အခန်း (၃၇၉)
Vol. 26 Ch. 379
ထိုအဖြစ်အပျက်များက အလွန်ကြောက်စရာကောင်းသော အခြေအနေနှင့် အဆုံးသတ်သွားခဲ့သည်။ သွေးစိမ်းနဂါးဘုရင်နှင့် မျက်ခုံးနီဓားမောက်ဘုရင်တို့၏ အနားတွင် ရှိနေသော လူတိုင်းက အံ့သြထိတ်လန့်စွာ ရပ်နေမိကြ၏။
အလွန်တည်ငြိမ်အေးချမ်းသော ဘိုးဘေးကန်တော့ပွဲက လှည့်စားမှုတစ်ခုအဖြစ် အဆုံးသတ်သွားပြီး သခင်လေးဝမ်ကတော့ ဓား ထောက်ခံထားရခြင်းပေလော။
သခင်မလေးဟွမ်ဖူနှင့် သခင်မကြီးဟွမ်ဖူတို့ကပင် တူညီစွာခံစားနေရ၏။ ထိုအရာက တာအိုသခင်ချင်းယွင်၏ ကောင်းမွန်လွန်းလှသော အစီအစဉ်တစ်ခုပေလော။ သို့သော် ထိုသို့လုပ်ဆောင်ရန် သူ့ဆီတွင် အစောင့်အရှောက်(၂)ယောက်၏ကြားထဲမှ ဝမ်ဟန်းရွှေကို ဖမ်းဆီးနိုင်သည့် အစွမ်းမျိုး ရှိနေရန် လိုအပ်သည်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုအရာက သူတို့ထွက်ပြေးရန် အားကိုးနိုင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ အကယ်၍ သူတို့သာ အောင်မြင်သွားမည်ဆိုလျှင်တော့ ထိုအရာက အဆင်ပြေသည်ဟု သတ်မှတ်နိုင်၏။
သွေးစိမ်းနဂါးဘုရင်က မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ဒေါသကြောင့် သွေးများ ဆူပွက်လာခဲ့၏။ သူက လုံးဝကို ရှင်းရှင်းလင်းလင်း ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်ပြီး ယခုမှ ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိသေးသော လူတစ်ယောက်၏ လက်ထဲတွင် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဝေ့ကျင်းတစ်ဝက်အဆင့် အစောင့်အရှောက်တစ်ယောက် ဖြစ်သည့်အတွက် ယခုသူက သူ့မျက်စိရှေ့တွင် သူ့သခင်လေး ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းကို ခွင့်ပြုလိုက်ရသည်။ အပြစ်ရှိသလို ခံစားမှုနှင့် အရှက်ခွဲခံရသလို ခံစားမှုများအားလုံးက သူ့ကို ထိုးနှက်နေခဲ့၏။လကျေးရွာသခင်ကြီးက သူ့ကို အပြစ်မပေးခင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပင် ပေါ်လာခဲ့၏။
အကယ်၍ ထိုသတင်းသာ ပြန့်နှံ့သွားမည်ဆိုလျှင် သူ၏ဂုဏ်သတင်းက သေချာပေါက် ထိခိုက်သွားရပါလိမ့်မည်။ သူက ဂုဏ်သတင်းနှင့် ကျော်ကြားမှုကို မက်မောသူတစ်ယောက် မဟုတ်သော်လည်း အနည်းဆုံးတော့ သူ့နာမည်ကို ကြားသည့်အချိန်တိုင်း လေးစားကြောက်လန့်မှုများ လိုချင်ခဲ့သည်။ သို့သော် ယနေ့မှစ၍ ထိုနာမည်ကို ပြောသည့်အချိန်တိုင်း လူတိုင်းက လှောင်ပြောင်သရော်နေကြပါတော့မည်။
သူက ချက်ချင်း ပြန်မဖြေနိုင်ခဲ့ပေ။ သူက ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့ကို ဓားစာခံအဖြစ်ဖမ်းပြီး အခြေအနေ ပြောင်းလဲနိုင်ခြင်း ရှိမရှိ စဉ်းစားနေခဲ့သည်။ ထိုသို့ဆိုလျှင် အခြေအနေက ပို၍လွယ်ကူသွားနိုင်၏။
သို့သော် သူ့အတွေးများကိုပင် မုန့်ချီက ကြိုတင်တွက်ချက်ထားခဲ့သည်။ သူက အပြုံးနှင့် မေးလိုက်၏။
