← Chapters

အခန်း (၃၈၇)

Vol. 26 Ch. 387

အခန်း (၃၈၇)

Vol. 26 Ch. 387

လုကျန်းက ရှင်းရှင်းလင်းလင်း ပြောပြနေခြင်းဖြစ်သည်။ ပထမဦးဆုံး နားထောင်နေသူက ဇဝေဇဝါ မဖြစ်စေရန်အတွက် သူသိထားသည့် အရာအားလုံးကို ပြောပြခဲ့ခြင်း ဖြစ်၏။

အပြာရောင်ဝတ်စုံ ဝတ်ထားသော သခင်လေးက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး သူ့ကို စိုက်ကြည့်လိုက်၏။ သူ့ပုံစံက ပြောပြသည့် အကြောင်းအရာများထက် ပို၍ သိချင်နေပုံရသည်။

သူက လက်နောက်ပစ်ထားသည့်အတွက် သူ့အရိပ်ကို ဖုံးကွယ်ထားသလို ဖြစ်နေ၏။ ပိန်ပိန်သွယ်သွယ် အခြေအနေကလွဲလျှင် သူရှိနေသည့် အရာအားလုံးက ပုံရိပ်ယောင် တစ်ခုသဖွယ် ထင်မှတ်ရ၏။

"သူက ဘာပြောခဲ့တာလဲ…"

မုန့်ချီ၏ အသံက တည်ငြိမ်နေသည်။

လုကျန်းက ထိုကိစ္စကို အကြိမ်ကြိမ် တွေးခဲ့ဖူးသည်။ ထို့ကြောင့် သူက စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။

"ကျင်းလီက ဝမ်အန်းကို ရောက်လာတဲ့အတွက် ငါလည်း တော်တော်လေး အံ့ဩသွားခဲ့တယ်။ ငါက မိသားစုစီးပွားရေးကို တာဝန်ယူလိုက်တဲ့ အချိန်ကတည်းကစပြီး သူတို့က ခရီးသွားရင်း အလုပ်များနေတဲ့အတွက် တစ်ခါတစ်ရံမှပဲ ငါ့ဆီကို လာလည်ကြတယ်…”

“အမှန်အတိုင်းပြောရရင်တော့ ငါက သူတို့နဲ့ မတွေ့ရတာတောင် တော်တော်လေး ကြာနေပြီ။ သူက ဘဝတလျှောက်လုံး ရန်သူတွေ ရှိနေတယ်ဆိုတာမျိုးလည်း မကြားခဲ့ဖူးဘူး။ အဲဒီနေ့မှာတော့ ငါက သူ့ကို သီးသန့် ဖိတ်ကျွေးခဲ့တယ်။ ငါတို့က မူးနေတဲ့အချိန်မှာ သူက သက်ပြင်းချပြီး ပြောခဲ့တယ်…"

‘ ငါတို့ ဒီကမ္ဘာကြီးထဲမှာ နေတဲ့အချိန် သေခြင်းတရားဆိုတာက ဘာမှမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မိသားစုဝင်တွေက သေခြင်းတရားကြောင့် ငိုကြွေးနေကြတဲ့အချိန်မှာ တခြားလူတွေကတော့ ကိုယ်သေတဲ့အတွက် သီဆိုကခုန်နေကြတယ်လေ။ ရင်းနှီးတဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေကတောင် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း မေ့ပျောက်သွားကြမှာပဲ…’

‘ ဒါပေမဲ့ အံ့ဩစရာအကောင်းဆုံး အရာကတော့ သူက သေသလား ရှင်သလား ဆိုတာ သူတို့တွေက အတည်မပြုနိုင်ကြဘူး။ သူ့ကို ရှာမတွေ့သလို သူ့အလောင်းကိုလည်း ရှာမတွေ့နိုင်ကြဘူး။ သူတို့လုပ်နိုင်တာကတော့ နေ့ရော ညပါ စိုးရိမ်နေကြတာပဲ။ သူတို့က သဲလွန်စတွေ လာရှာကြတယ်။ ပျော်ရွှင်မှု မရှိဘဲ ဝမ်းနည်းမှု ၊ စိုးရိမ်မှုနဲ့ မျှော်လင့်ချက်တွေပဲ ကျန်ရှိနေတာ..’

