လင်းယွန် ပုံစံ ... ။
Vol. 175 Ch. 2444
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင် တစ်ယောက် ထိတ်လန့်သွားသည်။ ယင်-ယန် တာအိုတွင် လင်းယွန်၏ အောင်မြင်မှုမှာ ကြောက်စရာ ကောင်း၏။
သူသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာခန့်၌ ယင်ယန်တာအိုကို ထိတွေ့ခဲ့ပြီး ဆုပ်ကိုင်နိုင်ရန် နှစ်(၁၀၀)နှင့် လက်ရှိ အဆင့်သို့ ရောက်ရန် နှစ်(၁၀၀) ပေးဆပ်ရသည်။
နှစ်ပေါင်းနှစ်ရာ ဟူသည် အချိန် ရှည်ကြာလှသော်လည်း ပြန်လည် ရရှိခဲ့သော အကျိုးအမြတ်သည် စိတ်လှုပ်ရှားစေ၏။
ထာဝရတာအိုကို ဆုပ်ကိုင်ခြင်း မပြုမီ အခြားသော မြင့်မြတ်မြေ ဂိုဏ်းချုပ်များနှင့် အဆင့်တူ ဖြစ်သည်။
ယခုမူ ယင်ယန် တာအိုကြောင့် ကောင်းကင်ဘုံ မဟာ သူတော်စင် တျန်ရွှမ်ဇီ နှင့်ပင် ယှဉ်လာနိုင်၏။
တစ်ဖက်တွင် လင်းယွန်သည် အသက် (၂၈)နှစ်သာ ရှိသေးပြီး ယင်ယန် တာအိုအပေါ် နက်ရှိုင်းစွာ ဆုပ်ကိုင်ထားနိုင်သည်။
ဆုစီယာ နားလည်ထားသော သစ္စာတာအိုသည်ပင် ၎င်းကဲ့သို့ လေးနက်ခြင်း မရှိသေးချေ။
“ လောကကြီးက မတရားဘူး ... မင်းက ဆယ်နှစ်လောက် ကျင့်ကြံပြီး ... ငါအနှစ် သုံးရာ နားလည်တာတွေထက် သာလွန်နေတယ်။ ”
နာကျည်းစွာဖြင့် ဝေဖန်လိုက်သည်။ ထိုစကားကြောင့် လင်းယွန်၏ အကြည့်များ အေးစက်သွား၏။
“ ဟမ့် ... မင်းလိုလူက တရားမျှတမှု အကြောင်းပြောဖို့ ပါးစပ်ရှိသေးလား ဓားဂိုဏ်း အပေါ် ယုချင်းဖန်က အနိုင်ယူပြီး ငါ့ဆရာကို အနှစ် သုံးထောင်ကြာအောင် နှိမ်နင်း ထားတာက တရားမျှတလား၊ ...
... ဓားဂိုဏ်းလို ပထမတန်းစား ဂိုဏ်းတစ်ခုကို မင်းတို့ မြင့်မြတ်မြေ သုံးပါး ပေါင်းပြီး တိုက်တာ တရားမျှတလား ...
... ငါ့အသက် (၂၈)နှစ်ပဲ ... ဒါပေမယ့် ငါ ကြုံတွေ့ခဲ့ရတာတွေကို မင်းဘယ်လောက်သိလဲ၊ ငါ့အသက်အရွယ်အရ ...
