← Chapters

အခန်း (၃၈၆)

Vol. 26 Ch. 386

အခန်း (၃၈၆)

Vol. 26 Ch. 386

"ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ဖွယ်…"

မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်ပြီး ဖိတ်ကြားစာကို လက်ခံထားလိုက်သည်။

"ငါက အချိန်မီ အရောက်လာခဲ့မယ်လို့ မင်းရဲ့သခင်လေးကို ပြောလိုက်ပါ…"

ဖိတ်ကြားစာထဲတွင်တော့ စားသောက်ပွဲကို နှစ်သစ်ကူးပွဲနေ့တွင် ကျင်းပမည်ဟု ဖော်ပြထားခဲ့သည်။ ကြည့်ရသည်မှာ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ရောက်သည့်ပွဲအဖြစ် ကျင်းပချင်နေပုံရ၏။

အချိန်ကို တွက်ချက်ကြည့်လိုက်မည်ဆိုလျှင် မုန့်ချီက ဝမ်အန်းကိုသွားပြီး ယွင်ကျုံးကျိ၏ တောင်းဆိုချက်ကို လုပ်ဆောင်ရန် အချိန်လုံလုံလောက်လောက် ရှိနေသေးကြောင်း တွေ့လိုက်ရ၏။

မြစ်အရှေ့ပိုင်းတွင် ရှိနေသော ဝမ်းအန်းကို ရောက်သည့်အချိန်တွင် နှစ်ကုန်ပိုင်း ရောက်နေပြီ ဖြစ်သည့်အတွက် ရာသီဥတုက အေးစက်နေပြီး လေလှိုင်းများ တိုက်ခတ်နေသည်။ မြစ်များက အေးခဲနေခြင်း မရှိသေးသော်လည်း စိုထိုင်းထိုင်းနှင့် တိမ်များ ထူထပ်နေ၏။

လေထဲတွင် ရှိနေသော အအေးဓာတ်များကလည်း အနွေးထည် မည်မျှဝတ်စေကာမူ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် မြောက်ဘက်ပိုင်းနှင့် အတော်လေးကို ကွဲပြားနေသည်။

ပေါင်းသင်းဆက်ဆံရေးကောင်းသည်ဟု နာမည်ကျော်ကြားသော လုကျန်းက လက်(၂)ဖက်ကို အင်္ကျီထဲသို့ ထည့်ပြီး ကြေးနီမီးဖိုငယ်လေးတစ်ခုကို ကိုင်ထားသည်။ သူက လမ်းထဲတွင် လမ်းလျှောက်နေပြီး လူတိုင်းနှင့် ရင်းနှီးနေသည့်အလား လမ်းသွားလမ်းလာများကို နှုတ်ဆက်နေခဲ့၏။

သူ ငယ်ရွယ်စဉ်အချိန်တွင် သိုင်းလောက၌ သူရဲကောင်းတစ်ယောက်ဖြစ်ရန် ရည်မှန်းချက် ရှိခဲ့သည်။ သူက တခြားလူများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည့် စွမ်းရည်ကို အားကိုးပြီး အရေးကြီးသည့် လူပေါင်းများစွာနှင့် ဆက်သွယ်နိုင်ခဲ့၏။

နောက်ပိုင်းတွင်တော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည်မှာ ကံဆိုးသွားခဲ့သည်။ ထိုအရာကို သေချာကုသခဲ့ခြင်း မရှိသည့်အတွက် လုံးဝကောင်းမွန်သွားခြင်း မရှိတော့ဘဲ အဆင့်တက်ရန် မျှော်လင့်ချက်လည်း မရှိတော့ပေ။

ထို့ကြောင့် သူက နေရပ်သို့ ပြန်လာပြီး သူ့မိတ်ဆွေများ၏ အဆက်အသွယ်များနှင့် အလုပ်တစ်ခု လုပ်နေခဲ့သည်။ သူက အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး အအေးဓာတ်ကို တားဆီးရန်အတွက် မီးဖိုငယ်လေးကို ပိုက်ထားခဲ့၏။ ထိုအရာက သူ၏ဒဏ်ရာဟောင်းကြောင့် ဖြစ်သည်။