“အဲဒီအချိန်တုန်းကတော့ သူပြောတဲ့ စကားတွေက သိုင်းလောက စွန့်စားခန်းတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောတာလို့ တွေးခဲ့မိတယ်။ ဒါကြောင့် အဲဒီအရာနဲ့ ပတ်သက်ပြီး ငါလည်း ဘာမှမစဉ်းစားခဲ့ဘူး။ အဲဒီအချိန်ကတည်းကစပြီး သူက ပျောက်သွားခဲ့တာတော့ ကံဆိုးသွားတယ် ပြောရမယ်…”

“ပြောကြတာတော့ ကျင်းလီက မတော်တဆ အသတ်ခံရတာ မဟုတ်ဘဲနဲ့ တမင်ရည်ရွယ်ချက် ရှိရှိ ပျောက်ကွယ်သွားတာလို့ ပြောကြတယ်။ ဝမ်အန်းကို သူ ရောက်မလာခင် သူက တော်တော်လေးကို အရေးပါတဲ့ လူတစ်ယောက်ပဲ…"

“ဒါဆိုရင် သူက သဲလွန်စတွေကို ရည်ရွယ်ချက် ရှိရှိ ချန်ထားခဲ့နိုင်တာလား။ တကယ်လို့ သဲလွန်စတွေသာ မရှိဘူးဆိုရင် ဘာအကြောင်းပြချက်များ ရှိနိုင်မှာလဲ…."

မုန့်ချီက ဂရုတစိုက် နားထောင်နေခဲ့သည်။ သူ၏ဝတ်စုံက လေထဲတွင် ညင်သာစွာ လှုပ်ရှားနေပြီး အလွန်တည်ငြိမ်ခန့်ညားသော ပုံရိပ်တစ်ခု ပေါ်နေခဲ့၏။

သူက မေးလိုက်သည်။

"သူက ဘာလို့ ဝမ်အန်းကို လာခဲ့လဲဆိုတာ မေးခဲ့သေးလား…"

လုကျန်းက သက်ပြင်းချလိုက်သည်။

"သေချာပေါက် မေးခဲ့တာပေါ့။ ဒါပေမဲ့ သူက ဝမ်အန်းမှာ ဖြေရှင်းစရာကိစ္စတစ်ခု ရှိတယ်လို့ပဲ ပြောခဲ့တယ်။ ငါက သူ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပေမဲ့ အဲဒီအရာကိုတော့ တိတိကျကျ မပြောခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ဒီလိုကိစ္စမျိုးနဲ့ ငါ့ကို လှည့်စားမှာ မဟုတ်ဘူးလို့ တွေးထားတဲ့အတွက် ငါလည်း ဘာမှ သံသယ မဝင်ခဲ့ဘူး…”

“ဒါကြောင့် ဘာတွေဖြစ်နေလဲဆိုတာကိုပဲ သူ့ကို မေးခဲ့တယ်။ ဒါပေမဲ့ သူက ဝိုးတဝါး အဖြေကိုပဲ ပြန်ပေးခဲ့တယ်။ အဲဒီကိစ္စက အရေးမကြီးတဲ့အတွက် ဘာမှစိုးရိမ်မနေဖို့ပဲ သူက ပြောခဲ့တယ်။ အဲဒီနောက်မှာတော့ သူက ခေါင်းစဉ်ပြောင်းခဲ့တာပဲ။ ဒီကိစ္စက ကျင်းလီအတွက် သေချာပေါက် အရေးပါနိုင်တယ်။ ဒါပေမဲ့ သူက တခြားလူတွေကို မသိစေချင်ဘူး…"

မုန့်ချီက အတွေးနှင့် ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီအချိန်တုန်းက ကျင်းလီရဲ့ အမူအရာကိုရော သတိထားမိသေးလား။ သူက စိုးရိမ်မှုတွေ ပြည့်နေတာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတာလား၊ တွေဝေနေတာလား…"

