အကူအညီများ ရောက်ရှိလာခြင်း။
Vol. 174 Ch. 2429
ဆုစီယာက ခရမ်း-ရွှေရောင် နဂါးသရဖူကို ဦးခေါင်းမှ ဖယ်ရှားပြီး နတ်ပိုးစာပင် သရဖူထံ ပြောင်းလဲ တပ်ဆင်လိုက်သည်။
ဤသည်မှာ မင်္ဂလာ အခမ်းအနား၌ လင်းယွန် ပြုလုပ်ပေးထားသော သရဖူ ဖြစ်၏။ ခရမ်း-ရွှေရောင် နဂါးသရဖူထက် နှစ်သက်သည်။
တောင်ကြားပေါ် ပျံတက်ကာ လေထဲ ပျံဝဲလျက် တောင်တန်း အတွင်းသို့ နက်ရှိုင်းစွာ ဝိုးဝင်လိုက်သည်။
လေးနာရီကြာပြီးနောက် မီးနဂါးမြစ်၏ အဆုံးသို့ရောက်ရှိကာ အပျက်အစီးများစွာကို မြင်လာရ၏။
ဆိုးရွားသော အသွင်အပြင်နှင့် ဖုံးလွှမ်းနေသော ရှေးဟောင်း ဖြစ်တည်မှု အချို့ကို သူမ ခံစားနိုင်သည်။
အချိန်အကြာကြီး စိုက်ကြည့် ပြီးနောက် သူမနားထဲတွင် အော်သံများကိုပင် ကြားလာ ရသည်။
၎င်းတို့သည် တံဆိပ်ခတ် ခံထားရသော ဝိညာဉ်နတ်မိစ္ဆာ မျိုးရိုး၏ နတ်ဘုရားများ ဖြစ်ချေ၏။
သူတို့သည် မထင်မှတ်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေကြပုံ ပေပင်။ လွတ်မြောက်လာပါက ခွန်လွန်အတွက် ကပ်ဘေးကြီး ဖြစ်နိုင်၏။
ကံကောင်းစွာဖြင့် ဖျက်ဆီးခြင်း နတ်ဘုရားသခင်၏ အရိုးလက်ကို သူမ သန့်စင် ထားနိုင်ခဲ့သည်။
မဟုတ်သော် ကြောက်စရာ အငွေ့အသက်များကြောင့် အသိစိတ်များ ဆုံးရှုံး သွားနိုင်၏။
“ ကောင်းကင်လမ်းကို ပြန်ပြင်ရင် ... ခွန်လွန်ရဲ့ ဝိညာဉ် စွမ်းအင်တွေ ပိုကောင်းလာ လိမ့်မယ် ... ဒါဆို သူတို့က ဒီထက် သန်မာပြီး တံဆိပ်ကို ချိုးဖြတ်နိုင်မှာ သေချာတယ်။ ”
ဆုစီယာတစ်ယောက် စိုးရိမ်စိတ်များ ဝင်လာ၏။ ဤအရာများကို မဖယ်ရှားနိုင်သော် ကောင်းကင်လမ်း ပြင်ခြင်း မပြုသင့်ချေ။
သေမျိုးများသည် နတ်ဘုရားများကို မသတနိုင်သည်မှာ သဘာဝ ပေပင်။ တောင်ပိုင်း ဧကရာဇ် ကဲ့သို့သော တစ်စုံတစ်ယောက်ပင် နှိမ်နင်းရုံသာ နှိမ်နင်းနိုင်သည်။
လက်ရှိအချိန်ထိ သမိုင်းတစ်လျှောက် နတ်ဘုရားကို သတ်နိုင်သူ တစ်ယောက်သာ ရှိ၏။ ၎င်းမှာ အိုင်းရစ် ဓားသူတော်စင် ဖြစ်သည်။
“ သူ ... နိဗ္ဗာန်တာအိုကို ဆုပ်ကိုင်နိုင်ပါ့ မလားလို့ တွေးမိတယ် ... ။ ”
မျက်လုံးများ၌ မျှော်လင့်ချက် ရောင်ခြည်များဖြင့် ရေရွတ်လိုက်သည်။ သူမ သည်လည်း နတ်ဘုရား ဖြစ်လာပါက ကောင်းကင်လမ်းကို ပြုပြင်နိုင်မည်။
သို့သော် ဤနတ်ဘုရားများကို မဖယ်ရှားနိုင်ချေ။ လင်းယွန်သည်သာ ထိုသို့ လုပ်ဆောင်ရန် အခွင့်အရေး ရှိနေသည်။
