ဆန်းဇွန်၏ ဖိတ်ခေါ်မှု
Vol. 012 Ch. 1185
ဆန်းဇွန်၏စကားများကို ကြားသည်တွင် ရီဖူရှင်း တုံ့ပြန်ပြောသည်… “ပိုင်ကျဲက တခြားလူတွေရဲ့ အသက်ကို အရေးမထားဘူးဆိုတာ ခင်ဗျားလည်း သိမှာပါ မြို့စားလေး။ ကျုပ်က သည်းမခံနိုင်တော့လို့ သူ့ကို သွားသတ်ခဲ့တာ။ ကောင်းချီးနန်းတော်သခင်ကလည်း သူ့တပည့်ကို မိန်းမငယ်လေးတွေနဲ့ အသုံးပြုပြီး ကျင့်ကြံခွင့်ပြုတယ်။ ကျုပ်ထင်တာတော့ ချန်ယဲ့မြို့ထဲမှာ သူတို့ကို အတော် မကျေနပ်တဲ့လူတွေ များမယ်ထင်ရဲ့။ ဒီအဖြစ်တွေက မြို့စားလေးကို ဘာမှ စိတ်အနှောင့်အယှက် မဖြစ်စေဘူးလို့တော့ မပြောနဲ့”
ဆန်းဇွန်က ခေါင်းကို ငုံ့ကာ မြေပြင်မှ ဆံပင်ဖြူလူငယ်ကို ကြည့်သည်။ အခြေအနေမှာ အတန်ငယ် တင်းမာလာဟန်ရ၏။
သို့သော်လည်း အတန်ကြာလျှင် ဆန်းဇွန်က ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်း လိုက်သည်တွင် သူခေါ်လာသည့် လူများက ခြံဝင်းအတွင်းသို့ ဆင်းလာကြသည်။ ဆန်းဇွန်က ရီဖူရှင်းထံသို့ လျှောက်လာကာ ပြုံးလျက် ပြောသည် ...“တစ်ချိန်တုန်းက ကောင်းချီးနန်းတော်နဲ့ ပတ်သက်တဲ့ မကျေနပ်ချက်တွေဟာ မြို့စားအိမ်တော်ကို ရောက်ရှိခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကောင်းချီးနန်းတော်က ချန်ယဲ့မြို့ရဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်ခု ဖြစ်တယ်။ အတိတ်ဆိုတာက အတိတ်ပဲ။ အနာဂတ်ကို ယူလာစရာမလိုဘူး။ ဒါပေမဲ့ ခင်ဗျားက ချန်ယဲ့မြို့ရဲ့ ထိပ်တန်း အင်အားစုတစ်ခုကို ဖျက်ဆီးပစ်လိုက်တယ်။ ကျုပ် ဘယ်လိုလုပ်ရမှာလဲ”
ရီဖူရှင်း၏ မျက်ဝန်းများ၌ မနှစ်မြို့သည့် အသွင်များဖြင့် လင်းလက်နေသည်။ ဆန်းဇွန်က ကိစ္စရပ်များကို ထိန်းချုပ်သည့် နေရာမှာ တော်လှသည်။ ပထမဆုံး သူတို့ရောက်လာသည့် အချိန်၌ ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် လာပုံပေါ်သော်လည်း ချက်ချင်းပဲ ရပ်တည်မှုကို ပြန်ပြောင်းကာ သူတို့၏ အမှားများကို ဂရုမစိုက်သကဲ့သို့ ပုံဖမ်းသည်။
သူက ရီဖူရှင်းထံမှ မျက်နှာသာရအောင် ပြုလုပ်လိုက်ဟန်ပင် ရသည်။
“ကျုပ်တို့ကို ဘယ်လို အလျော်ပေးစေချင်တာလဲ မြို့စားလေး” ရီဖူရှင်းက မေးသည်။
