အခန်း (၃၈၄)
Vol. 26 Ch. 384
"ကောင်းကင်ဘိုးဘေး "
နဂါးပျံက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အမူအရာကလည်း ကမ္ဘာမြေကြီးကို လွှမ်းခြုံထားသော ကောင်းကင်ကြီးတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
ဤကမ္ဘာကြီးထဲတွင် ကောင်းကင်ဘိုးဘေး ၊ ကောင်းကင်တာအိုသခင်များနှင့် ပတ်သက်သော ပုံပြင်ဒဏ္ဍာရီများ ရှိ၏။ သို့သော် သူတို့ဖန်တီးထားခဲ့သော ပုံရိပ်များက ကွဲပြားသည်။ ထို့ကြောင့် သူက မြင်မြင်ချင်း မမှတ်မိခဲ့ပေ။
အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ရောက်လာပြီး သူရှိနေကြောင်း သတိထားမိသည့် အချိန်တွင် အခန်းတံခါးကို ခေါက်လာသည်။ မူလတာအိုဘိုးဘေး တစ်ယောက်၏ မျက်နှာဖုံးကို ဝတ်ဆင်ထား၏။
နဂါးပျံ ယုကျိရှိုကတော့ ထိုလူကို ချက်ချင်း တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူက သူ့ကို အရင်ဆုံး သတိထားနေခဲ့သည်။ သူက ထိုလူ၏ရည်ရွယ်ချက်ကို အရင်ဆုံး နားထောင်ချင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက ရှောင်ချင်းနှင့် အလွန်နက်ရှိုင်းသော ပတ်သက်မှုတစ်ခု ရှိနေပုံရသည်။
အကယ်၍သူသာ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမေးဘဲ တိုက်ခိုက်လိုက်မည် ဆိုလျှင် အရေးကြီးသော သတင်းအချက်အလက်များကို အလွယ်တကူ လွဲချော်သွားနိုင်ပြီး သူ၏ဆက်သွယ်မှုက ပြတ်တောက်သွားနိုင်သည်။ သူက ထိုပြဿနာကို ဖြေရှင်းရန်အတွက် အရင်ဆုံး နားလည်ရန် ကြိုးစားသင့်သည်။ ထိုသို့ဆိုလျှင် အရာအားလုံးကို စိတ်အေးလက်အေးနှင့် ဖြေရှင်းနိုင်မည်ဖြစ်၏။
အကယ်၍ အရာအားလုံးက အဆင်မပြေလျှင်လည်း သူက အသံပေးပြီး ဝေ့ကျင်းတစ်ဝက်အဆင့် အကြီးအကဲများကို အကူအညီတောင်း၍ ရနိုင်သည်။ ဤကမ္ဘာကြီးထဲတွင် ဝေ့ကျင်းအဆင့် ပညာရှင် အနည်းငယ်လေးသာ ရှိ၏။ သူတို့အားလုံးကလည်း ရင်းနှီးသော မျက်နှာအမူအရာများ ရှိကြသည်။ တခြားလူတစ်ယောက်က အကြောင်းပြချက်မရှိ ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။
"ဒီမှာ မင်းက ညကြီးသန်းခေါင် ကောင်းကင်ကျေးရွာထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ဘာလာလုပ်တာလဲ…"
နဂါးပျံက ချင်းချင်၏ရှေ့သို့ လျှောက်သွားပြီး ကာကွယ်ပေးမည့်ပုံစံ ဟန်ပြင်လိုက်သည်။