၎င်းတို့က သူမ အကြည့်ကို ခံစားမိသွား ဟန်တူသည်။ အငွေ့အသက်များကို ချက်ချင်း ဖုံးကွယ်လိုက်ကြ၏။ သို့သော် အချို့က သူမကို အထင်သေးပြီး ဟိန်းဟောက်လာကြသည်။
“ ဖျက်ဆီးခြင်း နတ်သခင် ရောင်ဝါ … ။ ”
ဆုစီယာ ထံမှ ရောင်ဝါကို အာရုံခံကာ ပုန်းအောင်း နေသူများက ကြောက်လန့်တကြား ဖြစ်ကုန်၏။ သူမ ထွက်ခွာသွားမှသာလျှင် ပြန်၍ ထွက်ပေါ်လာကြသည်။
“ ဝှစ် ... ။ ”
ခြောက်ပါးသော မြို့တော်သို့ အဖြတ်တွင် အပြောင်းအလဲအချို့ကို ခံစားရသဖြင့် ရောင်ဝါ ဖုံးကွယ်လျက် ဆင်းသက်မိ၏။
မြို့တော်လယ်တွင် သွေးလဂိုဏ်း၏ သူတော်စင်များစွာက လူသားများနှင့် နတ်ဆိုး အလောင်းများစွာကို စုပုံပြီး သွေးကန်တစ်ကန် ဖန်တီးထားသည်။
ယင်းမြစ်ဘုရင်သည် ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီး ကျောက်တျန်းယွီနှင့် စကားစမြည် ပြောနေ၏။
ဆုစီယာက မျက်မှောင်ကြုတ် သွားသည်။ အရေးကြီးသော အခမ်းအနားတစ်ခု ကျင်းပနေ သည်ကို သူမ မှန်းဆနိုင်၏။
“ စိတ်မပူပါနဲ့ .. လူတိုင်းက သက်တံဓား သူတော်စင်ရဲ့ ဒုက္ခကို အာရုံစိုက် နေကြတယ် နတ်နဂါးအင်ပါယာလည်း ... ငါတို့ကို သတိ မထားနိုင်ဘူး ... ဒီတစ်ကြိမ်တော့ အောင်မြင်မှာပါ။ ”
ကျောက်တျန်းယွီက ပြုံးကာ ပြောသည်။ ယင်းမြစ်ဘုရင်မှ၊
“ သွေးလဂိုဏ်းကို ငါကြိုပြီး ဂုဏ်ပြုရလိမ့်မယ် ... အခမ်းအနားပြီးရင် မင်းရဲ့ ဘိုးဘေးဟာ နတ်ဘုရား အဖြစ် ပြန်လည် မွေးဖွားလာမှာ သေချာတယ် ...
... အဲဒီအချိန် သွေးလဂိုဏ်းရဲ့ မြင့်မြတ်သောမီးလျှံက ခွန်လွန်တစ်လျှောက် ပျံ့နှံ့သွားလိမ့်မယ်။ ”
သွေးလဂိုဏ်းသည် မီးတောက်ကို နတ်ဘုရားအဖြစ် ကိုးကွယ်သူများ ဖြစ်သည်။ မြင်မြတ်သော မီးလျှံသည် ၎င်းတို့၏ အထွတ်အမြတ်ဖြစ်၏။
“ ဒီလိုပါပဲ ... မင်းရဲ့ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်က နတ်ဘုရားလည်း အနည်းဆုံးတော့ ဒီတောင်တန်းကြီးထဲမှာ ပုန်းနေစရာ မလိုတော့ဘူးပေါ့။ ”
ကျောက်တျန်းယွီက ပြုံးပြီး တုန့်ပြန်၏။ ထိုမြင်ကွင်းကြောင့် ဆုစီယာမှ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ဓားဂိုဏ်း၌ ဂိုဏ်းတစ်ခုလုံးအပေါ် ကြက်သွေးရောင် အလွှာ တစ်ခုဖြင့် ဖုံးအုပ်ထားခဲ့သည်။
အဆိုပါအလွှာ အပြင်ဘက်တွင် မရေမတွက်နိုင်သော သူတော်စင် အဆင့် နတ်ဆိုးသားရဲများ ပျံသန်းနေကြ၏။
