(၄)လပိုင်း (၁၃)ရက်နေ့။
Vol. 177 Ch. 2473
“ ဒါက ကောင်းကင်နဲ့ ဓား ပေါင်းစပ်တာလား။ ”
ကောင်းကင်နှင့်ဓားပေါင်းစပ်မှု စွမ်းအားကို မြင်တွေ့လိုက်ရသဖြင့် လင်းယွန် မျက်လုံးများ တောက်ပလာသည်။
ထို့နောက် ပျက်စီးနေသော ရင်ပြင်နှင့် နှုတ်ခမ်း၌ သွေးစွန်းနေသော ရေခဲဧကရာဇ်ထံ ပြန်ကြည့်လိုက်မိ၏။
စွမ်းအားသည် ထင်ထားသည်ထက် ပိုမိုသန်မာပြီး အပြင်းထန်ဆုံးသော တိုက်ခိုက်မှု အပေါ် ဖြေရှင်းရန် အကြည့်တစ်ချက်သာ အသုံးပြုခဲ့ရသည်။
ပြန်လှည့်ကြည့်လိုက်ရာ သက်တံဓားဧကရာဇ်ဖြင့် အကြည့်ခြင်း ဆုံပြီး အချင်းချင်း ပြုံးပြလိုက်မိ၏။
ရင်ပြင် ပျက်စီးသွားသဖြင့် တာအို ဆိုင်းငံ့ခြင်းဓား သူတော်စင်က သက်ပြင်းချ လေသည်။
ထို့ကြောင့် လင်းယွန်က ပြုံးပြီး သူ့ဓားကို ထုတ်လွှတ်သည်။ ကျောက်တုံး အပိုင်းအစများ ကောင်းကင်တွင် ပျံဝဲလျက် အချိန်များ နောက်ပြန် ရွေ့သွား၏။
များမကြာမီ အက်ကွဲကြောင်းများ ကင်းစင်သွားသည်။
“ ခရမ်းငယ် ... ။ ”
လင်းယွန်က မြေပြင်ပေါ် ဆင်းသက် လျက် နာမည်ခေါ်လိုက်သည်။ ကျောက်သား ရင်ပြင်ကို ပြန်လည် ပြုပြင်ပေးနိုင်သော်လည်း နတ်ရူရ်များ မပါဝင်ချေ။
ခရမ်းငယ်က သူ ဆိုလိုသည်ကို သိပြီး မြေပြင်ပေါ် လက်ဖဝါး ဖိကပ်ချကာ ပြုပြင်ပေး လိုက်၏။
တစ်နာရီကြာပြီးနောက် ရင်ပြင်တစ်ခုလုံး ပြန်လည် ကောင်းမွန်သွားသည်။ ရေခဲဧကရာဇ် အနားသို့ သူ့တပည့်များ ဝိုင်းအုံ ရောက်ရှိ လာကြသည်။
ရေခဲဧကရာဇ်မှ မျက်လုံး ဖွင့်ကြည့် လာသောအခါ ၎င်းတို့မှ မေးခွန်းများ စတင် တော့၏။
“ ဆရာ ... တိုက်ပွဲကို ဆုံးဖြတ်ဖို့ ဓားသုံးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား ... ဘာတွေ ဖြစ်နေတာလဲ။ ”
လင်းယွန် တိုက်ခိုက်ပုံကို သူတို့ မမြင်ခဲ့ရသဖြင့် ရှုပ်ထွေးကုန်ခြင်း ဖြစ်ချေပြီ။ ထိုစဉ် ရေခဲဧကရာဇ်က ချက်ချင်း အသက် အရွယ်ကြီးရင့် အိုမင်းလာသည်။
“ သူ ဓားသုံးခဲ့တယ် ... အဲဒါက ကောင်းကင်တာအိုဓားကို သုံးပြီး ... အကြည့် တစ်ချက်နဲ့ ငါ့ကို ဒဏ်ရာရစေခဲ့တယ်။ ”
ရေခဲဧကရာဇ်က သက်ပြင်းချကာ ပြန်ဖြေသည်။ သို့တိုင်တပည့်များက နားမလည် နိုင်သေးသဖြင့် လူတိုင်းကို တွန်းထုတ်ပြီး လက်ချောင်းများ ယှက်ကိုင်လျက်၊
“ ဒီတိုက်ပွဲကနေ ... ငါအများကြီး အကျိုးရှိခဲ့ပါတယ် ... ပန်းသင်္ချိုင်း လမ်းညွှန်မှု အတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု ဦးညွှတ် လိုက်တော့သည်။
“ စီနီယာ ... ယဉ်ကျေးလွန်းပါတယ် ဒါက ဖလှယ်မှုတစ်ခုပါပဲ ငါက စီနီယာ ယုချင်းဖန်ရဲ့ အမွေကို ရခဲ့တဲ့အတွက် အရမ်း သန်မာ လာတာပါ၊ ...
