တာအိုက ရက်စက်တယ်။
Vol. 177 Ch. 2480
ဧကရီက သက်တံဓားဧကရာဇ်ထံ သူ့လက်ဖဝါးကို တွန်းထုတ် ပစ်လိုက်သည်။ အရာအားလုံး မြန်ဆန်လွန်းသောကြောင့် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိချေ။
အဖြူအမည်းဧကရာဇ်များက လင်းယွန်အနားသို့ ရွေ့လျားလိုက်ပြီးနောက်၊
“ သူ ပြောတာမှန်တယ် ... မင်းသူ့ကို တိုက်ချင်ရင် သူဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်းသိမှ ဖြစ်မယ်၊ မင်းဆရာက ထင်သလောက် မပျော့ညံ့ပါဘူး။"
-ဟု နှစ်သိမ့်လိုက်သည်။
“ အနန္တ ဓားခေါင်းလောင်း။”
သက်တံဓားဧကရာဇ်က နှလုံးသားရှိ ရွှေခေါင်းလောင်းကို အသက်သွင်း လိုက်သည်။ နတ်ရူရ်များက ခေါင်းလောင်းအဖြစ် ပေါင်းစပ် ထွက်ပေါ်လာ၏။
ဤသည်မှာ ဓားမော့ဧကရာဇ်၏ နှလုံးခွဲဓားမော့ကို ပိတ်ဆို့ ထားနိုင်သော ဝှက်ဖဲ ဖြစ်ချေပြီ။
“ဘုန်း ... ။ “
“ချွင် ... ချွင် ... ချွင် ...။”
ဧကရီ လက်ဖဝါးက ဓား ခေါင်းလောင်းအပေါ် ပြုတ်ကျလာသည်။ အသံလှိုင်းများ ပဲ့တင်ထပ်သွား၏။
ဤခေါင်းလောင်းသည် အနန္တဓားများ ပေါင်းစည်းခြင်းမှ ဆင်းသက်လာသော လျှို့ဝှက် နည်းပညာ ပေပင်။
သို့တိုင် ဧကရီ လက်ဖဝါးသည် ကောင်းကင် တာအိုနှင့် ပေါင်းစည်းထားလေရာ ရွှေခေါင်းလောင်းပေါ်တွင် အက်ကြောင်းများ ပေါ်လာတော့၏။
“မင်း ... အပြင်ကနေ ကြည့် ... ။ ”
ဧကရာဇ်အဖြူနှင့် အမည်းတို့သည် အကြည့်ချင်း ဖလှယ်လျက် လင်းယွန်ကို ရေခဲ ဧကရာဇ်အနား တွန်းထုတ်လိုက်သည်။
ဧကရာဇ် သုံးပါးသည် ဧကရီနှင့် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထား၏။ ထို့ကြောင့် လင်းယွန်ခမျာ ခိုကိုးရာမဲ့ သွားသည်။
တစ်ဖက်တွင် ဤသည်မှာ သာမန် လက်ဖဝါး တစ်ချက်သာ ဖြစ်ကြောင်း သိသဖြင့် သက်တံ ဓားဧကရာဇ် တစ်ယောက် သွေးများ တဟုန်းဟုန်း တောက်လောင်လာ၏။
သူက ပြုံးပြီး၊
“ဧကရီ၊ ငါ့မှာ မင်းအတွက် ဓားတစ်လက် ရှိတယ်။ ”
-ဟု ဆိုကာ ဓားကိုးလက် ဒေါင်းမြီးလို ပွင့်လာတော့သည်။
“အနန္တဓားများ ပေါင်းစည်းခြင်း။ ”
သက်တံ ဓားဧကရာဇ်က ချက်ချင်း ကောင်းကင်ပေါ် ပျံတက်ပြီး ဓားရည်ရွယ်ချက် အပေါ် ကိုးဆ တိုးစေလိုက်၏။
သူ့ဓား ရည်ရွယ်ချက်သည် နဝမတန်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းကိုကိုးဆမြှောက်ပြီးနောက် ဓားကိုးလက်က စက်ဝိုင်း ပုံသဏ္ဍာန် လည်ပတ်လာ၏။