ဤသည်မှာ သားရဲဒီရေ မဟုတ်ချေ။ သားရဲဒီရေဟူသည် ရက်စက်ကြမ်းကြုတ်ပြီး သားရဲများမှ ကျူးကျော်ခြင်း ဖြစ်၏။
ယခုမူ သားရဲများသည် ဓားဂိုဏ်းနှင့် ဝေးရာသို့ ထွက်ပြေးခြင်း ဖြစ်၏။ သူတို့လမ်း၌ လူသား ကျင့်ကြံသူများနှင့် ဆုံခဲ့သော် ရန်လိုခြင်းပင် မပြတော့ချေ။ ဓားဂိုဏ်းကို ထားခဲ့ရန်သာ အာရုံစိုက်ကြသည်။
သည့်အပြင် လူသား ကျင့်ကြံသူ များစွာကလည်း ဓားဂိုဏ်းအနား၌ ရောက်ရှိ စခန်းချနေ၏။
အချို့က ပွဲကြည့်ရန်၊ အချို့က ကူညီရန်၊ အချို့က ဝင်ရောက်လုယက်ရန် စသည့် အတွေး မျိုးစုံဖြင့် စုရုံးနေခြင်း ဖြစ်သည်။
မည်သို့သော ဆန္ဒများ ရှိနေစေကာမူ ဓားဂိုဏ်းသည် ရန်သူမိတ်ဆွေ မခွဲခြားတော့ဘဲ၊ လူတိုင်းအပေါ် လျစ်လျူရှုလျက် တံခါးပိတ် ပိတ်ထားခဲ့သည်။
ပင်မတောင်ထိပ် ခုနစ်လုံး မဆိုနှင့် ပြင်ပဒေသရှိ တောင်တစ်ရာ့ရှစ်လုံး အနားပင် နီးကပ်စွာ ချဉ်းကပ်နိုင်ခြင်း မရှိကြချေ။
သို့တိုင် အများစုသည် တိုက်ပွဲအတွင်း မဟာသူတော်စင် သို့မဟုတ် သူတော်စင် ဘုရင် စသည်တို့၏ အလောင်းများကို တိုက်ပွဲအတွင်း ကောက်ယူနိုင်ရန် မျှော်လင့်ချက်များ ရှိနေကြသည်။
“ ဓားဂိုဏ်းက ဒါကို ခံနိုင်ရည်ရှိမယ် မထင်ဘူး။ ”
“ ကောင်းကင်ယံ ဂိုဏ်းက အစွမ်းထက်လွန်းတယ် ... သူတော်စင်တွေရဲ့ စုပေါင်းရောင်ဝါကို အဝေးကနေ မြင်ရတယ်။ ”
“ ဟုတ်တယ် ... မြင့်မြတ်မြေ သုံးပါးရဲ့ ကျွမ်းကျင်သူတွေနဲ့ တောင်နက် သူတော်စင် ခုနစ်ပါး ရောက်နေပြီ ကြားတယ်။ ”
“ ဧကရီက ... ဒီဖြစ်ရပ် နောက်ကွယ်က လူမို့လို့ ... အင်ပါယာရဲ့ ရှေးမျိုးနွယ်စုတွေလည်း တျန်ရွှမ်ဇီနဲ့ ပူးပေါင်းလာကြပြီ။ ”
“ သက်တံဓား သူတော်စင်သာ သေရင် ... ဓားဂိုဏ်း ပျောက်ကွယ်သွားမှာ သေချာတယ်။ ”
လူတိုင်း အချင်းချင်း ဆွေးနွေးနေကြပြီး ဓားဂိုဏ်းနှင့်ပတ်သက်၍ မည်သူမျှ အကောင်း မြင်ခြင်း မရှိချေ။
ဓားဂိုဏ်းရှိ ကြက်သွေးရောင် တောင်ထိပ်ပေါ်ရှိ ပင်မခန်းမတွင် မူရွှမ်ကောင်မှ သူတော်စင် အကြီးအကဲများ အားလုံးကို ဆင့်ခေါ်ခဲ့သည်။
သို့သော် ဂိုဏ်းတွင် လူ အလုံအလောက် မရှိသောကြောင့် သူတော်စင် အကြီးအကဲများ မျက်နှာမှာ ညှိုးငယ်နေကြသည်။
မူရွှမ်ကောင် အပါအဝင် သူတော်စင် ဘုရင်သုံးပါးနှင့် သူတော်စင်သခင် အကြီးအကဲ (၁၀)ပါးသာ ရှိသည်။
