← Chapters

အခန်း (၃၈၅)

Vol. 26 Ch. 385

အခန်း (၃၈၅)

Vol. 26 Ch. 385

ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူက ယုကျိရှိုနှင့် တခြားသူများ၏ရှေ့မှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူတို့က အစိမ်းရောင်အလင်းတန်းများ တောက်ပနေသော တိမ်တိုက်ထဲသို့ ဝင်သွားသလို ထင်မှတ်လိုက်ကြ၏။

သူရှိနေသည့်နေရာတွင် မည်သည့်အရာမျှ မရှိတော့သလို အမှန်တကယ် ခံစားရသည်။ ထိုအရာက အစစ်အမှန် အင်မော်တယ်တစ်ယောက်ပေလော။

နဂါးပျံက အံ့သြမှင်တက်သွားခဲ့ပြီး မုန့်ချီ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်၍ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။ သူနှင့် ရှောင်ချင်းတို့ ပြောပြခဲ့ကြသော ကြောက်မက်ဖွယ်ရာ အဖွဲ့အစည်းက အမှန်တကယ် တည်ရှိနေခြင်းပေလော။ သူတို့၏ အဖွဲ့သားများက အင်မော်တယ်များကဲ့သို့ တူညီသော စွမ်းရည်မျိုး ရှိနေခြင်းပေလော။ အင်မော်တယ်များ သေဆုံးသွားပြီးနောက် သူတို့က ထိုနာမည်များကို ယူဆောင်ထားကြခြင်းပေလော။

ကောင်းကင်ဘိုးဘေးက အစောပိုင်းတွင် သူ၏ အစစ်အမှန် စွမ်းအားကို သုံးခဲ့ပုံ မရသည်မှာ ကံကောင်းသွားသလို ခံစားလိုက်ရသည်။ သို့သော် ချင်းချင် ထွက်ခွာသွားမှုကြောင့် အတော်လေးကို မသက်မသာ ခံစားနေရ၏။ ခဏတာ စိတ်ပျက်မှုကတော့ သူ၏သိုင်းကျင့်စဉ်နှင့် ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။

အင်မော်တယ် အငွေ့အသက်များ လွှမ်းခြုံနေသော မုန့်ချီက သံသရာ မြေကွက်လပ်ထဲသို့ ပြန်ရောက်လာခဲ့သည်။ ပတ်ပတ်လည်တွင် မည်သည့်အရာမှ မရှိဘဲ အင်မော်တယ်ငှက်များ ၊ ဒဏ္ဍာရီထဲမှ သတ္တဝါရုပ်ထုများသာ ရှိသည်။

မုန့်ချီက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြည့်လိုက်ပြီး ကောင်းကင်မိုးကြိုး (၅) သွယ် ၊ ကောင်းကင်ည လှံသိုင်းပညာဆီမှ ရခဲ့သော အရာများအားလုံးကို ပြန်လည်စစ်ဆေးကြည့်လိုက်သည်။

ထိုအချိန်တွင် သံသရာအရှင်သခင်၏ မပြောင်းလဲသော စကားသံကို ကြားလိုက်ရ၏။

"မင်းက ပျက်စီးနေတဲ့ ကောင်းကင်မိုးကြိုး (၅)သွယ်ကို ပြည့်စုံအောင်လုပ်ဖို့အတွက် ကံကြမ္မာအမှတ် (၅၀၀) လိုအပ်တယ်…"

သူ့အသံက အေးစက်ပြီး လှုပ်ရှားမှု မရှိချေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ မုန့်ချီက အလွန်ကျေနပ်စရာကောင်းသည်ဟု ပထမဆုံးအကြိမ် တွေးမိခဲ့၏။ ထိုအရာက စိတ်ရှုပ်စရာ မကောင်းသည့်အပြင် နောက်တစ်ကြိမ် ပို၍ပင် နားထောင်ချင်ခဲ့၏။ သူက ကံကြမ္မာအမှတ် (၅၀၀)သာ လိုတော့သည်။