"တကယ်လို့ သူ့ပုံစံက ထူးဆန်းနေမယ်ဆိုရင် ငါက သတိထားမိမှာပဲလေ…"

လုကျန်းက မချိပြုံး ပြုံး၍ ပြောလိုက်သည်။

သူက ထပ်ပြောလိုက်၏။

"အရင်တုန်းကတော့ တစ်ခုခု ထူးခြားတာရှိရင် သူက အဲဒီအရာကို ပြောပြတတ်တယ်။ ကျင်းလီက ကောလာဟလတွေကို လုံးဝဂရုမစိုက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်တယ်။ သူက သိုင်းပညာတိုးတက်ဖို့ပဲ အာရုံစိုက်တယ်။ ဒါပေမဲ့ သူက သိုင်းလောကမှာ နာမည်ကျော် စုံတွဲတွေကို အားကျနေလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။ ဒါကြောင့် ငါက သူ့ကို ရယ်ခဲ့ပြီး သူက မိန်းကလေးတွေနဲ့ ချစ်ကြိုက်သင့်ကြောင်း အကြံပေးခဲ့တယ်…"

အကယ်၍ ရင်းနှီးသော မိတ်ဆွေများဆိုလျှင် လုကျန်းကဲ့သို့ တူညီစွာ လုပ်ဆောင်ကြမည်သာ ဖြစ်သည်။

"သူက တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ထားတာလား။ ပြီးတော့ သူအသက်ရှင်နေကြောင်းကို တခြားလူ မသိနိုင်တဲ့ နေရာမျိုးမှာ ပုန်းရှောင်နေတာများဖြစ်မလား…"

မုန့်ချီ၏ နောက်ဘက်တွင် ရှိနေသော ရေများက ဖြည်းညင်းစွာ စီးဆင်းနေသည်။ ရေက ခမ်းခြောက်နေပြီ ဖြစ်သည့်အတွက် မြစ်အောက်ခြေတွင် ဧရာမကျောက်တုံးကြီး အများအပြား ပေါ်လာခဲ့၏။

"ဒါမှမဟုတ် သူက မချစ်သင့်တဲ့ မိန်းကလေးတစ်ယောက်နှင့် ချစ်မိသွားပြီး ပြဿနာထဲမှာ ပိတ်မိသွားတာလား…"

"ကျင်းလီ ပျောက်ကွယ်သွားတဲ့ကိစ္စက သူ့ရဲ့ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်နေနိုင်တယ်။ သူ ပျောက်ကွယ်သွားတဲ့အချိန် ဝမ်အန်းမြို့ထဲမှာ ဖြစ်ခဲ့တဲ့ အရာတွေကို ကျေးဇူးပြုပြီး အစ်ကိုလုက စုံစမ်းပေးလို့ ရနိုင်မလား…"

မုန့်ချီက သူ့ကို အစ်ကိုလုဟု ခေါ်ကြောင်း ကြားလိုက်ရသည့်အချိန်တွင် လုကျန်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက အပြာဝတ် လူငယ်လေးကို အနည်းငယ် ဂရုတစိုက် စိုက်ကြည့်နေသော်လည်း မုန့်ချီက မည်မျှအသက်အရွယ်ရှိကြောင်း ပြောရန် ခက်ခဲနေသည်။

သူ့ပုံစံက အလွန်ရှေးကျပြီး တည်ငြိမ်ခန့်ညားသော အမူအရာမျိုး ရှိပြီး နှစ်ပေါင်းများစွာ နာမည်ကျော်ကြားနေသော ပညာရှင်တစ်ယောက်၏ ရင့်ကျက်တည်ငြိမ်မှုမျိုး ရှိသည်။ သို့သော် သူ့မျက်နှာကတော့ အတော်လေးကို ငယ်ရွယ်နေပုံရ၏။

"ငါလည်း ကျင်းလီအတွက် တတ်နိုင်သမျှ ကူညီပေးပါ့မယ်…"

