← Chapters

အခန်း (၃၇၇)

Vol. 26 Ch. 377

အခန်း (၃၇၇)

Vol. 26 Ch. 377

ပေါ်တီကို တစ်ခုလုံးတွင် လူမရှိသည့်အလား တိတ်ဆိတ်သွားခဲ့သည်။ ဆောင်းရာသီတွင် တိုက်ခတ်နေသော အေးစက်သည့် လေလှိုင်းများကတော့ ထိုအချိန်တွင် အေးခဲနေခြင်း မရှိကြောင်း သက်သေပြနေခဲ့၏။

နံရံထောင့်တွင် ရှိ‌နေသော အနီရောင်ပန်းပွင့်လေးများနှင့် အမိုးပေါ်တွင် ရှိနေသော တိမ်တိုက်ပုံစံ နှင်းပွင့်လေးများကလည်း သူတို့၏အောက်တွင် ရှိနေသော လူများကဲ့သို့ ငြိမ်သက်နေကြသည်။ သူတို့အားလုံးက အိပ်မက်တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားနေရ၏။

ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို မည်သို့ အနိုင်ယူသွားခဲ့သနည်း။ ထိုမေးခွန်းကို လွန်ခဲ့သော (၁၅)မိနစ်ခန့်တွင်သာ တစ်စုံတစ်ယောက်က မေးခဲ့မည်ဆိုလျှင် ထိုလူကို အရူးတစ်ယောက်အဖြစ် လှောင်ပြောင်ခံရပါလိမ့်မည်။ ထိုအရာက နှစ်ပေါင်းတစ်ထောင်ခန့် တည်ရှိနေသော အမှန်တရားတစ်ခုကို ပယ်ဖျက်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

နေမင်းကြီးက အနောက်အရပ်မှ ထွက်လာခြင်း မရှိသလို လူသားများကလည်း အကူအညီမရှိဘဲ ပျံသန်း၍ မရနိုင်ပေ။ မျက်ခုံးကြားလျှို့ဝှက်တံခါးကို ဖွင့်နိုင်သော ပညာရှင်တစ်ယောက်က ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်ကို အလွယ်တကူ အနိုင်ရနိုင်၏။ ထိုသာမန်အချက်များကို မည်သူကမျှ သံသယဝင်နေခြင်း မရှိချေ။

သို့သော် ယခုတော့ တံခါး (၉) ပေါက်ပင် မပွင့်သေးသော တာအိုသခင်လေးက အလွန်အံ့ဩစရာကောင်းသော စွမ်းအားများကို ပြသခဲ့ပြီး နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်သည့် သွေးစိမ်းနဂါးဘုရင်ကို အနိုင်ရခဲ့သည်။

သူတို့က ပါးစပ်အဟောင်းသားမဖြစ်ဘဲ နေနိုင်ကြမည်လော။ သူတို့၏ခေါင်းထဲတွင် အတွေးပေါင်းစုံရှိနေပြီး ခေါင်းပေါက်ကွဲတော့မတက် ခံစားနေရ၏။ အကြောင်းအရာ တစ်ခုလုံးက အိပ်မက်မက်နေသလို ခံစားနေရသည်။ သူက ကောင်းကင်ပေါ်မှ ကျဆင်းလာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။

ထိုအတွေးက ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့ (၂) ယောက်လုံးတွင် ပေါ်လာခဲ့ကြသည်။

"တကယ်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးပဲ…"

ဝမ်ဟန်း‌‌ရွှေက မျက်မှောင်ကြုတ်လိုက်မိပြီး အတော်လေးလည်း မှင်တက်နေပုံရ၏။ သူက အသက် (၃၀)အောက်တွင် အစွမ်းထက်ဆုံး လူငယ်များထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ သူ့အဖေ၏ အဆင့်အတန်းကြောင့် သူက လေ့ကျင့်မှုကိုသာ ကြိုးစားအားထုတ်ခဲ့ရ၏။

ထိုတာအိုသခင်လေးကတော့ သူ့ထက် အဆပေါင်းများစွာ ပို၍ငယ်ရွယ်ပုံရသည်။ သို့သော် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အလွယ်တကူ အနိုင်ရပုံပေါ်၏။ သူက လူသားတစ်ယောက်ဟု ဆိုနိုင်ဦးမည်လော။ သူတို့၏ ကွာဟချက်က ဘာကြောင့် အလွန်ကွဲပြားနေရသနည်း။

တခြားလူများက အံ့ဩနေသည့် အချိန်တွင် မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။

"ဒကာလေးဝမ် …

ကြည့်ရတာ မင်းက ငါ့ရဲ့စိန်ခေါ်မှုကို မအောင်မြင်ဘူး ထင်တယ်…."

