← Chapters

အခန်း (၃၇၅)

Vol. 25 Ch. 375

အခန်း (၃၇၅)

Vol. 25 Ch. 375

မီးတောက်ကဲ့သို့ ပန်းပွင့်များ၊ တိမ်တိုက်များကဲ့သို့ နှင်းပွင့်လေးများနှင့် လွတ်လပ်ပေါ့ပါးသော တာအိုသခင်တစ်ယောက် …

ထိုအကြောင်းအရာ (၃) ခုက အလွန်ပြီးပြည့်စုံစွာ လိုက်ဖက်ညီလွန်းလှသည်။ သို့သော် ဝမ်ဟန်းရွှေကတော့ ထိုအရာကို မြင်သည့်အချိန်တွင် အတော်လေး မကျေမနပ် ဖြစ်သွားခဲ့၏။ တစ်စုံတစ်ယောက်က သူ၏မင်္ဂလာပွဲကို လာရောက် နှောက်ယှက်ရဲခြင်းပေလော။

သူက မင်္ဂလာပွဲကို လာရောက်နှောင့်ယှက်သူကို သတ်ဖြတ်ရန်အတွက် သူ၏အစောင့်အရှောက် (၂) ယောက်နှင့် ပညာရှင်တိုင်းကို အမိန့်ပေးတော့မည့် အချိန်တွင် မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။

"ငါက မင်္ဂလာပွဲကို တားဆီးဖို့ ရောက်လာတာ မဟုတ်ဘူး... "

"ဘယ်လို... "

ကြိုးနီမိန်းမပျို အပါအဝင် လူတိုင်းက မှင်တက်သွားခဲ့ကြသည်။

လူတိုင်းက အံ့သြနေကြသည့်အချိန်တွင် မုန့်ချီက ဆက်ပြောလိုက်၏။

"ဒီကမ္ဘာကြီးထဲမှာ မင်္ဂလာဓလေ့ထုံးစံတွေကလည်း တစ်နေရာနဲ့ တစ်နေရာမတူဘူး ။ တကယ်လို့ တူညီမှုတွေ ရှိနေတယ်ဆိုရင်တောင် ကွဲပြားမှုသေးသေးလေးတော့ ရှိနေတာပဲ ။ ဥပမာအနေနဲ့ ပြောရရင်တော့ သတို့သားရဲ့ စိတ်ရှည်သည်းခံမှုကို တိုင်းတာဖို့ သတို့သမီးရဲ့မိသားစုက သူ့ရဲ့တုံ့ပြန်မှုတွေကို စစ်ဆေးတာမျိုး လုပ်တတ်ကြတယ် ။ တချို့နယ်တွေမှာတော့ သတို့သားရဲ့ အသိပညာ ဗဟုသုတတွေကို စမ်းသပ်ကြတယ် ။ တချို့ကတော့ မြားပစ်တဲ့ ကစားပွဲတွေ လုပ်ဆောင်ကြပြီး ရှုံးနိမ့်သူက အပြစ်ပေးတဲ့အနေနဲ့ အရက်သောက်တာမျိုးတွေ လုပ်ရတယ် …”

“နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က သိုင်းဂိုဏ်းတစ်ခုဆိုမှတော့ သတို့သားရဲ့ သိုင်းပညာကို စစ်ဆေးသင့်တာပေါ့ ။ သတို့သားကသာ ငါနဲ့တိုက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ငါက လမ်းဖယ်ပေးမယ် ။ ပြီးတော့ သတို့သမီးကို ခေါ်သွားခွင့်ပေးမယ် …”

သခင်မလေးဟွမ်ဖူကို အတင်းအကြပ် ခေါ်ဆောင်သွားရမည့်အစား လကျေးရွာက မင်္ဂလာပွဲကဲ့သို့သော အပေါ်ယံအရာများကို လုပ်ဆောင်နေသည့်အတွက် သူတို့က မျက်နှာမပျက်ချင်သည်မှာ သေချာသည် ။ ထို့ကြောင့် မုန့်ချီက လူအများရှေ့တွင် ထိုသို့တောင်းဆိုလိုက်ခြင်း ဖြစ်၏။

လသခင်ကြီးက ဟွမ်ဖူဖေးနှင့် ဂိုဏ်းကို ထိန်းချုပ်ချင်နေသည်။ သို့သော် နှစ်ပေါင်း (၁၀၀) ခန့်ကြာလျှင် ဘာလုပ်နိုင်မည်နည်း။ ထို့ကြောင့် လကျေးရွာက အကျိုးအမြတ် လိုချင်သည်ဆိုလျှင်ပင် သူတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်အတွက် စည်းမျဉ်းစည်းကမ်းများကို သေချာပေါက် လိုက်နာရပါလိမ့်မည်။ မဟုတ်လျှင် သူတို့က မရိုးသားသော လုပ်ရပ်မျိုးလုပ်သည်ဟု စွပ်စွဲခံရနိုင်ပြီး အနာဂတ်တွင် ဆိုးဆိုးဝါးဝါး ပျက်သွားနိုင်၏။