မုန့်ချီကတော့ အလွန်တည်ငြိမ် ခန့်ညားသောပုံစံနှင့် အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်ကို လှုံ့ဆော်ပြီး ကျောက်စိမ်းပုံရိပ်ယောင် လက်ဝါးကျင့်စဉ်ကို စတင် အသက်သွင်းထားခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးက လှုပ်ရှားလာသလို ထင်မှတ်ရပြီး အကန့်အသက်မဲ့ စွမ်းအင်များကို ပြသနေခဲ့၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ကြည့်လိုက်ရုံနှင့် အရာအားလုံးကို သိနိုင်သလို ထင်မှတ်ရသည်။ သို့သော် သေချာစိုက်ကြည့်လိုက်မည် ဆိုလျှင်တော့ သူ့အကြည့်က လေဟာနယ်၏ လွှမ်းမိုးခြင်းကို ခံထားရကြောင်း တွေ့နိုင်သည်။ သူက လုံးဝကို ပျောက်ကွယ်နေပြီး ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားတုံ့ပြန်မှုများကိုလည်း လုံးဝကို ဖုံးကွယ်ထားခဲ့၏။
နဂါးပျံ ယုကျိရှိုကဲ့သို့ အစွမ်းထက်သော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်အတွက်တော့ ထိုလူက ခန့်မှန်း၍ မရနိုင်သော ရန်သူတစ်ယောက် ဖြစ်သည်။
"မင်းက ငါတို့အဖွဲ့သားတစ်ယောက်ကို ဖမ်းထားပြီး ဘာလို့ ငါ ရောက်လာလဲဆိုတာ မေးနေသေးတာလား…"
မုန့်ချီက အသံကို ပြောင်းလဲပြီး ပြောလိုက်သည်။ သူ့အသံက ပဲ့တင်သံတစ်ခုကဲ့သို့ ထွက်လာခြင်း ဖြစ်၏။ ထိုအရာက လူသေတစ်ယောက်ဆီမှ ကြားရသော အသံတစ်ခုကဲ့သို့ ဖြစ်သည်။
ယုကျိရှိုက မှင်တက်သွားမိခဲ့၏။
"မင်းတို့အဖွဲ့သားတစ်ယောက် ဟုတ်လား…"
သူ့ရင်ထဲတွင်တော့ ချင်းချင်၏ အမူအရာ ပြောင်းလဲသွားကြောင်း သတိထားလိုက်မိသည်။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ဖတ်ကြည့်၍ မရနိုင်ပေ။
"သူက မင်းကို ပြောမပြခဲ့ဘူးလား…"
မုန့်ချီကတော့ ပုံမှန်အတိုင်းပြောသလို ပြောလိုက်သည်။
"ကိုင်လင်လည်ဆွဲကို ခိုးယူတာက ငါသူတို့ကို ပေးလိုက်တဲ့ တာဝန်တစ်ခုပဲ။ သူတို့အောင်မြင်သွားရင် သူတို့က အဖွဲ့အစည်းရဲ့ တရားဝင်အဖွဲ့သားတွေ ဖြစ်လာနိုင်တယ်…”
“မင်းက ငါ့ကိုလိမ်နေတာမဟုတ်လား…"
ယုကျိရှို၏ မျက်လုံးများက မှေးမှိန်သွားသည်။ သူ၏လေသံထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်လာ၏။
ချင်းချင်က နှုတ်ခမ်းကိုကိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"နင်က ငါတို့ကို ဖမ်းမိသွားမှတော့ ငါတို့က ထွက်ပြေးဖို့ပဲ ကြိုးစားရတော့တာလေ…"
"အဲဒါက အဓိကအချက်မဟုတ်ဘူး။ လျှို့ဝှက်အဖွဲ့အစည်းက ဘာလဲဆိုတာ မင်းက မေးသင့်တာ "
မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင် တွေးပြီး သူတို့ကိုကြည့်၍ ဆက်ပြောလိုက်သည်။
"ရှေးအချိန်ကတည်းက ရှိခဲ့တဲ့ ကောင်းကင် (၉) သွယ် ကမ္ဘာ (၁၀) ခုဆိုတာက ကောလာဟလ မဟုတ်ဘူး။ အခုကမ္ဘာကြီးတွေအားလုံးက ကွဲနေတဲ့အတွက် အချင်းချင်း ဆက်သွယ်ဖို့ ခက်ခဲတာပဲ ရှိတယ်။ ငါတို့အဖွဲ့အစည်းကတော့ ကောင်းကင်ဘုံရဲ့အစွမ်းကို ငှားယူနိုင်တယ်။ ငါတို့ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို သိချင်ရင်တော့ ချင်းချင်ကို မေးကြည့်နိုင်တယ်…"
"ရှောင်ချင်း.."