ကောင်းကင်မိုးကြိုး (၅)သွယ်နှင့် ကောင်းကင်ည လှံသိုင်းပညာက ထိုကဲ့သို့ မြင့်မားသော တန်ကြေးရှိနေ၏။ တခြားသူများအတွက်တော့ ထိုစွမ်းရည်နှစ်ခုက ပထမကောင်းကင် ဝေ့ကျင်းအဆင့် သာမန်နည်းလမ်းတစ်ခုဖြစ်ပြီး ကံကြမ္မာအမှတ် (၂၀၀၀)နှင့် လဲလှယ်ရနိုင်သည်။

သို့သော် မုန့်ချီအတွက်တော့ ကောင်းကင်မိုးကြိုး(၅)သွယ်၏ စိတ်ဝိညာဉ် လွှဲပြောင်းမှုက အဖိုးမဖြတ်နိုင်ခြင်း မရှိချေ။ ထိုအရာက ကံကြမ္မာအမှတ် (၄၀၀၀)နှင့် ညီမျှသည့်အပြင် ဓားမောက်ပညာနှင့် မိုးကြိုးအနှစ်သာရများကလည်း တိုးတက်လာခဲ့၏။ ထို့ကြောင့် သူ့တန်ဖိုးက အမှတ်တစ်ခုတည်းနှင့် တိုင်းတာ၍ မရနိုင်ပေ။

မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ယပ်တောင် (၆) လက် ကျောင်းမှ ရရှိခဲ့သော ဆေးရည်များ ၊ ဓားပျံများကို အမှတ်များနှင့် လဲလှယ်လိုက်သည်။ သူ၏ ကျန်ရှိနေသော ကံကြမ္မာအမှတ် (၁၅၀)နှင့် ပေါင်းလိုက်သည့်အချိန်တွင် သူက ကံကြမ္မာအမှတ် (၅၀၀) စုဆောင်းနိုင်ခဲ့၏။

"လဲလိုက်တော့… "

သံသရာမြေကွက်လပ်ထဲတွင် လူတစ်ယောက်မျှ မရှိသည့်အတွက် မုန့်ချီက ထိုအရာကို တိုက်ရိုက်လဲလှယ်ရန် ရွေးချယ်လိုက်သည်။ ထိုစကားလုံးများက သူ့အတွက်တော့ အလွန်ထူးဆန်းသော အလှတရားများ ရှိနေပုံရပြီး အတော်လေးကို ကျေနပ်စရာ ကောင်းလှ၏။

"ဗုန်း … "

မုန့်ချီက မိုးကြိုးများ ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခုထဲသို့ ကျရောက်သွားသလို ထင်မှတ်လိုက်ရပြီး မိုးကြိုးစပါးအုံးမြွေများက နေရာအနှံ့ လှုပ်ရှားနေသည်။ မိုးကြိုးအလင်းတန်းများကလည်း သ‌မုဒ္ဒရာကြီးထဲတွင် လှုပ်ရှားနေပြီး အလင်းတန်း တစ်ခုချင်းဆီက ရေများကဲ့သို့ ဖြစ်နေ၏။

အစိမ်းရောင်မိုးကြိုးများက ကြမ်းတမ်းပြီး ခရမ်းရောင်မိုးကြိုးများကတော့ ထင်ရှားသည်။ မိုးကြိုးတိုက်ပွဲများကလည်း ကြောက်စရာကောင်း၏။ ထိုနေရာတွင် အလွန်ရှုပ်ထွေးသော မိုးကြိုးများစွာ ရှိနေပြီး သူတို့ကို ကြည့်နေရုံနှင့် ခေါင်းကိုက်သွားစေနိုင်၏။

မိုးကြိုးအလင်းရောင်များ ခွဲခြားထားသည့်အချိန်တွင် ဧရာမလူကြီးတစ်ယောက် ပေါ်လာခဲ့သည်။ သူကတော့ လျှပ်စီးကြောင်းများနှင့် ပေါင်းစပ်ထားသလို ထင်မှတ်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။ သူ၏ ကြွက်သားများက လှုပ်ရှားနေပြီး ဆံပင်များကလည်း လေထဲတွင် လှုပ်ရှားနေ၏။ သူက လက်ထဲတွင် ခရမ်းရောင်လျှပ်စီး လှံတစ်ချောင်းကို ကိုင်ထားပြီး အဝေးကို လှမ်းပစ်လိုက်၏။

