အခန်း (၃၈၀)
Vol. 26 Ch. 380
မြင်းလှည်းက သစ်တောကြီး၏ အစွန်မှ ပတ်သွားခဲ့သည်။ မြင်းများ၏ နှာပေါက်မှနေ၍ အဖြူရောင်အငွေ့များ ထွက်ပေါ်လာနေသည်မှာ နှင်းများထဲတွင် စီးချက်ကျကျ ပေါက်ကွဲသံတစ်ခုကဲ့သို့ ထင်မှတ်ရသည်။
မုန့်ချီက မြင်းလှည်းတံခါးကို ခေါက်လိုက်ပြီး အလျင်စလို အသံနှင့်ပြောလိုက်၏။
"ကျွန်တော်တို့က မြင်းလှည်းကို စွန့်ခွာပြီး သစ်တောထဲကို ဝင်ကြရမယ်…."
ကောင်းကင်နတ်သမီးကျင့်စဉ်ကို သုံးခဲ့သည့်အတွက် ကုန်ဆုံးသွားခဲ့သော သူ၏စွမ်းအားများက ပြန်ကောင်းလာခဲ့ပြီဖြစ်သည်။ သိပ်မကြာခင် ဆရာကြီးကျိယွဲ့က ရောက်လာတော့မည်ဖြစ်ကြောင်း သူ ခန့်မှန်းမိ၏။
အကယ်၍ မြင်းလှည်းကိုသာ ဆက်သုံးနေမည်ဆိုလျှင် သူတို့၏ ရန်သူက သူတို့ကို အလွယ်တကူ နောက်ယောင်ခံ မိနိုင်သည်။ မြင်းလှည်း၏ နောက်တွင် ရှိနေသော ခြေရာလက်ရာများက အလွန်အမင်းကို ထင်ရှားနေ၏။ ထို့ပြင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က မြင်းများကို အမီလိုက်ရန် အခက်အခဲ မရှိချေ။ သူတို့က မြင်းလှည်းကို စွန့်ခွာပြီး သစ်တောကြီးထဲတွင် ခြေလျင်လျှောက်သွားရမည်ဖြစ်၏။
ဟွမ်ဖူတောင်ဆီမှ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ အစွမ်းကို ရှင်းရှင်းလင်းလင်း နားလည်ထားသည့်အတွက် သခင်မကြီးဟွမ်ဖူနှင့် မိန်းကလေး ဟွမ်ဖူတို့ကလည်း သူ့အကြံနှင့် ပတ်သက်၍ ကန့်ကွက်နေခြင်း မရှိကြပေ။
"ပြတင်းပေါက်တံခါးကနေ ခုန်ထွက်ပြီး သစ်တောထဲကို ပြေးကြပါ။ ကျွန်တော်က မြင်းတွေကို ရှေ့ဆက်သွားဖို့ ထိန်းပြီး နောက်ကနေ လိုက်လာသူတွေကို အာရုံလွှဲလိုက်မယ်…"
မုန့်ချီက ပြောလိုက်ပြီး လက်နှစ်ဖက်နှင့် မြင်းဇက်ကြိုးကိုကိုင်ပြီး မြင်းများကို ထိန်းချုပ်လိုက်သည်။
သားအမိနှစ်ယောက်ကတော့ အချိန် မဖြုန်းကြပေ။ သူတို့က သိုးမွေးခြုံထည်ကို ဖယ်ရှားလိုက်ပြီး အလွန်လျင်မြန်စွာ သွားနေသော မြင်းလှည်းထဲမှ ခုန်ထွက်လိုက်ကြသည်။
သူတို့က နှင်းများ လွှမ်းခြုံနေသော သစ်တောကြီးထဲသို့ ဝင်ရောက်သွားကြပြီး ခြေရာလက်ရာ မကျန်ခဲ့ပေ။ ခဏကြာပြီးနောက် ကျယ်လောင်သော မြင်းဟီသံများကို ကြားလိုက်ရသည်။ သူတို့ တဟုန်ထိုး ပြေးသွားသည့် အသံကြောင့် ငှက်များ ၊ ယုန်များကပင် ထွက်ပြေးသွားကြသည်။
မုန့်ချီက လက်ကို အနည်းငယ် အားစိုက်လိုက်ရာ မြင်းလှည်းမောင်းသူ နေရာမှ မြောက်တက်သွားခဲ့ပြီး လေထဲတွင် ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သူက အေးခဲနေသော သစ်တောကြီးဆီသို့ ပျံသန်းသွားခဲ့ပြီး သစ်ပင်များ ၊ သစ်ကိုင်းများပေါ်မှ ခုန်ကူးသွားခဲ့သည်။