နယ်မြေသခင်များထဲမှ သခင်တစ်ယောက်ဖြစ်သည့်အတွက် လုကျန်းက ထိုအရာမျိုးကို ရှာဖွေစုံစမ်းရန် ပို၍ သင့်တော်လှသည်။

"ဪ … ငါက မင်းကို နာမည်ဘယ်လိုခေါ်ရမလဲ။ ငါက မင်းကို ဒီရလဒ် ဘယ်လိုသတင်းပို့ရမလဲ…"

"အဲဒါက လွယ်ပါတယ်။ တံခါးဝမှာ မီးပန်း ချထားလိုက်ပါ။ ကျုပ်က အစ်ကိုလုကို လာတွေ့ပါ့မယ်…"

မုန့်ချီက အလွန်လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။

သူ ပြောလိုက်ပြီးနောက် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကမ်းစပ်‌တွင် ရှိနေသော သစ်တောကြီးအနားတွင် ရပ်နေခဲ့သည်။ သူက စီးဆင်းနေသော ရေများကို စိုက်ကြည့်နေပြီး လုကျန်းကို ထွက်သွား၍ ရပြီဟု ညွှန်ပြနေ၏။

လုကျန်းက ပညာရှင်တစ်ယောက်၏ စိတ်အခြေအနေကို နားလည်နေသည့်အတွက် နောက်ထပ် မမေးခဲ့ပေ။ သူတို့က သူတို့နှင့်ပတ်သက်ပြီး အသေးစိတ် အခြေအနေများကို တခြားလူများ မေးမြန်းခြင်းကို မကြိုက်ကြပေ။

ထို့ကြောင့် သူက လုဟောင်တို့ကို ပြန်လာရန် ပြောလိုက်ပြီး ကျောက်တုံး တံတားဆီမှ ထွက်ခွာသွားခဲ့၏။ တံတားကို ဖြတ်ကျော်လာပြီးနောက် သူက ပြန်လှည့်ကြည့်လိုက်ရာ အပြာဝတ်လူငယ်က ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူနှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မခံစားမိချေ။

"ကျင်းမိသားစုက သူ့ကို ရှာဖို့အတွက် ဒီလိုပညာရှင်တစ်ယောက်ကို လွှတ်တာက တော်တော်လေး ထူးဆန်းနေတယ်။ ကျင်းလီ ပျောက်မသွားခင်မှာ သူက လူတိုင်း မော့ကြည့်ရမယ့် အဖြစ်မျိုးကို လိုချင်ခဲ့တာ။ ဒါပေမဲ့ လုံးဝ မကျေနပ်ခဲ့ဘူး။ သူက တံခါး (၉)ပေါက် ပွင့်သွားပြီးမှသာ လေးစားမှုကို ရခဲ့ပြီး သူလိုချင်နေတဲ့ ပန်းတိုင်ကို ဖြည်းဖြည်းချင်း ရောက်လာခဲ့တာ။ ကံကြမ္မာကြီးက လူတွေကို အရူးလုပ်နေတာပဲ။ သူပျောက်ပြီးသွားတဲ့ အချိန်ကျမှာပဲ ကျင်းမိသားစုက သူ့ကို တန်ဖိုးထားနေတယ်.."

လုကျန်းက ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

…………

ကမ်းစပ်အနားတွင် ရှိနေသော သစ်တောထဲရှိ မြေပြင်ကြီးပေါ်တွင် သစ်ရွက်ခြောက်များ ကျနေသည်။ ခြေလှမ်း အနည်းငယ်လှမ်းလိုက်ရုံနှင့် မုန့်ချီက သစ်ပင်ကြီး၏ အနောက်ကို ရောက်သွားခဲ့၏။

ထိုနေရာတွင် အစိမ်းရောင်အဝတ်နှင့် ထုတ်ထားသော ဗူးတစ်ခု ရှိနေပြီး ထိုအထဲတွင် ကောင်းကင်ပြစ်ဒဏ်ဓားကို သိမ်းဆည်းထားခဲ့သည်။ သူ၏ ရေလှိုင်းမီးတောက်ဓားကတော့ နဂါးကြေးခွံများနှင့် ထုဆစ်ထားသည့်အတွက် ဓားပျော့တစ်ချောင်းဖြစ်သည်။