"ဗုန်း … "

ထိုအချိန်တွင် မိုးကြိုးတန်းကြီးများ ထွက်ပေါ်လာခဲ့သည်။ သူတို့က လေဟာနယ်ကြီးကို ထိုးဖောက်သွားခဲ့ပြီး အပျက်အစီးများကို ထက်ပိုင်းခွဲပစ်ခဲ့၏။ ထို့နောက် မိုးကြိုးသွားများစွာ ထွက်ပေါ်လာစေခဲ့သည်။

လျှပ်စီးကြောင်းတစ်ခုချင်းဆီထဲတွင် ထူးခြားသော ကမ္ဘာကြီးတစ်ခု ပါဝင်နေပုံရ၏။ မိုးကြိုးများ၏ ပထမဆုံးပုံစံကတော့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အနှစ်သာရများ ပါဝင်နေပြီး ကမ္ဘာကြီးကို ဖျက်စီးနိုင်သည့် အစွမ်းများလည်း ပါဝင်နေသည်။

မုန့်ချီက ရှေးဟောင်းမိုးကြိုးနတ်ဘုရား၏ သွေးအဆီအနှစ်ကို ပထမဆုံးအကြိမ် နားလည်ခဲ့သည့်အချိန်တွင် ထိုမြင်ကွင်းများကို မြင်ခဲ့ဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ပို၍ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။ လှံထဲမှ ထွက်လာသော အသေးစိတ်က ပြည့်စုံနေပြီး သူ၏အခြေအနေကလည်း ရင်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်နေခဲ့သည်။

"ဗုန်း … "

စိတ်ဝိညာဉ်စွမ်းအင်များ ပြန်ရောက်လာသည့် အချိန်တွင် မုန့်ချီက မျက်လုံးဖွင့်လိုက်မိ၏။ နက်မှောင်တောက်ပနေသော သူ၏မျက်လုံးထဲတွင် လျှပ်စီးကြောင်းများ တောက်ပနေသလို ထင်မှတ်ရသည်။

ကောင်းကင်မိုးကြိုး (၅)သွယ်၏ အနှစ်သာရများက နောက်ဆုံးတွင်တော့ ပြည့်စုံသွားခဲ့ပြီဖြစ်၏။ သူက နားလည်မှုများစွာ ရှိနေခဲ့ပြီး ထိုအရာကို လေ့ကျင့်နေသည့်အတွက် ပင်မအစိတ်အပိုင်းကို ရရှိလိုက်ပြီးနောက် အနှစ်သာရများကို အောင်မြင်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက တစ်စုံတစ်ခုကို ရရှိသွားပြီဖြစ်၏။ သို့သော် သူက အချိန်ပေး၍ လေ့ကျင့်ရန် လိုအပ်နေသေးသည်။

သူက သံသရာမြေကွက်လပ်ထဲတွင် တိုက်ရိုက်လေ့ကျင့်ခဲ့ခြင်း မရှိဘဲ ထိုနေရာမှ ထွက်သွားရန် ရွေးချယ်ခဲ့၏။

အစိမ်းရောင်အလင်းတန်းထဲတွင် ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားသော မုန့်ချီက အင်မော်တယ်လမ်းကြားထဲရှိ အလယ်ကျောက်စိမ်းတိုင်လုံး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ သူ့ကို လူပေါင်းများစွာက စိတ်ဝင်စားနေကြ၏။

တိမ်တိုက်ပြာဘိုးဘေးကတော့ အချိန်ကာလကွာဟမှုကြောင့် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ လမ်းကြားထဲတွင်တော့ တာအိုလူငယ်လေးများနှင့် အဖွဲ့သားနှစ်ယောက် ၊ (၃)ယောက်ခန့်သာ ရှိသည်။ အင်မော်တယ်အဖွဲ့သားများစွာက မုန့်ချီကို ကြည့်လိုက်ပြီးနောက် သူတို့၏ အငွေ့အသက်များကို ပြင်ဆင်လိုက်ကြသည်။

