← Chapters

မီးအိမ် တစ်ထောင် ကတိ (အဆုံး)။

Vol. 177 Ch. 2486

မီးအိမ် တစ်ထောင် ကတိ (အဆုံး)။

Vol. 177 Ch. 2486

ဤသည်မှာ ကျင်းကျွယ် ဖြစ်ပြီး လင်းယွန်အတွက် နောက်ဆုံး ရန်ငြိုး ဖြစ်သည်။

“ နင် ... အရမ်း ကြမ်းကြုတ်တယ်။”

ခရမ်းငယ်က စူးစမ်းလိုစိတ်ဖြင့် လင်းယွန်ထံပြန်ကြည့်သည်။ ကျင်းကျွယ်ကို သတ်ခြင်းသာမက နတ်မိစ္ဆာ တံခါးရှိ လုပ်ရပ်မှာ သူမ သိသော လင်းယွန်နှင့် ကွဲပြားနေ၏။

“ မေးပါရစေ ... ဧကရာဇ် အကြီးအကဲလေးပါးက ဧကရာဇ် မဖြစ်သေးဘဲ အန်းလျူယွင်ဆီကို ... နတ်မိစ္ဆာ ဧကရာဇ်ရဲ့ အမွေကို ဘာလို့ ပေးရတာလဲ။ “

လင်းယွန် မေးခွန်းကို ခရမ်းငယ်မှ ပြန်မဖြေနိုင်ချေ။

“ ပြီးတော့ သူတို့က အပေးအယူ ကြောင့်သာ ငါ့ဆရာကို ကူညီဖို့ လာခဲ့ကြတာပါ ကျေးဇူးတင်စရာ မလိုဘူး ... ငါသူတို့ကို ကောင်းကောင်း သိစေရုံပါပဲ။”

“ ငါနားလည်ပြီ ... ။ “

ခရမ်းငယ်မှ ပြောသည်။

“ ပြီးတော့ ငါက နတ်မိစ္ဆာတံခါးကို ထိန်းချုပ်ဖို့ အန်းလျူယွင်နဲ့ နီးစပ်ချင် နေတာလို့ သူတို့ ထင်နေတာ ရယ်စရာကောင်းတယ်။ “

လင်းယွန်သည် နတ်မိစ္ဆာ တံခါးကို မဖျက်ဆီးသည်မှာ စေတနာထားပြီး ဖြစ်သည်။ သူသည် သွေးဆာနေသူ မဟုတ်ချေ။

နတ်မိစ္ဆာတံခါး၏ ဧကရာဇ် တစ်ပါး အပေါ်သာ ဒဏ်ရာ ရရှိစေခဲ့ပြီး ၎င်းတို့အတွက် သင်ခန်းစာ တစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် လင်းယွန်သည် ခွန်လွန်မြေအနှံ့ မြင့်မြတ်မြေများ အားလုံးကို လှည့်လည်ကာ ဧကရာဇ် များနှင့် တိုက်ပွဲ ဝင်ခဲ့သည်။

နှစ်လ အကြာတွင် ထိုဒသမတန်း ဓားရည်ရွယ်ချက်မှာ များစွာ အစွမ်းထက် လာပြီ ဖြစ်သည်။

“ ငါတို့ အခု ဘယ်သွားကြမလဲ ... ကောင်းကင်တာအိုဂိုဏ်းလား ဓားဂိုဏ်းလား ... ။ “

ဤသည်မှာ နတ်ဘုရား သင်္ချိုင်း တောင်တန်းသို့ မဝင်မီ လင်းယွန်သွားရမည့် ဒေသနှစ်ရပ် ဖြစ်သည်။

“ ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်။“

သို့သော် လင်းယွန်အဖြေမှာ မေးခွန်းထဲ မပါခဲ့ချေ။ ခရမ်းငယ် တစ်ယောက် ဆွေ့ဆွေ့ခုန် လာပြီး၊

“ လူယုတ်မာ၊ မင်းဘာလို့ အဲဒီကို သွားနေတာလဲ။ “

“ ဘာလို့လဲ ဒါက ခွန်လွန်အတွက် လျှို့ဝှက်အဆန်းကြယ်ဆုံး မြင့်မြတ်မြေတစ်ခုပဲ သဘာဝအတိုင်း ငါ သွားလည်ရမယ်။ ” ​​

“ မယုံဘူး ... နင်လိမ်နေတာ မုရွယ်လင်ကို သွားတွေ့မှာ မဟုတ်လား။ ”

“ မဟုတ်ပါဘူး။ “

“ ငါ ယုံမယ်ထင်လား ... ။ “

လင်းယွန်မှ ဆက်လက် ငြင်းခုန်ခြင်း မရှိတော့ချေ။ ခရမ်းငယ် ဟောကိန်းထုတ်သည့် အတိုင်း မုရွယ်လင်နှင့် ပထမဆုံးတွေ့ဆုံ၏။