ထို့ကြောင့် သူကသာ အလွန်အမင်း တွန်းအားပေးနေခြင်း မရှိဘဲ သူတို့၏ ဓလေ့ထုံးစံများ စည်းမျဉ်းများအတိုင်း ထိန်းချုပ်လိုက်မည်ဆိုလျှင် လကျေးရွာမှ ပညာရှင်များအားလုံး ဝိုင်းဝန်းတိုက်ခိုက်ခြင်းမှ တားဆီးနိုင်မည်ဟု ယုံကြည်နေခဲ့၏။ အကယ်၍ သူသာ အရာအားလုံးကို ပိုင်ဆိုင်ရမည်ဆိုလျှင် သူ၏အရှိန်အဝါက အထွဋ်အထိပ်သို့ရောက်သွားနိုင်ပြီး ပြိုင်ဘက်များ၏ ယုံကြည်ချက်ကို ဖျက်ဆီးပစ်နိုင်သည်။ သူက မည်သည့်ဆုံးရှုံးမှုမျှ မရှိစေဘဲ ဟွမ်ဖူဖေးနှင့် သခင်မကြီး ဟွမ်ဖူတို့ကို နောက်ဆုတ်သွားစေနိုင်သော အခွင့်အရေးမျိုး သေချာပေါက် ပေးနိုင်၏ ။

မုန့်ချီ၏ တောင်းဆိုမှုကို ကြားသည့်အခါ ဝမ်ဟန်းရေွှ၏ ဒေါသများက ပျောက်ကွယ်သွားခဲ့သည် ။ သူသာ အနိုင်ရမည်ဆိုလျှင် ဖြတ်ကျော်သွားနိုင်မည် မဟုတ်ပေလော ။

သတို့သားက သတို့သမီးကို လာခေါ်သည့်အချိန်တွင် ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိကြောင်း သူလည်း ကြားခဲ့ဖူးသည်။ သိုင်းပညာကို အလေးထားသော အထက်တန်းလွှာ မိသားစုများတွင် ထိုကဲ့သို့ တောင်းဆိုမှုများက ထူးဆန်းနေခြင်း မရှိချေ။

မည်သို့ဖြစ်စေကာမူ ဤမင်္ဂလာပွဲက တစ်ဖက်လူ၏ ကံဆိုးမှုကို အကျိုးအမြတ်ရရန် စဉ်းစားထားခြင်းသာ ဖြစ်သည်။ တာအိုသခင်လေးကသာ သူတို့၏မင်္ဂလာပွဲကို တားဆီးခြင်းမရှိလျှင် လုံလောက်သည်။ အကယ်၍ သူကသာ သတို့သမီးကို အတင်းအကြပ် ခေါ်ဆောင်သွားမည်ဆိုလျှင် အနားတွင် ကြည့်နေသူများ ရှိသည့်အတွက် သူအဖေ၏ ဂုဏ်သတင်းက ပျက်စီးသွားနိုင်သည်။ ထိုအရာက သူ့အတွက်လည်း ဆိုးရွားသော အကျိုးဆက် ဖြစ်လာနိုင်၏။

ဝမ်ဟန်းရွှေက ချက်ချင်းပင် တည်ငြိမ်သွားပြီး သွေးစိမ်းနဂါးဘုရင်နှင့် မျက်ခုံးနီဓားမောက်ဘုရင်တို့ကို လှည့်ကြည့်လိုက်သည်။ ထိုလူငယ်တာအိုသခင်က မည်မျှအစွမ်းထက်နိုင်မည်နည်း။ သူ့အနားတွင် အစောင့်အရှောက် (၂) ယောက် ရှိနေပြီး တစ်ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသည်။ သူတို့က သူ့ကို ရှုံးနိမ့်နိုင်မည်လော။

သူက ဆန္ဒပြင်းပြနေသော တခြားပညာရှင်များကို လက်ကာပြလိုက်သည်။ သူက ရယ်ကာမောကာနှင့် ပြောလိုက်၏။

"ဒီက တာအိုသခင်လေးကို ဘယ်လိုခေါ်ရမလဲ။ ငါသိသလောက် ပြောရမယ်ဆိုရင်တော့ လာရောက်တောင်းရမ်းတဲ့ သတို့သားရဲ့လူတိုင်းက သတို့သမီး မိသားစုရဲ့စိန်ခေါ်မှုကို လက်ခံနိုင်တယ်လို့ ကြားဖူးတယ်။ သတို့သားကိုယ်တိုင် လက်ခံစရာမလိုဘူး မဟုတ်လား…"

