အခန်း (၃၇၈)
Vol. 26 Ch. 378
"ကောင်းပြီလေ ... "
မုန့်ချီက ကျယ်လောင်စွာ ပြောလိုက်သည်။ သူက သူ့ကိုယ်သူ အချိန်မီ ထိန်းချုပ်နိုင်ခဲ့သည်မှာ ကံကောင်းသွား၏။
သူက တိုက်ရိုက်ပြန် မဖြေခဲ့ဘဲ ပြောလိုက်သည်။
"အလျင်လိုစရာ မလိုပါဘူး။ ပထမဆုံး လက်ရှိအခြေအနေကိုပဲ အရင်ဆုံး စဉ်းစားကြမယ်။ ကျွန်တော်တို့က မိနစ်ပိုင်းအတွင်း နတ်ဘုရားစုစည်းခြင်း တောင်ထိပ်ကနေ ထွက်သွားသင့်တယ်။ အဲဒီအပြင် မိုးကြိုး(၅)သွယ် ကျင့်စဉ်နှင့် ကောင်းကင်ည လှံသိုင်းပညာကိုလည်း လကျေးရွာသခင်ကြီးနဲ့ တခြားလူတွေအတွက် ချန်ထားခဲ့လို့မရဘူး…"
ထိုကဲ့သို့ သဘောထားကြောင့် ဟွမ်ဖူဖေးနှင့် သူမ၏ အမေက သူ့ကို ပို၍ ယုံကြည်လာခဲ့သည်။ တာအိုသခင် ချင်းယွင်က ကရုဏာတရားကို အမှန်တကယ် အလေးထားသည်ဟုလည်း တွေးခဲ့ကြ၏။
"လကျေးရွာက သိုင်းပညာတွေ ထုတ်ပေးဖို့ တောင်းဆိုနေတဲ့အတွက် ကျွန်မက မိုးကြိုး(၅)သွယ် ကျင့်စဉ်နဲ့ ကောင်းကင်ည လှံသိုင်းပညာ သိုင်းကျမ်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ အခု ကျွန်မနဲ့ ကျွန်မအမေရဲ့ ခေါင်းထဲမှာပဲ ရှိတော့တယ်…"
ဟွမ်ဖူဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ချီက အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။
"တခြား တပည့်တွေကရော … "
"ကျွန်မအဖေက သူတို့တွေကို လုံးဝ ရည်မှန်းချက် ကြီးမလာစေချင်ဘူး။ ဒါကြောင့် သူတို့ကို ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းပညာတစ်စိတ်တစ်ပိုင်းကိုပဲ သင်ကြားပေးခဲ့တယ်…"
ဟွမ်ဖူဖေးက ရှင်းပြလိုက်သည်။
"ဒါဆိုရင် ငါက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး သိုင်းကွက်ကို ပြည့်စုံဖို့အတွက် နင့်ကို လိုဦးမှာပေါ့။ ဒါပေမဲ့ ငါက အလဲအလှယ်လုပ်ဖို့ ဘာပြန်ပေးရင် ကောင်းမလဲ … "
မူလစကားများနှင့် သုံးသပ်ချက်များအရ ဓမ္မကာရအဆင့် သိုင်းကွက်များကို ပြည့်စုံအောင်လုပ်ရန် အဓိက အချက်ကတော့ မိုးကြိုး (၅)သွယ် ကျင့်စဉ်နှင့် ကောင်းကင်ည လှံသိုင်းပညာဖြစ်ကြောင်း မုန့်ချီက သေချာသိနေသည်။
ခေါင်းညိတ်ပြလိုက်ပြီးနောက် သူက အသံတိုးတိုးနှင့်ပြောလိုက်၏။
"တကယ်လို့ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က အသစ်ပြန်စချင်တယ်ဆိုရင် တပည့်တွေကိုတော့ လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးနဲ့ မိန်းကလေးရဲ့ အမေက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် လုံးဝ မဖြစ်နိုင်ဘူး။ မိန်းကလေး ဟွမ်ဖူ ဘယ်တပည့်တွေကို ယုံကြည်လို့ရလဲ…"