ဆောင်းရာသီနေ့ရက်များက သူ့အတွက်တော့ အတော်လေးကို ခက်ခဲလွန်းလှ၏။ မဟုတ်လျှင် ထိုကဲ့သို့ အအေးဓာတ်မျိုးက တံခါး (၇) ပေါက်အဆင့် သူ့လိုပညာရှင်မျိုးကို မည်သို့ ဒုက္ခပေးနိုင်မည်နည်း။

"သိုင်းလောကမှာရှိတဲ့ ပြဿနာတွေက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ…"

လုကျန်းက တစ်ယောက်တည်း သက်ပြင်းချလိုက်မိသည်။ သူက ခေါင်းမှာခြေအဆုံး တစ်ကိုယ်လုံး တောင့်တင်းနေသည်ဟု ခံစားရသည့်အချိန်တွင် ထိုကိစ္စကို တွေးမိခဲ့၏။

အစကတည်းက မိသားစုစီးပွားရေးလုပ်ငန်းကိုသာ တာဝန်ယူရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူက သေချာပေါက် တံခါး (၉) ပေါက်အဆင့် ပွင့်နိုင်သည်။ သူက ဝေ့ကျင်းတစ်ဝက် အဆင့်ကို ရောက်ရန် လုံးဝ မဖြစ်နိုင်သော်လည်း တစ်နှစ်တွင် (၂) လ ၊ (၃) လခန့် ခက်ခဲသောဘဝကို ရောက်ရလိမ့်မည် မဟုတ်ချေ။

အကယ်၍ ငယ်ရွယ်စဉ် ရည်မှန်းချက်ကြီးမှုကြောင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်သာ မဖြစ်ချင်လျှင် ယခုလို အခြေအနေမျိုးကို မရောက်နိုင်ဟု တွေးခဲ့မိ၏။ သူက သိုင်းလောကတွင် လှည့်ပတ်သွားလာနေစဉ် အတောအတွင်း သူ၏ရည်မှန်းချက်ကို ပြည့်စုံရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့သည်။

ထိုအရာကို စဉ်းစားမိသည့်အချိန်တွင် ဉာဏ်အလင်းပွင့်မှုအဆင့်၌ ပညာရှင်ပေါင်း မြောက်မြားစွာ ရှိနေသော်လည်း အနည်းငယ်ကသာ လျှို့ဝှက်တံခါးကို ဖွင့်လှစ်နိုင်ကြောင်း တွေ့လိုက်ရသည်။ သိုင်းလောကတွင် ရှိနေသော သာမန်သူရဲကောင်းများအတွက်တော့ မျှော်လင့်ချက်က နည်းပါးလှသည်။

"ဦးလေး (၂) …

ဦးလေးက ဘာလို့ အဘိုးကြီးတစ်ယောက်လို ရာသီဥတုဒဏ်ကို ခံနေရတာလဲ "

သူနှင့်အတူ လမ်းလျှောက်လာနေသော သူ့တူလေးက အပြုံးနှင့် မေးလိုက်သည်။

သူ့ဦးလေးက အသက် (၄၀) ပင် မရှိသေးသော်လည်း အသက် (၇၀) (၈၀) အရွယ် အဘိုးကြီးတစ်ယောက်ကဲ့သို့ အမြဲလိုလို သက်ပြင်းချနေခဲ့ရသည်။ လုကျန်းက ပြုံးလိုက်၏။

"သိုင်းလောကမှာ လှည့်ပတ်ပြီးသွားရင် မင်းက ဦးလေးရဲ့ခံစားမှုတွေကို နားလည်ပါလိမ့်မယ်…"

သူက သိုင်းလောကရှိ အတွေ့အကြုံများစွာကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။ ဓားပြများကို ရှင်းပစ်ခြင်း ၊ မကောင်းဆိုးဝါးဝိညာဉ်များကို ဝိုင်းဝန်းဖိနှိပ်ခြင်း ၊ အမွေအနှစ်တချို့ကို ရှာဖွေဖော်ထုတ်ခြင်းမျိုး ဖြစ်ခဲ့သည်။