"ငါက သူ့ကို တကယ်ပဲ မသတ်ရဲဘူးလို့ မင်းတို့(၂)ယောက်က ထင်နေတာလား။ သခင်မကြီးဟွမ်ဖူနဲ့ သခင်မလေးဟွမ်ဖူတို့က ငါနဲ့ ဘာမှမပတ်သက်ဘူး။ သူတို့က ငါ့မိတ်ဆွေတွေ မဟုတ်သလို ငါ့မိသားစုတွေလည်း မဟုတ်ဘူး။ ငါက ဆရာကြီးဟွမ်ဖူရဲ့ ကျေးဇူးတရားကိုပဲ ပြန်ပေးဆပ်ဖို့ ကြိုးစားနေတာ။ ငါ့ရဲ့အသက်ကိုတော့ လုံးဝအထိခိုက်ခံမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့သေသွားမယ်ဆိုရင်တောင် ငါက သူတို့အတွက် လက်တုံ့ပြန်ဖို့အတွက် ဒကာလေးဝမ်ရဲ့လည်ပင်းကို ဓားနဲ့ဖြတ်ပစ်ရမှာပဲ။ ပြီးရင်တော့ ငါက နောက်ထပ်သွေးနဲ့ လက်တုံ့ပြန်ပေးရလိမ့်မယ်…"
သူက ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့ကို သူ့အနားကပ်နေရန် အချက်ပြလိုက်သည်။ သူ့ဓားသွားကတော့ ဝမ်ဟန်းရွှေ၏ လည်ပင်းထဲသို့ အနည်းငယ် နစ်မြုပ်လာသည့်အတွက် ဒဏ်ရာမှ သွေးများ စီးကျလာခဲ့သည်။ အလွန်အေးစက်သော သူ၏လေသံက တခြားသူများ၏အသက်ကို ဂရုမစိုက်သလို ထင်ရ၏။
သွေးများ စီးကျလာသည်ကို မြင်လိုက်ရသည့်အခါ အစောင့်အရှောက် (၂)ယောက်က မျက်လုံးပြူးထွက်လာခဲ့ပြီး ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့ကို မသက်မသာ စိုက်ကြည့်နေမိကြသည်။ သူတို့၏သခင်လေးက မျက်စိရှေ့တွင် အသတ်ခံရခြင်းမျိုးကို သူတို့က ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
သိုင်းလောကတွင် အတွေ့အကြုံရှိသော မြေခွေးအိုကြီးများ ဖြစ်သည့်အတွက် မုန့်ချီက သခင်မကြီးဟွမ်ဖူနှင့် သခင်မလေးဟွမ်ဖူတို့ကို အမှန်တကယ် ဂရုစိုက်သည့် အခြေအနေတစ်ခုလည်းရှိနေသည်။ သို့သော် သူတို့က ထိုအရာကို အလောင်းအစား မလုပ်နိုင်ပေ။
မည်သို့ဖြစ်စေကာမူ ထိုအရာက သူတို့သခင်လေး၏အသက်ကို လောင်းကြေးထပ်ရမည်ဖြစ်၏။ သူတို့က သူ၏ဘေးကင်းလုံခြုံမှုနှင့် အလောင်းအစား မလုပ်နိုင်ပေ။
သွေးစိမ်းနဂါးဘုရင်က အံကြိတ်ပြီးပြောလိုက်၏။
"တာအိုသခင်ချင်းယွင်...
ငါတို့လကျေးရွာရဲ့ ရန်သူတစ်ယောက်ဖြစ်သွားမှာကို မကြောက်ဘူးလား။ သေချာစဉ်းစားပါ။ ငါတို့က မင်းနောက်ကို ရေကုန်ရေခမ်းလိုက်ပြီး တုံ့ပြန်ကြမှာပဲ…"
သူက မုန့်ချီကို အချိန်ဆွဲပြီး အာရုံလွှဲရန်ကြိုးစားနေခြင်းဖြစ်သည်။ သူက လကျေးရွာသခင်ကြီးကို သတင်းပို့ရန် သူ့လူများကို လက်ဟန်ခြေဟန်နှင့် တိတ်တဆိတ် အချက်ပြနေခဲ့၏။ ထိုသို့ဆိုလျှင် သူတို့၏သခင်လေးကို လာရောက်ကယ်တင်နိုင်ပြီး ထိုတာအိုသခင်ကို သတ်ပစ်နိုင်သည်။
သိုင်းလောကရှိ အတွေ့အကြုံများနှင့် လေးစားဖွယ် စွမ်းအားများကြောင့် သူ့ပုံစံက စိတ်ထဲတွင် တင်းမာနေသော်လည်း ရုပ်ပျက်နေခြင်းတော့ မရှိချေ။ သူက တည်ငြိမ်စွာ အစီအစဉ်တစ်ခုကို စီစဉ်နေခဲ့သည်။
မုန့်ချီက ရယ်လိုက်သည်။
"တကယ်လို့ ငါသာ သေမှာကို ကြောက်နေမယ်ဆိုရင် ဒီနေ့ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး။ ဘာလို့ ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေရတာလဲ။ ငါတို့အတွက် မြင်းလှည်းတစ်စီး မြန်မြန်စီစဉ်ပေး။ ငါက လကျေးရွာသခင်ကြီးနဲ့ မတွေ့ချင်ဘူး…"
သူက သွေးစိမ်းနဂါးဘုရင်၏ ကောက်ကျစ်စဉ်းလဲမှုကို သိနေသည်။
