လူတွေက ငါ့အပေါ် ပိုတွက်နေကြတယ်။
Vol. 175 Ch. 2447
“ တျန်ရွှမ်ဇီရဲ့ ကောင်းကင်လား။ ”
တျန်ရွှမ်ဇီက အံ့ဩစွာ ပြုံးလိုက်သည်။
“ အဲဒီလိုသာ ဆိုရင် ... ငါ့နာမည်နဲ့ အုပ်စိုးရှင်နက္ခတ် တစ်လုံး ပိုင်ဆိုင်ခွင့်ရလို့ ဂုဏ်ယူရမယ်၊ လင်းယွန် ... မင်းကို ကျေးဇူးတင်ပါတယ်။ ”
“ ဟမ့် ... ဒါဟာသ တစ်ခုပဲ ... မင်းကိုယ်မင်း ဂုဏ်ယူ မနေနဲ့ ... ဒီအုပ်စိုးရှင် ကြယ်စုက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ”
လင်းယွန်မှ ဒေါသတကြီး ပြန်အော်၏။
“ အိုး ... ဟုတ်လား ... ဒါဆို စိတ်မကောင်းစရာပဲ ... ငါ့ကို အတွေ့အကြုံ ရအောင် ပြပါဦး။ ”
“ ဝှစ် ... ။ ”
တျန်ရွှမ်ဇီက လေထဲတွင် ပျံဝဲပြီး လင်းယွန်ရှေ့ ဆင်းသက်လာသည်။ လင်းယွန်မှ မရေမတွက်နိုင်သော ဓားရိပ်များဖြင့် ချက်ချင်း ဝန်းရံပစ်လိုက်၏။
ဓားရိပ်တိုင်းသည် အသက်အန္တရာယ် ရှိစေသည်။ ကောင်းကင် သင်္ချိုင်း သူ့နက္ခတ်ကို ထုတ်ပြပြီးနောက် ပန်းသင်္ချိုင်း စွမ်းအားသည် အကန့်အသတ်မဲ့ နေ၏။
သို့သော် တျန်ရွှမ်ဇီက လက်တစ်ဖက်ကို နောက်ပို့လျက် ကျန်လက်တစ်ဖက်တည်းဖြင့် တည်ငြိမ်စွာ ရင်ဆိုင်နေခဲ့သည်။
လင်းယွန်၏ ဓားသည် လျင်မြန်ပြီး လူအများ၏ မျက်လုံးကို စူးရှစေသောကြောင့် မျက်နှာလွှဲမိစေသည်။
သို့သော် တျန်ရွှမ်ဇီသည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး နှေးကွေးနေ၏။
“ ဝှစ် ... ။ ”
လျင်မြန်ခြင်းနှင့် တည်ငြိမ်ခြင်း။ သည့်နောက် တျန်ရွှမ်ဇီက ကောင်းကင်မှနေ၍ လင်းယွန်ကို လှည့်ပတ်ကာ ရှုထောင့် အသီးသီးဖြင့် ရိုက်နှက်တော့၏။
“ ဝှီး ... ဝှီး ... ။ ”
လင်းယွန် အသက်ပြင်းပြင်းရှူပြီး တျန်ရွှမ်ဇီကို လိုက်ပါ မျက်နှာချင်းဆိုင် နေခဲ့ ရသည်။ သူ့ဓားသည် နှေးကွေးသွားတော့၏။
ဤမြင်ကွင်းက မဟာ သူတော်စင်များ အားလုံးကို မျက်နှာ ပြောင်းလဲ သွားစေသည်။ လင်းယွန် သို့မဟုတ် တျန်ရွှမ် မည်သူပင် ဖြစ်စေ ၎င်းတို့ ကိုယ်ခံပညာ၏ နက်နဲမှုသည် အချိန်နှင့် အာကာသ ကန့်သတ်ချက်များကို ကျော်လွန်နေခဲ့၏။
