အတိတ်သို့ … ။
Vol. 176 Ch. 2451
လမ်းခွဲပြီးနောက်တွင် ဧကရာဇ်နက်သည် အဖြူအမည်း နတ်နန်းတော်သို့ ပြန်လာခဲ့သည်။ ဤသည်မှာ သူနှင့် ဧကရာဇ်ဖြူတို့ ပိုင်သော မြင့်မြတ်မြေ ဖြစ်၏။
အုတ်မြစ်သည် အခြား မြင့်မြတ်မြေများ ကဲ့သို့ ခိုင်ခံ့မည်မဟုတ်သော်လည်း နှစ်ပေါင်း ထောင်ချီသော သမိုင်းကြောင်း ရှိသည်။
ခွန်အားအရာ၌ ရှေးဟောင်း ပျက်သုဉ်း မြေကြီးရှိ မြင့်မြတ်မြေများထက် သာလွန်၏။ အဆုံးတွင် ဒဏ္ဍာရီလာ ဧကရာဇ်နှစ်ပါး ဟူသော နောက်ခံက ကျန်နယ်မြေများကို ဖိနှိပ်ရန် လုံလောက်ချေပြီ။
ဧကရာဇ်နက်က တားမြစ်နယ်မြေအစား အရေးမပါသော မဏ္ဍပ်တစ်ခုအတွင်း ဝင်ရောက် လိုက်သည်။
ဤသည်မှာ သူ တစ်ဦးတည်းပိုင် လျှို့ဝှက်နယ်မြေ ဖြစ်၏။ သာမာန်ပုံပေါက်သည့် သီးခြားကမ္ဘာငယ်လေး ပေပင်။
“ ကျွီ ... ။”
လျှို့ဝှက်နယ်မြေအတွင်း ကြေးတံခါးကို ဖွင့်လိုက်ရာ နောက်ထပ်တံခါးများ ထွက်ပေါ် လာသည်။
စုစုပေါင်း ကြေးတံခါး ကိုးချပ်ရှိပြီး တံခါးများမှတဆင့် သီးခြား နယ်မြေတစ်ခုစီကို ပို့ဆောင်ပေးပေမည်။
တံခါးများပေါ်တွင် ဧကရာဇ် များပင် မချိုးဖျက်နိုင်သော ကန့်သတ်ချက်များ ရှိနေ သည်။
“ ဒီမှာ ... ။ ”
ဖန်ပုလင်း တစ်လုံးရှေ့တွင် ရပ်လိုက်သည်။
ဤသည်မှာ ကောင်းကင်နဂါး ဝိညာဉ် ထည့်သွင်းထားသော ပုလင်းဖြစ်၏။ နဂါးအရိုး သန့်စင်ရန်အတွက် တောင်ပိုင်း ဧကရာဇ် ချန်ထားခဲ့သော သော့ချက် ပေပင်။
ဖန်ပုလင်းကို သိမ်းဆည်းလျက် နောက်ထပ်ကြီးမားသော ရာဝင်အိုး တစ်လုံးကို ယူလိုက်သည်။
ထိုအိုးကြီးတွင် မရေမတွက်နိုင်သော နဂါးအရုပ်များ ပါရှိပြီး အနန္တနဂါး ဆေးမီးဖို အဖြစ် ကျော်ကြားချေပြီ။ နတ်ဘုရား ရတနာတစ်ပါး ဖြစ်၏။
ထို့နောက် ရောင်စဉ်ခုနစ်သွယ် လင်းလက်နေသော ရေကန်ကြီး တစ်ကန်ထံ လျှောက်လှမ်းသွားသည်။
ဤသည်မှာ နတ်နဂါး သူတော်စင် သွေးရည်ကြည်များ ဖြစ်သော်လည်း ၎င်းသည် ယခင် လင်းယွန် အသုံးပြုဖူးသော အရာ များထက် ပို၍ သန့်စင်သည်။
နတ်နဂါး ခုနစ်ကောင်ထံမှ ရယူ သန့်စင်ထားခြင်း ဖြစ်သည်။ ပုလင်းတစ်လုံး ထုတ်ယူကာ ရေကန်ထဲ ဆယ့်ငါးမိနစ်ခန့် စိမ်ထားလိုက်သည်။
လုံလောက်သော ပမာဏ ရရှိပြီးနောက် သံသရာနတ်ရူရ် တည်ရှိရာ တံတိုင်း တစ်ခုရှေ့ လျှောက်လှမ်းသွား၏။
“ ဓားသေတ္တာထဲက နတ်ရူရ်တွေ ... ကြည့်ရတာ နေလ နတ်ရူရ်၊ လေနတ်ရူရ်၊ မီးနဲ့ အနန္တ လျှပ်စီးတွေ ဖြစ်မယ် ...