ရုတ်တရက် သတိပေးခံလိုက်ရသည့်အတွက် ဝမ်ဟန်းရွှေက သူ့အစောင့်အရှောက် (၂)ယောက်ကို စေလွှတ်ပြီး တာအိုသခင်လေးနှင့် တိုက်ခိုက်ရန် စီစဉ်လိုက်သည်။ သူကတော့ မင်္ဂလာပွဲထက် မျက်နှာရရန်ကိုသာ ပို၍လိုချင်နေခဲ့၏။

တာအိုသခင်လေးက သူ့ကို စကားပြောရန် အခွင့်အရေးမပေးခဲ့ပဲ ထူးဆန်းစွာ ပြောလိုက်သည်။

"ငါက သခင်မကြီးဟွမ်ဖူနဲ့ မိန်းကလေးဟွမ်ဖူတို့ကို စကားပြောလိုက်အုံးမယ်။ တကယ်လို့ ငါတို့ရဲ့ စိန်ခေါ်မှုကိုသာ ပြောင်းလဲနိုင်မယ်ဆိုရင် မင်္ဂလာပွဲအတွက် တိုက်ခိုက်ဖို့အတွက် မလိုတော့ဘူး။ ဒကာလေးဝမ် …ကျေးဇူးပြုပြီး ခဏစောင့်ပါဦး။ ငါအထဲကိုဝင်ပြီး သွားမေးလိုက်ဦးမယ်…"

သူက ပြန်လှည့်သွားပြီး အေးအေးဆေးဆေး ပုံစံနှင့် အထဲကို ဝင်သွားခဲ့သည်။

အကယ်၍ ယခင်တုန်းကသာ ဝမ်ဟန်းရွှေကို ထိုကဲ့သို့ ထားခဲ့လိုက်မည်ဆိုလျှင် တစ်ဖက်လူက ဒေါသထွက်သွားနိုင်ပြီး သူ့လူများကို တံခါးဖွင့်ခိုင်း၍ သတို့သမီးကို အတင်းအကြပ် ခေါ်သွားနိုင်သည်။

သို့သော် မုန့်ချီက ဓားမောက်ဘုရင်နှင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ယူထားသည့်အတွက် သူတို့အတွက်တော့ ခန့်မှန်း၍ မရနိုင်သော လူတစ်ယောက် ဖြစ်နေသည်။ ထိုစကားက လကျေးရွာသခင်ကြီး ကိုယ်တိုင် သူတို့ကို ပြောနေသလို ခံစားရနိုင်၏။

ပြောရမည်ဆိုလျှင်တော့ ထိုအရာက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ထက်ပင် ပို၍အစွမ်းထက်သော အရေးပါသည့် လူတစ်ယောက် ဖြစ်သည်။ မည်သူကမျှထိုလူ၏စကားကို လျစ်လျူရှုရလောက်အောင် ရူးမိုက်နေခြင်း မရှိချေ။

ထို့ပြင် သူ့စကားက ဝမ်ဟန်းရေွှအတွက် စဉ်းစားပေးနေပုံရ၏။ သူက မင်္ဂလာပွဲကို တားဆီးရန် ကြိုးစားခဲ့ခြင်း မရှိဘဲ စိန်ခေါ်မှုကို ကျရှုံးသွားပြီးနောက် ပို၍လွယ်ကူသော နည်းလမ်းတစ်ခုကို ရှာဖွေရန် ကြိုးစားနေပုံရသည်။

ဝမ်ဟန်းရွှေက ကျေးဇူးတင်စွာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် တာအိုသခင်ချင်းယွင်…."