မုန့်ချီကတော့ မျက်လုံးဖုံးအောက်တွင် ရှိနေသည့်အတွက် သူတို့၏ အမူအရာကို မသိခဲ့ပေ။ သူတို့က ကြည့်နေရာမှ အကြည့်လွှဲသွားကြပြီး သူတို့လုပ်စရာရှိသည့် တာဝန်များကို ဆက်လက်ရွေးချယ်နေကြသည်။ သူတို့က မုန့်ချီနှင့်စကားပြောရန် ဆန္ဒ မရှိကြပေ။

ရုတ်တရက်ဆိုသလို အလယ်တွင် ရှိနေသော အလင်းတိုင်လေး၏ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ အစိမ်းရင့်ရောင် သလင်းကျောက် သစ်သီးတစ်လုံးက မွှေးပျံသောရနံ့တစ်ခုနှင့်အတူ လေထဲတွင် ပေါ်လာခဲ့သည်။

"တာဝန်က ပြီးဆုံးသွားပြီ။ ပိုင်ရှင်က မင်းကို ချင်းဟွာသစ်သီးပေးလိုက်တယ်။ ကျေးဇူးပြုပြီး အဲဒါကို ယူလိုက်ပါ…"

သံသရာအရှင်သခင်က ရင်းနှီးသော လေသံနှင့်ပြောလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ကြည့်ရသည်မှာ အင်မော်တယ်များ၏ တာဝန်ကန့်သတ်ချက်ကလည်း သံသရာကမ္ဘာကြီးအပေါ် မှီခိုနေပုံရသည်။ ထိုအရာက သူတို့၏ အခွင့်အရေးများထဲမှ တစ်ခုပေလော။

အိတ်ကပ်ထဲတွင် ချင်းဟွာသစ်သီးကို ထည့်လိုက်ပြီးနောက် မုန့်ချီက သူ့အတွက် သင့်တော်သော တာဝန် ရှိမရှိ လမ်းကြားထဲတွင် လျှောက်သွားပြီး ရှာဖွေနေခဲ့သည်။

မည်သို့ဖြစ်စေကာမူ လက်ရှိအချိန်တွင် သူလုပ်စရာ အလုပ် မရှိချေ။ သူက လူငယ်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရှိနေသော ကြာပန်းသခင်ကဲ့သို့ ပညာရှင်များကို စိန်ခေါ်ရန်အတွက် မြစ်အရှေ့ပိုင်းသို့ ပြန်သွားရန် စီစဉ်ထားသည်။ သူက ထိုအရာကို သိုင်းပညာလေ့ကျင့်ရန်အတွက် စိန်ခေါ်မှုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့၏။

ထို့ကြောင့် မြစ်အရှေ့ပိုင်းတွင် တစ်ပါတည်း လုပ်ဆောင်နိုင်သော တာဝန်တစ်ခု ရှိ မရှိ သိချင်နေခဲ့သည်။ အကယ်၍ မရှိလျှင်တော့ သူက မည်သည့်တာဝန်ကိုမျှ ရွေးချယ်လိမ့်မည် မဟုတ်ချေ။

လမ်းကြားကို တစ်ပတ်ပြည့်လုနီးပါး လျှောက်လာပြီးနောက် မုန့်ချီက ရုတ်တရက် ရပ်လိုက်သည်။ သူက မြစ်အရှေ့ပိုင်းဟူသော အရာတစ်ခုကို မြင်လိုက်ရ၏။