"သူတို့တွေကို အရင်ထွက်သွားဖို့ ကြိုးနီ မိန်းမပျိုနှင့် ခါးကုန်းကြီးတို့ကနေ တစ်ဆင့် စာပို့ခိုင်းလိုက်လို့ရတယ်။ ပြီးတော့ သူတို့ကို စီစဉ်ထားတဲ့ နေရာမှာ လာတွေ့ခိုင်းလိုက်ပေါ့…"
ဟွမ်ဖူဖေးက ဝမ်ဟန်းရွှေ၏ အာရုံကို ဆွဲဆောင်ထားသည့်အတွက် တခြားတပည့်များက ထွက်သွားရန် ပို၍ လွယ်ကူနိုင်သည်။
ဟွမ်ဖူဖေးက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။
"အခက်အခဲ တွေ့တဲ့အချိန်မှာ သင်ခန်းစာတွေ အများကြီးရခဲ့တာပဲ။ ဒီကာလမှာ ကျွန်မက လူတွေအများကြီးကို နားလည်သွားတယ်။ ဂိုဏ်းတူ အစ်ကိုကြီး ၊ ချီရှောင်ချုံ၊ ရှရန်ယွင်နဲ့ အစ်မကြီးဟွမ်လင်းတို့ကိုပဲ ယုံကြည်လို့ ရနိုင်တယ်။ သူတို့ရဲ့အစွမ်းနဲ့ အရည်အချင်းကလည်း တော်တော်လေး မြင့်တယ်။ အချိန်ပေးလိုက်မယ်ဆိုရင် သူတို့က တံခါး (၉) ပေါက် အဆင့်ကို ရောက်ဖို့ မခက်ဘူး။ သူတို့က ဝေ့ကျင်း တစ်ဝက်အဆင့်တောင် ရောက်နိုင်တယ်…"
သူမ၏ ဂိုဏ်းတူအစ်ကိုကြီး ဟယ်ကန်ရှန့်ကတော့ ဟွမ်ဖူတောင်၏ ပထမဆုံး တပည့် တစ်ယောက်ဖြစ်သည့်အတွက် အဘက်ဘက်တွင် အရမ်းအစွမ်းထက်သည်။
မုန့်ချီက ကြိုးနီ မိန်းမပျိုနှင့်ခါးကုန်းကြီးတို့ကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"လက်ရှိအချိန်မှာ ဝမ်ဟန်းရွှေ၊ သွေးစိမ်းနဂါးဘုရင်နဲ့ တခြားလူတွေက ကျုပ်ရယ် ၊ မိန်းကလေးဟွမ်ဖူနဲ့ သခင်မကြီး ဟွမ်ဖူတို့ကိုပဲ အလေးထားနေမှာ။ တကယ်လို့ မင်းတို့ကသာ သိုသိုသိပ်သိပ် နေမယ်ဆိုရင် သူတို့က သတိထားမိမှာ မဟုတ်ဘူး။ ပြီးရင်တော့ မိန်းကလေးဟွမ်ဖူရဲ့စာနဲ့အတူ ချီရှောင်ချုံနဲ့ တခြားသူတွေဆီကို သွားပြီး သူတို့ကို ကြိုတင်စီစဉ်ထားတဲ့ မြို့မှာ လာတွေ့ဖို့ ခိုင်းလိုက်ပါ…”
“သူတို့ထွက်သွားပြီးတဲ့ အချိန်ကျရင် သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေဖို့လည်း မမေ့ပါနဲ့ ။ လကျေးရွာ သခင်ကြီးက သူတို့တွေကြားထဲမှာ သူလျှိုတစ်ယောက် ထည့်ထားနိုင်တယ်။ အဲဒီသူလျှိုကလည်း တော်တော်လေးကို သစ္စာရှိမယ်ထင်တယ်။ ဒါကြောင့် မင်းတို့က အခြေအနေသိရပြီဆိုရင် သူတို့ရဲ့နောက်ကို နောက်ယောင်ခံလိုက်တာကို ရပ်ပြီး သူတို့ထက် အရင် မြို့ထဲကို သွားရမယ်။ ပြီးရင်တော့ မင်းတို့က မြို့တံခါးမှာ … "
