အခန်း (၃၈၁)
Vol. 26 Ch. 381
မုန်တိုင်းမလာခင် တည်ငြိမ်နေတတ်သည်။ မုန့်ချီက လက်ရှိအခြေအနေကို ရောက်ရှိလာရန်အတွက် သေရေးရှင်ရေး အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သခင်မကြီးဟွမ်ဖူနှင့် မိန်းကလေးဟွမ်ဖူတို့၏ စိုးရိမ်ထိတ်လန့်နေခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူကတော့ ကိုယ့်ကိုယ်ကိုယ် အတည်ငြိမ်ဆုံး ထိန်းသိမ်းနိုင်သေး၏။
သူ့ခေါင်းထဲတွင် စကားလုံးအနည်းငယ်ကိုသာ တီးတိုးရေရွတ်နေမိသည်။
"စိုးရိမ်မနေနဲ့ ။ သစ်တောကြီးက အကြီးကြီးပဲ။ တကယ်လို့ ဆရာကြီးကျိယွဲ့က အကျိုးဆက်ကို ဂရုမစိုက်ဘူးဆိုရင်တောင် သူက ငါတို့ကို ချက်ချင်းတွေ့သွားမှာ မဟုတ်ဘူး။ ငါတို့မှာ လုံးဝမျှော်လင့်ချက်မဲ့နေတာ မဟုတ်ဘူး…"
"ကျွန်မတို့က မြေအောက်လိုဏ်ခေါင်းတစ်ခုရှာပြီး ပုန်းနေရင်ကောင်းမလား…"
ဟွမ်ဖူဖေးက သူမ၏အကြံကို ပြောပြလိုက်သည်။
အကယ်၍ သူတို့ကသာ အလွန်နက်ရှိုင်းသော နေရာတွင် ပုန်းနေခဲ့မည်ဆိုလျှင် သစ်တောကြီးပျက်စီးမှုကလည်း သက်ရောက်မှု မခံရနိုင်တော့ချေ။ ဆရာကြီးကျိယွဲ့က မြေပြင်ကိုပင် တူးပစ်နိုင်မည်လော။ ထိုသို့ဆိုလျှင် သူ့ကြောင့် သဘာဝကပ်ဆိုးကြီးများ ကျရောက်လာနိုင်ပြီး သူတို့ထွက်ပြေးရာတွင် အကူအညီများ ဖြစ်လာနိုင်သည်။
"ဗုန်း... "
အလွန်ကျယ်လောင်သော အသံကြီးတစ်ခုကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။ ယခုတစ်ကြိမ်တော့ ယခင်တုန်းကနှင့်စာလျှင် အနည်းငယ် ပို၍နီးကပ်လာသည်။ ပြင်းထန်သောလှုပ်ရှားမှုများကြောင့် သစ်ပင်ပေါ်တွင် ရှိနေသော နှင်းစက်များ ပြုတ်ကျလာပြီး လေထဲတွင် အဖြူရောင်နှင်းလွှာများ ဖြစ်ပေါ်လာသည်။
မုန့်ချီက ခေါင်းခါပြလိုက်ပြီး ဟွမ်ဖူဖေး၏ အတွေးကို ဖယ်ရှားလိုက်၏။
"ငါတို့က ဒီလိုအလျင်လိုနေတဲ့ အချိန်မျိုးမှာ လိုဏ်ဂူတစ်ခုကို ဘယ်နေရာမှာ သွားရှာရမှာလဲ…"
သူတို့သားအမိ(၂) ယောက်က သစ်တောထဲကို ရံဖန်ရံခါ ရောက်လာခဲ့ဖူးသော်လည်း မြေပြင်အခြေအနေနှင့် အမှန်တကယ် ရင်းနှီးနေခြင်း မရှိပေ။ သူတို့က အချင်းချင်း တွေဝေစွာ ကြည့်နေမိကြပြီး ထိုကဲ့သို့ လိုဏ်ဂူရှိမရှိ ပြန်လည်စဉ်းစားနေကြ၏။