"ဟုတ်တယ်။ မင်းက ငါ့ကို ချင်းယွင်လို့ခေါ်လို့ရတယ်။ တောင်ထိပ်သခင်ဟွမ်ဖူနဲ့ ငါက အသက်မတူပေမယ့် မိတ်ဆွေတွေပဲ။ ဒီနေ့ ငါက မိန်းကလေးဟွမ်ဖူရဲ့ကိုယ်စား သတို့သားကို စမ်းသပ်ရလိမ့်မယ်…"

သူက ဝမ်ဟန်းရွှေ၏စကားကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။

ထို့ကြောင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များနှင့် တံခါး (၈) ပေါက် တံခါး(၉)ပေါက်အဆင့် ပညာရှင်များက စိတ်ဝင်စားသွားကြသည်။ အကယ်၍ သူကသာ ထိုကဲ့သို့ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည်ဆိုလျှင် ဟွမ်ဖူဖေးကို ခေါ်ဆောင်သွားသည့်အပေါ် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်ဟန်းရွှေက သဘောတူတော့မည့်အချိန်တွင် ကျုံးနင်က ကျယ်လောင်စွာ ပြောလိုက်၏။

"သခင်လေးဝမ် …

ကျေးဇူးပြုပြီး လှည့်စားမခံပါနဲ့။ ကျွန်တော်တို့က ဒီတာအိုသခင်လေးကို လုံးဝမတွေ့ဖူးဘူး။ သူက ကျွန်တော်တို့ဆရာရဲ့ မိတ်ဆွေလို့ ပြောလိုက်တာကို အလွယ်တကူ မယုံသင့်ဘူး။ သတို့သမီးရဲ့ မိသားစုတွေကပဲ စိန်ခေါ်မှုကို လက်ခံသင့်တယ်။ သူ့မှာဘာအခွင့်အရေးရှိနေလို့လဲ…"

ကျုံးနင်က အကြောက်တရားများကို ခံစားခဲ့ရပြီး မုန့်ချီကြောင့် ဆံပင်မွှေး (၇) ချောင်း ပြတ်သွားခဲ့သည်။ ဤနေရာတွင် ပညာရှင်ပေါင်းများစွာ စုစည်းနေသည့်အတွက် သူ၏ခံစားချက်များအားလုံး ပေါက်ကွဲလာရ၏။

ကျုံးနင်၏စကားကို ကြားသည့်အခါ ဝမ်ဟန်းရွှေ၏ မျက်လုံးများက ဝင်းလက်တောက်ပလာသည်။ ဖြစ်နိုင်လျှင်တော့ မည်သူကမျှ အချိန်ဖြုန်းမနေချင်ပေ။ ထိုအချိန်တွင် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ နံပါတ် (၂) တပည့် ချီရှောင်ချုံနှင့် နံပါတ် (၄) တပည့် ရှရန်ယွင်တို့ အပါအဝင် တပည့်များ ရောက်လာခဲ့သည်။ ကျုံးနင်နှင့် တခြားသစ္စာဖေါက်များက မင်္ဂလာပွဲကိစ္စကို ဖုံးကွယ်ထားကြောင်း သူတို့လည်း ယခုမှသိခဲ့ရခြင်း ဖြစ်သည်။

ကျုံးနင်၏ စကားကိုကြားသည့်အခါ ကြိုးနီမိန်းမပျိုက ပြန်လှည့်ပြီး မိန်းကလေးဟွမ်ဖူ၏ ခွင့်ပြုချက်ကိုတောင်းရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ အခန်းထဲသို့ ဝင်မသွားသေးခင် ဆရာဟုခေါ်သော အသံများစွာကို ကြားလိုက်ရသည်။

အသံများက အလွန်ထိတ်လန့် အံ့သြနေကြပုံပေါ်၏။ သူမက ပြန်လှည့်လိုက်ရာ တာအိုသခင်ချင်းယွင်က ဘယ်လက်ကို မြှောက်ထားပြီး သူ့လက်ချောင်းလေးပေါ်တွင်တော့ ကျောက်စိမ်းပြားလေးတစ်ခု ရှိနေသည်။

ထိုကျောက်စိမ်းပြားလေးက စိမ်းပြာရောင်အလင်းတန်းများ တောက်ပနေပြီး မိုးကြိုးအမှတ်အသား ရှိနေ၏။ ထိုကျောက်စိမ်းပြားပေါ်တွင် စာသားများလည်း ထွင်းထုထားသည်။ မုန့်ချီက နှစ်ဖက်လုံးကို ပြလိုက်သည့်အချိန်တွင် သူမက စာသားများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

"နတ်ဘုရားစုစည်းခြင်းတောင်ထိပ် ဟွမ်ဖူတောင်…"

ထိုအရာက ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည့်အချိန်တွင် ဟွမ်ဖူတောင် မုန့်ချီဆီသို့ ပစ်ပေးခဲ့သော ကျောက်စိမ်းပြားလေး ဖြစ်သည်။