... အသက်နဲ့ သေခြင်း တွေကို လူမဆန်အောင် ကြုံတွေ့ခဲ့ရတယ် ... ဒါပေမယ့် အခုချိန်ထိ မတရားဘူးလို့ ... ငါ့ကိုယ်ငါ တစ်ခါမှ ညည်းညူ မနေဖူးဘူး။ ”
ထိုစကားကြောင့် အနားရှိ ဆုစီယာ၊ ယဲ့ကူဟန်၊ ကျန့်ကျင်းရှန်နှင့် အခြားသော မဟာ သူတော်စင်များက နှလုံးသားများ တုန်လှုပ် သွားသည်။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှာ မျက်ရည်များ ဝဲနေပြီ ဖြစ်၏။ ယဲ့ကူဟန်သည် သူ့ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။
ကျန့်ကျင်းရှန်က ဒေါသထွက်လာ၏။ မြင့်မြတ်မြေ၏ ဂိုဏ်းချုပ်ကြီး တစ်ပါးသည် လူငယ် တစ်ယောက်နှင့် တရားမျှတမှု အကြောင်း ဆွေးနွေးလိုသည်လော။
ဆုစီယာသည် ဧကရာဇ် သုတ္တန်ကို ကျင့်ကြံထားသဖြင့် ချစ်ခြင်းသည် သူမအပေါ် နာကျင်စေ၏။
သို့သော် လုံးဝ နောင်တ မရခဲ့ချေ။ ကမ္ဘာကြီးတစ်ခုလုံးမှ ဆန့်ကျင် နေခဲ့လျှင်ပင် လင်းယွန်နှင့်အတူ ရပ်တည်မည် ဖြစ်သည်။
ခရမ်းငယ်က ဓားသေတ္တာပေါ်တွင် ထိုင်နေလျက်မှ ဒေါသကြောင့် မျက်နှာ ဖြူဖျော့ လာ၏။ သူမသည် လင်းယွန်နှင့် အချိန် အကြာဆုံး နေခဲ့သူ ဖြစ်သည်။
လက်ရှိ ခွန်အားမျိုး ရရှိရန် လင်းယွန်တစ်ယောက် ထိုက်တန်သောအဖိုးအခ ပေးဆပ်ခဲ့ရသည်။
သည့်ပြင် အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်သည် ကောင်းကင် လွင်ပြင်နယ်မြေ ထံသို့ သွားရဲသည်လော။
တစ်ချိန်က တျန်ရွှမ်ဇီကြောင့် လင်းယွန်သည် သေလုမျောပါး ထွက်ပြေးခဲ့ရပြီး ယဲ့ချင်းရှန်အဖြစ် ကောင်းကင် တာအို ဂိုဏ်းအတွင်း ခိုလှုံခဲ့ရသည်။
သို့တိုင် သူမသည် ဖီးနစ်တစ်ကောင် ဖြစ်သဖြင့် မငိုသင့်ဟု ညင်သာစွာ နှစ်သိမ့်ခဲ့၏။
“ ကောင်းကင် ကျက်အသရေနဲ့ ... မီးကျီးကန်း ... ငါနဲ့အတူ ဒီကောင်ကို သတ်ပါ သူ့ကို မသတ်နိုင်ရင် ဓားဂိုဏ်းက ပြန်ထ လာလိမ့်မယ်။ ”
စကားဆုံးသည်နှင့် ‘မင်’ဟူသော ဝေါဟာရကို ဖွဲ့စည်းလျက် လင်းယွန်ထံ လက်လှမ်းလိုက်၏။
“ ဝှစ် ... ။ ”
လင်းယွန်က နေလထီးကို မြေပြင်ပေါ်၌ လည်ပတ်စေလျက် နဂါးဝိညာဉ် ကိုးပါး ခေါ်ယူ လိုက်သည်။
ဤတစ်ကြိမ်၌ အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်သည် ထိုနဂါးဝိညာဉ် ကိုးကောင်၏ အကာအကွယ်ကို မဖြတ်နိုင်ချေ။
“ သက်တံဓားရဲ့ မျိုးရိုးမှာ တစ်ယောက်မှ မရှိဘူးလို့ မင်း ထင်နေတာလား ... ။ ”