အမိန့်ပေးလိုက်ပြီးနောက် သူတို့ ခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ မုန့်ချီက ဟွမ်ဖူဖေးကို မေးလိုက်သည်။
"တကယ်လို့ မိန်းကလေးဟွမ်ဖူက စာ(၃)စောင် ရေးပေးနိုင်မယ်ဆိုရင်တော့ သခင်လေးချီနဲ့ တခြားသူတွေဆီကို စာပို့ဖို့အတွက် ကြိုးနီမိန်းမပျိုကို ခိုင်းလိုက်ပါ့မယ်"
ဟွမ်ဖူဖေးက စားပွဲခုံဆီသို့ လျှောက်သွားပြီး စာများကို ရေးချလိုက်သည်။ ရေးလိုက်ပြီးနောက် သူမက လျှို့ဝှက်အမှတ်အသားများ ချန်ထားပြီး မုန့်ချီကို ပြောလိုက်သည်။
"ကျွန်မအဖေက လူအနည်းစုပဲ သိတဲ့ လျှို့ဝှက်စခန်းတွေ အများကြီး ဆောက်ထားတယ်လို့ ပြောခဲ့တယ်။ ဒါကတော့ အဲဒီအရာတွေထဲက တစ်ခုပဲ…"
ကြိုတင်ပြင်ဆင်နေသည့်အချိန်တွင် မုန့်ချီ၏ စိတ်ဝိညာဉ်နှင့် စွမ်းအားကတော့ ပြည့်လုနီးပါး ပြန်ကောင်းလာကြောင်း ခံစားမိခဲ့သည်။ သူက ဟွမ်ဖူဖေးကို ပြောလိုက်၏။
"ဝမ်ဟန်းရွှေက စိတ်မရှည်နိုင်ဖြစ်နေလောက်ပြီ။ အရင်ဆုံး အပြင်ကို ထွက်ကြစို့။ ငါပြောတဲ့အတိုင်းပဲ လုပ်ဖို့ မမေ့ပါနဲ့…"
ဟွမ်ဖူဖေးက ခေါင်းညိတ်ပြလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"တာအိုသခင် ချင်းယွင် … ဘယ်လို အစီအစဉ်မျိုး ရှိနေတာလဲ … "
သူက အလွန်အမင်း အစွမ်းထက်သော်လည်း အစောင့်အရှောက် (၂)ယောက်နှင့် တခြားပညာရှင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဖောက်ထွက်ရန် လုံးဝ မဖြစ်နိုင်ပေ။
မုန့်ချီက အပြုံးနှင့် အေးအေးဆေးဆေး ပြောလိုက်၏။
"မိန်းကလေးဟွမ်ဖူ …
ဘာမှစိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော့်ဆီမှာ လှည့်ကွက်တွေ ရှိပါသေးတယ်…"
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေလှိုင်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး တံခါးဆီသို့ ထွက်ခွာသွားခဲ့သည်။
မုန့်ချီ၏ လုပ်ဆောင်ချက်များကြောင့် ဟွမ်ဖူဖေးကလည်း အပြင်ဘက်တွင် အန္တရာယ်မရှိသည့်အလား ယုံကြည်ချက်ရှိလာခဲ့သည်။
မုန့်ချီက တံခါးဆီကို လက်လှမ်းလိုက်သည့်အချိန်တွင် တစ်ယောက်တည်း ပြုံးလိုက်၏။
"ခွန်အားသုံးရတာကလွဲရင် ငါ့မှာ ဘယ်လိုအစီအစဉ်မျိုး ရှိနိုင်ဦးမှာလဲ။ ဒါပေမဲ့ အဲဒီအရာတွေကို တခြားလူတွေ သိဖို့ မလိုဘူး။ တကယ်လို့ ဟွမ်ဖူဖေးကသာ ပုံမှန်မဟုတ်ဘူးဆိုရင် ဝမ်ဟန်းရွှေကို သတိပေးလိုက်သလို ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် သေချာပေါက် ကျရှုံးရမှာပဲ…"
……………..