သူ မီလာခဲ့သည့်အချိန်တွင် သားအမိနှစ်ယောက်စလုံးက လုံခြုံနေကြောင်း တွေ့လိုက်ရ၏။ သူက စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး မြင်းများကို ရူးသွားအောင် ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က ရှေ့သို့ တဟုန်ထိုး ဆက်လက်သွားလာနေကြခြင်းဖြစ်၏။ သူ့အစီအစဉ်ကတော့ ဆရာကြီး ကျိယွဲ့နှင့် တခြားလိုက်လာသူများကို လမ်းမှားအောင် ဦးတည်လိုက်ခြင်းဖြစ်သည်။
သစ်ပင်ကြီးများဆီမှ ကျရောက်လာသော သစ်ကိုင်းများကို ကြည့်၍ သူတို့က သစ်တောကြီး၏ အတွင်းပိုင်းဆီ ရောက်လာကြောင်း သိနေကြသည်။ ထိုအရာကတော့ ထင်းရှူးပင်ကြီးများ ဖြစ်နေပြီး တခြားသော သစ်ပင်များကတော့ နှင်းနှင့် ရေခဲများ ဖုံးလွှမ်းနေသော်လည်း အစိမ်းရောင် သစ်ရွက်များ ရှိနေသေး၏။
ငွေရောင်သစ်ကိုင်းများကလည်း သစ်ပင်ပေါ်မှ ထိုးထွက်လာနေပြီး အလွန်ထက်မြက်သော ဓားများကဲ့သို့ တလက်လက် တောက်ပနေခဲ့၏။ နှင်းများက အဖြူရောင်ခြုံလွှာကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။ ဆောင်းရာသီ နေရောင်ခြည်ကလည်း သစ်တောထဲတွင် ကျရောက်နေပြီး ရေခဲများ လွှမ်းခြုံနေသည့် သစ်ပင်များပေါ်တွင် လင်းလက်နေခဲ့၏။
ထို့ကြောင့် သစ်တောထဲမှ သူတို့ ဖြတ်သွားသည့်အချိန်တွင် အလွန်ထူးခြားသော ရှုခင်းတစ်ခု ဖြစ်နေခဲ့သည်။ မိန်းမပျိုနှစ်ယောက်က ရှေ့မှသွားနေပြီး မုန့်ချီက နောက်မှ လိုက်နေ၏။ သူတို့က အနည်းငယ် လမ်းလျှောက်ပြီးသွားသည့်အချိန်၌ လက်ဝါးကို သုံးပြီး ခြေရာလက်ရာများကို ဖျောက်ပစ်နေခဲ့သည်။
တဖြည်းဖြည်းနှင့် သူတို့က ရေခဲသစ်တောကြီး၏ အတွင်းပိုင်းထဲကို ရောက်လာခဲ့သည်။ ပျော့ပျောင်းပြီး အေးစက်သော ခြေလှမ်းများနှင့် သူတို့က ဆောင်းခိုနေသော မှော်သားရဲများ နိုးမလာအောင်လည်း ရှောင်တိမ်းခဲ့ကြသည်။ ယခုဆိုလျှင်တော့ သူတို့က ဆရာကြီးကျိယွဲ့ကို ရှောင်တိမ်းနိုင်တော့မည်ဖြစ်၏။
သားအမိနှစ်ယောက်တော့ ထိုအတွေးကြောင့် အချင်းချင်း ကြည့်လိုက်မိကြသည်။ အလွန်နက်ရှိုင်းသော သစ်တောကြီးထဲတွင် သူတို့၏ နောက်သို့ လိုက်လာရန်မှာ ရိုးရှင်းသော အရာတစ်ခု မဟုတ်ချေ။
