← Chapters

အခန်း (၃၈၃)

Vol. 26 Ch. 383

အခန်း (၃၈၃)

Vol. 26 Ch. 383

လိုဏ်ခေါင်းက အလျင်စလို တူးထားသည့်အလား တိုပြီး ကျဉ်းမြောင်းသည်။ လိုဏ်ခေါင်း၏ အလယ်တည့်တည့် အကျယ်ဆုံး တူးထားသည့် နေရာတွင်ပင် မတ်မတ်ရပ်၍ မရနိုင်ပေ။ ထိုအရာက ကျောက်တုံးနေအိမ်တစ်ခုကဲ့သို့ တည်ဆောက်ထားခြင်းဖြစ်ပြီး အတွင်းထဲတွင် ထိုင်ခုံအနည်းငယ်နှင့် လျှို့ဝှက်အခန်းတစ်ခု ရှိသည်။

အစောင့် ရောက်လာခဲ့သည့်အချိန်တွင် အတွင်းထဲ၌ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ရှိသည်။ ယောကျ်ားကတော့ ကုန်သည်ပုံစံဝတ်ဆင်ထားပြီး မိန်းမပျိုကတော့ အစေခံတစ်ယောက် ပုံသဏ္ဌာန်ဝတ်ဆင်ထား၏။

ထိုလူက သက်ပြင်းချလိုက်မိသည်။

"အဘိုးကြီးပန် ဘာမှမစိုးရိမ်ပါနဲ့။ အင်မော်တယ်တွေထဲမှာ ပင်မအဖွဲ့သားတွေ အများကြီး မရှိဘူး။ ငါတို့ ကမ်းလှမ်းလိုက်တဲ့ ဆုကြေးတွေကလည်း သိပ်ပြီး မထူးခြားဘူးလေ။ ဒီတော့ တကူးတက အခြေအနေမှ မဟုတ်ရင် တစ်ယောက်ယောက်က ချက်ချင်း ကူညီပေးဖို့ မလွယ်ဘူး…"

အနီးကပ် လေ့လာကြည့်လိုက်မည်ဆိုရင် သူက သူ၏အစစ်အမှန် ပုံစံကို ဖုံးကွယ်ထားရန် ကြိုးစားနေခြင်းဖြစ်သည်။ အဘိုးကြီးပန် ဟုခေါ်သော အစောင့်က ထိုင်ခုံတွင် ထိုင်ပြီး အတော်လေး မကျေမနပ်ဖြစ်နေပုံရသည်။

"ဒါဆိုရင် ဘယ်လောက်တောင် ကြာဦးမှာလဲ။ အရင်လကတည်းကစပြီး ငါ့ရဲ့ ကျင့်စဉ်အဆင့်က ရပ်တန့်နေပြီ။ ငါက ဘဝ တစ်လျှောက်လုံး အစောင့်အဖြစ်ပဲ ဆက်နေရတော့မှာလား။ ငါက ငါချစ်ရတဲ့သူတွေ မိတ်ဆွေတွေနဲ့ အဝေးကို ရောက်နေပြီး ဒီနေရာမှာ တစ်ယောက်တည်း သေရတော့မှာလား။ တကယ့်ကို အစုတ်အပြတ် တာဝန်ကြီးပါကွာ ... "

အချိန်အကန့်အသတ် မရှိသော တာဝန်များက သူတို့အတွက်တော့ ဆိုးရွားလွန်းလှသည်။

"အဘိုးကြီးပန် …

ဒီတာဝန်ကို လက်ခံခဲ့တဲ့ အချိန်တုန်းကတော့ မင်းက ဘာမှကန့်ကွက်ခဲ့တာ မရှိဘူး…"

ကုန်သည်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

အစေခံကလည်း အေးစက်စွာ ပြန်ပြောလိုက်၏။

"အဘိုးကြီးပန်…

တုန်းယွမ်နဲ့ ငါတို့က သွေးသောက်မောင်နှမတွေအဖြစ် သစ္စာဆိုထားကြတာ။ ဒီတော့ ငါတို့ရဲ့ တာဝန်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး။ ငါတို့က အသုံးမဝင်ဘဲ ငြင်းခုန်နေကြမဲ့အစား တာဝန်ပြီးအောင်လို့ ကြိုးစားသင့်တယ်…"