ယဲ့ကူဟန်က ဒေါသတကြီး ဝင်ရောက် တိုက်ခိုက်သည်။ သူသည် အာကာသ တာအိုကို ဆုပ်ကိုင်ထားပြီး စွမ်းအားမှာ မထင်မှတ်ထား လောက်အောင် ပြင်းထန်၏။
ကောင်းကင်ခွဲ မဟာ သူတော်စင်မှ ၎င်းကို ဟန့်တားရန် ပြင်သည်။
“ တောင်နက် သူတော်စင် ခုနစ်ပါး ငါ့အမိန့်ကို လိုက်နာပါ ... မူလ နတ်ဘုရား သန့်စင်ခြင်း အစီရင်ဖွဲ့စည်း ... ။ ”
ချက်ချင်း တောင်နက် မဟာ သူတော်စင် ခုနစ်ပါးက နေရာ ယူလိုက်၏။ ပိတ်လှောင်ခြင်း အစီရင်တစ်ခု ရုတ်ချည်း ပေါ်လာသည်။
ဤသည်မှာ ဧကရာဇ်တစ်ပါးကိုပင် ရင်ဆိုင်နိုင်သည်ဟု ကောလဟာလများ ထွက်ရှိ နေသည့် ဝှက်ဖဲပေပင်။
သို့သော် အရိုးဖြူ မဟာ သူတော်စင် ဒဏ်ရာရရှိ ထားသောကြောင့် အစီရင်သည် စွမ်းအားက လျော့နည်းသွား၏။
ယဲ့ကူဟန် အပါအဝင်၊ ဆုစီယာ၊ ကျောက်စိမ်းဓား သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် မူလနဂါး မဟာ သူတော်စင်တို့ ခမျာ ပိတ်မိသွားသည်။
“ သွားကြရအောင် ... ။ ”
တစ္ဆေသခင်က နတ်မိစ္ဆာမျိုးရိုးမှ မဟာ သူတော်စင်နှင့် ပူးပေါင်းပြီး ရှေ့သို့ လှမ်းတက် လိုက်သည်။
ထို့နောက် မဟာ သူတော်စင် ဆယ်ပါး ထိပ်တိုက်တွေ့ကုန်ပြီး ချက်ချင်း ဝရုန်းသုံးကား ဖြစ်ကုန်၏။
တောင်ထိပ်သည် ကျယ်ပြန့် သော်လည်း ကြောက်မက်ဖွယ် မဟာ သူတော်စင် ရောင်ဝါ များဖြင့် ပြည့်နှက်နေခဲ့သည်။
“ ငါတို့ သုံးယောက် ... ဒီကောင့်ကို မြန်မြန် သတ်ပစ်ရမယ်။ ”
အလင်း ချိုးနှိမ်ခြင်း မဟာ သူတော်စင်က တစ်ဖက်တိုက်ပွဲထံကြည့်ကာ လင်းယွန်အပေါ် လက်စသပ်ရန် ပြင်၏။
ထို့ကြောင့် တိုက်ပွဲ မြင်ကွင်းကို မိုင်တစ်သောင်း အကွာမှ မြင်တွေ့နိုင်ခဲ့သည်။
“ နောက်ဆုံးတော့ တိုက်ကြပြီ။ ”
“ အလင်း နှိမ်နင်းခြင်း မဟာသူတော်စင်က စည်းကမ်းတွေကို လိုက်နာမှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်း ထားပြီးသားပါ။ ”
“ လင်းယွန်ရဲ့ အရည်အချင်းအပေါ် ဘယ်သူမဆို ကြောက်မိမှာပဲ ... ဘယ်သူမှ သူ့ကို ဟန့်တားလို့ မရတော့ဘူး။ ”
ဓားဂိုဏ်း အပြင်ဘက်တွင် တိုက်ပွဲထံ စောင့်ကြည့်နေသော သူတော်စင် များစွာက မှတ်ချက်ပေးလာကြ၏။
“ ဓားဂိုဏ်းရဲ့ တပည့်တွေ ဘယ်မှာလဲ။ ”
မူရွှမ်ကောင်က ကောင်းကင်ပေါ် ခုန်တက်လျက် သူ့ဓားကို လွှတ်တင်လိုက်သည်။ နတ်အလင်း ဓားရည်ရွယ်ချက် ဖြာကျလာ၏။
“ ဒီမှာ ရှိပါတယ်။ ”
ဓားဂိုဏ်း၏ တပည့်များကလည်း သူတို့ဓားများကို မူရွှမ်ကောင်ထံ မဆိုင်းမတွ ပေးပို့လိုက်ကြသည်။