"စုံစမ်းရေးတာဝန် - ငါ့ရဲ့မိတ်ဆွေဟောင်း တစ်ယောက်က နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တယ်။ မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်အန်းမှာ သူနောက်ဆုံးရှိခဲ့တယ်ဆိုတဲ့ သဲလွန်စတစ်ခု ပြနေတယ်။ ငါ့မှာ တခြားလုပ်စရာကိစ္စတွေ ရှိတဲ့အတွက် သူ့ကို ရှာဖို့ အချိန်မရှိဘူး။ ဒီတော့ သူ့ကို ရှာဖို့ မိတ်ဆွေတွေကို အကူအညီ တောင်းချင်တယ်။ ပျောက်ဆုံးနေတဲ့ လူက ကျင်းလီလို့ခေါ်တယ်။ သူကတော့ လော့ရန်၊ ကျင်းမိသားစုက ကိုယ်လုပ်တော် တစ်ယောက်ရဲ့သားပဲ…”

“တာဝန်ကန့်သတ်ချက် - ကျင်းလီက လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေပြီ။ တကယ်လို့ မင်းက သူ့အဆင့်ကို မမီဘူးဆိုရင် မစွန့်စားစေချင်ဘူး။

တာဝန်အတွက် ဆုလာဘ် - မင်းကသာ သဲလွန်စ ရှင်းရှင်းလင်းလင်း ရမယ်ဆိုရင် ကံကြမ္မာအမှတ် (၁၀၀၀) ရနိုင်တယ်။ ဒါမှမဟုတ် ပင်မပစ္စည်း ပေးနိုင်မယ်ဆိုရင် မင်းအတွက် လက်နက်တစ်ခု ၊ ပစ္စည်းတစ်ခု အခမဲ့ သန့်စင်ဖို့ ကူညီပေးနိုင်တယ်။

တာဝန်ပေးအပ်သူ - ယွင်ကျုံးကျိ…"

ယွင်ကျုံးကျိက အဖိုးတန်လက်နက်များ သန့်စင်နိုင်သော ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်သည်။ အကယ်၍ သူနှင့်မိတ်ဆွေဖြစ်ခွင့်ရမည်ဆိုလျှင် အနာဂတ်၌ ပြဿနာ အမြောက်အများ အဆင်ပြေသွားနိုင်သည်။

မုန့်ချီက တစ်ယောက်တည်း စဉ်းစားကြည့်နေပြီး ထိုတာဝန်ကို ယူဆောင်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ တာဝန်က အလွန်ပြဿနာများမည်ဆိုလျှင် သူက မြစ်အရှေ့ပိုင်းတွင် ရှိနေသော အင်မော်တယ်ဝင်ပေါက်မှနေ၍ ပြန်လာနိုင်ပြီး တခြားတစ်ယောက်ကို တာဝန်ပြန်ပေး၍ ရနိုင်သည်။

သူက တာဝန်ကို လက်ခံလိုက်ပြီးနောက် ပို၍ အသေးစိတ်ကျသော အချက်အလက်များကို လက်ခံရခဲ့၏။ သူက လမ်းလျှောက်ရင်း ထိုအရာကို ဖတ်နေခဲ့သည်။

ထိုအချိန်တွင် အင်မော်တယ်လမ်းကြား၏ အနီးအနားတွင် ရှိနေသော ကျောက်တုံးအိမ်လေးထဲသို့ ဝင်သွားသော အဖွဲ့သားများစွာကို တွေ့လိုက်ရသည်။ သူက ခဏကြာ ရပ်ပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။

"အဲဒါက ဘာနေရာလဲ…"

မုန့်ချီက အနီးအနားတွင် ရှိနေသော တာအိုသခင်လေး တစ်ယောက်ကို တွေ့သည့်အတွက် အလွန်ရှုပ်ထွေးစွာ မေးလိုက်သည်။

သူ့ရှေ့တွင် ရှိသော ကောင်းကင်ဘိုးဘေးက လူသစ်တစ်ယောက်ဖြစ်ကြောင်း တာအိုသခင်လေးက သိသည်။ သူကတော့ ဟာသ လုပ်မနေဘဲ ချက်ချင်းပြန်ဖြေလိုက်၏။