မုန့်ချီ ကိုယ်တိုင်လည်း စိတ်အေးသွားမိ၏။ ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေသော်လည်း သူကတော့ တခြားအရာများကို အလေးထားမိသွားသည်။ သူကတော့ မိုးကြိုးကျင့်စဉ် (၅)သွယ်နှင့် ဟွမ်ဖူဖေးဆီမှ ကောင်းကင်ည လှံသိုင်းပညာကို ရယူရန် စဉ်းစားနေခဲ့၏။
"သမီး …
အမေတို့က တာအိုသခင်လေးရဲ့ အကူအညီအတွက် ဘယ်လိုပြန်ပြီး ပေးဆပ်သင့်သလဲ…"
သခင်မကြီးဟွမ်ဖူက လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးပြီး မေးလိုက်သည်။
ဟွမ်ဖူဖေးက ဇဝေဇဝါဖြစ်သွားပြီး ပြန်ဖြေလိုက်၏။
"တာအိုသခင်လေးက အဖေ့ရဲ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ သမီးတို့ကို ကူညီပေးတာ မဟုတ်ဘူးလား … "
သူမ အမေ၏ မျက်နှာပေါ်တွင် အလွန်နူးညံ့သော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
"လကျေးရွာနဲ့ ပတ်သက်ပြီး အမေတို့ရဲ့ အခြေအနေကို သေချာစဉ်းစားကြည့်လိုက်ဦး။ သမီးက လူတွေနဲ့ ဆက်ဆံတဲ့ အတွေ့အကြုံ နည်းသေးတယ်။ သူက ရှေ့ဆက်ပြီး မကူညီတော့မှာကို အမေက ကြောက်နေတာ။ တကယ်လို့ သူက ကျေးဇူးဆပ်တဲ့အနေနဲ့ အမေတို့ကို မကယ်တင်ခဲ့ဘူးဆိုရင်တောင် သူ့မှာ တခြားအစီအစဉ်တွေ ရှိနေနိုင်တယ်။ ဒီတော့ အမေတို့ကိုယ်တိုင် သူ့ကို အရင်ဆုံး ကမ်းလှမ်းလိုက်တာက ပိုပြီးကောင်းမယ်လို့ ခံစားမိတယ်။ အဲဒီလို ဆုလာဘ်မျိုးကြောင့် သူ့ဆီမှာ အမေတို့ကို ထိခိုက်အောင် လုပ်မဲ့အတွေးတွေ မရှိနိုင်တော့ဘူး။ တကယ်လို့ သူက အမေတို့ လွတ်မြောက်အောင် အမှန်တကယ် ရောက်လာတယ် ဆိုရင်တောင် သူ့ရဲ့တာဝန်ပြီးသွားတာနဲ့ ထွက်သွားမှာပဲ။ သမီးအဖေရဲ့ အကူအညီတွေကလည်း လောလောဆယ်မှာ မရှိသေးဘူး။ ဒီတော့ သူ့လို အစွမ်းထက်တဲ့ လူတစ်ယောက်ရဲ့ အကူအညီ ရှိတာ ပိုပြီးကောင်းတယ်…"
သူတို့၏ မူလအခြေအနေအရ နတ်ဘုရားစုစည်းခြင်း တောင်ထိပ်တွင် ဟွမ်ဖူတောင်၏ အသိအကျွမ်းများ ရှိနေသည့်အတွက် ရှုံးနိမ့်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ ကြောက်စရာကောင်းသော အစွမ်းနှင့် ကောက်ကျစ်စဉ်းလဲမှုက သူမ တွက်ချက်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
သားအမိနှစ်ယောက်ကတော့ နတ်ဘုရား စုစည်းခြင်းတောင်ထိပ်မရှိဘဲ သစ်တောထဲတွင် ယောင်လည်လည် ဖြစ်သွားနိုင်၏။ သူတို့က အသက်ရှင် ရပ်တည်ရန်အတွက် အားကိုး၍ ရသော အကူအညီများကို သေချာပေါက် လိုအပ်နေသည်။
"သမီးတို့က သူ့ကို ဘာနဲ့ကမ်းလှမ်းမှာလဲ…"
ဟွမ်ဖူဖေးက စိတ်ဝင်တစား မေးလိုက်သည်။
"သူ့ကို ကြည့်ရတာ လိပ်နက်ကျောက်စိမ်းပြားလေးကို စိတ်ဝင်စားနေတယ် ထင်တယ်။ ဒါဆိုရင် အဲဒါက မကောင်းဆိုးဝိညာဉ်ကို ဖယ်ရှားနိုင်တယ်လေ…"