“ လမင်း ရှိသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မသေ ... ။ ”
လင်းယွန်က သွေးများ ပွက်ပွက်ဆူ လာပြီးနောက် ပန်းသင်္ချိုင်းဓားကို ရင်ဘတ်ထဲမှ ဆွဲထုတ်ကာ ကြွေးကြော်လိုက်သည်။
“ မင်း ... သေချင်နေတာပဲ။ ”
လင်းယွန်မှ ထွက်ပြေးခြင်း မရှိသည်ကို မြင်သောအခါတွင် အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က ဒေါသထွက်လာ၏။
လက်ဖဝါးပေါင်း (၈၁)ချက် တိတိ ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို တုန်လှုပ် သွားစေသည်။
“ ပန်းသင်္ချိုင်း၊ ငါ့ကို ကူညီပါ ... ။ ”
တစ်ဖက်တွင် လင်းယွန်က ဓားကို ယမ်းလျက် ဘုန်းဝိညာဉ်များကို အသက်သွင်း ပစ်လိုက်သည်။
“ ကောင်းကင် နဂါး ... ငါ့ကို ကူညီပါ ... ။ ”
ပြီးနောက် ကောင်းကင်နဂါး ဓား(၁၃)ကွက်ကို ထုတ်ဖော်ကာ ကောင်းကင် နဂါးလက်သည်းအဖြစ် ထုတ်လွှတ်ပစ်၏။
“ ရွှပ် ... ။ ”
နဂါး လက်သည်းသည် လက်ဖဝါး (၈၁) ချက်ကို ဆုတ်ဖြဲပြီး အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်ထံ တိုးဝင်သွားသည်။
လက်ဖဝါးများကို ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည့်အပေါ် အလင်း နှိမ်နင်းခြင်း မဟာသူတော်စင်မှ မယုံနိုင် ဖြစ်သွား၏။
“ မြန်မြန် ... ။ ”
နဂါးလက်သည်းက ရှေ့သို့ တိုးလာစဉ် ကောင်းကင် ကျက်သရေ မဟာသူတော်စင်နှင့် မီးကျီးကန်း တို့မှာ ချက်ချင်း နောက်ဆုတ် လိုက်ရသည်။
ပန်းသင်္ချိုင်းထံမှ ဖြာထွက်နေသော ဓားရည်ရွယ်ချက်သည် ကျန့်ကျင်းရှန် ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေ၏။ အဋ္ဌမတန်းကို ကျော်လွန်နေသည်ဟု ခံစားရသည်။
“ ဟမ့် ... မြင့်မြတ်မြေ ဂိုဏ်းချုပ်တွေလား ဒီလောက်လည်း အထင်ကြီးစရာ မရှိပါဘူး ဒါက ဓားလေး တစ်ချက်ပါပဲ။ ”
လင်းယွန်က လေထဲပျံဝဲလျက် မဟာ သူတော်စင် သုံးပါးထံ ကြည့်ကာ လှောင်ပြောင် လိုက်လေသည်။
“ ဝှစ် ... ။ ”
ထို့နောက် ချက်ချင်း ပျောက်ကွယ်ပြီး ကောင်းကင် ကျက်သရေ မဟာ သူတော်စင် နောက်၌ ပြန်ပေါ်လာ၏။
“ ထန် ... ထန် ... ။ ”
ကောင်းကင် ကျက်သရေမှာ စဉ်းစားရန် အချိန် မရှိတော့ဘဲ သူ့ဓားမော့ဖြင့် လှည့်လျက် ခုခံလိုက်ရသည်။
ဓားနှင့် ဓားမော့ ထိပ်တိုက်တွေ့သောအခါ ကောင်းကင်ကျက်သရေ မဟာ သူတော်စင်ခမျာ လက်ဖဝါးများ ထုံကျင်သွား၏။ ဓားမော့ လွတ်ကျသွားလု မတတ် ပေပင်။
“ ဒါက ဘာဓားရေးကြီးလဲ ... ။ ”