သူက စားသောက်ဆိုင်တစ်ခုထဲတွင် အရက်သောက်ခဲ့ပြီး မြစ်အရှေ့ပိုင်းရှိ အကြီးဆုံး လောင်းကစားရုံထဲတွင် ငွေကြေးများ အနိုင်ရခဲ့သည်။ သူက ကတိတစ်ခုအတွက် မိုင်ပေါင်း (၃၀၀) ကျော်ကို နေ့ရောညပါ မနားတမ်း ခရီးသွားလာခဲ့ဖူးသည်။

သူနှင့်ရင်းနှီးသော မိတ်ဆွေများကလည်း သူ့စိတ်ထဲတွင် ပေါ်လာခဲ့၏။ ကံကြမ္မာ လုံးဝမကောင်းခဲ့သော ကိုယ်လုပ်တော်၏သား ကျင်းလီ ၊ တခြားလူများကို စနောက်တတ်ပြီး အမြဲပြုံးနေတတ်သည့် ရွှယ်လွေ ၊ ရန်သူများနှင့် ရင်ဆိုင်ရသည့် အချိန်တွင်ပင် မိတ်ဆွေများကို လုံးဝ စွန့်မပစ်တတ်သည့် မိန်းမပျိုလေး ကျုံးမေရှန်း ၊ သူတို့အားလုံးက သူ့ရင်ကို နွေးထွေးသွားအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

သူက နောက်တစ်ကြိမ် ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိ၏။ အကယ်၍ သူသာ သိုင်းလောကတွင် စွန့်စားရန် ရွေးချယ်ခဲ့ခြင်း မရှိလျှင် သူ့ဘဝကြီးက အတော်လေး ပျင်းစရာကောင်းပါလိမ့်မည်။ အကယ်၍ သူ့ကို ရွေးချယ်ခွင့်ထပ်ပေးမည်ဆိုလျှင်ပင် တူညီသော ဆုံးဖြတ်ချက်ကိုသာ လုပ်ဆောင်မိပါလိမ့်မည်။

လုဟောင်ကတော့ သိုင်းလောကတွင် စွန့်စားသွားလာလိုသည့် အသက်အရွယ် ဖြစ်သည့်အတွက် သူ့ဦးလေး၏စကားကို ခေါင်းထဲထည့်မထားပေ။ သို့သော် သူကတော့ ဓားမောက်တစ်ချောင်းနှင့် ဓားရှည်တစ်ချောင်း ကိုင်ထားသော လူတစ်ယောက်ကိုသာ စိုက်ကြည့်နေခဲ့၏။

သူက အော်ပြောလိုက်သည်။

"ဦးလေး (၂) ကြည့်လိုက်ပါဦး။ လူငယ်မှတ်တမ်းအသစ် ထွက်လာပြီ…"

သူတို့က ဝမ်အန်းတွင် ရှိနေသော ယပ်တောင် (၆) လက်ကျောင်းကို ဖြတ်ကျော်လာခဲ့သည်။

"လူငယ်မှတ်တမ်းအသစ်လား.."

လုကျန်းက အတော်လေး အံ့သြသွားခဲ့၏။ စာရင်းများက အလွန်လျင်မြန်စွာ အသစ်အသစ် ဖြစ်နေသည့်အတွက် အလွန်စိတ်ဝင်စားနေခဲ့သည်။ ပြောင်းလဲမှုကြီးတစ်ခုများ ရှိနေခြင်းပေလော။

နယ်မြေခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့်အတွက် သူလည်း သိုင်းလောကမှ နောက်ဆုံးအခြေအနေများကို သိရှိရန် လိုအပ်သည်။ ထို့ကြောင့် သူလည်း သူ့တူလေးကို ကျောင်းရှေ့သို့ ခေါ်သွားပြီး လူငယ်မှတ်တမ်းကို လေ့လာကြည့်ခဲ့၏။

"သတ် သတ်ဖြတ်ရေးဓားစုမုန့်က မှတ်တမ်းထဲမှာ အဆင့်တက်သွားပြီ…"