ဆန်းဇွန်က ပြုံးကာ ပြောသည် ... “ပိုင်ကျဲက ကောင်းချီးနန်းတော်ရဲ့ နန်းတော်သခင်ငယ် ဖြစ်ပြီး အရည်အချင်းလည်း အတော်လေး ရှိပေမယ့် အစ်ကိုရီရဲ့ ဓားချက်အောက်မှာ အဆုံးသတ်ခဲ့ရတယ်။ သူ့ထက်ပိုပြီး စွမ်းအားကြီးတဲ့ နန်းတော်သခင်ကတောင်မှ အစ်ကိုရီ့ အဖွဲ့ထဲက လူလက်ချက်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ ဓားကျင့်စဉ်ကို စိတ်ဝင်စားနေတာကြောင့် မြို့စားနန်းဆောင်ကနေ နောက်လိုက်တချို့ ခေါ်လာခဲ့တယ်။ သူတို့တွေက ဓားသမားတွေဖြစ်ပြီးတော့ အထိုက်အလျောက် ထိပ်တန်းစွမ်းရည်တွေ ရှိကြတယ်။ မမျှော်လင့်ဘဲ အစ်ကိုရီတို့ အဖွဲ့နဲ့ လမ်းစဉ်ချင်း တူနေတာ ဆိုတော့ သူတို့ကို နည်းနည်းပါးပါး လမ်းညွှန်ပေးနိုင်မလား”
ရီဖူရှင်းက အနည်းငယ် အံ့သြသွားခဲ့သည်။ သူက၏ ရည်ရွယ်ချက်က နားလည်ရခက်နေသည်။
“ကောင်းပြီလေ … ဘယ်လိုများ လုပ်ပေးစေချင်ပါသလဲ မြို့စားလေး” ရီဖူရှင်းက မေးသည်။
“မင်းတို့ နှစ်ယောက် ဒီကို လာခဲ့” ဆန်းဇွန်က နောက်လှည့်ကာ ပြောလိုက်သည်တွင် လူနှစ်ယောက်က သူတို့ထံသို့ လျှောက်လာခဲ့၏။
“သူတို့နှစ်ယောက်ဟာ ရှီအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီးတော့ ရှန့်ထိုအဆင့်ကို ချိုးဖျက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတယ်။ ကံကောင်းတာက ခင်ဗျားရဲ့ အဖွဲ့ထဲမှာလည်း ရှီအဆင့်က လူတွေ ရှိနေတာပဲ။ သူတို့ အချင်းချင်း ယှဉ်ပြိုင်ပြီးတော့ လမ်းညွှန်မှုတွေ ရယူတာက သင့်တော်တဲ့ကိစ္စပဲ” ဆန်းဇွန်က ပုံမှန်ကဲ့သို့ပင် အသေးစိတ်ပြောသည်။
“ကောင်းပြီလေ” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
ဆန်းဇွန်၏ အကြံအစည်ကို သူသိလိုလာ၏။
ရီဖူရှင်းက ရီဝူချင်းနှင့် စုချွဲတို့ဘက်ကို လှည့်ကြည့်သည်။ သူတို့နှစ်ယောက်လုံးက ဓားသမားများဖြစ်ကာ ရှီအဆင့်ထိပ်ဆုံး၌ ရှိနေကြသည်။ အထူးသဖြင့် လီဟန်ဓားသမားက သူ့ကို ဓားတစ်လက် ပေးအပ်ခဲ့ကတည်းက ကျင့်ကြံခြင်း၌ ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည့် ရီဝူချင်းပင် ဖြစ်သည်။ သူသည်လည်း ရှန့်ထိုအဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ အခြားတစ်ဖက်တွင် စုချွဲ သည်တော့ အနည်းငယ် နိမ့်ကျသည့်အဆင့်၌ ရှိသည်။ သူသည် ရီဝူချင်းကဲ့သို့ ကံကောင်းခြင်း မရှိခဲ့ပေ။