ဟွမ်ဖူဖေးက အစောင့်များကို ဖြတ်ကျော်သွားပြီး သူတို့၏နောက်လိုက်အစေခံ တစ်ယောက်ကို မြင်းလှည်းတစ်စီး ပြင်ဆင်ပေးရန် ညွှန်ကြားလိုက်သည်။ ထိုမြင်းလှည်းက စံအိမ်အပြင်ဖက်တွင် သူတို့ကို စောင့်နေရမည်ဖြစ်၏။
အစေခံက သွေးစိမ်းနဂါးဘုရင်ကို လှည့်ကြည့်လိုက်သည်။ မုန့်ချီက ဓားကို ဝမ်ဟန်းရွှေ၏ လည်ပင်းထဲသို့ အနည်းငယ်ပို၍ အားစိုက်လိုက်သည်။
ထိုအချိန်တွင် ဝမ်ဟန်းရွှေက နာကျင်မှုကြောင့် အော်ဟစ်လိုက်မိပြီး အတော်လေးကြောက်လန့်နေခဲ့၏။ ဓားပေါ်မှ တစက်စက် စီးကျလာနေသော သွေးစက်များကြောင့် ကြမ်းပြင်တွင် ရှိနေသော အဖြူရောင်နှင်းပွင့်များကပင် နီရဲနေသည်။
သွေးစိမ်းနဂါးဘုရင်က ဒေါသထွက်ပြီး စိုးရိမ်နေသော်လည်း သူ့သခင်လေး၏ အသက်ကို မစွန့်စားရဲပေ။ ထို့ကြောင့် အစေခံကို ခေါင်းညိတ်ပြလိုက်၏။
"အဆင်သင့်ဖြစ်ဖို့ ဘယ်လောက်ကြာမှာလဲ.."
မုန့်ချီက ဟွမ်ဖူဖေးကို မေးလိုက်၏။
"သူတို့သာ မြန်မြန်လုပ်မယ်ဆိုရင် (၁၅)မိနစ်ဆို လုံလောက်ပါတယ်…"
သူမ၏အတွေ့အကြုံအရ ပြန်ဖြေလိုက်သည်။
မုန့်ချီက အစေခံကိုလှည့်ကြည့်ပြီး ပြောလိုက်၏။
"တကယ်လို့ (၁၅)မိနစ်အတွင်း ဝင်ပေါက်မှာ စောင့်နေတဲ့ မြင်းလှည်းတစ်စီး မတွေ့ရဘူးဆိုရင် အဆင့်အတန်းမြင့်တဲ့ မင်းတို့သခင်လေးရဲ့အလောင်းကိုသာ လက်ခံဖို့ စောင့်နေလိုက်တော့…"
သွေးစိမ်းနဂါးဘုရင်၏အသက်ရှူသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး တာအိုသခင်လေးကို ပြေးဝင်တိုက်ခိုက်မိခြင်းမရှိစေရန် ကိုယ့်ကိုယ်ကို မနည်းထိန်းချုပ်နေရသည်။ မျက်ခုံးနီဓားမောက်ဘုရင်ကလည်း အလွန်ဒေါသထွက်နေပုံရပြီး တာအိုသခင်လေး၏ခေါင်းကို နုတ်နုတ်စင်းချင်နေပုံရ၏။
လကျေးရွာမှ တပည့်များနှင့် အစောင့်အရှောက်(၂)ယောက်က ဟွမ်ဖူဖေးတို့၏နောက်မှ ကပ်လိုက်လာပြီး သူတို့ကတော့ မုန့်ချီ၏ ဦးဆောင်မှုနှင့် ဝင်ပေါက်ဆီကို ဂရုတစိုက် လျှောက်သွားကြသည်။သူက ဓားကို ဝမ်ဟန်းရွှေ၏လည်ပင်းပေါ်တွင် တင်ထားသေး၏။
သူ့နောက်တွင် ရှိနေသော လူတိုင်းကတော့ လှုပ်ရှားနေပြီး မတော်တဆ အဖြစ်အပျက်များကလည်း လကျေးရွာ သခင်ကြီး အပါအဝင် တခြားသူများဆီကို သတင်းပို့ပြီးသွားပုံ ရသည်။
စံအိမ်ထဲတွင် သစ္စာရှိတပည့်များဖြစ်သော ချီရှောင်ချုံ၊ ကြိုးနီမိန်းမပျိုနှင့် ခါးကုန်းကြီးတို့ကတော့ ပုန်းနေခဲ့ကြပြီး ကယ်တင်ရန်နှင့် တုံ့ပြန်ရန် ကြိုးစားနေခဲ့၏။
သူတို့က စံအိမ်အပြင်ဖက်သို့ ရောက်လာသည့်အချိန်တွင် မြင်း(၄)ကောင်ဆွဲ ရထားလုံးတစ်စီးကို တွေ့လိုက်ရသည်။ ထိုမြင်းများက ဆောင်းရာသီအတွက် အထူးမွေးထားသော မြင်းများဖြစ်သည်။
မုန့်ချီက ဟွမ်ဖူဖေးတို့ကို ညွှန်ကြားပြီး မြင်းလှည်းထဲတွင် စစ်ဆေးခိုင်းလိုက်သည်။ ထို့နောက် သူက မြင်းလှည်းမောင်းသမားကို အဝေးသို့ မောင်းထုတ်လိုက်ပြီး သူ့ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။ ဘယ်လက်ကတော့ ဓားစာခံ၏လည်ပင်းပေါ်တွင် တင်ထားသေး၏။ သူက မြင်းများကို ရှေ့သို့ ဖြည်းညင်းစွာ ဆွဲခေါ်လာခဲ့သည်။
"နဂါးဘုရင်နဲ့ ဓားမောက်ဘုရင်...