သူမက မျက်မှောင်ကြုတ်လိုက်မိပြီး အနီရောင်မျက်လုံးများက နတ်ဆိုး တစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ သူမ၏ရုပ်ရည်က သိမ်မွေ့ညင်သာပြီး လှပ၏။ သူမ၏ အလှတရားများက အစေခံတစ်ယောက်သဖွယ် ဝတ်ဆင်ထားသည်ကိုပင် အတော်လေး ထူးခြားနေသေး၏။ သူမ၏ ရုပ်ရည်ကို ဖုံးကွယ်ထားသည့် အငွေ့အသက်များကလည်း ထင်ရှားနေသေး၏။

"ငါက အပြစ်တင်နေတာ မဟုတ်ဘူး။ ဒီတာဝန်ရဲ့ သဘာဝကကို … "

လက်နက်ကိုင်ထားသော အစောင့်က ဆက်ပြောလိုက်သည်။

"အဲဒါက တကယ့်ကို ရူးမိုက်တာပဲ။ ငါတို့က အခုထိ ဒီမှာ ပိတ်မိနေသေးတယ်။ ဒါတွေအားလုံးက နဂါးပျံ ယုကျိရှိုရဲ့ ကျေးဇူးတွေကြောင့်ပဲ။ သူက ငါတို့ရဲ့ ချင်းချင်ကို သဘောကျနေတဲ့အတွက် ဒီလိုမျိုးတွေဖြစ်လာတာ။ သူက မိန်းမ မမြင်ဖူးဘူးလား။ သူက ကောင်းကင်ကျေးရွာရဲ့ အရှင်သခင်တစ်ယောက်ဖြစ်ပြီး အစွမ်းထက်တဲ့ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်လည်း ဖြစ်နေတာကိုး..”

“ငါလည်း နားမလည်နိုင်တော့ဘူး။ ချင်းချင်ရဲ့အလှက အဲလောက်ထိ ထူးခြားတယ်လို့လည်း မဆိုနိုင်ပါဘူး။ သိုင်းလောကမှာ ရှိတဲ့ တခြားမိန်းမလှလေးတွေကိုတောင် မယှဉ်နိုင်ပါဘူး။ သူက နူးညံ့ပြီး အပြစ်ကင်းစင်ရုံပဲရှိတာ။ သူက ယင်ကျိနဲ့တောင် မယှဉ်နိုင်ဘူး။ နာမည်ကျော် ပျက်သုဉ်းခြင်း ဓားနတ်သမီးနဲ့ ယှဉ်ဖို့ကိုတော့ ပိုပြီးတော့တောင် ဆိုးဦးမယ်။ ယုကျိရှိုက သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ တကယ့်ကို နားမလည်နိုင်တော့ဘူး…"

တုန်းယွမ်ဟုခေါ်သော ကုန်သည်က စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်မိသည်။ လက်ရှိမျိုးဆက်သူရဲကောင်း မိန်းမပျိုများဟူသည်မှာ ပင်မကမ္ဘာကြီးကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ယင်ကျိက အေးစက်စွာ ပြောလိုက်၏။

"ချင်းချင်ရဲ့မျက်နှာက ဘာများ ထူးဆန်းနေလို့လဲ။ နဂါးပျံက သူ့ကို စိတ်ဝင်စားအောင် ဘယ်သူကများ လုပ်လိုက်တာလဲ…"

"အဲဒါက အဓိက အချက်မဟုတ်ဘူး…"

အဘိုးကြီးပန်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။

"တာဝန်က အရမ်းကို ကြာလွန်းနေပြီ။ တကယ်လို့ ငါတို့ ပြန်သွားတဲ့ အချိန်ကျရင် ဘာတွေကွဲပြားနေမလဲဆိုတာတောင် မသိနိုင်တော့ဘူး။ တကယ်လို့ ငါတို့ပျောက်သွားတာက အရမ်းကြာနေမယ်ဆိုရင် ငါတို့ကို သတိထားမိသွားလိမ့်မယ်..”