လုဟောင်က အော်ပြောလိုက်၏။

စုမုန့်က (၃) လအတွင်း မှတ်တမ်းတွင် ဆက်တိုက် အဆင့်တက်လာသည်မှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ပုံမှန်အားဖြင့် ပြောရလျှင် သိုင်းလောက၌ ပထမဆုံး ခြေချသည့်အချိန်တွင် တဖြည်းဖြည်းချင်း အဆင့်တက်ရခြင်း ဖြစ်သည်။ လူငယ်မှတ်တမ်းတွင် အဆင့်တက်ရန်အတွက် နှစ်ဝက်ခန့် အချိန်ပေးရနိုင်၏။

မည်သို့ဖြစ်စေကာမူ ကျင့်စဉ်တိုးတက်မှုက အချိန်အကြာကြီးပေးရသည်။ ထိုအရာက အစွမ်းထက်သော ရန်သူများကို အနိုင်ရခြင်းအပေါ် မှီခိုနေခဲ့ခြင်း မရှိချေ။ သို့သော် စုမုန့်က မြစ်အရှေ့ပိုင်းတွင် အင်ပါယာဓား (၅)သွယ်ကို အနိုင်ရခဲ့သည်မှာ (၃) လပင် မရှိသေးပေ။

သူက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုကြီးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။ သူပြသလိုက်သောအစွမ်းက လွန်ခဲ့သော နှစ်လခန့်တွင် ပြသခဲ့သောအစွမ်းနှင့် လူတစ်ယောက်တည်း ဖြစ်နေမည်ဟု မည်သူကမျှ မယုံကြည်နိုင်ခဲ့ကြပေ။

"ဘယ်လို... "

လုကျန်းလည်း အလွန်ထိတ်လန့်သွားခဲ့သည်။ သူက မှတ်တမ်းကို ကြည့်လိုက်သည့် အချိန်တွင် ဟယ်ကျူးနှင့် တခြားလူများ၏အဆင့်က တူညီနေသော်လည်း အောက်တွင် ရှိနေသော နာမည်များက ပြောင်းလဲသွားခဲ့သည်။

“နာမည် - စုမုန့် ၊ ယခင်ဓမ္မနာမည် - ကျန်းတင်

သိုင်းပညာ - တံခါး (၇) ပေါက်အဆင့် ၊

သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို ပထမဆုံးလေ့ကျင့်ထားခဲ့ပြီး တခြားအကာအကွယ်ကျင့်စဉ်တစ်ခုလည်း ရှိတယ်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက တံခါး (၉) ပေါက်အဆင့် သာမာန်ပညာရှင်တွေထက်တောင် ပိုပြီးအဆင့်မြင့်တယ်။ ဒါကြောင့် သူ့ရဲ့အစွမ်းကလည်း တော်တော်လေးထူးချွန်တယ်။ သူက ညာဘက်လက်မှာ ဓားမောက်ကို အဓိကအသုံးချပြီး ဘယ်ဘက်လက်မှာရှိတဲ့ ဓားရှည်ကတော့ အကူအညီအနေနဲ့ အသုံးပြုတယ်..”

“သူ့ရဲ့ဓားရှည်သိုင်းပညာက စနစ်မကျပေမယ့် အသေခံသိုင်းကွက်မှာတော့ နာမည်ကျော်ကြားတယ်။ သူ့ရဲ့ဓားမောက်သိုင်းပညာကတော့ အနတ္တကျိန်စာဖျက် ဓားပညာရဲ့အနှစ်သာရတွေနဲ့ ပေါင်းစပ်နေတယ်။ သူက သွေးအဆီအနှစ်ကို အသက်သွင်းစရာမလိုဘဲ ဆက်တိုက်အသုံးပြုနိုင်တယ်…”

“အဖိုးတန်လက်နက်ရဲ့ အကူအညီနဲ့ မိုးကြိုးတွေ ထွက်လာနိုင်တဲ့ ဝေ့ကျင်းအဆင့် သိုင်းပညာကို အသုံးပြုနိုင်တယ်။ တကယ်လို့ သူသာ အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နီးပါးအဆင့်ရှိတဲ့ တိုက်ခိုက်မှုကို တိုက်ခိုက်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဓားမောက်တာအိုနဲ့ အနှစ်သာရတွေက နာမည်ကျော်ပညာရှင်တွေကိုတောင် ယှဉ်နိုင်တယ်။ ပြီးတော့ သူ့မှာ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်တဲ့ ဝှက်ဖဲတစ်ခုလည်း ပိုင်ဆိုင်ထားတယ်.."

