အားဖြည့်မှုများ။
Vol. 174 Ch. 2428
ထိုအချိန်တွင် နတ်ဖီးနစ်တောင် အဖွဲ့ သည်လည်း အစွမ်းထက်သော အင်အားစုနှင့် အတူ ခရီးနှင်နေခဲ့သည်။
ယဲ့ကူဟန်တို့ (၄)ယောက်နှင့် ယှဉ်ပါက သူတို့၌ လူပိုများ၏။ မိုးပြာငှက်နှင့် အခြားသော ဝေဟင်သားရဲများကို စီးနင်းလျက် ကြီးကျယ် ခမ်းနားသည့် အခင်းအကျင်းမျိုး ဖြစ်သည်။
ဤခရီးစဉ်တွင် မဟာ သူတော်စင် ငါးပါး၊ သူတော်စင်ဘုရင် ဆယ်ပါးနှင့် သူတော်စင်သခင် ခြောက်ဆယ်ကျော်တို့ကို ခေါ်ဆောင်လာ၏။
သူတို့သည် နတ်ဖီးနစ်တောင်ကို စောင့်ကြပ်ရန် မဟာသူတော်စင် နှစ်ပါးသာ ကျန်ထားခဲ့သည်။
လိုက်ပါလာသော သူတော်စင် သခင်များသည် နဝမအဆင့်နှင့် အမည်ခံ သူတော်စင်ဘုရင် အဆင့်များ ဖြစ်၏။
မဟာ သူတော်စင်သည် ပွဲအတွက် လှံများဖြစ်ပြီး သူတော်စင် ဘုရင်သည် အုတ်မြစ် ပေပင်။
သူတော်စင် သခင်များ အတွက်မူ တိုက်ပွဲဝင်ရန် အခွင့်အလမ်း နည်းပါးလှကာ ရေတစ်စက် ဖြစ်လိုဖြစ်ငြား ခေါ်ဆောင် လာခြင်း ဖြစ်သည်။
နတ်ဖီးနစ် တောင်တန်း သခင်နှင့် ခရမ်းငယ်က ရှေ့ဆုံးမှ ပျံသန်းနေကြပြီး မဟာ သူတော်စင်များသည် နောက်မှ လိုက်ကြ၏။
ခရမ်းငယ်က နဂါးလေးကို ပွတ်သပ်လျက် ဓားသေတ္တာပေါ်တွင် ထိုင်ကာ လိုက်ပါလာ ခဲ့သည်။
နဂါးလေးသည် ဤကာလအတွင်း ကျင့်ကြံနေ၏။ ၎င်းအသွေးအသား၏ ရှစ်ဆယ် ရာခိုင်နှုန်းကို အသက်သွင်းထားပြီး ဖြစ်သည်။
လင်းယွန် နောက်ဆုံး မြင်တွေ့ခဲ့ရသည့် အချိန်နှင့် နှိုင်းယှဉ်ပါက ပြင်းထန်သော အသွင် ကူးပြောင်းမှုကို ကြုံတွေ့ထား၏။ နဂါးမျောက်ဝံ အဖြစ် အချိန်မရွေး ပြောင်းလဲနိုင်သည်။
ရုတ်တရက် ခရမ်းငယ်က ထရပ်ပြီး ကောင်းကင်ယံဂိုဏ်း ဦးတည်ရာသို့ လှည့်ကြည့် လေသည်။
“ အသံကြားလား။ ”
“ ကြားတယ် ... ဓားဂိုဏ်းကို သုတ်သင်ပြီး သက်တံဓားကို သတ်ပစ် … ။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ပြန်လည် ဖြေကြားလိုက်သည်။ လူတိုင်းက ပျံသန်းခြင်းကို ရပ်နားကာ ကောင်းကင်ယံ ဂိုဏ်းထံ လှည့်ကြည့်မိ၏။
“ တျန်ရွှမ်ဇီကို ... မင်း တားနိုင်မလား။ ”
ခရမ်းငယ်က မေးသည်။ မဟာ သူတော်စင်များသာ ဤအဆင့် တိုက်ပွဲ၌ ပါဝင် နိုင်၏။ တျန်ရွှမ်ဇီကို မကန့်သတ် နိုင်သော် ပြဿနာ ရှိနိုင်သည်။
နတ်ဖီးနစ် တောင်တန်း သခင်က၊
“ ငါမသိဘူး ... သူ့မှာ ထူးဆန်းတဲ့ အရာ တစ်ခု ရှိနေတယ် ... အရှေ့ဘက် ပျက်စီးမြေရဲ့ ကံကြမ္မာ အားလုံးက သူ့အပေါ် ... စုစည်း နေပုံရတယ် ဒါက လက်တွေ့မကျတဲ့ ခံစားချက်ကို ပေးတယ် ...