တျန်ရွှမ်ဇီ အတွက် ဤအောင်မြင်မှုသည် အံသြစရာ မရှိသော်လည်း လင်းယွန်မူ အဓိပ္ပါယ် မရှိချေ။
တစ်ယောက်သည် အာကာသ တာအိုကို အသုံးပြုပြီး ကျန်တစ်ယောက်သည် ယင်-ယန် တာအိုကို သုံးနေ၏။
အုပ်စိုးရှင် နက္ခတ် နှစ်လုံး၊ နေလထီးနှင့် ကိုးပါးကောင်းကင်ချပ်ဝတ်တို့၏ အကာအကွယ် အောက်၌ တျန်ရွှမ်ဇီ၏ လက်ဖဝါးများမှာ လင်းယွန်ထံ မရောက်နိုင်ခဲ့ချေ။
“ ဝှစ် ... ။ ”
လူတိုင်း တိုက်ပွဲအတွင်း နစ်မြုပ် သွားတော့သည်။ ရုတ်တရက် တျန်ရွှမ်ဇီက ဘယ်လက်ဖြင့် ပန်းသင်္ချိုင်းကို အဝေးသို့ ရိုက်ထုတ်ပစ်လိုက်၏။ လူတိုင်း တုန်လှုပ်သွားသည်။
“ ဟမ့် ... ။ ”
တျန်ရွှမ်ဇီက လှောင်ပြုံးဖြင့် လက်နက်မဲ့ ဖြစ်သွားခဲ့သော လင်းယွန်ကို ဖမ်းကိုင်လိုက်၏။ သို့သော် တစ်ဖက်လူသည် တည်ငြိမ်လွန်းချေပြီ။ ယင်းက တစ်ခုခု မှားနေမှန်း ချက်ချင်း သိလိုက်ရသည်။
လင်းယွန်က လက်နှစ်ဖက် ဆန့်ခွဲလျက် ခုန်အုပ်လိုသော ကျားတစ်ကောင် အသွင်မျိုး ချက်ချင်း ယူလိုက်သည်။
“ ဝေါင်း ... ။ ”
သူ့နောက်ကျော၌ ပွင့်နေသော ပန်းချီကား ရှစ်ချပ် လည်ပတ်သွားကာ ချွမ်ချီကျားကြီးသည် လင်းယွန်ခန္ဓာကိုယ်ထဲ ပြေးဝင်လာ၏။
“ ငါက ... ယင်နဲ့ယန်ကို စေစားနိုင်တဲ့ ချွမ်ချီကျား။ ”
“ ဘုန်း ... ။ ”
လင်းယွန်က အော်ငေါက်လျက် လက်သီးတစ်ချက် ပစ်ခတ်လာရာ တျန်ရွှမ်ဇီမှ လက်ဖဝါးနှင့် ချက်ချင်း ခုခံလိုက်ရသည်။
သို့တိုင် ချွမ်ချီကြား၏ စွမ်းအားသည် လက်ဖဝါးမှတစ်ဆင့် သူ့အပေါ် စီးဝင်လာသည်။ အဟုန်ဖြင့် လွင့်ပျံသွားမိ၏။
“ မျက်ဝန်းတစ်စုံက နေနဲ့လလို တောက်ပနေပြီး အတွေးတစ်ချက်နဲ့ ထာဝရ အေးခဲစေတယ်။ ”
လင်းယွန်က မရပ်ခဲ့ချေ။ လေထဲခုန်တက်လာပြီး သူ့ရင်ဘတ်ပေါ် ထိုးချ လိုက်ပြန်၏။
“ ဘုန်း ... ။ ”
ဤတစ်ကြိမ်၌ လက်သီးကို မြင်သဖြင့် ရှောင်ရှားရန်ပြင်မိသည်။ သို့သော် ရုတ်တရက် အေးခဲကာ မလှုပ်ရှား နိုင်တော့သောကြောင့် ရင်ဘတ်အပေါ် ထိမှန်သွားကာ ပါးစပ်မှ သွေးများ စီးကျလာ၏။
“ ဒါ ... အစစ်အမှန် ခန္ဓာပဲ။ ”