အတွင်းထဲကို ရောက်ချိန်တွင် မုန့်ချီက ဒယိမ်းဒယိုင် ဖြစ်သွားခဲ့၏။ သူက စွမ်းအားပြန်ဖြည့်ရန်အတွက် အချိန်ယူလိုက်ခြင်း ဖြစ်သည်။ သူ တံခါးကို ဖွင့်လိုက်သည့် အချိန်တွင် ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့က တံခါးနားတွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူတို့က ဇဝေဇဝါ ဖြစ်နေကြပြီး ထိတ်လန့်အံ့ဩနေကြပုံပေါ်သည်။

ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးကလည်း သူ့နောက်မှဝင်လာပြီး တံခါးကို ပိတ်လိုက်ကြ၏။ သွေးစိမ်းနဂါးဘုရင်တို့ နားထောင်၍ မရစေရန် မုန့်ချီက တံခါးဘေးတွင် လေလှိုင်းများကို ဖန်တီးလိုက်သည်။

ထို့နောက် သူက စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးကို သောက်လိုက်ပြီး အသံတိုးတိုးနှင့် မေးလိုက်၏။

"သခင်မကြီးဟွမ်ဖူ ၊ မိန်းကလေးဟွမ်ဖူ…

ဆုံးဖြတ်ချက်ချပြီးပြီလား…"

သူတို့က အချင်းချင်းကြည့်လိုက်ပြီးဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။

"ငါတို့က ငါတို့ရဲ့သိုင်းပညာတွေနဲ့ တပည့်တွေရဲ့လုံခြုံမှုအတွက် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ…"

မိန်းကလေးဟွမ်ဖူက တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမ၏ လှုပ်ရှားမှုများကို ထိန်းချုပ်၍ မေးလိုက်သည်။

"တာအိုသခင်ချင်းယွင် ကျောက်စိမ်းပြားလေးက ဘာလဲ။ ကျွန်မရဲ့အဖေကို တွေ့ခဲ့တာလား…"

သူမက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို အနိုင်ရခဲ့သော မုန့်ချီကို ကြောက်လန့်နေပုံရသည်။ သခင်မကြီးဟွမ်ဖူကလည်း အသက်အောင့်ထားသည့်အတွက် သူမက ထိုရလဒ်ကို မျှော်လင့်နေကြောင်း သိသာနေ၏။

"ဟုတ်တယ်။ ထူးဆန်းတဲ့ အုတ်ဂူကြီးထဲကနေ ထွက်လာတဲ့သူတိုင်း အသက်ကြီးလာတဲ့ အချိန်ကျရင် ရူးသွပ်ပြီး အုတ်ဂူကြီးထဲကို ပြန်ဝင်သွားကြတယ်ဆိုတာ မင်းတို့လည်း သိကြတာပဲ…"

မုန့်ချီက ရိုးရှင်းစွာ ပြန်ဖြေလိုက်၏။

ဟွမ်ဖူဖေး၏ မျက်နှာက စိတ်လှုပ်ရှားမှုနှင့် စိတ်မရှည်နိုင်မှုကြောင့် နီရဲလာခဲ့သည်။

"ဟုတ်တယ်။ ဒါ ..ဒါ ..ဒါဆိုရင် တာအိုသခင်လေးက အုတ်ဂူထဲမှာ သူ သူ့ကို တွေ့ခဲ့တာလား။ သူ အဆင်ပြေရဲ့လား…."

"အဲဒါက အုတ်ဂူကြီးထဲမှာ ပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါးဝိညာဉ်ရဲ့ လုပ်ဆောင်ချက်တွေပဲ။ သူကတော့ အထဲမှာ ပိတ်မိနေတဲ့အတွက် အပြင်ထွက်လို့ မရနိုင်ဘူး။ ဒီတော့ သူက အုတ်ဂူထဲကို ဝင်လာတဲ့သူတွေကနေတဆင့် ထွက်သွားဖို့ နည်းလမ်းကို ရှာဖွေဖို့ကြိုးစားနေတာ…"

သူက သူမ၏မေးခွန်းကို တိုက်ရိုက် မဖြေခဲ့ပေ။ ထိုအစား သေချာရှင်းပြနေ၏။

"တောင်ထိပ်သခင်ဟွမ်ဖူနဲ့ တခြားလူတွေက သူတို့ရခဲ့တဲ့ အရာတွေကြောင့် ဝမ်းသာနေကြပေမယ့် သူတို့ကို အဲဒီမကောင်းဆိုးဝါးဝိညာဉ်က ထိန်းချုပ်လိုက်တယ်ဆိုတာကို သတိမထားမိခဲ့ကြဘူး။ သူတို့ အသက်ကြီးသွားတဲ့အချိန်မှာ မကောင်းဆိုးဝါးဝိညာဉ်က ပြန်လာရတယ်။ ဒါကြောင့် သူတို့အားလုံးက အုတ်ဂူကို စောင့်ကြပ်ရတဲ့ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားခဲ့တာပဲ။ သူတို့တွေက လုံးဝသေသွားတာ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်က ပုပ်ပွပျက်စီးလာကြတာ…"