လီဟန်ဓားသခင်က ရီဝူချင်းကို ဓားတစ်လက်ငှားပေးခဲ့သလို သူ့အား သံသယ ကင်းစင်ခြင်းအဆင့် ရှန့်ထိုနှင့် တိုက်ခိုက်မှုတွင်လည်း ကိုယ်တိုင် သိမြင်တွေ့ကြုံခဲ့ရ၏။ သူသည် နတ္ထိဘုံတိုက်ပွဲတွင် ရှန့်ထိုတစ်ပါး၏ ဓားစွမ်းရည် အစစ်အမှန်ကို ထိုးထွင်းနားလည် သဘောပေါက်ခဲ့သူဖြစ်သည်။
ရီဝူချင်းနှင့် စုချွဲတို့ ရှေ့သို့ ထွက်လာကြသည်။ ဆန်းဇွန်၊ ရီဖူရှင်းနှင့် အခြားလူများက လမ်းဖယ်ပေးလိုက်ကြ၏။ ရီဝူချင်းနှင့် စုချွဲတို့က လူအုပ်၏ အလယ်တွင် မြို့စားအိမ်တော်မှ ဓားသမားနှစ်ယောက်နှင့် မျက်နှာချင်းဆိုင် နေရာယူသည်။ တစ်ဖက်ဓားသမား နှစ်ယောက်မှာ အသက်အရွယ် ကွာခြားလှသည်။ တစ်ယောက်မှာ ငွေရောင်မုတ်ဆိတ်များနှင့် အမြော်အမြင်ရှိသည့် အသွင်ဖြင့် ဖြစ်ကာ သူ့နောက်ကျောတွင် ဓားတစ်ချောင်းကို လွယ်ထားသည်။ နောက်တစ်ယောက်သည် ပထမ တစ်ယောက်ထက် ငယ်ရွယ်ကာ ထက်မြက်သည့် မျက်လုံးများရှိ၏။
ရီဖူရှင်းက သူတို့နှစ်ယောက်ကို ကြည့်သည်။ အကယ်၍ သည်တိုက်ခိုက်မှုက အမှန်တကယ် ဂျူနီယာလေးများကို လမ်းညွှန်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပါက အတွေ့အကြုံရင့် သက်ကြီးဓားသမားတစ်ဦး ထွက်မလာသင့်ပေ။ သူတို့က အတိအလင်း တိုက်ခိုက်ရန် ရည်ရွယ်ထားပြီး ဖြစ်ဟန်ရသည်။
“အရင်စပါ” သူတို့နှစ်ယောက်က ရီဝူချင်းနှင့်စုချွဲတို့ကို ပြောသည်။
“စပါ” ရီဝူချင်းနှင့်စုချွဲတို့ကလည်း ရိုသေသမှုပြန်ပြသည်။ ဓားအသိများက သူတို့ ဝန်းကျင်တွင် ပြည့်နှက်လာပြီး ကျယ်လောင်သော အော်မြည်သံများကို ကြားလာရသည်။
ဘုန်း…
ဓားအသိ အခိုးအငွေ့များသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ မြို့စားအိမ်တော်မှ လူရွယ်ဓားသမားထံမှ နေတစ်စင်းကဲ့သို့ ကျွမ်းလောင်ကာ မီးဟုန်းဟုန်း တောက်လောင်လာနေ၏။ သူ့ဓားသည် ကြောက်မက်ဖွယ် မီးတောက်များ လောင်ကျွမ်းနေသည့် နေတစ်စင်းကဲ့သို့ ပူပြင်းလာခဲ့သည်။ များပြားလှသည့် ဓားအသိများက ရီဝူချင်းနှင့်စုချွဲတို့ထံသို့ တစ်ချိန်တည်းတွင် ရိုက်ခတ်လာသည်။
ရီဝူချင်း၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် ရွေ့လျားသွားပြီး ဓားကို ဆွဲထုတ်သည်။ လူရွယ်ဓားသမား၏ မျက်စိထဲတွင် ရီဝူချင်း၏ အလွန် မြန်ဆန်လှသော အရှိန်က များပြားလှသော ပုံရိပ်ယောင်များကဲ့သို့ ခံစားလိုက်ရသည်။ ပုံရိပ်ယောင် တစ်ခုချင်းစီက သူ့ထံသို့ ဓားချက်များကို ပစ်လွှတ်နေပြီး သူ့မျက်လုံးထဲတွင် ဓားချက်များ လားရာကို ရှာဖွေရန် ခက်ခဲစေ၏။