လင်းယွန်က အံ့သြသွားသည်။ တစ်ဖက်လူသည် လက်တွေ့နှင့် ပုံရိပ်ယောင် နယ်ပယ် ကြားသို့ ကူးလူးသွားလာရန် အဘယ့်ကြောင့် ဆန္ဒ မရှိသနည်း။
“ ခရစ် ... ။ ”
သို့သော် မစဉ်းစားတော့ဘဲ တိုက်ခိုက်မှုများကို ဆက်၍ ထုတ်ဖော်နေမိ၏။ ကောင်းကင်ကွဲအက်လျက် စကြာဝဠာအတွင်း သွားလာနေသော ခွန်ပန် ပေါ်လာသည်။
“ ဝှီး ... ။ ”
ခွန်ပန်လက်သီးကို တျန်ရွှမ်ဇီက ရှောင်သွားသည်။ သို့တိုင် တျန်ရွှမ်ဇီ ဆံပင်များ လေထဲ တဖျပ်ဖျပ်လွင့်လာကာ ထက်ခြမ်း ကွဲလုနီးပါး ဖြစ်သွားသည်။
“ ဝှစ် ... ။ ”
လက်သီး၏ လေခွင်းအားသည် မည်မျှ ပြင်းထန်ကြောင်း မြင်နိုင်ချေ၏။ အဆုံးတွင် တျန်ရွှမ်ဇီခမျာ လက်များကို ဆန့်ခွဲလျက် ခရမ်း-ရွှေရောင် နဂါးပလ္လင်သို့ ပြန်သွားတော့သည်။
“ မငြိမ်သက်မှုတွေကို ခွန်လွန် တောင်ထိပ်ကနေ နေမင်းကြီး တစ်စင်းလို၊ တန်ခိုးနဲ့ ငြိမ်းသတ်ပေးမယ်။ ”
နေနှင့်လ ထွက်ပေါ်လာပြီး ကမ္ဘာကြီး ပြောင်းပြန် လှန်သွားကာ နဂါးပျံ ထွက်ပေါ် လာ၏။
“ ဘုန်း ... ။ ”
ဤလက်သီးက တျန်ရွှမ်ဇီကို ပလ္လင်ပေါ် ပြုတ်ကျ သွားစေသည်။ လင်းယွန် သည်လည်း မူလရပ်နေရာသို့ ပြန်လည် ဆင်းသက်မိ၏။
“ ဒါက ကောင်းကင် သင်္ချိုင်းလား ... ။ ”
နောက်ဆုံးတွင် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို တျန်ရွှမ်ဇီ နားလည်လိုက် လေသည်။
လူတိုင်းသည် အခြားသူများ၏ အုပ်စိုးရှင် နက္ခတ်များကို အတုယူထားကြသဖြင့် စွမ်းအား အပြည့် မထုတ်နိုင်ချေ။
လင်းယွန်သည် အုပ်စိုးရှင် နက္ခတ်ကို ကိုယ်တိုင် ဖန်တီးသူဖြစ်နေရာ စွမ်းအားအပြည့် ထုတ်လွှတ် ပေးနိုင်၏။ ကျင့်ကြံမှု ခိုင်မာနေသ၍ အမျိုးမျိုးသော စွမ်းရည်များ သုံးနိုင်မည်။
“ မြွေပျံရဲ့ လှည့်စားခြင်းက ကြယ်တာရာ လမ်းကြောင်းတွေ အပေါ် ... အနှောက်အယှက် ပေးနိုင်တယ်။ ”
လင်းယွန်က ခရမ်း-ရွှေရောင် နဂါးပလ္လင်ထံ ပျံဝဲလျက် တိုက်ခိုက်လိုက်၏။ လက်သီးနှစ်လုံး စုံပစ်လိုက်ရာ မြွေပျံတစ်ကောင် ထွက်လာ တော့သည်။
၎င်းပါးစပ်သည် တျန်ရွှမ်ဇီ ဦးခေါင်းထံ ပစ်မှတ်ထား၏။ သို့သော် နောက်ဆက်တွဲ ပုံရိပ် ကိုသာ ကိုက်မိချေပြီ။