သူက ထိုအရာကို ခါးတွင် ခါးပတ်တစ်ခုသဖွယ် ပတ်ထားနိုင်သော်လည်း ကောင်းကင်ပြစ်ဒဏ်ဓားကတော့ ကွဲပြားသည်။ သူက ထိုအရာကို ရေလှိုင်းမီးတောက်ဓားကဲ့သို့ ဖြေရှင်း၍ မရနိုင်ပေ။

သူက နောက်ကျောတွင် သယ်ဆောင်ခြင်း သို့မဟုတ် အလွန်ကြီးမားသော အထုတ်ကြီး တစ်ထုတ်ထဲတွင် ဖုံးကွယ်ထားပြီး သယ်ဆောင်သွားရပါလိမ့်မည်။ မဟုတ်လျှင် အလွန်ထူးခြားသော အခြေအနေကြောင့် ရုပ်ဖျက်ထားခြင်းက ပျက်စီးသွားနိုင်ပြီး သူ့ကို အလွယ်တကူ မှတ်မိသွားနိုင်၏။

အလွန်လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်တစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် သူက လုကျန်းကို သွားတွေ့သည့် အချိန်တွင် သူ့နောက်ကျော၌ အထုတ်ကြီးတစ်ခု သယ်ထားခြင်းက မသင့်တော်လှပေ။

ထို့ကြောင့် သူက သူ၏စိတ်ဝိညာဉ် စွမ်းအားနှင့် စစ်ဆေးနိုင်သော သစ်တောထဲတွင် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ သူက ထိုနေရာတွင် လက်နောက်ပစ်နေပြီး ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ဖြစ်နေခဲ့၏။

နောက်ကျောတွင် အထုတ်ကို သယ်လိုက်ပြီး သူက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို သုံးလိုက်ရာ သူ၏အငွေ့အသက်များက နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ သူက စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော်လည်း ယခင်တုန်းက ပုံစံနှင့် အတော်လေးကို ကွဲပြားသွားခဲ့၏။

ယခု သူ့ပုံစံက စာပေလိုက်စားသော လူငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူက သစ်တော၏ အပြင်ဘက်သို့ အေးအေးဆေးဆေး ထွက်လာခဲ့၏။

ညက အတော်လေး နောက်ကျနေပြီဖြစ်သည်။ မုန့်ချီက ဝမ်အန်းတွင် ရှိနေသော အုတ်ဂူကြီးတစ်လုံးဆီသို့ လျှောက်သွားပြီး အနီရောင်ပုလဲလုံး တစ်လုံးကို ထုတ်လိုက်သည်။

ထိုပုလဲလုံးကတော့ ယွင်ကျုံးကျိ ဖန်တီးထားခြင်းဖြစ်၏။ ထိုအရာက ကျင်းမိသားစု၏ သွေးနှင့် ဖန်တီးထားခြင်းဖြစ်ပြီး ထိုအရာက မိုင် (၃၀၀) အတွင်း ရှိနေသော မျိုးရိုးတူ အလောင်း၏ သွေးကို ခံစားမိလျှင် လှုပ်ရှားလာနိုင်သည်။

သူက ဤနေရာသို့ ရောက်မလာနိုင်ချေ။ ထို့ကြောင့် ထိုပုလဲလုံး (၃)လုံးကို ပေးလိုက်ခြင်းဖြစ်ပြီး အင်မော်တယ်တာဝန်ထဲတွင် အသေးစိတ် ပြောပြခဲ့ခြင်းဖြစ်သည်။