အခန်းထဲမှ မည်သည့်အသံမျှ ထွက်မလာသည့်အတွက် ဝမ်ဟန်းရွှေက မတည်မငြိမ် ဖြစ်လာခဲ့သည်။ သို့သော် မုန့်ချီ ပြသလိုက်သော အစွမ်းကို ကြောက်လန့်နေသည့်အတွက် သူကိုယ်တိုင် ဖိအားပေးခဲ့ခြင်း မရှိသလို သွေးစိမ်းနဂါးဘုရင်ကို ခိုးနားထောင်ရန်လည်း ဖိအားမပေးခဲ့ပေ။
ထိုအချိန်တွင် တံခါးပွင့်လာပြီး အပြာရောင်တာအိုသခင် ဝတ်စုံဝတ်ထားသော မုန့်ချီ ထွက်လာခဲ့သည်။ သူက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။
"ဒကာလေးဝမ် …
မိန်းကလေးဟွမ်ဖူက စိတ်ပြောင်းသွားပြီ။ ဒါကြောင့် မင်းက ငါ့ကို စိန်ခေါ်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ဘိုးဘေးတွေကို အရင်ဆုံး ဂါရဝမပြုဘဲ လက်ထပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ တကယ်လို့ မင်းကသာ သူ့ကို လက်ထပ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ဘိုးဘေးတွေကို အရိုအသေပေးဖို့အတွက် ဘိုးဘေးခန်းမကို သူနဲ့အရင်ဆုံး သွားသင့်တယ်…"
ထိုစကားကို ကြားသည့်အချိန်တွင် ဝမ်ဟန်းရွှေက ချက်ချင်းပင် စိတ်အေးသွားခဲ့သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော တာအိုသခင် ချင်းယွင်ကို အနိုင်ရယူခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဘိုးဘေးများကို အရိုအသေပေးရခြင်းက ခက်ခဲသော တောင်းဆိုမှုတစ်ခု မဟုတ်ချေ။
ပြောရမည်ဆိုရင် မိန်းကလေးဟွမ်ဖူကို လက်ထပ်လိုက်ပြီးနောက် သူမ၏ မိသားစုသို့ ပြန်လာလည်သည့် အချိန်တိုင်း သူတို့ကို အရိုအသေပေးရမည်သာဖြစ်သည်။ သူမက အစီအစဉ်ထက် စော၍ ခေါ်လိုက်ခြင်းသာဖြစ်၏။ သူကသာ လကျေးရွာကို အရှက်မရစေဘဲ မိန်းကလေး ဟွမ်ဖူကို လက်ထပ်နိုင်မည်ဆိုလျှင် ထိုအရာက သူနှင့် သူ့အဖေအတွက် ကိစ္စကြီးတစ်ခု မဟုတ်ပေ။
"မိန်းကလေးဟွမ်ဖူရဲ့ နာမည်က နေရာတိုင်းမှာ ကျော်ကြားတယ်။ သူ့ရဲ့စွမ်းရည်ကလည်း တော်တော်မြင့်တယ်။ တကယ်လို့ ငါသာ ဒီလိုပြီးပြည့်စုံတဲ့ မိန်းကလေးမျိုးကို လက်ထပ်နိုင်မယ်ဆိုရင် သူ့ရဲ့ဘိုးဘေးတွေကို သေချာပေါက် အရိုအသေပေးရမှာပေါ့… "
သူက ဦးညွှတ်လိုက်သည်။ သူတို့ဘိုးဘေးများ၏ ဒေါသများကိုတော့ အနိုင်ရသူ တစ်ယောက်ဖြစ်သည့် သူက လုံးဝ မတွေးခဲ့ပေ။
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ဟွမ်ဖူဖေးကို ထွက်လာရန် အချက်ပြလိုက်သည်။ ဟွမ်ဖူဖေးက တခြားသော သတို့သမီးများကဲ့သို့ သူမ၏ မျက်နှာကို ဖုံးကွယ်ထားခဲ့ခြင်း မရှိပေ။
အလွန်လှပသော မျက်နှာလေးကို မြင်လိုက်ရသည့်အချိန်တွင် ဝမ်ဟန်းရွှေ၏ ရင်ထဲ၌ မီးတောက်များ လောင်ကျွမ်းနေသလို ခံစားနေရသည်။ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။ သူ၏ အစစ်အမှန် ရည်ရွယ်ချက်က မိုးကြိုးကျင့်စဉ် (၅)သွယ်နှင့် ကောင်းကင်ည လှံသိုင်းပညာတို့ကို ရယူရန် ဖြစ်သော်လည်း အလွန်လှပသော မိန်းကလေးတစ်ယောက်ကို လက်ထပ်ရခြင်းက မထင်မှတ်ထားသော ပျော်ရွှင်မှု တစ်ခုဖြစ်သည်။
