အခန်း (၃၈၈)
Vol. 26 Ch. 388
"လာခဲ့ကြစမ်း…"
ချန်းချန်းကန်က ကျယ်လောင်စွာ အော်ခေါ်လိုက်ပြီး စဉ်းစားမနေဘဲ စတင် တိုက်ခိုက်လိုက်သည်။ သူက ပါးကွ (၈) ကွက်ဝင်္ကပါကို အသုံးပြုလိုက်ပြီး လက်ဖဝါး (၂) ဖက်ထဲသို့ အားထည့်၍ တွန်းချလိုက်၏။ ပြောင်းလဲနေသော လက်ဝါးအရိပ်များက ကောင်းကင်ကြီးကို လွှမ်းခြုံထားသော ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
ထိုအချိန်တွင် သူနှင့်မျက်နှာချင်းဆိုင်၌ ရှိနေသော ကောင်းကင်ဘိုးဘေးက ညာလက်ကို ရိုးရှင်းစွာ မြှောက်လိုက်ကြောင်း မြင်လိုက်ရ၏။ သူ၏အရှိန်အဝါက အလွန်ကြီးမားပြီး အစွမ်းထက်သည်။ သူက ရှေးအချိန်ကတည်းက ရှိနေသူ တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
သူ၏လက်ချောင်းလေးများကလည်း ဖြူဖွေးပြီး သေးသွယ်လှသည်။ သူ၏လှုပ်ရှားမှုက ရိုးရှင်းပြီး ရှေးရိုးဆန်သော်လည်း ကမ္ဘာမြေကြီး၏ နိယာမများနှင့် အတော်လေးကို နီးစပ်နေခဲ့၏။ လေစီးကြောင်းများက လှုပ်ရှားသွားပြီး အရာအားလုံးက ထိုလက်ဖဝါးဆီသို့ ရောက်သွားခဲ့သည့်အတွက် များပြားလွန်းလှသော လက်ဝါးအရိပ် (၂) ခု ဖြစ်ပေါ်လာပြီး သာမန်လက်ဝါး (၂) ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဗုန်း…."
ကောင်းကင်ဘိုးဘေး၏ ညာလက်က ချန်းချန်းကန်၏ လက်ဝါးအလယ်တည့်တည့်ကို တိုက်ခိုက်မိလိုက်သည်။ သူ့လက် (၂) ဖက်က ထုံကျင်သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကလည်း မထင်မှတ်ဘဲ ရှေ့ရောက်သွားခဲ့သည်။
သူက ရှေ့ကို ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရပြီး လမ်းတလျှောက်တွင် ရှိနေသော ထိုင်ခုံကို တိုက်မိ၍ မြေပေါ်သို့ လဲကျသွားခဲ့၏။ သူက မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကောင်းကင်ဘိုးဘေးကို စိုက်ကြည့်နေမိသည်။
"ဒကာကြီးချန်း…
ကိုယ့်ကိုယ်ကိုယ် နားလည်တာ ပိုပြီးကောင်းတယ်မဟုတ်လား…"
မုန့်ချီက လေးနက်စွာ မေးလိုက်သည်။
ချန်းချန်းကန်၏ နဖူးပေါ်မှနေ၍ ချွေးများ စီးကျလာခဲ့၏။ ကောင်းကင်ဘိုးဘေး၏ အစွမ်းကို မြင်လိုက်ရသည့်အခါ သူက အစောင့်များကိုလှည့်ကြည့်ပြီး ပြောလိုက်၏။
"အပြင်ဘက်ကနေ တခြားလူတွေ ဝင်မလာအောင် သွားပြီး စောင့်နေလိုက်…"
သူပြောသည့် တခြားလူများဟူသည်မှာ သူ့အမိန့်ကြောင့် အကူအညီပေးရန် ရောက်လာသော ပညာရှင်များကို ဆိုလိုခြင်းဖြစ်သည်။ အမိန့်ပေးလိုက်ပြီးနောက် သူက မေးလိုက်၏။
"တာအိုသခင် …
ဒီကိုရောက်လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြနိုင်မလား…"
"မင်းက လွန်ခဲ့တဲ့ (၃) နှစ်လောက်မှာ အလောင်းတစ်ခုကို မြှုပ်ဖို့အတွက် အစေခံတွေ လွှတ်ခဲ့လား …"
မုန့်ချီက တည့်တည့်သာ မေးလိုက်သည်။
"အဲဒီအချိန်ပဲ…"
ချန်းချန်းကန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက သာမန်မဟုတ်သော အရာတစ်ခုကို ခံစားမိခဲ့၏။ ထို့နောက် သူက မချိပြုံး ပြုံးလိုက်မိသည်။