ယုကျိရှိုက မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုလူက အလွန်ဆိုးရွားစွာ လိမ်ညာနေသလို ခံစားနေရသည်။
ချင်းချင်က တည်ငြိမ်စွာ ပြောလိုက်၏။
"ဆရာကြီးကျိယွဲ့နဲ့ တခြားဝေ့ကျင်းအဆင့် ပညာရှင်တွေက ကျွန်မတို့ အဖွဲ့အစည်းမှာတော့ သာမာန်အဖွဲ့သားတွေလို့ပဲ သတ်မှတ်နိုင်တယ်။ တခြားပညာရှင်တွေက သူတို့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သလို အကုန်လုံးက အင်မော်တယ်လို ပညာရှင်တွေပဲ…"
"ဟား ဟား ဟား ဟား တကယ်လို့ မင်းတို့က လိမ်ချင်တယ်ဆိုရင်တောင် ငါ့လိုလူမျိုးကိုတော့ လာလိမ်လို့မရဘူး…"
နဂါးပျံက အေးစက်စွာ ရယ်လိုက်သည်။
မုန့်ချီကတော့ တူညီသောလေသံနှင့် ပြောလိုက်၏။
"ရွာ (၉) ရွာမှာ လင်းပေါင်ဘိုးဘေးနဲ့ ပတ်သက်တဲ့ တာအိုသခင်ဒဏ္ဍာရီတွေ ရှိတယ်။ ဒါပေမဲ့ ဘာလို့နတ်ဆိုးသုတ်သင်ရေးဘိုးဘေးရဲ့ အမွေအနှစ်တွေပဲ ရှိတယ်လို့ထင်လဲ…"
"နတ်ဆိုးသုတ်သင်ရေးဘိုးဘေးရဲ့ အမွေအနှစ်တွေ ဟုတ်လား…။ အဲဒီအရာတွေက လူတွေရဲ့မသိနားမလည်မှုတွေကနေ ပုံပြင်ဒဏ္ဍာရီတွေ ပေါ်လာပြီး ရှေးအချိန်ကတည်းက တစ်ယောက်စကား တစ်ယောက်နားနဲ့ ပျံ့နှံ့လာတာ။အဲဒါက အမှန် ဖြစ်နိုင်မှာလား…"
တစ်ဖက်လူက သူ့ကိုလှည့်စားရန် လုပ်ဆောင်နေသည်ဟုသာ နဂါးပျံက ခံစားမိနေခဲ့သည်။
"ဟုတ်လား။ တကယ်လို့ မင်းကသာ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က လက်ရင်းတပည့်တွေကို သွားမေးလိုက်မယ်ဆိုရင် ရွာ (၉) ရွာရဲ့ အမွေအနှစ်တွေအားလုံးက နတ်ဆိုးသုတ်သင်ရေးဘိုးဘေးဆီကနေ ဆင်းသက်လာတယ်ဆိုတာ နားလည်လိမ့်မယ်…"
မုန့်ချီကတော့ မူလလမ်းကြောင်းမှနေ၍ မေးခွန်းထုတ်ပြီး တဖြည်းဖြည်းချင်းဆီ ဆွဲခေါ်သွားခဲ့သည်။ ထိုအရာက နဂါးပျံ၏စိတ်ကို လှည့်စားလိုက်ခြင်းလည်း ဖြစ်၏။ ဟွမ်ဖူတောင်က အလွန်ရဲတင်းပုံရပြီး အုတ်ဂူကြီး၏ တည်နေရာကို ခန့်မှန်း၍ အတွင်းထဲကို ဝင်သွားကာ မိုးကြိုးအမှတ်အသားကို လေ့လာခဲ့သည်။
ရွာ (၉) ရွာဘိုးဘေးများကလည်း မကောင်းဆိုးဝါးဝိညာဉ်များကို ခံစားမိသည့်အတွက် အုတ်ဂူကြီး၏ အတွင်းပိုင်းထဲကို ဝင်မသွားကြပေ။ ကျင့်စဉ်များနှင့် သက်ဆိုင်သော ပစ္စည်းများကို ရရှိခဲ့ပြီးနောက် သူတို့က ကျန်းဝူအုတ်ဂူဟူသော စကားလုံးကို မတွေ့ရပဲ ပြန်ထွက်လာခဲ့ကြသည်။
"အဲဒီအုတ်ဂူကြီးက နတ်ဆိုးသုတ်သင်ရေးဘိုးဘေးရဲ့အုတ်ဂူလား…"
ယုကျိရှိုက အတော်လေးကို ထိတ်လန့်သွားခဲ့သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော အုတ်ဂူကြီးကို ရွာ (၉) ရွာတွင်ရှိသော လူတိုင်းက နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ကြသည်။
ချင်းချင်ကလည်း အလွန်ထိတ်လန့်သွားခဲ့၏။ သူမကလည်း မိုင်တစ်ထောင် တောင်တန်းပေါ်ရှိ အုတ်ဂူအကြောင်းကို ကြားခဲ့ဖူးသည်မှာ အတော်လေး ကြာခဲ့ပါပြီ။ သို့သော် ထိုအရာက နတ်ဆိုးသုတ်သင်ရေးဘိုးဘေး၏ အုတ်ဂူဖြစ်မည်ဟု မည်သူကရော တွေးမိမည်နည်း။
"ငါလည်း တခြားနေရာကနေ ကြားလာခဲ့တာ။ အဲဒီအရာတွေအားလုံးကတော့ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကနေ အခြေခံထားတယ်။ ရွာ (၉) ရွာက နတ်ဆိုးသုတ်သင်ရေးဘိုးဘေးရဲ့အမွေအနှစ်တွေ ရထားမှတော့ တခြားကောင်းကင်ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေကရော ဘယ်နေရာမှာ ရှိနေတာလဲ.."