ဓားအရှိန်အဝါများက လေထုအလယ်တွင် ပေါက်ကွဲထွက်လာသည်။ မီးစွမ်းအင်နှင့် ဓားအသိများက ကသောင်းကနင်း ကွယ်ပျောက်ကုန်ပြီး ရီဝူချင်းသည်သည်ကား ထိုနေရာတွင် မည်သည့်အခါကမှ မလှုပ်ရှားခဲ့သကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။
ဘုန်း…
ဓားသမားအိုကြီးက လှုပ်ရှားမှုတစ်ခု ရုတ်တရက် ပြုလုပ်သည်။ နေရာတစ်ခုလုံးက ချက်ချင်း ပူပြင်းလာပြီး သူတို့၏ ဝန်းကျင်တွင် နေတစ်စင်း ကျဆင်းလာပြီး လောင်ကျွမ်းနေသကဲ့ ထင်မှတ်လာရ၏။
ဓားသမားအိုကြီးသည် မီးခိုးရောင် တံလျှပ်တစ်ခုကဲ့သို့ လောင်ကျွမ်းနေပြီး သွက်လက်စွာ လှုပ်ရှားရွေ့လျား၏။ ဓားအသိများက နေရာတစ်ခွင်တွင် သူလှုပ်ရှားသည့်အတိုင်း ထိန်းမနိုင်သိမ်းမနိုင် စီးဆင်းလာနေသည်။ ဓားသမားလူရွယ်က ရှေ့သို့ လှမ်းလိုက်ကာ ရီဝူချင်းနှင့်စုချွဲတို့ကို ဓားအလင်းများဖြင့် ပစ်ခတ်တိုက်ခိုက်သည်။
တစ်ယောက်က အရှေ့မှ တိုက်ခိုက်ပြီး နောက်တစ်ယောက်က နောက်ကွယ်မှ တိုက်ခိုက်သည်။
ရီဝူချင်းနှင့်စုချွဲတို့ နှစ်ယောက်လုံး တစ်ချိန်တည်းတွင် လှုပ်ရှားကြသည်။ စုချွဲ၏ခန္ဓာကိုယ်က အရိပ်အသွင် ပြောင်းလဲသွားပြီး အမှောင်ထုနှင့် ရောယှက်သွားကာ ဓားသမားလူရွယ် အနီး၌ ပြန်ပေါ်လာသည်။ ရီဝူချင်းသည်လည်း ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ ဓားသမားအိုကြီးကို လိုက်လံ တိုက်ခိုက်တော့သည်။
သူတို့နှစ်ဦးလုံး၏ ရွေ့လျားမှုအရှိန်သည် မျက်လုံးဖြင့် မြင်ရရန် ခက်ခဲ၏။ အနီးတစ်ဝိုက်မှ လူများသည် သူတို့ တိုက်ခိုက်နေသည်ကို ရွေ့လျားနေသော ဓားရိပ်များအဖြစ်သာ မြင်ရတော့၏။
ထိုအချိန်တွင် မွန်းကျပ်ဖွယ်ကောင်းသော ဓား၏ ဖိအားများ ထွက်ပေါ်လာပြီး လေးယောက်သား နောက်သို့ တစ်ပြိုင်တည်း လွင့်စဉ်သွားသည်။
စုချွဲနှင့် မြို့စားအိမ်တော်မှ ဓားသမားလူငယ်တို့ တိုက်ခိုက်နေကြသည်။ သူ၏ လူသတ်ဓားသည် အမှောင်ထုထဲတွင် အဆုံးအစမဲ့သော မီးခိုးရောင် အရှိန်အဝါများ ထုတ်လွှတ်နေပြီး သူ့ပြိုင်ဘက်မှာမူ မီးပြင်းဖိုတစ်ခုကဲ့သို့ ပြောင်းလဲသွားကာ နေမင်း၏ ဓားတစ်စင်းကဲ့သို့ ဖြစ်ပေါ်လာသည်။ သူ့ဓားသွားက အရာအားလုံးကို အရည်ပျော်စေပြီး မီးခိုးရောင် အရှိန်အဝါများကို ဆုတ်ဖြဲလိုက်သည်။