ထို့ပြင် သစ်တောကြီး ပျက်စီးသွားလျှင် ဆရာကြီးကျိယွဲ့က ထိုကဲ့သို့နေရာမျိုးကို အရင်ဆုံး သေချာပေါက် ရှာဖွေပါလိမ့်မည်။
"တာအိုသခင်ချင်းယွင် …
ကျွန်မတို့က ဘာလုပ်သင့်လဲ…"
အလျင်စလို ဖြစ်နေသည့် သခင်မကြီးဟွမ်ဖူက တခြားနည်းလမ်းကို မစဉ်းစားတတ်တော့ပေ။ သူမက မျှော်လင့်ချက်များ ပြည့်နေသော အမူအရာနှင့် မုန့်ချီကို စိုက်ကြည့်နေမိ၏။
သူက လက်ကာပြလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"အရင်ဆုံး အသံကို နားထောင်ကြစို့…"
ကျယ်လောင်သည့်အသံများက ဆက်၍ ထွက်ပေါ်လာနေပြီး တိရစ္ဆာန်များ ၊ မှော်သားရဲများ၏ အော်သံများကိုလည်း ကြားနေရသည်။ ထိုအရာများက ဆရာကြီးကျိယွဲ့ကို ပြဿနာမပေးနိုင်သည်မှာ ကံဆိုးသွား၏။
သူက လေထဲတွင် ပျံသန်းနေပြီး သူ၏မျက်လုံးထဲတွင် ငွေရောင်အလင်းတန်းများ တောက်ပနေသည်။ သူ့ကိုလရောင်များ လွှမ်းခြုံနေသည့်အတွက် ဆောင်းရာသီတွင် အလွန်လင်းလက်တောက်ပနေသော အရာတစ်ခုကဲ့သို့ ထင်မှတ်ရ၏။
အလွန်တည်ငြိမ်နေသော မုန့်ချီကိုမြင်သည့်အခါ ဟွမ်ဖူဖေးနှင့် သူမ၏အမေကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ရှိလာကြပုံရသည်။ သူမက အနည်းငယ် စိုးရိမ်နေသော်လည်း အနည်းဆုံးတော့ ထိန်းချုပ်မှုလွတ်သွားခြင်း မရှိသေးပေ။
"ဗုန်း …ဗုန်း... "
မုန့်ချီက နားတံခါးကို အမြင့်ဆုံးသုံးထားခဲ့သည်။ အသံများနှင့် တုန်ခါမှုတစ်ခုချင်းဆီ၏ အကူအညီကြောင့် သူက ဆရာကြီးကျိယွဲ့၏ တိကျသောတည်နေရာကို စစ်ဆေးနိုင်စွမ်းရှိသည်။ သူ့ခေါင်းထဲတွင်လည်း ငှက်တစ်ကောင်ကဲ့သို့ နှင်းဖုံးနေသော သစ်တောကြီးကို အပေါ်ဘက်မှ မြင်နိုင်နေသည်။ ထိုအချိန်တွင် ပျက်စီးသွားသော နေရာများက အနက်ရောင် အစက်အပြောက်များ အဖြစ် ပေါ်လာခဲ့၏။
လူတစ်ယောက်က သူ၏လုပ်ရပ်ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်နေသည့် အချိန်တွင် မည်သူဖြစ်စေကာမူ အစီအစဉ်အတိုင်း ဖြစ်သွားတတ်သည်။ ထိုအရာက ဦးတည်ရာမဲ့ တိုက်ခိုက်နေခြင်းဖြစ်သော်လည်း မပြောင်းလဲသော နိယာမတစ်ခု သေချာပေါက် ရှိနိုင်သည်။