“ဒါပေမဲ့ ငါတို့က ပြန်ဖို့နည်းလမ်းတစ်ခုကို အရင်ဆုံး ရှာရမှာပေါ့…"

ယင်ကျိက ဝင်ပြောလိုက်၏။

တုန်းယွမ်က ခါးသီးစွာ ရယ်လိုက်မိသည်။

"အင်မော်တယ်တွေရဲ့အကူအညီက မြန်မြန်ရောက်လာပါစေလို့ မျှော်လင့်ရမှာပဲ။ ပြင်ပ အဖွဲ့သားတစ်ယောက်ဆိုရင်တောင် ဒီကိစ္စကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ငါက တကယ်ပဲ ကုန်သည်တစ်ယောက် မဖြစ်ချင်ဘူး…"

သူတို့ရဲ့ စွမ်းရည်အရ ရွာ (၉)ရွာ ကမ္ဘာကြီးထဲတွင် အသက်ရှင်နေနိုင်ရန် လုံလောက်သည်။ သို့သော် သူတို့၏ကျင့်စဉ်အဆင့် တိုးတက်မှု မရှိတော့သည်ကို လက်မခံနိုင်ကြပေ။

ယင်ကျိက စကားပြောတော့မည့်အချိန်တွင် အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ သူမက တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူမက အပြင်ဘက်ကို လှည့်ကြည့်လိုက်သော်လည်း အရိပ်တစ်ခုပင် မတွေ့ရပေ။

"ဘာဖြစ်လို့လဲ … "

သူမ၏အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိသည့်အတွက် အဘိုးကြီးပန်နှင့် တုန်းယွမ်တို့ကလည်း လှည့်ကြည့်လိုက်ကြသည်။

"ဘာမှမဟုတ်ပါဘူး…"

ယင်ကျိက ပြန်လှည့်လာရာ ထိုင်ခုံတွင် ထိုင်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် မျက်လုံးပြူးသွားခဲ့သည်။

ထိုအရာက အညိုရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး တာအိုအကြီးအကဲတစ်ယောက်၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ အလွန် ကြီးကျယ်ခမ်းနားသော အငွေ့အသက်များကြောင့် ထိုင်ခုံတွင် ထိုင်နေသူက ပလ္လင်ပေါ်တွင် ထိုင်နေသော ရှင်ဘုရင်တစ်ပါးကဲ့သို့ ခံစားရသည်။

သူတို့ (၃)ယောက်ကပင် ဧည့်သည်၏ အရှိန်အဝါကြောင့် နိမ့်ကျသွားသလို ခံစားလိုက်ရ၏။ သူတို့က သူ့ရှေ့တွင် ‌အစေအပါးများကဲ့သို့ ဦးညွတ်လိုက်မိကြသည်။

"ဆရာ … ကောင်းကင်ဘိုးဘေး … "

ယင်ကျိက တီးတိုးရေရွတ်လိုက်မိပြီး အလွန်ထိတ်လန့်အံ့ဩသွားခဲ့သည်။

ထိုမျက်နှာဖုံးက မည်သူ့ကို ကိုယ်စားပြုကြောင်း သူမက အလွယ်တကူ မှတ်မိနေ၏။ ထိုအရာက အင်မော်တယ်များ၏ တရားဝင် အဖွဲ့သားတစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်များထဲမှ တစ်ယောက်ပင် ဖြစ်နိုင်၏။ကောင်းကင်ဘိုးဘေး ဟူသော ဂုဏ်ပုဒ်က အလွန်ကြောက်စရာကောင်း၏။ ထို့ကြောင့် ယင်ကျိက စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသည်။