မုန့်ချီကတော့ ထိုပုလဲလုံး၏အကူအညီနှင့် အုတ်ဂူထဲတွင် ကျင်းလီ၏ အလောင်း ရှိ မရှိ သိချင်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူ အသတ်ခံလိုက်ရသည် ဆိုလျှင်ပင် အသင့်တော်ဆုံး နေရာကတော့ သူ့ အလောင်းကို ဖုံးကွယ်ထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့်တော့ ဖုံးကွယ်ခံထားရသော အလောင်းများက ချုံပုတ်များ အောက်တွင် ရှိနေပြီး အတော်များများတော့ အမှောင်ထဲတွင် တွင်းတူး၍ မြှုပ်နှံထားတတ်ကြသည်။ မည်သူကမျှ အကြောင်းပြချက် မရှိဘဲ သူတို့ကို စုံစမ်းကြလိမ့်မည် မဟုတ်ပေ။

မုန့်ချီက သူ၏အသက်ရှူနှုန်းကို ထိန်းသိမ်းလိုက်ပြီး သွေးပုလဲလုံးကို ဖျက်ဆီးလိုက်သည်။ အနီရောင်အလင်းတန်းတစ်ခုက ပတ်ပတ်လည်သို့ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး အနီရောင်အုတ်ဂူကြီး တစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။ ထို့ကြောင့် အုတ်ဂူကြီးက ပို၍ ကြောက်စရာကောင်းနေခဲ့၏။

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က မီးရှူးမီးပန်းများ ထုတ်လွှတ်လိုက်သည့်အလား အဝေးတွင် အနီရောင် အလင်းတန်း တစ်ခု တောက်ပလာသည်။

“ကျင်းလီရဲ့အလောင်းက တကယ်ပဲ ဒီနေရာမှာ ရှိနေတာလား…”

မုန့်ချီက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူက ထိုအရာကို အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူက လှုပ်ရှားလိုက်သည့်အချိန်တွင် ခြေထောက်အောက်တွင် ဓားပျံစီးလိုက်ရသလို ထင်မှတ်ရ၏။ သူက အလင်းတန်း ထွက်ပေါ်လာသော နေရာသို့ ပြေးသွားခဲ့ပြီး လမ်းတလျှောက်တွင် သွေးများ ပေါ်နေခဲ့သည်။

ဤနေရာတွင် သစ်ရွက်များကလည်း အတော်လေးကို စိမ်းလန်းစိုပြေနေခဲ့၏။ ထိုအောက်တွင် အလောင်းတချို့ကို မြှုပ်နှံထားသည်မှာ သိသာနေသည်။ မုန့်ချီက ညာဘက်လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ သစ်ရွက်များက အဝေးကို ပျံ့နှံ့ ပျောက်ကွယ်သွားခဲ့ပြီး ဖုန်မှုန့်များက ပျောက်ကွယ်သွား၏။

အပေါ်ယံ မြေလွှာကတော့ အလွန်တိမ်သည် ။ လက်ဝါးနှင့် တစ်ချက်ရိုက်လိုက်ပြီးနောက် မုန့်ချီက အောက်ဘက်တွင် သေနေသော အလောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုအလောင်းကတော့ အဖြူရောင် အရိုးများအဖြစ်ပင် ပြောင်းလဲနေပြီဖြစ်၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် ပုပ်ပွနေသော အဝတ်အစားများ လုံးဝမရှိဘဲ အရိုးများလည်း မရှိချေ။ အနည်းငယ်သာ ကျန်နေခဲ့၏။ အဖြူရောင်အရိုးများက ဖုန်များပြည့်နှက်နေပြီး သွေးရောင်အလင်းတန်းများ ထွက်ပေါ်နေသည့်အတွက် ပိုင်ရှင်၏ အဆင့်အတန်းကို ညွှန်ပြနေသည်။

ကြည့်လိုက်မည်ဆိုလျှင် ထိုရွှံ့များနှင့် အဖြူရောင်အရိုးများဆီမှ သဲလွန်စများ ရှာတွေ့နိုင်မည် မဟုတ်ချေ။ ကြည့်ရသည်မှာ သူကတော့ ထိပ်တန်းမှော်ဆရာ တစ်ယောက်ကို အကူအညီတောင်းရန် လိုအပ်နေပုံရသည်။

သို့သော် ကျင်းလီက သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ သူ၏ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားနိုင်သည့်အတွက် မှော်ဆရာတစ်ယောက်ကို အကူအညီတောင်းရန် မဖြစ်နိုင်တော့ပေ။