ဥပမာအနေနှင့် ပြောရလျှင် မုန့်ချီတို့ကသာ သစ်တောကြီးထဲသို့ အတည့်အတိုင်း ဝင်လာခဲ့မည်ဆိုလျှင် ဆရာကြီးကျိယွဲ့က မြင်းလှည်းရပ်သွားသည့်နေရာမှ စတင်ရှာဖွေမည်ဖြစ်၏။ သူက သူ့အနောက်ဘက်တွင် ရှိနေသော နယ်မြေ (၂) ခုကို အတည့်အတိုင်း အရင်ဆုံးဖျက်ဆီးပြီး မူလနေရာသို့ပြန်ရောက်လာပြီး ရှေ့ဆက်သွားမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် (၂) ပိုင်းခွဲနိုင်၏။ နယ်မြေတစ်ခုကို လုံးဝဖျက်ဆီးပြီးသွားပြီဆိုလျှင် သူက မူလလုပ်ရပ်များအတိုင်း ပြန်လည်လုပ်ဆောင်နိုင်သည်။ မြင်ကွင်းများက တဖြည်းဖြည်း ရှင်းလင်းလာသည့်အချိန်တွင် မုန့်ချီ၏ခေါင်းထဲတွင်တော့ အတင့်ရဲသော အတွေးတစ်ခု ပေါ်လာခဲ့၏။
သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ကျွန်တော်တို့ လာခဲ့တဲ့လမ်းအတိုင်း ပြန်ကြမယ်…"
"ဟမ်... "
ဟွမ်ဖူဖေးက ဇဝေဇဝါဖြစ်သွားခဲ့၏။
"ငါ့ကို ယုံပါ…"
အချိန်က အလွန်အရေးကြီးနေသည်။ မုန့်ချီက သူတို့ကို အသေးစိတ်ရှင်းပြရန် အချိန်မရှိခဲ့ပေ။
သူ၏ယုံကြည်ချက်နှင့် တည်ငြိမ်သောအမူအရာကြောင့် သခင်မကြီးဟွမ်ဖူနှင့် မိန်းကလေးဟွမ်ဖူတို့က သူတို့၏ခံစားချက်များကို အနည်းငယ် ထိန်းချုပ်နိုင်ကြသည်။ ထို့ကြောင့် သူတို့က ခေါင်းညိတ်ပြီး သူ့နောက်သို့ လိုက်ရန် သဘောတူလိုက်ကြ၏။
မည်သို့ဖြစ်စေကာမူ သူတို့ (၂) ယောက်က အဆပေါင်းများစွာ ပို၍အားနည်းနေသည့်အတွက် ရွေးချယ်ခွင့်မရှိကြဘဲ တာအိုသခင်ချင်းယွင်ကိုသာ အားကိုးနေရသည်။ သူညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ရမည်သာဖြစ်၏။
သူတို့(၂) ယောက်က ကိုယ်ဖော့ပညာသုံးသည်ကို စောင့်မနေတော့ပဲ မုန့်ချီက လက်တစ်ဖက်ချင်းဆီတွင် ကိုင်ထားသော ဓားမောက်နှင့် ဓားရှည်တို့ကို သိမ်းပြီး သူတို့ကို ဆွဲခေါ်လိုက်သည်။ သူက ပုံရိပ်ယောင်တစ်ခုသဖွယ် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သစ်တောကြီးထဲတွင် အသံမထွက်ဘဲ ထွက်လာခဲ့၏။
အကယ်၍ ဆရာကြီးကျိယွဲ့ကသာ ကမ္ဘာမြေကြီး၏အသံကို နားထောင်နိုင်သော သိုင်းပညာမျိုး တတ်မြောက်နိုင်မည်ဆိုလျှင် သို့မဟုတ် သစ်တောကြီးတစ်ခုလုံးကို ဖောက်မြင်နိုင်သော အမြင်အာရုံမျိုး ရှိနေမည်ဆိုလျှင် ထိုကဲ့သို့အချိန်ကုန်သော လုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူ၏ကိုယ်ဖော့ပညာကသာ လုံလောက်အောင် သေသပ်မည်ဆိုလျှင် လှုပ်ရှားမှုကြီးကြီးမားမား ပေါ်လာမည် မဟုတ်ဘဲ သစ်တောကြီးထဲမှ ထွက်သွားနိုင်ပါလိမ့်မည်။