မုန့်ချီက နောက်တစ်ကြိမ် မေးလိုက်သည်။
သူကတော့ ချင်းချင်ကြောင့် ကျန်းဝူအင်ပါယာအုတ်ဂူနှင့် ပတ်သက်သောအရာများ ပျံ့နှံ့သွားမှာကို စိုးရိမ်နေခြင်း မရှိချေ။ ပထမဆုံး ကျန်းဝူအင်ပါယာ အုတ်ဂူကိုပြန်သွား၍ မရနိုင်တော့ပေ။ အနာဂတ်တွင် ထိုနေရာ၌ တာဝန်ပြီးဆုံးအောင် လုပ်နိုင်ချေက အလွန်နည်းပါး၏။
ဒုတိယတစ်ချက်ကတော့ မကောင်းဆိုးဝါးဝိညာဉ်က ကျန်းဝူ၏မကောင်းသော အတွေးတစ်ခု ဖြစ်နေသည့်အတွက် ရင်ဆိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ထိုအရာကို ဖိနှိပ်မထားလျှင်ပင် အနည်းဆုံးတော့ ဓမ္မကာရအဆင့် ပညာရှင်များကသာ ထိုအထဲကို ဝင်နိုင်ပါလိမ့်မည်။
အကယ်၍ အင်မော်တယ်အဖွဲ့တစ်ဖွဲ့ကသာ ကျန်းဝူအင်ပါယာ၏ အုတ်ဂူကိုရှာဖွေရန် တာဝန်ကျခဲ့မည်ဆိုလျှင်တော့ သူက ဟွမ်ဖူတောင်ကိုနှိုးရန် အခွင့်အရေးရှိမရှိ သိချင်သည့်အတွက် ပူးပေါင်း၍ ရနိုင်သေးသည်။
နဂါးပျံက တိတ်ဆိတ်သွားခဲ့ပြီး အနည်းငယ် သံသယဝင်နေသေး၏။
"ငါတို့အဖွဲ့အစည်းမှာ ငါ့လိုလူတွေက သာမန်လို့ပဲ သတ်မှတ်နိုင်တယ်။ တကယ်လို့ မင်းက ဒီနေ့ ငါ့ကိုတားဆီးနိုင်မယ်ဆိုရင် နောက်တစ်ကြိမ် ပိုပြီးအစွမ်းထက်တဲ့ ရန်သူတွေကို ရင်ဆိုင်ရလိမ့်မယ်။ ဝေ့ကျင်းအဆင့် ပညာရှင် (၄) ယောက် ပေါင်းရင်တောင် မနိုင်နိုင်တဲ့ ရန်သူမျိုးပေါ့…"
မုန့်ချီက ပြောလိုက်သည်။
"ရှင်က ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဝတ်ထားတယ်။ ရှင်ကတောင် သာမန်အဖွဲ့သားအဆင့်ပဲ ရှိသေးတာလား…"
ချင်းချင်ကတော့ အမှန်တကယ်ကို မယုံကြည်နိုင်ခဲ့ပေ။
နဂါးပျံက လေပူများကို မှုတ်ထုတ်ပြီး ချင်းချင်ကို ချစ်မြတ်နိုးစွာ ကြည့်နေခဲ့၏။ သူက ပြောလိုက်သည်။
"ဒီအဖွဲ့အစည်းရှိတယ်ဆိုတာ ငါမယုံနိုင်ပေမယ့် အခုတော့ မှန်တယ်လို့ ယူဆရတော့မှာပဲ။ တကယ်လို့ မှန်နေတယ်ဆိုရင်တောင် ငါက နောက်မဆုတ်ပေးနိုင်ဘူး။ တချို့အရာတွေက ငါ့အသက်ထက် ပိုပြီးအရေးကြီးတယ်.."