ဟွမ်ဖူဖေးကို ဖျောင်းဖျပြီးမှသာ မုန့်ချီက ထိုအရာကို ထုတ်ရန် စဉ်းစားထားခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့က ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး လိပ်နက်ကျောက်စိမ်းပြားလေး ၊ မိုးကြိုး (၅) သွယ်ကျင့်စဉ်နှင့် ကောင်းကင်ညလှံသိုင်းပညာတို့ကို ရယူရန်လည်း အသုံးဝင်နိုင်သည်။ အကယ်၍ သူကသာ ထိုအရာကို ဟွမ်ဖူဖေးဆီသို့ အရင်းဆုံး ပြလိုက်မည်ဆိုလျှင် သူတို့က သူ့အပေါ် သံသယဝင်လာနိုင်သည်။

ချီရှောင်ချုံ ၊ ရှရန်ယွင်နှင့် တခြားလူများက အံ့ဩပြီး ဝမ်းသာနေကြ၏။ သူတို့၏ ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူ့ဆရာ ရူးသွပ်ပြီး ဤနေရာမှ ထွက်သွားခဲ့သည့်အချိန်ကတည်းကစပြီး ကျောက်စိမ်းပြာလေးက ပျောက်ဆုံးနေခဲ့၏။

တာအိုသခင်ချင်းယွင်က သူတို့၏ဆရာနှင့် တွေ့ခဲ့ခြင်းပေလော။ သို့မဟုတ် သူက သူတို့ဆရာ၏ အလောင်းကိုတွေ့ပြီး ကျောက်စိမ်းပြားလေးကို ယူလာခဲ့ခြင်းပေလော။ သို့မဟုတ် သူတို့၏ဆရာက ထွက်ပြေးနေရင်း ကျောက်စိမ်းပြားလေးကို ပျောက်ဆုံးသွားသည့် အချိန်တွင် တာအိုသခင်ချင်းယွင်က ကောက်ယူထားခဲ့ခြင်းပေလော။

ခန့်မှန်းချက်များစွာ ရှိနေသော်လည်း သူတို့၏ဆရာက အသက်ရှင်နေသေးကြောင်း သူတို့အားလုံးက ယုံကြည်နေကြသည်။ သူတို့၏ မျှော်လင့်ချက်များကလည်း နောက်တစ်ကြိမ် ရှင်သန်လာရ၏။

တစ်ဖက်တွင်တော့ ကျုံးနင်နှင့် တခြားသစ္စာဖောက်များက အတော်လေး တုန်လှုပ်သွားခဲ့သည်။ သူတို့၏ဆရာက မျိုးရိုးစဉ်ဆက် တန်းကန်အင်ပါယာများထဲတွင် အစွမ်းထက်ဆုံးဟု သတ်မှတ်နိုင်သည်။ အကယ်၍ သူသာ ပြန်လာမည်ဆိုလျှင် သူတို့က လကျေးရွာထဲ၌ ပုန်းနေမည်ဆိုလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒါ ဒါက မင်းလက်ထဲကို ဘယ်လိုရောက်နေတာလဲဆိုတာ ဘယ်သူက အတိအကျသိနိုင်မှာလဲ…"

သူက တုန်ယင်နေသော လေသံနှင့် မေးလိုက်သည်။

မုန့်ချီက သူ့ကိုလှည့်မကြည့်တော့ပဲ ဝမ်ဟန်းရွှေကို ပြောလိုက်သည်။

"သခင်လေးဝမ် …

ဒါက တောင်တန်းသခင်ဟွမ်ဖူရဲ့ တံဆိပ်ပြားပဲ။ ပြီးတော့ ငါက သခင်မကြီးဟွမ်ဖူရဲ့ ခွင့်ပြုချက်ကိုလည်း ရထားတယ်။ ဒီတော့ ငါနဲ့တိုက်ခိုက်ဖို့အတွက် လူတစ်ယောက်ကို စေလွှတ်လို့ရပြီ…"

သူ့အသံက ကျယ်လောင်ခြင်းမရှိဘဲ ယုံကြည်ချက် ပြည့်နှက်နေသည်။

ဝမ်ဟန်းရွှေက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"မင်းက တောင်ထိပ်သခင်ဟွမ်ဖူနဲ့ တွေ့ခဲ့တာလား…"

စောင့်ကြည့်နေသော ဧည့်သည်များကလည်း ပင့်သက်ရှိုက်လိုက်မိကြ၏။ တာအိုသခင်လေးက ထိုအရာကို တစ်နေ့ရာရာမှ ကောက်ယူထားသည်ဟု သူတို့က တွေးနေမိကြသည်။