"ကျေးဇူးပြုပြီး လိုက်ခဲ့ပါ…"
မုန့်ချီက သူတို့နှစ်ယောက်၏ ကြားထဲတွင် ရပ်လိုက်ပြီး ဝမ်ဟန်းရွှေကို ဘိုးဘေးခန်းမထဲသို့ လိုက်လာရန် အချက်ပြလိုက်သည်။
သွေးစိမ်းနဂါးဘုရင်နှင့် မျက်ခုံးနီ ဓားမောက်ဘုရင်တို့ကလည်း ဝမ်ဟန်းရွှေ၏ ဘေးနှစ်ဖက်မှနေ၍ ကပ်လိုက်လာခဲ့ကြ၏။ အနားတွင် ရှိနေသော တာအိုသခင် ချင်းယွင်ကို နားလည်ရန် ခက်ခဲသည့်အတွက် သူတို့က သတိမလွတ်ရဲကြပေ။
သခင်မကြီးဟွမ်ဖူနှင့် မိန်းကလေး ဟွမ်ဖူတို့ နှစ်ယောက်စလုံးကတော့ မုန့်ချီကို ယုံကြည်နေကြသည့်အတွက် စကားတစ်ခွန်းမျှမပြောဘဲ သူ့နောက်မှ လိုက်လာခဲ့ကြသည်။
စံအိမ်များ ၊ ရေကန်ကြီးများ ၊ လေတိုက်ခတ်နေသော စြင်္ကံလမ်းများကို ဖြတ်ကျော်သွားပြီးနောက် ဘိုးဘေးခန်းမ ရှိနေသော ခြံဝန်းက သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
နောက်ဆုံး စြင်္ကံကတော့ ရှည်လျားမှု မရှိချေ။ ထိုစြင်္င်္ကံက စက်ဝိုင်းပုံဖြစ်နေပြီး ဘေးနှစ်ဖက်တွင် ကြာပန်းရေကန်နှစ်ခုရှိသည်။ သူတို့က အချိုးအကွေ့တစ်ခုသို့ ရောက်သည့်အချိန်၌ သွေးစိမ်းနဂါးဘုရင်က အလစ်ချောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ရှေ့မှ အရင်ဆုံး လျှောက်လာတတ်သည်။ မျက်ခုံးနီဓားမောက် ဘုရင်ကတော့ ဝမ်ဟန်းရွှေကို ဘေးမှ ကာကွယ်နေခဲ့၏။
"ဒကာလေးဝမ် … "
ထိုအချိန်တွင် မုန့်ချီက ရုတ်တရက် စကားပြောလိုက်၏။ လူတိုင်း၏ မျက်လုံးက သူ့ကို အာရုံစိုက်ပြီး သူပြောသည့်စကားကို နားထောင်နေသည့်အချိန်တွင် မုန့်ချီကတော့ အရိပ်တစ်ခုအလား ဝမ်ဟန်းရွှေဆီကို ပြေးဝင်သွားခဲ့၏။
သူ ရွေးချယ်လိုက်သည့်နေရာက သွေးစိမ်းနဂါးဘုရင်အစား မျက်ခုံးနီ ဓားမောက်ဘုရင်ဖြစ်သည်။
"ငါတို့ လှည့်စားခံရပြီ…”
မျက်ခုံးနီ ဓားမောက်ဘုရင်က အတွေ့အကြုံ အလွန်များသည့်အတွက် မုန့်ချီ၏ အစီအစဉ်ကို ချက်ချင်း နားလည်သွားခဲ့၏။ သူက ဒေါသထွက်သွားသည့်အတွက် သူ၏ ဓားမောက်နှင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။
ဓားမောက်အရှိန်အဝါများက အလွန်ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့၏။ ထိုအရာက အလွန်ကြောက်စရာကောင်းသော စွမ်းအားများနှင့် မုန့်ချီကို ဝါးမြိုပစ်တော့မလို ထင်မှတ်ရ၏။ သူက စဉ်းစားမနေဘဲ ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး သိုင်းကွက်ကို သုံးလိုက်ခြင်းဖြစ်သည်။