"မိတ်ဆွေ…

ဒါကတော့ အင်မော်တယ်တွေ ရေနွေးကြမ်းသောက်ပြီး စကားစမြည် ပြောဆိုကြတဲ့ နေရာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့က အသုံးဝင်တဲ့ သိုင်းလောက သတင်းတွေကို ဝေမျှကြတယ်။ ဒါကြောင့် သူတို့တွေက သတိထားနိုင်ဖို့အတွက် သတင်းအချက်အလက်တွေကို ကြိုတင်သတိပေးထားကြတာ။ အင်မော်တယ်တွေရဲ့ အရေအတွက်က နည်းတယ်လေ။ အဖွဲ့သားတွေကလွဲရင် သူတို့က မတော်တဆပဲ တွေ့နိုင်ကြတာ။ ဒါကြောင့် ကျောက်တုံးအိမ်လေးက သူတို့တွေ သတိပေးချက်ရေးဖို့ နေရာတစ်ခု ဖြစ်လာခဲ့တယ်…”

“အင်မော်တယ် တစ်ယောက်ချင်းဆီရဲ့ ပတ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ထူးခြားတဲ့သတင်းတွေ ရှိတတ်ကြတယ်။ အဲဒါကို တခြားသူတွေ သုံးလို့ရအောင် သူတို့က စာနဲ့ ရေးထားခဲ့ကြတာပဲ။ ဒါကြောင့် အင်မော်တယ်တွေက ယပ်တောင် (၆)လက်ကျောင်းရဲ့ ကြေညာဆိုင်းဘုတ်နဲ့ အတူတူပဲ…"

မုန့်ချီက နားလည်သွားခဲ့ပြီး ကျောက်တုံးအိမ်လေးထဲသို့ ဝင်သွားခဲ့သည်။ ထင်ထားသည့်အတိုင်း သူက အတွင်းထဲတွင် စကားလုံးများ ရေးထားသည့် အဝါရောင်စာရွက်ပိုင်းများစွာကို တွေ့လိုက်ရ၏။

သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ အစောဆုံး စာရွက်များကတော့ လွန်ခဲ့သောနှစ်လမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မည်သို့ဖြစ်စေကာမူ အင်မော်တယ်အဖွဲ့သား အများစုက ဝေ့ကျင်းအဆင့်ကို ရောက်နေပြီး ထူးခြားသော အဆင့်အတန်းများ ရှိကြသည်။

သူတို့ မသိသေးသော အချက်အလက်များက နှစ်လကျော်သွားလျှင် သူတို့က တခြားလမ်းကြောင်းပေါင်းစုံမှ ကြားရနိုင်သည်။ ထို့ကြောင့် နှစ်လကျော်သော စာရွက်များကတော့ ကပ်ထားရန် မလိုတော့ပေ။ ထိုအရာများက အလွန်နေရာယူသည်။

"ညအချိန် နဂါးကျောက်တောင်တန်းမှာ အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့က (၃)ယောက် ဝိုင်းပြီး တိုက်ခိုက်တဲ့အချိန်မှာ သတ်ဖြတ်ရေးဓားစုမုန့်က (၃)ယောက်စလုံးကို ရှင်းပစ်နိုင်ခဲ့တယ်။ သူ့ရဲ့အစွမ်းက မဆိုးဘူး… "

မျက်နှာဖုံးအောက်တွင် ရှိနေသော မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားသည်။ ထိုအရာက သူနှင့်ပတ်သက်သော သတင်းတစ်ခုဖြစ်သည်။

သူက စာရွက်များကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်နေပြီး လော့ရန်တွင် ရှိနေသော အထက်တန်းလွှာ မိသားစုတချို့၏ အတွင်းရေးတိုက်ပွဲများကဲ့သို့သော အသုံးဝင်သည့် သတင်းပေါင်းများစွာကို သိခဲ့ရသည်။

စာရွက်များကို ဖတ်ကြည့်‌နေရင်း သူ၏ အသက်ရှူသံက လေးလံသွားခဲ့၏။ သူ့ရှေ့တွင် ရှိနေသော စာရွက်တစ်ခုတွင် ရေးသားထားသည်။