"ထွက်လာခဲ့စမ်း … "

မုန့်ချီက ရုတ်တရက် ပြောလိုက်၏။ သူ့အသံက အမှောင်ထဲထိ ပျံ့နှံ့သွားခဲ့ပြီး တိတ်ဆိတ်နေသောအချိန်တွင် ခွေးဟောင်သံများကိုလည်း ကြားနေရသည်။

ညောင်ပင်ကြီးတစ်ပင်၏ နောက်မှနေ၍ လူတစ်ယောက် ထွက်လာခဲ့၏။ သူ့ခေါင်းပေါ်တွင် စုတ်ပြတ်နေသော ဦးထုပ်တစ်ခုကို ဆောင်းထားသည်။ သူ့ဆီမှ ညှီစို့စို့ ရနံ့များကလည်း မုန့်ချီ၏ နှာခေါင်းထဲသို့ ဝင်လာခဲ့၏။

သူကတော့ ဤနေရာသို့ ရောက်လာသော အလောင်းများဆီမှ ပစ္စည်းများကို ကောက်ယူခဲ့သည့် သူတောင်းစားတစ်ယောက် ဖြစ်သည်။

"ဆ … ဆရာကြီး …ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ဒီနေရာမှာ အနီရောင်အလင်းတန်း ပေါ်လာလို့ ဘာဖြစ်လဲသိချင်လို့ ရောက်လာတာပါ.."

သူတောင်းစားက အလျင်အမြန် ရှင်းပြလိုက်သည်။

သူ၏ မျက်နှာက မည်းမှောင်နေပြီး အညစ်အကြေးများ ပြည့်နှက်နေ၏။ သူက အသက်အရွယ် မည်မျှရှိကြောင်း ပြောပြရန် ခက်ခဲနေသည်။ သို့သော် သိုင်းပညာ မတတ်သော သူ့အခြေအနေကိုကြည့်၍ အနည်းဆုံး အသက် (၄၀)ကျော်ပြီဖြစ်ကြောင်း သိနိုင်သည်။

လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို လေ့ကျင့်ထားသော မုန့်ချီက တခြားလူများ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်သည်။ အထူးသဖြင့် တစ်ဖက်လူ၏ အစွမ်းက သူ့ထက် အဆပေါင်းများစွာ နိမ့်ကျနေသည့် အခြေအနေမျိုးတွင် သူက တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက်စစ်ဆေးကြည့်နိုင်၏။

သူက သူတောင်းစား၏ ထူးဆန်းသော ခံစားချက်များကို သိနေသည့်အတွက် လေးနက်စွာ မေးလိုက်သည်။

"ငါ ဘာမှမပြောရသေးခင် မင်းက ဘာလို့ အသက်ကို ချမ်းသာပေးဖို့ ပြောနေရတာလဲ။ ဒီကိစ္စက မင်းနဲ့ ပတ်သက်လို့လား ဒါမှမဟုတ် မင်းက မကောင်းတဲ့ အလုပ်တစ်ခုခု လုပ်ထားခဲ့လို့လား…"

"ဆရာကြီးလို သိုင်းလောက သူရဲကောင်းတွေက သူတို့ကို ခိုးကြည့်တာမျိုး မကြိုက်ဘူး မဟုတ်လား။ ဒါကြောင့် ကျွန်တော့်ကို အသက်ချမ်းသာပေးဖို့ ပြောတာပါ…"

သူတောင်းစားက ရှင်းပြလိုက်သည်။

မုန့်ချီက အေးစက်စွာ ပြောလိုက်၏။

"ငါက အလိမ်ခံရတာကို ပိုပြီးတော့ မုန်းတယ်…"

အလွန်ထက်မြက်သော မုန့်ချီ၏ မျက်လုံးများက သူတောင်းစား၏ စိတ်ထဲကို ထိုးဖောက်သွားသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။

