ဓားတန်ခိုးရှင် ... ။
Vol. 177 Ch. 2467
ပန်းသင်္ချိုင်းဓားနှင့် ကောင်းကင်ဘုံ ချွယ်ဓားတို့ ထိပ်တိုက်တွေ့သောအခါ နေမင်း နှစ်စင်း တိုက်မိသွားခြင်းနှင့် တူလာ၏။
ဓားနှစ်လက်ထံမှ ရင်ပြင်အပြည့် ဖုံးအုပ်ထားသော ဓားရောင်ဝါများ ထုတ်ပေး လာခဲ့သည်။
နှစ်ယောက်သား မော့ကြည့်ကာ အံ့သြသွားသည်။ ကောင်းကင်ဘုံ ချွယ်ဓားသည် အလွန် အစွမ်းထက်သော်လည်း တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က စိုးရိမ်သွား၏။
တစ်ဖက်တွင် နှစ်ပေါင်းများစွာ အတူ နေလာခဲ့သည့် ဆက်ဆံရေးကြောင့် ပန်းသင်္ချိုင်း အပေါ် လင်းယွန်က ယုံကြည်မှု အပြည့် ရှိသည်။
“ ထန် ... ထန် ... ။ ”
နှစ်ယောက်သား နက္ခတ်များ ဆင့်ခေါ်ကာ ဓားများကို ခွန်အားပေးလိုက်ကြသည်။ နက္ခတ် တစ်လုံးသည် ဓားတစ်လက် ပျံဝဲလျက် သားရဲ ရှစ်ကောင် ပါရှိသော ကောင်းကင် သင်္ချိုင်း ဖြစ်၏။
ကျန်တစ်လုံးမှာ ကြီးကျယ် ခမ်းနားသော ကောင်းကင် မြို့တော်ကြီး ဖြစ်သည်။ ၎င်းသည် အုပ်စိုးရှင် နက္ခတ် ဖြစ်၏။
သူတို့၏ ဓားရောင်ဝါများနှင့် နက္ခတ်များ တိုက်မိပြီး မြေပြင်တစ်လျှောက် အက်ကြောင်း ပေါ်လာသည်။
တာအိုဆိုင်းငံခြင်း ဓားသူတော်စင်က ညာဘက် လက်ကောက်ဝတ်ကို ဘယ်ဘက် လက်နှစ်ချောင်းဖြင့် ထောက်ကာ တံဆိပ်တစ်ခု ဖန်တီးသည်။
“ ပန်းသင်္ချိုင်း ငါတို့ အနိုင်အရှုံးကို လက်သီးတစ်လုံးနဲ့ ဆုံးဖြတ်ရအောင်။ ”
သူအရင် ဓားဆွဲလိုက်ရသဖြင့် တာအိုဆိုင်းငံ့ခြင်း ဓားသူတော်စင်ခမျာ မပျော်တော့ချေ။
“ ဟမ့် ... ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ် မရှိဘူးလား။ ”
လင်းယွန်သည်လည်း မပျော်မရွှင် ဖြစ်လာသည်။ သူ့သွေးများ ပွက်ပွက်ဆူလာပြီး ကောင်းကင် နဂါးခန္ဓာ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။
မျက်ဝန်းထဲ၌ ရွှေရောင် အဆင်း သဏ္ဍာန်များ တောက်ပလျက် နဂါးမျက်ဝန်း တစ်စုံအဖြစ် ပြောင်းသွားသည်။
ထိုအကြည့်အောက်တွင် တာအို ဆိုင်းငံခြင်း ဓားသူတော်စင်က ကြီးမားသော ဖိအားကို ခံစား ခဲ့ရ၏။
ဤသည်မှာ ကျင့်ကြံမှုဖြင့် ဖိနှိပ်ခြင်း မဟုတ်ချေ။ သွေးသား စွမ်းအင် တန်ခိုးပေပင်။ ဆိုလိုသည်မှာ ကောင်းကင် နဂါးမှ သူ့ထံ စိုက်ကြည့် နေသည်ဟု ခံစားရသည်။
ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစဉ် လင်းယွန်၏ လက်သီးသည် နဂါး လက်သည်း ကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။
“ ဝုန်း ... ။ ”
တာအိုဆိုင်းငံခြင်း ဓားသူတော်စင်ခမျာ သူ့ကိုယ်သူ တည်ငြိမ်သွားရန် ခြေလှမ်းများစွာ ပြန်လှမ်းလိုက်ရသည်။
“ စီနီယာ ... မင်းက လက်ဗလာနဲ့ တိုက်ချင်နေတာ မဟုတ်လား ဒါဆို ဘာလို့ နောက်ဆုတ်သွားရတာလဲ။ ”
ထို့နောက် နဂါး ဟောက်သံ နှင့်အတူ ကောင်းကင်၌ အုပ်စိုးရှင် နဂါးကြီး ခေါင်းပြူ ကြည့်လာသည်။
တစ်ဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်၌ ကောင်းကင် နဂါးရောင်ဝါများ ရစ်ခွေနေသည်။
“ လာပြီ ... ။ ”
လင်းယွန်က လက်သီးကို ထိုးချလိုက်သောအခါ ထိုကောင်းကင် နဂါးသည် လက်မောင်းထံ ရစ်ပတ်ကာ ပျံထွက်လာသည်။
“ ဟိတ် ... ။ ”
တာအိုဆိုင်းငံခြင်း ဓားသူတော်စင်က လက်နှစ်ဖက်ဖြင့် ပြန်၍ ဟန့်တားလိုက်ရသည်။ သို့တိုင် သက်ရောက်မှုသည် သူ့အတွင်း အင်္ဂါများကို တုန်လှုပ် သွားစေ၏။
၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့သောအခါ၊ ကောင်းကင်နဂါးက လင်းယွန်၏ လက်သီးကြီး ဖြစ်လာသည်။
ဆယ်ကြိမ်ခန့် လှုပ်ရှား ပြီးနောက် လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်ကာ ‘မိုးပြာနဂါး’ဟု အော်ငေါက် လိုက်သည်။
မိုးပြာနဂါးတန်ခိုးဖြင့် ထိန်းချုပ်ထားသော ကောင်းကင်နဂါးက လင်းယွန်နောက်၌ ထင်ရှား လာပြီဖြစ်သည်။
“ ဘုန်း ... ။ ”
“ ဝေါ့ ... ။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်ခမျာ ထိုစွမ်းအားကို သွေးအန်လျက် ဆယ်လှမ်းခန့် နောက်ပြန်ဆုတ်ပြီး ချေဖြတ်လိုက်ရသည်။
“ ဝှစ် ... ။ ”
တစ်ချိန်တည်းမှာပင် ကောင်းကင်မှ ဓားနှစ်လက်အနက် ကောင်းကင်ဘုံ ချွယ်ဓား မြေပြင်ပေါ် ပြုတ်ကျလာ၏။
ဤမြင်ကွင်းက လူအုပ်ကို ထိတ်လန့် စေသည်။ ပထမအချီတွင် ထာဝရ တာအိုများ ယှဉ်ပြိုင်လေရာ လင်းယွန် အသာစီးရခဲ့၏။
ထို့နောက် လက်နက်မဲ့ ဖြစ်၏။ အဆိုပါ ဒုတိယ တိုက်ပွဲတွင်လည်း လင်းယွန်ပင် ထပ်မံ အနိုင်ရခဲ့ပြန်သည်။ အဆုံးတွင် ကောင်းကင်ဘုံ ချွယ်ဓားမှာ ရှုံးနိမ့်သွားပြန်၏။
“ ကောလာဟလ အတိုင်း ကောင်းကင် နဂါးခန္ဓာကိုယ်က အစွမ်းထက် လွန်းပါတယ်။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ မကျေမနပ် ဖြစ်နေလျှင်ပင် ရှုံးနိမ့်မှုကို ဝန်ခံလိုက်ရ၏။