ကျုပ်တို့နောက်ကို လိုက်လာဖို့မလိုဘူး။ လိုက်ပို့ဖို့လည်း မလိုဘူး။ ကျုပ်တို့က လုံခြုံတဲ့နေရာကို ရောက်သွားရင် ခင်ဗျားတို့သခင်လေးရဲ့ သွေးကြောကို ဖြည်ပေးမယ်။ ကျုပ်က သူ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကသာ မြင်းလှည်းနောက်ကနေ ခြေရာခံလိုက်လာမယ်ဆိုရင်တော့ ကျုပ်ရဲ့ခံစားချက်တွေက ကောင်းမှာမဟုတ်ဘူး။ ကျုပ်ရဲ့ခံစားချက်တွေ မကောင်းတဲ့အချိန်ကျရင်တော့ ခင်ဗျားတို့ရဲ့သခင်လေးကို သတ်ပစ်ချင် သတ်ပစ်မိနိုင်တယ်…"
မုန့်ချီကတော့ အရှက်မရှိ ခြိမ်းခြောက်လိုက်သည်။ သူကတော့ ကြည့်ထားခဲ့ဖူးသော စုံထောက်ဇာတ်ကားများ၏ ကျေးဇူးကြောင့် ဓားစာခံများကို ထိန်းသိမ်းရာတွင် မည်သို့ပြောရမည်ဖြစ်ကြောင်း ကောင်းကောင်းသိနေ၏။
အရေးကြီးဆုံးအရာကတော့ သူ့လက်ထဲတွင် ရှိနေသော ဓားစာခံက အေးအေးဆေးဆေး နေရန် ဖြစ်သည်။ အကယ်၍သူတို့ကသာ မြင်းလှည်းကို ဝိုင်းဝန်းတိုက်ခိုက်လိုက်မည်ဆိုလျှင် ဓားစာခံကို ထိခိုက်နိုင်ကြောင်း ကြို၍သတိပေးထားခြင်းလည်းဖြစ်၏။
သွေးစိမ်းနဂါးဘုရင်က ခါးသည်းစွာ ပြောလိုက်သည်။
"တာအိုသခင်ချင်းယွင်...
ငါက မင်းနဲ့နောက်တစ်ကြိမ် ထပ်တွေ့ချင်ပါသေးတယ်…"
မုန့်ချီက ရယ်ကာမောကာနှင့် ပြန်ပြောလိုက်သည်။
"ကျုပ်လည်း ဆုတောင်းနေပါတယ်…."