အဘိုးကြီးပန်နှင့် တုန်းယွမ်တို့ကလည်း တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး အလွန်ထိတ်လန့် ဝမ်းသာနေကြ၏။ သူတို့က လူစိမ်း၏ ဂုဏ်ပုဒ်ကို ကြားသည့်အချိန်တွင် အလွန်ထိတ်လန့်သွားခဲ့သည်။ သူကတော့ သူတို့ကိုယ်တိုင်ပင် သတိမထားမိဘဲ အတွင်းထဲကို ဝင်လာနိုင်သော ကိုယ်ဖော့ပညာကို ပြသခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင်တော့ သူတို့၏ ဆုတောင်းများက ပြည့်လာတော့မည် ဖြစ်သည်။ သူတို့၏ရှေ့တွင် ရှိနေသော မျက်နှာဖုံးဝတ်လူစိမ်းက အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ရှိမည်ဟု သူတို့က ယုံကြည်နေကြသည်။

"မင်းတို့က အင်မော်တယ်တွေဆီကနေ အကူအညီ တောင်းထားတဲ့ လူတွေလား…"

ရုတ်တရက် ပေါ်လာသော ကောင်းကင်ဘိုးဘေးကတော့ မုန့်ချီသာ ဖြစ်သည်။ သူက အသံကိုလည်း ပြောင်းလဲထားပြီး အကြီးအကဲတစ်ယောက်၏ အမူအရာမျိုး ပြင်ဆင်ထားခဲ့၏။

တုန်းယွမ်က လေကို တဝကြီး ရှူလိုက်ပြီး အလွန်ဝမ်းသာသွားသော အမူအရာနှင့်ပြန်ဖြေလိုက်သည်။

"ဟုတ် … ဟုတ်ပါတယ် အကြီးအကဲ။ ကျွန်တော်တို့က အကူအညီစောင့်နေတဲ့ လူတွေပါ…"

"မင်းတို့ရဲ့ ပြဿနာကို အသေးစိတ် ပြောပြပါ…"

ကောင်းကင်ဘိုးဘေးက ငြိမ်သက်နေပြီး ဘယ်လက်နှင့် ဒူးပေါ်သို့ ထောက်ထားခဲ့သည်။ သူ့နောက်ကျောတွင် တစ်စုံတစ်ခု ဖုံးကွယ်ထားသလို ထင်မှတ်ရ၏။

မုန့်ချီ၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များနှင့် အသံကြောင့် အဘိုးကြီးပန်က သူ့အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူက တိုးတိုးလေး ရှင်းပြလိုက်၏။

"ကျွန်တော်တို့က ကောင်းကင်ဘိုးဘေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် တော်တော်လေးကို နိမ့်ကျပါတယ်။ ကျွန်တော်တို့က နောက်ဆုံး သံသရာတာဝန်လုပ်နေရင်း မထင်မှတ်ဘဲ အထူးတာဝန်တစ်ခုကို အသက်သွင်းလိုက်မိတယ်။ ကျွန်တော်တို့က တာဝန်လုပ်ဆောင်ဖို့အတွက် ရွာ (၉) ရွာ ကမ္ဘာကြီးထဲကို လာခဲ့ရတယ်။ ဒါပေမဲ့ အချိန်ကန့်သတ်ချက် တိတိကျကျ မသိရဘဲ ရွာ (၉)ရွာဆီကို တိုက်ရိုက်ပို့ဆောင် ခံခဲ့ရတယ်။ ပစ်မှတ်ကတော့ ကောင်းကင်ကျေးရွာရဲ့ အမွေအနှစ် ကိုင်လင်လည်ဆွဲကို ယူရတာပါ။ အဲဒီဆုကြေးကလည်း အရမ်းမြင့်တဲ့အတွက် ကျွန်တော်တို့က တာဝန်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်…”