"ဟုတ်တယ် ။ ကျွန်တော်က အဲဒီအရာကြောင့် နှစ်ပေါင်းများစွာ မသက်မသာခံစားနေရတာ။ ဒီနေ့တော့ စိတ်သက်သာရာ ရသွားခဲ့ပြီ…"
"မင်းက သူ့ကို သတ်ပစ်လိုက်တာလား…"
မုန့်ချီက ချန်းချန်းကန်၏ လှုပ်ရှားမှုများကို စစ်ဆေးရန် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို သုံးလိုက်သည်။
"အဲဒီညမှာ ကျွန်တော်က ရုတ်တရက် ပြည့်တန်ဆာအိမ်ကို သွားချင်ခဲ့တယ်။ ကျွန်တော် အခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် မြေပေါ်မှာ လူတစ်ယောက် လဲကျနေတာကို တွေ့လိုက်ရတာပဲ။ မီးအိမ်နဲ့ သေချာစစ်ဆေးကြည့်လိုက်တဲ့အခါ သူက သေနေပြီဆိုတာကို သိလိုက်ရတယ်။ သူ့ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အစိမ်းရောင်သန်းနေပြီ…”
“သူက သေသွားတာ (၂) နာရီလောက် ရှိနေတာပဲ ဖြစ်မယ်။ သူ့ရဲ့အသွေးအသားတွေမှာ ဘာဒဏ်ရာမှ မရှိသလို မကောင်းဆိုးဝါးတွေ လုပ်ဆောင်ထားတဲ့ လက္ခဏာမျိုးလည်း မရှိဘူး။ သူ့ဘေးမှာရှိတဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေကလည်း ကျွန်တော့်အိမ်ကို ရောက်လာပြီး သေမဲ့အချိန်ကို စောင့်နေတဲ့အလား သပ်ရပ်သန့်ရှင်းနေတယ်။ အဲဒါက တော်တော်လေးကို ထူးဆန်းတယ်…”
“ကျွန်တော်က ဓားစာခံဖြစ်ပြီး ပြဿနာတက်မှာ ကြောက်တဲ့အတွက် အဲဒီကိစ္စကို ယပ်တောင် (၆) လက်ကျောင်းဆီ သတင်းမပို့ခဲ့ဘူး။ အစေခံတွေကို ခိုင်းပြီး သူ့ရဲ့အဝတ်အစားတွေနဲ့ ဖိနပ်ကို မီးရှို့ခိုင်းလိုက်တယ်။ ပြီးတော့ သူ့ကို မြေမြှုပ်ခိုင်းလိုက်တယ်…”
“အဲဒီအချိန်ကတည်းကစပြီး အဲဒီအရာကြောင့် ကျွန်တော်က ညကြီးသန်းခေါင် မကြာခဏ လန့်နိုးတတ်တယ်။ အဲဒီပြဿနာက ကျွန်တော့်ဆီကို အနှေးနဲ့အမြန်ရောက်လာမှာကိုလည်း ကြောက်လန့်နေခဲ့တယ်…"
ချန်းချန်းကန်က အနည်းငယ် မကျေမနပ် ဖြစ်နေသလို အနည်းငယ်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ သူကတော့ ထိုပြဿနာကို ရင်ဆိုင်နေရပုံပေါ်၏။
"အဲဒီအချိန်တုန်းက ထူးခြားတဲ့ ခြေရာလက်ရာတွေ၊ ပစ္စည်းတွေကို သတိထားမိခဲ့လား.."
သူပြောပြခဲ့သည့် အချက်အလက်များနှင့် သူ၏ခံစားချက်များအရ ချန်းချန်းကန်က လိမ်ညာနေခြင်း မဟုတ်ကြောင်း မုန့်ချီက သိနေသည်။ ထို့ကြောင့် သူက သဲလွန်စများအကြောင်းပြန်လှည့်မေးလိုက်ခြင်း ဖြစ်၏။
အကယ်၍ သူက သရုပ်ဆောင်တစ်ယောက်ဆိုလျှင်တော့ တခြားအဖြေတစ်ခု ဖြစ်သွားနိုင်သည်။ မည်သို့ဖြစ်စေကာမူ သူ့မိသားစုလည်း ရှိနေသည့်အတွက် သူ ထွက်ပြေး၍ မရနိုင်ပေ။
"မတွေ့မိဘူး…"
ချန်းချန်းကန်က ထိုအရာကို အကြိမ်ပေါင်းများစွာ စဉ်းစားကြည့်လိုက်သော်လည်း အဖြေထွက်မလာခဲ့ပေ။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး တခြားအသေးစိတ်အရာများကို မေးလိုက်၏။ သူ့အတွက် ဇဝေဇဝါ အဖြစ်ရဆုံးမှာ ဘာကြောင့် ကျင်းလီ၏အလောင်းက ချန်းချန်းကန်၏ အိမ်အပြင်ဘက်တွင် ပေါ်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ့ကို တခြားနေရာတစ်ခုတွင် ခြေရာလက်ရာမရှိ မြှုပ်ပစ်ရန် လွယ်ကူနိုင်သည်။
"ဒကာကြီးချန်းမှာ ရန်သူတွေ ဘာတွေရောရှိလား…."