ထို့နောက် ပူပြင်းတောက်လောင်သော ဓားတစ်စင်းသည် အခြားသော လူသတ်ဓားနှင့် တူညီသည့် အရွယ်အစားဖြစ်လာကာ ရင်ဆိုင်တိုက်ခိုက်သည်။ နှလုံးတုန်စရာ ကောင်းအောင် ကြောက်စရာ ကောင်းလှသည့် ရိုက်ခတ်မှုသည် နေရာတစ်ခုလုံးကို ပျံ့သွားခဲ့သည်။ ပေါက်ကွဲမှုတစ်ခုကို ကြားလိုက်ရပြီး စုချွဲ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်သွား၏။ သူ့အဝတ်အစားများသည် ဟိုတစ်စ ဒီတစ်စဖြင့် လောင်ကျွမ်းနေသည်။ သူ့အင်္ကျီလက်မောင်းနေရာမှာ စုတ်ပြဲသွားပြီး ဓားကို ဆုပ်ကိုင်ထားသည့် လက်အား အတိုင်းသား မြင်ရသည်။
အခြားတစ်ဖက်တွင်တော့ ရီဝူချင်းနှင့် ဓားသမားအိုကြီးသည် အသံမထွက်ဘဲ တိုက်ခိုက်နေကြသော်လည်း သူတို့နှစ်ဦးကြားမှ တိုက်ခိုက်မှုမှာ ပို၍ ပြင်းထန်လာသည်။ သူတို့အား အလင်းတန်းနှစ်ခု အသွင်အဖြစ်သာ မြင်ရ၏။ မကြာခင် သူတို့သည် အချင်းချင်း မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ကြသည်။ ကြောက်မက်ဖွယ် ဓားမုန်တိုင်းက သူတို့အနီးမှာ ရစ်ပတ်နေပြီး အနီးပတ်ဝန်းကျင်ကို ပြင်းထန်စွာ ရိုက်ခတ်နေ၏။ ဓားသမားအိုကြီး၏ လက်ထဲမှ ဓားသည် တစ်စတစ်စဖြင့် ကျိုးပဲ့လာပြီး သူ၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ ကျဆင်းလာသည်။
သူတို့နှစ်ဖက်လုံးသည် တစ်ယောက်ရှုံး တစ်ယောက်နိုင်ဖြင့် သရေကျသွားခဲ့သည်။
သို့သော်လည်း ဓားသမားလူငယ်က ရပ်တန့်ရန် စိတ်ကူးရှိပုံမရပေ။ သူက ရှေ့သို့ တစ်ဖန် လှမ်းလိုက်ကာ သူ၏ ဓားအသိကို အမြင့်ဆုံး ထုတ်လွှတ်လိုက်ပြီး စုချွဲထံသို့ တည့်တည့်ချိန်ရွယ်သည်။ စုချွဲက မျက်မှောင်ကြုတ်လိုက်ကာ အလျင်အမြန် ဆုတ်ခွာလိုက်သော်လည်း ထိုရဲတင်းလှသည့် ဓားချက်က သူ့နောက်ကို ဆက်လက် လိုက်ပါလာသည်။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးခိုးရောင် လူသတ်ဓား အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ၎င်းတို့သည် အလျင်အမြန်ပင် လောင်ကျွမ်းသွားသည်။ ကြမ်းတမ်း ရက်စက်သည့် ဓားသည် ကောင်းကင်မှ ထိုးခွင်းလာကာ သူ့ဆီသို့ ပျံသန်းလာ၏။
“ကြည့်ရတာ မြို့စားလေးက မင်းတို့ကို အထင်ကြီးနေတဲ့ပုံပဲ။ ဒါပေမဲ့ ခင်ဗျားလူတွေကတော့ သာမန်ပဲ” ဓားသမားလူငယ်က သူ၏ဓားကို ရှေ့သို့ ဆက်လက်ချိန်ရွယ်ကာ ပြောသည်။