... ဒီတိုက်ပွဲရဲ့ ရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ် စီနီယာအတွက် ထိုးထွင်းသိမြင်မှု ရနိုင်သရွေ့ ကောင်းကင်လမ်း ပြုပြင်ပြီးရင် နတ်ဘုရား ဖြစ်လာနိုင်ပါတယ်။ ”
“ ဟား ဟား ဟား ... အခု မင်းစကားကို ငါအပြည့်အဝ ယုံကြည်တယ် ... အနာဂတ်မှာ အကူအညီလိုခဲ့ရင် ငါ့ကို လာရှာလို့ရတယ်။ ”
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”
လင်းယွန်မှ ပြုံးသည်။ သူသည် ဓားသမားအားလုံးကို လက်ဆောင်အဖြစ် ရဲစွမ်းသတ္တိ ပေးခဲ့၏။
“ ပန်းသင်္ချိုင်း ... မင်းက ကောင်းကင်လမ်းကို ပြန်ပြင်ချင်လို့လား။ ”
အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ အကြီးအကဲများနှင့်အတူ တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်မှ ရောက်ရှိလာသည်။
လင်းယွန်က ခေါင်းညိတ်ပြီး၊
“ ဒါက ပန်းတိုင်ပဲ ... လျှို့ဝှက်ချက် မဟုတ်ဘူး၊ ဒီနေ့ ခွန်လွန်ရဲ့ ဓားသမားအားလုံး ရှိနေပြီမို့ ... ငါကြေငြာလိုက်မယ် ... ဧကရီကို နတ်ဘုရား မဖြစ်အောင် တားဆီးမယ် ...
... တကယ်လို့ ငါ အောင်မြင်ရင် ... နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ဝင်ပြီး ဝိညာဉ် နတ်မိစ္ဆာ မျိုးရိုးကို ဖြေရှင်းမယ် ...
... ပြန်လာနိုင်တဲ့အခါ ... ကောင်းကင် လမ်းကို ပြုပြင်မယ်၊ ဒါ ဓားဧကရာဇ်ယုချင်းဖန် အပါအဝင် လူအများရဲ့ ဆန္ဒပဲ ... ငါတို့တွေ ကမ္ဘာကြီးကို သက်သေပြဖို့ အချိန်တန်ပြီ။ ”
လင်းယွန်က ခေါင်းညိတ်ကာ ပြောကြားလိုက်သည်။ ထိုစကားက ရောက်ရှိ နေသူတိုင်းကို သွေးပွက်ပွက်ဆူ စေ၏။
“ ကောင်းပြီ ... ငါတို့ ခွန်လွန်သားတွေ သက်သေပြ ကြမယ်။ ”
ရွှင်မြူးစွာ အော်ဟစ်လိုက်ကြသည်။
“ ဟား ဟား ဟား ... ရေခဲဧကရာဇ် ... မင်းမှာ ဒီကိုလာဖို့ သတ္တိရှိတယ်လား။ ”
ရုတ်တရက် ရယ်မောသံများ နှင့်အတူ ပုံရိပ်နှစ်ခု ဆင်းသက်လာသည်။ ၎င်းတို့သည် မီးဧကရာဇ်နှင့် ဓားမော့ဧကရာဇ် ဖြစ်၏။
အဖြူနှင့် အနက်က ချက်ချင်း လင်းယွန် အနားလာ ရပ်သည်။ အနက်သည် ဒဏ္ဍာရီလာ ဧကရာဇ် မဟုတ်တော့ သော်လည်း ရေခဲ ဧကရာဇ်ထက် အားကောင်းနေဆဲ ဖြစ်၏။
တက်ရောက်လာသော ဓားသမားများ အားလုံးသည် ၎င်းတို့၏ လက်သီးများ ဆုပ်ပြပြီး ဒဏ္ဍာရီလာ ဧကရာဇ်နှစ်ပါးကို အရိုအသေ ပြလိုက်ရ၏။
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က အကြီးအကဲများ အားလုံးကို လင်းယွန်အနား ရပ်စေ၏။
ဓားဧကရာဇ်ယုချင်းဖန် မရှိသော်မှ သူတို့တွင် ဧကရာဇ် မရှားချေ။ တစ်ပါးထက် မက ပိုသည်။ အနည်းငယ် စိတ်လှုပ်ရှား သော်လည်း မကြောက်ချေ။