... ပြီးတော့ ... သူ့ကို ချုပ်ထားနိုင်ပါ့မလားလည်း ငါ မသိဘူး ... သူက နောင်နှစ်ငါးရာမှာ ကြီးပြင်းလာမဲ့ လင်းယွန်နဲ့ တူတယ်။ ”
-ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ခရမ်းငယ်က နတ်ဖီးနစ်တောင်တန်းသခင်ထံ ပြန်စိုက် ကြည့်ကာ၊
“ သူက လင်းယွန်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ... ချီးမွှမ်းသံ နားထောင်ချင်လို့ မေးနေတာ မဟုတ်ဘူး တိုက်ဖို့ပြောနေတာ။ ”
-ဟု ငေါက်ပြော ပြောလိုက်သည်။
“ ငါအမှား လုပ်မိသွားရင် ... လူ ဘယ်နှစ်ယောက်သေမယ် ဆိုတာ သခင်ဖီးနစ် သိပါတယ် ... အာမခံချက် မပေးဝံ့ဘူး။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ကူကယ်ရာမဲ့စွာ ပြုံးသည်။ ခရမ်းငယ်မှ နားလည်၏။
သူမသည် တျန်ရွှမ်ဇီနှင့် အကြိမ်များစွာ ဆုံဖူးသည်ဖြစ်ရာ ဤစကား မမှားကြောင်း သူမ သိ၏။
“ ငါသိချင်တာ တစ်ခု ရှိတယ်၊ အဲဒီလူက ဘာလို့ ဓားဂိုဏ်းကို ပစ်မှတ် ထားနေရတာလဲ၊ သက်တံဓားက ဧကရာဇ် ဖြစ်လာရင် တောင်မှ အင်ပါယာကို မခြိမ်းခြောက်နိုင်သေးပါဘူး၊ ...
... ပြီးတော့ သက်တံဓားရဲ့ နှလုံးက ... ဝိညာဉ် နတ်မိစ္ဆာ မျိုးရိုးသာ ပြန်လာရင် ... သူ ရပ်ကြည့်နေမှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်။ ”
“ သခင်ဖီးနစ် ... ကောလဟာလတစ်ခု ကြားဖူးလား။ ”
“ ဆက်ပြောပါ ... ။ ”
“ ခွန်လွန်နယ်မြေကို ဒေသအမျိုးမျိုး ခွဲခြားထားပေမယ့် ရှေးဟောင်းနယ်မြေ ကိုးခုပဲ ရှိပါတယ် ... အခြားနယ်မြေ ရှစ်ခုက နတ်နဂါး အင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ ...
... ပြောချင်တာက ရှေးဟောင်းနယ်မြေ ကိုးခုအောက်မှာ နဂါးသွေးကြော ကိုးပါးရှိတယ် ဧကရီက နတ်ဘုရားဖြစ်ဖို့ ... နဂါးသွေးကြော တွေကို သုံးချင်နေတယ်။ ”
ထိုစကားကြောင့် ခရမ်းငယ် မျက်နှာ ပြောင်းသွားပြီး၊
“ ရှေးဟောင်း ပျက်သုဉ်းမြေရဲ့ နဂါးသွေးကြောက ဓားဂိုဏ်း အောက်မှာလား ... ဒီနည်းလမ်းက အဲဒီအရူးမကို နတ်ဘုရား လုပ်နိုင် မလုပ်နိုင် မသိပေမယ့် ...