အကယ်၍ သူသာ ခဏကြာ ထိန်းချုပ်နိုင်မည်ဆိုလျှင် သို့မဟုတ် မုန့်ချီကို ရှောင်တိမ်းအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် သွေးစိမ်းနဂါးဘုရင်နှင့် ပူးပေါင်းပြီး မုန့်ချီကို တိုက်ခိုက်၍ ရနိုင်သည်။
အလွန်သန့်စင်သော ဓားအလင်းရောင်က အနီရောင်ပြောင်းလဲသွားခဲ့၏။ ပတ်ပတ်လည်တွင် အနီရောင်မီးတောက်များ စီးဆင်းနေသည့်ဓားချက်ကလည်း တည့်တည့်ရောက်လာခဲ့၏။
"ချွင်… "
ဓားမောက်နှင့် ဓားရှည်တို့ ရင်ဆိုင်လိုက်မိပြီး ဓားသွားက ရပ်တန့်သွားခဲ့သည်။ အနီရောင်ဓားချီစွမ်းအင်များကလည်း ပျက်စီးသွားခဲ့ပြီး သူတို့စတင်ခဲ့သည့် နေရာသို့ တစ်ခုချင်းဆီ ပြန်ကန်သွားခဲ့သည်။
သို့သော် မုန့်ချီကတော့ အလွန်ထူးဆန်းသော အမူအရာနှင့် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူက နောက်ဆုတ်ရမည့်အစား ရှေ့ကိုသာ တိုးသွားခဲ့၏။ ထို့နောက် သူက မျက်ခုံးနီဓားမောက်ဘုရင်ကို သွေးနှင့် လှမ်းထွေးလိုက်ပြီး ဝမ်ဟန်းရွှေအနားသို့ ကပ်သွားခဲ့သည်။ စွမ်းအားများကို စုစည်းရန်အတွက် ရရှိခဲ့သော အတွင်းဒဏ်ရာများကိုပင် သူက ဂရုမစိုက်တော့ချေ။
သွေးစိမ်းနဂါးဘုရင်က မျက်နှာပျက်သွားပြီး နောက်သို့ နှစ်လှမ်း ဆုတ်သွားလိုက်ပြီးနောက် လက်ဝါးနှင့် ရိုက်ချလိုက်၏။ ပတ်ပတ်လည်မှနေ၍ အေးစက်သော လေလှိုင်းများ တိုက်ခတ်လာပြီး နေရာတိုင်းတွင် မီးတောက်များ ထွက်ပေါ်လာသည်။ အေးစက်မှုများက မုန့်ချီ၏ပင်မဝိညာဉ်ထဲသို့ ထိုးဖောက်လာပြီး ထိုစွမ်းအားက အလွန်ကြောက်စရာကောင်း၏။
"သွားသေလိုက်စမ်း … "
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခရမ်းရောင်လျှပ်စီးကြောင်းများကို အသက်သွင်းလိုက်သည်။ သူ့အသံထဲတွင် မိုးကြိုးစွမ်းအားများ ပါဝင်နေခဲ့၏။
ထွက်ပြေးရန် ကြိုးစားနေသော ဝမ်ဟန်းရွှေကတော့ အသံကြောင့် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး စိတ်ထဲတွင် ဝေဝါးသွားခဲ့သည်။ တစ်ချိန်တည်းတွင် မုန့်ချီက ညာလက်တွင် ကိုင်ထားသော ဓားမောက်ကို လှုပ်ရှားလိုက်၏။
ဓားမောက် အရှိန်အဝါက လှုပ်ရှားလာပြီး မိုးကြိုးများကလည်း အလွန်ကြောက်စရာကောင်းသော စွမ်းအားများ စုစည်းလာသည်။ ထိုတိုက်ခိုက်မှုက မျက်ခုံးနီဓားမောက်ဘုရင်၏ တိုက်ခိုက်မှုကို စုပ်ယူပြီး သူ၏ကိုယ်ပိုင်ချီစွမ်းအင်များနှင့် ပေါင်းစပ်ကာ မြစ်ခွဲခြင်းဓားသိုင်းပညာ အနှစ်သာရကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
"ဘုန်း … "
အေးစက်သော လေလှိုင်းများက ဦးတည်ချက် ပြောင်းသွားပြီး မီးတောက်များက လောင်ကျွမ်းမှု ရပ်တန့်သွားသည်။ သူ၏အစွမ်းနှင့် မျက်ခုံးနီဓားမောက်ဘုရင်၏ စွမ်းအားတစ်ဝက် ပေါင်းစည်းထားခြင်းက သွေးစိမ်းနဂါးဘုရင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိသော်လည်း အများစုကတော့ ပျက်ပြယ်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏ညာလက်၌ ရှိနေသော အင်္ကျီက အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့၏။ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်အငွေ့အသက်များက အနည်းငယ် မှေးမှိန်သွားသော်လည်း တောက်ပနေသေးသည်။