“ ငါ မင်းကို လိုက်ပြပေးမယ်။ “

မုရွယ်လင်က ပြုံးလိုက်သည်။ ဓားသေတ္တာကို တောင်ပေါ်ဖြုတ်ချထားပြီး သူမ နှင့်အတူ လမ်းလျှောက် ထွက်လာမိ၏။

“ အား ... ။ “

ခရမ်းငယ်တစ်ယောက် နတ်ဖီးနစ် သစ်ပင်ကို လင်းယွန်အဖြစ် စိတ်ကူးယဉ်ပြီး ဒေါသဖြင့် ထိုးနှက်တော့၏။

သို့သော် လင်းယွန်နှင့် မုရွယ်လင်သည် ဂီတတာအို အကြောင်းသာ ဆွေးနွေး နေခဲ့ခြင်း ဖြစ်သည်။

“ ဧကရီလား ... ။ “

နတ်ဘုရား သင်္ချိုင်း တောင်ပေါ်သို့ ရောက်သောအခါ ဧကရီကို တွေ့လိုက် ရသည်။ သူမသည် ဧကရာဇ်ဘုံသို့ ပြန်လည် ရောက်ရှိ နေသဖြင့် ငယ်ရွယ်သော အသွင် ပြန်ရ၏။

“ ဟုတ်တယ် ... တောင်တန်းသခင်က သူမဒဏ်ရာတွေကို ကုသပေးခဲ့တယ် ... အခုလို နေဝင်ချိန်တိုင်း တောင်ပိုင်းဧကရာဇ် အုတ်ဂူ ရှေ့မှာ လာထိုင်နေတတ်တယ်။ “

“ အဲဒါနဲ့ ပတ်သက်ပြီး ငါ့မှာ အပြစ် ရှိတယ်လို့ ခံစားရတယ် ... ဖြစ်နိုင်ရင် သူမရဲ့ ကျင့်ကြံမှုကို အမည်ခံ နတ်ဘုရား နယ်ပယ် ကနေ မကျစေချင်ဘူး။ “

လင်းယွန်မှ စိတ်ရင်းအမှန်ဖြင့် ပြောကြားလိုက်သည်။ ဧကရီသည် ခွန်လွန်ကို များစွာ ကူညီနိုင်သူ ဖြစ်သည်။

လင်းယွန်သည် ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်တွင် ကြာကြာ မနေဘဲ နောက်နေ့ မနက်၌ ထွက်ခွာလာခဲ့၏။

“ ဘာလို့ မွှေးရနံ့ ရနေတာလဲ ... ။ “

ခရမ်းငယ်က နှာခေါင်းတရှုံ့ရှုံ့နှင့် မေးမြန်းလာသည်။ လင်းယွန်မှ မကြားဟန် ပြုနေလိုက်၏။

“ နင် ငါ့ကို ... လျှို့ဝှက်ထားတဲ့ အရာတစ်ခု ရှိနေရမယ် ... သူနဲ့ ဘာလုပ်ခဲ့လဲ ငါ့ကို ပြန်ပြောပြပါ။ “

“ ဒါက ကလေးတွေ သိစရာ မလိုဘူး ... ဓားဂိုဏ်းကို ပြန်ကြရအောင်။ “

လင်းယွန်က ခါးခါးသီးသီး ပြုံးကာ လမ်းတစ်လျှောက် ခရမ်းငယ်ကို နှစ်သိမ့်လာ ရသည်။

ယဲ့ဇီလင်နှင့် တွေ့သောအခါ ဓားတာအို ဆွေးနွေးပွဲအပြင် လူတိုင်းအတွက် ရတနာများ ဝေမျှပေးလိုက်၏။

ယဲ့ကူဟန်အလှည့်တွင် ရှုပ်ထွေးသော အကြည့်ဖြင့် ပန်းချီကား တစ်ချပ်၊ တံဆိပ် နှစ်ခု ပေးအပ်လိုက်သည်။

“ စီနီယာ အစ်ကို ... အစ်ကို ဖုန်းကျွယ် ဘယ်မှာလဲ။ “

“ ညီလေးဖုန်းက သတ္တမတန်းဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်ပြီး ... သူတော်စင် နယ်ပယ် ရောက်လာပြီ ... ဒါကြောင့် ဆရာက သူ့ကို လမ်းပြဖို့ ခေါ်သွားတယ် ...

... ငါတို့ ဆရာ ပြောတာ မမှားဘူး ... ညီလေးဖုန်းက နောက်ကျတဲ့ ပန်းပဲ ... မဟာ သူတော်စင် ဖြစ်ဖို့ နီးစပ်နေပြီ။ “

လင်းယွန်က အံ့အားသင့်သွားပြီး ပြုံးလျက်၊

“ ဒါဆို စိုးရိမ်စရာ မရှိတော့ပါဘူး ... ဒါနဲ့ငါတို့ သခင်မ နှစ်ပါးရော ဘယ်မှာလဲ ... ဆရာနဲ့ အဆင်ပြေလား။ “

-ဟု ဆက်မေးလိုက်သည်။

“ မင်းဘာလို့ မတွေးကြည့်ရတာလဲ။”