သခင်မကြီးဟွမ်ဖူ၏ မျက်နှာအမူအရာကတော့ လေးနက်တည်ငြိမ်သွားခဲ့၏။ သူမက တိတ်တဆိတ် ပြောလိုက်သည်။
"သူ့ကို မိုးကြိုးကျင့်စဉ် (၅) သွယ်နဲ့ ကောင်းကင်ည လှံသိုင်းပညာတွေ ပြောပြလိုက်ပါ…"
"ဘယ်လို … "
သူ့အမေ၏ ညွှန်ကြားမှုကြောင့် ဟွမ်ဖူဖေးက မျက်လုံးပြူးသွားခဲ့၏။
"အမေ …
အဲဒီအရာတွေက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ရဲ့ အမွေခံသိုင်းပညာလေ။ လူစိမ်းတွေကိုပေးလို့ မရဘူး။ အဲဒါက သမီးတို့ဆီကနေ ယူဖို့ကြိုးစားတဲ့ လကျေးရွာနဲ့ အတူတူပဲလေ။ ဒါဆိုရင် သမီးတို့က စံအိမ်ကို စွန့်လွှတ်ဖို့တောင် မလိုတော့ဘူး…"
သခင်မကြီးဟွမ်ဖူက သူ့သမီးကို ချစ်ခင်မြတ်နိုးစွာကြည့်ပြီး နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။
"သမီး …
မျက်ခုံးနီ ဓားမောက်ဘုရင်နဲ့ သွေးစိမ်းနဂါးဘုရင်တို့ကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ သူ့ရဲ့သိုင်းပညာတွေက ကောင်းကင်ည လှံသိုင်းပညာနဲ့တူတယ်ဆိုတာကို သမီးက သတိမထားမိခဲ့ဖူးလား…"
"ဟုတ်တယ် အမေ။ ဒါဆိုရင် အဖေက သူ့ကို အဲဒီသိုင်းပညာတွေ သင်ကြားပေးဖို့ တကယ်ပဲ သဘောတူမယ်လို့ ပြောတာလား…"
သခင်မကြီး ဟွမ်ဖူက ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
"အဲဒီလိုဖြစ်နိုင်ချေ ရှိတယ်။ အမေက သမီးအဖေရဲ့ အကျင့်စရိုက်ကို သေချာသိတယ်။ သူက အကြွင်းမဲ့ အောင်မြင်နိုင်တဲ့ အရာမျိုးကိုပဲ စိတ်ဝင်စားတယ်။ သူက မလိုအပ်ဘဲနဲ့ လူစိမ်းတစ်ယောက်ကို ကောင်းကင်ည လှံသိုင်းပညာရဲ့ အနှစ်သာရတွေ သင်ကြားပေးမှာ မဟုတ်ဘူး။ အမေတို့က သူ ညွှန်ကြားတဲ့အတိုင်း လိုက်နာရမှာပေါ့..”
“နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ တာအိုသခင်ချင်းယွင်က အမှန်အတိုင်း ပြောနေတာ ဖြစ်နိုင်တယ်။ သူက အုတ်ဂူထဲမှာ ရှိနေတဲ့ နောက်ထပ် ရှေးဟောင်းမိုးကြိုး အမှတ်အသားကို တွေ့ခဲ့ပြီး မိုးကြိုးကျင့်စဉ်တွေကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်နိုင်တယ်။ အဲဒီအရာတွေက တူညီတဲ့ အစွမ်းထက် ပညာရှင်တစ်ယောက် ချန်ထားခဲ့တဲ့ အရာတွေပဲ။ ဒါကြောင့်လည်း တစ်ထပ်တည်းဖြစ်နိုင်တာ… "