မဟာသူတော်စင် ဟူ၍ အလင်းမြူ မဟာသူတော်စင်နှင့် ရွှေရောင် ကောင်းကင် တောင်ထိပ် သခင်သာ ရှိသည်။
သို့သော် နှစ်ပါးလုံးတွင် ပြဿနာများ ရှိသည်။ အလင်းမြူ မဟာ သူတော်စင်သည် ကြီးလေးသော တာဝန်ကို ထမ်းဆောင် နေရ၏။ ရွှေရောင် ကောင်းကင် မဟာ သူတော်စင်ကမူ သက်တမ်းကုန်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဓားဂိုဏ်းသည် မဟာဂိုဏ်းကြီးများ ကြားတွင် အထင်ကြီးစရာ ကောင်းသော်လည်း အစွမ်းထက်ခြင်း မရှိတော့ချေ။
အဘယ်ကြောင့် ဆိုသော် သူတို့၏ စစ်သူကြီးများမှာ သူတော်စင် ဘုရင်များသာ ဖြစ်နေသောကြောင့် ပေပင်။
သူတော်စင် ဘုရင် ဟူသည် မြင့်မြတ်မြေများတွင် အကြီးအကဲအဆင့်မျှသာ ရှိသည်။ ရလဒ်အနေဖြင့် ဓားဂိုဏ်းရှိ လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေ၏။
“ တောင်ထိပ် ခုနစ်လုံးကို ကာကွယ်ဖို့ ငါတို့မှာ လူအလုံအလောက်တောင် မရှိပါလား တော်ဝင်ဓား အစီရင်သာ ပျက်စီးသွားရင် ပြီးသွားလိမ့်မယ်။ ”
ရွှေရောင် ကောင်းကင် သူတော်စင် သခင်က သက်ပြင်းချကာ ပြောသည်။ တော်ဝင် ဓားအစီအရင်သည် အစွမ်းထက်ပြီး ဧကရာဇ် တစ်ပါးကို ရင်ဆိုင်နိုင်၏။
တောင်ငယ် တစ်ရာ့ရှစ်လုံး၏ စွမ်းအားဖြင့် ပင်မတောင်ထိပ် ခုနစ်လုံးကို ထောက်ပံ့ပေးကာ ရန်သူကို ခုခံနိုင်သည်။
ဤသည်မှာ ဓားဂိုဏ်းကို ခံစစ်အဖြစ် ရွေးချယ်ရခြင်း၏ အားသာချက် ဖြစ်လေသည်။ တောင်ထိပ်များကို အဖျက်ဆီး မခံရသရွေ့ အဆုံးမဲ့ မြေစွမ်းအင်များ ရရှိပေမည်။
သူတို့သည် လွန်ခဲ့သော သုံးနှစ်မှ စကာ သက်တံဓား၏ ဒုက္ခအတွက် အစီအစဉ်များကို ရေးဆွဲထားခဲ့ကြသည်။
ဤနေရာရှိ သူတော်စင်တိုင်းက လက်ရှိ အခြေအနေအပေါ် ရှောင်လွှဲ၍ မရနိုင်ကြောင်း သိရှိထား၏။
ဆိုလိုသည်မှာ သူတို့အားလုံး ယနေ့ အတူသေရန် ပြင်ဆင်ထားသည်မှာ သုံးနှစ်တိုင် ရှိနေပြီ ဖြစ်သည်။
“ ဂိုဏ်းချုပ် ... တောင်ငယ် (၁၀၈) လုံးနဲ့ ပင်မတောင်(၇)လုံးက တပည့်တွေ ထွက်ခွာဖို့ ငြင်းဆန်းနေပါတယ် ... သူတို့တွေ အပြင်မှာ စုဝေးနေပါပြီ။ ”
ရုတ်တရက် သင်းထောက်များ အပြေးအလွှားဝင်လာပြီး သတင်းပို့လေသည်။
“ ဂိုဏ်းချုပ် ကျွန်တော်တို့ ဖျောင်းဖျလို့ မရပါဘူး။ ”
“ ဟုတ်ပါတယ် ... အတွင်း တပည့် အားလုံးနဲ့ အထူးသဖြင့် တောင်ထိပ် ခုနစ်လုံးရဲ့ သူတော်စင် တပည့်တွေက ထွက်ခွာဖို့ ငြင်းဆန်နေပါတယ်။ ”
မူရွှမ်ကောင်နှင့် အခြားသော သူတော်စင်များက ထိုစကားကို ကြားသောအခါ မျက်နှာများ ပြောင်းသွား၏။
