာဖွေရန် ထိုနေရာသို့ တိတ်တဆိတ် ဝင်ရောက်ကြမည် မဟုတ်ပေလော။ သူက အစောင့်အကြပ်များ ချထားသော ရှေ့တံခါးမှ ဝင်ရန် စဉ်းစားနေခြင်းပေလော။ သူက လူတိုင်းကို အစုလိုက် အပြုံလိုက် သတ်ပစ်ပြီး နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို သွေးချောင်းစီးအောင် လုပ်ဆောင်လိုခြင်းပေလော။

သို့သော် သတို့သမီးခေါ်ဆောင်ရေးအဖွဲ့က အနီးအနားတွင် ရောက်နေသည်။ သူတို့က တစ်ဖက်တွင် ရှိနေသော တောင်ကုန်းကို ကျော်လာပြီးလျှင် ရောက်လာကြမည်ဖြစ်၏။ ထိုအထဲတွင် အနည်းဆုံး အစောင့်အရှောက်တစ်ယောက် ပါလာနိုင်သည်။

တာအိုသခင်ဝတ်ရုံ၊ ခါးတွင် ပိုးခါးပတ်၊ ခြေထောက်တွင် မြက်ဖိနပ်စီးပြီး ဘယ်လက်ထဲတွင် ဓားမောက်တစ်ချောင်းကို ကိုင်ထားသော သူ့ပုံစံက အလွန်လွတ်လပ်ပေါ့ပါးသော တာအိုသခင်တစ်ယောက်နှင့် တူညီနေသည်။

ထိုအရာက အနားသို့ ရောက်လာသော တာအိုသခင်ကိုကြည့်ပြီး လကျေးရွာမှ တပည့်များ၏ မျက်နှာပေါ်တွင် ပထမဆုံး ပေါ်လာခဲ့ခြင်းဖြစ်သည်။

"မင်းက ဒီကိုဘာလာလုပ်တာလဲ.."

တပည့်တစ်ယောက်က ကျယ်လောင်စွာ အော်မေးလိုက်၏။

မုန့်ချီက ပြုံးလိုက်သည်။

"ငါက တောင်ထိပ်သခင်ဟွမ်ဖူရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ငါတို့က အသက်ကွာခြားပေမယ့် အရမ်းကို ရင်းနှီးကြတယ်။ မိန်းကလေးဟွမ်ဖူက လက်ထပ်တော့မှာကို ကြားတဲ့အတွက် သူတို့ရဲ့လက်ထပ်ပွဲကို လာပြီးတက်တာ…"

သူက အလွန်ထူးဆန်းစွာ ပြောလိုက်ရာ လမ်းတစ်လျှောက်တွင် ပန်းပွင့်များ ပွင့်လန်းလာသလို ထင်မှတ်ရ၏။ ဘာကြောင့်မှန်း မသိသော်လည်း ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး တာအိုသခင်တစ်ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် လကျေးရွာမှ တပည့်များကတော့ ယုံကြည်ရသော လူတစ်ယောက်ဟု ခံစားမိလိုက်သည်။ သူတို့က တာအိုသခင်ကို သူတို့၏လက်ထဲတွင် ကိုင်ထားသော ဓားတစ်လက်နှင့် သူတို့၏မိဘများကဲ့သို့ပင် ယုံကြည်နေကြ၏။

"ကျေးဇူးပြုပြီး အထဲကို ဝင်ပါ.."

သူက မုန့်ချီကို အထဲသို့ ဝင်ခွင့်ပေးလိုက်သည်။

ကြိုးနီမိန်းမပျိုက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိပြီး မဟာတံတိုင်းမှ ခါးကုန်းကြီးက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ မုန့်ချီက စကားအနည်းငယ်ပြောလိုက်ရုံနှင့် ဘာ့ကြောင့် အထဲသို့ ဝင်နိုင်ရသနည်း။ အကယ်၍ ထိုမျှ လွယ်ကူနေမည်ဆိုလျှင် သူတို့က ဘာ့ကြောင့် ထိုနေရာကို ခိုးကြောင်ခိုးဝှက်ဝင်ရန် စဉ်းစားနေမည်နည်း။ ထိုအရာက အလွန်ထူးဆန်းသောကျောင်းတော်၏ တာအိုသိုင်းပညာတစ်ခုပေလော။

သူတို့က မုန့်ချီ၏နောက်မှလိုက်လာသော်လည်း မျက်နှာပေါ်တွင် အနည်းငယ် မသက်မသာ ခံစားနေရသည်။ သူတို့က မင်္ဂလာပွဲကို တားဆီးချင်ကြသည့်အတွက် လကျေးရွာမှ တပည့်များက စိုက်ကြည့်နေသည့်အချိန်တွင် ရင်ထဲ၌ တဒိန်းဒိန်း ခုန်နေခဲ့သည်။

သူတို့က တာအိုသခင်ချင်းယွင်နှင့် လုံးဝကိုကွဲပြား၏။ သူတို့၏လှုပ်ရှားမှုများက ညအချိန်တွင် ပန်းပွင့်များ လိုက်ကောက်နေသလို ဖြစ်နေသည်။