“ ဘာကို တွေးရမှာလဲ။ “

“ ဟား ဟား ဟား ... ။ “

လင်းယွန်အဖြေကြောင့် ယဲ့ကူဟန်က ရယ်သည်။

“ သူတို့ အဆင်ပြေသွားပါပြီ။ “

ထို့နောက် လင်းယွန်ကို ခေါင်းခေါက်လိုက်ပြီး၊

“ ကျန်တာတွေ မမေးနဲ့ ... မင်းရော ဒီအခြေအနေမှာ ဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစား ငါတို့က ဆရာရဲ့ ကိစ္စတွေကို ပြောဖို့ အနေအထားမရှိဘူး။ ”

ထိုစကားကြောင့် လင်းယွန်မှ နှာခေါင်းကို လက်ဖြင့်ပွတ်လိုက်ပြီး၊

“ ဒါဆို ... ငါ့ရဲ့ ဒုတိယ ဆရာကကော ... ။ ”

“ သူလား ... အဲဒီအဖိုးကြီးက လက်စားချေဖို့အတွက် နတ်နဂါး သင်္ချိုင်းကို သွားပြီး ... ဧကရာဇ်ဘုံကို တက်ဖို့ ... အခွင့်အရေး ရှာနေတယ်။ “

အဆုံးတွင် ဓားဂိုဏ်း၌ သုံးရက်ကြာ အချိန်ဖြုန်းကာ ယဲ့ကူဟန်နှင့်အတူ ကောင်းကင် တာအိုဂိုဏ်းသို့ ခရီးဆက်ခဲ့သည်။

“ ဘာလဲ ... ငါတို့ရဲ့ သန့်ရှင်းသော သမီးတော်သတ်သူက မမေ့နိုင်သေးဘူးလား။ “

“ ငါမဟုတ်ဘူး ... ။ “

“ ဟား ဟား ဟား ... ငါနဲ့ ငြင်းခုံဖို့ မစဉ်းစားနဲ့ သန့်ရှင်းသော သမီးတော် ရေချိုး နေတာကို မင်းချောင်းကြည့်တာ လူတိုင်း သိတယ်။ “

“ မဟုတ်ဘူး ... အဲဒါ ယဲ့ချင်းရှန်။ “

“ မင်းက တော်တော် အရှက်ကင်းတဲ့ ဓားတန်ခိုးရှင်ပဲ။ “

နှစ်ယောက်သား စကားစမြည် ပြောကြားလျက် တာအိုသားတော်နှင့် ပိုင်ရှုရင်ထံ ရောက်ရှိလာသည်။

သူတို့နှစ်ယောက်က ဧကရာဇ်ဓားကို ပြန်ခေါ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

“ ဘယ်လိုလဲ ... ။ “

လင်းယွန် နှုတ်ဆက် မေးမြန်း လိုက်သည်။

“ သူက ဒေါသကြီးပြီး ... ငါတို့နဲ့ မပြန်ချင်ဘူး။ “

“ ဟုတ်တယ် ... ဒီဓားက ငါတို့နဲ့ ရှုပ်နေတယ် ... သူက ငါတို့အနား တမင်တကာ လာပြီး အဖမ်းမခံဘူး။ “

နှစ်ယောက်သား တပြိုင်နက်တည်း ပြန်ဖြေလေသည်။

“ ကောင်းပြီ၊ ငါဖြေရှင်းပါရစေ ... အတိတ်က သူငါ့ကို ကြောက်ခဲ့တာကို မှတ်မိ သေးတယ်။ “

လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။ ထိုစဉ်က ဧကရာဇ်ဓားသည် ကြောက်လန့် နေခဲ့၏။

လင်းယွန်တစ်ယောက် မျက်စိမှိတ်လျက် ထိုင်ချလိုက်သည်။ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွား၏။

အချိန်အတော်ကြာ ပြီးနောက် ဧကရာဇ်ဓားကို တွေ့သည်။ ၎င်းသည် သူ့ကို မြင်သောအခါ ထွက်ပြေး ပြန်သည်။

“ နေဦး ... ။ “

လင်းယွန်က လက်ကို ဝှေ့ယမ်းပြီး သူ့ဓားဒိုမိန်းကို လွှတ်လိုက်၏။ ဧကရာဇ်ဓားမှာ ပြေးမရတော့ချေ။

“ ဘာလို့ ပြေးနေတာလဲ ... မင်းက ကြောက်​​နေတာလား။ “

လင်းယွန်က မေးသည်။ ဤဓားသည် ဝိညာဉ်ရေးရာ ရှိသဖြင့် ၎င်းနှင့် ဆက်သွယ် နိုင်ကြောင်း သူသိ၏။

“ မကြောက်ပါဘူး ... ငါမင်းကို ဘာလို့ကြောက်ရမှာလဲ ... ငါကြောက်တာ မင်း ခန္ဓာကိုယ်ထဲက ဓားပဲ။ “

ဧကရာဇ်ဓားက ကူကယ်ရာမဲ့စွာ ပြန်ဖြေလာသည်။

“ ဟမ့် ... မင်းမြင်နိုင်လား။ “

“ အဲဒါ ရှင်းနေတာပဲ ... ငါက ဧကရာဇ်ဓားဖြစ်ပြီး ... ကောင်းကင် တာအို ဂိုဏ်းမှာရှိတဲ့ လူတိုင်းကို အာရုံခံနိုင်တယ်။ “

“ အဲဒီဓားကို မင်းသိလား။ “

“ ဖူရှီဓားကို ဘယ်သူက မသိပဲ နေမလဲ ... ငါကခွန်လွန်ရဲ့ ဘုရင် ဖြစ်ပြီး ... သူက စကြဝဠာ ဘုရင်ပဲ ... သူက ငရဲဘုံကိုတောင် ဖြတ်နိုင်တဲ့ မကောင်းဆိုးရွားပါ ...