ထိုအရာက လက်ရှိအချိန်တွင် သူ စဉ်းစားနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သည်။
သူ့ဆီတွင် အမှန်တကယ် ရန်သူတစ်ယောက် ရှိနေမည်ဟု ချန်းချန်းကန်ကလည်း သံသယဝင်နေခဲ့၏။ သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။
"နယ်မြေတွေ၊ ရေအရင်းအမြစ်တွေကြောင့် ကျွန်အေနီးအနားမှာရှိတဲ့ မိသားစုတွေ၊ ဂိုဏ်းတွေနဲ့ မသင့်မြတ်တာကြာပြီ။ သူတို့တွေကတော့ ဆန်းမိသားစု၊ ကျားမိသားစု ၊ ရန်ကျိမြစ်ဘယ်ဘက်ခြမ်းနယ်မြေက ဂိုဏ်းတွေနဲ့ ကောင်းကင်ကံကြမ္မာကျောင်းဆောင်တို့ပါပဲ။ ပြီးတော့ ရှန်းမိသားစုကလည်း ကျွန်တော့်ကို အရမ်းမုန်းတီးနေတာ။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့ရဲ့လှေဆိပ်တွေကို ယူထားခဲ့လို့ပဲ။ အဲဒီအရာတွေအားလုံးက အလောင်းပေါ်မလာခင် ဖြစ်ခဲ့တာ…"
မုန့်ချီက ထိုမိသားစုများနှင့် ဂိုဏ်းများကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။ မေးခွန်းအနည်းငယ် မေးလိုက်ပြီးနောက် သူက ဖြည်းညင်းစွာ မတ်တတ်ရပ်ပြီး ပြောလိုက်၏။
"ဒကာကြီးချန်း အဲဒီအရာတွေပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်…"
"သေဆုံးသွားတဲ့သူက ဘယ်သူများလဲ…"
ချန်းချန်းကန်က မနေနိုင်ဘဲ မေးလိုက်မိသည်။
မုန့်ချီက တံခါးပေါ်သို့ လက်တင်ပြီး ရယ်လိုက်၏။
"ဒကာကြီးက မသိတာ ပိုကောင်းပါတယ်…"
ထိုစကားကို ပြောလိုက်ပြီးနောက် သူက တံခါးကို ဖွင့်လိုက်ပြီး ရုတ်တရက် ဝေဝါးသွားခဲ့၏။ သူက ပျောက်ကွယ်သွားခြင်း မရှိဘဲ သူ့နေရာတွင် အရိပ်တစ်ခုကဲ့သို့ ကျန်နေခဲ့ခြင်း ဖြစ်သည်။
တံခါးအပြင်ဘက်တွင် ရှိနေသော ချန်းမိသားစုမှ ပညာရှင်များကတော့ ဘာမှမလုပ်နိုင်သေးခင် ရန်သူက ခြေရာပျောက်သွားခဲ့၏။ တံခါး (၂) ဖက်ကသာ လေထဲတွင် ပွင့်ကျန်ခဲ့သည်။
"ဒီဆရာကြီးက ဘယ်သူများလဲ…"
ချန်းချန်းကန်က သက်ပြင်းချလိုက်မိသည်။
…………
နယ်မြေသခင်များထဲမှ တစ်ယောက်ဖြစ်သည့်အတွက် လုကျန်း၏ စွမ်းဆောင်ရည်က အလွန်မြင့်မားသည်။ ဒုတိယနေ့ ညနေမရောက်ခင် ကျင်းလီ ပျောက်ကွယ်သွားပြီးနောက် ဖြစ်ပေါ်လာခဲ့သော ချစ်မှုရေးရာ ပြဿနာများကို ရှာတွေ့ခဲ့သည်။
သူတို့အားလုံးက အဖြစ်အပျက်ကြီးများဖြစ်ပြီး မိသားစုကြီးများ နာမည်ကျော်ဂိုဏ်းများနှင့် ပတ်သက်နေသည်။ မဟုတ်လျှင် သူက လွန်ခဲ့သော (၃)နှစ်ကျော်တွင် ဖြစ်ခဲ့သော သာမန်လူများ၏ အချစ်ရေးရာနှင့် လက်ထပ်သည့် အချက်အလက်များကို ရရှိရန် အတော်လေးကို အချိန်ပေးရနိုင်သည်။ သို့သော် ထိုလူများက ကျင်းလီနှင့် မပတ်သက်ပေ။
တံခါးဝတွင် မီးပန်းများ ချထားပြီးနောက် သူက စာကြည့်ခန်းထဲသို့ ပြန်လာပြီး စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။ နှစ်သစ်ရောက်ခါနီးလာသည့်အတွက် မကြာခဏဆိုသလို မီးပန်းများကို မြင်လာရသည်။ ထို့ကြောင့် သူလုပ်သည့်အရာကို မည်သူကမျှ အလေးမထားသလို သံသယဝင်နေခြင်းလည်း မရှိချေ။