မြင်းများက တဖြည်းဖြည်း အရှိန်ရလာပြီး နှင်းဖုံးနေသော လမ်းမကြီးပေါ်တွင် တဟုန်ထိုး ပြေးထွက်သွားကြသည်။ မြင်းလှည်းလမ်းမပေါ်တွင်တော့ အဖြူရောင်မြူခိုးများသာ ရှိနေပြီး တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။
"တကယ်လို့ ငါတို့ကသာ နှင်းဖုံးနေတဲ့လမ်းအတိုင်း သွားမယ်ဆိုရင် ပိုပြီးမြန်နိုင်တယ်…"
မုန့်ချီကတော့ ဖြတ်ကျော်သွားသော မြင်ကွင်းများကိုကြည့်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
သူက ကိုယ်ဖော့ပညာသုံးပြီး မိန်းကလေးဟွမ်ဖူနှင့် သခင်မကြီးဟွမ်ဖူတို့ကို ခေါ်လာ၍ ရနိုင်သည်။ ထိုအရာက မြင်းလှည်းထက် ပို၍လျှင်မြန်နိုင်၏။ သို့သော် အလွန်လျင်မြန်စွာ ပြေးလွှားခြင်းက စွမ်းအားများကို လျင်မြန်စွာ ကုန်ဆုံးသွားစေနိုင်ပြီး သူ့အရှိန်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းနိုင်ခြင်းမရှိချေ။
စိုးရိမ်စရာရှိနေသည့်အတွက် သူက ဓားစာခံကို ဖမ်းထားပြီး ဖြစ်လာနိုင်သည့် အရာများကို ရင်ဆိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသရန် လိုအပ်သည်။ လက်ရှိအချိန်တွင် မြင်းလှည်းက အကောင်းဆုံးအခြေအနေတစ်ရပ်ဖြစ်၏။
မုန့်ချီက သူ့ဓားကိုချလိုက်ပြီး ယပ်တောင်(၆)လက်ကျောင်းမှ ရလာသော ကုသရေးဆေးလုံးများကို သောက်လိုက်၏။ သူက အန္တရာယ်ရှိသော နယ်မြေထဲမှ ထွက်လာခဲ့သည်ကိုပင် သတိမလွတ်သေးပေ။
သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ဆက်လက်ဖြန့်ကျက်ထားပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့၏။ ပုန်းအောင်းနေသော ရန်သူများ အလစ်ချောင်းတိုက်ခိုက်မှာကိုလည်း စိုးရိမ်နေခဲ့သည်။ သို့သော် ဖြူဖွေးနေသော သစ်တောကြီးထဲတွင် မည်သည့်လက္ခဏာမျှ မတွေ့ရပေ။
လူအနည်းငယ်ကတော့ သူတို့၏ကိုယ်ပိုင်အလုပ်များနှင့် အလုပ်ရှုပ်နေကြ၏။ တဟုန်ထိုး ပြေးလွှားလာသောအသံများကြောင့် သူတို့က မြင်းလှည်းကို လှည့်ကြည့်လိုက်မိကြသည်။ ထိုမြင်းလှည်းကို စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် တာအိုသခင်ငယ်လေးတစ်ယောက်က မောင်းနှင်နေခြင်းဖြစ်သည်။
"တော်တော်ထူးဆန်းတဲ့မြင်ကွင်းပဲ.."
သာမန်လူတစ်ယောက်ကတော့ အလွန်ထူးဆန်းသောမြင်းလှည်းကြောင့် ဇဝေဇဝါဖြစ်သွားပြီး အဝေးမှ ကြည့်နေကြသည်။
မြင်းလှည်းက အလျင်အမြန်သွားနေပြီး သစ်ကိုင်း အနည်းငယ်သာ ရှိနေသော သစ်တောကြီး၏ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။
မြင်းလှည်းထဲတွင်တော့ ဟွမ်ဖူဖေးက တိတ်ဆိတ်နေခဲ့၏။ သူမက မုန့်ချီ၏စကားလုံးများကို ယုံကြည်နေခဲ့သည်။ သူက သူတို့ကို လုံခြုံသောနေရာသို့ ပို့ပေးမည်ဖြစ်ကြောင်းလည်း ယုံကြည်နေခဲ့၏။
သို့သော် ယခုတော့ သူက ကုသရန် အလေးထားနေပြီး တစ်ချိန်တည်းတွင် ဓားစာခံကို ထိန်းသိမ်းထားနေရကြောင်းလည်း နားလည်နေသည်။ ထို့ကြောင့် သူ့ကို အာရုံမပျက်စေရန် စကားမပြောခဲ့ခြင်းဖြစ်သည်။
သွေးကြောများကို ပိတ်ထားပြီး လှုပ်ရှားမှုများကို ကန့်သတ်ထားသည့်အတွက် ဝမ်ဟန်းရွှေက မုန်းတီးစွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူ၏မျက်လုံးထဲတွင် ခါးသီးမှုများ၊ လက်တုံ့ပြန်ရန် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