မုန့်ချီက စကားတစ်ခွန်းမျှမပြောခဲ့ပဲ အနီရောင်ပန်းပွင့်လေးကိုသာ စိုက်ကြည့်လိုက်၏။

သူ၏တုံ့ပြန်မှုကြောင့် ဝမ်ဟန်းရွှေက ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။ သူက ခဏကြာ စဉ်းစားနေပြီး တပ်မှူး (၈) ယောက်ထဲမှ တစ်ယောက်ဖြစ်သော ရှုစုဝမ်ကို လှမ်းကြည့်လိုက်သည်။ တာအိုသခင်နှင့် တိုက်ခိုက်ပြီး သိုင်းပညာစမ်းသပ်ရန် သူမကို စေလွှတ်ရန် စဉ်းစားထားသည်။

ရုတ်တရက်ဆိုသလို လူတစ်ယောက်က သူ့ပုခုံးကို ပုတ်လိုက်၏။

"သခင်လေး …

ဒီတာအိုသခင်လေးက ခန့်မှန်းလို့မရဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တိုက်ခိုက်ခွင့်ပေးပါ…"

"ခန့်မှန်းလို့ မရနိုင်ဘူးလား…"

ဝမ်ဟန်းရေွှက အသံကြားရာကို လှည့်ကြည့်လိုက်ရာ အလွန်တည်ငြိမ်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

သူ၏မျက်ခုံးများက အနီရောင်ဖြစ်နေပြီး မျက်လုံးများက နေရောင်အောက်တွင် လက်နက်များကဲ့သို့ ဝင်းလက်တောက်ပနေခဲ့၏။ ထိုအရာက မျက်ခုံးနီဓားမောက်ဘုရင် ဖြစ်သည်။ သူက အလွန်ယုံကြည်ချက် ရှိနေသည့်အတွက် ဝမ်ဟန်းရွှေက ခေါင်းညိတ်ပြီး မုန့်ချီကိုပြောလိုက်၏။

"အခုတော့ ငါက မင်းကို ယုံကြည်လိုက်မယ်။ အခု ငါ့ရဲ့ဆရာကြီးက ငါ့ကိုယ်စား တိုက်ခိုက်လိမ့်မယ်…"

"မျက်ခုံးနီဓားမောက်ဘုရင်လား။ သခင်လေးဝမ်က တာအိုသခင်ချင်းယွင်ကို တကယ်အထင်ကြီးနေတာပဲ…"

သူက တပ်မှူး (၈) ယောက်ထဲမှ တစ်ယောက်ကိုသာ စေလွှတ်လိမ့်မည်ဟု ဧည်သည်များက တွေးထားကြသည်။ ယခုတော့ အစောင့်အရှောက် (၄) ယောက်ထဲမှ တစ်ယောက်ဖြစ်သော မျက်ခုံးနီဓားမောက်ဘုရင်ကို စေလွှတ်လိမ့်မည်ဟု မည်သူကရော ထင်ထားမည်နည်း။

ဤကမ္ဘာကြီးထဲတွင် ရှိနေသော ပညာရှင်ပေါင်းများစွာထဲတွင် မျက်ခုံးကြား လျှို့ဝှက်တံခါးကို ဖွင့်နိုင်သော ပညာရှင် အနည်းငယ်သာ ရှိသည်။ ပမာဏကလည်း လူ(၃၀)ပင် မရှိချေ။ ထိုအထဲတွင် တစ်ကိုယ်တော် လေ့ကျင့်နေကြသော ပညာရှင်များလည်း ပါဝင်နေ၏။

အတွင်းအပြင်ကမ္ဘာကြီးများကို ချိတ်ဆက်နိုင်သည့် သူကတော့ ပို၍ပင်နည်းပါးပြီး လက်တစ်ဖက်တည်းနှင့် ရေတွက်၍ပင် ရနိုင်သည်။ ထိုအဖွဲ့ငယ်လေးကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် အစွမ်းထက်ဆုံး ပညာရှင်က ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ ဖြစ်သည်။

ထိုပညာရှင်များထဲတွင် မျက်ခုံးနီဓားမောက်ဘုရင်က ထိပ်ဆုံး (၅) ယောက်ထဲရှိသည်ဟု သက်မှတ်နိုင်၏။ ထိုပြင် သူက အသက် (၃၀) မတိုင်ခင် လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်နေခဲ့၏။ သူ၏အသက်၊ အဆင့်နှင့် တည်ငြိမ်မှုများအရ သူက ဝေ့ကျင်းအဆင့်ကို ရောက်နိုင်မည်ဟု မျှော်လင့်နေကြသည်။

ရလဒ်အနေနှင့် သူက စိန်ခေါ်မှုကို ချက်ချင်း လက်ခံလိုက်၏။ ထိုတာအိုသခင်လေးဆီတွင်တော့ အကာအကွယ် ချီစွမ်းအင်များပင် မရှိသေးပေ။

"မျက်ခုံးနီဓားမောက်ဘုရင်လား…"

ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှခါးကုန်းကြီးတို့က မျက်နှာပျက်သွားကြ၏။ ထိုလူက အလွန်အစွမ်းထက်သော ပညာရှင်တစ်ယောက်ဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် နာမည်ကျော်ကြားသည်။