တံခါးက လေတိုက်ခတ်မှုကြောင့် ပွင့်သွားခဲ့သည်။ လုကျန်းက တံခါးကို တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး ထိုအရာက အပြာဝတ်သခင်လေး ရောက်လာခြင်းဖြစ်မည်ဟု တွေးခဲ့မိသည်။ သို့သော် သေချာစိုက်ကြည့်လိုက်သည့်အချိန်တွင် ပန်းပွင့်တချို့မျှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရပေ။ အစေခံက တံခါးကို မပိတ်ခဲ့ခြင်းပေလော။ သူက ခေါင်းခါလိုက်မိသည်။
သူပြန်လှည့်လိုက်သည့် အချိန်တွင် မျက်နှာအေးစက်သွားခဲ့၏။ အပြာဝတ်သခင်လေးက သူ့နောက်တွင် လက်နောက်ပစ်၍ ရပ်နေခဲ့သည်။ သူက စာအုပ်စင်ပေါ်တွင် ရှိနေသော စာအုပ်များကို ဖတ်ကြည့်နေပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့၏။
"သူ ဘယ်အချိန်တုန်းက ဝင်လာခဲ့တာလဲ…"
လုကျန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက အတော်လေးကို ထိတ်လန့်သွားခဲ့၏။ သူနှင့် ထိပ်သီးပညာရှင်တစ်ယောက်၏ ကွာဟမှုက အလွန်ကြီးမားကြောင်းလည်း သိသွားခဲ့သည်။
"အစ်ကိုလုက ဘာတွေရှာတွေ့ခဲ့လဲ…."
မုန့်ချီကတော့ ပြန်လှည့်မကြည့်ဘဲ သာမန်မေးခွန်းမျိုးမေးသလို ထင်မှတ်ရသည်။
လုကျန်းက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မုန့်ချီကို တလေးတစား ပြန်ဖြေလိုက်၏။
"ကျင်းလီ ပျောက်သွားပြီး ရက်အနည်းငယ်ကြာတဲ့အချိန်မှာ ရှန်းမိသားစု သခင်မလေးက ကျားမိသားစုနဲ့ လက်ထပ်ရမယ့်အစား သေတာပဲကောင်းမယ်လို့ ရုတ်တရက် ကြေညာခဲ့တယ်။ သူက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာ မအောင်မြင်ခဲ့ပေမယ့် စေ့စပ်ပွဲပျက်သွားခဲ့ပြီး လက်ရှိအချိန်ထိ တစ်ယောက်တည်း ဆက်နေသေးတယ်။ ပြီးတော့ ကောင်းကင်ကံကြမ္မာကျောင်းဆောင်ထဲမှာ သီလရှင်အသစ်တစ်ပါး ရုတ်တရက် ရောက်လာခဲ့တယ်။ သူက တိတ်တိတ်နေပြီး ကျောင်းဆောင်ထဲကနေ လုံးဝ ထွက်မသွားခဲ့ဘူး…"
"ရှန်းမိသားစု ၊ ကောင်းကင်ကံကြမ္မာကျောင်းဆောင်…"
မုန့်ချီက တီးတိုးရေရွတ်နေခဲ့သည်။ သူတို့က ချန်းချန်းကန်၏ ရန်သူများ ဖြစ်ကြ၏။ သူတို့၏ ကိုယ်ဖော့ပညာကသာ ကောင်းမွန်ခြင်းမရှိလျှင် တစ်နာရီအတွင်း ဝမ်အန်းမှ မည်သည့်အနားကိုမျှ သွား၍ မရနိုင်ပေ။
မုန့်ချီက ရှန်းမိသားစုနှင့် ကောင်းကင်ကံကြမ္မာကျောင်းဆောင်တို့အကြောင်း မသိမှာ စိုးသည့်အတွက် လုကျန်းက အလျင်အမြန် ရှင်းပြလိုက်သည်။
"ရှန်းမိသားစုကတော့ ဒီနေရာမှာ ရှိနေတာ တော်တော်လေးကြာနေပြီ။ သူတို့က ရှမ်းအိမ်တော်ကို တည်ထောင်ခဲ့တယ်။ သူတို့မိသားစုက ဆိုင်ခန်းတွေ၊ လှေဆိပ်တွေ၊ မိုင်းတွင်းတွေနဲ့ ဆေးဥယျာဉ်တွေကို အဓိကလုပ်ဆောင်ကြတယ်။ လှေဆိပ်ပိုင်ဆိုင်ခွင့် တိုက်ပွဲကြောင့် သူတို့က နာမည်ကျော်မိသားစုတွေ၊ ဂိုဏ်းတွေနဲ့လည်း ပြဿနာရှိခဲ့တယ်။ ဒါကြောင့် သူတို့က အချင်းချင်း မဆက်သွယ်ကြဘူး။ သူတို့မိသားစုထဲမှာ ပညာရှင်တွေအများကြီးရှိပေမယ့် ပြဿနာဖြစ်တာ တော်တော်လေးနည်းတယ်။ တော်တော်လေးလည်း လျှို့ဝှက်ဆန်းကြယ်တယ်..”
