ချန်ယန်၊ … အိမ်ပြန်ပို့ပေးပါရစေ။
Vol. 177 Ch. 2483
အမည်ခံ နတ်ဘုရား အရိပ်အာဝါသဖြင့် အစွမ်းထက်သော အုပ်စိုးရှင် လက်နက် (၂၀)က လင်းယွန်ကို ခေါင်းကိုက်စေ၏။
“ ဟိတ် … ။ ”
အသက် ပြင်းပြင်းရှူလျက် ဓားဆယ်ချက်တိတိ ထုတ်လွှတ်ပြီး လက်နက် ဆယ်ပါးကို တစ်ပြိုင်နက်တည်း ဖြေရှင်း လိုက်သည်။
“ ခရစ် ... ။ ”
သက်ရောက်မှု အရ ရှေးဟောင်း သူတော်စင်နယ်မြေ တစ်ခုလုံး မြေကြီးအက်ကွဲ သံများ ညံလာတော့၏။
“ ရွှပ် ... ။ ”
ထိုအချိန်တွင် ဧကရီက ပထမဆုံး လေးညှို့ကို လွှတ်လိုက်ပြီ ဖြစ်သည်။ သို့သော် လင်းယွန်ထံ မဟုတ်ချေ။
ယင်းပထမ မြှားကို ပစ်လွှတ်ချိန်၌ အချိန်အာကာသ ရတနာ သေတ္တာက ရူရ်များ ထွန်းလင်း တောက်ပလာသည်။
“ ရွှပ် ... ။ ”
“ ရွှပ် … ။ ”
ဤတစ်ကြိမ်တွင် မြှားနှစ်စင်းကို ဆက်တိုက်ပစ်ချလိုက်သည်။ ဒုတိယမြှားသည် လေဟာနယ် အတွင်း ပျောက်ကွယ် သွားခဲ့၏။ ၎င်းနောက်၌ ကပ်လိုက်လာသော တတိယ မြှားသည်သာ လင်းယွန်ထံ ဖြစ်သည်။
“ နိဗ္ဗာန် တာအို ... ။ ”
လင်းယွန်သည်လည်း လက်နက်များ များပြားလွန်းသဖြင့် နိဗ္ဗာန် တာအိုကို ထပ်မံ အသက်သွင်းလိုက်ရသည်။
“ ခရစ် … ။ ”
သူ့အနားရှိ အချိန်နှင့်အာကာပြင် အတားအဆီး ကွဲအက်သွားပြီး အတိတ်သို့ ရောက်ရှိ သွားသည်။
“ ….. ။ ”
သို့သော် အတိတ်တွင် မြှားတစ်စင်း ရှိနေသည်။ ၎င်းက အချိန်ကို ခွဲလျက် ပျံသန်း ရောက်ရှိလာ၏။
မြှားတွင် ကြောက်စရာ ကောင်းသော အချိန်အာကာသ စွမ်းအား ပါ၀င်ပြီး ထိမိသော် အသက် ဆုံးရှုံးနိုင်မည်။
“ သေ စမ်း ... ။ ”
ကျိန်ဆဲလျက် နိဗ္ဗာန်တာအိုကို နောက်တစ်ကြိမ် အသက်သွင်းကာ ပစ္စပ္ပုန်သို့ သွားလိုက်ရသည်။ သို့သော် ဤတစ်ကြိမ်တွင် အချိန်-အာကာသ အတားအဆီးကို ဖြတ်ကျော်ရန် ခက်ခဲသွား၏။
မမြင်နိုင်သော လက်များက သူ့ကို ဆွဲငင်သကဲ့သို့ ခံစားလိုက်ရသည်။ အဆုံးတွင် မြှားခေါင်း ထိခါနီးအချိန်မှသာ ပစ္စုပ္ပုန် ပြန်ရောက် လာနိုင်ခဲ့၏။
“ ဘာလဲကွာ … ။ ”
သို့သော် တတိယမြှားသည် ပစ္စုပ္ပန် တည့်တည့်၌ ရှိနေကာ သူ့နဖူးထံ ဝင်လာ၏။ ဓားပင်လယ်တစ်ခုလုံး အန္တရာယ်ကို ခံစားမိကာ စူးရှတောက်ပသော အလင်းတန်းများဖြင့် တုန့်ပြန်သတိပေးလေသည်။
သူ့ ဝိညာဉ်သည်ပင် တုန်ယင်လျက် ပါးစပ်မှ သွေးများ စီးကျလာ၏။ သည်မြှားကို ရှောင်လွှဲ၍ မရတော့ချေ။