ယင်းက ဓားသန်းပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော တံတိုင်းကြီး တစ်ခုကဲ့သို့ ဓားအစီရင်ကြီး ဖြစ်ချေပြီ။
ကောင်းကင်တွင် ကြယ်ရောင်များ လင်းထိန်လာပြီး ဓားဧကရာဇ်ဘွဲ့၏ အလေးချိန် အပေါ် လူတိုင်း နားလည်လာကြ၏။
ဓားမော့ဧကရာဇ်က မျက်နှာ ပြောင်းလဲသွားပြီး၊
"ဓားကိုးလက်လား ... ဒါဆို သူ ငါ့ကို တိုက်တုန်းက ဓားခုနစ်လက်ပဲ သုံးခဲ့တာပေါ့ ...။ ”
-ဟု သတိရသွားသည်။
မီးဧကရာဇ်က၊
“ သက်တံဓားက ဧကရာဇ် ဖြစ်လာတဲ့အခါ ... ဓားဂိုဏ်းရဲ့ တောင်ထွတ် ကိုးလုံးကို ပြန်ယူနိုင်ခဲ့တယ် ... သူ့အပေါ် လျှော့မတွက်ဖို့ မင်းကို ငါပြောခဲ့တာ ကြာပါပြီ။"
-ဟု ပြောကြားလိုက်လေသည်။
“ ဧကရီ၊ ငါ့ဆီက ဓားတစ်လက်ကို ယူ ... ။ "
သက်တံဓား ဧကရာဇ်က အော်ငေါက်လျက် သူ့လက်ချောင်းများကို ပွတ်သပ်ကာ ဓားရောင်ခြည်များ ထုတ်လွှတ် လိုက်၏။
ဓားမြည်သံများ ပဲ့တင်ထပ်လျက် သစ္စာတာအိုက သက်တံဓားဧကရာဇ် နောက်၌ ပွင့်လန်းလာသည်။
ဓားရောင်ခြည်များ လွင့်ထွက် သွားသောအခါ လေဟာနယ် ကွဲလွဲသွားသည်။ အချိန်များ နှေးကွေးလျက် သူ့လမ်းရှိ အချိန်နှင့် အာကာသ ဖရိုဖရဲ ဖြစ်သွားတော့၏။
ဤမျှ ကြောက်စရာ ကောင်းသော ဓားအလင်းကို ရင်ဆိုင်ရသော်လည်း ဧကရီ၏ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ၊
“ဧကရာဇ် နဂါးလက်သီး— အနန္တ နဂါးများ။”
-ဟု အော်ငေါက်လိုက်သည်။
ဧကရီ လက်သီးသည် နဂါးများစွာကို ပျံထွက်လာစေ၏။ နဂါးများ ပျံထွက်လာသော အခါတွင် အာကာသနှင့် အချိန် အတားအဆီး၌ အက်ကြောင်းများ ပေါ်လာသည်။
“ ဝုန်း ... ။ “
ဓားအလင်းနှင့် လက်သီးတိုက်မိပြီး ဓားအစီရင်နှင့်နဂါးများ ကွဲအက်သွားလေသည်။ အနီးနားရှိ ဧကရာဇ်များသည် ပေါက်ကွဲမှု လှိုင်းကို မခံနိုင်ဘဲ ဆုတ်ခွာသွားကြ၏။
“ဧကရာဇ် နဂါးလက်သီး ... နဂါး လက်သီး ... ။ ”
ဓားရောင်ခြည်ကို ဖြိုခွဲပြီးနောက် ဧကရီထံမှ ကြောက်မက်ဖွယ် ကောင်းသော လက်သီးတစ်ချက် ထပ်မံ ပျံသန်းလာ၏။
“ဘုန်း ... ။ “
သက်တံဓား ဧကရာဇ် ရင်ဘတ်ကို ထိမှန်ကာ နှုတ်ခမ်းများမှ သွေးများ စီးကျပြီး မျက်နှာ ဖြူဖျော့လာသည်။
ထို့ကြောင့် ဧကရီက သူ့ကို ထပ်မံ တိုက်ခိုက်ခြင်း မပြုတော့ဘဲ အဖြူနှင့် အနက် ထံသို့ မျက်နှာချင်းဆိုင်လိုက်၏။
“ လခွမ်း ... ။”
တစ်ဆက်တည်းမှာပင် လက်သီးနှင့် လှမ်းထိုးလာသောကြောင့် ဧကရာဇ်ဖြူခမျာ မျက်နှာ ပြောင်းသွားပြီး ဒဏ္ဍာရီလာ ဖြစ်စဉ်ကို ထုတ်ဖော်လိုက်ရသည်။