“ကောင်းကင်ကံကြမ္မာကျောင်းဆောင်ကတော့ သူ့ရဲ့မူလနာမည် မဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်မှာ တာအိုသခင် တစ်ယောက် ရောက်လာပြီး အဲဒီကျောင်းဆောင်မှာနေဖို့ ဆုံးဖြတ်လိုက်တယ်။ သူက နာမည်ကျော်ကြားမှုမရှိတဲ့ တာအိုကျောင်းဆောင်ကို နာမည်ကျော်ကြားအောင် ပြောင်းလဲပေးခဲ့တယ်။ အဲဒါက ကျောင်းဆောင်တစ်ခုလို့ ပြောလို့ရသလို ဂိုဏ်းတစ်ခုလို့လည်းပြောလို့ရတယ်..”
“သူ့ရဲ့အစွမ်းကိုတော့ သေချာမသိရဘူး။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ကံကြမ္မာကျင့်ကြံသူလို့ခေါ်တယ်။ သူကတော့ တာအိုကျောင်းဆောင်ကို ကောင်းကင်ကံကြမ္မာကျောင်းဆောင်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူ့ရဲ့ဝါဒတွေအရ ကံကြမ္မာဆိုတာ အကြောင်းမရှိရင် အကျိုးမရှိဘူးဆိုပြီး ခဏခဏပြောတယ်။ ကောင်းမွန်တဲ့လုပ်ရပ်မရှိရင် ကောင်းမွန်တဲ့ ကံကြမ္မာကို လုံးဝရမှာမဟုတ်ဘူး။ မဖြစ်နိုင်တာကို တောင့်တစရာ မလိုဘူး။ အဲဒီလို စကားလုံးမျိုးတွေပဲ။ ဒါပေမဲ့ သူက လူတွေရဲ့ရုပ်ရည်ကိုကြည့်ပြီး သူတို့ရဲ့ကံကြမ္မာကို တိတိကျကျ ပြောပြနိုင်တယ်။ သူက တစ်ခုခုဖြစ်တော့မယ်လို့ ခန့်မှန်းလိုက်မယ်ဆိုရင် သူပြောတဲ့စကား (၁၀) ကြိမ်မှာ (၉)ကြိမ်လောက်က မှန်နေတယ်။ ဒါကြောင့်လည်း သူ့ကို ရယ်မိတဲ့ ကျွန်တော်ကိုယ်တိုင်တောင် သူ့ကို လေးစားလာခဲ့ရတယ် "
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်…"
မုန့်ချီက လေးနက်စွာ ပြောလိုက်သည်။
"တခြားအချစ်ရေးရာ ပြဿနာတွေရောရှိလား…"
"နည်းနည်းတော့ ရှိတယ်။ ဒါပေမယ့် မထင်မရှား မိသားစုလေးတွေပါပဲ။ သူတို့က ကျင်းလီနဲ့ ပြဿနာတက်ဖို့ လုံးဝမဖြစ်နိုင်ဘူး…"
လုကျန်းက တခြားအရာများကို အကြမ်းဖျင်း ပြောပြလိုက်သည်။
"ကောင်းပြီလေ။ ငါကိုယ်တိုင်ပဲ အတည်ပြုလိုက်တော့မယ်…"
မုန့်ချီက လုကျန်း၏မျက်စိရှေ့မှ မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားခြင်း မရှိတော့ချေ။ သူက တံခါးကို တွန်းဖွင့်လိုက်ပြီး အေးအေးဆေးဆေး ထွက်ခွာသွားခဲ့၏။ လုကျန်းကတော့ တားဆီးနိုင်ခြင်းပင် မရှိခဲ့ပေ။
…………….