သို့သော် သူ့ဓားရည်ရွယ်ချက်သည် ယုချင်းဖန်ကြောင့် နဝမတန်းကို ကျော်လွန်နေ သည်မှာ ကံကောင်းသွား၏။
ထို့နောက် မြှားခေါင်းမှာ လေထဲ အေးခဲသွားသည်။ သို့တိုင် စိတ်ဝိညာဉ်သည် သေလုမျောပါး ဒဏ်ရာ ရရှိသွား၏။
နဂါးပြာအရိုးမှ စွမ်းအင်များ လျှံထွက်လာပြီး မရဏ ချောက်ကမ်းပါးမှ ချက်ချင်း ဆွဲထုတ်ပေးသည်။
“ ရွှပ် … ။ ”
စတုတ္ထမြှားက ပျံသန်းလာပြန်၏။
“ နိဗ္ဗာန်အောက်မှာ အရာအားလုံး ဘာမှ မဟုတ်ပါဘူး။ ”
နည်းလမ်း မရှိတော့ဘဲ အတိတ်သို့ ချက်ချင်းပြန်သွားလိုက်ရသည်။ သို့သော် သူ့ ကမ္ဘာကြီး တစ်ခုလုံး ရုတ်တရက် မှုန်ဝါးလာ၏။
ရှေ့ မိုင်တစ်သောင်း အကွာတွင် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးထားသည့် အပြာဝတ် လူငယ်ကို မြင်လိုက်ရသည်။
“ သေစမ်း ... ငါ မြန်မြန် ပြန်ရမယ်။ ”
လင်းယွန်မျက်နှာ ဖြူဖျော့လာပြီး နဖူးပေါ်တွင် ချွေးများ စီးထွက်လာ၏။ သူ့ကို ဤကမ္ဘာကြီးမှ ငြင်းပယ်နေချေပြီ။
နိဗ္ဗာန် တာအိုကို သုံးကြိမ်တိုင်တိုင် ဆက်တိုက် အသုံးပြုခြင်းဖြင့် ကမ္ဘာကြီးအပေါ် လှည့်ဖျားရာ ရောက်ကာ နိယာမများ ရှုပ်ထွေး ကုန်၏။
ပတ်ဝန်းကျင်၌ ဓားသေတ္တာ ပိုးလွယ်ထားသည့် လူငယ်သုံးယောက်ကို ခပ်ဝါးဝါး မြင်လိုက်ရသည်။
ထို့ကြောင့် အသက်ပြင်းပြင်းရှူလျက် ၎င်းတို့နှင့် ပေါင်းစည်းရန် အမြန် ကြိုးစားမိ၏။ မရေမတွက်နိုင်သော လက်များက သူ့ကို မရဏ ချောက်ကမ်းပါးထဲ ဆွဲငင်လာသည်။
“ မြန်မြန် … ။ ”
အံကြိတ်ပြီး ဓားသမား လူငယ် သုံးယောက်ထံ ဆက်ပြေးသွားမိသည်။ သို့သော် ဧကရီသည် အနက်ရောင် သေတ္တာရှည်ကို ထမ်းပိုးလျက် သူ့ရှေ့မှောက် ပေါ်လာ၏။
“ ဝှီး … ။ ”
“ ထန် … ထန် … ။ ”
သူမက ဧကရာဇ် နဂါးလက်သီးကို ထုတ်ဖော်လာသဖြင့် ပန်းသင်္ချိုင်းဖြင့် ဖယ်ရှား လိုက်ကာ ဆက်ပြေးမိသည်။
“ သွား ပြီ … ။ ”
သို့သော် ထိုမျှ နှောက်နှေးမိသော အချိန်လေးသည်ပင် သူ့ကို အချိန်-အာကာသ ချောက်ကမ်းပါးထဲသို့ ကျဆင်း သွားစေ တော့သည်။
“ ဟမ့် ... ။ ”
ရုတ်တရက် ပြောင်းလဲလာသော ပတ်ဝန်းကျင်ကြောင့် ဧကရီက အံ့သြသွားပြီး ကောင်းကင်ပေါ် ချက်ချင်း ခုန်တက်ကာ ထွက်ခွာရန် ကြိုးစားလိုက်၏။
သို့သော် စင်ပေါ်မှ မထွက်ခွာ နိုင်ခဲ့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာကာ အချိန်နှင့် အာကာသ ပုံပျက်သွား၏။
သူမကဲ့သို့ အချိန်အာကာသ ရတနာရှိသည့် အမည်ခံ နတ်ဘုရားသည်ပင် ဤမုန်တိုင်းကို မကျော်နိုင်တော့ချေ။