... အဲဒီတုန်းက နဂါးပြာဘိုးဘေးက ပိုင်ရှင်ကို သတ်နိုင်ခဲ့ပေမယ့် ... သူ့ကို မနှိမ်နင်း နိုင်ခဲ့ဘူး ... မင်းလုံးဝ မဆွဲမိစေနဲ့ မဟုတ်ရင် ချက်ချင်း အသတ်ခံရလိမ့်မယ်။ “

ဧကရာဇ်ဓား၏ စကားကို ကြားပြီး နဂါးပြာဘိုးဘေး နတ်ဘုရားသည် သူ့အပေါ် မလိမ်ကြောင်း သိလိုက်၏။

နဂါးပြာဘိုးဘေး ရှောင်ချန်သည် သူ့ကို ပြန်လည်ဝင်စားလာစေရန် ဤဓားဖြင့် ကြိုးစား ပေးခဲ့သည်။

“ ဒါနဲ့ ... မင်းကဘာလို့ ပြန်မလာတာလဲ ... ခွန်လွန်အတွက် ဒုက္ခတွေ ရောက်လာတော့မယ် မင်းပြန်လာရမယ့် အချိန်ရောက်ပြီ။”

“ မင်းကို စောင့်နေတာ ... မဟုတ်ရင် ဒီကလေးနှစ်ယောက်နဲ့ ဘယ်သူ ... ကစားချင် မှာလဲ ။ “

ဧကရာဇ်ဓား၏ အဖြေစကားကြောင့် တာအိုသားတော်နှင့် ပိုင်ရှုရင်ထံ ပြုံးပြီး လှည့် ကြည့်မိ၏။

“ မင်း အောင်မြင်ပြီလား။ “

တာအို သားတော်က စိတ်လှုပ်ရှား လာသည်။ ရုတ်တရက် ဓားရောင်ခြည် တစ်စင်း ကောင်းကင်မှ ကျဆင်းပြီး ကောင်းကင်တာအို ဂိုဏ်းကို တုန်လှုပ်သွားစေ၏။

“ ဟေး ... ထွက်မသွားနဲ့ဦး ... ငါကစားချင်သေးတယ်။ “

လင်းယွန်က ဓားကို ဖမ်းဆုပ်ရန် လက်ဆန့်ကာ သူ့ဓားရောင်ဝါများ တွန်းထုတ် လိုက်သည်။

ဧကရာဇ်ဓားသည် လင်းယွန်ကို ရိုက်ချင်သော်လည်း ဖူရှီဓားသည် စကြာဝဠာ ဘုရင် ဖြစ်သဖြင့် ကြောက်လန့်ကာ ငြိမ်သက်သွားသည်။

“ ချွင် ချွင် ချွင် ... ။ “

ထို့ကြောင့် ခွန်လွန်၌ ဧကရာဇ်ဓား ပေါ်လာသည်နှင့် ဓားအားလုံးက ဦးညွှတ်ရန် ပျံတက်လာကြ၏။

“ ဟိတ် ... ။ “

နောက်ဆုံးတွင် ကောင်းကင်ဓားနှင့် တာအိုဓားကိုင်သူ နှစ်ဦးသည် ကောင်းကင်ပေါ် ပျံတက် လာပြီး ဧကရာဇ် ဓားရှေ့၌ ဒူးထောက် လိုက်ကြသည်။

“ ဧကရာဇ်​ကို နှုတ်​ဆက်​ပါတယ်။ “

လက်သီး တစ်ထောင် မဟာ သူတော်စင်နှင့် တောင်ထိပ်သခင်များ အားလုံး ဦးညွှတ် လိုက်ကြသည်။ အဆုံးတွင် ဧကရာဇ် ဓားသည် အိမ်ပြန်လာပြီ ဖြစ်၏။

“ ဧကရာဇ်​​ကို နှုတ်​ဆက်​ပါတယ်​။”

တာအို သားတော်နှင့် ပိုင်ရှုရင်မှ နှုတ်ဆက်လိုက်သည်။ ဧကရာဇ်ဓားသခင်သည် ကောင်းကင် တာအို ဂိုဏ်းချုပ် ဖြစ်၏။