မုန့်ချီက ဒဏ်ရာကိုသာ တည်ငြိမ်စွာ ကုသနေပြီး ဓားစာခံ၏အကြည့်ကိုတော့ လျစ်လျူရှုထားခဲ့သည်။ သူက ပတ်ဝန်းကျင်ကို သတိထား၍ စောင့်ကြည့်နေသေး၏။ သူက လကျေးရွာနှင့် အကွာအဝေးကိုလည်း တွက်ချက်နေပြီး လကျေးရွာသခင်ကြီး ပေါ်လာနိုင်သည့် အခြေအနေကိုလည်း ခန့်မှန်းနေခဲ့သည်။
အချိန်တော်တော်ကြာ သွားလာခဲ့ပြီးနောက် ဒဏ်ရာက ပြည့်ပြည့်ဝဝ ကောင်းသွားသည့်အတွက် မုန့်ချီ၏အာရုံများကလည်း ပြည့်ပြည့်ဝဝ ပြန်ကောင်းလာခဲ့သည်။ ထို့ကြောင့် သူက ပတ်ပတ်လည်ကို အသေးစိတ် စစ်ဆေးကြည့်နိုင်ခဲ့၏။
လကျေးရွာမှ လူများ၏ ခြေရာလက်ရာကိုတော့ မတွေ့ရပေ။ သူက လကျေးရွာမှ သာမန်တပည့်များကိုသာ စစ်ဆေးနိုင်ကြောင်း နားလည်နေသည်။ သွေးစိမ်းနဂါးဘုရင်ကဲ့သို့ ဝေ့ကျင်းတစ်ဝက်အဆင့်ပညာရှင်များကတော့ သူ၏စစ်ဆေးခြင်းကို ရှောင်တိမ်းနေနိုင်သည်။
ရုတ်တရက်ဆိုသလို သူ့ဆီ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။ သူက ဓားကို ကိုင်လိုက်ပြီး မလှုပ်နိုင်သော ဝမ်ဟန်းရွှေကို ဆွဲကိုင်လိုက်သည်။ ထို့နောက် လေထဲတွင် အလွန်လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး တဟုန်ထိုးပြေးသွားနေသော မြင်းလှည်းပေါ်မှ လေထဲကို ခုန်လိုက်၏။
သူက အားရပါးရရယ်လိုက်သည်။
"ဒကာလေးဝမ်...
ငါတို့ကို ထပ်ပြီးလိုက်ပို့ပေးဖို့ မလိုတော့ဘူး…"
သူ့အသံမပျောက်သေးခင် မြင်းလှည်းဘေးမှနေ၍ အရိပ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ ထိုအရာကတော့ မြင်းလှည်းပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သော သွေးစိမ်း၏နဂါးဘုရင် ဖြစ်၏။ မှောင်မဲပြီး အေးစက်သော စွမ်းအင်များက လေလှိုင်းများကဲ့သို့ သူ့ကို လွှမ်းခြုံသွားခဲ့သည်။
သွေးစိမ်းနဂါးဘုရင်ကတော့ အစိမ်းရောင်အရိပ်တစ်ခုအဖြစ် ဘေးဖက်တွင် ရောက်နေခဲ့၏။ အပူရှိန်က ရုတ်တရက် ကျဆင်းသွားသည့်အတွက် အလျင်အမြန်သွားလာနေသော မြင်းများကပင် ရှုပ်ထွေးသွားခဲ့သည်။
သူက လက်ဖဝါးပေါ်တွင် စွမ်းအားများကို စုစည်းလိုက်၏။ သူက ဒေါသထွက်နေသည့် အတွက် တာအိုသခင်လေးကို သတ်ပစ်ရန် မစောင့်နိုင်တော့ချေ။ ထိုအချိန်တွင် သူ့ရှေ့၌ ဝေဝါးနေသော ပုံရိပ်တစ်ခု လှုပ်ရှားသွားခဲ့သည်။
မူလတုန်းက မြင်းလှည်း၏ရှေ့တွင် ထိုင်နေပြီး မြင်းများကို မောင်းနှင်နေသော သူ့ပစ်မှတ်က ပျောက်ကွယ်သွားခဲ့၏။
"မဟုတ်ဘူး..။ ပစ်မှတ်က ပျောက်သွားတာ မဟုတ်ဘူး…"
သူ ဝင်လာသည့်အချိန်တွင် မုန့်ချီက လေထဲသို့ လှမ်းခုန်လိုက်ခြင်းဖြစ်သည်။ သူက လက်ထဲတွင် ဓားကိုကိုင်ပြီး သားကောင်ကို ထိုးသုတ်လိုက်သော သိန်းငှက် တစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
သူက ဝမ်ဟန်းရွှေကို တိုက်ခိုက်ရန် လေထဲသို့ ခုန်တက်လိုက်ခြင်း ဖြစ်သည်။ မုန့်ချီ၏မျက်လုံးများက တည်ငြိမ်ပြီး အေးစက်နေ၏။ မလှုပ်ရှားနိုင်သော ဝမ်ဟန်းရွှေကို ကိုင်ထားပြီး လက်ထဲရှိ ဓားကို လှုပ်ရှားလိုက်၏။
ထိုအချိန်တွင် သူ၏ခုတ်ချက်က လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်လွန်းလှပြီး အေးစက်သော အဖြူရောင်အလင်းတန်းများက သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခုဖြစ်လာသည်။
သူ့သခင်လေးက ဓားထိပ်ဖျားတွင် ရောက်နေကြောင်း မြင်လိုက်ရသည့်အခါ သွေးစမ်းနဂါးဘုရင်က အလွန်ကြောက်လန့်သွားခဲ့၏။ ကြောက်စရာကောင်းသော တာအိုသခင်လေးက ဟွမ်ဖူဖေးနှင့် သူမ၏အမေကိုပင် ဂရုမစိုက်ပဲ သူ့သခင်လေးကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်ရန် ကြိုးစားနေသည်။
"သခင်လေး..."