သူက မူလလမ်းကြောင်းအတိုင်း ပြန်သွားမည်ဟု ပြောထားသော်လည်း အစစ်အမှန် အခြေအနေကတော့ လုံးဝကွဲပြားသည်။ သူတို့လာခဲ့သော ဦးတည်ချက်က တူညီသော်လည်း ယခုတစ်ကြိမ်တော့ သူက သစ်တောကြီးကို အတည့်အတိုင်း ဖြတ်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။
သူက ခြေရာလက်ရာများကျန်နေမှာကို စိုးရိမ်နေခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးကျိယွဲ့က သေချာပေါက် ဖျက်ဆီးပစ်မည်ဖြစ်၏။
"ဘုန်း... "
ဖျက်စီးသည့်အသံများက တဖြည်းဖြည်း ပို၍နီးကပ်လာသည်။
မုန့်ချီက သူရောက်နေသည့်နေရာတွင် ရုတ်တရက်ရပ်လိုက်၏။
"ဒီစည်းမျဉ်းတွေအရဆိုရင် တိုက်ခိုက်မူတွေက အပေါ်ဘက်ကို ရောက်သွားမှာ ။ ရှေ့တည့်တည့်ကို မဟုတ်ဘူး …"
သူက အသက်အောင့်လိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ သူ၏နှလုံးခုန်သံကလည်း တဖြည်းဖြည်းမြန်လာပြီး စိုးရိမ်ထိတ်လန့်လာခဲ့သည်။ အကယ်၍ သခင်မကြီးဟွမ်ဖူနှင့် သခင်မလေးဟွမ်ဖူတို့ကသာ သူနှင့်အတူ ရှိမနေလျှင်သူက သူ၏အစွမ်းနှင့် ပစ္စည်းများအရ ရန်သူကိုကျော်သွားရန် ပြဿနာမရှိပေ။ ယခုတော့ သူက ထိုသို့စွန့်စားရန်သာ ရှိတော့၏။
သူ၏လက်ရှိအခြေအနေကတော့ ဆရာကြီးကျိယွဲ့၏ နောက်ထပ် တိုက်ခိုက်မှုကို စောင့်နေခြင်း ဖြစ်သည်။ အကယ်၍ သူ၏စည်းမျဉ်းကသာ ပြောင်းလဲသွားမည်ဆိုလျှင် မုန့်ချီက ရွေးချယ်စရာမရှိတော့ဘဲ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
သားအမိ(၂) ယောက်ကိုတော့ အရင်ဆုံး သွားခိုင်းရမည် ဖြစ်၏။ သေဆုံးသွားခြင်းထက် အဖမ်းခံရခြင်းက ပိုကောင်းသေးသည်။ ည်သို့ဖြစ်စေကာမူ သူတို့အသက်ရှင်နေသေးသရွေ့ အခွင့်အရေး ရှိနေသေး၏။ တစ်ဖက်တွင်တော့ သူက တာဝန်ကို ရပ်လိုက်ပြီး ပင်မကမ္ဘာကြီးထဲသို့ ပြန်သွားနိုင်သည်။
သူက ကောင်းကင်ဖျက်လက်ဝါးကို အတုခိုးရန်နည်းလမ်းလည်း မရှိချေ။ သူက ကမ္ဘာမြေကြီး၏အစွမ်းကို လှုံ့ဆောင်နိုင်ခြင်း မရှိသေးပေ။ ဝေ့ကျင်းအဆင့်ပညာရှင်က ထိုကဲ့သို့ အတုအယောင်သိုင်းကွက်မျိုးကို ကြောက်ရွံ့နေမည်လော။
ထို့ပြင် ဆရာကြီးကျိယွဲ့က မည်မျှအစွမ်းထက်ကြောင်း တိတိကျကျ မသိသည့်အတွက် သူ့ကိုမည်သို့ ရင်ဆိုင်ရမည်နည်း။
"ဘုန်း... "
ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏အစွမ်းက သစ်တောကြီးတစ်ခုလုံးကို ကျရောက်လာသည်။
အဖျက်စွမ်းအားများက (၁၀) ပေခန့်အကွာတွင် ကျရောက်လာကြောင်း သူတို့က ခံစားမိနေ၏။ လေစီးကြောင်းများ လှုပ်ရှားနေပြီး လမ်းကြောင်းများကလည်း နှင်းများကြောင့် အေးခဲသွားသည်။ သူတို့၏အပေါ်တွင် ရောက်လာသော နှင်းလွှာများက စွတ်စွတ်ဖြူနေ၏။
"သေချာသွားပြီ။ ဆရာကြီးကျိယွဲ့က ဒီစည်းမျဉ်းအတိုင်း တိုက်ခိုက်နေတာပဲ…"
မုန့်ချီက စိတ်ထဲတွင် ဝမ်းသာသွားခဲ့၏။ သူ၏နဖူးပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ စိုးရိမ်မှုများကြောင့် ချွေးစေးများ ကျနေသည်။ သူက သားအမိ (၂) ယောက်ကို လျင်မြန်စွာ ငုံ့ခိုင်းလိုက်ပြီး အမြင်အာရုံနှောင့်ယှက်ခြင်းသစ်ရွက်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ထို့နောက် သူက သူတို့ဆီသို့ တဖြည်းဖြည်းကပ်သွားခဲ့၏။ ထိုသစ်ရွက်က အကွာအဝေးတစ်ခုအတွင်းလူတစ်ယောက်၏ အငွေ့အသက်နှင့် ပုံရိပ်ကို ဖုံးကွယ်ပေးနိုင်သည်။ ထိုအရာက ကောင်းကင် (၄) သွယ် ဝေ့ကျင်းအဆင့် မရောက်သေးသော ပညာရှင်များက စစ်ဆေး၍မရနိုင်ပေ။
သေရေးရှင်ရေးအခြေအနေမျိုးတွင် ထိုသားအမိကလည်း မည်သည့်အရာကိုမျှဂရုမစိုက်နိုင်တော့ပဲ မုန့်ချီ၏ဘေး(၂) ဖက်တွင် ကပ်နေကြသည်။ သစ်ရွက်က ပျက်စီးသွားသည့် အချိန်တွင် အလွန်ကြီးမားပြီး မမြင်ရသည့် သစ်ရွက်ကြီးတစ်ခုက သူတို့ (၃) ယောက်ကို လွှမ်းခြုံပေးလိုက်သည်။
"ဗုန်း... "
အဝေးမှနေ၍ ပေါက်ကွဲသည့်အသံတစ်ခု ကျရောက်လာသည်။
"အခုအချိန်ပဲ …"
မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး သားအမိ(၂) ယောက်ကိုမ၍ သစ်တော၏အစွန်ကို အလွန်လျင်မြန်စွာ ပြေးသွားခဲ့သည်။ သစ်တော၏ အပြင်ဘက်တွင်တော့ သူတို့ဝင်လာခဲ့သော နေရာ ဖြစ်နေသည်။
ထိုလမ်းကြောင်းတွင် အပျက်အစီးများကြောင့် အက်ကွဲကြောင်းများ ပြည့်နေပြီး မြေအောက်ထဲသို့ အလွန်နက်ရှိုင်းလွန်းလှသည်။ နှင်းများကလည်း ပျော်ကျနေပြီး အနက်ရောင်နှင့် အဖြူရောင်မြင်ကွင်းများ ပေါ်နေသည်မှာ ကမ္ဘာပျက်သွားသလို ထင်မှတ်ရ၏။
မုန့်ချီက အဝေးတွင် ရှိနေသော အက်ကွဲကြောင်းကြီးကို ကြည့်လိုက်ရာ ဧရာမသိန်းငှက်ကြီးတစ်ကောင် အတောင်ပံဖြန့်နေသလို ထင်မှတ်ရ၏။