တျန်ရွှမ်ဇီသည် ပလ္လင်နှင့်အတူ စောလျင်စွာ ဆုတ်ခွာသွားပြီး ဖြစ်သည်။
“ ဟိတ် ... ။ ”
တျန်ရွှမ်ဇီက အော်ဟစ်လျက် ဓားကိုးလက်ကို ခေါ်လိုက်သည်။ ဤသည်မှာ ဓားဂိုဏ်း၏ ပြီးပြည့်စုံသော တော်ဝင် ဓားကျမ်းဖြစ်၏။
ပြိုကျသွားသော တောင်ထိပ်နှစ်ခု၏ ဓားသုတ္တန်များအစား အခြားသောနည်းလမ်းနှင့် ဖြည့်စွက်ထားသည်။
“ ဗြိ ... ။ ”
ဓားကိုးလက် ထွက်ပေါ်လာသောအခါ သူ့လက်ကိုတွန်းထုတ်ပြီး မြွေပျံကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်တော့၏။
“ ငရဲဝိညာဉ် ထွက်ပေါ်လာရင် ... ၊ ရာသီလေးပါးက တစ်ပါး ပျောက်ကွယ်သွား လိမ့်မယ်။ ”
လင်းယွန်က သူ့လက်ညှိုးကို တောက်ထုတ်ရာ ရာသီလေးပါး ပြောင်းလဲခြင်း ဖြစ်စဉ်များ ချက်ချင်း ပေါ်လာသည်။ သို့သော် ရာသီတစ်ပါး ပါမလာချေ။ သုံးပါးသာ ရှိ၏။
ဤအရာက အချိန်နိယာမ ပါဝင်နေပြီး တစ်စုံတစ်ဦးကို ထိမှန်သော် တစ်ကြိမ်တည်းနှင့် ပေါက်ကွဲသွားနိုင်မည်။
ကျင့်ကြံမှု မြင့်မားလွန်းသော တျန်ရွှမ်ဇီအတွက်မူ သူတော်စင်မူလ ပျက်စီး သွားနိုင်၏။
“ ဝှစ် ... ။ ”
သို့သော် တျန်ရွှမ်ဇီက ပုံရိပ်ယောင် တစ်ခုအလား ညင်သာစွာ ပျောက်ကွယ်လျက် လွတ်မြောက် သွားခဲ့သည်။
ဤရလာဒ်အပေါ် လင်းယွန်မှ မျှော်လင့်ထားပြီး ဖြစ်၏။ လက်တွေ့ ဘဝနှင့် ပုံရိပ်ယောင် နယ်ပယ်ကြား ကူးလူးချိန် လှိုင်းများ ခံစားရသည်။
“ ရှေးဦးခေတ် မတိုင်မီက ... နတ်နဂါး တွေတောင် ကြောက်ရွံ့စေခဲ့တဲ့ အလောင်းစား တစ္ဆေ ... ။ ”
ဤသည်မှာ သားရဲ ရှစ်ကောင်၏ နောက်ဆုံးသော သားရဲ ဖြစ်သည်။ ထုတ်ဖော်ခဲ့ သမျှ သားရဲတိုင်း နဂါးတိုင်းကို စားနိုင်သော တစ္ဆေတစ်ကောင် ဖြစ်၏။
တျန်ရွှမ်ဇီက အလောင်းစား တစ္ဆေထံ လှမ်းကြည့်ကာ သူ့ အာကာသတာအို အပေါ် ကန့်သတ်ချက် အထိ တွန်းပို့လိုက်သည်။
“ ဝှစ် ... ။ ”
“ ဖပ် ... ၊ ”
ထို့နောက် ဝင်လာသော အလောင်းစား တစ္ဆေကို ဖမ်းဆွဲလိုက်၏။ တဆက်တည်းမှာပင် မရေမတွက်နိုင်သော နဂါးများ နဂါးပလ္လင်မှ ပျံထွက်လာခဲ့သည်။
“ ဟမ့် ... သားရဲ ရှစ်ကောင်ကို ငါ အောင်နိုင်ပြီ ... လင်းယွန် မင်း ဘာဆက်လုပ် မလဲ။ ”