သူမက ရပ်လိုက်ပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"သမီးရဲ့အဖေက မိုးကြိုးအမှတ်အသားကို လေ့လာခဲ့တဲ့ အချိန်မှာ တိုးတက်မှုနှေးတဲ့အတွက် တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ ဒါကြောင့် သူက အဆင့်တက်ဖို့အတွက် အုတ်ဂူထဲကို နောက်တစ်ကြိမ် ဝင်သွားဖို့ လိုအပ်တယ်လို့ ခံစားမိခဲ့တာ။ တကယ်လို့ တာအိုသခင်လေးကသာ သူ့ရဲ့လမ်းကြောင်းမှာ အတားအဆီးဖြစ်နေမယ်ဆိုရင် ဒီကျင့်စဉ်က သူ့ရဲ့လမ်းကြောင်းကို နှောင့်ယှက်နိုင်တယ်။ သူ့ဆီကို သိုင်းကျမ်းပြောပြလိုက်မယ်ဆိုရင် အမေတို့အတွက်လည်း ရလဒ်ကောင်းတစ်ခု ဖြစ်လာနိုင်တယ်။ အမေတို့က သိထားတဲ့အရာတွေကို မျှဝေနိုင်ပြီး အမေတို့ လေ့ကျင့်နေတဲ့ သိုင်းပညာတွေလည်း တိုးတက်နိုင်တယ်။ ပြီးသွားရင် သူ့ကို စမ်းသပ်ပြီး သူ့ရဲ့ရည်ရွယ်ချက်ကို အမေတို့က မေးလို့ရတယ်…"
"ကောင်းပါပြီ အမေ … "
ဟွမ်ဖူဖေးက နတ်ဘုရားစုစည်းခြင်း တောင်ထိပ်မှ ထွက်လာသည့် အချိန်ကတည်းကစပြီး စိတ်ပျက်နေမိခဲ့သည်။ သူမ ငယ်စဉ်ကတည်းက နေထိုင်ခဲ့သော စံအိမ်ကြီးကို စွန့်လွှတ်ခဲ့ရပြီး လက်ဗလာနှင့် ထွက်လာခဲ့ရသည့်အတွက် သူမက အတော်လေးကို စိတ်ဓာတ်ကျနေခဲ့သည်။
တာအိုသခင်ချင်းယွင်က သူတို့ကို လှည့်စားမှာလည်း စိုးရိမ်နေခဲ့၏။ သူမ အမေ၏ စကားကြောင့် သူမက ထိုစိုးရိမ်နေမှုများကို ဖယ်ရှားလိုက်သည်။
သခင်မကြီး ဟွမ်ဖူက သူမကို ကြည့်၍ ပြောလိုက်သည်။
"အမေတို့က သမီးရဲ့အနာဂတ်အတွက် ဒီလိုရွေးချယ်လိုက်ရတာ။ ဘိုးဘေးတွေရဲ့ အမွေအနှစ် မရှိဘူးဆိုရင် သိုင်းလောကမှာ ကျင်လည်နေရင်း အောင်မြင်မှုကို ရယူဖို့က မရိုးရှင်းဘူး…"
သူမ၏ အဖေကဲ့သို့ အမွေဆက်ခံမထားသော သိုင်းပညာများကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်ရမည်မှာ အလွန်ခက်ခဲသော တာဝန်တစ်ရပ်ဖြစ်သည်။
"ဘိုးဘေးတွေရဲ့ လမ်းညွှန်မှုသာ မရှိလျှင် အတားအဆီးတွေက ပိုပြီးတော့ ခက်ခဲတယ်။ ဝေ့ကျင်းအဆင့်ကို ရောက်ဖို့ဆိုရင် သမီးက သမီးရဲ့ အဖေမှာ ရှိခဲ့တဲ့ ကံတရားနဲ့ အရည်အသွေးတွေထက် ပိုပြီးလိုအပ်တယ်။ ရွာ (၉) ရွာမှာတော့ အမွေအနှစ်တွေ ၊အဖိုးတန် လက်နက်တွေနဲ့ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ အတွေ့အကြုံတွေ ရှိကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာတောင် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်မှ ပေါ်မလာသေးဘူး။ ဒီတော့ အမေတို့က ရပါမယ်လို့ သေချာပေါက် အာမခံချက် မရှိဘူးလေ။ ဖြစ်နိုင်ချေတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် အမေတို့က ကိုယ့်အခြေအနေတွေကိုလက်ခံဖို့ လိုတယ် ..”