“ အားလုံးက ယဉ်ကျေးလွန်းပါတယ်။ “

လင်းယွန်က ပြန်နှုတ်ဆက်ကာ ဧကရာဇ်ဓားနှင့်အတူ ထွက်ခွာသွားတော့သည်။

***

နတ်နဂါးနှစ် (၃၀၀၉) ခုနစ်တွင် လင်းယွန်ခေါ် ပန်းသင်္ချိုင်းသည် လူတိုင်း၏ မျှော်လင့်ချက်များကို သယ်ဆောင်လျက် နတ်ဘုရား သင်္ချိုင်း တောင်တန်းဆီသို့ ဝင်ရောက်သွားခဲ့သည်။

နှစ်နှစ်အကြာတွင် လင်းယွန် ပြန်ရောက် လာ၏။ အတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ မသိကြသော်လည်း နတ်ဆိုးအငွေ့အသက်များ ပျောက်ကွယ်သွားကြောင်း လူတိုင်းသိသည်။

နောက်ထပ် တစ်နှစ်ကြာသော် ကောင်းကင်လမ်းသည် ဘုံသုံးထောင်သို့ ပေါက်ရောက်သွားသည်။

ခွန်လွန်ရှိ ဧကရာဇ်အားလုံးသည် ဝိညာဉ်စွမ်းအင်ပြောင်းလဲမှုကို ခံစားသိရှိကြပြီး တံခါးပိတ် ကျင့်ကြံကြတော့၏။

လင်းယွန်က (Tai) တောင်ထိပ်တွင် ရပ်ကာ ကောင်းကင်လမ်းအဆုံးသို့ မျှော်ကြည့် နေသည်။

ကောင်းကင်လမ်း အဆုံးတွင် သူ့သားနှင့်အတူ စောင့်မျှော်နေမည့် ယွဲ့ဝေဝေ ရှိချေ၏။ ၎င်းတို့ကို တွေ့ချင် လှချေပြီ။

“ ဧကရီ၊ မီးအိမ်တွေ ဖြန့်ဖို့ အချိန်တန်ပြီ။ ”

“ ကောင်းပြီ။ ”

ခရမ်းငယ်က လက်ဝှေ့ယမ်းလိုက်ပြီး (Tai)တောင် ကောင်းကင်တွင် ပျံဝဲစေခဲ့သည်။ မီးအိမ်တိုင်းတွင် နိဗ္ဗာန်နတ်ရူရ် မူပွားကို ရေးထိုးထားသည်။

ထိုနိဗ္ဗာန်နတ်ရူရ် မပါရှိသည့် တစ်ခုတည်းသော မီးအိမ်ကို ပယင်းနယ်မြေ အပြာရောင် မိုးကောင်းကင် ဂိုဏ်းမှ သခင်ငယ်ထံ ပေးပို့ခဲ့သည်။

“ ဧကရီ၊ ကတိတစ်ခု ... ငါထားခဲ့မယ် ... ဒီမီးအိမ်တစ်ထောင်ကို ရှာတွေ့ခဲ့ရင် ဘယ်လို အခက်အခဲပဲ ရှိနေပါစေ ငါပြန်လာမယ်။ ”

“ မီးအိမ်တစ်ထောင် ကတိလား။ “

“ မှန်တယ် ... ဒါ ခွန်လွန်နဲ့ ငါရဲ့ သဘောတူညီချက်ပဲ။ “

ထို့နောက် လင်းယွန်က (Tai) တောင်ထိပ်မှ နေ၍ ခွန်လွန်ကို လည်ပြန်လှည့် ကြည့်၏။ ပြီးပြုံးလျက် ဖြည်းညှင်းစွာ ထွက်ခွာသွားတော့သည်။

ဤသည်မှာ ခွန်လွန်နှင့် သခင်ငယ် ပန်းသင်္ချိုင်းတို့၏ ဇာတ်လမ်း ဤတွင် ပြီးဆုံးပြီ ဖြစ်ချေပြီ။

“ ငါ့နာမည် ပန်းသင်္ချိုင်း ... ပန်းတွေနဲ့ လူတွေကို မြှပ်နှံပေးတယ် ... ။ ”

***

Feb,4,2025 (10:13)

ပန်းသင်္ချိုင်း လင်းယွန် ပြီး၏။

The Sovereign's Ascension

Author- Nyan Lin Htet

CH-2486 (Completed)

အပိုဆောင်း-

ခုနစ်ရက် ခုနစ်ည။

နတ်ဘုရား သင်္ချိုင်းတောင်တန်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက နတ်ဘုရား များကြား တိုက်ပွဲဖြစ်ပွားရာ ကြောက်စရာ အကောင်းဆုံး တားမြစ်နယ်မြေ ဖြစ်သည်။

မိုပြာနဂါးသခင်သည်လည်း ဤနေရာ၌ တိုက်ပွဲဝင်ဖူးသည်။ အစွမ်းထက်သော နတ်ဆိုး ဝိဉာဉ်များကို တောင်အောက်၌ တံဆိပ်ခတ် ထား၏။

၎င်းတို့သည် ပြင်းထန်စွာ ဒဏ်ရာရရှိ ပြီးနောက် သာယာဝပြောသော ခေတ်သစ်သို့ ရောက်လာသော အခါတွင် ပြန်လည် နိုးထ လာကြသည်။