... အခု သံသရာ နတ်ရူရ်နဲ့ ... ဧကရာဇ်ဖြူ သွားယူနေတဲ့ ရေခဲနတ်ရူရ် ပေါင်းထည့်နိုင်ရင် နိဗ္ဗာန်တစ်လုံးပဲ ကျန်တော့မယ်။ ”
နိဗ္ဗာန် နတ်ရူရ်သည် နတ်တောင်တွင် တည်ရှိပြီး လင်းယွန် ရခဲ့ခြင်း ရှိ-မရှိ မသေချာ လှချေ။
ယုတ္တိဗေဒအရ ပြောရမည်ဆိုသော် ကောင်းကင် နဂါးအရိုးကို ရရှိပြီးနောက် ၎င်းကို ရရှိသင့်သည်။ အဆုံးတွင် နတ်တောင် သခင်မှာ ဖြောင့်မတ်သူ ဖြစ်သည်။
“ သူတော်စင် တစ်ပါးက နတ်ဘုရားကို သတ်မှာလား။ ”
ဧကရာဇ်နက်၏ အမူအရာမှာ လေးနက် သွားသည်။ သူသည် ဧကရီ၏ နည်းလမ်းများကို မည်သည့်အချိန်တွင်မှ သဘော မတူခဲ့ချေ။
သူမ နတ်ဘုရား ဖြစ်လျှင်ပင် ဖြေရှင်းလို့ မရသော ပြဿနာတစ်ခု ရှိသည်။ ယင်းသည် နတ်ဘုရား တောင်တန်း ဖြစ်၏။
သူတော်စင် နယ်ပယ်အထက် မည်သူမျှ ထိုနတ်ဘုရားသင်္ချိုင်း တောင်တန်းသို့ မဝင်နိုင် ကြချေ။
လင်းယွန်သည် သူတော်စင် ဘုရင် မျှသာ ဖြစ်ပြီး အိုင်းရစ်ဓားသူတော်စင်ကဲ့သို့ နတ်ဘုရား များကို သတ်နိုင်သော် အကောင်းဆုံး ပေပင်။
ဤအကြောင်းအရာကို ဧကရာဇ်ဖြူထက် သူက ပို၍ စဉ်းစားမိသည်။ လျှို့ဝှက် နယ်မြေမှ ထွက်လာပြီးနောက် အလျင်စလို မရှိဘဲ စားသောက်ဆိုင်သို့ သွားခဲ့သည်။
ဆိုင်ပိုင်ရှင်က သူ့ကို လျှို့ဝှက်ခန်းဆီသို့ ခေါ်သွားပြန်၏။
“ နဂါးဘုရင်တွေကို အကြောင်းကြားပါ ဆုစီယာက ဖျက်ဆီးခြင်း နတ်ဘုရားရဲ့ အမွေကို ရထားတယ်လို့ ... ပြီးတော့ လင်းယွန်နဲ့ လက်ထပ်ထားတဲ့ အတွက် ...