၎င်းသည် အချိန်-အာကာသ လေဆင်နှာမောင်းကြီး အဖြစ် လင်းယွန်နှင့် ဧကရီကို စုပ်ယူ သွားတော့သည်။
“ ဘယ်ရောက်ကုန်တာလဲ။ ”
လူတိုင်းမြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားသဖြင့် စောင့်ကြည့်နေသူ များမှာ မျက်လုံးပြူးသွား၏။
“ မင်းလည်း ငါနဲ့ အတူ လိုက်ခဲ့ပေါ့ … ။ ”
အချိန်- အာကာသ လေဆင် နှာမောင်းတွင်း သူနှင့်အတူ မျောပါ လာသော ဧကရီကို ကြည့်ပြီး လင်းယွန်မှ ပြုံးလျက် ပြောလေသည်။
ဤအချိန်-အာကာသ လေဆင်နှာမောင်းသည် အမည်ခံ နတ်ဘုရား တစ်ပါးကိုပင် သတ်နိုင်၏။
သူတို့ နှစ်ယောက်လုံးသည် အချိန်အာကာသ ရတနာကိုယ်စီ ထမ်းပိုးထား သောကြောင့်သာ လက်ရှိအချိန်ထိ အသက် ရှင်နေခြင်း ဖြစ်သည်။
“ မြှားသုံးစင်းထဲက တစ်စင်းတော့ … မင်းကို ထိလိမ့်မယ်လို့ … ငါတွက်ထင်ထားတာ၊ နဂါးသတ်မြှားက မင်းကို မသတ်နိုင်ပေမယ့် ဒဏ်ရာပေးဖို့ လုံလောက်ပါတယ်... ဒါပေမယ့် ငါမင်းကို လျော့တွက်မိ ခဲ့ပုံရတယ်။ ”
“ ဘာပဲဖြစ်ဖြစ် … ငါ့အပေါ် စွမ်းအားအပြည့် တိုက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ဧကရီ ...
… မဟုတ်ရင် နိဗ္ဗာန်တာအိုက ပြင်ဘက်ကင်းတယ်ဆိုတာကို … ငါသိလိုက်မှာ မဟုတ်ဘူး။ ”
လင်းယွန်မှ ပြောကြားလိုက်၏။ ဧကရီက သူ့စကားကို စိတ်မဝင်စားဘဲ ပတ်ပတ်လည်ကို ဝေ့ကြည့်ကာ၊
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကို ပြန်ရောက် သွားတာပဲ။ ”
-ဟု အတည်ပြုလိုက်သည်။
“ ဧကရီ … မင်းဘယ်လို သိသလဲ။ ”
လင်းယွန်မှ မေး၏။
“ ဒီလို မြင်ကွင်းမျိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ငါ ကြုံဖူးတယ်။ ”
ဧကရီက မှုန်ဝါးနေသော ပုံရိပ်များကို ကြည့်ကာ ပြန်ဖြေသည်။
“ ဧကရီ ... ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိလား ... မင်းမှာ အကူအညီလိုရင် ငါနေခဲ့နိုင်ပါတယ်။ ”
သူ့စကားကြောင့် ဧကရီတစ်ယောက် ရှုပ်ထွေးသော အကြည့်ဖြင့်၊
“ မင်းက … ငါထင်ထားတာထက် ပိုတည်ငြိမ်တာပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ငါမင်းနဲ့ တိုက်ဖို့ … ဆုံးဖြတ်လိုက်ပြီး တည်းက သေဖို့ ပြင်ဆင်ထားပါတယ် အမည်ခံ နတ်ဘုရား တစ်ပါးကို အနိုင်ရဖို့ … ငါ့မှာ (၄၀) ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိတယ် ...