ထိုအချိန်တွင် နတ်ဘုရား သင်္ချိုင်း တောင်တန်းအတွင်းမှ ကြောက်မက်ဖွယ် လှိုင်းများ နှင့်အတူ ကောင်းကင်မှ သွေးမိုးများ မကြာခဏ ရွာကျလာတတ်၏။

နှစ်နှစ်အကြာတွင် နတ်ဘုရား သင်္ချိုင်းတောင်တန်း အတွင်းမှ ဓားမြည်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

တားမြစ်တံဆိပ် လုံးဝ ပျက်ပြားသွား ပြီးနောက် နှင်းများကျလာ ကဲ့သို့ ကောင်းကင် ကောင်းချီးများ ကျဆင်းလာ၏။

နှစ်ပေါင်းတစ်သိန်းကြာအောင် ဖုံးလွှမ်းထားခဲ့သော နတ်ဆိုး အငွေ့အသက်များ သည်လည်း လုံးဝကင်းစင်သွားပြီ ဖြစ်သည်။

တောင်တန်းနှင့် မြစ်များသည် ရွှေရောင်အလင်းတန်းများ ဖြာလျက် လှပ နေ၏။ ကောင်းကင် ကောင်းချီများ ဆက်၍ ကျဆင်းလာခဲ့သည်။

မြေအောက် ခေါင်းတလား အတွင်း မိန်းမောနေသော ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စု ဝင်များက ထရပ်လာကြသည်။

သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ တဟုန်ထိုး စီးဝင်လာကာ သာမန် ဧကရာဇ်များ ကိုပင် ခြောက်လှန့်နိုင်သည့် ရောင်ဝါများ ထုတ်ဖော်လိုက်ကြသည်။

၎င်းတို့သည် ဧကရာဇ် နယ်ပယ်တွင် နှစ်ပေါင်းတစ်သိန်းကြာအောင် ရှင်သန်နေခဲ့ပြီး သက်တမ်းကုန်ဆုံးသွားသောအခါ မြေအောက်၌ မိန်းမောနေထိုင်ရန် ရှားပါးရတနာများနှင့် အစွမ်းထက်သော ဆေးဝါးများကို အသုံးပြုခဲ့ကြသည်။

ယခုမူ သူတို့ မျှော်လင့်ထားသည့် အချိန်သမယသို့ ကျရောက်လာပြီ ဖြစ်သည်။ ကောင်းကင်လမ်း ကိုသာ ပြန်လည် ပြင်ဆင်ပြီး ပါက နတ်ဘုရားများ ဖြစ်နိုင်ပေမည်။

ထိုအချိန်တွင် လင်းယွန်က တားမြစ်ချက်ကို ရုတ်သိမ်းလိုက်သည်နှင့် ခရမ်းရောင် ၀တ်စုံဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာ၏။

“ စီယာ ...။ ”

နှစ်ယောက်သား ပွေ့ဖက် (နမ်းရှိုက်) နှုတ်ခမ်းကိုက် လိုက်ကြသည်။ ဆုစီယာက လင်းယွန်ကို ညင်သာစွာ တွန်းထုတ်၏။

မဟုတ်သော် သူမကို သူကောင်းသားမှ ကိုက်စားသွားပေမည်။

“ လင်းအာ ... နတ်ဆိုးတွေက လက်မလျော့ချင်ကြဘူး ... ကောင်းကင်လမ်းကို ပြန်လည် တည်ဆောက်ပြီးရင် ခွန်လွန်က ငြိမ်းချမ်းမှု မရှိတော့မှာ ငါကြောက်တယ်။ ”

“ ခဏတော့ ငြိမ်သက်နေမှာပါ... ခွန်လွန်နဲ့ ချိတ်ဆက်ထားတဲ့ ... အဲဒီ နတ်ဆိုး မျက်လုံးကို ငါဖျက်ဆီးပစ်ခဲ့တယ်။ ”

“ ခွန်လွန်ပြင်ပက မကောင်းဆိုးရွား မျက်လုံးကိုတောင် နင်ဖျက်ဆီးနိုင်ပြီလား.. ဒါဆို ဝမ်မူယန်တစ်ယောက် အစအနတောင်ကျန်မယ် မထင်တော့ဘူး။ ”

မကောင်းဆိုးဝါး မျက်လုံး ဟူသည် ဝိညာဉ်နတ်မိစ္ဆာ မျိုးရိုးမှ ခွန်လွန်သို့ လာရာ လမ်း ဖြစ်သည်။

လင်းယွန်က ဝမ်မူယန် သေသဆုံးမှုကို အတည်မပြုခဲ့သဖြင့် ဆုစီယာခမျာ ဒေါသ ထွက်လာသည်။

“ နင် ဇာတ်လမ်းတစ်ခုရှိနေတာလား။ ”

“ ငါတို့ နန်းတော်ပြန်ပြီး ပြောကြရအောင်။ ”