"ကိုယ်ပျောက်ဓား ဟယ်ကျူးက စားသောက်ပွဲတစ်ခု ကျင်းပပြီး လူငယ်မှတ်တမ်းက ထိပ်ဆုံးပညာရှင် (၁၀)ယောက်နီးပါးလောက်ကို ပျော်ရွှင်ခြင်းတိမ်တိုက် တောင်တန်းဆီ ဖိတ်ခေါ်ထားတယ်။ အဲဒီနေရာက ယင်မြို့ထဲမှာ ရှိတဲ့ အရှေ့ပင်လယ်ဓားရွာထဲမှာရှိတဲ့ သီးခြားနယ်မြေတစ်ခုပဲ…"

ထိုသတင်းကို ဖတ်လိုက်ပြီးနောက် မုန့်ချီက ထူးဆန်းသော ခံစားမှု တစ်ခုရခဲ့သည်။ ဟယ်ကျူးက အဆင့်တက်တော့မည်လော။ ထို့ကြောင့်လည်း သူက စားသောက်ပွဲတွင် ပါဝင်ဆင်နွဲရန် ထိပ်ဆုံး (၁၀)ယောက်ထဲမှ ပညာရှင်များကို ဖိတ်ခေါ်ထားခဲ့ပြီး သူ၏အရှိန်အဝါကို မြှင့်တင်နိုင်ရန် သူတို့နှင့် တိုက်ခိုက်ရန် ကြိုးစားနေခြင်းဖြစ်၏။

သူ၏ အရှိန်အဝါက တိုးတက်လာပြီးနောက် သူက ထိုအရာကို အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်။ ထိုအရာက မုန့်ချီ၏ ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်သော်လည်း အစစ်အမှန်နှင့် နီးစပ်နေသည်။

သူ၏ ခံစားချက်များက ရှုပ်ထွေးနေပြီး သူ၏ တိုက်ခိုက်ချင်စိတ်များကလည်း မြင့်တက်လာသည်။ သူက ချက်ချင်းပင် စိတ်မရှည်နိုင်စွာ ထွက်ခွာသွားခဲ့၏။ အကယ်၍ သူက ရှုံးနိမ့်မည်ဆိုလျှင်ပင် ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ သူ့ကိုလည်း စားသောက်ပွဲတွင် ဖိတ်ခေါ်ခံရမည်လော။

မုန့်ချီက မြစ်အရှေ့ပိုင်းတွင် ရှိနေသော အင်မော်တယ်များ၏ ထွက်ပေါက်ကို ရွေးချယ်ခဲ့ခြင်း မရှိချေ။ ထိုအစား သူရောက်လာသော လမ်းကြောင်းအတိုင်း ပြန်သွားခဲ့၏။ မဟုတ်လျှင် သူက ခဏပျောက်သွားပြီးနောက် မြစ်အရှေ့ပိုင်း၌ ပြန်ပေါ်လာမည်ဆိုလျှင် တခြားသူများက သံသယ ဝင်သွားပါလိမ့်မည်။

မှေးမှိန်နေသော အလင်းရောင်များက တောက်ပနေပြီး နှစ်ခြမ်းကွဲနေသလို ထင်မှတ်ရ၏။ သူကတော့ ထိုနေရာမှ ထွက်လာပြီးနောက် လျှို့ဝှက်နေရာတစ်ခုတွင် ရောက်နေခြင်း ရှိ မရှိ သေချာ မသိပေ။

သူကတော့ အင်မော်တယ် ခရီးသွားတံဆိပ်နှင့် တိမ်တိုက်ပြာ ဘိုးဘေးတို့၏ ဦးဆောင်မှုကြောင့် နယ်မြေပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည့်အတွက် မူလ နေရာတွင် မရှိနိုင်တော့ပေ။

ကောင်းကင်ကြီးက တောက်ပနေ၏။ အဝေးတွင် မှေးမှိန်နေသော အလင်းရောင်များ ရှိနေပြီး ညအချိန် ကျဆင်းခဲ့သော နှင်းများက ရွှေရောင်တောက်ပနေသည်။ မုန့်ချီက အတွေးနှင့် ခေါင်းညိတ်လိုက်မိ၏။