ဆရာကြီးကျိယွဲ့၏ မျက်လုံးကတော့ ငွေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး မုန့်ချီတို့ ထွက်ပြေးမသွားစေရန် သစ်တောကြီးတစ်ခုလုံးကို စစ်ဆေးနေသည်။ သူကတော့ အာရုံတချို့ကိုတော့ ခွဲထားပြီး သူ့မျက်လုံးနှင့် ထူးဆန်းစွာ စစ်ဆေးနေသော်လည်း မုန့်ချီတို့၏ခြေရာလက်ရာများကို သတိမထားမိသေးပေ။
သူတို့က အလွန်ဝေးသွားပြီဖြစ်၏။ သူက မြေပြင်ကို တိုက်ခိုက်လိုက်ပြီး သူ၏ခြေရာလက်ရာများကို ဖျက်ဆီးလိုက်သည်။ ထို့နောက် သူက လေထဲသို့ ခုန်လိုက်ပြီး မည်သည့်အစွမ်းမျှငှားမယူဘဲ လှုပ်ရှားလိုက်၏။ ထိုအရာက လေလှိုင်းကို ဆန့်ကျင်ပြီး ခုန်ထွက်နိုင်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။
သို့သော် ချိုင့်ခွက်ကြီးက အတော်လေးကို ကြီးမားလွန်းသည့်အတွက် သူက အထဲကို ကျသွားတော့မလို ထင်မှတ်ရသည်။ လေလှိုင်းများက တိုက်ခတ်လာပြီးနောက် သူတို့က အက်ကွဲကြောင်းထဲသို့ လျင်မြန်စွာ ကျသွားခဲ့၏။ မုန့်ချီက ဘယ်ခြေထောက်ကို မြေသားပေါ်သို့ လျင်မြန်စွာ နင်းလိုက်ရာ ကျဆင်းနေရာမှ ရပ်တန့်သွားခဲ့ပြီး တည်ငြိမ်သွားခဲ့သည်။
"ဗုန်း... "
ဆရာကြီးကျိယွဲ့ကတော့ သူတို့၏မူလနေရာကို ဖျက်ဆီးပစ်လိုက်သည်။ ကမ္ဘာမြေကြီးက လှုပ်ရှားလာပြီး အဖြူရောင်များကလည်း တဖြည်းဖြည်းပျောက်ကွယ်လာခဲ့၏။
မုန့်ချီက လိုအပ်သည့်အကွာအဝေးပမာဏကို ချက်ချင်း တွက်ချက်ကြည့်လိုက်သည်။ တိုက်ခိုက်မှု ဖြစ်ပေါ်လာသည့်အချိန်တွင် သူက ရှေ့သို့တက်သွားပြီး လူတစ်ယောက်နေနိုင်ရန် တွင်းပေါက်တစ်ခု ဖန်တီးလိုက်၏။ ထို့နောက် သူတို့ကို အပေါ်ဘက်မှ မမြင်ရစေရန် ထိုအထဲတွင် ရှောင်တိမ်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်ကို မြေသားနံရံနှင့်ဖိ၍ ပုန်းနေခဲ့၏။
အပေါ်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံများဆက်၍ ထွက်ပေါ်လာသည်ကို ကြားလိုက်မှသာ သူလည်း သက်ပြင်းချလိုက်မိသည်။ သူ၏အဝတ်အစားများကလည်း ချွေးများ စိုရွှဲနေခဲ့၏။ သူတို့က သစ်တောအပြင်ဘက်တွင် ပုန်းနေသည်ဟုသာ ဆရာကြီးကျိယွဲ့က သေချာပေါက် ယူဆပါလိမ့်မည်။