“ဒီတော့ သမီးအဖေ ပျောက်ကွယ်သွားတဲ့အချိန်မှာ အမွေဆက်ခံထားတဲ့ သိုင်းပညာတွေကည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် သမီးက သမီးရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားရမယ်။ တကယ်လို့ တာအိုသခင်ချင်းယွင်က တခြားမိုးကြိုးကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိစ္စ မရှိဘူး။ သူ ပြသလိုက်တဲ့ ဓားမောက်သိုင်းပညာတွေထဲမှာ ကောင်းကင်ည လှံသိုင်းပညာရဲ့ အနှစ်သာရတွေ ပါနေတယ်။ သူ့ရဲ့ကြောက်စရာစွမ်းအားနဲ့ သူ့ရဲ့ သိုင်းပညာအရ သမီးကို သေချာပေါက် လမ်းညွှန်ပေးနိုင်မှာပဲ။ နောက်ပိုင်းမှာတော့ သမီးက အကန့်အသတ်မဲ့ တာအိုသခင်နဲ့ တခြားအကြီးအကဲတွေဆီကို တိတ်တဆိတ် သွားတွေ့လို့ရပြီ။ သမီးအဖေရဲ့ ဂုဏ်သတင်းနဲ့ အဆက်အသွယ်တွေအရ အမေတို့မှာလည်း လမ်းညွှန်မှုတွေ အရင်းအမြစ်တွေ မနည်းပါဘူး…"
အုတ်ဂူထဲကို ပြန်မသွားခင် ဟွမ်ဖူတောင်က ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်ဖြစ်ခဲ့သည်။ သူ့နာမည်ကို ပြောပြလိုက်ရုံနှင့် ကြောက်ရွံ့လေးစားမှုများ ပေါ်လာနိုင်ကြ၏။
ငွေဇွန်းကိုက်ပြီး ကြီးပြင်းလာသော ဟွမ်ဖူဖေးကတော့ မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် သူမက သိုင်းပညာလေ့လာမှုကို စိတ်ဝင်စားမှု မရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏အဖေ မရှိတော့သည့် အချိန်တွင် လကျေးရွာက သူတို့၏ ဘိုးဘေးနယ်မြေထဲသို့ ကျူးကျော်လာသည့်အချိန်မှသာ သူမက သတိပြန်ဝင်လာခြင်းဖြစ်သည်။ သို့သော် သူမ၏ ရန်သူက အလွန်လျင်မြန်ပြီး ကြောက်စရာကောင်းလွန်းလှသည်။ သူမက ရန်သူ၏ အစွမ်းကို တွန်းလှန်ရန် အလွန်နောက်ကျသွားပြီဖြစ်၏။
သူမ အမွေဆက်ခံထားသော သိုင်းပညာများကလည်း အထွဋ်အထိပ်ကို မရောက်သေးပေ။ သင့်တော်သော လမ်းညွှန်ပြသမှုသာ မရှိလျှင် သူမက သိုင်းကျမ်းထဲတွင် ရှိနေသော လမ်းညွှန်ချက်များကို ပြည့်ပြည့်ဝဝ နားလည်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူမက အတွေ့အကြုံနှင့် လေ့ကျင့်မှုကိုသာ အားကိုးနေရပြီး တိုးတက်မှုက မမြန်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူမကသာ ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမည်ဆိုလျှင် သာမန် တံခါး (၉)ပေါက်အဆင့်တွင် သေချာပေါက် ပိတ်မိနေနိုင်သည်။ ဝေ့ကျင်းတစ်ဝက်အဆင့်ပင် ရောက်နိုင်မည် မဟုတ်ချေ။
သူမအမေ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ဟွမ်ဖူဖေးက ခေါင်းညိတ်ပြလိုက်သည်။ တံခါး (၉)ပေါက်လုံးက ပြည့်ပြည့်ဝဝ မပွင့်သေးသော်လည်း တာအိုသခင်ချင်းယွင် ပြသလိုက်သော စွမ်းရည်များကြောင့် သူမက အံ့ဩလေးစားနေမိသည်။ အကယ်၍ သူ၏စွမ်းရည်က အဖိုးတန်လက်နက်အပေါ် မူတည်နေမည်ဆိုလျှင်ပင် ကောင်းကင်နှင့်လူသား ဆက်သွယ်မှုအဆင့်တွင် ရှိနေသော မျက်ခုံးနီ ဓားမောက်ဘုရင်ထက် သေချာပေါက် ပိုအစွမ်းထက်နိုင်သည်။