... ဒါက အောင်မြင်ရင်တောင် လူတော်တော်များများ သေကြေ ပျက်စီးကြရ လိမ့်မယ် ... ဓားဂိုဏ်းက ပထမဆုံးပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ ဟုတ်တယ် ... ယုချင်ဖန်က ခွင့်မပြုဘူး ... ဒါကြောင့် နတ်နဂါး အင်ပါယာက တျန်ရွှမ်ဇီကို အသုံးချနေရတာ။ ”
“ မင်းချီးကျူးတဲ့ လူက အဲဒီအရူးမရဲ့ ... ခွေးပေါ့ ဒါက ဘယ်လိုလုပ် လင်းယွန်နဲ့ နှိုင်းယှဉ် နိုင်မှာလဲ။ ”
လင်းယွန် တစ်ယောက် နဂါး သွေးလွှတ်ကြော ပျက်စီးကာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည့် အတိတ် မြင်ကွင်းများ သတိ ပြန်ရလာ၏။
၎င်းသည် ခွန်လွန်သို့ ရောက်ရှိလာ ပြီးနောက် လင်းယွန်အတွက် အနီးကပ်ဆုံး သေဘေး အတွေ့အကြုံ ပေပင်။
“ ဘိုးဘေးငယ် ... ဓားဂိုဏ်းကို အရင် သွားရအောင် ဓားဂိုဏ်းတစ်ခုလုံး စိုးရိမ်နေမယ် ဆိုတာ သေချာပါတယ်။ ”
နတ်ဖီးနစ် တောင်တန်း သခင် နောက်မှ မဟာအကြီးအကဲက ကောင်းကင်ယံ ဂိုဏ်းထံ ဦးတည်နေသော ခရမ်းငယ်ဒေါသကို မြင်ကာ သတိပေးလိုက်သည်။
ခရမ်းငယ်က ၎င်းတို့ အပေါ် ဘိုးဘေး ဟူသော အမည်အစား ဘိုးဘေးငယ်ဟု ခေါ်ရန် သတ်မှတ် ပေးထားခြင်း ဖြစ်၏။
“ ငါဘာလုပ်နေတယ် ဆိုတာ ငါသိတယ်။ ”
သူမသည် ဓားဂိုဏ်းအပေါ် ကာကွယ်ပြီး ခံစားချက်များကို အကောင်းဆုံး ထိန်းထားရန် လင်းယွန်ထံ ကတိပေးခဲ့သည်။
***
ကောင်းကင်ဘုံ နိဗ္ဗာန် နန်းတော်သည် ဂီတတာအိုတွင် ကျွမ်းကျင်ကြောင်း ခွန်လွန်ရှိ လူတိုင်း သိရှိကြသည်။
သို့သော် ၎င်းတို့သည် မိုးပြာနဂါမျိုးရိုး ဖြစ်ကြောင်း မည်သူမျှ မသိချေ။ ပင်မ ခန်းမတွင် ခွန်လွန်တစ်လျှောက် ပြန့်ကျဲနေသော သူတို့ မျိုးရိုးမှ လူအများ စုဝေး နေခဲ့ကြ၏။
၎င်းတို့သည် မဟာ သူတော်စင်များ ဖြစ်သည်။ နန်းတော်သခင်သည် ယခင် သူနှင့် ယှဉ်ပြိုင်ခဲ့သော အဘိုးအိုကို ထိုင်ခုံပေါ်တွင် ထိုင်စေခဲ့၏။
လေထုမှာ တင်းမာနေပြီး လူတိုင်းက လေးနက်သော အမူအရာများ ထုတ်ဖော်ထား ကြသည်။
နန်းတော်သခင်က လေနတ်ဘုရား အမိန့်ကို ထုတ်ပြပြီး၊
“ ဒါက လင်းယွန် ချန်ထားခဲ့တဲ့ လေနတ်ဘုရား အမိန့်ပဲ ... ဘာပဲဖြစ်ဖြစ် ငါက သူ့အပေါ် သဘောကျတယ်။ ”
-ဟု စကား စလိုက်၏။
“ ဒီကျေးဇူးကို ငါတို့ ပြန်ဆပ်ရမယ် ... လေနတ်ဘုရား အမိန့်ကို မပေးခဲ့ရင်တောင် သူက မိုးပြာနဂါးသခင် ရွေးချယ်တဲ့ လူမို့ ငါတို့ ရပ်ကြည့် မနေနိုင်ဘူး။ ”