“ကျွန်တော်တို့ရဲ့စွမ်းအားက တော်တော်နိမ့်တယ်။ လည်ဆွဲကတော့ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်တဲ့ နဂါးပျံရဲ့ စောင့်ကြည့်မှု အောက်မှာ ရှိတယ်။ ဒီတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး ရွာထဲကို ဝင်ထွက်ခွင့်ရဖို့ တဖြည်းဖြည်းချင်း ကြိုးစားခဲ့ရတယ်။ ကျွန်တော်ကတော့ ဥယျာဉ်မှူး တစ်ယောက်လို ဟန်ဆောင်ခဲ့ပြီး ဝမ်တုန်းယွမ်ကတော့ အစေခံတစ်ယောက်လို ဟန်ဆောင်ခဲ့တယ်။ ယင်ကျိနဲ့ ချင်းချင်တို့ကတော့ အစေခံ မိန်းကလေးတွေအဖြစ် ဟန်ဆောင်ခဲ့ကြတယ်…"

မုန့်ချီက အသံတိုးတိုးနှင့်မေးလိုက်သည်။

"အစေခံတွေက အရှင်သခင်တွေနဲ့ မကြာခဏ ထိတွေ့ရတဲ့အချိန်တွေမှာ နဂါးပျံက ချင်းချင်ကို သဘောကျသွားတာလား … "

"ကျွန်တော်တို့က ဒီလိုရယ်စရာကိစ္စမျိုးအတွက် တကယ့်ကို ရှက်မိပါတယ်…"

တုန်းယွမ်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေခဲ့သည်။

"ချင်းချင်က သာမန်အစေခံတစ်ယောက်ပါပဲ။ သူ့ရဲ့ အဆင့်အတန်းကြောင့် သူက စာကြည့်ခန်းထဲကို ဝင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ သူက သိုင်းလောက သူရဲကောင်းတစ်ယောက်ကို သဘောကျနေမယ်လို့ ဘယ်သူကရော ထင်ထားမှာလဲ။ သူက တခြားအစေခံတွေကို ကူညီပေးပြီး စိတ်ထားကောင်းတဲ့ လူတစ်ယောက်လိုမျိုး သူ့ကိုယ်သူ ပုံဖော်ခဲ့တယ်။ သူက ဆုပေးခံရတဲ့ အချိန်မျိုးမှာတောင် ဝမ်းသာပျော်ရွှင်မှုကို မပြခဲ့ဘူး။ ဒါကြောင့် သူက တစ်ယောက်တည်း သီးခြားနေထိုင်တဲ့ မိန်းကလေးတစ်ယောက် ပုံစံမျိုးဖြစ်လာတယ်။ အဲဒီအရာတွေကြောင့် သူက အစေခံတွေထဲမှာ ထူးခြားနေပြီး နဂါးပျံရဲ့အလေးထားမှုကို ခံခဲ့ရတယ်…”

“နဂါးပျံက တစ်ခါတစ်ရံ သူနဲ့ စနောက်နေပြီး သူ့ကိုလည်း ဂရုစိုက်တယ်။ သူ့ကိုလည်း အနားမှာပဲ ခေါ်ထားတယ်။ အစပိုင်းမှာတော့ အဲဒီလို တိုးတက်မှုတွေအတွက် ကျွန်တော်တို့က ဝမ်းသာနေကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့တာဝန်က ပိုပြီးတော့ လွယ်ကူလာနိုင်တယ်လေ…”

“တစ်ညမှာတော့ အနားမှာ ဘယ်သူမှ မရှိတာကို မြင်လိုက်ရတဲ့ အချိန်မှာ ချင်းချင်က ကျောက်စိမ်းပြားကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ရုပ်ဖျက်ထားတာက သူ့ရဲ့မျက်နှာကို ထိခိုက်စေနိုင်တဲ့အတွက် သူက အဲဒါကို ဖယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နဂါးပျံက သူ့ဆီကို ရောက်လာပြီး သူ့ရဲ့အစစ်အမှန် ရုပ်ရည်ကို မြင်သွားခဲ့တဲ့ အချိန်မှာ တော်တော်လေးကို အံ့သြသွားခဲ့တယ်…"

"ဒါက အခြေအနေ အလှည့်အပြောင်းပဲ…"