"ဟား ဟား ဟား ဟား ဟား ဟား ။ တာအိုသခင် …

အခုတော့ မင်းက မျက်ခုံးနီဓားမောက်ဘုရင်ကို ရင်ဆိုင်ရတော့မယ်။ မင်းက ငါတို့ကို ဘယ်လိုတားမလဲဆိုတာ ကြည့်ချင်သေးတယ်…"

ကျုံးနင်နှင့် တခြားသစ္စာဖောက်များကတော့ သူတို့ဆရာထက်ပင် ပို၍စိတ်လှုပ်ရှားနေကြသည်။ မည်သို့ဖြစ်စေကာမူ သူက မုန်ချီ၏တိုက်ခိုက်မှု (၇) ခုကို ရင်ဆိုင်လိုက်ရပြီးနောက် အတော်လေး မကျေမနပ် ဖြစ်နေခဲ့၏။

အလွန်ကြံ့ခိုင်သန်စွမ်းသော မျက်ခုံးနီဓားမောက်ဘုရင်ကိုကြည့်ပြီး မုန့်ချီက ဓားလက်ကိုင်ကို ပုတ်လိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။

"တကယ်လို့ ခင်ဗျားက ဓားမောက်သုံးတဲ့သူတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘုရင်လို့ ခေါ်ချင်တယ်ဆိုရင်တော့ ကျုပ်ရဲ့အထွဋ်အမြတ်ကောင်ကင်ဓားကို အရင်ဆုံး စိန်ခေါ်ရလိမ့်မယ်…"

"မောက်မာလှချည်လား…"

ဤနေရာတွင် ရှိနေသော လူတိုင်းတွင် ထိုအတွေးတစ်ခုသာ ပေါ်လာကြသည်။ နာမည်မရှိသော လူတစ်ယောက်က ဓားမောက်ဘုရင်ကို ထိုကဲ့သို့ စကားမျိုး ပြောရဲခြင်းပေလော။

"အဲဒီလို ပြောခဲ့တဲ့သူတွေအားလုံး ငါ့ရဲ့ဓားမောက်အောက်မှာ ရှုံးနိမ့်သွားရတာပဲ…."

မျက်ခုံးနီဓားမောက်ဘုရင်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။ သူ့ပုံစံက ကောင်းကင်ကြီးကို ဖျက်စီးတော့မည့် ဧရာမ ဓားမောက်ကြီးကဲ့သို့ဖြစ်နေပြီး အရှိန်အဝါက လျော့ကျသွားခြင်း မရှိချေ။ သူ၏ရန်လိုမူများကြောင့် အခြားသူများက သူ့ကို တည့်တည့်ပင် စိုက်မကြည့်နိုင်ကြပေ။

ပညာရှင် (၂) ယောက် တိုက်ခိုက်သည့်အချိန်တွင် သူတို့၏အရှိန်အဝါက တခြားသူများကို လွှမ်းမိုးနိုင်ကြသည်။ ထို့ကြောင့်လည်း သူက ထိုစိန်ခေါ်မှုကို ပေါ့သေးသေး မသတ်မှတ်ခဲ့ခြင်း ဖြစ်၏။

"အရမ်းကောင်းပါတယ်"

မုန်ချီက ရှေ့ကိုခြေ (၃) လှမ်း လျှောက်သွားခဲ့သည်။ ခြေလှမ်း တစ်လှမ်းချင်းဆီတိုင်းတွင် သူ့ပုံစံက ပို၍အရပ်ရှည်ပြီး ခန္ဓာကိုယ်က ပိုကြီးလာသလို ထင်မှတ်ရ၏။ အဆုံးတွင်တော့ သူက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်သွားသလို ထင်မှတ်ရပြီး ကမ္ဘာမြေကြီး၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်လာသည်။ သူက ကမ္ဘာကြီးကို မတူညီသော အရာတစ်ခုအဖြစ် ပေါင်းစပ်နိုင်ခဲ့၏။

"တကယ်ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ…"

ယုံကြည်ချက်ရှိပြီး အတွေ့အကြုံရှိသော မျက်ခုံးနီဓားမောက်ဘုရင်ကပင် မုန့်ချီ၏ စွမ်းရည်နှင့် ဓားအရှိန်အဝါ ပေါင်းစပ်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။ သူ့ဓားကိုပင် သေချာကိုင်ထားနိုင်ခဲ့ခြင်း မရှိချေ။

မုန့်ချီ၏ စကားမဆုံးသေးခင် သူ့ဓားနှင့် တိုက်ခိုက်လိုက်၏။ တိုက်ခိုက်မှုက တောင်တန်းကြီးတစ်ခုပမာ လေးလံလွန်းလှပြီး ကောင်းကင်ဘုံမှ အပြစ်ပေးမှု တစ်ခုကဲ့သို့ ကျဆင်းလာခဲ့သည်။ လေထဲတွင်လည်း လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့၏။