“တိုက်ပွဲမှတ်တမ်း - ခေါင်းဖြူလင်းတ အန်ကုံရှဲကို သတ်ပစ်ခဲ့တယ် ။ ယဲ့တူမှာရှိတဲ့ လေ့ကျင့်ရေးကွင်းထဲမှာ အမှန်တရားဓား ဝမ်ကိုက်ကို သိုင်းကွက်တစ်ကွက်အသာနဲ့ အနိုင်ရခဲ့တယ်။ မြောင်လင်က ပန်းကြည့်ဥယျာဉ်ထဲမှာ သူ့ကို သတ်ချင်နေတဲ့ မိုင်တစ်ရာထိတ်လန့်ခြင်း ကျန်းဟန်ချွန်ရဲ့လက်ထဲကနေ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့တယ်။ တုန်းရန်စံအိမ်ထဲမှာ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်ကို သူ့ကိုယ်သူ ကာကွယ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်။ ကျန်းစီရင်စုထဲမှာရှိတဲ့ ချန်းချွင်လမ်းမပေါ်မှာ အင်ပါယာဓား (၅) သွယ် ချင်ယုကို ပွတ်ကာသီကာ အနိုင်ရခဲ့တယ်…”

“သူက မိုင် (၁၀၀၀) တောင်တန်းကြီးပေါ်မှာ အလျင်အမြန် ခရီးသွားလာခဲ့ပြီး နဂါးကျောက်တောင်တန်းပေါ်မှာရှိတဲ့ ကျောင်းဆောင်ကို ရောက်တဲ့အချိန်မှာ အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့ရဲ့ လက်ထဲမှာ ကြားညှပ်တိုက်ခိုက်ခံခဲ့ရတယ်။ သူက သူတို့(၃) ယောက်နဲ့ တိုက်ခိုက်ခဲ့ပြီး (၃) ယောက်လုံးကို သတ်ပစ်နိုင်ခဲ့တယ်။ သူတို့ရဲ့တိုက်ပွဲကို ဘယ်သူကမှ အသေးစိတ်မသိပေမယ့် စုမုန့်ရဲ့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က အဖွဲ့လိုက်တိုက်ခိုက်တဲ့ ရန်သူတွေကို ရင်ဆိုင်တဲ့အချိန်မှာ လူငယ်မှတ်တမ်းမှာရှိတဲ့ တခြားလူတွေထက် ပိုပြီးတော့ အသာစီးရနိုင်တယ်…"

“အဆင့် (၆)

သိုင်း‌လောကနာမည် - သတ်ဖြတ်ရေးဓား ၊ မဆင်မခြင်ကိုယ်တော် မိုးကြိုးဓားဒေါသကိုယ်တော်။

နောက်ခံအဆင့်အတန်း - ရှောင်လင်ကျောင်းတော်က စွန့်ပစ်ခံတပည့်၊ သိုင်းလောက ဓားသမားတစ်ယောက်…”

"သူတစ်ယောက်တည်းနဲ့ အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့ကို ရှင်းပစ်နိုင်ခဲ့တာလား…"

လုကျန်းကတော့ သူ့မျက်လုံးသူ မယုံကြည်နိုင်ခဲ့ပေ။

အရိပ်ရေခဲလက်ဝါးက ချီစွမ်းအင်သွေဖယ်မှု ခံစားခဲ့ရသည့်အတွက် သူ့အစွမ်းက သိသိသာသာ လျော့ကျသွားခဲ့သည်။ တိုက်ပွဲက ပိုကြာလေလေ သူ့ဒဏ်ရာက ပို၍ပြင်းထန်လာလေလေ ဖြစ်၏။