မြစ်အရှေ့ပိုင်းတွင် ရှိနေသော ရာသီဥတုက ညင်သာသည်။ ကောင်းကင်ကံကြမ္မာ ကျောင်းဆောင်ကတော့ တောင်တန်းပေါ်ရှိ တောင်ထိပ်တစ်ခုတွင် တည်ရှိသည်။ ကျောင်းဆောင်တံခါးဆီသို့ သွားသော လမ်းမကြီးက ကျောက်တုံးများ ခင်းထားပြီး မြွေလိမ်မြွေကောက် ဖြစ်သည်။
ကံကြမ္မာဟောခြင်းက အတော်လေးကို အဆင်ပြေလှသည့်အတွက် ကိုးကွယ်ယုံကြည်သူ အမြောက်အမြား လာရောက်ပူဇော်ကြသည်။ ထို့ကြောင့်လည်း အလွန်စည်ကားနေခဲ့၏။
အပြာရောင်ဝတ်စုံဝတ်ထားသော မုန့်ချီကတော့ လက်နောက်ပစ်ပြီး အေးအေးဆေးဆေး လျှောက်လာခဲ့သည်။ သူ့ပုံစံက အတော်လေး သက်သောင့်သက်သာ ရှိနေသလို ထင်မှတ်ရ၏။
သူက သီလရှင်ကို ရှာရန် ကြိုးစားလိုက်သည်။ သို့သော် သူမကို မရှာနိုင်ခဲ့ပေ။ သူမက တံခါးပိတ် လေ့ကျင့်နေပုံရ၏။ မုန့်ချီက သူမကို တိုက်ရိုက်ရှာခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူက ကောင်းကင်ကံကြမ္မာကျင့်ကြံသူကို စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။
သူက တာအိုကလေးငယ် တစ်ယောက်ဆီကို လျှောက်သွားပြီး အပြုံးနှင့် ပြောလိုက်၏။
"ငါက ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူဆီမှာ ငါ့ရဲ့ကံကြမ္မာကို မေးချင်တယ်။ ကျေးဇူးပြုပြီး ပြောပေးလို့ရမလား…"
သူက ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူနှင့် အရင်ဆုံး တွေ့ရန် ဆုံးဖြတ်လိုက်သည်။
"တစ်ကြိမ်မေးမယ်ဆိုရင် ငွေစ တစ်သောင်း။ သူ့ဆီမှာ ကံကြမ္မာမေးတဲ့ တန်ဖိုးက အရမ်းများတယ်လို့ ကျွန်တော်တို့ကျင့်ကြံသူက ပြောခဲ့တယ်…"
တာအိုကလေးငယ်က မုန့်ချီကဲ့သို့ ကိုးကွယ်သူများစွာကို တွေ့ဖူးပုံရသည်။ ထို့ကြောင့် သူက တည့်တည့်သာ ပြောလိုက်၏။
"ကံကြမ္မာဖတ်ပြီးသွားရင် တူညီတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ပေးရလိမ့်မယ်။ တကယ်လို့ သူပြောတဲ့အချက်ကို လက်မခံနိုင်ဘူးဆိုရင်တော့ မပေးဖို့ ငြင်းဆန်လို့ရတယ်။ တကယ်လို့ အဲဒါက အရမ်းဈေးကြီးတယ်လို့ တွေးတယ်ဆိုရင်တော့ တခြားဆရာတူအစ်ကိုကြီးတွေကို ရွေးချယ်နိုင်တယ်။ ဈေးအနည်းဆုံးကတော့ ငွေစ (၅)စပေးရလိမ့်မယ်…"
"သူတို့က လောဘကြီးပြီး အရှက်မရှိကြဘူးပဲ…"
မုန့်ချီကတော့ မြစ်အရှေ့ပိုင်း မြေပိုင်ဆိုင်မှုစာချုပ်ကို ထုတ်လိုက်သည်။ သူကလည်း သူ၏ကံကြမ္မာနှင့် ပတ်သက်ပြီး အလွန်စိတ်ဝင်စားနေခဲ့သည်။
သူက အပြုံးနှင့် ပြောလိုက်သည်။
"ငါက ကျင့်ကြံသူနဲ့ မေးလိုက်တာ ပိုကောင်းမယ်…"
"ဒကာလေး ကျေးဇူးပြုပြီး ဒီလမ်းကနေ လိုက်ခဲ့ပါ…"
တာအိုကလေးငယ်က မုန့်ချီကို ဦးဆောင်သွားခဲ့ပြီး ကျောင်းဆောင်၏ အနောက်ဘက်ထဲတွင် ရှိနေသော ခြံဝန်းငယ်လေး တစ်ခုထဲသို့ ခေါ်သွားခဲ့သည်။
ခြံဝန်းက တိတ်ဆိတ်နေပြီး သစ်ရွက်များ ကြွေကျနေသည်။ ထိုနေရာတွင် သစ်ကိုင်းခြောက်များစွာ ကျန်နေ၏။ အပြာရောင်ဝတ်စုံဝတ်ထားပြီး အဖြူအနက် မုတ်ဆိတ်မွှေး တစ်ဝက်ဆီရှိသော တာအိုသခင်တစ်ယောက်က ကျောက်တုံးပေါ်တွင် ထိုင်နေပြီး လှုပ်ရှားနေသော သစ်ရွက်များကို စိုက်ကြည့်နေသည်။
"ကျင့်ကြံသူ ….