မုန့်ချီကတော့ ဇာတ်လမ်းဆန်ဆန် အရာတစ်ခုကို နားထောင်နေရင်း တော်တော်လေးကို ကျေနပ်နေခဲ့၏။ အဆုံးတွင်တော့ သူလည်း ပြုံးလိုက်မိသည်။ သို့သော် မျက်နှာဖုံး အောက်တွင် ဖြစ်သည့်အတွက် မည်သူကမျှ သတိမထားမိခဲ့ပေ။

"မင်းတို့က ဘယ်လိုဖြစ်ပြီး ဒီလောက် အသေးစိတ် သိနေကြတာလဲ…"

သူက တည်ကြည်ခန့်ညားစွာ မေးလိုက်၏။

ယင်ကျိက မသက်မသာ ပြောလိုက်သည်။

"ချင်းချင်က သူ့ရဲ့အလေးပေးမှုကို ရခဲ့တဲ့ အချိန်ကတည်းစပြီး တခြားမိန်းကလေးတွေက မကျေမနပ် ဖြစ်နေကြတာ။ ဒီတော့ သေချာစုံစမ်းလိုက်တဲ့ အချိန်မှာ အသေးစိတ် သိခဲ့ရတာပဲ…”

“အဲဒီအချိန်မှာ နဂါးပျံက ချင်းချင် ရုပ်ဖျက်ထားတာကို မဖော်ဘဲ သူ့ကို တိတ်တဆိတ် လေ့လာနေခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က လည်ဆွဲဆိုတာနဲ့ ကျွန်မတို့ရဲ့ ပတ်သက်မှုကိုလည်း သိသွားခဲ့တယ်။ အဲဒီနောက်မှာတော့ သူက ချင်းချင်ကို ကျွန်မတို့ရှေ့ ခေါ်လာပြီး လည်ဆွဲကို ထုတ်ပေးတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း မေးတယ်…”

“ကံကောင်းထောက်မပြီး ကျွန်မတို့က ဆင်ခြေပြင်ဆင်ထားတဲ့အတွက် သံသရာအရှင်သခင်နဲ့ ပတ်သက်တဲ့ကိစ္စက ပေါ်မသွားခဲ့ဘူး။ နဂါးပျံက ဒေါသထွက်သွားတဲ့အတွက် ချင်းချင်ကို ချုပ်နှောင်ထားလိုက်ပြီး ကျွန်မတို့ကို ကောင်းကင်ကျေးရွာကနေ မောင်းထုတ်ခဲ့တယ်…”

“နောက်ပိုင်းမှာတော့ နဂါးပျံက ကျွန်မတို့ကို မသတ်ခဲ့ဘူးဆိုတာ သူနဲ့ ချင်းချင်ရဲ့ ပတ်သက်မှုက ပြန်ကောင်းလာဖို့ မျှော်လင့်နေလို့ပဲ ဆိုတာကို နားလည်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ နဂါးပျံက သူ့ကို လည်ဆွဲပေးခဲ့ပြီး သူသာ လိုချင်တယ်ဆိုရင် ပေးမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ချင်းချင်ကတော့ သူ့အနားကနေ ခြေတစ်လှမ်းမှ ထွက်မသွားရဘူးလို့ ပြောခဲ့တယ်…"

"တော်တော်ကြောက်စရာကောင်းတဲ့ ကျေးရွာခေါင်းဆောင်ပဲ…"

မုန့်ချီကတော့ ထိုလူကို ပြောရန် စကားလုံးပင် မရှိတော့ပေ။ သူက ရယ်ချင်စိတ်ကို ထိန်းထားပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဲဒီနောက်မှာရော … "

သူတို့က လည်ဆွဲကို ရလာသော်လည်း ဘာကြောင့် သူတို့၏ တာဝန်က မပြီးဆုံးရသနည်း။ ထို့ကြောင့် နောက်ထပ် ဇာတ်လမ်းများ ရှိနေနိုင်သေးသည်။

"ကျွန်တော်တို့ရဲ့ တာဝန်က ပြောင်းသွားတယ်။ လည်ဆွဲကို ရပြီး ချင်းချင်က ပိတ်မိနေတယ်။ ကျွန်တော်တို့ရဲ့ တာဝန်အသစ်ကတော့ သူ လွတ်မြောက်လာဖို့အတွက် အကူအညီရှာရမှာပဲ။ အဲဒါကလည်း အချိန်ကန့်သတ်ချက် မရှိဘူး…"