“ ရွှပ် ... ။ ”
တျန်ရွှမ်ဇီက ခေါင်းမော့ပြီး မေးလိုက်စဉ် ဓားရောင်ခြည်တစ်စင်း ရင်ဘတ်ထံ ထိုးဖောက် ဝင်ရောက်လာ၏။
“ သားရဲကြီး ရှစ်ကောင်ကို ... မင်း အောင်နိုင်ပေမယ့် သူတို့အထက်မှာ ဓားရှိတယ် သားရဲတွေက ဓားရဲ့ ကျေးကျွန်တွေပဲ။ ”
လင်းယွန် တစ်ယောက် နဖူးမှ ချွေးပေါက်များကို သုတ်လျက် ပြန်ဖြေမိသည်။ ထို့နောက် မိုးကြိုး လိပ်နက်သံကြိုးဖြင့် ပစ်ခတ်လိုက်၏။
“ ရွှီး ... ။ ”
လျှပ်စီးမြွေ ကိုးကောင်က ပလ္လင်တွင် ဓားအလင်းဖြင့် စိုက်ခံနေရသော တျန်ရွှမ်ဇီထံ ပျံသန်းသွားသည်။
တျန်ရွှမ်ဇီကို ဖမ်းချုပ်ထားနိုင်သော ထိုမြင်ကွင်းက အလင်း နှိမ်နင်းခြင်း မဟာ သူတော်စင်အပေါ် တုန်လှုပ်သွားစေ၏။
ထိုဓားသည် တျန်ရွှမ်ဇီ အသက်ကို မသတ်နိုင်သော်လည်း ရလာဒ်သည် သူတို့ အတွက် ထိတ်လန့်စရာ ကောင်းချေပြီ။
တျန်ရွှမ်ဇီဟူသည် ဧကရာဇ် နယ်ပယ်အောက်တွင် တန်ခိုးရှင်တစ်ပါးပေပင်။ ဤသို့ ပလ္လင်ပေါ်၌ ချုပ်နှောင်ထားနိုင်သလိုမျိုး မည်သူမျှ မလုပ်နိုင်ချေ။
လင်းယွန်တွင်းလည်း ချွေးများဖြင့် ဖုံးလွှမ်းနေပြီး ရှေ့မတိုး နောက်မဆုတ်သာ ရောက်ရှိ သွားသည်။
တျန်ရွှမ်ဇီက ပလ္လင်တွင် ဓားအလင်းဖြင့် ထိုးစိုက် ခံထားရသည့် အခြေအနေမှ ရုန်းကန် သော်လည်း လျှပ်စီးမြွေများက ခွင့်မပြုချေ။
ဤမြင်ကွင်းသည် တျန်ရွှမ်ဇီကို အဆုံးသတ်နိုင်မည့် အခွင့်အရေး ဖြစ်သည်။ ဓားဂိုဏ်း၏ မဟာ သူတော်စင်များက လှုပ်ရှားရန် ပြင်လိုက်ကြ၏။
“ မလုပ်နဲ့ ... ။ ”
နတ်ဖီးနစ် တောင်တန်းသခင်မှ အော်ဟစ်တားဆီး လိုက်သည်။ တျန်ရွှမ်ဇီသည် မည်မျှ အန္တရာယ်ပေး နိုင်ကြောင်း သူသိ၏။
ဤအခြေအနေသည် တျန်ရွှမ်ဇီအတွက် အဆုံးစွန်ထိ မရောက်သေးကြောင်း ပြောနိုင်၏။ ရူးမိုက်မိပါက အန္တရာယ် ဖြစ်ပေလိမ့်မည်။
တစ်ဖက်တွင် ရင်ဘတ်ရှိ ဓားအလင်းမှ ရုန်းထွက် မရမှန်း သိသွားသော တျန်ရွှမ်ဇီက၊
“ လူတိုင်းက ပြောနေတယ် ... လက်ရှိ ငါဆိုတာ နောင်နှစ်ငါးရာ နေရင် ဖြစ်လာတော့မဲ့ မင်းတဲ့ ... ဒါပေမယ့် ...