ဒီလူက သူ့ရဲ့ကံကြမ္မာကို မေးချင်တယ်လို့ ပြောပါတယ်…"
တာအိုကလေးငယ်က ဦးညွှတ်၍ ပြောလိုက်သည်။
တာအိုသခင်က ပြန်လှည့်လာခဲ့၏။ သူ၏မျက်နှာက အရေးအကြောင်းများ မရှိဘဲ ချောမွေ့နေသည်။ သူက အသက်မည်မျှရှိကြောင်း မုန့်ချီက မပြောနိုင်ပေ။
"မင်းက မင်းရဲ့ကိုယ်ပိုင်ကံကြမ္မာကို သိချင်တာလား…"
သူ့အသံက အလွန်အိုမင်းရင့်ရော်နေပုံရ၏။
"ဘာလို့ ကျွန်တော့်ရဲ့ကံကြမ္မာက တသတ်မှတ်တည်းဖြစ်နေပြီး ပြောင်းလဲလို့မရလဲ ဆိုတာကို သိချင်နေတာ…"
မုန့်ချီက ဝတ်ရုံကို အနည်းငယ် မလိုက်ပြီး တခြားသော ကျောက်တုံးခုံ တစ်ခုပေါ်တွင် ထိုင်လိုက်သည်။
တာအိုသခင်ကတော့ လှုပ်ရှားနေသော သစ်ရွက်ခြောက်များကို ကြည့်ပြီး ပြောလိုက်၏။
"တကယ်လို့ ငါက မင်းကို လက်ဖဝါးနဲ့ တွန်းလိုက်မယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ ချီစွမ်းအင်တွေက အလိုလို တုံ့ပြန်လာကြမှာပဲ။ ဒီတော့ မင်းက ဘယ်ဘက်ကို လှုပ်ရှားသည်ဖြစ်စေ ညာဘက်ကို လှုပ်ရှားသည်ဖြစ်စေ အရှေ့နဲ့အနောက်ကို လှုပ်ရှားသည်ဖြစ်စေ ရလဒ်အရ မင်းက ထိခိုက်ရမှာပဲ။ ငါတို့က အဲဒါကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး…”
“ဒါက အကြောင်းတရားနဲ့ အကျိုးတရားပဲလေ။ ဒါပေမဲ့ အကျိုးတရားမရှိဘဲ အကြောင်းတရား မရှိလာဘူးလို့ ပြောခဲ့တယ် မဟုတ်လား…"
မုန့်ချီက ရယ်လိုက်သည်။
"အကြောင်းအကျိုးနိယာမဆိုတာက သာမန်နည်းလမ်းလေးတစ်ခုပါပဲ။ အမှန်အတိုင်း ပြောရရင်တော့ အချက်အလက်တွေ လိုအပ်တာပဲလေ။ ကောင်းမွန်တဲ့ရလဒ်တွေက သေချာပေါက် ထွက်လာနိုင်တယ်။ တစ်လှည့်ပြန်ပြောရမယ်ဆိုရင်တော့ အခြေအနေမျိုးစုံကို စစ်ဆေးပြီးမှ တိတိကျကျ သိရမှာပဲ…”
“မင်းမွေးဖွားခဲ့တဲ့အချိန်ကို ပြန်သွားခဲ့မယ်ဆိုရင် အဲဒီအချိန်ကတည်းက အရာအားလုံးကို စီစဉ်ထားပြီးသားဆိုတာ တွေ့ရလိမ့်မယ်။ သူတို့က ကံကြမ္မာအတိုင်း တဖြည်းဖြည်း တိုးတက်လာကြတာ။ မင်းက ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ၊ ဘယ်လောက်ပဲ ကောင်းမှုကုသိုလ်တွေ လုပ်ထားပါစေ အသက်ရှင်လာပြီးသွားရင် ဘယ်အရာကိုမှ မပြောင်းလဲနိုင်တော့ဘူး။ မင်းက လက်ရှိဘဝမှာ အကောင်းဆုံး နေထိုင်တာ ပိုပြီးတော့ကောင်းတယ်…"
တာအိုသခင်က အကျိုးအကြောင်း သဘောတရားများကို ပြောပြလိုက်သည်။
"တော်တော်ထူးခြားတဲ့ဖော်ပြချက်ပဲ…"
မုန့်ချီက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သို့သော် သူနှင့် မငြင်းခဲ့ပေ။
သူက ဆက်မေးလိုက်၏။
"ဒါဆိုရင် ကံကြမ္မာဘယ်နှစ်မျိုးရှိလဲ…"
"မွေးလာတဲ့အချိန်ကတည်းကစပြီး ငါတို့ရဲ့ကံကြမ္မာတွေကို ဆုံးဖြတ်ပြီးသားပဲ။ လူတိုင်းက အဲဒီကံကြမ္မာကို လက်ခံရမှာပဲ။ မတူညီတဲ့အရောင်တွေအတိုင်း ကံကြမ္မာ (၆) မျိုးရှိတယ်။ အဆိုးဆုံးကတော့ အနက်ရောင်။ အဲဒီလူတွေအားလုံးရဲ့ ဘဝတလျှောက်လုံး ဝမ်းနည်းမှုတွေ ၊နာကျင်မှုတွေ ပြည့်နှက်နေလိမ့်မယ်။ ဒုတိယတစ်ခုကတော့ အစိမ်းရောင်။ သူတို့တွေကတော့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်တဲ့ သာမန်လူတွေပဲ..”