ဝင်ပေါက်တံခါးကြီးကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီက နေရာအသီးသီးတွင် ရှိနေသော အစောင့်ပေါင်းများစွာကို ထူးဆန်းစွာ ကျော်ဖြတ်သွားခဲ့သည်။ သူ့အတွက်တော့ ထိုအရာက အလွန်လွယ်ကူနေသလို ထင်မှတ်ရ၏။ သူတို့ကတော့ ထူးဆန်းနေသလို မခံစားရဘဲ သူ့ကို မေးခွန်းတစ်ခုမျှ မမေးကြပေ။

ထို့ကြောင့် မုန့်ချီက ပင်မခန်းမဆီသို့ လျှောက်လာနိုင်ခဲ့သည်။ ထိုအရာက သတို့သမီး လက်ခံသည့် မင်္ဂလာပွဲသာဖြစ်ပြီး တရားဝင်မင်္ဂလာဆောင်ခြင်း မဟုတ်သေးပေ။ ထို့ကြောင့် ဧည့်သည်များကို သေချာရွေးချယ်ထား၏။ နတ်ဘုရားစုစည်းခြင်း တောင်ထိပ်အတွက် တိုက်ခိုက်လိုသောလူများကိုတော့ ဝင်ခွင့်မပေးပေ။

ထို့ကြောင့် ပင်မခန်းမကြီးထဲတွင် အစောင့်အနည်းငယ်သာ ရှိနေသည်။ အခြေအနေကလည်း အိုးတိုးအမ်းတမ်းဖြစ်နေပြီး ဧည့်သည်များက အဖွဲ့လိုက်စု၍ အချင်းချင်းစကားပြောနေကြသည်။ သူတို့အတွက်တော့ ဒုက္ခရောက်မည့်အချိန်ကို ရောက်လာတော့မလို ထင်မှတ်ရသည်။

ရုပ်တရက်ဆိုသလို အဖွဲ့တစ်ဖွဲ့က တံခါးဆီသို့ လျှောက်လာခဲ့၏။ ယောကျ်ား(၂)ယောက်နှင့် မိန်းမပျို(၁)ယောက် ဖြစ်သည်။ ရှေ့မှ လျှောက်လာသော လူကတော့ အလွန်ချောမောခန့်ညားသော တာအိုသခင်ငယ်လေး တစ်ယောက်ဖြစ်ပြီး တခြား(၂)ယောက်ကတော့ သူ့နောက်မှ လိုက်လာခြင်းဖြစ်သည်။

"ဒါက မိန်းကလေးဟုန်ရှန်းနဲ့ မဟာတံတိုင်းမှ ခါးကုန်းကြီးမဟုတ်လား.."

လူတစ်ယောက်က အံ့သြသွားခဲ့ပြီး အလွန်ထိတ်လန့်အံ့သြစွာ ပြောလိုက်မိသည်။ သူတို့နှစ်ယောက်က သိုင်းလောကတွင် အနည်းငယ်နာမည်ကျော်ကြား၏။ သူတို့က မင်္ဂလာပွဲကို ဖျက်ဆီးပြီး မိန်းကလေးဟွမ်ဖူကို ကယ်တင်မည်ဟုပင် တရားဝင်ကြေညာထားခဲ့သည်။ လကျေးရွာက သူတို့ကို အစွမ်းကုန်တားဆီးလိမ့်မည်ဟု သူတို့က တွေးထားမိကြ၏။

သို့သော် ယခုတော့ တံခါးရှေ့ကို ရောက်လာကြသည်။ သူတို့အားလုံးက မိန်းကလေးဟုန်ရှန်းနှင့် ခါးကုန်းကြီးတို့ကို သေချာစိုက်ကြည့်နေကြ၏။ မည်သည့်အရာများ ဖြစ်နေကြောင်း ဧည့်သည်များကလည်း မသိကြတော့ပေ။

သူတို့က လကျေးရွာကို အညံ့ခံလိုက်ကြခြင်းပေလော။ သို့မဟုတ် လကျေးရွာ၏ အတားအဆီးများကို ဖြတ်ကျော်လာခြင်းပေလော။ လူတစ်ယောက်က အခြေအနေကို မေးမြန်းတော့မည့် အချိန်တွင် တစ်စုံတစ်ခုလွဲမှားနေကြောင်း နားလည်သွား၏။

မိန်းကလေးဟုန်ရှန်းနှင့် ခါးကုန်းကြီးတို့က သူတို့၏ရှေ့တွင် ရှိနေသော တာအိုသခင်လေး၏ နောက်မှနေ၍ တိတ်တဆိတ် လိုက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့က ခေါင်းဆောင်ကဲ့သို့ မဟုတ်ဘဲ အကူကဲ့သို့ ထင်မှတ်နေရ၏။

"အဲဒီတာအိုသခင်လေးက ဘယ်သူလဲ။ သူက သူတော်စင်တစ်ယောက်များလား..”