သူက အပေါ်ဘက်မှ လှမ်းကြည့်လိုက်မည်ဆိုလျှင်လည်း သူတို့၏လက်ရှိနေရာက မျက်ကွယ်နေရာတစ်ခု ဖြစ်နေသည်။ မိန်းကလေးဟွမ်ဖူနှင့် သခင်မကြီးဟွမ်ဖူတို့ကလည်း တစ်ကိုယ်လုံး ချွေးများစိုရွှဲနေကြပြီး စကားမပြောရဲသလို အသက်ကိုပင် ပြင်းပြင်း မရှူရဲကြပေ။
"ဒုတ်ဒုတ် .. ဒုတ်ဒုတ် .. ဒုတ်ဒုတ်…"
ပုံမှန်အလွန်တိုးသောအသံတစ်ခုကပင် သူတို့ကိုသက်ရောက်စေနိုင်သည်။ သူတို့၏နှလုံးခုန်သံကလည်း တဖြည်းဖြည်းနှေးကွေးသွားပြီးနောက် တင်းမာနေသော ခံစားချက်များ ပြေလျော့သွားခဲ့၏။
"ဒါက တာအိုသခင်ချင်းယွင်ရဲ့ နှလုံးခုန်သံလား…"
သူတို့က အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ အလွန်တည်ငြိမ်အေးချမ်းသော တာအိုသခင်လေးက တရားထိုင်နေကြောင်း မြင်လိုက်ရသည်။ သူတို့ကလည်း အနည်းငယ် ပင့်သက်ရှိုက်လိုက်မိပြီး သူ့လိုလေ့ကျင့်ရန် ကြိုးစားလိုက်သည်။
ပျက်စီးသည့်အသံများက တဖြည်းဖြည်းပို၍ဝေးသွားပြီး သူတို့၏နားထဲတွင်တော့ ကြားနေရသေးသည်။ မြေပြင်ကြီးကလည်း တုန်လှုပ်နေသေး၏။ အပြင်ဘက်တွင်တော့ လုံးဝကိုပျက်စီးနေသည်။ နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူတို့ပုန်းအောင်းနေသော နေရာကတော့ အတော်လေးကို တည်ငြိမ်နေသေး၏။
ထိုအချိန်တွင် အမြင်အာရုံဆန့်ကျင်ရေးသစ်ရွက်၏အကာအကွယ်က ပျက်စီးသွားခဲ့၏။ သစ်တောကြီးတစ်ခုလုံးကလည်း ပျက်စီးသွားခဲ့သည်။ ဆရာကြီးကျိယွဲ့ကတော့ အပျက်အစီးများထဲတွင် သူ၏ပစ်မှတ်ကို အပေါ်ဘက်မှ ပျံသန်းရှာဖွေနေခဲ့၏။
မုန့်ချီကတော့ သူ့ခေါင်းပေါ်မှ ဖြတ်သွားသော အစွမ်းထက် စိတ်ဝိညာဉ်စွမ်းအားများကို ခံစားမိသည့်အတွက် ချက်ချင်း ပြန်နိုးလာခဲ့သည်။ ထိုအချိန်တွင် သူတို့က မည်မျှကွာဝေးကြောင်း သူက ချက်ချင်း ခံစားမိလိုက်သည်။ သူကတော့ ဒေါသကြောင့်သာ ဖျက်ဆီးလိုက်ခြင်း ဖြစ်ပုံရ၏။
"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ…"
မုန့်ချီကလည်း စိတ်သက်သာရာ ရသွားခဲ့၏။ သူက သခင်မကြီးဟွမ်ဖူနှင့် မိန်းကလေးဟွမ်ဖူတို့ကို နှိှုးလိုက်ပြီး သူတို့ (၃) ယောက်က နောက်ထပ် တစ်ရက်နှင့် တစ်ညတိတိ စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။
ဒုတိယနေ့ အာရုံတက်ချိန်တွင်တော့ သူက သူတို့ (၂) ယောက်ကိုခေါ်ပြီး ကမ္ဘာပျက်နေသောနေရာမှ ထွက်ပြေးလာခဲ့ကြ၏။
………..