"ရှောင်ချင်းရဲ့အစွမ်းက သာမန်ပါပဲ။ တကယ်လို့ မင်းတို့အဖွဲ့အစည်းက မင်းပြောသလို အစွမ်းထက်တယ်ဆိုရင် ဘာလို့ သူ့ကို ပူးပေါင်းခိုင်းနေရတာလဲ။ သူ့ကို ဒီနေရာမှာ ငါနဲ့အတူခေါ်ထားမယ်ဆိုရင် ဘယ်လိုတန်ဖိုးမျိုး ပေးဆပ်ရမှာလဲ။ ကိုင်လင်လည်ဆွဲလား…"
တခြားလူများကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ့ရှေ့၌ ရှိနေသော ကောင်းကင်ဘိုးဘေးက အလွန်အစွမ်းထက်သည်။ အနည်းဆုံးတော့ သူကိုယ်တိုင်ထက် ပို၍အစွမ်းထက်၏။
ချင်းချင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမ၏မျက်လုံးများက လှုပ်ရှား သွားသည်။ သို့သော် သူမကတော့ တိတ်တိတ်နေရန်သာ ရွေးချယ်ခဲ့၏။
"အရမ်းနောက်ကျသွားပြီ…"
ကောင်းကင်ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်ကို ယုကျိရှိုက ကြားလိုက်ရသည်။
ထိုအရာကလည်း အမှန်ဖြစ်၏။ တာဝန်က ပြောင်းလဲသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က ကိုင်လင်လည်ဆွဲကို ရရှိမည်ဆိုလျှင်ပင် တာဝန်က ပြီးဆုံးတော့မည် မဟုတ်ချေ။
"အရမ်းနောက်ကျသွားပြီလား…"
နဂါးပျံ၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက စကားပြောခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ဘိုးဘေးက ရှေ့ကို တစ်လှမ်းလှမ်းလာကြောင်း မြင်လိုက်ရ၏။ သူ၏အရှိန်အဝါက အဆုံးမဲ့ တောင်တန်းကြီးများကဲ့သို့ ဖြစ်နေသည်။ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးကတော့ နိမ့်ကျသွားသလို ဖြစ်နေ၏။
"မင်းက ဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက် ဖြစ်မယ်လို့ မယုံနိုင်ဘူး။ မင်းက ဘာလို့ကောင်းကင်ကျေးရွာအတွက် မတွေးရတာလဲ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာပြီး နောက်ဆုံးတော့ မင်းရဲ့လက်ထဲမှာ ပျက်စီးသွားရတော့မယ်။ မင်းက ဘိုးဘေးတွေကို ဘယ်လိုသွားပြီး ရင်ဆိုင်မှာလဲ…"
နဂါးပျံ၏မျက်နှာက အေးစက်သွားခဲ့သည်။ သူ့ရင်ထဲတွင်လည်း ဆိုးရွားသော ဝမ်းနည်းမှုတစ်ခု ပေါ်လာခဲ့၏။ သူက မည်မျှ ပေးဆပ်ရစေကာမူ ရှောင်ချင်းကို သူ့အနား၌ ခေါ်ထားရန် ဆုံးဖြတ်ထားသော်လည်း တစ်ဖက်လူက ကောင်းကင်ကျေးရွာကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ဘာများဖြစ်လာမည်နည်း။
သူက ကောင်းကင်ကျေးရွာကြောင့် အကျိုးအမြတ်များ ရှိခဲ့သည့်အတွက် သူ၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူ့ဆရာများ၏ နေအိမ်ကို ဖျက်ဆီးခံ၍ မရနိုင်ပေ။ အကယ်၍ သူက ရှောင်ချင်းကို သူနှင့်ခေါ်ထားရန် အောင်မြင်မည် ဆိုလျှင်ပင် သူကတော့ ပျော်ရွှင်မှုများအားလုံး ပျောက်ကွယ်သွားနိုင်ပြီး သူဘဝတစ်လျှောက်လုံး ဝမ်းနည်းပူဆွေးနေရပါလိမ့်မည်။