“အကန့်အသတ်မဲ့အင်မော်တယ်က အခုချိန်ထိ ရောက်မလာသေးဘူးလေ…"

သူတို့အားလုံးက တီးတိုးစကားသံများကို ပြောနေရသည်။ သူတို့က သံသယဝင်စွာ ကြည့်နေကြသည့်အချိန်တွင် မုန့်ချီတို့ကတော့ ပင်မတံခါးကြီးဆီသို့ လျှောက်လာခဲ့ကြ၏။

"ရပ်လိုက်..."

ဝင်ပေါက်ရှေ့တွင် လူပေါင်းများစွာ ရပ်နေကြသည်။ သူတို့အားလုံးက အသက်ကြီးပုံ မပေါ်သေးပေ။ သူတို့က နတ်ဘုရားစုစည်းခြင်းတောင်ထိပ်၏ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်သံလှံများ ကိုင်ထားကြသည်။

မုန့်ချီ၏လမ်းတွင် ပိတ်ရပ်နေသူကတော့ ထောင်ထောင်မောင်းမောင်းနှင့် ကြံ့ခိုင်သန်စွမ်းသော လူငယ်လေး တစ်ယောက်ဖြစ်သည်။ သူ့ဆီတွင် နဖူးပြောင်ပြောင်နှင့် နှာခေါင်းချွန်ချွန်ရှိသည်။

မုန့်ချီ စကားပြောသည်ကို စောင့်မနေဘဲ မိန်းကလေးဟုန်ရှန်းက အလျင်အမြန် ပြောလိုက်၏။

"ငါတို့က မိန်းကလေးဟွမ်ဖူကို တွေ့ဖို့လာခဲ့တာ.."

"မင်္ဂလာပွဲက ကျင်းပတော့မယ်။ သတို့သမီးက အပြင်လူတစ်ယောက်ကို တွေ့လို့ရမလား…"

လူငယ်က အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် မိန်းကလေးဟုန်ရှန်းက ဒေါသတကြီး ထွက်လာခဲ့၏။ သူမက လူငယ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

"နင် အတင့်ရဲလှချည်လား ကျုံးနင်.. ။ ဆရာကြီးဟွမ်ဖူက နင့်ရဲ့နိမ့်ကျတဲ့ အဆင့်အတန်းကို ဂရုမစိုက်ဘဲ သူ့တပည့်တစ်ယောက်အဖြစ် လက်ခံပေးခဲ့တာ။ နင်ကတော့ လကျေးရွာနဲ့ ပူးပေါင်းပြီး သူတို့ကို သစ္စာဖောက်တယ်။ အပြင်လူအတွက် ကူညီပေးပြီး မိန်းကလေးဟွမ်ဖူကို စောင့်ကြည့်နေတယ်..."

ထိုလူငယ်ကတော့ ဟွမ်ဖူတောင်၏ နံပါတ်(၇)တပည့် ကျုံးနင်ဖြစ်သည်။

ကျုံးနင်က အနည်းငယ် မျက်နှာပျက်သွား၏။

"ကြိုးနီမိန်းမပျို..

မင်္ဂလာပွဲက နှစ်ဖက်လုံးအတွက်အကျိုးရှိတယ်။ ကျွန်တော်တို့က နတ်ဘုရားစုစည်းခြင်းတောင်ထိပ် နှစ်ပေါင်း(၁၀၀၀)လောက် တည်တံ့ဖို့အတွက် လုပ်နေတာ။ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က ဆရာကျိယွဲ့ရဲ့လက်ထဲမှာ ပျက်စီးသွားမှာကို တကယ်ပဲ မြင်ချင်လို့လား…"

မိန်းကလေးဟုန်ရှန်းက အလွန်ဒေါသထွက်နေခဲ့သည်။ သူမက ကျုံးနင်ကို တိုက်ခိုက်တော့မည်အချိန်တွင် မုန့်ချီက လက်ကိုမြှောက်လိုက်ပြီး သူမ၏ပုခုံးကို ညင်သာစွာ ဖိနှိပ်လိုက်သည်။ ထိုအချိန်ကျမှသာ သူမ၏ခံစားချက်များကို ထိန်းချုပ်နိုင်ခဲ့၏။

တစ်စုံတစ်ယောက်က မိန်းကလေးဟုန်ရှန်း၏ဒေါသကို ထိန်းချုပ်နိုင်သည့်အတွက် ကျုံးနင်က အလွန်အံ့သြသွားသလို ခံစားလိုက်ရသည်။

မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။

"ဒကာလေးကျုံး..