“ ဒါက ဓားတစ်လက်ပါပဲ ... အနိုင်-အရှုံး မရှိပါဘူး ... တကယ်လို့သာ အသက်နဲ့ သေခြင်း တိုက်ပွဲဆိုရင် ရလဒ်က ဘာဖြစ်မလဲ မသိနိုင်ပါဘူး။ ”
လင်းယွန်က မျက်နှာသာ ပေးလိုက်သည်။ သို့မှသာ တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က ပြုံးလျက်၊
“ ဒါက ငါတို့ရဲ့ လက်နက် အချင်းချင်း ပြိုင်ဆိုင်မှု တစ်ခုပါ ... ဘယ်လိုပဲ ကြည့်ကြည့် ဒီတိုက်ပွဲမှာ မင်းအနိုင်ရခဲ့တယ်။ ”
-ဟု ဝန်ခံလိုက်တော့သည်။
“ ဟား ဟား ဟား ပန်းသင်္ချိုင်းရဲ့ နှလုံးသားက ကြီးမြတ်ပါပေတယ် ဒီလိုမှတော့ ငါတို့ ဘာလို့ မတိုက်ရတာလဲ။ ”
လင်းယွန်သည် ဤပွဲတွင် အနိုင် ရရှိသွားသည်ကို မြင်ပြီးနောက် မြင့်မြတ်မြေ၏ ဂိုဏ်းချုပ်တစ်ပါးက ချက်ချင်း ထရပ်လာ၏။
အနက်ရောင် ငှက်မွေး နန်းတော်၏ ဂိုဏ်းချုပ် ကောင်းကင်ငှက်မွေး ဓားသူတော်စင် ဖြစ်သည်။
“ လာ ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို လှမ်းဆွဲပြီး လက်ခံလိုက်သည်။ စိန်ခေါ်သူ ကောင်းကင် ငှက်မွေး ဓားသူတော်စင်က အုပ်စိုးရှင်ဓားကို ထုတ်ကာ တိုက်ခိုက်တော့၏။
သူ့ဓားရေးသည် ခွန်ပန်ဓား ဖြစ်သည်။ ဤဓားနည်းပညာတွင် ရည်ရွယ်ချက် နှစ်ရပ် ပါရှိ၏။
တစ်ဖက်တွင် လင်းယွန်သည် ခွန်ပန်ဓားပညာရပ်ကို ရင်ဆိုင်ရန် ဖီးနစ်ဓား အသုံးပြုလိုက်သည်။
အစပိုင်းတွင် ကောင်းကင် ငှက်မွေး ဓားသူတော်စင်က အနည်းငယ် အားသာချက် ရရှိခဲ့သော်လည်း မကြာမီ မောပန်း နွမ်းနယ် လာတော့၏။
ထိုအချိန်တွင် လင်းယွန်၏ ဓားစွမ်းအားသည် မဟာသူတော်စင် တစ်ပါးကို အလွယ်တကူ သတ်နိုင်လာသည်။
လူတိုင်း လင်းယွန်ဓားရေးကို ကြည့်ကာ နစ်မျောကုန်၏။
“ ဒီဓားနည်းပညာက ... ရင်သပ် ရှုမောဖွယ်ပါပဲ ... ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ကို ကျော်လွန်နေပြီ။ ”
“ ဒါက ထူးဆန်းတယ် ... ဂီတ သံစဉ်တွေလိုပဲ ... သူ့ဓားနည်းစနစ်မှာ စည်းချက် ရှိနေတယ်။ ”
ဓားသူတော်စင်များ အားလုံးက စိတ်လှုပ်ရှားကုန်၏။ ဤဓားနည်းစနစ်သည် လက်သီး နည်းစနစ်ထက် ပိုအားကောင်းချေပြီ။
“ ကောင်းကင် ငှက်မွေး ... ငါမင်းကို ကူညီပါရစေ။ ”
ကောင်းကင် ငှက်မွေး ဓားသူတော်စင် တစ်ယောက် ရှုံးနိမ့်ခါနီးအချိန်တွင် ကောင်းကင် နဂါးကျောင်းမှ တော်ဝင်နဂါး ဓားသူတော်စင်က တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။