ဤဓားနည်းစနစ်တွင် ကောင်းကင် နဂါး တန်ခိုးများ ပါ၀င်သောကြောင့် တုန်လှုပ်ဖွယ် ကောင်းချေ၏။
ထို့နောက် လင်းယွန်က ပြန်မဖြေဘဲ မိုးပြာနဂါး နက္ခတ်ခေါ်ကာ ထပ်မံ တိုက်ခိုက် လိုက်ပြန်သည်။
“ ထန် ... ။ ”
ဤတစ်ကြိမ်၌ ကောင်းကင် ကျက်သရေ မဟာသူတော်စင် တစ်ယောက် အဝေး လွင့်စဉ် သွားတော့၏။
“ ဟိတ် ... ။ ”
လင်းယွန်က ဆက်မလိုက်ဘဲ နောက်ကျောတွင် မျက်စိပါနေသည့် အလား ဓားဖြင့်လှည့်ကာ ခုတ်ချပစ်လိုက်သည်။
ခိုးဝင်တိုက်ခိုက်ရန် စီစဉ်နေသော အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင်ခမျာ ချက်ချင်း ပြန်ဆုတ်လိုက်ရ၏။
အုပ်စိုးရှင် လက်ရာနှင့် အဋ္ဌမတန်း ဓားရည်ရွယ်ချက်သည် ပြောစရာ မလိုအောင် အစွမ်းထက်သည်။
၎င်းကို ယင်ယန် တာအိုဖြင့် ဖြည့်ဆည်း ပြီးနောက် မဟာ သူတော်စင် တစ်ပါးအတွက် အန္တရာယ်ပေးနိုင်သော အဆင့်၌ ရှိနေ၏။
လင်းယွန်က လှောင်ပြုံးဖြင့် ကောင်းကင်ကျက်သရေ မဟာ သူတော်စင်ထံ ပြန်လှည့် ပြေးသွားသည်။
“ ဝှစ် ... ။ ”
တစ်ဖက်လူသည် အဋ္ဌမတန်း ဓားမော့ ရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားခဲ့သော်လည်း သူနှင့်ယှဉ်သော် များစွာ အားနည်း၏။
“ မင်း ပိတ်ဆို့နိုင်မယ်ထင်လား။ ”
ဓားရိပ်များသည် ကောင်းကင် ကျက်သရေ မဟာသူတော်စင်အပေါ် မိုးရေစက်များ ကဲ့သို့ တဖွဲဖွဲ ကျရောက်သွားသည်။
ကောင်းကင်နဂါးဓား ဆယ့်သုံးကွက်ကို ထုတ်ဖော်ထားသဖြင့် စွမ်းအားသည် ထပ်ကာ ထပ်ကာ တိုးလာ၏။
“ ထန် ... ထန် ... ။ ”
ကောင်းကင်ကျက်သရေ မဟာ သူတော်စင်ခမျာ တဆုတ်တည်း ဆုတ်ပေး နေခဲ့ရသည်။ ထိုစဉ် လင်းယွန်မှ နောက်ပြန် လှည့်ကာ ဓားဖြင့် လှမ်းထိုးလိုက်၏။
“ ရွှပ် ... ။ ”
ဓားအဖျားက တောက်ပသော ကြယ်တစ်ပွင့်ကဲ့သို့ အလင်းများ ပြေးထွက်ပြီး အလစ်ဝင်ရန် ကြံရွယ်နေသူ မီးကျီးကန်းထံ ပျံသန်းသွားသည်။
ဤတစ်ကြိမ်တွင် ကောင်းကင် နဂါးဓား (၁၃)ကွက်အပြင် နတ်ဖီးနစ်ဓား (၉)ကွက်ကိုပါ ထုတ်ဖော်လိုက်၏။
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင် တစ်ယောက် ဖြစ်ပျက်နေသည်များကို လိုက်မမီ တော့ချေ။
လင်းယွန်က မီးငှက်နှင့် မိုးပြာနဂါး နက္ခတ်များခေါ်ကာ ပန်းသင်္ချိုင်းဖြင့် သူ့နဖူးထံ ညွှန်ပြလာ၏။
နောက်ဆုံးတွင် အုပ်စိုးရှင် နက္ခတ် နှစ်လုံးဖြင့် ဓားဖျားကို နဖူးထံ ညွှန်ပြခံရသဖြင့် ခံစားချက် မကောင်းတော့ချေ။