“ ဝုန်း ...။ “
လက်သီးများ တိုက်မိသောအခါ နာကျင်မှုကြောင့် ဧကရာဇ်ဖြူ တစ်ယောက် အော်ဟစ်လုနီးပါး ဖြစ်သွား၏။
" ချန်ယန်၊ နင်အဲဒီတုန်းက ဝိညာဉ် နတ်မိစ္ဆာမျိုးရိုးရဲ့ ဧကရာဇ်တွေကို သတ်ခဲ့တယ် မဟုတ်လား ... အခု နင့်ရဲ့ လက်တွေက ဘာလို့ အားနည်း နေရတာလဲ။ “
ဧကရာဇ်ဖြူက ပြုံး၍ လက်ကို ဆုပ်နယ်လျက်မှ ပြောကြား လိုက်သည်။ သူ့ အကျင့်စရိုက် အရ ခန္ဓာကိုယ် ကြေမွသွား သည့်တိုင် ရှုံးနိမ့်မှုကို ဝန်ခံမည် မဟုတ်ချေ။
“ ဝှစ် ... ။”
ဧကရီသည် ဧကရာဇ်ဖြူနှင့် အချိန်မဖြုန်းဘဲ နောက်ထပ် လက်သီးတစ်ချက် ပစ်ချလိုက်ပြန်သည်။
အချိန်နှင့် အာကာသ ပြိုကွဲသွားသည့် မြင်ကွင်းက ဧကရာဇ်ဖြူကို အံကြိတ်မိစေ၏။ ဤမိန်းမသည် အမှန်ပင် ရက်စက်ချေပြီ။
ဧကရာဇ်ဖြူက ရှေ့တိုးလိုက်သော အခါတွင် အချိန်များ လျင်မြန်စွာ ကုန်သွားပြီး ဧကရာဇ် လက်သီးနှင့် ချက်ချင်း ထိမိသွားသည်။
၎င်းနောက်တွင် အချိန် ရေစီးကြောင်း တစ်ခု ပေါ်လာပြီး လျင်မြန်စွာဖြင့် ပုံရိပ်များသာ ချန်ရစ်ခဲ့သည်။
ဧကရီက စွမ်းအင် ရေဝဲကို ဖြိုခွဲရန် နောက်ထပ် လက်သီး တစ်ချက်ကို ပစ်ထုတ် လိုက်၏။
ဤနည်းဖြင့် လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်လိုက်ကြသည်။ အချိန် ရေစီးကြောင်း ပျောက်ကွယ် သွားသည်နှင့် ဧကရာဇ်ဖြူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ် သွားခဲ့သည်။
နာကျင်နေသော်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်၊
“ယန်ချန်၊ တောင်ပိုင်းဧကရာဇ်က နင့် မကြိုက်တာ အံ့သြစရာ မရှိတော့ပါဘူး နင်က ကျားတစ်ကောင်လို ရက်စက်တာပဲ။”
-ဟု လှောင်ပြောင် လိုက်သည်။
“ သေ လိုက် စမ်း ... ။ “
ဧကရီက နောက်တစ်ကြိမ် ထပ်ပြီး ပြေးဝင်လာသည်။ ဧကရာဇ်နက်က သူမကို ကြားဖြတ်တိုက်ရန် ကြိုးစားလိုက်၏။
သို့သော် ဧကရီက အနက်ကို ပေါ့ပေါ့တန်တန် ဖြေရှင်းကာ ဧကရာဇ်ဖြူ အပေါ်သာ ပစ်မှတ်ထားခဲ့သည်။
ယင်းကြောင့် အဖြူ တစ်ယောက် ကူကယ်ရာမဲ့စွာ အံကြိတ်မိ၏။ များမကြာခင် ဧကရာဇ် ရွှေခန္ဓာ၌ အက်ကွဲကြောင်းများ ပေါ်လာတော့သည်။
“ ဟား ဟား ဟား ... ။ “
ဧကရာဇ်ဖြူက ရယ်သည်။
“ ချန်ယန် ... မလုံလောက်သေးဘူး။ “
ဧကရီက သူမ၏ နတ်နဂါး ရောင်ဝါကို သိမ်းလျက် ကောင်းကင်တာအို ရောင်ဝါဖြင့် အစားထိုး လိုက်သည်။