“ ဝှစ် ... ။ ”
အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ အရပ်လေးမျက်နှာရှိ မဏ္ဍပ်လေးခု ခေါင်မိုးတွင် လူအိုကြီး လေးယောက် ပေါ်လာသည်။
ဤသည်မှာ ယုချင်းဖန် မျိုးရိုး၏ ဧကရာဇ်များ ဖြစ်ချေ၏။ ကောင်းကင် မြို့တော် ကြီး၏ အုတ်မြစ်များ ပေပင်။
“ စီနီယာတို့ ... မင်းတို့ ဘာလို့ ရုတ်တရက် ဒီကိုရောက်လာရတာလဲ။ ”
တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က မေးသည်။ မည်သို့ပင် ဆိုစေကာမူ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ခြင်းသည် မယဉ်ကျေးရာ ကျပေ၏။
ဓားမော့ ဧကရာဇ်က သူ့အတွေးကို မြင်ပြီး၊
“ ဒါဆို ငါတို့ လာခဲ့ရင် ဘာဖြစ်မလဲ ... ဒါမှမဟုတ် အကြွင်းမဲ့ ကောင်းကင် မြို့တော်ကို ဖျက်ဆီးဖို့ လာတယ်လို့ မင်းထင်နေလို့လား။ ”
-ဟု ပြန်လည် မေးခွန်းထုတ်၏။
မီးဧကရာဇ်က သူ့ကို ဟန့်တားလျက်၊
“ မြို့တော်သခင် ... မင်းစိတ်မပူနဲ့ ... အကြွင်းမဲ့ ကောင်းကင် မြို့တော် အတွက် ငါတို့ လာတာ မဟုတ်ဘူး ... ပန်းသင်္ချိုင်းအတွက် လာတာပါ။ ”
-ဟု ရှင်းပြလိုက်သည်။
သို့မှသာ တာအို ဆိုင်းငံ့ခြင်း ဓားသူတော်စင်က မျက်နှာ ပြေလျော့သွား သော်လည်း၊
“ ဘာပဲ ဖြစ်ဖြစ် ... ငါတို့က စီနီယာ နှစ်ယောက်ကို ဧည့်သည်အဖြစ် မှတ်ယူပါတယ် ဒါပေမယ့် ငါ့ဆရာ မရှိတော့လို့ လင်းယွန်ကို ခေါ်သွားချင်တယ် ဆိုရင်တော့ ... သဘော မတူနိုင်ပါဘူး။ ”
မီးဧကရာဇ်မှ အကြည့်များ အေးစက် လာသော်လည်း ချက်ချင်း ထိန်းချုပ်လိုက်ကာ ပြုံးလျက်၊
“ ကျေးဇူးပြုပြီး အထင် မလွဲပါနဲ့ ... ပန်းသင်္ချိုင်းကို အခမ်းအနား ဖိတ်ဖို့ ... ဧကရီ အမိန့်နဲ့ လာတာပါ ... ပန်းသင်္ချိုင်းက တိုက်မလား ... အရှုံးပေး မလား ... ။ ”
-ဟု မေးမြန်းလာ၏။
“ ငါတိုက်မယ် ဆိုရင်ရော ... ။ ”
လင်းယွန်က မျက်ခုံးပင့်ကာ ပြန်မေးသည်။
“ ဒါဆို ဧကရီက ... မင်းကို အခွင့်အရေး ပေးပါတယ် အရှုံးပေးဖို့ ဆန္ဒတယ် ရှိရင်လည်း မင်းကို နဝမမြောက် သမီးတော်နဲ့ သဘောတူ ပါလိမ့်မယ်။ ”
ဓားမော့ ဧကရာဇ်က လှမ်းတက်လာပြီး၊
“ လင်းယွန် ... မင်းက ဧကရီရဲ့ နတ်ဘုရားနယ်ပယ် တက်ရောက်ခြင်း အခမ်း အနားကို တားမြစ်ဖို့ ဆန္ဒရှိတာ သေချာလား။ ”
-ဟု အေးစက်စွာ မေးလိုက်သည်။
လင်းယွန်က ခေါင်းယမ်းလျက်၊
“ ငါ သူ့ကို ... နတ်ဘုရား ဖြစ်အောင် တားဆီးဖို့ ဆန္ဒမရှိပါဘူး ... ကောင်းကင်လမ်း ပြုပြင်ပြီးတဲ့ အချိန်ထိ စောင့်စေချင်ရုံပါပဲ ...