သူမ ဆက်ခံထားခဲ့သော သိုင်းပညာများ ရှိရှိ မရှိရှိ မိုးကြိုးကျင့်စဉ်အနှစ်သာရများနှင့် ပတ်သက်ပြီး သူ၏လမ်းညွှန်မှုက သူမ၏ အနာဂတ်တွင် သေချာပေါက် ပိုကောင်းလာနိုင်၏။ သူတို့လေ့ကျင့်နေသော သိုင်းပညာ တူညီမှုနှင့် သူတို့လေ့လာနေသော အနှစ်သာရ တူညီမှုကြောင့် မုန့်ချီက အကန့်အသတ်မဲ့ တာအိုသခင် အပါအဝင် တခြားသော ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များထက် သူမကို ပို၍ အကျိုးရှိရှိ လမ်းညွှန်ပေးနိုင်ပါလိမ့်မည်။
ရေခဲများ လွှမ်းခြုံနေသော သစ်ပင်များကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်၏။ သူက ကောင်းကင်ည လှံသိုင်းပညာကို ဟွမ်ဖူဖေးနှင့် အလဲအလှယ် လုပ်ရပါလိမ့်မည်။
ဤအချိန်အတောအတွင်း သားအမိနှစ်ယောက်က တိတ်တဆိတ် ဆွေးနွေးနေကြသည်ကို တွေးတောမိလိုက်ပြီး သူမကလည်း သူ၏ ကမ်းလှမ်းမှုကို စိတ်ဝင်စားမည်ဖြစ်ကြောင်း သေချာသိနေ၏။ မဟုတ်လျှင်လည်း သူက အတင်းအကြပ် ရယူနိုင်စွမ်းရှိသည်။
အလွန်ကြီးမားသော ဝင်္ကပါသစ်တောကြီးထဲကို ရောက်လာပြီးနောက် သူတို့နှင့် ဆွေးနွေးပြီး ကမ်းလှမ်းရန် အချိန်ကျပြီဖြစ်ကြောင်း မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်သည်။
သူက သူတို့ကို လှမ်းခေါ်တော့မည့်အချိန်တွင် ဟွမ်ဖူဖေးက ပြန်လှည့်ပြီး သူ့ဆီသို့ လျှောက်လာကြောင်း တွေ့လိုက်ရ၏။
"တာအိုသခင် ချင်းယွင် …
တာအိုသခင်က မိုးကြိုးကျင့်စဉ် (၅) သွယ်နဲ့ ကောင်းကင်ည လှံသိုင်းပညာ အနှစ်သာရတွေကို ပိုင်ဆိုင်ထားတာ ကျွန်မက သတိထားမိတယ်။ လုံခြုံတဲ့နေရာကိုရောက်ရင် တာအိုသခင်က ကျွန်မကို လမ်းညွှန်ပေးနိုင်မလား။ မကောင်းဆိုးဝါး ဝိညာဉ်က နောက်ပိုင်းနှစ်တွေမှာ ကျွန်မရဲ့အဖေကို တိုက်ခိုက်ခဲ့တယ်။ သူ မရှိတဲ့အချိန်မှာ တခြားတပည့်တွေနဲ့ ကျွန်မရဲ့တိုးတက်မှုကလည်း တော်တော်လေးကို နှေးသွားတယ်။ ဒီတော့ ကျွန်မက တာအိုသခင်လေးရဲ့ အကြံပေးချက်ကို တောင်းဆိုချင်ပါတယ်…"
သူမ အမေနှင့်ယှဉ်လိုက်မည်ဆိုလျှင် သူမက အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပေ။ သူမက တည်ငြိမ်စွာ ပြောလိုက်၏။
"အပေးအယူအနေနဲ့ ကျွန်မက မိုးကြိုးကျင့်စဉ်(၅)သွယ်နဲ့ ကောင်းကင်ည လှံသိုင်းပညာ တစ်ခုလုံးကို ပေးပါ့မယ်…"
သူမ၏ စကားလုံး ရွေးချယ်မှုအရ မုန့်ချီက သူတို့၏ လျှို့ဝှက်သိုင်းကျမ်းကို လိုချင်နေသော သူခိုးတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။
"ငါ့ပုံစံက အဲဒီလို လိုချင်နေတဲ့ လူတစ်ယောက်နဲ့ တူနေလို့လား…"
မုန့်ချီကတော့ မလိုချင်ယောင် ဆောင်ပြီး ပြောလိုက်သည်။ ထိုအစား ရင်ထဲတွင်တော့ အလွန်ထိတ်လန့်သွားခဲ့၏။ ဘာကြောင့် သူတို့နှစ်ယောက်က ထိုကဲ့သို့ စဉ်းစားလာရသနည်း။ သူကတော့ ပွင့်ပွင့်လင်းလင်းပင် မတောင်းဆိုရသေးပေ။
သခင်မကြီးဟွမ်ဖူက သူမ၏ သမီးကို လျင်မြန်စွာ တိတ်တဆိတ် အပြစ်တင်လိုက်ပြီး ရှင်းပြလိုက်သည်။
"တာအိုသခင်လေး …