“နောက်တစ်ခုကတော့ အနီရောင်။ သူတို့တွေကတော့ သိုင်းလောက သူရဲကောင်းတွေလို အဆင့်မြင့်မြင့်ရာထူးတွေ ကြွယ်ဝချမ်းသာမှုတွေကို ပိုင်ဆိုင်ထားကြလို့ပဲ။ ဒါပေမယ့် သူတို့မှာလည်း မတူညီတဲ့ လက္ခဏာတွေ ရှိနေသေးတယ်။ အဲဒီနောက်မှာတော့ အဝါရောင်ရှိတဲ့သူတွေပဲ။ သူတို့တွေကတော့ မြင့်မားတဲ့စွမ်းအားတွေ မတူညီတဲ့ အခက်အခဲတွေရှိနေတဲ့ ကံကြမ္မာစောင့်ရှောက်သူတွေပဲ။ ဒုတိယအကောင်းဆုံးကတော့ အဖြူရောင်ပဲ။ တကယ်လို့ လူသားတွေကသာ အဲဒီအမျိုးအစားကို ပိုင်ဆိုင်သွားမယ်ဆိုရင် သူတို့က သေချာပေါက် အင်မော်တယ်တွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံးနဲ့ အကောင်းဆုံး အရောင်ကတော့ သန့်စင်တဲ့ အဖြူရောင်ပဲ။ သူတို့တွေကတော့ ဗုဒ္ဓနဲ့တာအိုဘိုးဘေးတွေ ဖြစ်လာနိုင်ပြီး တော်တော်လေးကို ရှားတယ်။ ပေါ်မလာတာလည်း နှစ်ပေါင်း မြောက်မြားစွာကြာခဲ့ပြီ။ ပြီးတော့ အရောင်တစ်ရောင်ချင်းဆီမှာ အဆင့်တွေ အများကြီး ရှိနေသေးတယ်…"
မုန့်ချီက စိတ်ဝင်တစား နားထောင်နေရင်း ပြောလိုက်သည်။
"ကောင်းကင်ကံကြမ္မာကျင့်ကြံသူ …
ကျေးဇူးပြုပြီး ကျုပ်ရဲ့အရောင်ကို ပြောပြလို့ရမလား…"
ကောင်းကင်ကံကြမ္မာကျင့်ကြံသူက မုန့်ချီကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက နက်ရှိုင်းလာပြီး မျက်လုံးကန်းနေသူ တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။
မုန့်ချီကို အနီးကပ် သေချာကြည့်လိုက်ပြီး သူက ပြောလိုက်၏။
"အစိမ်းရောင်ကံကြမ္မာ … မဟုတ်သေးဘူး … အနီရောင် … မဟုတ်သေးဘူး … အဝါရောင် … အဖြူရောင်လား ဒါ ဒါ ဒါက ဘယ်လိုဖြစ်ပြီး သန့်စင်တဲ့အဖြူရောင် ဖြစ်သွားရတာလဲ…"
ကောင်းကင်ကံကြမ္မာကျင့်ကြံသူ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူက နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသလို ထင်မှတ်ရ၏။ သူက လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး ကျောက်တုံးပေါ်တွင် ထိုင်နေခြင်းကိုပင် မေ့လျော့သွားသည့်အတွက် မြေပေါ်သို့ လဲကျသွားခဲ့သည်။
မုန့်ချီက ရှုံ့မဲ့သွားခဲ့၏။
"ငါ့ရဲ့ကံကြမ္မာက အရောင် (၆) ရောင်ထဲမှာ ရှိနေတာ ကံကောင်းသွားတယ်။ (၇)ရောင်မြောက်တော့ ဟုတ်မနေဘူး…"
Translated by Hein Htet