... ဧကရီရဲ့ အုတ်မြစ်အရ ... အမည်ခံ နတ်ဘုရား နယ်ပယ်ကနေ နတ်ဘုရား ဖြစ်ဖို့ မခက်ခဲပါဘူး။ ”
-ဟု ရှင်းပြလိုက်သည်။
“ မင်းလိုလူက ... ကောင်းကင်လမ်းကို ပြုပြင်ချင်နေတာလား ... ဟား ဟား ဟား ... ။ ”
ဓားမော့ဧကရာဇ်က လှောင်ပြောင် ရယ်မောလိုက်၏။ လင်းယွန်က ပြန်ပြောမည့် အချိန်တွင်၊
“ ပန်းသင်္ချိုင်း မလုပ်နိုင်ရင် ... မင်းရော လုပ်နိုင်ပြီလား ... မင်းလို ခွေးတစ်ကောင်က ကောင်းကင်လမ်းကို လျှာနဲ့ သန့်ရှင်းရေး လုပ်ဖို့ပဲ တတ်စွမ်း ပါလိမ့်မယ်။ ”
-ဟု ဧကရာဇ်ဖြူမှ အေးစက်စွာဖြင့် ချက်ချင်း တုန့်ပြန်လိုက်၏။
လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားကုန်သည်။ ဓားမော့ ဧကရာဇ်မှာ ဧကရီ၏ ခွေးဖြစ်လိုကြောင့် လူတိုင်းသိ၏။ သို့သော် ဤသို့ မည်သူမျှ ထုတ်မပြောဝံ့ချေ။
“ မင်း ... ဘယ်သူ့ အကြောင်း ပြောနေတာလဲ။ ”
“ ငါမင်းကို ပြောနေတာပေါ့ ... အနှစ် သုံးထောင်လောက် လျှာနဲ့ ယပ်ဖို့ ကြိုးစားနေ ပေမယ့် ... မင်းဘာမှ မရခဲ့ဘူး မဟုတ်လား ... ခွေးအဖြစ်ကလွဲပြီး မင်းဘဝက ဘာများ ဖြစ်လာလို့လဲ။ ”
ဓားမော့ဧကရာဇ်က စကား မပြောတော့ဘဲ မီးတောက်နေသော ကြက်သွေးရောင် ဓားမော့ တစ်လက်ကို ခေါ်ယူလိုက်သည်။
“ ပိုင်ဇီလု ... မင်းက ထင်ရှားပေါ်လွင် ချင်နေတာလား ... ဒီနေ့ မင်းရဲ့သေခြင်း ဖြစ်ဖြစ် ငါ့ရဲ့သေခြင်းပဲ ဖြစ်ဖြစ် အဖြေရှာရအောင်။ ”
“ ဟမ့် ... ခွေးတစ်ကောင်ကို ငါ ကြောက်လိမ့်မယ်လို့ ထင်နေလား ... လာခဲ့စမ်း ခွေးဓားမော့ ... ။ ”
ဧကရာဇ်ဖြူက မကြောက်မရွံ့ ပြန်လည် စိန်ခေါ်လိုက်သည်။ သူသည် အနက်နှင့် မတူဘဲ ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်နေဆဲ ပေပင်။
ဒဏ္ဍာရီလာ ဧကရာဇ်နှစ်ပါး တိုက်တော့မည်ကို မြင်လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားပြီး နောက်ဆုတ်ကုန်၏။
အကြွင်းမဲ့ ကောင်းကင် မြို့တော်၏ ဧကရာဇ်များမှာ အဆိုးဆုံးပေပင်။ မျက်နှာများ အေးစက်လျက် သူတို့၏ ဓားများကို ဆွဲထုတ် ထားလိုက်ကြသည်။