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဟွမ်ဖူဖေးကတော့ သူမ၏နောက်တွင် ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ္ဆေတစ်ကောင် ရှိနေသည့်အလား ခံစားခဲ့ရသည်။ ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့လည်း အတူတူသာဖြစ်၏။

ရှေးဟောင်းမကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်က သိုင်းလောက အဖွဲ့အစည်း တစ်ခုလုံးကို လှုပ်ခတ်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ပေ။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကိုပင် ထိန်းချုပ်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်က မည်ကဲ့သို့သော အရာတစ်ခုပေနည်း။ ထိုအရာကို စဉ်းစားကြည့်လိုက်ရုံနှင့် သူတို့က တစ်ကိုယ်လုံး တုန်ယင်လာကြ၏။

ကြောက်လန့်ပြီး ရှုပ်ထွေးနေသော သခင်မကြီးဟွမ်ဖူ၏ အသက်ရှူသံက ပို၍မြန်လာသည်။

"ငါ့ယောကျ်ားက သက်လတ်ပိုင်းပဲ ရှိသေးတယ်။ ဘာလို့ မကောင်းဆိုးဝါးတစ္ဆေက သူ့ကိုစောပြီးခေါ်လိုက်ရတာလဲ…"

မုန့်ချီက သေချာစွာ ပြောလိုက်သည်။

"တောင်ထိပ်သခင်ကြီးက မိုးကြိုးအမှတ်အသားကနေ မိုးကြိုးကျင့်စဉ် (၅) မျိုးနဲ့ ကောင်းကင်ညမိုးကြိုးသိုင်းပညာတို့ကို ရယူနိုင်တဲ့ အရည်အချင်းရှိတယ်။ သူက သမိုင်းကြောင်းထဲမှာ အစွမ်းထက်ဆုံး တောင်ထိပ်သခင်တစ်ယောက်ဖြစ်ခဲ့ပြီး အသက်(၆၀) မရောက်ခင် အဆင့်တက်နိုင်တဲ့ ပထမဆုံး လူတစ်ယောက်လည်း ဖြစ်နိုင်တယ်။ တကယ်လို့ သူသာ အောင်မြင်သွားမယ်ဆိုရင် မကောင်းဆိုးဝါးတစ္ဆေက သူ့ကို ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်။ ဒါကြောင့် သူ့ကိုကြိုပြီးခေါ်လိုက်ရတာပဲ…"

"မိုးကြိုးအမှတ်အသားကို နားလည်တာလား"

ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့ (၂) ယောက်လုံးက တီးတိုးရေရွတ်လိုက်ကြသည်။

"တာအိုသခင်ချင်းယွင် …

ရှင်က တကယ်ပဲ ကျွန်မအဖေနဲ့ တွေ့ခဲ့တာကိုး…"

ဟွမ်ဖူတောင်က မိုးကြိုးစွမ်းအင် ပညာရှင်တစ်ယောက်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့ပြီးနောက် ကျင့်ကြံမှု လျင်မြန်လာပြီး ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာသည်ဟုသာ တခြားလူများက သိနေကြသည်။ သူက မည်သည့်သိုင်းကျမ်းကိုမျှ ရွေးချယ်ခဲ့ခြင်း မရှိဘဲ ရှေးဟောင်းမိုးကြိုး အမှတ်အသားလေး တစ်ခုကိုသာ ရွေးချယ်ပြီး နားလည်အောင် ကြိုးစားခဲ့ကြောင်းကိုတော့ မည်သူမျှ မသိခဲ့ပေ။

သူက ထိုစိတ်ဝိညာဉ်လွှဲပြောင်းမှုမှတဆင့် မိုးကြိုးကျင့်စဉ် (၅) သွယ်နှင့် ကောင်းကင်ည လှံသိုင်းပညာတို့ကို ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထိုအရာက သူ့မိန်းမနှင့် သမီးသာ သိထားသော လျှို့ဝှက်ချက်တစ်ခုလည်းဖြစ်၏။