ဘုန်း…
သူက ထိုသို့ပြောလိုက်သည့် အချိန်တွင်ပင် မြေပြင်က ယမ်းခါသွားသည်။ ဧရာမ လူရိပ်ကြီးတစ်ခု လမ်းလျှောက်လာသည်ကို သူ မြင်လိုက်ရသည်။ အရှေ့ကို ကြည့်နေသည့် လူငယ်၏ မျက်လုံးများက လက်ခနဲဖြစ်သွားသည်။
လူရိပ်က ခဏအတွင်းမှာပင် သူ့ရှေ့သို့ ရောက်လာခဲ့ပြီး မြေပြင်မှလည်း ဆက်လက် တုန်ခါနေကာ ထိတ်လန့်စရာကောင်းသည့် ဖိအားများကို ခံစားရစေသည်။
လူငယ်က လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်တွင် မီးတောက်မီးလျှံများ ပြင်းထန်စွာ တောက်လောင်နေသော ကြောက်မက်ဖွယ် ဓားကြီးတစ်လက် ထွက်ပေါ်လာသည်။
ဘုန်း…
နောက်ထပ် တုန်ခါမှုတစ်ခုနှင့်အတူ ထိုလူရိပ်သည် ဓားကို လျစ်လျူရှုကာ ရှေ့သို့ တိုးလာနေသည်။ မားမားမတ်မတ် ခန္ဓာကိုယ်ကြီးမှ ပြင်းထန်လှသည့် အရှိန်အဝါများအား ထုတ်လွှတ်နေသည်။ ထို့နောက် သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်သီးတစ်လုံးကို ပစ်သွင်းသည်။ ကြီးမားသော ဓားကြီးက ချက်ချင်းပင် တစ်စစီကြေမွ ပျက်စီးသွားတော့သည်။
ဓားသမားငယ်၏အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူ့ပြိုင်ဘက်၏ လက်သီးချက်က သူ့စွမ်းအားများကို ရှင်းလင်းပြတ်သားစွာ ခြေဖျက်နိုင်၏။ ထိုအချိန် လက်သီးတစ်လုံးက သူ့ရင်ဘတ်ထံသို့ ဝင်လာကာ ကျိုးကြေသွားသည့် အသံတစ်သံကို ကြားလိုက်ရသည်။ လက်သီးချက်တွင် အရိုးများ အချိုးခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အားနည်းစွာ ပျော့ခွေကျသွားတော့သည်။
သူက ချောင်းတစ်ချက် ဆိုးလိုက်ပြီးနောက် ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့ကာ သူ့ရင်ဘတ်ထဲမှ လောင်ကျွမ်းနေသည့် နာကျင်မှုကို ခံစားရသည်။
ဆန်းဇွန်က ဓားသမားငယ်ရှေ့မှ လူသန်ကြီးအား ကြည့်သည်။ သူ၏ မျက်လုံးများက အံ့သြမှုကြောင့် တလက်လက် တောက်ပလာခဲ့သည်။
သူ အထူးရွေးချယ်ခဲ့သည့် ဓားသမားနှစ်ယောက်သည် အားနည်းသူများ မဟုတ်ပေ။ သို့သော်လည်း တစ်ယောက်က ရီဝူချင်း၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ကာ နောက်တစ်ယောက်ကတော့ လက်သီးတစ်ချက်တည်းနှင့် မှောက်သွားတော့သည်။