… ငါတို့ နှစ်ယောက်ထဲက ဘယ်သူ သေသေ … ကျန်တဲ့ တစ်ယောက်က ခွန်လွန်ကို ကာကွယ်ရမှာပဲ … မဟုတ်လား။ ”
လင်းယွန်က ပြုံးကာ ပြန်ပြော လိုက်သည်။ သူ့အတွေးမှာ ရိုးရှင်း လှချေပြီ။ ရွေးချယ်စရာ မရှိလျှင် သူ့ကိုယ်သူ စတေးပြီး ဧကရီကို ပြန်ပို့ပေးရန် ဆန္ဒရှိနေ၏။
“ မင်းက … တောင်ပိုင်း ဧကရာဇ်နဲ့ တကယ်တူတယ် ... ဒါဆို ဘယ်သူက သေရမှာ ကြောက်နေလို့လဲ ...
… လောကမှာ သေခြင်းထက် ပိုပြီး ကြောက်စရာ ကောင်းတဲ့ အရာတွေ အများကြီး ရှိပါတယ် ... မင်းက သေချင်နေပြီး အရာ အားလုံးကို ငါ့ဆီ ထားခဲ့ချင်တာလား။ ”
ဧကရီလေသံက အေးစက်နေသဖြင့် လင်းယွန်တစ်ယောက် ခါးသီးစွာ ပြုံးပြလာခဲ့ပြီး နှာခေါင်းကို ပွတ်သပ် လိုက်မိသည်။
“ ထိုင် ... ငါတို့ထဲက တစ်ယောက်က အကြောင်းတရား တာအိုကို ဆုပ်ကိုင်မထားရင် ဒီအချိန်-အာကာသ မုန်တိုင်းထဲမှာ … ငါတို့ မသေမချင်း ပိတ်မိနေလိမ့်မယ်။ ”
ထိုစကားကို ကြားသောအခါ လင်းယွန် တစ်ယောက် လေးလေးနက်နက် တွေးတောမိ သွားလေသည်။ အကြောင်းတရားသည် မမြင်နိုင်သော လက်တစ်စုံ ဖြစ်၏။
“ စီနီယာ … မင်းမှာ ထွက်လမ်းရှိတယ် မဟုတ်လား။ ”
ဧကရီက ပတ်ဝန်းကျင်ရှိ အပိုင်းပိုင်း ပြတ်တောက်နေသော အာကာပြင် အပိုင်းအစ များထံ လှည့်ပတ်ကြည့်နေသဖြင့် လင်းယွန်မှ မေးမြန်းမိ၏။
ဤအမျိုးသမီးသည် သေခြင်းတရားနှင့် ရင်ဆိုင်နေရချိန်မှာပင် မာနကြီးချေပြီ။ ဧကရီမှ မျက်လုံးများ မှိတ်လိုက်ကာ လင်းယွန်ကို လျစ်လျူရှု ထား၏။
ထို့ကြောင့် သူမတွင် နည်းလမ်း ရှိရမည်ကို လင်းယွန်းက ချက်ချင်းသိသည်။
“ ငါတို့ ပြန်သွားနိုင်ရင် ဆက်မတိုက် တော့ဘူး … ခွန်လွန်ကို ဘာလို့ အတူတူ မထမ်း ရတာလဲ … ဧကရီ … မင်းက ခွန်လွန်မှာ နတ်ဘုရား ဖြစ်ဖို့ အနီးစပ်ဆုံးပဲ ...