သံသရာတံဆိပ်က အချိန်ကွဲလွဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။ အင်မော်တယ်များကလည်း သံသရာကမ္ဘာကြီးကဲ့သို့ အစစ်အမှန်နေရာဟု သတ်မှတ်နိုင်ခြင်း မရှိခြင်းပေလော။ သို့မဟုတ် သူတို့တွင် တူညီသော အကြောင်းတရားတစ်ခု ရှိနေခြင်းပေလော။

သူက အနာဂတ် မြောက်ပိုင်းမြေအောက် အဖွဲ့ကို ရှာဖွေရန် ဆုံးဖြတ်ထားခဲ့သည်။ ကြောက်စရာအကောင်းဆုံး မြင်ကွင်းကတော့ သံသရာကမ္ဘာကြီးများက အချိန်ရှုပ်ထွေးနေခြင်း မရှိဘဲ အနာဂတ် အကြောင်းတရားများကိုသာ ဖြစ်ပေါ်စေနိုင်သည်။

သူက ပင့်သက်ရှိုက်လိုက်မိပြီး နေလုံးကြီးနှင့် လက်ကျန်ကြယ်များ၏ ဦးတည်ချက်ကို ကြည့်၍ မြို့ဆီကို အလျင်အမြန် ပြန်လာခဲ့သည်။ သူက လျှို့ဝှက်သတင်းပေး တစ်ယောက်အဖြစ် ဝတ်ဆင်လိုက်ပြီး တောင်ထိပ် ဘုရားကျောင်းထဲတွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲအကြောင်းကို သတင်းပို့လိုက်သည်။

သူက ပွဲကြည့်သူ တစ်ယောက်အနေနှင့် သူ၏ ဓားမောက်ပညာကိုသာ အသားပေး ဖော်ပြထားခဲ့ပြီး ဓားရှည်သိုင်းပညာကိုတော့ သေချာပြောပြမထားခဲ့ပေ။ သူက အနာဂတ်တွင် သူ၏ ဓားမောက်သိုင်းပညာကိုသာ အလေးထားရန် ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် သတ်ဖြတ်ရေးဓားဟူသော နာမည်နှင့် လိုက်ဖက်ညီတော့မည် မဟုတ်ချေ။

သူ၏ ဓားရှည်သိုင်းပညာကြောင့် ထိုနာမည်က တဖြည်းဖြည်း အားနည်းသွားနိုင်သည်။ ထိုသို့ဆိုလျှင် သံသရာတာဝန်များထဲ၌ သူ၏ဓားရှည်သိုင်းပညာကို အသုံးပြုနိုင်၏။ သူက အန္တရာယ်ကျသည့် အချိန်မျိုးတွင်သာ ဓားရှည်နှင့် ဓားမောက်နှစ်ခုစလုံးကို အသုံးပြုနိုင်သည်။

ထိုအရာများကို ပြင်ဆင်လိုက်ပြီးနောက် မုန့်ချီက သတ်ဖြတ်ရေးဓား၏ ပြယုဂ်ဖြစ်သော အနက်ရောင်အဝတ်များကို ဝတ်ဆင်လိုက်သည်။ ထို့နောက် မြစ်အရှေ့ပိုင်းသို့ ထွက်ခွာလာခဲ့ပြီး ဟယ်ကျူး၏ ဖိတ်ခေါ်ချက် ရောက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် သူက တာ့ကျိုးတွင် ရှိနေသော နဂါးကျောက်မြို့ထဲသို့ ပြန်ရောက်လာခဲ့သည်။ သူက အကြီးဆုံး တည်းခိုဆောင်ထဲ၌ တည်းခိုလိုက်သည့် အချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။

တံခါးအပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ရပ်နေသည်။ သူက မုန့်ချီကို အနီရောင်ဖိတ်စာတစ်ခု တရိုတသေ ပေးလိုက်၏။

"သခင်လေးစု …

ကျွန်တော်ရဲ့သခင်လေးက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲကို ဖိတ်ခေါ်လိုက်ပါတယ်…"

Translated by Hein Htet

All Chapters