အဘိုးကြီးပန်က အချိန်အကန့်အသတ် မရှိမှုကြောင့် အံ့ကြိတ်မိနေခဲ့သည်။

“ဒီလိုအဖြစ်အပျက်မျိုးနဲ့ တွေ့ရတာ တော်တော်ကို ကံဆိုးတာပဲ…”

သူ့အဖွဲ့ကတော့ အမြဲလိုလို အစွမ်းထက်နေခဲ့သည်မှာ ကံကောင်းသွား၏။ မုန့်ချီက တိတ်တဆိတ် ရေရွတ်မိခဲ့သည်။ အဖြစ်အပျက်ကို ရှင်းပြလိုက်ပြီးနောက် အဘိုးကြီးပန် ၊ ယင်ကျိနှင် ဝမ်တုန်းယွမ်တို့အားလုံးက တရိုတသေ ဦးညွတ်လိုက်သည်။

"ကောင်းကင်ဘိုးဘေး …

ကျေးဇူးပြုပြီး ချင်းချင်ကို ကယ်တင်ပေးပါဦး…"

အလွန်ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘိုးဘေးက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ကြောင်း သူတို့က မြင်လိုက်ရသည်။

"အထုတ်အပိုးတွေပြင်ပြီး ပြန်ဖို့ စောင့်နေလိုက်တော့…"

သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။ ထို့နောက် သူက လိုဏ်ခေါင်းထဲမှနေ၍ ဆင်းသွားခဲ့သည်။

သူတို့ သတိပြန်ဝင်လာသည့်အချိန်တွင် သူက ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။

………

ကောင်းကင်ကျေးရွာက ဂျင်ဆင်း ၊ ဆေးပင်နှင့် တခြားအရာမျိုးစုံ ပြည့်နှက်နေသော တောင်ကြားတစ်ခုထဲတွင် တည်ရှိသည်။ ထိုနေရာတွင် နွေဦးရာသီဖြစ်သည့်အတွက် နေရာတိုင်းတွင် ရေစီးသံလေးများကို ကြားနေရသည်။

အလွန်ထူးခြားသော အဆောက်အအုံများထဲမှ မကြာခဏ ဆိုသလို အဖြူရောင်မြူခိုးများ ထွက်ပေါ်လာခဲ့၏။ ထိုအရာက ကောင်းကင်ဘုံအလား ထင်မှတ်ရသည်။

ယခု ညအချိန် ရောက်နေပြီဖြစ်၏။ အစေခံနှစ်ယောက်က လက်ထဲတွင် မီးအိမ်များကို ကိုင်ပြီး နွေဦးစံအိမ်ဆီသို့ လျှောက်သွားနေကြသည်။

"အဲဒီအပျက်မက ညကြီးသန်းခေါင် ပေါက်စီ စားချင်တယ်တဲ့အေ… "

တစ်ယောက်က မုန်းတီးစွာ ပြောလိုက်သည်။

တခြားတစ်ယောက်လည်း မုန်းတီးစွာ ပြန်လှည့်ကြည့်လိုက်၏။

"သခင်ကြီးက သူ့ကို ဘာကြည့်ပြီး ကြိုက်လဲ မသိတော့ဘူး။ သူ့ရဲ့ ရုပ်ရည်ကလည်း သာမန်ပါပဲ။ တကယ်လို့ သခင်ကြီးက သူ့မိသားစုတစ်ခုလုံးကို သတ်လိုက်မယ် ဆိုရင်တောင် မျက်နှာရစရာ မရှိဘူး။ သူနဲ့ ပတ်သက်ပြီး ဘာမှကောင်းလာတာ မရှိဘူး…"

"အရင်တုန်းကတော့ ဇနီးမယားဆိုတာ ကိုယ်လုပ်တော်တွေလောက် မကောင်းကြဘူးလို့ လူတွေက ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေရာတိုင်းမှာ မိန်းမကောင်းတွေ မရှိနိုင်ဘူးလေ။ အခုကြည့်ရတာတော့ တချို့တစ်ဝက်မှန်နေတယ် ထင်တာပဲ။ ဒါကြောင့်လည်း သခင်ကြီးက ဒီလိုမိန်းမမျိုးကို သဘောကျနေတာ.."