... သေချာပေါက် ကောင်းကင်ဘုံ ကံကြမ္မာ အဆောင် တံဆိပ်ကို သူမ ရလိမ့်မယ် ... သူတို့ ကိုယ်တိုင် ဆုံးဖြတ်ချက် ချပါစေ။ ”
ဧကရာဇ်နက်က ဆိုင်ရှင်ကို အမိန့်ပေး လိုက်သည်။ နဂါးဘုရင်များသည် စစ်မှန်သော နဂါးများ မဟုတ်ဘဲ ဘွဲ့အမည်သာ ဖြစ်၏။
ဥပမာအားဖြင့်၊ နဂါးဖြူ မျိုးရိုး ဘိုးဘေးကို နဂါးဖြူဘုရင်ဟု ခေါ်ဆိုသည်။ ဤဆိုင်ပိုင်ရှင်မှာ သူ၏ လျှို့ဝှက်ကိုယ်ရံတော် ဖြစ်ပြီး၊ နတ်နဂါး အင်ပါယာရှိ မျိုးနွယ်စုအသီးသီးနှင့် နတ်နဂါး မျိုးနွယ်များထံမှ သတင်းဝယ်ပေးသူ ပေပင်။
နတ်နဂါးအင်ပါယာတွင် နဂါးမျိုးရိုး ခုနစ်ပါးသာရှိပြီး ဧကရီသည် ခရမ်း-ရွှေရောင် မျိုးရိုး အပေါ်သာ ဩဇာသက်ရောက်သည်။
ကျန်မျိုးရိုးများရှိ နဂါးပြာမျိုးရိုးသည် အင်ပါယာ ထူထောင်ခြင်းကို သဘောမတူဘဲ ခွန်လွန်မှ ထွက်သွားခဲ့သည်။
ထို့ကြောင့် နဂါးမျိုးရိုး ခြောက်ပါးသာ ကျန်ရှိသည်။ ဧကရီကို ပုန်ကန်ခြင်း လုပ်ငန်းစဉ် သည် ဧကရာဇ်ဖြူ ထင်သည်ထက် ပိုခက်ခဲ၏။
ဧကရီသည် တော်ဝင် ဧကရာဇ်နန်းတော်ကို ထိန်းချုပ်ထားသဖြင့် ကြိုတင် ပြင်ဆင်မှုများစွာ ရှိထားသည်။
အရေးကြီးသော အချိန်များတွင် သူမသည် နတ်နဂါးအင်ပါယာ တစ်ခုလုံးကိုပင် ကွပ်ကဲနိုင် ချေ၏။
တစ်ခုတည်းသော နည်းလမ်းမှာ နဂါးမျိုးရိုးခြောက်ပါးကို ခွဲထုတ်ပစ်ရန် ပေပင်။ အနည်းဆုံးတော့ သူ့နောက် မလိုက်လျှင်ပင် လူတချို့သည် ကြားနေ သဘောထားကို ထိန်းသိမ်းထားနိုင်မည်။
“ ကောင်းကင်ဘုံ ကံကြမ္မာ အဆောင်လား။ ”
ဆိုင်ပိုင်ရှင်က အံ့သြသွားသည်။ ဧကရာဇ်နက်မှ ခေါင်းညိတ်ပြီး၊
“ အဲဒါက ဘာကို ဆိုလိုတာလဲ သူတို့ သိပါတယ် ... ငါပြောသလိုသာ ပြန်ပြောပြ လိုက်ပါ။ ”
“ နားလည်ပါပြီ။ ”
ဆိုင်ရှင်က အမြန် ထွက်သွားသည်။
ဧကရာဇ်နက် သည်သာ လက်ဖက်ရည် သောက်နေလျက်မှ ဓာဂိုဏ်း၏ ဦးတည်ရာထံ မျှော်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် ဧကရာဇ်ဖြူသည် နှင်းရေခဲ နန်းတော်ထံ ရောက်သည်နှင့် ဒဏ္ဍာရီဖြစ်စဉ်ကို ထုတ်လွှတ်ကာ ပေါ်တင် ခြိမ်းခြောက် လိုက်သည်။