"ဟား ဟား ဟား ဟား ၊ ငါ့ကို စုံထောက်မုန့်ချီလို့ပဲခေါ်ရမှာ... "

မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေမိသည်။ သို့သော် ထိုအချိန်တွင် သူက ပျော်ရွှင်နေနိုင်ခြင်း မရှိချေ။

ဟွမ်ဖူတောင်က သူ၏လျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး လုံးဝ မပြောခဲ့ပေ။ သို့သော် သဲလွန်စများစွာကို ပေါင်းစည်းလိုက်မည်ဆိုလျှင် ကောက်ချက်ချရန် မခက်ပေ။ ပထမဆုံးသဲလွန်စကတော့ မိုးကြိုးအမှတ်အသား၏ အနှစ်သာရများ ဆုံးရှုံးသွားခြင်းဖြစ်သည်။ ဒုတိယတစ်ချက်ကတော့ ထိုက်ရင်နတ်ဆိုးသုတ်သင်ရေး ကျင့်စဉ်တွင် ပြဿနာများစွာ ရှိနေ၏။

အကယ်၍ သူသာ ထိုအရာကို လေ့ကျင့်လိုက်မယ်ဆိုလျှင် ဝေ့ကျင်းအဆင့်ကို အလွယ်တကူ ရောက်နိုင်သော်လည်း သူ၏နောက်ပိုင်းလမ်းကြောင်းကတော့ ရှုပ်ထွေးသွားနိုင်သည်။ ဟွမ်ဖူတောင်ကတော့ အားနည်းချက်ရှိသော လမ်းကြောင်းကို သေချာပေါက် မရွေးချယ်ခဲ့ဘဲ လမ်းကြောင်းသစ်တစ်ခုကို ဖောက်ခဲ့သည့်အတွက် သမိုင်းကြောင်းထဲတွင် အစွမ်းထက်ဆုံး တောင်ထိပ်သခင်တစ်ယောက်ဖြစ်လာခဲ့သည်။

သို့သော် အုတ်ဂူထဲတွင် ရရှိနိုင်သော သိုင်းပညာများအားလုံးက အားနည်းချက်များ ရှိနေ၏။ ထိုအရာမှ နောက်ထပ်နည်းလမ်းများ ရရှိနိုင်ခြင်း မရှိတော့ပေ။ ဟွမ်ဖူတောင်၏ ဆုံးဖြတ်ချက်ကြောင့် သက်လတ်ပိုင်းအရွယ်တွင် ရူးသွပ်သွားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် မကောင်းဆိုးဝါးဝိညာဉ်က သူ့ကို အဆင့်တက်ခွင့်ကို မပေးနိုင်တော့ပေ။

မုန့်ချီ ပြောနေသည့်အချိန်တွင် သူ၏ဝိညာဉ်က အတွင်းယင်သွေးကြောဆီသို့ ကျရောက်သွားခဲ့သည်။ ထိုသွေးကြောအမှတ်ကတော့ စိတ်ဝိညာဉ်စွမ်းအားနှင့် အသက်စွမ်းအားကို ကိုယ်စားပြုသော စွမ်းအင်အမှတ်လည်းဖြစ်၏။ ထိုအရာထဲတွင် အသက်စွမ်းအင်များ ပြည့်ဝနေ၏။

အသက်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်ပြီးနောက် ထိုအရာက ဝိညာဉ်စွမ်းအားများအဖြစ် ဆက်လက်ပြောင်းလဲသွားခဲ့သည်။ မုန့်ချီက သူ၏သွေးကြောအမှတ်ကို အသက်သွင်းလိုက်ပြီး ဝိညာဉ်စွမ်းအားများကို လေ့ကျင့်လိုက်၏။

ထိုအရာကို အပေါ်ဘက်သို့ ပို့ဆောင်လိုက်ရာ ရေထဲတွင် စိုစွတ်သွားသကဲ့သို့ သစ်သားများ ဝိုင်းရံနေသကဲ့သို့ ခံစားလာရသည်။ ဆေးလုံး၏ အကျိုးအာနိသင်များ ရောနှောလာသည့် အချိန်တွင် ထူးခြားသော စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီး လျှို့ဝှက်တံခါးထဲသို့ ဖောက်ဝင်၍ စိတ်ဝိညာဉ်ကို အားဖြည့်ပြီး ကုသပေးနိုင်သည်။ ထိုအရာက သူ၏စွမ်းအားကို ပြန်ကောင်းလာစေခဲ့၏။