ဤတစ်ကြိမ် သူမ၏ လက်သီးသည် ကောင်းကင် သုံးဆယ့်ခြောက်လွှာကို တုန်လှုပ် သွားစေ၏။
ယင်းသည် ဧကရာဇ် ဒုက္ခထက် ပို၍ ကြောက်စရာ ကောင်းလေသည်။ ကောင်းကင် တာအို လက်သီး ဖြစ်၏။
ဧကရာဇ်ဖြူ၏ ဖြစ်စဉ်တွင် အက်ကြောင်းတစ်ခု ချက်ချင်း ပေါ်လာသည်။ ဧကရာဇ် ရွှေခန္ဓာ ပြိုကျလုနီးပါး ဖြစ်နေပြီး စင်မြင့်ပေါ်တွင် ယိမ်းထိုးလာ၏။
“ အဖြူ ... နင့်ပါးစပ်က ထက်ရှပေမယ့် ငါတို့ဧကရာဇ် ကိုးပါးထဲမှာတော့ နင့်ခွန်အားက အညံ့ဆုံးပဲ။ “
ဤစကား ဤအခြေအနေဖြင့် အရိုက်ခံနေရသောကြောင့် ဧကရာဇ်ဖြူခမျာ မပြုံးနိုင်တော့ချေ။
“ ရွှပ် ... ။ “
ထိုအခိုက်တွင် သက်တံဓားဧကရာဇ် ရောက်ရှိလာသည်။ ဧကရီက ဆံပင်များ လွင့်ပျံ လာပြီး ဓားကို ရှောင်လိုက်ရ၏။
တစ်ဆက်တည်းမှာပင် သူမ လက်သီးများသည် ဒေါသအိုးအပေါ် ချက်ချင်း ကျရောက်သွားသည်။
“ ထန် ... ထန် ... ။ “
မီးပွားများ ပွင့်လျက် တုန်ခါလာပြီး သက်တံ ဓားဧကရာဇ်ကို ပေတစ်ထောင် အကွာ သို့တိုင် ဆုတ်ခွာစေခဲ့သည်။
" အတူတူ ဝင်ရအောင် ... ။ “
ထိုအချိန်လေးသည်ပင် ဧကရာဇ်ဖြူကို အသက်ရှူခွင့် ရသွားစေ၏။ အသက် ပြင်းပြင်း ရှူလျက် အော်ဟစ်လိုက်သည်။
“ ဝှစ် ... ။ “
သက်တံဓားဧကရာဇ်နှင့် အနက် သည်လည်း တဟုန်ထိုး လိုက်ပါလာခဲ့သည်။ အနက်သည် ဒဏ္ဍာရီ ဧကရာဇ် မဟုတ်တော့ သော်မှ ဧကရာဇ်ဖြူထက် မနိမ့်ကျချေ။
အရေးကြီးသည်မှာ အဖြူနှင့်အနက် မြင့်မြတ်သော ကျမ်းကို လက်တွဲလုပ်ဆောင် နိုင်ခြင်း ဖြစ်၏။
နှစ်ယောက် ပူးပေါင်း လိုက်သော အခါတွင် သက်တံဓားဧကရာဇ်ထက်ပင် ပိုမို အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ် နိုင်ကြသည်။
ပတ်ဝန်းကျင် တစ်ခုလုံး အဖြူနှင့် အမည်းတစ်လှည့်စီ ပြောင်းလာပြီး ဧကရီကို ချုပ်နှောင်ထားသည့် အဖြူအမည်း ဒိုမိန်းတစ်ခု ဖြစ်ပေါ်လာ၏။
“ အနန္တ ဓားခေါင်းလောင်း။ “
သက်တံဓားဧကရာဇ်က အခွင့်အရေးကို အရယူသည်။ သူ့ထံမှ ဓားလှိုင်းလုံးများ ပြန့်ကျဲ လာပြီး ဒေါသအိုး ကျဆင်းလာ၏။
ယင်းသည် ဓားမော့ဧကရာဇ် အပေါ် အနိုင်ယူခဲ့သော ဝှက်ဖဲဖြစ်သည်။ ဧကရီခမျာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာ၏။
သို့တိုင် အဖြူ-အမည်း ဒိုမိန်းအတွင်း လျင်မြန်စွာရွေ့လျား နေနိုင်သေးသည်။
" ယင်ယန် ကောင်းကင်ကြီး ... ။ "
သူမ နောက်၌ ထာဝရ တာအို ပွင့်လာတော့၏။ ၎င်းမှ အဖြူအမည်း ဒိုမိန်းကို ဖြိုခွင်းပစ်လေသည်။