သူက အစစ်အမှန် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏ကိုယ်ဖော့ပညာနှင့် လက်ဝါးသိုင်းကလည်း အလွန်ကြောက်စရာကောင်းလှ၏။ ထို့ပြင် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား ၊ နာမည်ကျော် ဝိညာဉ်ဖျောက်ပုလွေတို့နှင့် ပူးပေါင်းတိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့၏ လှုပ်ရှားမှုများကို လုံးဝထိန်းချုပ်နိုင်ပြီး သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကိုပင် အလွယ်တကူ အနိုင်ရနိုင်သည်။ စုမုန့်လို တံခါး (၇) ပေါက်အဆင့် ပညာရှင်တစ်ယောက်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သူတို့က ထိုအချက်ကို ယုံကြည်ရန် ခက်ခဲနေခဲ့၏။ ထိုကဲ့သို့ တိုက်ပွဲမှတ်တမ်းမျိုးကြောင့် သူက ထိပ်ဆုံး (၅) ယောက်ထဲ ဝင်မည်ဆိုလျှင်ပင် မည်သူကမျှသူ့ကို သံသယမရှိနိုင်ပေ။

စုမုန့်က သေရေးရှင်ရေး တိုက်ပွဲတစ်ခုထက် ပိုပြီး တိုက်ပွဲထဲတွင် ကြားညပ်သွားခဲ့သည်ဟု ယပ်တောင် (၆) လက်ကျောင်းက သတ်မှတ်ခဲ့ခြင်းကြောင့်သာ အဆင့် (၆) တွင် ရောက်နေခြင်း ဖြစ်သည်။ ကြည့်ရသည့်မှာ ယပ်တောင် (၆) လက်ကျောင်းက သူ့အစွမ်းကို ဖုံးကွယ်ထားရန် ကြိုးစားနေသည်ဟု သံသယဝင်စရာ ရှိသည်။

"တော်တော်အံ့သြစရာကောင်းတာပဲ။ သူက ထိပ်တန်းမကောင်းဆိုးဝါး (၃) ယောက်ကို အနိုင်ရလိမ့်မယ်လို့ မထင်ထားဘူး…"

လုဟောင်ကတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။

"ဓားရှည်ဓားမောက် တွဲသုံးတာက ဒီလောက်တောင် အစွမ်းထက်တာလား။ ကျွန်တော်လည်း အဲဒါကို သင်ချင်တယ်…”

“သူက အခုမှ တံခါး (၇)ပေါက် ပွင့်တာပဲ ဖြစ်ဦးမယ်…"

လုကျန်းကတော့ သူ့တူလေး၏အော်သံကို စိတ်မဝင်စားဘဲ ပြဿနာကို တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

ယခုတစ်ကြိမ် မှတ်တမ်းထဲရှိ အချက်အလက်များက ကွဲပြားနေကြောင်း သူလည်း တွေ့လိုက်ရ၏။ စာရင်းထဲတွင် ရှိနေသော တိုက်ပွဲမှတ်တမ်းကို လျော့ချထားခြင်းက အရေးကြီးဆုံးအချက်တစ်ခု မဟုတ်ချေ။ ထိုအရာက စုမုန့်၏ ဓား (၂) လက်စွမ်းရည်ကို တမင်တကာ ဖယ်ရှားထားသလို ထင်မှတ်ရ၏။

စုမုန့်ကတော့ သူ၏ဓားရှည်ထက် ဓားမောက်ကိုပို၍ အသုံးပြုချင်နေပုံရသည်။ ထို့ကြောင့်လည်း သူ၏ဓားရှည်သိုင်းပညာအပေါ် ဖော်ပြချက်က နည်းပါးနေခြင်း ဖြစ်၏။ သို့သော် ထိုအတွက်ကြောင့် အဓိကအချက်တော့ ပျောက်ကွယ်မသွားသေးပေ။ ဖော်ပြချက် ပြောင်းလဲသွားရုံသာ ဖြစ်၏။

လုကျန်းကတော့ အများကြီး စဉ်းစားမနေဘဲ မချိပြုံး ပြုံးလိုက်မိသည်။ ယခင်တုန်းကတော့ သူက တချိန်လုံး ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ပြီး သေရေးရှင်ရေး တိုက်ပွဲမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ သူက လူငယ်မှတ်တမ်းတွင် စာရင်းဝင်ချင်ခဲ့သော်လည်း သူထင်ထားသလို လုံးဝ မရောက်ခဲ့ပေ။