သူက ချက်ချင်းပင် ဒူးထောက်ပြီး တောင်းပန်လိုက်၏။

"ဆရာကြီး …

ကျေးဇူးပြုပြီး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်က မကောင်းတာ ဘာမှမလုပ်ခဲ့ပါဘူး။ အလင်းတန်းကို မြင်လိုက်ရတဲ့အချိန် ဒီနေရာမှာ အလောင်းရှိတာ သိတဲ့ ကျွန်တော်က အမြန်ရောက်လာခဲ့တာပါ…"

"ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကိုရော မင်း သိလား … "

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

သူတောင်းစားက လျင်မြန်စွာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ … သိပါတယ်။ ကျွန်တော်က ဒီအုတ်ဂူကြီးထဲမှာ အဝတ်အစားတွေ စားစရာတွေနဲ့ လဲဖို့ အဖိုးတန် ပစ္စည်းတွေကို အမြဲတမ်းလိုက်ရှာနေပါတယ်။ ဒါကြောင့် အလောင်းအသစ်တစ်ခု ရောက်လာတဲ့ အချိန်တိုင်း ထိပ်တန်းပညာရှင်တစ်ယောက် မဟုတ်ဘူးဆိုရင် ကျွန်တော်က သွားပြီးတော့ ကြည့်တတ်တယ်…”

“အဲဒီညမှာတော့ ကျွန်တော်က အရမ်းဗိုက်ဆာနေတဲ့အတွက် လမ်းဘေး ခွေးတစ်ကောင်ကို လိုက်သတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ချန်းမိသားစုက အစေခံ နှစ်ယောက်က အလောင်းတစ်လောင်းကို တိတ်တဆိတ် သယ်လာပြီး ဒီနေရာမှာ တွင်းတူးပြီး မြှုပ်သွားတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်ကတည်းကစပြီး ဒီအလောင်းကို လမ်းဘေးခွေးတွေက ကိုက်ခဲ့တဲ့အတွက် အခုဆိုရင် အရိုးနည်းနည်းပဲ ကျန်တော့တယ်…"

"ချန်းမိသားစု … ဟုတ်လား "

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။

သူတောင်းစားက ချက်ချင်း ပြန်ဖြေလိုက်၏။

"ချန်းချန်းကန်းက ချန်းမိသားစုရဲ့ အရှင်သခင်ပါ…"

“ဘယ်လိုဖြစ်ပြီး သူတို့ဖြစ်ရတာလဲ…”

မုန့်ချီက ဇဝေဇဝါဖြစ်နေခဲ့သည်။

“ချန်းချန်းကန်းက ဒီအနား ပတ်ချာလည်မှာ နာမည်ကျော် ပညာရှင်တစ်ယောက်ပဲ။ သူက သိုင်းလောက သူရဲကောင်း တစ်ယောက်ဆိုတာထက် နယ်မြေသခင် တစ်ယောက်နဲ့ ပိုပြီးတူတယ်။ သူတို့မိသားစုရဲ့ ထိပ်တန်းသိုင်းပညာက တံခါး (၉)ပေါက် အဆင့် မရှိဘူး။ သူတို့က ကျင်းလီကို ဘယ်လိုများ သတ်ပစ်နိုင်မှာလဲ …”

………………

ချန်းမိသားစုထဲတွင် …

ချန်းချန်းကန်းက သူ၏အစောင့်များနှင့်အတူ သူ အချစ်ရဆုံး ကိုယ်လုပ်တော်၏ အခန်းသို့ သွားနေခဲ့သည်။

တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် သူက ချက်ချင်း မျက်နှာပျက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုန်းတော်ကြီး အဝတ်အစား ဝတ်ပြီး မျက်နှာဖုံး တပ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်က စားပွဲတွင် ထိုင်နေသည်။

သူ၏ မျက်နှာဖုံးကတော့ ကောင်းကင်ဘိုးဘေး မျက်နှာဖုံး ဖြစ်၏။ သူက အလွန်နက်ရှိုင်းသော မျက်လုံးများနှင့် ချန်းချန်းကန်းကို စိုက်ကြည့်နေခဲ့သည်။

Translated by Hein Htet

All Chapters