“ မြေကြီး ကဲ့သို့ ဒြပ်စင်ငါးပါး ... ။”
ဒြပ်ငါးပါးသည် မြေကြီးကဲ့သို့ ထင်ရှားလာပြီးနောက် ယင်ယန်က ကောင်းကင် ဖြစ်သွားသည်။
ထာဝရ တာအို နှစ်ပါး ပေါင်းစည်း လာသောအခါ၌ တန်ခိုးကြီးသည့်ရောင်ဝါများ ဧကရီထံမှ ထွက်လာ၏။
၎င်းက ဧကရာဇ်သုံးပါးထံမှ ဝင်လာသောတိုက်ခိုက်မှု အားလုံးကို ဖြိုခွဲနိုင် ခဲ့သည်။
“ငါက အုပ်စိုးရှင်ပဲ။ “
ဧကရီသည် ကောင်းကင် တာအို ဖြစ်လာ၏။ သူမ၏ လက်ဖဝါးတွင် ယင်ယန်နှင့် ဒြပ်ငါးပါးကို ဖမ်းဆုပ် ထားသည်။
“ ဝှစ် ... ။ “
ကြောက်မက်ဖွယ်ရာ လူသတ်ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်လျက် ရိုက်ချပစ် လာတော့သည်။
ဧကရာဇ် သုံးပါးခမျာ မခုခံနိုင်တော့ဘဲ ပါးစပ်မှ သွေးများစီးကျလျက် မြေပြင်ပေါ် လဲကျ သွားသည်။
ယင်းကြောင့် ကြည့်ရှုနေသူများ အားလုံး တိတ်ဆိတ်သွားကာ ဦးရေပြားများ ထုံကျဉ်လာ တော့သည်။
အထူးသဖြင့် ဧကရီအပေါ် ဆိုးရွားစွာ ဝေဖန်ထားသော ဧကရာဇ်များပေပင်။ အမှောင် သခင်နှင့် ရေခဲ ဧကရာဇ်က စိတ်ပျက် လက်ပျက်ဖြင့် လင်းယွန်ထံ ခိုးကြည့်လိုက်၏။
ဧကရီသည် သန်မာ လွန်းလှသည်။ အမည်ခံ နတ်ဘုရား နယ်ပယ် ကျင့်ကြံမှုကိုပင် ထုတ်မပြချေ။
သူတို့ တွေးနေဆဲမှာပင် ဧကရီက တန်ခိုးကြီးသော အသွင်အပြင်ကို ချက်ချင်း ထုတ်ဖော်လာသည်။
အမည်ခံ နတ်ဘုရား ရောင်ဝါ ဖြစ်၏။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ ကွဲအက်လျက် လှိုင်းလုံးများ ပျံ့ကားလာသည်။
“ ကောင်းကင်က အကြင်နာ ကင်းတယ်၊ တာအိုက ရက်စက်တယ်။ “
ဧကရီက ကောင်းကင် (၃၆) လွှာ၏ မိုင်ပေါင်း (၁)သန်း အတွင်းရှိ လျှို့ဝှက်မြေနှင့် ကုန်မြေကြီးများကို ဖမ်းဆုပ်လိုက်သည်။
“ ဝုန်း ... ။ “
ထိုဒေသတွင် နေထိုင်သူများ အားလုံး သေဆုံး ကုန်ကြသည်။ လက်သီးကို လေထဲထိုး ချလိုက်သောအခါ အနားရှိ တောင်ထွတ်များ ကွဲကြေသွား၏။
ကောင်းကင်၌ ကြီးမားသော အပေါက်တစ်ခု ပေါ်လာပြီး ကြယ်ရောင်များ လင်းလက်နေသည့် နဂါးငွေ့တန်းကို မြင်လိုက်ရသည်။
ဤမြင်ကွင်းသည် လူတိုင်းအပေါ် ထိတ်လန့် စေခဲ့ပြီး ဧကရာဇ်များစွာ ဒူးထောက် ကျသွား၏။
ဧကရီကို မည်သူမျှ ခေါင်းမော့ မကြည့်ဝံ့ကြချေ။ သူမက လင်းယွန်ထံ လှည့်ကြည့်ကာ၊
“ ပန်းသင်္ချိုင်း၊ လာတိုက်ပါ ... နတ်ဘုရားသင်္ချိုင်းတောင်တန်းကို ဝင်ဖို့ မင်းမှာ ယုံကြည်မှု ဘယ်ကရလဲ ကြည့်ရအောင်။”
-ဟု ဖိတ်ခေါ်လိုက်တော့သည်။
***