ယခုတော့ အသက် (၃၅) ကျော် လာခဲ့သည့်အချိန်တွင် မှတ်တမ်းထဲ၌ လျင်မြန်စွာ တိုးတက်လာသော အခြေအနေတစ်ရပ်ကို မြင်ဖူးသွားပါပြီ။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်၍ မရကြောင်း သူလည်း နားလည်သွားခဲ့၏။

အောက်ဘက်တွင် ရှိနေသော မှတ်တမ်းများကတော့ တူညီနေခြင်း မရှိချေ။ လူသစ်များ အဆင့်တက်မှုကြောင့် ဝင်ရောက်လာသည့်အတွက် ပြောင်းလဲမှုများစွာ ရှိနေသည်။ တချို့ကတော့ အသက်အရွယ်ကြောင့် ဖယ်ရှားခံလိုက်ရ၏။

"လာ… အိမ်ပြန်ကြမယ်…"

လုကျန်းက မီးဖိုလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူ့တူလေးကို ပြောလိုက်သည်။ သူကတော့ လူငယ်မှတ်တမ်းကို မြင်သည့်အချိန်တိုင်း တစ်ယောက်တည်း စိတ်ဓာတ်ကျမိ၏။ အထူးသဖြင့် ယခုလို နှင်းများ ဖုံးလွှမ်းနေသော အခြေအနေတွင် ဖြစ်သည်။

လုဟောင်ကတော့ တွေဝေစွာ ပြန်လှည့်လာပြီး တံတားဆီသို့ လျှောက်လာခဲ့၏။

"ဦးလေး …

ဓား (၂) လက်ကျင့်စဉ်က ဘယ်ဂိုဏ်းတွေမှာ နာမည်ကျော်ကြားလဲသိလား…"

"မင်းက သူတို့လို ဓားမောက်နဲ့ဓားရှည်တို့ကို ကောင်းကောင်းသုံးနိုင်မှာ မဟုတ်ဘူး။ မင်းက ဓား (၂) လက်ကို ဘယ်လိုများ သင်ချင်နေတာလဲ…"

သူ့တူလေးက သူ၏မျှော်လင့်ချက်အတိုင်း ဖြစ်မလာသည့်အတွက် လုကျန်းက နောင်တရနေခဲ့သည်။

"ကျွန်တော်က ဓားရှည် ဓားမောက်ပေါင်းစပ်မှုမှာ ထူးချွန်တာလည်း ဖြစ်နိုင်တာပဲလေ.."

လုဟောင်က စိတ်လှုပ်ရှားစွာ ပြန်‌ဖြေလိုက်၏။

လုကျန်းက စကားပြောတော့မည့်အချိန်တွင် သူ့ရှေ့၌ အပြာဝတ် ပညာရှင် တစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရသည်။

သူက တံတားအစွန်တွင် တိတ်တဆိတ် ရပ်နေပြီး အနီးအနားတွင် ရှိနေသော သစ်ပင်ကြီးပေါ်ရှိ စာရွက်အပိုင်းလေးများကို ကြည့်နေသည်။ သူက အလွန်ရိုးရှင်းသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် အနက်ရောင် ပိုးခေါင်းဆောင်းတစ်ခု ရှိနေသည်။

ကြည့်လိုက်လျှင် သူ့ပုံစံက ထူးခြားပုံမရချေ။ သေချာကြည့်လိုက်မည်ဆိုလျှင်တော့ ထိုအပြာဝတ်ပညာရှင်က ကျောက်တုံးတံတား ၊ မြစ်၊ သစ်ပင်၊ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ကြည့်ရသည်မှာ သူက ဤနယ်မြေကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသလို ထင်မှတ်ရ၏။

ထိုကဲ့သို့ လရောင်ကင်းမဲ့သော ညအချိန်တွင် ရေများက တသွင်သွင်စီးဆင်းနေပြီး အစိမ်းရောင်သစ်ပင်ကြီးများကလည်း အားနည်းစွာ ရှိနေသည်။ ကျောက်တုံးတံတားကြီးက နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး မြေပြင်ကြီးကတော့ တည်ငြိမ်နေ၏။ ရေစီးသံကလွဲလျှင် အရာအားလုံးက တိတ်ဆိတ်နေသည့်အတွက် အိပ်မက်တစ်ခုထဲကို ရောက်နေသလို ခံစားနေရသည်။