အကယ်၍ သူက ရှောင်ချင်းကို လွှတ်ပေးလိုက်မယ်ဆိုလျှင်ရော... ။ သူ့ခေါင်းထဲတွင် ခါးသီးသော ပုံရိပ်များ ပေါ်လာခဲ့သည်။ ထိုမိန်းမပျိုက သူ့ကို အလွန်ဆွဲဆောင်နိုင်ပြီး အောင်မြင်ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုများကိုပင် မေ့ပျောက်သွားစေနိုင်သည်။ သူမက သူ့ကို စကားလုံးများနှင့် အမြဲတမ်းပြုံးအောင် လုပ်ဆောင်နိုင်ခဲ့သော မိန်းမပျို တစ်ယောက်လည်း ဖြစ်သည်။
လရောင်အောက်တွင် ရုပ်ရည်ပြောင်းလဲသောပစ္စည်းကို ဖယ်ရှားလိုက်သည့်အချိန်တွင် သူကိုယ်တိုင် အံ့သြသွားခဲ့သည်။ အကယ်၍ သူကသာ သူမကို နောက်တစ်ကြိမ် မတွေ့ရတော့လျှင် ဘာဖြစ်လာမည်နည်း။ အကယ်၍ သူမကသာ တခြားတစ်ယောက်၏ ရင်ခွင်ထဲ၌ ရောက်သွားမည်ဆိုလျှင် ဘာဖြစ်မည်နည်း။
သူ့ခေါင်းထဲ၌ စဉ်းစားမိလေလေ ဝမ်းနည်းမှု ၊ မနာလိုမှု ၊ ဒေါသ ၊ နာကျင်မှုနှင့် ခံစားချက်ပေါင်းစုံ ရောနှောလာခဲ့သည်။
"မဟုတ်ဘူး ။ ငါက ဘာလို့ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း တွေးနေရတာလဲ။ အဲဒီအရာတွေအားလုံးက အပေါ်ယံ ဖြစ်သွားတာလား…"
သူ့ခေါင်းထဲတွင် သက်ရောက်ခံလိုက်ရသည်။
နဂါးပျံက ရုတ်တရက် နားလည်သွားပြီး သူ၏ပင်မဝိညာဉ်ကို ပြန်လည်ကုစားရန် ပြင်ဆင်လိုက်သည်။ သူက ခေါင်းထဲတွင် ရှိနေသော ပုံရိပ်များအားလုံးကို အတင်းအကျပ် ဖယ်ထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ကြိုးစားလိုက်၏။
သူ သတိပြန်ဝင်လာပြီးနောက် ကောင်းကင်ဘိုးဘေးက ရှေ့ကို နောက်တစ်လှမ်း တိုးလာပြီး ညာလက်ကို မြှောက်လိုက်သည်။ သူ၏အရှိန်အဝါက အလွန်ကြီးကျယ်ခမ်းနားပြီး သဘာဝတရားကြီးကပင် သူ့ကို အရိုအသေ ပေးရတော့မလို ထင်မှတ်ရ၏။ မည်သူကမျှ သူ့ကိုတည့်တည့်ပင် စိုက်မကြည့်ရဲပေ။
မုန့်ချီက တစ်လှမ်းပြီးတစ်လှမ်း တိုးလာပြီး နဂါးပျံ၏စိတ်ကို လွှမ်းမိုးရန် ကြိုးစားနေသည်။ သူကတော့ ထိုစိုးရိမ်မှုများကို လိုချင်နေပြီး သူ့ခေါင်းထဲတွင် ပေါ်လာစေချင်နေ၏။
ထိုသို့ဆိုလျှင် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကိုသုံးပြီး တစ်ကြိမ်တည်းနှင့် အနိုင်ရနိုင်သည်။ မဟုတ်လျှင် ဝေ့ကျင်းတစ်ဝက်အဆင့် ပင်မဝိညာဉ်နှင့် သူ၏စိတ်ဝိညာဉ်အဆင့်အရ မုန့်ချီက သူ၏မှတ်ဉာဏ်များကို ဖော်ထုတ်ရန် သေချာပေါက် မဖြစ်နိုင်ပေ။
လူသားကမ္ဘာကြီးထက် ကျော်လွန်သည့်အဆင့်ကို မရောက်သေးခင် သူတို့၏စိတ်ဝိညာဉ်ကျင့်ကြံမှုက တည်မြဲမှု မရှိနိုင်ပေ။ ကြုံတွေ့ခဲ့ရသော အခြေအနေများနှင့် စိတ်ခံစားချက်အပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်၏။ သူ့ရင်ထဲတွင်တော့ မှန်တစ်ချပ်ကဲ့သို့ ပေါ်လာခြင်းသာ ဖြစ်သည်။
မုန့်ချီက ညာလက်ဝါးနှင့် ရိုက်ချလိုက်သည့်အချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် မည်းမှောင်လာခဲ့သည်။ သူ့လက်ဖဝါးထဲတွင် ရှိနေသော လေလှိုင်းများကလည်း အမှောင်ထုကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