ထိုတိုက်ခိုက်မှုက အလွန်လေးလံလွန်းလှပြီး ဓားမောက်၏ရှေ့တွင် ရှိနေသော လေစီးကြောင်းက ချက်ချင်း ပျက်စီးသွားကာ မျက်ခုံးနီဓားမောက်ဘုရင်ကို စုပ်ယူနိုင်သော ဝဲကတော့တစ်ခု ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အရှိန်အဝါမျိုးကြောင့် သူ၏တိုက်ခိုက်မှုက ကောင်းကင်ကြီးပင် ကျဆင်းလာနိုင်သော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် မျက်ခုံးနီဓားမောက်ဘုရင်က ထိုမျှအလွယ်တကူ မရှုံးနိုင်ပေ။ သူက အရှိန်အဝါအရ အရေးနိမ့်နေသော်လည်း ပြန်လည်တိုက်ခိုက်နိုင်နေသေး၏။ ထွက်ပေါ်လာသော ဓားချီစွမ်းအင်များက အေးစက်သော လေလှိုင်းများကဲ့သို့ဖြစ်နေပြီး ထိန်းချုပ်ရန်နှင့် ခန့်မှန်းရန်လည်း ခက်ခဲသည်။

အလွန်ကြောက်စရာကောင်းပြီး လေးလံသော ဓားအရှိန်အဝါများက လုံးဝ ပျက်ဆီးသွားခြင်း မရှိသည့်အတွက် လေလှိုင်းများကလည်း လုံးဝပျက်စီးသွားခြင်း မရှိချေ။

အရှိန်အဝါများ ပျောက်ကွယ်သွားသည့်အချိန်တွင် ဓားမောက် (၂) ခုက အချင်းချင်း ရင်ဆိုင်လိုက်မိပြီး ထွက်ပေါ်လာသော အသံကတော့ အလွန်တိုးသည့်အတွက် မည်သူကမျှ သတိမထားမိခဲ့ချေ။

မျက်ခုံးနီဓားမောက်ဘုရင်က သူ၏ဓားမောက်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ ဓားချီစွမ်းအင်များက လေထဲတွင် လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ ထိုအရာက နှင်းမုန်တိုင်းကြီးတစ်ခု ကျဆင်းလာနေသလို ထင်မှတ်လိုက်ရ၏။

သူ၏လှုပ်ရှားမှုများနှင့် ရည်ရွယ်ချက် တစ်ခုချင်းဆီက သတ်ဖြတ်ရန်ဖြစ်ပြီး ထိုအရာက နှင်းမုန်တိုင်းထဲတွင် ဖုံးကွယ်ထားနိုင်သည်။ သူတို့က ခုခံ၍ မရနိုင်သော အစွမ်းမျိုးနှင့် မုန့်ချီဆီကို ရောက်လာကြ၏။

မုန့်ချီက သူ့ဓားကို လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် လှုပ်ရှားလိုက်ပြီး နှင်းမုန်တိုင်းကြီးကို သိမ်းသွင်းလိုက်သည်။ သူ့ဆီတွင် ခရမ်းမိုးကြိုး အငွေ့အသက်များ ပေါ်လာပြီး အခြေအနေက ပို၍ပင် ကြောက်စရာကောင်းလာ၏။

တစ်ယောက်က တိုက်ခိုက်လိုက်သည့် အချိန်တွင် တစ်ယောက်က ခုခံနေသည်။ သူတို့ (၂) ယောက်က အပြန်အလှန် ဖြစ်နေကြ၏။ သူတို့က တခဏအတွင်း သိုင်းကွက်ပေါင်းများစွာ တိုက်ခိုက်လိုက်ကြပြီး တိုက်ခိုက်မှုတိုင်းက ပြိုင်ဘက်၏ အားနည်းချက်ကို တိုက်ရိုက် ဦးတည်နေသည်။ သို့သော် တိုက်ခိုက်မှုတိုင်းကတော့ ပြိုင်ဘက်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီး ခုခံနိုင်ကြသည်။

ထိုတာအိုသခင်လေးက သူ့ဘဝတွင် ရင်ဆိုင်ခဲ့ဖူးသမျှ ဓားသိုင်းပညာရှင်များထဲတွင် အစွမ်းထက်ဆုံးဖြစ်ကြောင်း မျက်ခုံးနီဓားမောက်ဘုရင်က ခံစားမိခဲ့သည်။ သူက အကောင်းဆုံး ကြိုးစား၍ တိုက်ခိုက်နေသည့်အချိန်တွင် သူ၏ ပတ်ပတ်လည်၌ အနက်ရောင်တိမ်တိုက်များနှင့် နှင်းမုန်တိုင်းများ လွှမ်းခြုံနေသည်။ သူကတော့ သူ၏သတ်ဖြတ်ရေး သိုင်းကွက်ကိုသုံးရန် အခွင့်အရေး မရခဲ့ပေ။