သူ့ဓားပညာရပ်သည် ဗုဒ္ဓဂီတ၊ ဗုဒ္ဓရောင်ခြည်တော်နှင့် ကောင်းကင်နဂါး ဖြစ်စဉ် အချို့ ပါရှိ၏။
၎င်းသည် လင်းယွန်၏ ကောင်းကင် နဂါးဓားနှင့်တူညီကာ ရည်ရွယ်ချက် ကွဲသော ကောင်းကင်နဂါးဓား ဖြစ်သည်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ကောင်းကင်နဂါးဓားကို ထုတ်ဖော်လျက် ဖီးနစ်ဓားနှင့် ပေါင်းစပ်ကာ နဂါး-ဖီးနစ် ဓားရေးသို့ ပြောင်းလဲလိုက်၏။
နဂါးနှင့် ဖီးနစ်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ထင်ရှားလာခဲ့ပြီး ယင်-ယန် ဓားဒိုမိန်း ပေါ်လာသည်။
တော်ဝင်နဂါး ဓားသူတော်စင်နှင့် ကောင်းကင် ငှက်မွှေး ဓားသူတော်စင်၏ နဖူး၌ ချွေးများ သီးလာတော့၏။
“ ငါ့ကို ပါဝင်ခွင့် ပြုပါ။ “”
နှင်းရေခဲ မြင့်မြတ်သော နန်းတော်၏ ဂိုဏ်းချုပ်ခမျာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြေးဝင်လာလေသည်။
“ သူ့ကို သက်ညှာမနေနဲ့ ... ။ ”
ဓားသူတော်စင်အိုကြီး နှစ်ပါးသည် လင်းယွန်၏ ရင်သပ်ရှုမောဖွယ် ဓားရေးများကို ကန့်သတ်ချက်အထိ မတွန်းထုတ်နိုင်ကြောင်း သိလိုက်သဖြင့် မစောင့်နိုင်တော့ချေ။
“ ဝိုး ... ဟား ဟား ဟား ... ဒါဆို ငါ့ကိုလည်း ပါဝင်ခွင့်ပြုပါ။ ”
အနန္တ ဓားခန်းမ၏ ဂိုဏ်းချုပ်က အော်ဟစ်လျက် စိတ်လှုပ်ရှားစွာဖြင့် ပါဝင်လာ ခဲ့သည်။
သူတို့ကဲ့သို့သော အဘိုးကြီးများသည် ဓားမဆွဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။
ဆိုလိုသည်မှာ သူတို့အားလုံးသည် နှစ်ပေါင်းများစွာ ပိတ်ဆို့နေသူများ ဖြစ်သည်။ သို့သော် ကောင်းကင် ငှက်မွေးနှင့် တော်ဝင် နဂါးသည် အနည်းငယ် တိုးတက်သည့် အရိပ် အယောင်များ ပြသနေသဖြင့် သူလည်း စမ်းကြည့်ချင်လာသည်။
“ လျှို့ဝှက်ဓား စံအိမ်ရဲ့ ဝိညာဉ် ဓားသူတော်စင်က ပန်းသင်္ချိုင်းကို ဂုဏ်ပြုဖို့ ပါဝင်ပါရစေ။ ”
“ ဖျက်ဆီးခြင်း မီးတောက် ဓားသူတော်စင်က ပါဝင်ချင်ပါတယ်။ ”
လင်းယွန်၏ ဓားရေးသည် သူတို့၏ ငယ်ရွယ်နုပျိုခဲ့ဖူးသော အချိန်များကို ပြန်လည် သတိရစေ၏။
ထို့ကြောင့် မြင့်မြတ်မြေ အသီးသီး၏ ဂိုဏ်းချုပ်များမှာ တိုက်ပွဲဝင် ဆန္ဒများ ထိန်းမရ တော့ချေ။
ဤအရာက လူတိုင်းကို ထိတ်လန့် သွားစေ၏။ တာအို ဆိုင်းငံခြင်း ဓားသူတော်စင် သည်လည်း ဖင်တကြွကြွ ဖြစ်လာကာ အဆုံးတွင် ပြန်၍ ထရပ်လိုက်သည်။