သူ၏ချီစွမ်းအင်များကတော့ ပြည့်ပြည့်ဝဝ အသုံးချနိုင်သေးသည့်အတွက် ပြန်ဖြည့်ရန် မလိုအပ်ပေ။ အလွန်အံ့ဩစရာကောင်းသော အနှစ်သာရများက သေသူကို ပြန်ရှင်လာအောင် လုပ်ဆောင်နိုင်ပြီး ချီစွမ်းအင်များကို အထွဋ်အထိပ်တွင် ထိန်းသိမ်းထားနိုင်သည်။ ထိုအရာက အလွန်ထူးခြားသော ကျင့်စဉ်တစ်ခုဖြစ်ပြီး နောက်ထပ်တစ်ဆင့်ကတော့ ကမ္ဘာမြေကြီးရှိ စွမ်းအင်များနှင့် ပတ်သက်နေသည်။

မုန့်ချီက အချိန်ယူပြီး အနားယူနေသည့်အချိန်တွင် ပြောလိုက်၏။

"တောင်ထိပ်သခင်က အုတ်ဂူရဲ့အတွင်းပိုင်းထဲကနေ ပစ္စည်းတစ်ခုကိုလည်း ယူသွားခဲ့တယ်။ အဲဒါက မကောင်းဆိုးဝါးရဲ့ စွမ်းအားတွေကို သွယ်ဝိုက်သော နည်းလမ်းနဲ့ အားဖြည့်ပေးနေတာပဲ။ ဒါကြောင့် မကောင်းဆိုးဝါးက သူ့ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ပြီး ရူးသွပ်သွားစေခဲ့တာ..."

ပထမတစ်ခုက အမှန်ဖြစ်ပြီး ဒုတိယတစ်ခုက အမှားဖြစ်သည်။ မုန့်ချီက ထိုအရာကို အတည်ပြုရန် ဆန္ဒရှိနေ၏။

ဟွမ်ဖူဖေးကတော့ တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား သူမ၏မျက်နှာလေးက ချက်ချင်းပင် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူမက ဒယိမ်းဒယိုင်ဖြစ်သွားပြီး မေးလိုက်၏။

" တာ တာအိုသခင် အဲဒါက ဘယ်လိုပစ္စည်းမျိုးလဲ…"

"အဲဒါကတော့ လိပ်နက်အမှတ်အသားရှိနေတဲ့ ကျောက်စိမ်းပြားလေးတစ်ခု ဖြစ်မယ်ထင်တယ်…"

သူက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်၏။

ဟွမ်ဖူဖေးက နောက်ကို ခြေ (၂) လှမ်း ဆုတ်သွားမိခဲ့သည်။ သူမက အလွန်ထိတ်လန့် ကြောက်ရွံ့နေသည့် အမူအရာနှင့် နောက်ကို ခြေ (၂) လှမ်း ဆုတ်သွားမိခဲ့၏။

"ကျွန် ကျွန်မက အဲဒါကို ဂိုဏ်းတူအစ်ကိုကြီးဆီ ပေးခဲ့မိတယ်။ သူ သူ…အဆင်ပြေပါ့မလား…"

"ဘယ်လို... အဲဒါကို ချစ်ခြင်းသင်္ကေတအဖြစ် သတ်မှတ်ထားခဲ့တာလား။ တကယ်လို့ ဒါကိုသာ သိသွားမယ်ဆိုရင် ကျန်းဝူအင်ပါယာက သက်ပြင်းချမိလိမ့်မယ်။ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ…"

မုန့်ချီက ကေက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

"အဲဒီကျောက်စိမ်းပြားလေးမှာ မကောင်းဆိုးဝါးတစ္ဆေကို ဖျက်ဆီးနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်။ စွမ်းအားမရှိဘူးဆိုရင် ဝတ်ဆင်ထားတဲ့သူက မကောင်းဆိုးဝါးဝိညာဉ်ရဲ့ ကျိန်စာမိလိမ့်မယ်…"

သူ၏ခံစားချက်များက သက်သာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူခန့်မှန်းထားသည့် အတိုင်း လိပ်နက်ကျောက်စိမ်းပြားလေးကို ယူဆောင်သွားသူက ဟွမ်ဖူတောင် ဖြစ်နေခဲ့၏။