ထို့ပြင် လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်တွင် ပြိုင်ဘက်၏ ချီစွမ်းအင် စီးဆင်းမှုအပေါ် သူ၏သုံးသပ်မှုက အတော်လေးကို နှေးကွေးနေသည်။ ထို့ကြောင့် သူက နောက်ထပ် တိုက်ခိုက်မှုကို ကြိုတင် တွက်ဆနိုင်ခြင်းမရှိဘဲ အဆင်ပြေသလို တိုက်ခိုက်နေရ၏။

သူက တာအိုသခင်လေးနှင့် သူ့လက်ထဲတွင် ကိုင်ထားသော ဓားကိုသာ လုံးဝ အာရုံစိုက်နေရသည်။

"ချွမ်... "

ဓား (၂) လက် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် မုန့်ချီ၏ဓားမောက်က လေထဲသို့ ကန်တက်သွားပြီး (၈) ကြိမ်တိတိ လှုပ်ရှားသွားသည်။ ထိုအရာက (၈) ကြိမ်ခန့် အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်သလို ဖြစ်သွားခဲ့၏။

"ဘုန်း... "

ခရမ်းရောင် လျှပ်စီးကြောင်းများက လေထဲတွင် စီးဆင်းလာပြီး ရုတ်တရက် ဆိုသလို မိုးကြိုးနဂါးများစွာအဖြစ် ပြောင်းလဲသွားသည်။ မုန့်ချီက သူ၏ဓားမောက်နှင့် အမှန်တကယ် တိုက်ခိုက်လိုက်သည့်အချိန်တွင် နဂါးများက ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

"သေစမ်း ။ ဒါက ထောင်ချောက်ပဲ။ သူက ပထမဆုံး တိုက်ခိုက်လိုက်တဲ့ အချိန်တည်းက ဒီထောင်ချောက်ကို ဖန်တီးထားတာ…"

မုန့်ချီက အင်ပါယာဓား (၅) သွယ ်ချင်ယုနှင့် တိုက်ခိုက်ခဲ့သည့် ပုံစံအတိုင်း မျက်ခုံးနီဓားမောက်ဘုရင်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အလွယ်တကူ အနိုင်ရနိုင်မည်ဖြစ်ကြောင်း သိနေ၏။

မျက်ခုံးနီဓားမောက်ဘုရင်က အံကြိတ်လိုက်သည်။ အကယ်၍ သင့်တော်သော အချိန်မဟုတ်သည့်အတွက် သူ၏အရှိန်အဝါများ ဖိနှိပ်ခံထားလျှင်ပင် သူက သတ်ဖြတ်ရေးသိုင်းကွက်ကို သုံးလိုက်ရသည်။

သူ၏ပတ်ဝန်းကျင်က ချက်ချင်းပင် မည်းမှောင်လာပြီး နှင်းမုန်တိုင်းများ ထွက်ပေါ်လာခဲ့သည်။ အေးစက်မှုကြောင့် အနီးအနားတွင် ရှိသော လူတိုင်းက တုန်လှုပ်သွားကြ၏။ လေထဲတွင်လည်း နှင်းပွင့်လေးများ လှုပ်ရှားလာပြီး သူ၏ဓားမောက်က အဖြူရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ခရမ်းရောင် နဂါးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။ ထိုဓားချက်က အလွန်ကြောက်စရာကောင်းပြီး နှင်းတောင်ကြီးကိုပင် ဖျက်ဆီးပစ်နိုင်သလို ထင်မှတ်လိုက်ရသည်။

"မိုးကြိုးအပြစ်ပေးမှုကို ရင်ဆိုင်ခြင်း…"

"ဂျိမ်းးး..."

လျှပ်စီးကြောင်းများက အလွန်တောက်ပလွန်းလှသည့်အတွက် လူတိုင်း၏ မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတန်းများ ပြည့်နှက်နေသည်။ တိုက်ခိုက်သည့် အသံများကလည်း အဝေးထိအောင် ပျံ့နှံ့သွားခဲ့၏။

အလင်းရောင်များ ပျောက်ကွယ်သွားပြီး နှင်းများ ရပ်တန့်သွားသည့်အချိန်တွင် မျက်ခုံးနီဓားမောက်ဘုရင်က နောက်သို့ ခြေ (၅) လှမ်း ဆုတ်သွားရသည်။ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာပြီး ဓားမောက်ကို ကိုင်ထားသော လက်ကလည်း မရပ်မနား တုန်ခါနေခဲ့၏။

မုန့်ချီကတော့ ခန္ဓာကိုယ်ပေါ်တွင် နှင်းပွင့်လေးတစ်ပွင့်ပင် ကပ်နေခြင်းမရှိဘဲ အေးအေးဆေးဆေး ရပ်နေခဲ့သည်။ သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"နောက်တစ်ယောက်... "

Translated by Hein Htet

All Chapters