မုန့်ချီက ရပ်တန့်နေခြင်း မရှိဘဲ ဝမ်ဟန်းရွှေဆီသို့ ပြေးဝင်သွားခဲ့၏။ သူက ဝမ်ဟန်းရွှေ၏ ပုခုံး ၊ တံတောင်ဆစ်နှင့် ဒူးကို သွေးကြောတိုက်ခိုက်ရေး လက်ညှိုးသိုင်းနှင့် တိုက်ခိုက်လိုက်သည်။
ဝမ်ဟန်းရွှေ တုံ့ပြန်နိုင်ခြင်း မရှိခင် မုန့်ချီက သူ၏ သွေးကြောကို ပိတ်လိုက်၏။ ထို့နောက် သူက ဝမ်ဟန်းရွှေ၏ နောက်သို့ ရောက်သွားပြီး သွေးစိမ်းနဂါးဘုရင် တိုက်ခိုက်မည့်ဘက်သို့ ဦးတည်ပေးလိုက်သည်။
ထွက်ပေါ်လာသော တိုက်ခိုက်မှုကြောင့် အနီးအနားတွင် ရှိနေသော စြင်္ကံလမ်းများက ပျက်စီးသွားပြီး ရေကန်ကြီးကလည်း လှုပ်ရှားလာခဲ့သည်။ သူ့ဓားနှင့် ဝမ်ဟန်းရွှေ၏ လည်ပင်းပေါ်သို့ တင်ထားသည့်အချိန်တွင် မုန့်ချီ၏ အပြုံးက ပျောက်ကွယ်သွားပြီး သူ၏အမူအရာက အေးစက်လာသည်။
"ဒကာကြီးနဂါးဘုရင် …
ကျေးဇူးပြုပြီး သခင်မကြီးဟွမ်ဖူ ၊ မိန်းကလေးဟွမ်ဖူနဲ့ ငါ ထွက်သွားဖို့အတွက် မြင်းလှည်းတစ်စီး ပြင်ဆင်ပေးပါ…"
"ရပ်လိုက်စမ်း…။ တကယ်လို့ တစ်ယောက်ယောက်ကသာ မိန်းကလေးဟွမ်ဖူနဲ့ သခင်မကြီးဟွမ်ဖူရဲ့အနားကို ကပ်ဖို့ကြိုးစားမယ်ဆိုရင် ငါ့ဓားက ပျော်ပျော်ကြီး သွေးသောက်လိုက်ရလိမ့်မယ်…"
တခဏအတွင်း ပြောင်းလဲလာမှုများက အလွန်အမင်းကို အရေးပါသည်။ သို့သော် မုန့်ချီကို ရှုံးနိမ့်ခဲ့ရသည့်အတွက် မျက်ခုံးနီ ဓားမောက်ဘုရင်နှင့် သွေးစိမ်းနဂါးဘုရင်တို့၏ အရှိန်အဝါက လျော့ကျနေခဲ့သည်။ ထို့ကြောင့် သူတို့က အစွမ်းကုန် တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိချေ။ သူ့ပုံစံက အလွယ်တကူ မနိုင်ရလိုက်သလို ထင်မှတ်ရ၏။ မဟုတ်လျှင် သူက ပို၍ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်သည်။
ထိုအရာက မုန့်ချီ၏ အစီအစဉ်လည်းဖြစ်၏။ သူက အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ် ၊ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကို အသုံးပြုနိုင်သည့်အတွက် ဓားစာခံလုပ်ပြီးဒဏ်ရာများကို ကုသရန် အခွင့်အရေးရှိသည်။
အချိန်က အလွန်နီးကပ်နေသည့်အတွက် သူက ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို စဉ်းစားနေရန် အချိန် မရှိခဲ့ပေ။ သူ လုပ်နိုင်သည်မှာ အတင်းအကြပ် ထိုးဖောက်ရန်သာ ရှိ၏။ မဟုတ်လျှင် တစ်စုံတစ်ယောက်ကို ဓားစာခံလုပ်လိုက်ခြင်းက ပို၍ အကျိုးသက်ရောက်မှုရှိသည်။
Translated by Hein Htet.