“ မှန်တယ် .... လင်းယွမ်ကို ငါတို့ ကာကွယ်ရမယ် မိုးပြာနဂါးသခင်က နာမည် ကောင်း ရှိတယ် ... ။ ”
“ အဲဒါနဲ့ ပတ်သက်ပြီး ငါ့မှာ သဘောထား မရှိပါဘူး။ ”
“ ငါလဲ ... မရှိဘူး ။ ”
လူတိုင်းက သက်တံဓား၏ ဒုက္ခကို သဘာဝကျကျ ဆွေးနွေး နေကြခြင်း ဖြစ်သည်။ လင်းယွန်ကို ကယ်တင်ရန် မတွန့်ဆုတ်ချေ။
လေနတ်ဘုရား အမိန့်သည် မိုးပြာနဂါးသခင်မှ ဤလူကို ရွေးချယ်ထား သည်ဟု အဓိပ္ပါယ်ရ၏။
“ သက်တံဓားကို မကူညီနိုင်ဘူး ... လင်းယွန်အသက်အန္တရာယ် ကြုံလာရင် ငါတို့ ကယ်တင်မယ်။ ”
“ မှန်တယ် ... တျန်ရွှမ်ဇီက သက်တံဓား သူတော်စင်ကိုသာ ပစ်မှတ်ထားနေတာ ... သူ့ရဲ့ ဒုက္ခက အရမ်း ကြောက်စရာကောင်းပြီး သူ့ကို ကူညီဖို့ကြိုးစားရင်တောင် အသုံး မဝင်ဘူး သေလိမ့်မယ်။ ”
“ လင်းယွန်က ဓားဂိုဏ်အပေါ် အလေးအနက် ထားလွန်းတယ် ဓားဂိုဏ်းရှိရင် ငါတို့ မိုးပြာနဂါး မျိုးရိုးကို လက်ခံမှာ မဟုတ်ဘူး။ ”
“ ငါတို့မျိုးရိုးသာ လှုပ်ရှားနေတာ သိသွားခဲ့ရင် နတ်နဂါး မျိုးနွယ်စု ခုနစ်ခု ထွက်ပေါ် လာနိုင်တယ်။ ”
နဂါးပြာဘိုးဘေး ချမှတ်ထားသော စည်းမျဉ်းများကြောင့် မိုးပြာနဂါးမျိုးရိုးသည် နဂါးတံခါးအပေါ် အမွေဆက်ခံခဲ့ရသည်။
ဤအချင်းအရာက သဘာဝအားဖြင့် နတ်နဂါး ခုနစ်ကောင်၏ မျိုးဆက်များကို မပျော်မရွှင် ဖြစ်စေ၏။
နဂါးပြာ ဘိုးဘေး ထွက်သွားပြီး အနှစ်တစ်ထောင် အကြာတွင် နတ်နဂါးများက နတ်နဂါး အင်ပါယာကို တည်ထောင်ခဲ့ပြီး မိုးပြာ နဂါး မျိုးရိုးကို အဆင်မပြေသည့် အနေအထား တွန်းပို့လာသည်။
ထို့ကြောင့် မိုးပြာနဂါးမျိုးနွယ်မှာ ခွန်လွန်အနှံ့ ပြန့်ကျဲကာ ရှောင်တိမ်း နေခဲ့ရ၏။ နန်းတော်သခင်က သက်ပြင်းချပြီး တစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။
လင်းယွန်သည် မိုးပြာနဂါးသခင် ရွေးချယ်ထားသော နဂါးတံခါးသခင် ဖြစ်သည်။ သို့သော် သက်တံဓား သူတော်စင်၏ ဒုက္ခသည် အခြားဇာတ်လမ်း ဖြစ်၏။
ဆိုလို သည်မှာ သူတို့သည် ဓားဂိုဏ်းကို ကာကွယ်ရန် တာဝန် မရှိချေ။
“ လူယုတ်မာတွေ ... ။ ”
ပင်မခန်းမကြီး တိတ်ဆိတ်သွားစဉ် ခန်းမအပြင်မှ အဖိုးအို တစ်ဦး၏ ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။
ဤသည်မှာ အသူရာ စပါးအုံး မဟာ သူတော်စင် ဖြစ်ပြီး မိုးပြာနဂါးမျိုးရိုး၏ လက်ရှိ ဘိုးဘေး ဖြစ်သည်။
“ လင်းယွန်အပေါ် ... ကာကွယ်ချင်တဲ့ လူတွေက ဓားဂိုဏ်းရဲ့ အပြင်မှာ စောင့်ကြပ်ပြီး၊ သူအန္တရာယ် ကြုံလာရင် လှုပ်ရှားပါ ...