“ အမိန့်ကို လွန်ဆန်နေတာလား။ ”
မူရွှမ်ကောင် ဒေါသဖြင့် ကြိမ်းမောင်းရန် လှမ်းထွက်လိုက်သည်။ သို့သော် သူ ထွက်လိုက် သည်နှင် ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို မြင်လိုက်ရသည်။
လူတိုင်းက ကြောက်လန့်ဟန် မပြဘဲ သူ့ထံ စိုက်ကြည့်နေကြသဖြင့် အနည်းငယ် တွန့်ဆုတ် သွားတော့၏။
ယဲ့ဇီလင်၊ ကျောက်ယန်၊ ကုန်းစွန်းယန်၊ ကျိရွှမ်ယွီ၊ မူချင်းချင်းနှင့် မူရွှယ်ချင်းကဲ့သို့သော သူတော်စင် တပည့်များက ဦးဆောင်သည်။
ယဲ့ဇီလင်သည် စစ်မှန်သော နဂါးသခင် ဘွဲ့ကို ရယူပေးထားသဖြင့် သူမအပေါ် ဂိုဏ်းမှ အပြည့်အဝ ထောက်ပံ့ပေးထား၏။
ထို့ကြောင့် သူတော်စင် သခင် ဖြစ်လာပြီး ဓားဂိုဏ်း၏ မျိုးဆက်သစ် လူငယ်များကြားတွင် ခေါင်းဆောင် ဖြစ်လာခဲ့သည်။
“ ယဲ့ဇီလင် ... တပည့်ကြီးဖြစ်တဲ့ မင်းက သူတို့ကို ခေါ်ပြီး လာရှုပ်နေတာလား။ ”
မူရွှမ်ကောင်က ဟောက်လိုက်သည်။
“ မရှုပ်ပါဘူး... ဓားဂိုဏ်းအတွက် အစွမ်းကုန် လုပ်ဆောင်ပေးမယ်လို့ ဂိုဏ်းကို မဝင်မီ ကျိန်ဆိုခဲ့ပါတယ် ... ဓားဂိုဏ်းကို မြင့်မြတ်မြေ အဖြစ် ပြန်ယူဖို့ အမြဲ နှလုံးသွင်းထားပါတယ် ...
... ဒီနေ့ ဘိုးဘေး သက်တံက ဒုက္ခကို ခံယူနေတာကြောင့် ... လူတိုင်း ပြင်ဆင်ထားပြီး ပါပြီ ငါတို့ တိုက်ပွဲကို မကြောက်ပါဘူး။ ”
မူရွှမ်ကောင် လက်များ တုန်ယင်သွားပြီး သူ့နောက်မှ သူတော်စင် အကြီးအကဲများသည် မျက်ရည်ဝိုင်းကုန်၏။ ဤသည်မှာ ဓားဂိုဏ်း ဖြစ်သည်။
“ မင်းတို့ သေလိမ့်မယ် ... ချက်ချင်း ထွက်သွားကြ ... ဓားဂိုဏ်းအမွေကို ဒီတိုက်ပွဲက ဖြတ်တောက်လို့ မရနိုင်ပါဘူး။ ”
မူရွှမ်ကောင်က အသံကို ထိန်းကာ ပြောကြားလိုက်သည်။
“ တပည့်တို့ သေမှာ မကြောက်ဘူး ... ။ ”
ယဲ့ဇီလင်က ပြတ်သား၏။ သူတို့အတွက် အန္တရာယ်ရှိမှန်း သိသော်ငြားလည်း ၎င်းတို့သည် တိုက်ပွဲအတွက် အသုံးဝင်သေးသည်။
တော်ဝင်ဓားအစီရင်အတွက် စွမ်းအင် ထောက်ပံ့နေပေးသော တောင်ငယ် (၁၀၈)လုံး၌ အကာအကွယ် မဲ့နေမှန်း သူတို့ သိ၏။
မူရွှမ်ကောင်သည် ပင်မတောင်ခုနစ်လုံး ကိုသာ ကာကွယ်ရန် စီမံနိုင်မည်။ ထို့ကြောင့် သေလျှင်ပင် အချည်းနှီး မသေနိုင်ချေ။
“ ကုန်းစွန်းယန် ... မင်းက ဘာလို့ အခုထိ ရှိနေသေးတာလဲ မင်းက ဓားဂိုဏ်းမျိုးရိုးမဟုတ် ပါဘူး၊ ဒါကြောင့် အခုချိန် ထွက်သွားရင် မင်းကို သစ္စာဖောက် အဖြစ် ဘယ်သူမှ မမြင်ဘူး။ ”