ဝမ်ဟန်းရွှေ၏ ရှင်သန်မှုက လကျေးရွာတစ်ခုလုံးတွင် အရေးကြီးဆုံးဖြစ်သည်။
သွေးစိမ်းနဂါးဘုရင်က မြင်းလှည်း၏နောက်သို့ လိုက်သွားရန်ပင် မေ့လျော့သွားခဲ့သည်။ သူက သူ့သခင်လေး၏အသက်ကိုသာ အလေးထားနေရ၏။ ထိုတိုက်ခိုက်မှုအရှိန်အရ သူက လေထဲတွင် တစ်ပတ်လှည့်လိုက်ပြီး မုန့်ချီကို နောက်ဘက်မှ တိုက်ခိုက်လိုက်သည်။
သူတို့က လေထဲတွင် ဦးတည်ချက်ပြောင်းလဲရန် ခက်ခဲနေသည့်အတွက် သူ၏ တိုက်ခိုက်မှုကြောင့် မုန့်ချီက နောက်ဆုတ်သွားမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိနေသည်။
သို့သော် သူ၏တွက်ချက်မှုများက မှားယွင်းနေ၏။ သူက ပြိုင်ဖက်ကို လျှော့တွက်မိလိုက်ခြင်းဖြစ်သည်။ သူက မျက်လုံးပြူးသွားပြီး သူ့ရှေ့တွင် မြင်နေရသောမြင်ကွင်းကို မယုံကြည်နိုင်သလိုဖြစ်နေခဲ့၏။
လေထဲတွင် မည်သည့်အကူအညီမျှမရှိဘဲ တာအိုသခင်လေး လှုပ်ရှားနိုင်သည်။ သူက သွေးစိမ်းနဂါးဘုရင်ကို ပြန်လှည့်ပြီး ရင်ဆိုင်လိုက်၏။ သူတို့နှစ်ယောက်၏ ကြားထဲတွင်တော့ ချုပ်နှောင်ခံထားရသော ဓားစားခံ ရှိနေသည်။
သူက အတောင်ပံများ ပါနေသည့်အလား လေထဲတွင် လိပ်ပြာတစ်ကောင်ကဲ့သို့ လှည့်လာခြင်းဖြစ်သည်။ သူပြသလိုက်သော စွမ်းရည်ကြောင့် ရန်သူကပင် အံ့ဩကြောက်လန့်သွားခဲ့၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ သူက ဝေ့ကျင်းအဆင့်ကိုတောင် မရောက်သေးဘူးလေ။ သူက လေထဲမှာ အလေးချိန်မရှိသလို ဘာလို့ပျံသန်းနိုင်ရတာလဲ…"
မုန့်ချီက သူ့ဓားကို ရှေ့သို့ ထိုးလိုက်ကြောင်းသာ သွေးစိမ်းနဂါးဘုရင်က မှင်တက်စွာ မြင်လိုက်ရသည်။ ထိုဓားချက်ထဲတွင် ရှိနေသော အဖျက်စွမ်းအားများကြောင့် မြေပြင်ပေါ်တွင် ရှိနေသော နှင်းများကပင် တခဏအတွင်း အရည်ပျော်ကျသွားခဲ့သည်။
ဓားချက်ထဲတွင် ရှိနေသော ဓားအလင်းတန်းက သက်တန့်ကြီးတစ်ခုသဖွယ် လင်းလက်လာခဲ့၏။ အချိန်စီးဆင်းမှုကပင် နှေးကွေးသွားသလို ထင်မှတ်လိုက်ရ၏။ သွေးစိမ်းနဂါးဘုရင်ကတော့ မုန့်ချီ၏စွမ်းအားနှင့် ကြီးကျယ်ခမ်းနားမှုကိုသာ ကြည့်နေရပြီး တာအိုသခင်လေး၏ပတ်ပတ်လည်တွင် အလင်းတန်းများ တောက်ပနေကြောင်း မြင်လိုက်ရသည်။
မုန့်ချီ၏ ခြေထောက်အောက်တွင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး စွမ်းအားများက သူတို့ကို ဝိုင်းရံသွား၏။ ထိုမီးတောက်များက သူ၏မျက်ခုံးကြားထဲတွင် ပေါ်လာပြီး မကောင်းဆိုးဝါးဝိညာဉ်များကို ဖယ်ရှား၍ သူ့ကို အကာအကွယ်ပေးလိုက်သည်။
မုန့်ချီက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ ထွက်လာခဲ့သည့်အချိန်မှစပြီး အလစ်ချောင်းတိုက်ခိုက်မှုကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။ သူ့အစီအစဉ်ထဲတွင် ဝမ်ဟန်းရွှေကို ထိခိုက်အောင်လုပ်ရန် မပါချေ။ သို့သော် မလုပ်နိုင်ခြင်းလည်း မဟုတ်ပေ။