... သက်တံဓားကို ကာကွယ်ချင်တဲ့ လူတွေက ငါနဲ့ ဓားဂိုဏ်းထဲ လိုက်ဝင်လာပါ ... မိုးပြာနဂါးမျိုးရိုးမှာ ... လူဘယ်နှစ်ယောက် သတ္တိရှိသေးလဲ ဆိုတာ ကြည့်ရအောင်။ ”
နောက်ဆုံးတွင် မိုးပြာနဂါး မျိုးရိုးမှ မဟာသူတော်စင် ခြောက်ပါးတွင် (၃)ပါးသည် သူ့နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့၏။
နန်းတော် သခင်က၊
“ အဖေ ... ဘိုးဘေးကိုရော ... ။ ”
-ဟု မေးသည်။
ဘိုးဘေးဟူသည် အသက်စွမ်းအား ကျဆင်းနေသော မိုးပြာနဂါး ဖြစ်သည်။ သူသည် မျိုးရိုး၏ အကြီးမားဆုံးသော ဝှက်ဖဲဖြစ်ပြီး ဧကရာဇ်ကိုးပါး ကိုပင် ယှဉ်ပြိုင်နိုင်၏။
အသူရာ စပါးအုံးက အနည်းငယ် စဉ်းစားပြီးနောက်၊
“ မင်းနောက်ကို လိုက်လိမ့်မယ် ... သက်တံဓားက သေဖို့များတယ် လင်းယွန်ကို ကာကွယ်ဖို့ လိုတယ်။ ”
-ဟု ပြောကြားလိုက်၏။
သူ့အသွင်သည် မဆင်မခြင်ပုံ ပေါက်နေ သော်လည်း လင်းယွန်မှာ ပိုအရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။
မဟုတ်သော် ဘိုးဘေးကို နန်းတော်သခင်နှင့်အတူ ထည့်ပေးမည် မဟုတ်ချေ။ သို့မှသာ လူတိုင်း သက်တောင့် သက်သာ ဖြစ်ပြီး သက်ပြင်းချကုန်၏။
***
နတ်ဘုရားသင်္ချိုင်း တောင်တန်း အပြင်ဘက်၌ မိန်ဇီဟွာ၊ လီဝူယုနှင့် အနက်ဝတ် အမျိုးသားတစ်ဦးက ကြိုးကြာငှက်ပေါ်တွင် ထိုင်နေခဲ့သည်။
“ ဘာလို့ ဓားဂိုဏ်း မဟုတ်ဘဲ ... နတ်ဘုရားသင်္ချိုင်းတောင်တန်းကို လာရတာလဲ။ ”
မိန်ဇီဟွာက အံသြစွာ မေးသည်။ လီဝူယုမှ၊
“ ဓားဂိုဏ်းက မဟာတော်ဝင်ဓား အစီအရင်ကို အသက်သွင်းပြီး ပိတ်ထားကြ လိမ့်မယ် ... ငါတို့က မျိုးနွယ်စုကို ဆန့်ကျင်ပြီး လာတာ ဆိုပေမယ့် ပေးဝင်မှာ မဟုတ်ဘူး။ ”
မိန်ဇီဟွာသည် ဂီတမျိုးနွယ်မှ ဆင်းသက်လာပြီး လီဝူယုသည် ရှေးကျသော သားရဲမျိုးနွယ်မှ ဆင်းသက်လာ၏။
သူတို့သည် စည်းမျဉ်းများ အပေါ် ဆန့်ကျင်ပြီး လင်းယွန်ကို ကူညီရန် လာခြင်း ဖြစ်သည်။ မဟာ သူတော်စင် တစ်ပါးကိုပင် အတူ ခေါ်ဆောင်လာ၏။
သို့သော် သူတို့သည် လင်းယွန်နှင့်သာ သိကြပြီး ဓားဂိုဏ်း မဟုတ်ချေ။ ထို့ကြောင့် ဓားဂိုဏ်းသည် ဝင်ခွင့် မပြုနိုင်သည်မှာ သဘာဝပေပင်။
“ ဒါ ပုံမှန်ပါပဲ ... အစီရင်မှန်သမျှ အတွင်းကနေ ဖျက်ဆီးဖို့ ပိုလွယ်ကူပါတယ် ဒါကြောင့် ငါတို့တင် မဟုတ်ဘူး ဘယ်သူ့ကိုမှ သူတို့ အဝင် မခံကြတာ သဘာဝပဲ။ ”
အနက်ဝတ် အမျိုးသားက ပြုံးလျက် ဝင်ပြော၏။ သူသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ ဖြစ်သည်။
မိန်ဇီဟွာနှင့် လီဝူယုတို့၏ မျိုးရိုးသည် သက်တံဓား ဒုက္ခတွင် မပါဝင်ဝံ့ကြသောကြောင့် သူ့ကို စျေးကြီးပေးကာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
“နဝမမြောက် သမီးတော်ကို စောင့်ပါ ... သူမသေချာပေါက် လှုပ်ရှားလိမ့်မယ် အဲဒီအချိန် ငါတို့ အတူသွားလို့ရတယ်။ ”
လီဝူယုက ပြောသည်။ ဆုစီယာနှင့် လင်းယွန်၏ ပတ်သတ်မှုအပေါ် သူသာလျှင် အသိဆုံး ဖြစ်ချေ၏။
***