“ မြင့်မြတ်မြေ ဆယ်ပါးရဲ့ ... ဂိုဏ်းချုပ်တွေတောင် မစောင့်နိုင်မှတော့ ငါ့ကို အပြစ် မတင်ပါနဲ့ ... ။ ”
လင်းယွန်ကို ဓားဖြင့် တိုက်ခွင့် မရခဲ့သည့်အတွက် မကျေနပ်သေးချေ။ ယခုမူ ဂိုဏ်းချုပ်ဆယ်ပါးမှ ဝိုင်းတိုက်နေ သဖြင့် ချက်ချင်း ပြေးဝင်လိုက်တော့သည်။
“ မြို့တော် သခင် ... ။ ”
အကြွင်းမဲ့ ကောင်းကင်မြို့တော်၏ ဓားသမားများအားလုံး ထိတ်လန့် အံသြကုန်၏။ သူတို့၏ မြို့တော်သခင်သည် ရှုံးနိမ့်ထားသူ ဖြစ်သည်။ ဤနည်းဖြင့် အများ ပြောစရာ ဖြစ်လာနိုင်၏။
“ ဒီကောင်က ဘာလဲ။ ”
ချူးလျန့်က ဒေါသသံဖြင့် မေးသည်။ ကျန့်ကြွယ်မှ လေးနက်သော အမူအရာဖြင့် ပြန်ဖြေလာ၏။
“ သူ့ဓားအပေါ် ခွန်လွန်တာအိုက ကန့်သတ်ထားနိုင်ခြင်း မရှိတော့ဘူး ... သူ့မှာ ငါတို့ ဆရာလို အရိပ်တွေ ... မြင်နေရပေမယ့် ဒါက ဆရာနဲ့ မတူပြန်ဘူး ကွဲပြားနေတယ် ...
... သူ့ဓားက ပိုထက်ရှတယ် ... ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးရမယ် ဆိုရင် ဒီလူက ရှေးဟောင်း ဓားတန်ခိုးရှင် တစ်ပါးနဲ့ တူနေတယ် ...
... ဒါဆို ဘယ်သူက ဓားတန်ခိုးရှင်ကို မတိုက်ပဲ နေချင်ပါ့မလဲ ... ဒီလို အခွင့်အရေးမျိုး နှစ်ပေါင်း တစ်သောင်းမှာ တစ်ကြိမ်တောင် ... ရဖို့ မလွယ်နိုင်ဘူး။ ”
ထိုစကားကြောင့် ချူးလျန့်က ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက် အပြာဝတ် လူငယ်ထံ လှမ်းကြည့်လိုက်သည်။
ထိပ်တန်း ဓားသူတော်စင် ဆယ်ဦးနှင့် ရင်ဆိုင်နေရချိန်၌ပင် တိုက်ပွဲဝင် ဆန္ဒများဖြင့် တည်ငြိမ်စွာ ပြုံးနေခဲ့သည်။
ဤသည်မှာ တာအိုကို ရှာနေသော ရိုးသားသည့် ဓားနှလုံးသားမျိုး ပေပင်။ ထိုစဉ် လင်းယွန်သည် သူ မေ့သွားသော ပိုးစုန်းကြူး နတ်ဓားကို ရုတ်တရက် နားလည်လာ၏။
“ ဒီကောင်းကင်ကြီး အောက်မှာ ... တာအိုရှာဖို့ ငါ့ကို မွေးဖွားလာတယ် ... တိမ်တွေ မြစ်တွေ ... တောင်တွေအနှံ့ ... ငါရောက်ခဲ့ပြီးပြီ၊ လရောင်နဲ့အတူ တောင်ထိပ်ပေါ်မှာ ငါ အထီးကျန်နေမိတယ်။ ”
ကဗျာ ရွတ်သံနှင့်အတူ လင်းယွန်က ပန်းသင်္ချိုင်းကို ဓားသူတော်စင် (၁၁)ပါးထံ တည့်တည့် ပစ်လွှတ်လိုက်သည်။
“ ချွင် ချွင် ချွင် ... ။ ”
တောက်ပသော ဓားရောင်ခြည်က သူတော်စင်ဂီတများနှင့်အတူ ထွက်ပေါ်လာ၏။
“ ငါက တိမ်တွေထဲမှာ နေတဲ့ ... လမင်း တစ်စင်းပါ ... ငါ့နှလုံးသားက တာအိုအပေါ် ငတ်မွတ်နေတယ်။ ”