ရေခဲဧကရာဇ် ထွက်လာပြီး သူ့ ရည်ရွယ်ချက်ကို နားထောင်ခဲ့၏။ ဒဏ္ဍာရီလာ ဧကရာဇ် တစ်ပါးသည် အရှက်မဲ့စွာ ငှားခြင်း ဟူသော အသုံးအနှုန်းအပေါ် ပြန်လည် ငြင်းခုန်ဝံ့ခြင်း မရှိချေ။
ထို့နောက် ဤမျှသော ခရီး အကွာအဝေးသည် တန်ခိုးရှင်များအတွက် စာဖွဲ့စရာ မရှိသဖြင့် ဧကရာဇ်ဖြူက ဓားဂိုဏ်းထံ ဦးတည်လိုက်သည်။
ရှေးဟောင်း ပျက်သုဉ်းမြေ ကောင်းကင်ရှိ ကြက်သွေးရောင် ဓားရောင်ခြည်ကို အဝေးမှပင် မြင်နိုင်၏။
ထိုဦးတည်ရာထံ မျှော်ကြည့်နေမိသော ဧကရာဇ်ဖြူ၏ မျက်လုံးများ၌ ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။
“ ဓားဂိုဏ်းရဲ့ သူတော်စင် သွေးကြောကို တစ်ယောက်ယောက်က ... မဖျက်ဆီးဘူး ဆိုရင် ဧကရာဇ် တစ်ပါးတောင် အဲဒီဓားရောင်ခြည်ရဲ့ ဧရိယာထဲကို ဝင်ဝံ့မှာ မဟုတ်ဘူး။ ”
တစ်ယောက်တည်း ညည်းတွားလျက် ဆက်လက် ပျံသန်းလိုက်၏။ ထိုဓားရောင်ခြည်၌ ကောင်းကင်တာအို၏ တန်ခိုးပါရှိသည်။
ထို့ကြောင့် ဝင်ရောက်ဝံ့သည့် မည်သူမဆို ၎င်း၏ခွန်အားနှင့် တူညီသော ဖိအားကို ခံစားရ ပေမည်။
ဧကရီ၏ အစီအစဉ်သည် သူတော်စင် သွေးပြန်ကြောကို ဖျက်ဆီးကာ သက်တံဓား သူတော်စင်အား ဟန့်တားလိုခြင်း ပေပင်။
ထို့နောက် နဂါးသွေးပြန်ကြောကို အလွယ်တကူ သိမ်းပိုက် နိုင်ပေမည်။ အထက်ပါ အချင်းအရာများကို ဆောင်ရွက်မည့် လူသည် တျန်ရွှမ်ဇီဖြစ်သည်။
သို့မှသာ ယုချင်းဖန်က ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်ချေ။ ဤနည်းဖြင့် ဧကရာဇ်များ ပါဝင်စရာ မလိုဟု ယူဆထားသည်။
“ တျန် ရွှမ် ဇီ ... ။ ”
သို့သော် တျန်ရွှမ်ဇီသည် ဓားမော့ ဧကရာဇ်ထက် ပိုထက်မြက်သည်။ ပန်းချီကား တစ်ချပ်မျှသာ ဖြစ်သော်လည်း စိတ်ဝင်စားစရာ ပေပင်။ လူများစွာသည် သူနှင့် မယှဉ်နိုင်ချေ။
“ ဧကရာဇ်ဖြူ ... မင်းကို ဒီမှာစောင့်နေဖို့ ဧကရီရဲ့ အမိန့်နဲ့ ... ငါတို့ရှိနေတယ်။ ”
ရုတ်တရက် အော်ဟစ်သံကြောင့် ဧကရာဇ်ဖြူက ငုံ့ကြည့်လိုက်ရာ ရွှေအဆင်းနှင့် နဂါးရောင်ဝါများ ဖုံးလွှမ်းနေသော တောင်တန်း တစ်ခုကို တွေ့မြင်လိုက်ရသည်။