ငါက တောင်ထိပ်သခင်ဟွမ်ဖူရဲ့မိတ်ဆွေ ချင်းယွင်ပါ။ ငါက ဒီနေ့လို ဓားသိုင်းပညာကို အောင်မြင်ခဲ့တယ်ဆိုတာ သူ့ရဲ့အကြံပေးမှုတွေကြောင့်ပဲ။ အခု တောင်ထိပ်သခင်ဟွမ်ဖူက ပျောက်နေပြီ။ မိန်းကလေးဟွမ်ဖူကလည်း ရုတ်တရက် လက်ထပ်လိုက်ရတယ်ဆိုတော့ ငါက ဒီကိစ္စကို မေးဖို့ ရောက်လာခဲ့တာ။ မဟုတ်ရင် ငါက စိတ်အေးနိုင်မှာ မဟုတ်ဘူး…"

သူ၏စကားလုံးများက အလွန်သိမ်မွေ့ညင်သာနေသည်။ သို့သော် အလွန်ပြင်းထန်သော တားမြစ်ချက်များ သယ်ဆောင်ထား၏။ မည်သူကမျှသူ့ကို တားဆီးနိုင်ခြင်း မရှိသလို ထင်မှတ်ရသည်။

"တာအိုသခင်ချင်းယွင်..

သတို့သမီးကိုတွေ့ဖို့အတွက် ဘယ်လိုအကြောင်းပြချက်မျိုး ပေးမလို့လဲ…"

ကျုံးနင်ကတော့ လုံးဝလက်မခံနိုင်ခဲ့ပေ။ ယခု သူက လကျေးရွာ၏ လူတစ်ယောက် ဖြစ်နေသည့်အတွက် သူ့တာဝန်ကို အကောင်းဆုံးထမ်းဆောင်ရမည်ဖြစ်သည်။

မုန့်ချီက သူ၏ဓားလက်ကိုင်ပေါ်သို့ ညာလက်ကို ဖြည်းညင်းစွာ တင်လိုက်သည်။ သူ၏စကားလုံးထဲတွင် ဒေါသများလုံးဝမရှိချေ။

"ဒီလိုဆိုမှတော့ ငါက တောင်ထိပ်သခင်ဟွမ်ဖူရဲ့ကိုယ်စား မင်းကို ဆုံးမပေးရတော့မှာပေါ့…"

ကျုံးနင်က ဒေါသထွက်သွားခဲ့၏။ မုန့်ချီက သူ့ဓားကိုဆွဲထုတ်လိုက်သည့်အချိန်တွင် သူ၏ထူးခြားဆန်းကြယ်မှုများ လုံးဝပျောက်ကွယ်သွားသည်။ သူက ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် ထိုပုံစံကို အကြိမ်ပေါင်းများစွာ တစ်ထပ်တည်း လုပ်ဆောင်ခဲ့ဖူးသလို ထင်မှတ်ရ၏။

သူလှမ်းလိုက်သော ခြေလှမ်းတိုင်းကလည်း တူညီသောအကွာအဝေးရှိနေသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်နှင့် ဓားသိုင်းပညာအပေါ် အလွန်အမင်းထိန်းချုပ်နိုင်ကြောင်း ပြသနေသည်။

"ထွက်သွားစမ်းးး…."

ကျုံးနင်က အော်ဟစ်လိုက်ပြီး တစ်စုံတစ်ခုကို လှမ်းထိုးလိုက်သည့်အလား သူ့လှံနှင့် တိုက်ခိုက်လိုက်သည်။ ထိုလှံထဲတွင် အလွှာ(၅)လွှာ ပါဝင်နေသလို ထင်မှတ်ရပြီး ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအင် အနည်းငယ်လည်း ရှိနေသည်။

ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ ဓားချီစွမ်းအင်တစ်ခုနှင့် အလွန်ပါးလွှာသော ငွေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ သူက ဓားအရှိန်အဝါကို လုံးဝမဖမ်းမိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ ခံစားခဲ့ရသည်မှာ လှံကိုကျော်လာသော ဓားတစ်လက်သာ ဖြစ်သည်။

ထိုအချိန်တွင် သူ့ရင်ထဲ၌ ခံစားချက်အားလုံး ထွက်ပေါ်လာခဲ့၏။ သူက သူ့ဆရာ၏ ရှေ့တွင် မတ်တပ်ရပ်နေရသလို ခံစားနေရ၏။ သူက သူ့ဆရာနှင့် လေ့ကျင့်ခဲ့သည့် အချိန်တွင် ထိုကဲ့သို့ လျှပ်စီးကြောင်းပမာ တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသည်။

ကျုံးနင်က သူ့လှံနှင့် တိုက်ခိုက်မှုကို တားဆီးရန်ကြိုးစားလိုက်သည်။ သူက ဓားချီစွမ်းအင်များကို ဖယ်ရှားရန် ကြိုးစားလိုက်သည့်အချိန်တွင် ပြိုင်ဖက်၏ဓားက အမှန်တကယ် မရှိကြောင်း နားလည်သွားခဲ့၏။

"ဝှစ် ဝှစ် ဝှစ်…."

ငွေရောင်လျှပ်စီးကြောင်း (၇)ခု တောက်ပလာပြီး တစ်ခုချင်းဆီက အချင်းချင်း ဆက်သွယ်၍ သူတို့ကြားထဲတွင် စက်ဝိုင်းတစ်ခု ဖြစ်လာခဲ့သည်။

အနားတွင် ရှိနေသော တပည့်များကလည်း တူညီစွာခံစားလိုက်ရ၏။ အလွန်ချောမောခန့်ညားသော တာအိုသခင်က စက္ကန့်ပိုင်းလေးအတွင်း ဓားချက်(၇)ချက် တိုက်ခိုက်ခဲ့သည်။

"ချွမ်..."

မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကျုံးနင်ကို ဖြတ်ကျော်သွားခဲ့သည်။

ကျုံးနင်၏ နဖူးမှနေ၍ ချွေးများ စီးကျလာနေသည်။ သူ၏အနက်ရောင် ဆံပင်မွှေးတစ်ခုက ပြတ်ကျသွားပြီး စုစုပေါင်းဆံပင်မွေး(၇)ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ဆံပင်မွှေး(၁)ချောင်း ပိုလာခြင်း မရှိသလို လျော့ကျသွားခြင်းလည်း မရှိချေ။

သူ၏နောက်ကျောတွင် ချွေးများစိုရွှဲနေပြီး လက်က တုန်ယင်နေသလို ခံစားနေရ၏။ သူက မုန့်ချီကို တားဆီးချင်နေသော်လည်း မည်မျှကြိုးစားစေကာမူ လှံကိုမြှောက်နိုင်ခြင်းပင် မရှိခဲ့ပေ။ သူက အိပ်မက်ဆိုးကြီးတစ်ခုထဲတွင် ပိတ်မိသွားသလို ခံစားနေရသည်။ ကျုံးနင်က တာအိုသခင်လေး ဖြတ်ကျော်သွားသည်ကိုသာ မျက်လုံးပြူး၍ ကြည့်နေခဲ့ရသည်။ ဧည့်သည်များ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှုများကိုလည်း တွေ့နေရသည်။

မုန့်ချီက မိန်းကလေးဟုန်ရှန်းနှင့် ခါးကုန်းကြီးတို့ကို တံခါးအတွင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

…………

အခန်းထဲတွင်တော့ အလွန်နူးညံ့သိမ်မွေ့ပြီး လှပပုံရသော ဟွမ်ဖူဖေးက အနီရောင်သတို့သမီးဝတ်စုံ၊ ဇာမဏီဆံထိုးနှင့် ရွှေချည်ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမက အိပ်ယာဘေးတွင် ထိုင်နေပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့၏။

သခင်မကြီးဟွမ်ဖူကတော့ ရင့်ကျက်တည်ငြိမ်သော အလှတရားများရှိနေသည်။ သူမက အသက်မကြီးသေးသော်လည်း ရင့်မှည့်နေသော သစ်သီးတစ်လုံးကဲ့သို့ ဖြစ်နေ၏။ သို့သော် သူမ၏အနက်ရောင်ဆံပင်များထဲတွင် ငွေရောင်ဆံပင်ဖြူတချို့ရှိနေ၏။

ဤအချိန်အတောအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကြောင့် သူမ၏ကျန်းမာရေးက ထိခိုက်လာခဲ့ပြီး ဆံပင်များက စောစောဖြူလာခဲ့ခြင်းဖြစ်သည်။ သူမ၏သမီးကိုကြည့်ပြီး သူမကလည်း ငိုကြွေးနေမိ၏။

"အမေ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး။ အမေက သမီးအဖေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အမေတို့မိသားစု ပျက်စီးသွားမှာကို လက်မခံနိုင်ဘူး…"

ဟွမ်ဖူဖေး၏အသံက တုန်ယင်နေသည်။ ထိုအသံက ငရဲပြည်မှရောက်လာသလို ထင်မှတ်ရ၏။

"အမေ... သမီးနားလည်ပါတယ်…"

ဤကမ္ဘာကြီးထဲတွင် စွမ်းအားသာရှိသည်။ တရားမျှတမှုဟူသောအရာ မရှိချေ။ အကယ်၍ သူတို့ကသာ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ကယ်တင်ချင်သည်ဆိုလျှင် သူမကိုယ်သူမ အားကိုးရမည်သာဖြစ်ပြီး သူမကို စွန့်လွှတ်လိုက်ရန်သာရှိသည်။

သို့သော် အမေနှင့်သမီးကတော့ တိတ်တဆိတ်မျက်ရည်များ ကျနေကြသည်။ ထိုအချိန်တွင် အခန်းထဲ၌ လေအေးတစ်ခု တိုက်ခတ်လာသည့်အတွက် သူတို့က တုန်လှုပ်သွားခဲ့သည်။

သူတို့က ပြန်လှည့်ကြည့်လိုက်ရာ အလွန်ဆွဲဆောင်မှုရှိသော တာအိုသခင်လေး တစ်ယောက်က ဓားမောက်တစ်ချောင်းကိုကိုင်ပြီး ဝင်လာကြောင်း တွေ့လိုက်ရသည်။ သူ့ဆီတွင် သတ်ဖြတ်ချင်စိတ်များမရှိဘဲ သက်တောင့်သက်သာ ရှိနေ၏။