နှစ်ဦးသား ပျောက်ကွယ် သွားသည်။ ဓားသေတ္တာ တစ်လုံးသည်သာ တောင်ထိပ်ပေါ် ကျန်ရစ်ခဲ့၏။

များမကြာခင် ခွန်လွန်၏ လူစွမ်းကောင်းများက တောင်ထိပ်ပေါ် ဆင်းသက် လာကြသည်။

“ ဒါ ပန်းသင်္ချိုင်းရဲ့ ဓားသေတ္တာပဲ။ ”

“ မင်း သခင်ငယ်ကို ပန်းသင်္ချိုင်းလို့ မခေါ်တော့နဲ့ သူ့ဆရာ သက်တံဓားဧကရာဇ်လို ဘွဲ့တစ်ခု ပေးရအောင်။ ”

“ သူက နတ်ဘုရား မဖြစ်သေးဘူး ဓားနတ်ဘုရားဘွဲ့က အဆင်မပြေလောက်ဘူး ဓားတန်ခိုးရှင် ဆိုရင်ရော။ ”

“ ကောင်းတယ် ခွန်လွန်ရဲ့ ဓားတန်ခိုးရှင်ဘွဲ့ ပေးရအောင်။ ”

ထိုအချိန်တွင် ၎င်းတို့ ချီးကျူး ဂုဏ်ပြုနေသော ဓားတန်ခိုးရှင်သည် ခွန်လွန်၏ ဧကရီအသစ်ကို ကိုက်စားနေခဲ့၏။

လုပ်ငန်းစဉ်မှာ ခုနစ်ရက်နှင့် ခုနစ်ည ကြာသည်။ သို့မှသာ ဆုစီယာက ဝမ်မူယန်နှင့် ပတ်သတ်သော ဒေါသသည် သိသိသာသာ ပြေလျော့သွားခဲ့၏။

“ လင်းအာ ... ထတော့ ရေနွေးကြမ်း သောက်ရအောင်။ ”

“ ယောကျ်ား ထ ... ဖြည်းဖြည်း ခါးနာသွားမယ်။ ”

“ ယောကျ်ား ... လာ ... အင်္ကျီ ဝတ်ပေးမယ်။ ”

နတ်ဘုရား သင်္ချိုင်း တောင်ထိပ်ပေါ်ရှိ တိမ်တိုက်အတွင်းတွင် နန်းတော်ပုံစံ အာကာသ ရထားလုံးထဲ၌ ဆုစီယာအသံ ညံနေ၏။

“ ငါ့ဆရာ ဘယ်လိုနေလဲ။ ”

အဆုံးတွင် လင်းယွန်က သတိရ သွားတော့သည်။ ထို့ကြောင့် အနည်းငယ် အပြစ် ရှိသလို ခံစားလိုက်ရ၏။

“ စီနီယာ သက်တံက သွေးလဂိုဏ်းကို သုတ်သင်ခဲ့တယ် သွေးဘုရင် တစ်ယောက်ပဲ ကျန်တော့တယ် ... ။ ”

“ ဟမ့် သွေးဘုရင်လား ... ဒီလူက တကယ်ရက်စက်တယ်။ ”

အတိတ်မှ အဖြစ်အပျက်များကို သတိရလာ၏။ သွေးဘုရင်သည် ကောင်းကင် တာအိုဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီး လုနီးပါး ပေပင်။

“ သူက ပိုတောင် အားကောင်းနေပြီ ... အဖြူနဲ့ အနက်တောင် သူ့ကို နှိမ်နှင်းလို့ မနိုင် တော့ဘူး ... ကံကောင်း ထောက်မပြီး နင့် ဆရာက ချုပ်နှောင်ထားနိုင်ခဲ့တယ်။ ”

“ သူက နတ်ဘုရား ဖြစ်နေပြီလား။ ”

“ အင်း ... ။ ”

ဆုစီယာက ခေါင်းညိတ် လိုက်သည်။

“ ကိစ္စမရှိဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါက နတ်ဘုရားတွေကို နည်းနည်း ကြောက်နိုင် ပေမယ့် အခုတော့ ... ဓားတစ်လက်နဲ့ လုံလောက်ပါပြီ။ ”

“ ဘန်း ... ။ ”

စကားဆုံးသည်နှင့် ကောင်းကင် အထက်တွင် လူသားများ မမြင်နိုင်သော အရိပ်ကြီး တစ်ရိပ် ပေါ်လာ၏။

၎င်းက ခွန်လွန်ကို အပေါ်စီးမှ စစ်ဆေးကြည့်နေပြီး သွေးဘုရင်အပေါ် ခြေရာခံ နေခဲ့သည်။

“ တွေ့ပြီ ... ။ ”

လင်းယွန်က မျက်လုံးဖွင့်လိုက်ကာ နန်းတော်ပြတင်းပေါက်မှတဆင့် ဓားအလင်းကို တောက်ထုတ်လိုက်၏။