အကယ်၍ လိုအပ်လာလျှင် သွေးစိမ်းနဂါးဘုရင်ကို ရှင်းပစ်ရမည်ဖြစ်သည်။ ထိုအရာက လကျေးရွာသခင်ကြီး ရောက်မလာခင် ထွက်ပြေးမှုတွင် ဖြစ်လာနိုင်သော ပြဿနာများကို ဖယ်ရှားနိုင်သည်။
"အားးးး…"
သွေးစိမ်းနဂါးဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အစိမ်းရောင်မီးတောက်များ ထွက်ပေါ်လာသည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အေးစက်နက်မှောင်သည့် စွမ်းအားများကြောင့် ပတ်ဝန်းကျင်က မည်းမှောင်သွားခဲ့၏။ သူက စွမ်းအားများကိုစုစည်းပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို ဖယ်ရှားလိုက်သည်။
မီးတောက်များက ချုပ်ငြိမ်းသွားခဲ့ပြီး အနက်ရောင်စွမ်းအင်များက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ နောက်တစ်ကြိမ် လေထဲတွင် လှုပ်ရှားလိုက်ပြီး မုန့်ချီက မြင်းလှည်းပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူကတော့ မူလနေရာကို ပြန်ရောက်သွားပြီး မြင်းကို လျင်မြန်စွာ မောင်းထွက်သွားခဲ့၏။
မြင်းများက တဟုန်ထိုးပြေးသွားခဲ့ကြပြီး အဝေးမှနေ၍ သူ့ရယ်သံကို ကြားလိုက်ရသည်။
"ကျုပ်တို့ကို လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ် နဂါးဘုရင်.."
သခင်လေးကို လက်ထဲတွင် သယ်ထားရင်း နဂါးဘုရင်ကတော့ အဝေးသို့ ရောက်သွားသော မြင်းလှည်းကိုသာ ကြည့်နေမိခဲ့၏။ သူကတော့ ခြေထောက်တွင် အားပြတ်လုမတတ်ဖြစ်သွားခဲ့ပြီး ဒူးထောက်ကျသွားခဲ့၏။ သူ၏ရင်ဘတ်မှ သွေးများစီးကျလာခဲ့ပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။
အစောပိုင်း အပြန်အလှန်တိုက်ခိုက်မှုအတွင်း သူက မုန့်ချီ၏ ဓားသွားကို ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း သူ့ရင်ဘတ်ကို ထိုးစိုက်မိခဲ့သေးသည်။ ထိုဓားချက်က သူ၏အဓိက အစိတ်အပိုင်းများကို မထိခိုက်ခဲ့သည်မှာ ကံကောင်းသွား၏။ သူ့ဒဏ်ရာက ပြင်းထန်သော်လည်း အသက်အန္တရာယ်မရှိချေ။
သူ၏စွမ်းအားနှင့်အဆင့်အရ သူက ဆက်လက်ခံနိုင်ရည်ရှိနေသေး၏။ သို့သော် သူက အလျင်အမြန် လှုပ်ရှားလိုက်သည်။ လေထဲတွင် လှုပ်ရှားနိုင်သော နည်းလမ်းမျိုးမရှိဘဲ သူ့ပြိုင်ဘက်က ချီစွမ်းအင်များကို လှည့်စားထားနိုင်သည်။ သူ၏အတွင်းဒဏ်ရာများကလည်း အလွန်ပြင်းထန်နေသည့်အတွက် မုန့်ချီက သူ့အသက်ကို အမှန်တကယ် သတ်ပစ်နိုင်၏။
သို့သော် သူ ဒဏ်ရာရသော်လည်း သူ့သခင်လေးကို ကယ်တင်နိုင်ခဲ့သေးသည်။ သူက အဝေးတွင် ပျောက်ကွယ်သွားသော မြင်းလှည်းကို မုန်းတီးစွာ စိုက်ကြည့်နေမိခဲ့၏။ မုန့်ချီ၏ ရယ်သံကိုလည်း နားထဲတွင် ကြားနေရသေး၏။
"ကျုပ်တို့ကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နဂါးဘုရင်..."
Translated by Hein Htet.