လုကျန်း၏ အမူအရာက လေးနက်သွားခဲ့၏။ သူက ထိုလူငယ်၏လက်ထဲကို စိုက်ကြည့်လိုက်သည်။ သူ၏လက် (၂) ဖက်ကတော့ တောက်ပသော အလင်းရောင်အောက်တွင် လက်နောက်ပစ်ထားပုံရ၏။

ထိုပညာရှင်က ပြန်လှည့်လာသည့်အချိန်တွင် အလွန်ဆွဲဆောင်မှုရှိသော မျက်နှာလေးတစ်ခု ပေါ်လာခဲ့၏။ သူ့အသံက တည်ငြိမ်အေးချမ်းနေသည်။

"မင်းက လုကျန်းလား "

လုကျန်းက ဉာဏ်ကောင်းသည့်အတွက် ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ကျွန်တော်ပါပဲ။ ဘာကိစ္စရှိလို့လဲ…"

"ငါက ကျင်းလီကိုရှာဖို့အတွက် မေးချင်လို့ပါ။ မင်းက သူနဲ့ဝမ်အန်းမှာ နောက်ဆုံးတွေ့ခဲ့တယ်ဆိုတာ ဟုတ်ရဲ့လား…"

ထိုပညာရှင်က တည်ငြိမ်စွာ ပြောလိုက်၏။

ထိုပညာရှင်ကတော့ မုန့်ချီကလွဲလျှင် တခြားလူ မဟုတ်နိုင်တော့ပေ။ ထိုကိစ္စက ကောင်းကင်ဘိုးဘေးနှင့် ပတ်သက်နေသည့်အတွက် သူ၏အစစ်အမှန် အဆင့်အတန်းနှင့် ရှာဖွေရန် လုံးဝ မဖြစ်နိုင်ပေ။ ရံဖန်ရံခါ မျက်နှာဖုံးတပ်၍ လုပ်ဆောင်ရန် လိုအပ်၏။

ထို့ကြောင့် သူက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ အကူအညီနှင့် သူ၏ရုပ်ရည်ကို ပြောင်းလဲထားခဲ့သည်။ လုကျန်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး လုဟောင်ကို အဝေးသို့ ခဏခေါ်သွားရန် အစောင့်တစ်ယောက်ကို ခိုင်းလိုက်သည်။

ထို့နောက် သူက ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ပြောလိုက်၏။

"မိတ်ဆွေက ကျင်းမိသားစုထဲက လူတစ်ယောက်လား။ ကျင်းလီက ငါ့ရဲ့အသက်သခင် ကျေးဇူးရှင်တစ်ယောက်ပါပဲ။ လွန်ခဲ့တဲ့ (၃) နှစ်ကျော်မှာ သူက ဝမ်အန်းကို ရုတ်တရက် ရောက်လာပြီး စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ သူ့စကားက သာမန်လိုပဲလို့ ထင်မှတ်ရပေမယ့် သေချာစဉ်းစားကြည့်လိုက်တဲ့အချိန်မှာ တော်တော်လေး ထူးဆန်းနေတယ်…”

“အဲဒီနောက်မှာတော့ သူက မိုးရွာနေတဲ့ ညအချိန် ငါ့ရဲ့အိမ်ထဲကနေ ထွက်သွားခဲ့တယ်။ အဲဒီအချိန်မှာတော့ ငါလည်း သူ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှသတိမထားမိခဲ့ဘူး။ သူ့မှာ အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်စရာရှိတယ်လို့ပဲ တွေးခဲ့တာ။ သူ့မိသားစုက လူတစ်ယောက် လာမေးတဲ့ အချိန်ကျမှသာ သူပျောက်နေတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတာ တွေ့လိုက်ရတယ်။ သူ ပျောက်သွားတဲ့အချိန်မှာ သူက ဝမ်အန်းမှာ ရှိနေခဲ့တာပါပဲ…"

Translated by Hein Htet.

All Chapters