သူက ပြောလိုက်သည်။

"တရားမျှတမှု မရှိတဲ့အချိန်တိုင်း တစ်ယောက်ယောက်က ကူညီပေးမယ်ဆိုတာ ငါတော့ ယုံကြည်တယ်…"

သူကတော့ ဟွမ်ဖူဖေး၏ စိတ်ဝိညာဉ်ကို မြင်နေရသည့်အလား သူမ၏သံသယများကို ပြန်ဖြေလိုက်သည်။

သူ၏စကားလုံးကြောင့် သူမ၏ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာခဲ့၏။ အမေနှင့်သမီးက စကားမပြောနိုင်သေးခင် မုန့်ချီက အနည်းငယ်ဦးညွှတ်လိုက်သည်။

"ငါက တောင်ထိပ်သခင်ဟွမ်ဖူရဲ့ အကြံပေးမှုကို ရခဲ့တဲ့ ချင်းယွင်လို့ခေါ်တယ်။ မိန်းကလေးဟွမ်ဖူကသာ လက်မထပ်ချင်ဘူးဆိုရင် လကျေးရွာက မိန်းကလေးကို သေချာပေါက် ခေါ်မသွားနိုင်စေရဘူး…”

“ငါ့ရဲ့အစွမ်းက နည်းပါတယ်။ ဒါပေမဲ့ ငါလည်း အစွမ်းကုန်ကြိုးစားပေးမယ်…"

မိန်းမပျိုဟုန်ရှန်းကလည်း ပြတ်သားစွာ ပြောလိုက်သည်။

မဟာတံတိုင်းမှခါးကုန်းကြီးကလည်း ဦးညွှတ်လိုက်၏။

"သခင်မကြီးဟွမ်ဖူနဲ့ မိန်းကလေးဟွမ်ဖူ..

လကျေးရွာက အစွမ်းထက်ပေမယ့် သေမှာကို မကြောက်တဲ့ ငါတို့လို လူတွေရှိသေးတယ်။ ငါ့ရဲ့နောက်ကျောက ကုန်းနေပေမယ့် ငါ့ရဲ့စိတ်ဆန္ဒာကတော့ လုံးဝမနိမ့်ကျဘူး…"

သူတို့၏နောက်ဖက်တွင် ရှိနေသော တံခါးက ပိတ်သွားပြီး အခန်းထဲတွင် ရှိနေသော လူတိုင်းက အပြင်ဖက်နှင့် လုံးဝ ကွဲကွာသွားသည်။ ဟွမ်ဖူဖေး၏ မျက်လုံးလှလှလေးထဲတွင် မျက်ရည်များ စီးကျလာပြီး မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။သိုင်းလောကတွင် သူရဲကောင်းများရှိနေသေးပြီး တရားမျှတမှုရှိနေသေးသည်။

သူမက ပင့်သက်ရှိုက်ပြီး ပြောလိုက်၏။

"ရှင်တို့ရဲ့စိတ်စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဆန္ဒမရှိရင်တောင် ဘာလုပ်နိုင်မှာလဲ။ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ကျွန်မအဖေက တည်ထောင်ထားတာ။ သူက ဒါကို နှစ်ပေါင်း(၁၀၀၀)လောက်ထိ တည်တံ့စေချင်ခဲ့တာ။ ကျွန်မရဲ့လက်ထဲမှာ အဆုံးသတ်သွားလို့ရမှာလား…"

"ဒီဝန်ထုပ်ဝန်ပိုးကြီးကို သယ်ဆောင်ထားတာက အဖြေမဟုတ်နိုင်ဘူးလေ.."

မုန့်ချီ၏စကားလုံးက ပြဿနာ၏အရင်းအမြစ်ကို တိတိကျကျ ဖော်ထုတ်လိုက်ပြီး ဟွမ်ဖူဖေး၏နှလုံးသားကို ထိုးစိုက်လိုက်သည်။

သူက တည်ငြိမ်စွာပြောလိုက်၏။

"သခင်မကြီးဟွမ်ဖူနဲ့ မိန်းကလေးဟွမ်ဖူ.. နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ရဲ့အမွေအနှစ်က ဘာတွေလဲဆိုတာ သိခွင့်ရှိမလား.."

"အဲဒါက ကောင်းကင်ညလှံသိုင်းပညာနဲ့ မိုးကြိုး(၅)သွယ်ကျင့်စဉ်ပါ.."