ဒါက နားလည်မှု လွဲတာပါ။ သူ ဆိုလိုချင်တာက ကျွန်မတို့မိသားစုရဲ့ အမွေအနှစ် သိုင်းပညာကို ပြသချင်တယ်။ ဒါဆိုရင် တာအိုသခင်လေးက သူ့ကို လမ်းညွှန်တဲ့ နေရာမှာ ပိုပြီး အဆင်ပြေတာပေါ့…"
သူမက စကားမဆုံးသေးခင် တာအိုသခင်လေး၏ အမူအရာက ပျော့ပျောင်းသွားကြောင်း မြင်လိုက်ရသည်။ မုန့်ချီက အစောပိုင်းတွင် သူ၏ ပုံရိပ်ကို ဖျက်ဆီးပစ်လုနီးပါး ခံစားခဲ့ရ၏။ သူတို့က ကမ်းလှမ်းမှုကို ရုတ်သိမ်းသွားနိုင်သည်။
သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး ပြောလိုက်၏။
"အဲဒါက နတ်ဘုရားစုစည်းခြင်း တောင်ထိပ်သခင် ဆရာကြီး ဟွမ်ဖူ ကိုယ်တိုင် ဖန်တီးထားခဲ့တဲ့ အရာပဲ။ ငါက ဓားသိုင်းပညာကိုပဲ ကျွမ်းကျင်တာပါ။ တကယ်လို့ မိန်းကလေးဟွမ်ဖူကို လမ်းညွှန်ဖို့ အခွင့်အရေး ရှိမယ်ဆိုရင်တော့ တကယ်ပဲ ကျေးဇူးတင်ရမှာပါ။ ငါ့ရဲ့မိုးကြိုးဓားကျင့်စဉ်က မိန်းကလေးတို့ မိသားစုက လှံသိုင်းပညာနဲ့ တော်တော်လေးကို တူနေတယ်။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အကူအညီ ပေးနိုင်မှာပါ…"
သခင်မကြီး ဟွမ်ဖူနှင့်သူ့သမီးက အတော်လေး ဝမ်းသာသွားခဲ့သည်။
"ဗုန်း … "
ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာပြီး အဝေးတွင် ရှိနေသော သစ်ပင်များ လဲကျသည့်အသံကို ကြားလိုက်ရသည်။
မုန့်ချီက ဆူညံနေသော အသံကြားရာကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
"ဆရာကြီးကျိယွဲ့လား …။ သူက ငါတို့နောက်ကို လိုက်လာဖို့အတွက် သစ်တောကြီး တစ်ခုလုံးကို ဖျက်စီးပစ်ဖို့ ကြိုးစားနေတာလား … "
သူ့ရန်သူက ထိုကဲ့သို့ လိုက်လာလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။ ဆရာကြီး ကျိယွဲ့က ထိုမျှပြတ်သားလိမ့်မည်ဟုလည်း သူက မထင်ထားခဲ့ပေ။
သစ်တောကြီးတစ်ခုလုံးက မိုင်တစ်ရာကျော် အကျယ် ရှိသည်။ အချိန် လုံလုံလောက်လောက် ပေးလိုက်မည်ဆိုလျှင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။ အကယ်၍ သူသာ သစ်တောတစ်ခုလုံးကို စိတ်ရှည်လက်ရှည် မြေလှန်ပစ်မည်ဆိုလျှင် သူတို့ထွက်ပြေးရန် နေရာ မရှိတော့ချေ။
ထို့ပြင် ပျံသန်းမှုအရ သူက လေထဲတွင် ရှိနေ၏။ သူက သူတို့၏ လှုပ်ရှားမှုတိုင်းကိုလည်း ချက်ချင်း မြင်သွားနိုင်သည်။ ထိုအရာက လေထဲတွင် ရှိနေသော ရန်သူတစ်ယောက်၏ အခြေအနေလည်းဖြစ်၏။
ပင်မ ကမ္ဘာကြီးထဲတွင် မုန့်ချီက ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ရင်ဆိုင်ဖူးသော အတွေ့အကြုံရှိသည်။ သို့သော် သူတို့က သစ်တောများ ၊ကုန်းမြေကြီးများကို ဖျက်ဆီးပစ်သည်မှာ ရှားပါး၏။ သူတို့က မလိုအပ်သော အရာများကို မလုပ်ကြပေ။ တခြားသော မိသားစုများ ၊ ကလန်များ ၊ ဂိုဏ်းများ မကျေမနပ်ဖြစ်မှာကို ရှောင်တိမ်းကြသည်။
ထို့ပြင် သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ လိုက်လံတိုက်ခိုက်ခံရသည့် အတွေ့အကြုံလည်း မရှိသေးပေ။ ဆရာကြီးကျိယွဲ့က ထိုသို့လုပ်လိမ့်မည်ဟု သူလည်း လုံးဝ မတွေးမိခဲ့ချေ။
Translated by Hein Htet