ထိုအချိန်တွင် အဖြူ၊ အနက်နှင့် သက်တံဓားက သွေးဘုရင်ကို ဝိုင်းရံတိုက်ခိုက် နေသည်။

၎င်းမှာ အစွမ်းထက်လွန်းသဖြင့် မသက်သာလှချေ။ လွန်ခဲ့သော နှစ်နှစ်က ဧကရီ ချန်ယန်ထက် ပိုသန်မာသည်။

“ ရွှပ် ... ။ ”

ဓားအလင်း ဖြတ်သွားရာ လမ်းတစ်လျှောက် ပတ်ဝန်းကျင်သည် အဖြူ၊အမည်းသာ ဖြစ်နေပြီး အချိန်နှင့် အာကာသ ရပ်တန့်သွားသည်။

သွေးဘုရင် ခမျာ မျက်လုံးထဲ အလင်းပွင့်လျက် ခန္ဓာကိုယ်တစ်ခုလုံး သဲနုံး အဖြစ် ပြောင်းလဲသွားသည်။

ဤဓားသည် လှုပ်ရှားရန် အဆင်သင့် ဖြစ်နေသော ဝိညာဉ်နတ်မိစ္ဆာ မျိုးနွယ်စုကြီး၏ မြေခွေးဟောင်းများစွာကို ခေါင်းတလား အတွင်းသို့ ပြန်ဝင်သွားစေ၏။

ဤဓားသည် သက်တံဓား၊ အဖြူနှင့် အနက်တို့ကို သက်ပြင်းချကာ စိတ်သက်သာရာ ရမိစေသည်။

“ ဟား ဟား ဟား ... ။ ”

ဤဓားသည် ခွန်လွန်၏ စစ်မှန်သော တန်ခိုးရှင် ဖြစ်ချေပြီ။ ဤဓားသည် ခွန်လွန်၏ ဧကရီကို ဒုတိယအကြိမ် ကိုက်စားသော ဓားဖြစ်သည်။

ဤဓားသည် ...

ဤဓားသည် ...

“ လင်းအာ ... ။ ”

***

စာရေးဆရာ Yuè Rú Huǒ သည် Moon Like Fire ကလောင်အမည်ဖြင့် ရှောင်ချန်၊လင်းယွန်နဲ့ စစ်ယွဲ့ရီကို ရေးသားခဲ့သည်။

ရှောင်ချန်ကို အခြားဆရာမတစ်ယောက်မှ ဘာသာပြန်ခဲ့ပြီး စာစဉ် (၆၁) မှာ ရပ်ထားသည်။ လင်းယွန်ကို ကျွန်တော်မှ ပြန်ဆို၏။

တတိယစာစဉ် စစ်ယွဲ့ရီသည် အခန်း(၃၀၀)ကျော်ဖြင့် မူရင်းတွင် ရပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ပထမဓား ဟူသော စုရီ စာစဉ်ကို ရွေးချယ်ထား၏။

လင်းယွန်ကို အားပေးကြသော တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင် ရှိပါသည်။ လင်းယွန် ပြီးသွားချိန်တွင် ကျွန်တော့် နှလုံးသား တစ်ခုလုံး ပေါ့ပါးသွားသည်။

တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားသော လင်းယွန် ပုံရိပ်သည် မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်လိုက်ရသလို ခံစားရစေသစေ။

လင်းယွန်သည် ကျွန်တော်နဲ့ အတူ သုံးနှစ်ခွဲကျော် အတူ ရှင်သန်ခဲ့သည်။ သူ့ကြောင့် နာကျင်မှု ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များစွာ ရရှိခဲ့သည်။

ဤသုံးနှစ်ကျော် ကာလ တစ်လျှောက်လုံး ကျွန်တော်တို့ နှစ်ယောက်အတူ ကော်ဖီသောက် ကြသည်။

အတူ အိပ်ယာ ဝင်ကြသည်။ အတူတူ ခရီးတွေ ထွက်ကြသည်။ အတူတူ မျက်ရည် ကျရသည်။ သူ့ကို မပြီးခင် မည်သည့် စာစဉ်မှ ခေါင်းထဲထည့်မရအောင် လွှမ်းမိုးခဲ့သည်။

ယခု လင်းယွန်ထွက်သွားပြီ ဖြစ်သဖြင့် မကြာခင် စုရီဟူသော မိတ်ဆွေ တစ်ယောက်နှင့် မိတ်ဆက်ပေး ရပေဦးမည်။ 

လင်းယွန်သည် လူငယ် တစ်ယောက်၏ စိတ်နေစိတ်ထားရှိပြီး ပထမဓားစုရီမှာ တည်ငြိမ် ရင့်ကျက်သည့် စိတ်နေစိတ်ထားမျိုး ရှိချေပြီ။

***

လင်းယွန်ကို အားပေးကြသူများ အားလုံး အပေါ် ကျေးဇူးတင်ပါတယ်။ စိတ်နှလုံး ပျှော်ရွှင် ပါစေ။ စုရီကို (march,2025) မှာ စတင်ဖြစ်မယ် ထင်ပါတယ်။ ပုံမှန် သောကြာနေ့တိုင်း ထွက်ပါလိမ့်မယ်။

ဆက်လက် အားပေးကြပါဦး။

***

All Chapters