“ပြောင်မြောက်ပါပေတယ်” ဆန်းဇွန်က ချီးမွမ်းသည်… “သူက အစ်ကိုရီရဲ့ နောက်လိုက် တပည့်ပဲလား။ သူက ဓားသမား မဟုတ်တာကို ကျွန်တော် အံ့သြမိတယ်”
“ယူချင်း… နောက်ဆုတ် …” ရီဖူရှင်းက ပြောသည်။ ထိုသန်မာ တောင့်တင်းသည့် လူရိပ်သည် အရှေ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ ရပ်နေခဲ့သည့် နေရာသို့ ပြန်ဆုတ်လာခဲ့သည်။
ရီဖူရှင်းက ဆန်းဇွန်ကို ကြည့်သည်။ ထို ဓားသမားငယ်လူငယ်က သူအနိုင်ရသွားသည့်အခါ မောက်မာစွာဖြင့် ပြောဆိုခဲ့သည်။ သူ မမျှော်လင့်ခဲ့သည်ကား ယူချင်းက ထိုမျှ စွမ်းအား ကြီးမားနေခြင်းပင်။ လက်သီး တစ်ချက်တည်းနှင့်ပင် သူသည် ကာလအတန်ကြာ နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
“အဖွဲ့ထဲက လူအကုန်လုံးက ဓားသမားတွေမဟုတ်ဘူး” ရီဖူရှင်းက ပြုံးကာပြောသည်။ ဆန်းဇွန်ကသာ တစ်ခုခု ကြံစည်နေခဲ့ခြင်း ဆိုပါက သူ့အနေဖြင့် အရာအားလုံးကို အမှန်ပြောရန် မလိုလားပေ။
ဆန်းဇွန်က ခေါင်းညိတ်ကာ ပြောသည် ... “ခင်ဗျားရဲ့ မိတ်ဆွေနှစ်ယောက်ရဲ့ စွမ်းအားအရ ခင်ဗျားတို့က သွေးနဂါးဘုံရဲ့ ထိပ်တန်းအင်အားစုတွေနဲ့ ယှဉ်လို့ရတယ်ဆိုတာ ကျွန်တော် ပြောနိုင်တယ်။ သူတို့က ဒီမှာ ရှန့်ထိုအဆင့်ကို တက်ရောက်ချင်တာလား”
“ခင်ဗျား ပြောသလိုပါပဲ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။
“ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ ခင်ဗျားတို့က သွေးနဂါးဘုံမြို့တော်ကို သွားဖို့ စီစဉ်ထားတာမလား။ ကျုပ်ကလည်း အဲဒီကို ဒီရက်ထဲမှာ သွားဖို့ရှိတယ်။ အခုရက်ပိုင်း သွေးနဂါးဘုံမှာ ပြိုင်ပွဲကြီးတစ်ခု ကျင်းပဖို့ ရှိတယ်။ ခင်ဗျားသာ အဆင်ပြေရင် ကျုပ်တို့ အတူတူသွားကြမယ်။ ပြီးတော့လည်း ယူချင်းနဲ့ အဆင့်ချင်းတူတဲ့ သွေးနဂါးဘုံက ပါရမီရှင်တွေနဲ့ တွေ့ဆုံနိုင်ပြီးတော့ အချင်းချင်း လေ့ကျင့်လို့လည်း ရတာပေါ့။ ခင်ဗျား စိတ်ဝင်စားလား”
ရီဖူရှင်းက ထိုစကားကို ကြားပြီးနောက် ဆန်းဇွန်ကို တအံတသြကြည့်သည်။
ဒါက ဆန်းဇွန်ရဲ့ ရည်ရွယ်ချက်လား…
“ယူချင်းရဲ့ အဆင့်လား” ရီဖူရှင်းက မေးသည်။
“ဒီမှာက ရှန့်ထိုအဆင့်တွေ ရှိပေမယ့် လက်တစ်ဆုပ်စာပဲ ရှိတယ်။ ခင်ဗျားသာ စိတ်ဝင်စားရင် သွေးနဂါးဘုံမှာ နေလို့ရပြီး အခွင့်အရေးလည်း ရလိမ့်မယ်။ ပြီးတော့ ဒီပြိုင်ပွဲက သာမန်မဟုတ်ဘူး။ ပြိုင်ပွဲက တစ်လမှတစ်ခါ ပြုလုပ်ပြီးတော့ ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်စမ်းသပ်နိုင်မယ့် အခွင့်အရေးကြီး တစ်ခုပဲ။ လိုအပ်တာဆိုလို့ စာရင်းသွင်းရုံလေးပဲ” ဆန်းဇွန်က ပြုံးကာ ပြောပြသည်။