နဂါးပျံက အသက်ကို အောင့်ထားမိလိုက်ချိန်တွင် ကောင်းကင်ဘိုးဘေး၏ လက်ချောင်းလေးများကို မြင်လိုက်ရသည်။ ထိုအရာက ဖြူဖြူသွယ်သွယ်လေးသာ ဖြစ်သော်လည်း စွမ်းအားများ ပြည့်နှက်နေ၏။ သူတို့က ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်ပုံရပြီး နေရာတိုင်းတွင် ပြည့်နှက်နေပုံရသည်။ ထိုလက်ဝါးချက်ကို ရှောင်တိမ်း၍လည်းမရသလို ခုခံ၍လည်းမရနိုင်ပေ။
သူ၏နဖူးအစား စိတ်ဝိညာဉ်ထဲတွင် လေးလံမှုတစ်ခုကို ခံစားလိုက်ရ၏။ စွမ်းအားများက သူ့ကို ဖိနှိပ်လာသည့်အချိန်တွင် သူ၏ချီစွမ်းအင်များနှင့် အတင်းအကြပ် မောင်းထုတ်နေပြီး တိုက်ခိုက်မှုကို လက်ဝါး (၂) ဖက်နှင့် ခုခံလိုက်သည်။
သူကိုယ်တိုင်က ကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းများ ၊ လျှပ်စီးများ ၊ မိုးကြိုးများကဲ့သို့ အန္တရာယ်ပေါင်းများစွာကို ထိန်းသိမ်းထားသလို ထင်မှတ်ရသည်။ သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော စားပွဲများ ၊ ထိုင်ခုံများ အားလုံးကလည်း ပျက်စီးသွားပြီး အဖြူရောင် တိမ်တိုက်ကြီးများ ထွက်ပေါ်လာခဲ့၏။
လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ သက်ရောက်မှုကြောင့် နဂါးပျံက သူ၏ဝေ့ကျင်းအဆင့်သိုင်းကွက်ကို မသုံးနိုင်ခဲ့ပေ။ သူက ချီစွမ်းအင်များနှင့် စိတ်ဝိညာဉ်စွမ်းအားများကိုသာ အသက်သွင်းခဲ့၏။
အရာအားလုံးကို ထိန်းချုပ်ထားပုံရသော လက်ဝါးချက်က တောင်တန်းကြီးတစ်ခုကဲ့သို့ လေးလံလာသည်။ ဖိအားများကြောင့် ကောင်းကင်ကြီးကပင် ပျက်စီးသွားတော့မလို ဖြစ်နေခဲ့၏။ ကမ္ဘာမြေကြီးက ပြောင်းလဲနေပြီး လေလှိုင်းများက ပျောက်ကွယ်လာသည်။ နယ်မြေကြီးတစ်ခုလုံးကလည်း မှေးမှိန်လာခဲ့၏။
မုန့်ချီ၏လက်ဖဝါးက နဂါးပျံ၏လက်ဖဝါးနှင့် ရင်ဆိုင်မိလိုက်သည့်အချိန်တွင် ကြောက်စရာကောင်းသော မုန်တိုင်းများ ပျောက်ကွယ်သွားသည်။ လျှပ်စီးကြောင်းများက ရပ်တန့်သွားပြီး မိုးကြိုးများကလည်း တိတ်ဆိတ်သွားခဲ့၏။ နဂါးပျံ၏ ပါးစပ်မှာနေ၍ သွေးများ စီးကျလာခဲ့သည်။ သူ့ခြေထောက်ကလည်း ကြမ်းပြင်ထဲသို့ နစ်ဝင်သွားပုံရ၏။
မုန့်ချီက ချက်ချင်း ဘယ်လက်ကို လှုပ်ရှားလိုက်သည်။ သူ၏လက်ချောင်းလေးများက အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး ချင်းချင်ကိုဆွဲခေါ်၍ သူမ၏သွေးကြောများကို ပိတ်ဆို့လိုက်သည်။
သူမဆီတွင် မည်သည့်အတွေးများ ရှိနေကြောင်း သူ မသိပေ။ ထို့ကြောင့် သူက အလွန်သတိထားရန် လိုအပ်၏။ အကယ်၍ သူမကသာလျှင် အနာဂတ် ပေးဆပ်ရမည့်အရာကို သတိမထားလျှင် သူမ၏အဖော်များက ပြဿနာတက်သွားနိုင်သည်။
ကောင်းကင်ဘိုးဘေးက ချင်းချင်ကို ခေါ်သွားကြောင်း မြင်လိုက်ရသည့်အချိန်တွင် နဂါးပျံက မနည်းတိုက်ခိုက်လိုက်သည်။
ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ပစ်ရခြင်းက အခက်ခဲဆုံး ဖြစ်၏။ သူ့အနားတွင် ရှိနေသော လူကို ကယ်တင်ရခြင်းကတော့ အလွယ်ကူဆုံး ဖြစ်သည်။ သူ လုပ်ရန် လိုအပ်သည်မှာ တစ်ဖက်လူကို ဆွဲခေါ်ရန် အခွင့်အရေးတစ်ခု ဖန်တီးပြီး ထွက်ပြေးရန်သာ ဖြစ်၏။
နဂါးပျံကတော့ အတော်လေးကို ဒေါသထွက်နေခဲ့သည်။ သူက အလျင်အမြန် ပြေးလာပြီး ဆူညံသံများကြောင့် အကြီးအကဲများစွာ ရောက်လာသည်ကိုလည်း တွေ့လိုက်ရသည်။
မုန့်ချီ၏လက်ဝါးချက်ထဲတွင် ကျောက်စိမ်းပုံရိပ်ယောင် လက်ဝါးချက်၏ အနှစ်သာရများ ပါဝင်နေသည်။ ထိုအရာက သူအချိန်အတော်တော်ကြာ လေ့ကျင့်ထားခဲ့သော ခန္ဓာကျင့်စဉ်နှင့် ယှဉ်နိုင်သည်။
သူက အဆောက်အဦးများ ၊ သစ်ပင်များ ၊ တောင်တန်းများပေါ်တွင် အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ပြီး ပုံသဏ္ဍာန်ကို ပြောင်းလဲ၍ သူ၏တည်နေရာကို ဖုံးကွယ်ထားသည်။ တဖြည်းဖြည်းနှင့် သူတို့၏အကွာအဝေးက ဝေးကွာသွားခဲ့သည်။
နဂါးပျံကတော့ ကမ္ဘာမြေကြီး၏ အစွမ်းကို သုံးနိုင်သည့်အတွက် သူတစ်ယောက်တည်း၏အရှိန်က မုန့်ချီထက် ကျော်လွန်နေသည်။ သို့သော် အတားအဆီမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီး မုန့်ချီ၏ထက်မြက်သော ပြောင်းလဲမှုများကို မယှဉ်နိုင်သည့်အတွက် သူလည်း တခြားအကြီးအကဲများနည်းတူ သူ့နောက်မှ လိုက်လာရန် ကြိုးစားခဲ့ရသည်။
သူတို့၏ ကွာဟမှုက တဖြည်းဖြည်း ဝေးကွာသွားပြီးနောက် အဘိုးကြီးပန် ၊ ဝမ်တုန်ယွမ်နှင့် ယင်ကျိတို့က သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။ ထိုအရာက အေးစက်နေသော်လည်း သိပ်မွေ့ညင်သာပုံရ၏။ သူတို့က ချက်ချင်းပြန်ရန် ရွေးချယ်လိုက်ကြသည်။
"ကောင်းကင်ဘိုးဘေးက တကယ်အစွမ်းထက်တာပဲ။ သူထွက်သွားတာ ဘယ်လောက်ပဲ ကြာသေးလို့လဲ…"
သူတို့အားလုံးဆီတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုများ ပေါ်လာပြီးနောက် မုန့်ချီက ချင်းချင်ကို ရုတ်တရက် ပစ်ချလိုက်သည်။ ချီစွမ်းအင်များလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူမ၏ သွေးကြောများကို ဖွင့်ပေးလိုက်၏။
လေထဲတွင် ပျံသန်းနေသော ချင်းချင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည့် အချိန်တွင် မုန့်ချီက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည်။
နဂါးပျံက သစ်ပင်အနားသို့ ရောက်လာသည့်အချိန်တွင် ကောင်းကင်ဘိုးဘေးက အဝေးတွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူက လက်နောက်ပစ်ပြီး ဦးညွှတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နတ်ဘုရားများ ၊ အင်မော်တယ်များကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။
"ဒါ ဒါ ဒါက …"
နဂါးပျံ၏ ခြေလှမ်းများက ချက်ချင်း ရပ်တန့်သွားခဲ့သည်။
Translated by Hein Htet.