ဟွမ်ဖူဖေးက ပြန်မပြောနိုင်သေးခင် သူက ထပ်ပြောလိုက်သည်။

"ငါက အုတ်ဂူကြီးထဲကို ဝင်သွားခဲ့ပြီး မိုးကြိုးအမှတ်အသားကို တွေ့ခဲ့တယ်။ ပြီးတော့ မိုးကြိုးကျင့်စဉ်ကိုလည်း ရရှိခဲ့တယ်။ ဒါပေမဲ့ ငါက အဲဒါကို နားလည်နိုင်လောက်တဲ့ အစွမ်းမျိုးတော့ မရှိဘူး။ ကံကောင်းထောက်မပြီး ငါက တောင်ထိပ်သခင်ဟွမ်ဖူနဲ့ တွေ့ခဲ့ရတယ်။ မကောင်းဆိုးဝါးဝိညာဉ်က သူ့ကို ထိန်းချုပ်ထားပြီး ဖုတ်ကောင်တစ်ကောင် ဖြစ်နေပေမယ့် သူက အရမ်းအစွမ်းထက်တဲ့အတွက် ရံဖန်ရံခါ အသိစိတ်ပြန်ဝင်လာတယ်။ သူက သူနားလည်ထားတဲ့အရာတွေကိုသုံးပြီး ငါ့ရဲ့ဓားမောက်ပညာကို အကြံပေးခဲ့တယ်။ ပြီးတော့ သူ့ရဲ့ကျောက်စိမ်းပြားလေးကို ပေးခဲ့တယ်။ သူက မင်းတို့ (၂) ယောက်ကို ရှာဖွေဖို့နဲ့ လိပ်နက်ကျောက်စိမ်းပြားလေးကို ယူလာပြီး မကောင်းဆိုးဝိညာဉ်ကိုရှင်းပစ်ဖို့ တာဝန်တစ်ခုလည်း ပေးခဲ့တယ်။ ဒါဆိုရင်တော့ သူက လွတ်မြောက်နိုင်လိမ့်မယ်…"

နောက်ဆုံးစကားလုံးကတော့ အမှန်တရားဖြစ်ပြီး ကတိတစ်ခုလည်း ဖြစ်သည်။ သူတို့က ကွင်းဆက်တာဝန်ကိုသာ ဆက်လက်ဖြေရှင်းနိုင်ပြီး ကျန်းဝူအင်ပါယာ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မည်ဆိုလျှင် မကောင်းဆိုးဝိညာဉ်ကို ဖျက်ဆီးနိုင်ပါလိမ့်မည်။

အကယ်၍ မုန့်ချီကသာ ဟွမ်ဖူဖေးနှင့် သူမ၏အမေဆီမှ ကျောက်စိမ်းပြားလေးကို ယူသွားမည်ဆိုလျှင် သေချာပေါက် ဆက်စပ်နေသည့် ကံတရားများကို ကြုံရပါလိမ့်မည်။

"ငါ့ယောကျ်ားက အသက်ရှင်နေသေးတာလား…"

"အဖေက အသက်ရှင်နေသေးတာလား…"

သခင်မကြီးဟွမ်ဖူနှင့် ဟွမ်ဖူဖေးတို့က အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြသည်။ သူတို့က လိပ်နက်ကျောက်စိမ်းပြားလေးအပေါ် စိုးရိမ်နေခြင်း ရှိပုံမရချေ။

ဟွမ်ဖူတောင်က ရံဖန်ရံခါ သတိပြန်ဝင်လာသည်ဟူသော အချက်ကိုသာ စိုးရိမ်နေကြ၏။ သူတို့က အလွန်စိတ်လှုပ်ရှားနေသည့်အတွက် အသံက ပို၍ကျယ်လာပြီး မုန့်ချီ၏အတားအဆီးကို ချိုးဖောက်လုနီးပါး ဖြစ်သွားခဲ့သည်။