“ ဝှစ် ... ။ ”
ဒေါသထွက်လာပြီး လင်းယွန် နှလုံးထံ ချိန်ရွယ်ထားသော ဘယ်လက်ဝါးကို ပစ်လွှတ် လိုက်သည်။
“ ဖပ် ... ။ ”
“ ဝှစ် ... ။ ”
လင်းယွန်မှ ထိုလက်ဖဝါးကို ပိတ်ဆို့ရန် ပန်းသင်္ချိုင်းဖြင့် ပြန်၍ ခုတ်ချပစ်၏။ ပြီးနောက် ပန်းသင်္ချိုင်းကို လှံတစ်စင်းကဲ့သို့ လှမ်းထိုး ပစ်တော့သည်။
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က လှောင်ပြုံးဖြင့် ပန်းသင်္ချိုင်းဓားကို လျစ်လျူရှု လိုက်၏။ သူ့တွင် နေ-လ သူတော်စင် ချပ်ဝတ် ရှိသည်။ ထို့ကြောင့် လင်းယွန်ကို ရိုက်ရန် ပြင်မိ၏။
“ စွပ် ... စွပ် စွပ် ။ ”
သို့သော် ဤအခိုက်တွင် ချပ်ဝတ်၌ အပေါက်များ ဖြစ်ပေါ်လာပြီး သွေးစီးကျလာ တော့သည်။ တစ်ဆက်တည်းမှာပင် အဝေးသို့ လွင့်စဉ်သွား၏။
“ ဝှစ် ... ။ ”
လင်းယွန်က လေထဲ လှည့်ပတ်လျက် ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်းတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို ရှောင်တိမ်းသည်။
၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုများသည် နှစ်ပေါင်း တစ်သိန်းကျော်ကြာ တည်ရှိနေသော ဓားဂိုဏ်း၏ တောင်ထိပ်ကို အနည်းငယ် ပျက်စီးသွားစေ၏။
“ အတူတူ လုပ်ပါ ... ။ ”
အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်က အံကြိတ်လျက် ထပ်မံ တိုက်ခိုက်ရန် ပြေးဝင်လာ ခဲ့သည်။
“ လူယုတ်မာ ... ဖမ်း ။ ”
ထိုမြင်ကွင်းကြောင့် ခရမ်းငယ်က ဓားသေတ္တာကို လင်းယွန်ထံ ပစ်ပေးလိုက်သည်။ ဓားသေတ္တာမှ ကြိုးနှစ်ချောင်း ထွက်လာကာ လင်းယွန်ပခုံးပေါ် သိုင်းပတ်လျက် တင်းတင်း ကြပ်ကြပ် ချိတ်တွယ်တော့၏။
အပြာရောင် ဝတ်ရုံဖြင့် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးထားသော ထိုအသွင်သည် လင်းယွန်အတွက် ပြီးပြည့်စုံသော ပုံစံမျိုး ဖြစ်ချေပြီ။
အုပ်စိုးရှင် နတ်ရူရ် လေးလုံးက ဓားသေတ္တာပေါ်၌ ချက်ချင်း တောက်ပလာ၏။ ထို့နောက်တွင် သူ့ဓားမှာ ပို၍ ပြင်းထန် လာတော့သည်။
“ ထန် ... ထန် ... ။ ”
“ ဝေါ့ ... ။ ”
ကောင်းကင် ကျက်သရေနှင့် မီးကျီးကန်း မဟာသူတော်စင်ခမျာ သွေးအန်ပြီး ဒူးတစ်ဖက် ထောက်ကျသွား၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
အလင်းနှိမ်နင်းခြင်း မဟာ သူတော်စင် သာလျှင် ခံနိုင်ရည်ရှိခဲ့ပြီး ခြေလှမ်း (၁၀)လှမ်း မျှသာ နောက်ပြန် ဆုတ်သွားလေသည်။
***