မုန့်ချီ၏အမူအရာကို မြင်သည့်အခါ ဟွမ်ဖူဖေးက အမှန်အတိုင်းပြန်ဖြေလိုက်သည်။

"အဲဒါကမှ နတ်ဘုရားစုစည်းခြင်းတောင်ထိပ် မဟုတ်ဘူးလား။ သူတို့ကို ဒီနေရာကနေ ယူမသွားနိုင်ဘူးလား…"

မုန့်ချီ၏အသံက တဖြည်းဖြည်းပို၍လေးနက်လာသည်။

"သိုင်းပညာရဲ့အုတ်မြစ်က ထိပ်တန်းသိုင်းပညာတွေကို လက်ဆင့်ကမ်းပြီး ထူးချွန်တဲ့သူတွေကို ပျိုးထောင်ရတာပဲ။ မြေတွေ၊ အဆောက်အဦးပိုင်ဆိုင်မှုတွေက ဘာများလုပ်လို့ရနိုင်မှာလဲ။ တကယ်လို့ မိန်းကလေးမှာသာ ဝေ့ကျင်းအဆင့် အစွမ်းမျိုးရှိတယ်ဆိုရင် နောက်ထပ်နတ်ဘုရားစုစည်းခြင်းတောင်ထိပ်တစ်ခုကို ပြန်ပြီးတည်ထောင်နိုင်တယ် မဟုတ်ဘူးလား…"

တုန်ယင်နေသော ဟွမ်ဖူဖေး၏ ပုခုံးလေးက ရပ်တန့်သွားသည်။ သူမ၏ မျက်လုံးထဲတွင်လည်း အံ့ဩမှုများ ပြည့်နှက်လာခဲ့၏။

"ငါအပါအဝင် သိုင်းပညာကို သင်ကြားချင်တဲ့သူတိုင်းက ကိစ္စတစ်ခုကိုတော့ နားလည်ထားတယ်။ ထိပ်တန်းသိုင်းပညာတွေကလွဲရင် အရာအားလုံးက ဖွဲနဲ့ စကွဲပဲ။ ဘာလို့လဲဆိုတော့ အဲဒီအရာတွေသာ ရှိနေရင် လိုချင်တဲ့အရာကို အချိန်တိုင်း ရနိုင်တယ်လေ။ ပိုင်ဆိုင်မှုတွေ၊ ဈေးကြီးတဲ့အိမ်တွေ၊ အခြွေအရံတွေ၊ အဆောင်အယောင်တွေအားလုံးက ကိုယ့်ဆီမှာ ထာဝရရှိမနေနိုင်ဘူး။ တကယ်လို့ အဲဒီလိုအရာမျိုးကို ဒီနေ့ဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင် တစ်ချိန်ချိန် အစွမ်းထက်လာတာနဲ့ အရာအားလုံးကို ပြန်ယူနိုင်တယ် မဟုတ်ဘူးလား။ သူတို့တွေက အပေါ်ယံ အဆောင်အယောင်တွေပါပဲ။ တကယ်လို့ ငါတို့က သူတို့ကို ဆုံးရှုံးသွားရင်တောင် စိတ်ဓာတ်မကျဘူးဆိုရင် ဘာမှမဖြစ်နိုင်ဘူး။ ငါတို့ဆီမှာ အဲဒီအရာတွေကို ယူဆောင်နိုင်တဲ့ အရည်အချင်းရှိလာရင် အချိန်မရွေး ရနိုင်တယ်လေ..”

“နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို ထားခဲ့လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စတေးခံစရာ၊ ခြိမ်းခြောက်ခံစရာမလိုဘဲ သိုင်းပညာတွေကို လက်ဆင့်ကမ်းလို့ရတယ်။ တောင်ထိပ်သခင်ဟွမ်ဖူက ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာပြီး ဒီနေ့လိုအခြေအနေမျိုး ရောက်လာဖို့ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရတယ်။ ဘာလို့မိန်းကလေးကရော သူ့လို လမ်းစဉ်မျိုးကို မလျှောက်နိုင်ရတာလဲ…"

မုန့်ချီ၏မေးခွန်းများကို ကြားလေလေ ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့၏ မျက်လုံးများက ပို၍တောက်ပလာလေလေဖြစ်သည်။

"မိန်းကလေးက ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာတဲ့အတွက် အဆောင်အယောင်တွေကို မထားခဲ့နိုင်ဘူးလား…"

မုန့်ချီက တည်ငြိမ်စွာမေးလိုက်၏။

ဟွမ်ဖူဖေးက နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။ မုန့်ချီ၏စကားလုံးကြောင့် ရင်ထဲတွင် လှုပ်ရှားသွားသည့်အတွက် နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။ သူမက ဤနေရာတွင် မွေးဖွားကြီးပြင်းခဲ့ခြင်း ဖြစ်သည်။ ဤနေရာကို လက်လျှော့လိုက်ခြင်းက သူမအတွက်တော့ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်၏။

မုန့်ချီ၏အသံက တိုးသွားခဲ့သည်။

"မိန်းကလေးက ဆရာတူအစ်ကိုကြီးနဲ့ လရောင်အောက်က မေတ္တာတရားတွေကို မေ့သွားခဲ့ပြီလား…."