… ကောင်းကင်လမ်းကို ငါ ပြုပြင်တာ စောင့်ပါ ... နဂါးသွေးပြန်ကြော ရှစ်ခုကို စတေး ဖို့အထိ မလိုပါဘူး။ “
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။
“ ငါ မင်းအတွက် အခက်ခဲတွေကို တမင်တကာ လုပ်နေတယ်လို့ ထင်နေတာလား မင်းငါ့ကိုတောင် မရိုက်နိုင်ရင် …
…. နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာရှိတဲ့ ဝိညာဉ်နတ်မိစ္ဆာ မိသားစုရဲ့ ခြိမ်းခြောက်မှုကို … မင်းဘယ်လိုလုပ် ဖြေရှင်းမှာလဲ။ ”
ဧကရီက ပြန်ပြောလာ၏။
“ ဒါဆို … မင်း ဘယ်လောက် သန်မာလဲ။ “
လင်းယွန်က လေးနက်သော အမူအရာဖြင့် မေးမိသည်။
“ မင်းရဲ့ … ဓားရည်ရွယ်ချက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ထာဝရ တာအို အထောက်အပံ့ကြောင့် … ငါ့ကို သတ်လို့ မရဘူး ...
… ဆိုလိုတာက မင်း … ငါ့ကို အနိုင်ယူနိုင်ခဲ့ရင်တောင် … သတ်လို့မရဘူး ချိပ်ပိတ်ရုံပဲရမယ်။ ”
“ အမည်ခံ နတ်ဘုရား နယ်မြေက ဒီလောက်တောင် အစွမ်းထက်တာလား။ ”
လင်းယွန်က အံ့ဩလာသည်။
“ အမည်ခံ နတ်ဘုရား ဆိုတာ နတ်ဘုရားပါပဲ ... သူတော်စင် တာအိုတွေနဲ့ နတ်ဘုရားကို သတ်နိုင်တဲ့ နည်းလမ်းမရှိဘူး။ ”
ဧကရီမှ ရှင်းပြသည်။
“ ဒါဆို ကောင်းကင် တာအိုနဲ့ဆိုရင် လုပ်နိုင်တာပေါ့။ ”
“ မင်းက ထက်မြက်တယ် ... ဒါပေမယ့် မင်းဓားကို ကောင်းကင်တာအိုနဲ့ ... ပေါင်းစပ်နိုင် ရုံလောက်နဲ့ မရဘူး … နတ်မီးလျှံကို သတ်နိုင်တဲ့ ကောင်းကင် စွမ်းအား အစစ်အမှန်လိုတယ် …
… ဒါကြောင့် ငါမင်းကို လွယ်လွယ် လွှတ်ထား လိမ့်မယ်လို့ မထင်နဲ့ … နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ သေရတာထက် ငါ့လက်ထဲမှာပဲ မင်းသေသင့်တယ် ...