ကုန်းစွန်းယန်သည် ဓားဂိုဏ်းသို့ မ၀င်ခင် သူရဲဘောကြောင် အဖြစ် ကျော်ကြားသူ ဖြစ်၏။ ယုချင်းဖန် မျိုးရိုးကို ခံယူလိုသူ ပေပင်။
ထို့ကြောင့် ၎င်းဦးဆောင်ပြီး ဓားဂိုဏ်း၏ တပည့်များကို ခေါ်ဆောင် သွားစေလိုခဲ့သည်။
“ ဂိုဏ်းချုပ်က ... ဒီတပည့်ကို ဓားဂိုဏ်းရဲ့တပည့်လို့ မမြင်ဘူး မဟုတ်လား ဒါဆို တပည့် ရိုးသားမယ် ... ဟုတ်ပါတယ် ...
... ကျွန်တော်က သူရဲဘောကြောင်သူ တစ်ယောက် ဖြစ်ပြီး ... သိုင်းမောင်နှမတွေနဲ့ ယှဉ်ရင် ဓားသမား မဖြစ်သင့်တဲ့ လူပဲ ... ဒါပေမယ့် အခုတော့ ...
... ထွက်မသွားနိုင်သေးဘူး... အနည်းဆုံးတော့ ငါက ဓားသမားတစ်ယောက် ဖြစ်တယ်ဆိုတာ ... အဲဒီကောင် ပြန်လာရင် သိအောင် ပြောပြရမယ် ...
... မိုင်ကိုးသောင်းကို လွှမ်းခြုံထားတဲ့ ... ငါတို့ရဲ့ ထီးတော်က နန်းစံနှစ်ပေါင်း ရှစ်ထောင်၊ လမင်း တည်နေသရွေ့ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့လို့ ... သူ့ရှေ့မှာ ကျိန်ဆိုခဲ့မိတယ်။ ”
ကုန်းစွန်းယန်၏ ‘အဲဒီကောင်’ဟူသော ရည်ညွှန်းချက်သည် လင်းယွန်ကို ဆိုလိုခြင်း ဖြစ်ချေပြီ။
သူပြောသည်ကို ကြားပြီးနောက်တွင် ရောက်ရှိလာသူ အားလုံး ပို၍ပင် ခိုင်မာသော မျက်ဝန်းများ ပြသလာ၏။
“ လရှိနေသရွေ့ ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”
“ လရှိနေသရွေ့ ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”
“ လရှိနေသရွေ့ ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”
နီရဲသော မျက်ဝန်းများဖြင့် ကြွေးကြော်သံများပင် ပြုလိုက်ကြ၏။ သူတို့ မည်သည့်အခါမျှ ထွက်ပြေးမည် မဟုတ်ချေ။ ဓားဂိုဏ်းတွင်မွေးပြီး ဓားဂိုဏ်း၌ သေမည်။
မူရွှမ်ကောင်နှင့် သူတော်စင် ဘုရင်များက စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ တိတ်ဆိတ် ကုန်သည်။
“ နက်ရှိုင်းတောင်ကြားက တောင်ကြားသခင် လီမိုယု ... ဓားဂိုဏ်းကို ကူညီဖို့ ရောက်လာပါပြီ။ ”
“ ကောင်းကင် မှတ်စု ဂိုဏ်းလည်း ရောက်နေပါပြီ။ ”
“ ကောင်းကင် ဓားမော့ခန်းမလည်း ကူညီဖို့ ရောက်နေပါပြီ။ ”
“ မိုးကြိုး ကျောင်းတိုက်လည်း ကူညီချင်ပါတယ်။ ”
“ မြကျောက်စိမ်းစံအိမ်လည်း ပါပါတယ်။ ”
“ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ ... ငါမိုးကြိုး ဂိုဏ်းချုပ်ပါ။ ”