ဟွမ်ဖူဖေးနှင့် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ ဆရာတူအစ်ကိုကြီး ဟယ်ကန်ရှန့်တို့ အကြောင်းကို မိန်းကလေးဟုန့်ရှန့်က ပြောခဲ့ဖူးသည်။ သူတို့က အချင်းချင်း အလွန်သဘောကျနေကြ၏။ လကျေးရွာက မင်္ဂလာပွဲနှင့် မဟာမိတ်လုပ်ရန် တောင်းဆိုလိုက်ပြီးနောက် ဟယ်ကန်ရှန့်က အသတ်ခံရမှာ စိုးသည့်အတွက် ရှောင်တိမ်းနေရင်း ပျောက်ကွယ်သွားခဲ့သည်။

ဟွမ်ဖူဖေး၏မျက်နှာလေးက နီရဲလာပြီး မုန့်ချီက သူမ၏မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာတရားများကို မြင်နေရသည်။ သူမက ဆုံးဖြတ်ချက်ချတော့မည့်ပုံပေါ်၏။

ထိုအချိန်တွင် အပြင်ဖက်မှနေ၍ အသံများကြားနေရသည်။ သတို့သား၏လူများ ရောက်လာပြီဖြစ်၏။ ဟွမ်ဖူဖေးနှင့် မိန်းကလေးဟုန်ရှန်းတို့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အတော်လေး မသက်မသာခံစားနေရသည်။

မုန့်ချီက ဓားလက်ကိုင်ကို လက်နှင့်ပုတ်ပြီး အပြုံးနှင့် ပြောလိုက်၏။

"သခင်မကြီးဟွမ်ဖူ.. မိန်းကလေးဟွမ်ဖူ..

ဆုံးဖြတ်ချက်ချရတာ ခက်ခဲတယ်ဆိုတာ ငါသိပါတယ်။ ဒီတော့ နောက်ပိုင်းမှာ နောင်တမရစေဖို့ သေချာစဉ်းစားရပါလိမ့်မယ်။ ငါက အပြင်ဖက်က လူတွေကို ခဏသွားပြီး တားထားလိုက်မယ်။ ဒီအချိန်အတောအတွင်း ဘယ်သူမှဝင်မလာနိုင်ပါဘူး။ မစိုးရိမ်ပါနဲ့…"

သူ၏စကားသံထဲတွင် တည်ငြိမ်ရင့်ကျက်မှုနှင့် ယုံကြည်မှုများ ပြည့်နှက်နေသည်။ မုန့်ချီ၏အမူအရာက အလွန်ထူးခြားနေ၏။ ထို့နောက် သူက လက်ထဲတွင် ဓားကိုကိုင်ပြီး တံခါးဖွင့်၍ ထွက်သွားသည်ကို မြင်လိုက်ရသည်။

သူ၏တာအိုသခင်ဝတ်ရုံကတော့ လေထဲတွင် လှုပ်ရှားနေသည်။ ထိုခဏတွင် ဟွမ်ဖူဖေး၏ ရင်ထဲ၌ လှုပ်ရှားသွားခဲ့သည်။ ထို့ကြောင့် သူမက သခင်မကြီးဟွမ်ဖူကို ကြည့်လိုက်၏။

…………

သတို့သားဝတ်စုံကိုဝတ်ထားသော ဝမ်ဟန်းရွှေက သွေးစိမ်းနဂါးဘုရင်၊ မျက်ခုံးနီဓားမောက်ဘုရင်တို့နှင့်အတူ ခန်းမထဲသို့ ဝင်လာခဲ့သည်။ တခြားပညာရှင်များကလည်း နောက်မှတန်းစီ၍ လိုက်လာကြ၏။

ထိုအချိန်တွင် ဧည့်သည်များ၏ မျက်နှာအမူအရာက ထူးဆန်းနေကြောင်း သူတို့က သတိထားမိခဲ့ကြသည်။ သို့သော် ဂရုမစိုက်ကြပေ။ ဝေ့ကျင်းအဆင့် ရှိနေသော ပညာရှင်တစ်ယောက် မဟုတ်သ၍ မည်သူက သူတို့အဖွဲ့ကို တားနိုင်မည်နည်း။ သူတို့က ခန်းမထဲသို့ဝင်လာပြီး တံခါးအောက်သို့ရောက်လာခဲ့သည်။

ထိုအချိန်တွင် ဝမ်ဟန်းရွှေ၏မျက်နှာအမူအရာက အေးစက်သွားခဲ့၏။ သူ့ရှေ့တွင်တော့ အလွန်ချောမောခန့်ညားသော တာအိုသခင်လေးတစ်ယောက်က ဓားတစ်ချောင်းကို ကိုင်ပြီး ရပ်နေသည်။ သူကတော့ နံရံထောင့်တွင်ရှိနေသော အဖြူရောင်နှင်းများပေါ်တွင် မှီထားပြီး သက်တောင့်သက်သာရှိသလို အမူအရာမျိုးဖြစ်သည်။

မုန့်ချီက သူ၏တာအိုသခင်ဝတ်ရုံကို ဖုန်ခါလိုက်ပြီး ဝမ်ဟန်းရွှေကို လှည့်ကြည့်လိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

"တကယ်လို့ မင်းက သတို့သမီးကို လက်ခံချင်တယ်ဆိုရင်တော့ အရင်ဆုံး ငါ့ကို ကျော်ဖြတ်မှပဲရမယ်.."

Translated by Hein Htet

All Chapters