“ ရွှေနဂါး ဘုရင် ... ။ ”
ဤပုဂ္ဂိုလ်သည် ရွှေနဂါးမျိုးရိုးမှ ဘိုးဘေး ဖြစ်သည်။ ဧကရီမှ ၎င်းအပေါ် ရွှေနဂါးဘုရင်ဘွဲ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဧကရီသည် ၎င်း၏ ရွှေနဂါးမျိုးရိုးမှ ဆင်းသက်သူ ဖြစ်သော်လည်း ဗီဇပြောင်းလျက် ခရမ်း-ရွှေရောင် နဂါးမျိုးရိုး အဖြစ်သို့ ခံယူသွားသည်။
“ ဝှစ် ... ။ ”
ဧကရာဇ်ဖြူက တောင်ပေါ်သို့ ဆင်းသက်လိုက်ရသည်။ ရွှေနဂါးဘုရင်အပြင် ငွေနဂါးဘုရင်နှင့် ဧကရာဇ် နန်းတော်၏ အကြီးအကဲလေးပါး အတူ ထိုင်နေသည်။
၎င်းတို့ နောက်တွင် မင်ဂိုဏ်း၊ အနန္တ လျှပ်စီးဂိုဏ်းနှင့် ကောင်းကင်မီးလျှံ ဂိုဏ်းတို့၏ ဧကရာဇ်အိုကြီးများ ရပ်နေသည်။
ဤအရာက ဧကရာဇ်ဖြူ နှလုံးသားကို နစ်မြုပ်သွားစေသည်။ ဧကရီသည် တျန်ရွှမ်ဇီ သေဆုံးခြင်းအပေါ် အလွန် တည်ငြိမ်နေခဲ့ သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
သူမတွင် ဒုတိယ အစီအစဉ် တစ်ခု ရှိထားပြီးဖြစ်ချေပြီ။
“ သခင် ဧကရာဇ်ဖြူ ... ထိုင်ပါဦ .. ။ ”
ရွှေနဂါးဘုရင်က ပြုံးပြသည်။ သူကပင်၊
“ ဧကရီက ... မင်း ရောက်လာမဲ့ အကြောင်း ငါတို့ကို ပြောပြထားတယ်။ ”
-ဟု ဆက်ပြော၏။
ဤလူများကို သူတစ်ယောက် တည်းဖြင့် လွယ်ကူစွာ ဆက်ဆံနိုင်သောကြောင့် ဧကရာဇ် ဖြူက ဂရုမစိုက်ချေ။
“ ဒါနဲ့ ... သခင်ဧကရာဇ်နက်ရော ဘယ်မှာလဲ ... သူဘာလို့ မင်းနဲ့အတူ ပါမလာ ရတာလဲ။ ”
ငွေနဂါးဘုရင်က ပေါ့ပေါ့ပါးပါး မေးသည်။
“ ဧကရာဇ်နက်လား … ။ ”
ဧကရာဇ်ဖြူက ဆင်ခြေပေးရန် နည်းလမ်း ရှာမိ၏။ သို့သော် ကြီးမားသော နဂါးနဖူးစည်း အလံငယ်ကို သတိထားမိလာကာ မျက်နှာ ပျက်ယွင်းသွားသည်။
ဤနဖူးစည်းသည် အင်ပါယာ၏ ကံကြမ္မာအပေါ် ကိုယ်စားပြုပြီး အုပ်စိုးရှင် လက်ရာများထက် သာလွန်သည်။
လက်ရှိ အမှိုက်များသည် သူ့ကို မသတ်နိုင်သော်လည်း နဖူးစည်း အသုံးပြုကာ ထိန်းထားနိုင်မည်။
“ ဧကရာဇ်ဖြူ စိတ်အေးအေးထားပါ ရန်သူတွေကို ဘယ်လို ဆက်ဆံမလဲ ဆိုတာ စောင့်ကြည့်ပါ ... ဒါက ဧကရီကို အကျိုးဆောင် တာနဲ့ အတူတူပါပဲ။ ”