ပထမဆုံး ပြောလိုက်သော အစေခံက တော်တော်လေးကို မကျေမနပ်ဖြစ်နေပုံ ရသည်။

"ထားလိုက်ပါတော့ …။ ငါတို့က သိပ်မကြာခင် နွေဦးစံအိမ်ကို ရောက်တော့မှာ။ တကယ်လို့ သခင်ကြီးက အနီးအနား လှုပ်ရှားမှုတွေကို အာရုံမစိုက်ဘူးဆိုရင်တောင် ငါတို့ရဲ့ စကားတွေကို ကြားနိုင်တယ်…"

တခြားသော အစေခံမလေးက ပင့်သက်ရှိုက်၍ ပြောလိုက်သည်။

သူတို့နှစ်ယောက်က တိတ်တဆိတ် ဆက်လျှောက်လာနေကြ၏။ ခဏကြာပြီးနောက် နွေဦးစံအိမ်ရဲ့ တံခါးကို ခေါက်လိုက်သည်။ တံခါးက ပွင့်လာပြီး ပေါ်လာသည့် လူကတော့ နဂါးပျံ ယုကျိရှိုဖြစ်သည်။ သူက အသက် (၃၀) အရွယ်တွင် မျက်ခုံးကြား လျှို့ဝှက်တံခါးကို ချိုးဖြတ်နိုင်ခဲ့သည့်အတွက် ငယ်ရွယ်ခန့်ညားပုံပေါ်၏။

အစေခံ မိန်းကလေး နှစ်ယောက်က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့၏ မျက်လုံးထဲတွင် မသက်မသာ ခံစားမှုများကို တွေ့နေရသည်။ သို့သော် သူတို့လုပ်နိုင်သော အရာမရှိချေ။

နဂါးပျံက စားစရာသေတ္တာကို ယူလိုက်ပြီး တံခါးပိတ်၍ စားစရာကို စားပွဲပေါ်သို့ တင်လိုက်သည်။

"ရှောင်ချင်း … ဒီမှာ ပေါက်စီတွေလေ…လာပြီးစားလို့ရပြီ။ မီးအိမ်ပွဲတော်ကို လွမ်းနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား … "

"ကျွန်မ လိုချင်နေတာက အရင်နှစ် မီးအိမ်ပွဲတော်မှာ ရခဲ့တဲ့ လွတ်လပ်မှုပဲ…"

ချင်းချင်ဆီတွင် အလှတရားတစ်ခုရှိသော်လည်း သူမ၏ အမူအရာက အလွန်အေးစက်နေသည်။

နဂါးပျံ၏ မျက်လုံးများကတော့ သူမကို အလွန်သဘောကျကြောင်း ပြသနေခဲ့၏။ သူကတော့ လုံးဝ ဒေါသထွက်နေခြင်း မရှိပေ။ သူက စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရ၏။

"ဘယ်သူလဲ … "

သူက အာရုံစိုက်လိုက်ပြီး အသံတိုးတိုးနှင့် ပြန်မေးလိုက်၏။

တံခါးက ပွင့်သွားပြီး အညိုရောင်ဝတ်စုံဝတ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူက အရပ်ရှည်ရှည်နှင့် တည်ငြိမ်စွာ ရပ်နေ၏။ ထူးဆန်းသောတာအိုသခင် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက ငယ်ရွယ်ပြီး တည်ငြိမ်ရင့်ကျက်ပုံပေါ်၏။

ချင်းချင်ကတော့ အလွန်ထိတ်လန့်အံ့ဩသွားခဲ့သည်။

"ကောင်းကင်ဘိုးဘေး … "

Translated by Hein Htet.

All Chapters