... လူတိုင်း ... ငါ့အပေါ် ပိုတွက်မိ နေကြတယ် ... အဲဒီတုန်းက ငါက မင်းလောက် မသန်မာခဲ့ဘူး။ ”
-ဟု ပြုံးပြီး မှတ်ချက်ပေးလာသည်။
လင်းယွန်မှာ ဂုဏ်မယူနိုင်ချေ။ သူ့အတွက် ဤအခြေအနေသည် မလွယ်ကူလှသောကြောင့် စကား မပြောနိုင်သေးဘဲ အာရုံစိုက်နေရသည်။
“ ဒါပေမယ့် ပန်းသင်္ချိုင်း ... မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ”
စကားဆုံးသည်နှင့် ဓားခုနစ်လက် ပလ္လင်တော်မှ ပျံထွက်လာပြီး သံကြိုးများကို ဖြတ်တောက် လိုက်တော့သည်။
“ ထောင်း ... ထောင်း ... ထောင်း ... ။ ”
လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလျက် နောက်သို့ ခြေသုံးလှမ်း ပြန်ဆုတ် လိုက်ရသည်။
ထိုအချိန်တွင် တျန်ရွှမ်ဇီက ပလ္လင်၏ လက်ကိုင်ကို အားယူဆုပ်ကိုင်ကာ နတ်ဓားကို သူ့ခန္ဓာကိုယ်မှ တွန်းထုတ်ပစ်လိုက်သည်။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် ဓားခုနစ်လက်ကို မုရွယ်လင်ထံသို့ ပျံသန်းစေလိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို တွန်းထုတ်လိုက်ကာ မိုးပြာ နဂါးနှင့် ကောင်းကင်သင်္ချိုင်း နက္ခတ်ကို ဖြိုခွဲပစ်လိုက်သည်။
ဤနည်းဖြင့် လင်းယွန် တစ်ယောက် ခွန်အားတစ်ဝက် ဆုံးရှုံးသွားတော့၏။ ယခင်က တျန်ရွှမ်ဇီမှ အလေးအနက် မထားခဲ့မှန်း သိသာနေချေပြီ။
တစ်ဖန် အကယ်၍ သားရဲရှစ်ကောင်သာ ရှိနေဆဲ ဖြစ်ပါက ကောင်းကင် သင်္ချိုင်းအပေါ် ဤသို့ဖြိုခွဲရန် လွယ်ကူဦးမည် မဟုတ်ချေ။
“ ဝှစ် ... ။ ”
၎င်းက လင်းယွန်ရှေ့ ပေါ်လာပြီး လက်ဖဝါးချက်များ ရိုက်လာသည်။ လင်းယွန် တစ်ယောက် နောက်ဆုတ်လျက် ရှုံးနိမ့်မည့် အရိပ်အယောင်များ ပြသနေ၏။
“ ပန်းသင်္ချိုင်း အခုတော့ ပြီးသွားပြီ ... ။ ”
တျန်ရွှမ်ဇီက ပြုံးလျက် စကြဝဠာ ကောင်းကင်ကြီးကို ထုတ်ဖော်ပစ်လိုက်သည်။ သူ့လက်ဖဝါး၌ စကြဝဠာ ပေါက်ကွဲမှု ဖြစ်စဉ် ထွက်ပေါ်လာ၏။
“ ညီလေး ... ။ ”
ထိုလက်ဖဝါး၏ စွမ်းအားသည် လမ်းကြောင်း အပေါ်ရှိ အရာရာကို ဖျက်ဆီး နိုင်ကာ လူတိုင်းအပေါ် စိတ်ပျက် အားငယ် သွားစေမည်။
“ လင်းငယ် ... ။ ”
ဤမြင်ကွင်းက ယဲ့ကူဟန်နှင့် အဖွဲ့ကို ထိတ်လန့်သွားစေသည်။ အစွမ်းရှိ၍ ကယ်တင် လိုလျှင်ပင် အချိန်နှောင်းသွားပြီ ဖြစ်၏။
***