… ဘာလို့လဲဆို … သူတို့သာ မင်းရဲ့ ခန္ဓာကိုယ်ကို နတ်ဆိုး အလောင်းကောင်အဖြစ် သန့်စင်လိုက်ရင် ခွန်လွန်အတွက် အရမ်း အန္တရာယ်များတယ်။ ”
လင်းယွန်က အနည်းငယ် တွေးတောကာ၊
“ ဒသမတန်း ဓားက ဒီလောက် မရိုးရှင်းပါဘူး … ယုချင်းဖန်က တံခါးကိုဖွင့်ဖို့ သူ့ဘဝကို ပေးခဲ့ရတယ် ... ဒါဟာ လမ်းသစ် တစ်ခုပဲ ... ငါက ဓားတန်ခိုးရှင် ဖြစ်နေပြီ။ ”
-ဟု ဖွင့်ပြောလိုက်၏။
“ အိုး … ဟုတ်လား ... ။ ”
“ ဒါပေမယ့် … ငါ နားလည်ထားတာ မကြာသေးဘူး တံခါးဝပဲ ရှိသေးတယ်။ ”
“ ပြောပြပါဦး ... ငါမင်းကို လမ်းပြ နိုင်မလား ကြည့်ရအောင် … ။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ သူ၏ ဝှက်ဖဲကို ဖော်ထုတ်ပြီး ဧကရီထံ နားလည်မှု မျှဝေရန် မကြောက်ချေ။
ယင်းကြောင့် လင်းယွန်က ထိုတံခါးကို ပြန်ပြောပြလိုက်သည်။ သို့သော် ခြားနားသော တံခါးအဖြစ်သာ ဧကရီမှ နားလည်၏။
မည်မျှ ကြာကြာ စကားစမြည် ပြောဆိုနေမိကြသည်ကို မည်သူမျှ မသိကြချေ။ ဧကရီက ရုတ်တရက် ထရပ်ကာ စကားဖြတ် လိုက်သည်။
အချိန်-အာကာသ မုန်တိုင်းအတွင်း မှုန်ဝါးနေသော ပုံရိပ်တစ်ရိပ်ကို လှမ်းမြင်လိုက် ရလေသည်။
“ ရီတျန်နန် ... နင်ငါ့ကို အကြွေး ပြန်ပေးဖို့ အချိန်တန်ပြီ။ ”
ဧကရီက အချိန်-အာကာသ လေဆင်နှာမောင်းအတွင်း နာကြည်းစွာဖြင့် အော်ဟစ်လိုက်သည်။
အနက်ရောင် သေတ္တာရှည်ရှိ နတ်နဂါးရူရ်များက သူမ အသံကို ပို၍ ကျယ်လာအောင် ထုတ်လွှင့်ပေး၏။
ပုံရိပ်ရှင်မှာ တဖြည်းဖြည်း ထင်ရှား လာစဉ် သွေးမြစ်ကြီးတစ်စင်း ပေါ်လာသည်။ သွေးမြစ်ထဲ၌ အပြာဝတ် လူရွယ်တစ်ယောက် မတ်တပ်ရပ်နေ၏။
၎င်းက ဧကရီ၏ အော်ဟစ်သံကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ပတ်ကြည့်လေသည်။ သူ့နောက်တွင် ထာဝရတာအို ပန်းတစ်ပွင့် ပွင့်လျက် ဧကရီကို လှမ်းမြင်သွား၏။
ဧကရီက ခံစားချက်များ မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျ လာသည်။
သည့်နောက် အာကာသ အစိတ်အပိုင်းများကို အတင်း ဖြတ်ကျော်ကာ ထိုလူရွယ်အပေါ် ရိုက်နှက်ရန် ကြိုးစား၏။
“ ချန်ယန် ... မင်းကို အိမ်ပြန် ပို့ပေးပါရစေ။ ”
လူရွယ်က နွမ်းနယ်စွာ ပြုံးပြီး ဓားရောင်ခြည်တစ်စင်းဖြင့် အချိန်-အာကာသ မုန်တိုင်းအတွင်း ပစ်လွှတ်လိုက်သည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
တစ်ချိန်တည်းမှာပင် လင်းယွန် လက်ထက်ထဲရှိ ပန်းသင်္ချိုင်းဓား သည်လည်း တုန်ရင်လာ၏။
၎င်းသည် တောင်ပိုင်း ဧကရာဇ်၏ ဓားဖြစ်သဖြင့် ထိုလူနှင့် အကြောင်းတရား ဆက်စပ်နေချေပြီ။
ဆိုလိုသည်မှာ ဤလူရွယ်သည် တောင်ပိုင်းဧကရာဇ် ဖြစ်သည်။ ချည်မျှင်များ ရောယှက်နေသော အာကာသ မုန်တိုင်းအတွင်း လမ်းကြောင်းတစ်ခု ပေါ်လာ၏။
ဧကရီနှင့် လင်းယွန်တို့၏ ကံကြမ္မာ ဖြစ်သော ခွန်လွန်၏ ချည်မျှင်များက ထိုလမ်းမှ သူတို့ကို ပြန်လည် ဆွဲခေါ်တော့သည်။
***