“အဲဒီအခွင့်အရေးက ရဖို့ ခက်ခဲတာလား” ရီဖူရှင်းက အရွှန်းဖောက်ကာ ပြောသည်။
“ဒါပေါ့” ဆန်းဇွန်က ခေါင်းညိတ်ကာ ဆက်ပြောသည်။ မြို့တိုင်းမှာ ခွဲတမ်းရှိတယ်။ ယူချင်းနဲ့ ကျန်တဲ့သူတွေသာ စိတ်ဝင်စားမယ်ဆိုရင် ကျုပ်က ပျော်ပျော်ကြီး စာရင်းသွင်း ပေးမှာပါ။ ဒါပေမဲ့ စိတ်မဝင်စားရင်တော့ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေးစရာ မလိုပါဘူး။ ဒီအတိုင်း ပွဲတော်ကို လိုက်ကြည့်ရုံ သက်သက်ဆိုလည်း ရတယ်”
“ယူချင်း၊ ဝူချင်း မင်းတို့ ဘယ်လိုထင်လဲ” ရီဖူရှင်းက လှည့်ကာ မေးသည်။
“မင်း သဘောပဲ” ယူချင်းက ဖြေသည်။
တခြားသူများကတော့ ဘာမှ မပြောကြပေ။ ရီဖူရှင်းက ပြုံးလျက် ဆန်းဇွန်ကို မေးသည်… “အန္တရာယ် တစ်ခုခု ရှိနိုင်လား”
“ခုနက ပြသွားတဲ့ စွမ်းအားတွေအရဆိုရင် သူတို့အဆင့်နဲ့ ဘယ်လို အန္တရာယ်မျိုး ကြုံနိုင်မယ်လို့ အစ်ကိုရီ ထင်လဲ” ဆန်းဇွန်က ပြုံးကာ သာမန်ကဲ့သို့ ပြောသည်။
“ဒါဆို ကောင်းပြီလေ။ ယူချင်း၊ ဝူချင်း၊ စုချွဲ၊ကျူဂီ … သူတို့ ဘာတွေ လုပ်လဲဆိုတာ ကြည့်ကြတာပေါ့” ရီဖူရှင်း ခေါင်းညိတ်ကာ ပြောသည်။
ဆန်းဇွန်က ပြုံးကာ သလင်းဖန်လုံးကို ထုတ်ယူလိုက်ပြီး ပြောသည် ... “ဒီမှာ ခင်ဗျားတို့ရဲ့ စိတ်စွမ်းအားကို ထည့်လိုက်ပါ။ လုပ်ရမှာ ဒါအကုန်ပဲ”
“ဒါက ဘာအတွက်လဲ” ရီဖူရှင်း မေးသည်။
“ဒီပွဲတော်ဟာ သွေးနဂါးဘုံက ကြီးမှူးကျင်းပပြီးတာ့ သွေးနဂါးဘုံရဲ့ အကြီးအမှူး ရန်ဟောင်တန်ခိုးရှင်က ကြီးကြပ်ပေးတာမို့ တရားဝင်ပြိုင်ပွဲတစ်ခုပဲ။ အဲဒါကြောင့် ပြိုင်ပွဲဝင်ဖို့အတွက် ယှဉ်ပြိုင်သူတွေကို အတည်ပြုရတယ်။ နှုတ်နဲ့ စာရင်း သွင်းတာမျိုးကို အတည်မယူဘူး” ဆန်းဇွန်က ပြောသည် ... “စိတ်ချပါ အစ်ကိုရီ။ ပြိုင်ပွဲကာလ တစ်လျှောက်လုံး ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး”
“ဒါဆိုလည်း ကောင်းပြီလေ” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှ ရှားရှင်းယွန်ကို ကြည့်သည်။
ရှားရှင်းယွန်က သူ့ကို မကြာသေးခင်ကမှ တစ်စုံတစ်ခု ပြောခဲ့သေးပေသည်။
***