ဟွာယွမ်မြို့…
မုန့်ချီက မြို့ဝင်ပေါက်တွင် မိန်းကလေးဟုံရှန်းထားခဲ့သော လျှို့ဝှက်အမှတ်အသားကို တွေ့လိုက်ရသည်။ ထိုအမှတ်အသားကြောင့် ရှရန်ယွင်က သစ္စာဖောက် တစ်ယောက် ဖြစ်ကြောင်း ပြောပြနေပြီး သူတို့က ချီရှောင်ချုံနှင့် ဟွမ်လင်းတို့ကို ထိုအကြောင်း သတိပေးထားပြီးကြောင်း ပြသနေသည်။
သူတို့ (၂) ယောက်က သူတို့အချင်းချင်း၏ နေရာကိုပင် ပြောမပြဘဲ ပုန်းအောင်း၍ ဟွမ်ဖူဖေး ဆက်သွယ်လာမည့်အချိန်ကို စောင့်နေခဲ့ကြသည်။ သူတို့မြို့ထဲသို့ ရောက်လာသည်နှင့် မုန့်ချီက ထိုသားအမိ (၂) ယောက်ကို ယောကျ်ားများအဖြစ် ရုပ်ဖျက်ပြီး မြို့တံခါးနားတွင် နေခိုင်းလိုက်သည်။
သူကတော့ သက်လက်ပိုင်း လူကြီးတစ်ယောက်ကိုသွားရှာပြီး သာမန်အိမ်တစ်လုံးကို ငှားယူလိုက်သည်။ သူတို့ (၃) ယောက်က အိမ်ထဲသို့ တိတ်တဆိတ်ဝင်ရောက်ပြီး နေထိုင်ခဲ့ကြ၏။ ထိုအချိန်ကျမှသာ မုန့်ချီက သက်ပြင်းချနိုင်တော့သည်။
ရွာ (၉) ရွာကမ္ဘာကြီးထဲသို့ ပထမဆုံး ဝင်ရောက်လာသည့်အချိန်တွင် သူ၏မူလပုံစံလည်း ပေါ်လာခဲ့ရ၏။
"ဒီနေရာမှာနေပြီး ကိစ္စတွေအားလုံး ပြီးသွားတဲ့အချိန်အထိစောင့်နေပါ ။ တစ်လကြာပြီးရင်တော့ ချီရှောင်ချုံနဲ့ တခြားလူတွေကို ဆက်သွယ်လို့ရတယ်…"
"ကောင်းပါပြီ "
အရာအားလုံး ပြီးဆုံးသွားပြီးနောက် ဟွမ်ဖူဖေးက သူ၏စကားလုံးတိုင်းကို ယုံကြည်ချက် ရှိနေသည်။
သူမက ခဏကြာရပ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။
"တာအိုသခင်လေးက ခရီးရှည်ကြီးကြောင့် ပင်ပန်းနေပြီလား။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မက မိုးကြိုးကျင့်စဉ် (၅) သွယ်နဲ့ ကောင်းကင်ည လှံသိုင်းပညာတို့အကြောင်းကို မေးချင်ပါတယ်.."
"ဘာမှမစိုးရိမ်ပါနဲ့ မေးပါ…"
မုန့်ချီက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
နောက်ဆုံးတော့ သူ့အတွက် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်၏။ ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုကို ရရှိရန် အမှန်တကယ်ကို ခက်ခဲလွန်းလှပေသည်။
Translated by Hein Htet