ဤတစ်ကြိမ်တွင် ဓားသူတော်စင် (၁၁)ပါးခမျာ ထိတ်လန့်ကြီးစွာဖြင့် ချက်ချင်း ဆုတ်ခွာသွား ခဲ့ရသည်။
“ ဝှစ် ... ။ ”
လင်းယွန်သည် ကောင်းကင်မှ ဆင်းသက်လျက် ပန်းသင်္ချိုင်းဓားကို သူ့ရှေ့သို့ ထိုးညွှန်ပစ်လိုက်ပြန်၏။
“ ငါ့နှလုံးသားက ဖြူစင်ပါတယ်။ ”
“ ရွှပ် ... ။ ”
ဓားသူတော်စင် (၁၁)ပါးလုံး ရပ်ခြေ ငြိမ်သွားသောအခါတွင် ဓားကို လွှတ်ပေးလိုက် တော့သည်။
“ မဟာ တာအို သုံးထောင် အထက်မှာ ဓားက ဘုရင်ပဲ။ ”
ဓားရည်ရွယ်ချက်ကို လက်ချောင်းများ ထိပ်တွင်စုစည်းလျက် တောက်ထုတ် လိုက်ရာ မိုးရေစက်အဖြစ် ချက်ချင်း ပြေးထွက်သွား၏။
ထိုမိုးရေစက်ကြောင့် ကောင်းကင်ကြီး အမှောင်ကျသွားကာ လေးလံသော ဖိအားများ ပြိုကျလာသည်။ ပတ်ဝန်းကျင်ကို ယုချင်းဖန်နှင့် ကျန့်ဝူမင်သာလျှင် မြင်နိုင်တော့၏။
“ ဘောင်း ... ။ ”
ရုတ်တရက် မိုးရေစက် ပေါက်ကွဲကာ အမှောင်တွင်း ကြက်သွေးရောင် အလင်းများ တောက်ပလာသည်။
နိဗ္ဗာန်တာအိုနှင့် ယင်ယန်တာအိုကို ပေါင်းစပ်ထားသော ကောင်းကင် ဖျက်ဆီးခြင်း ဓားရည်ရွယ်ချက်ဖြစ်၏။ ၎င်းက ပန်းပွင့်များ အဖြစ် ပြောင်းလဲ ပေါ်လွင်လာသည်။
ဓားသူတော်စင် (၁၁)ပါးခမျာ ချက်ချင်း ဆုတ်ခွာလိုက်ရ၏။ အချို့က ထိုပန်းပွင့်များထံ စူးစမ်းလိုစိတ်ဖြင့် တို့ထိ ကြည့်သည်။
“ ဘောင်း ... ။ ”
“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ..."
“ သူ့ဓား ရည်ရွယ်ချက်က ဘယ်လောက်တောင် အစွမ်းထက် သလဲ ... ဒါက ထာဝရတာအို ထက်တောင် သန်မာနေတယ်။ ”
ပန်းပွင့်များမှာ သန်မာရုံသာမက အကန့်အသတ် မရှိသောကြောင့် မျက်နှာများ ဖြူဖျော့သွားကြ၏။
အဆုံးတွင် လူတိုင်း ကြက်သွေးရောင် ပန်းပွင့်များ ဧရိယာအတွင်းမှ ဆုတ်ခွာသွားကုန် တော့သည်။
လင်းယွန်က ပြုံးလျက်၊
“ ဒီပွဲအတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု နှုတ်ဆက်လိုက်သည်။
ကောင်းကင် ငှက်မွေး ဓားသူတော်စင်က ကူကယ်ရာမဲ့စွာ ပြုံးတော့၏။
“ ငါတို့ရှုံးတယ် ... မင်းရဲ့ ဓားတာအို အောင်မြင်မှုဟာ တန်ခိုးရှင်အဆင့်ကို ရောက်ရှိ နေပြီ။ ”
ကြက်သွေးရောင် ပွင့်ချပ်များထံ လှမ်းကြည့်ပြီး တော်ဝင် နဂါးဓား သူတော်စင် ကလည်း၊
“ ငါက ပန်းသင်္ချိုင်း ... ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေးတယ်။ ”
-ဟု ရေရွတ်လိုက်တော့သည်။
***