မီးဧကရာဇ်သည် ၎င်းတို့ထံ တစ်ချက် လှမ်းကြည့်သည်။ ထိုစဉ် ဓားအလင်းများ ရုတ်တရက် ထွက်ပေါ်လာ၏။
“ ချွင် ... ။ ”
သက်တံဓား ဧကရာဇ်က သူ့ဓားကို လက်မဝက်ခန့် ဓားအိမ်အတွင်းမှ ဆွဲထုတ်ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းသော ဓားဧကရာဇ်အငွေ့အသက်က ကောင်းကင်အနှံ့ ပြည့်နှက်သွား၏။
မီးဧကရာဇ် မျက်နှာ ပြောင်းသွား၏။ ဤသည်မှာ ယုချင်းဖန်မှ လွှဲပြောင်းပေးခဲ့သော ဓားဧကရာဇ်ရောင်ဝါ ဖြစ်သည်။
ထို့ပြင် သက်တံဓား၏ အကြည့်သည် ယုချင်းဖန် အကြည့်နှင့် ဆင်တူ၏။ ယင်းကြောင့် ဓားမော့ဧကရာဇ်ကို လက်ပြလိုက်ပြီး၊
“ အဖြူ ... ငါ့မှာ အချိန်ရရင် မင်းနဲ့ လာကစားမယ် အခု အကြွင်းမဲ့ ကောင်းကင် မြို့တော်မှာ တိုက်ဖို့ မသင့်တော်ဘူး။ ”
-ဟု ပြောကြားမိသည်။
ဧကရာဇ်ဖြူက ပြုံးပြီး၊
“ ဘာလို့ မင်းကို ခွင့်ပြုရမှာလဲ ... ခွေး တစ်ကောင်က ပန်းသင်္ချိုင်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာ ... ငါ ရပ်ကြည့် နေရမှာလား သူ့လို ခွေးတစ်ကောင်ကို နီတိအကြောင်း သင်ပေးရမယ်။ ”
သို့သော် မီးဧကရာဇ်က သူ့စကားကို လျစ်လျူရှုလျက်၊
“ ပန်းသင်္ချိုင်း ... (၄)လပိုင်း (၁၃)ရက်နေ့ နတ်ဘုရား တက်ရောက်ခြင်း အခမ်းအနားမှာ ငါတို့ ပြန်တွေ့ကြမယ်။ ”
-ဟု ဖိတ်ကြားကာ ဓားမော့ ဧကရာဇ်နှင့်အတူ ထွက်ခွာ သွားတော့သည်။
သက်တံဓား ဧကရာဇ်က စိတ်ပျက်လက်ပျက်ဖြင့် ဓားကို ပြန်သိမ်းလိုက် လေသည်။
“ မင်း ငါ့ကိုဘာလို့ တားတာလဲ။ ”
လမ်းခရီးတွင် ဓားမော့ ဧကရာဇ်က ဒေါသတကြီး မေးမြန်း၏။
“ မင်း လူမိုက်လား ... ဧကရာဇ်ဖြူက မင်းအပေါ် ရည်ရွယ်ချက်ရှိရှိ ရန်စနေတာလေ အဖြူနဲ့ အနက်က ငါ့ကိုတားပြီး သက်တံဓားနဲ့ လင်းယွန်က မင်းကို သတ်နိုင်တယ်။ ”
“ သူတို့ နှစ်ယောက်ကို ... ငါ ကြောက်နေတယ်လို့များ ... မင်းထင်နေလား ... သူတို့ နှစ်ယောက်က ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ”
“ မင်းပြောတာကို မှတ်ထားပါ ... အနာဂတ်မှာ မင်းအရိုက်ခံရရင် ငါမကူညီတဲ့ အတွက် စိတ်မဆိုးနဲ့ ... ။ ”
မီးဧကရာဇ်က ပြုံးပြီး ပြောကြား လိုက်တော့သည်။
***