ကြိုးနီမိန်းမပျိုနှင့် ခါးကုန်းကြီးတို့ကလည်း ပျော်ရွှင်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ကယ်တင်ရှင်က အသက်ရှင်နေသေးပြီး ကုသ၍ ရနိုင်နေသေးခြင်းကြောင့် ဖြစ်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"အခုချိန်မှာတော့ သူက မကောင်းဆိုးဝါးဝိညာဉ်ထိန်းချုပ်ထားတဲ့ ဖုတ်ကောင် တစ်ကောင်ပဲ။ ဒမကောင်းဆိုးဝိညာဉ်ကို ဖယ်ရှားနိုင်မယ်ဆိုရင် သူက အသက်ရှင်နိုင်သေးတယ်။ ဒါပေမဲ့ ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်ရဲ့ သက်တမ်းက နှစ်ပေါင်း (၁၈၀) တောင် မရှိဘူး။ တကယ်လို့ သူသာ ဒီလိုပုံစံနဲ့ နောက်ထပ်နှစ်ပေါင်း (၆၀) လောက် ထပ်နေရမယ်ဆိုရင် ကုသလို့မရမှာစိုးရတယ်.."

"ဒီကိစ္စကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မျှော်လင့်ချက်ရှိတာက မျှော်လင့်ချက် မရှိတာထက် ပိုပြီးတော့ ကောင်းပါသေးတယ်"

သခင်မကြီးဟွမ်ဖူ၏ မျက်နှာက နီရဲနေခဲ့သည်။

ဟွမ်ဖူဖေးက ဝင်ပြောလိုက်၏။

"နောက်တစ်ကြိမ် ဂိုဏ်းတူအစ်ကိုကြီးနဲ့ တွေ့တဲ့အချိန်ကျရင် လိပ်နက်ကျောက်စိမ်းပြားလေးကို တာအိုသခင်လေးဆီပေးဖို့ တောင်းလိုက်မယ်…"

သူမ၏အဖေက ထိုကျောက်စိမ်းပြားလေးကို ဂရုတစိုက် စစ်ဆေးနေကြောင်း သူမက မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုအရာကို အဖိုးတန်သည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူမက ချစ်ခြင်း၏သင်္ကေတအဖြစ် ပေးထားခဲ့မိခြင်းဖြစ်သည်။ ထိုအရာကို လကျေးရွာသခင်ကြီးက ယူသွားမှာကို စိုးရိမ်ခဲ့ခြင်းကြောင့် ဂိုဏ်းတူအစ်ကိုကြီး ဟယ်ကန်ရှန့်ကို ပေးလိုက်ခြင်းဖြစ်သည်။

သူက ထိုလျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်နိုင်ပြီး ပြိုင်ဘက်ကင်း သိုင်းပညာတစ်ခုကို ရရှိရန် မျှော်လင့်နေခဲ့၏။ သို့သော် ယခုတော့ ထိုအရာက မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်နှင့် ပတ်သက်နေသည်ဟု သိလိုက်ရသည့်အတွက် သူမချစ်သူ၏အသက်ကို မစွန့်စားနိုင်ပေ။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူမက မုန့်ချီကို လုံးဝယုံကြည်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်ချက်များက မှန်ကန်ခြင်းရှိမရှိ မည်သူကမျှသက်သေမပြနိုင်ပေ။

ထိုကျောက်စိမ်းပြားလေးက မကောင်းဆိုးဝါဝိညာဉ်နှင့် အမှန်တကယ် ပတ်သက်နေကြောင်း မည်သူကမျှမသိချေ။ သို့သော် သူက အုတ်ဂူထဲသို့ ဝင်သွားခဲ့ပြီး ဟွမ်ဖူတောင်နှင့် အမှန်တကယ် တွေ့ခဲ့ဖူးပုံရ၏။ ကျောက်စိမ်းပြားလေး၏ အရေးပါမှုကို သိလိုက်ရသည့်အတွက် သူမတို့ကို လှည့်စားရန် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်သို့ ရောက်လာပြီး မကောင်းဆိုးဝိညာဉ်နှင့် ပတ်သက်နေသည်ဟု ပြောလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

တူညီသောနည်းလမ်းနှင့် ပြောရမည်ဆိုလျှင် ကုသ၍မရနိုင်သော ရောဂါရထားသော လူနာတစ်ယောက်က နောက်ဆုံးကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားတတ်ကြသည်။ ဟွမ်ဖူတောင်ကို ကုသ၍ ရနိုင်သေးကြောင်း ကြားလိုက်ရသည့်အခါ ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့က အဖျားတက်နေသော လူနာကဲ့သို့ ဖြစ်နေ၏။ သူတို့ပုံစံက အရာအားလုံးကို စွန့်လွှတ်မည့်ပုံရှိနေသည်။

Translated by Hein Htet

All Chapters