ရုတ်တရက် ကောင်းကင်ထက်၌ အော်ဟစ်သံများ ဆူညံလာသည်။ ဤသည်မှာ ရှေးဟောင်း ပျက်သုဉ်းမြေ၏ မဟာ ဂိုဏ်းကြီး ရှစ်ပါးအနက်မှ ခြောက်ပါး ဖြစ်သည်။
သူတို့က ဂိုဏ်းချုပ်များ ကိုယ်တိုင် ဖြစ်ပြီး ဓားဂိုဏ်း အပြင်ဘက်၌ ကိုယ်ထင်ပြနေကြ၏။
“ ဂိုဏ်းချုပ် ခြောက်ယောက်ကို ယုံကြည်လို့ရတယ်။ ”
ရွှေရောင် ကောင်းကင် တောင်ထိပ် သခင်မှ ကောင်းကင်ပေါ် လှမ်းကြည့်ကာ ပြောကြားလေ သည်။ ထိုစဉ် နောက်ထပ် ပဲ့တင်သံ တစ်သံ ထွက်ပေါ်လာပြန်၏။
“ သက်တံဓား သူတော်စင်ရဲ့ တပည့်ကြီး ယဲ့ကူဟန် ... သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ မူလနဂါး မဟာ သူတော်စင်နဲ့ ကျောက်စိမ်းဓား သူတော်စင်တို့ ရောက်ရှိနေပါပြီ ... ကျေးဇူးပြု၍ ဝင်ခွင့်ပြုပါ။ ”
လူတိုင်း ရွှင်မြူးကုန်၏။
“ ဒါ ... အသူရာ မြစ်ဓား သူတော်စင်ပဲ။ ”
“ ကောင်းကင်ဘုံ ကျောက်စိမ်း ဓားသူတော်စင်လည်း ပါလာတယ်... သူမက အရှေ့ဘက် ပျက်စီးမြေရဲ့ ဓားသူတော်စင် သုံးပါးထဲက တစ်ဦးပဲ။ ”
“ စီနီယာ မူလ နဂါးနဲ့ သတ်ဖြတ်ခြင်း မဟာ သူတော်စင်တို့လို မာနကြီးတဲ့ ပုဂ္ဂိုလ်တွေလည်း ရောက်လာပြီ။ ”
၎င်းသည် မဟာ သူတော်စင် လေးပါးနှင့် သူတော်စင်ဘုရင် ဂိုဏ်းချုပ် ခြောက်ပါးမျှသာ ဖြစ်သော်လည်း ဓားဂိုဏ်းအတွက် အားဖြစ် စေ၏။
“ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဘယ်မှာလဲ ... နတ်ဖီးနစ်တောင်ရဲ့ ... နတ်ဖီးနစ် တောင်တန်း သခင်နဲ့ အကြီးအကဲတွေက ... ကူညီဖို့ ရောက်လာပါပြီ .... ။ ”
နတ်ဖီးနစ် တောင်တန်း သခင်က ရှည်လျားသော မိတ်ဆက်ဖြင့် ရောက်ရှိလာ တော့၏။
လူတိုင်းက ထိတ်လန့် တုန်လှုပ်စွာဖြင့် နတ်ဖီးနစ်တောင်၏ သားရဲများထံ လှမ်းကြည့် လိုက်ကြသည်။
နတ်ဖီးနစ်တောင်ဟူသည် အရှေ့ဘက် ပျက်စီးမြေ၌ မာန အကြီးဆုံးနှင့် အသန်မာဆုံး ဖြစ်သည်။ ယခုမူ သူတို့၏ တောင်တန်းသခင် ကိုယ်တိုင်ပင် ရောက်ရှိနေ၏။
လူတိုင်း မှင်တတ်နေစဉ် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ ၎င်းသည် ခေါင်းလောင်းသံ ကဲ့သို့ လွင်နေပြီး နဂါးကဲ့သို့ ကြီးစိုးချေပြီ။
“ နိဗ္ဗာန် နန်းတော်ရဲ့ အသူရာ စပါးအုံး မဟာသူတော်စင်က ... ဓားဂိုဏ်းကို ကူညီဖို့ ပန်းသင်္ချိုင်းနဲ့ ... သဘောတူညီချက်ကြောင့် ရောက်ရှိလာပြီ ဝင်ခွင့်ပြုပါ။ ”
***