ရွှေနဂါးဘုရင်က ဝိုင်တစ်ခွက်ငှဲ့လျက် တလေးတစားပြော၏။ ရုတ်တရက် ဧကရာဇ် ဖြူမှ အနက်ကို သတိရသွားသည်။
ဧကရာဇ်နက်သည် ဤဖြစ်ရပ်အပေါ် ကြိုတင်တွက်ဆ ထားနိုင်ပုံရသည်။ ထို့ကြောင့် လမ်းခွဲကာ သွားခဲ့ခြင်း ဖြစ်ပေမည်။
“ ဧကရီက ... ကြင်နာတယ်။ ”
ထိုအတွေးက သူ့ကို စိတ်သက်သာရာ ရစေသည်။ စိုးရိမ်ခြင်း မရှိတော့ဘဲ တည်ငြိမ် စွာဖြင့် ဝိုင်ခွက် ကောက်ကိုင်သည်။
“ ဘရူး ... ။ ”
ထိုအချိန်တွင် သူတော်စင် သွေးပြန်ကြောများက ကြက်သွေးရောင် ဓား ရောင်ခြည်ထံ စီးဝင်လာတော့သည်။
ဓားဂိုဏ်းတစ်ခုလုံး တုန်ယင်လျက် ကောင်းကင်ကြီး ကွဲအက်သွားသည်။
“ ဆရာ့ နှလုံးသားနတ်ဆိုး ပြေလည်သွားပြီ။ ”
ယဲ့ကူဟန်က ဝမ်းသာသွားတော့၏။ ဤသည်မှာ သူတို့ဆရာမှ သူတော်စင် သွေး ပြန်ကြောကို ထုတ်ယူနေသည် ဟူသော လက္ခဏာပေပင်။
“ ဟိတ် ... ။ ”
သက်တံဓား သူတော်စင်က လေထဲခုန်တက်လာကာ သူ့လက်များကို ကောင်းကင်သို့ တွန်းထုတ်သည်။
သူတော်စင်စွမ်းအင်များ ခန္ဓာကိုယ်ထဲ မြင်သာသော အဟုန်ဖြင့် စီးဝင်နေသည်ကို သူ ခံစားရသည်။
လူတိုင်းက ထိုဖိအားကို မခံနိုင်ပဲ နဂါးပြာနတ်ဆေးအိုး အောက်၌ ခိုလှုံလိုက် ကြသည်။
“ ချပ် ... ချပ် ... ချပ် ... ။ ”
သက်တံဓားသူတော်စင်ကို ဗဟိုပြုလျက် အချိန်များ အတိတ်သို့ စတင် ပြန်သွားနေသည်။ နှစ်ပေါင်းသုံးထောင် ပြန်ရောက်ရှိ ပြီးနောက် ရပ်သွား၏။
ထိုစဉ်က ဓားဂိုဏ်းသည် ခွန်လွန်ရှိ ဓားသမားများအတွက် မြင့်မြတ်သော ဂိုဏ်းကြီး ဖြစ်သည်။ ပုံရိပ်များက သက်သေပြနေ၏။
နေရာတိုင်းတွင် ဓားဂိုဏ်း၏ ကျေးဇူးတော်ရှိသည်။ ဓားသေတ္တာများ ထမ်းပိုး ထားသည့် ပါရမီရှင်တပည့်များက ကျိုင်းကောင် များအလား ရှေးဟောင်းနယ်မြေကိုးပါးထံ ဥဒဟို သွားလာနေသည်။
“ ဝှစ် ... ။ ”
ခမ်းနားထည်ဝါသော ထိုမြင်ကွင်းထဲ လူတိုင်းနစ်မြုပ်နေကြစဉ် အဖြူဝတ် ဓားသမား တစ်ယောက် ကောင်းကင်၌ ရုတ်တရက် ပေါ်လာသည်။
“ ယု ချင်း ဖန် ... ။ ”
လူတိုင်း မျက်နှာများ ပြောင်းသွားပြီး မည်သည့်အရာများ ဆက်ဖြစ်လာတော့မည်ကို သတိဝင်လာကာ သက်ပြင်းချမိကုန်သည်။
***