← Chapters

အခန်း (၃၈၂)

Vol. 26 Ch. 382

အခန်း (၃၈၂)

Vol. 26 Ch. 382

သိပ်သည်းစွာ ကျနေသော နှင်းပွင့်များက ရပ်တန့်သွားခဲ့ပြီး ခြံဝန်းလေးထဲတွင် ရှိနေသော လေထုကလည်း အနည်းငယ် ချိုသာလာသယောင် ထင်မှတ်ရသည်။ ဟွမ်ဖူဖေးက သူမ၏ခံစားချက်များ ၊ စိုးရိမ်မှုများ အားလုံးကို ဖယ်ရှားလိုက်ပြီး တလေးတစား အမူအရာနှင့် အကြံဉာဏ်တောင်းလိုက်၏။

"တာအိုသခင် ချင်းယွင် …

ကျွန်မက ကောင်းကင်ည လှံသိုင်းပညာကို လေ့ကျင့်နေတာ (၆)နှစ် ရှိနေပြီ။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရတွေကို လုံးဝ နားမလည်ခဲ့ဘူး။ ဘာလို့လဲဆိုတာတော့ ကျွန်မလည်း မသိဘူး။ မိုးကြိုးကျင့်စဉ် (၅)သွယ်လည်း အတူတူပဲ။ ကျွန်မက သူ့ရဲ့ အဓိက အချက်တွေကို မဖမ်းဆုပ်နိုင်ခဲ့ဘူး။ ဒီတော့ တစ်ယောက်ယောက်ကသာ အကြံမပေးဘူးဆိုရင် ကျွန်မရဲ့တိုးတက်မှုက အရမ်းနှေးတယ်လို့ ခံစားရတယ်…"

သိုင်းပညာနှင့် ပတ်သက်ပြီး အကြံပေးမှုများကတော့ ထိုကဲ့သို့ သာမန်မေးခွန်းများနှင့်သာ အမြဲလိုလို စတင်ကြရသည်။

"ပထမဆုံး မင်းက အများကြီး လေ့ကျင့်ပြီး ခဏခဏ အသုံးချဖို့ လိုအပ်တယ်။ လေ့ကျင့်မှုက ပြီးပြည့်စုံခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။ အဲဒီအချိန်ကျရင်သာ ပြောင်းလဲသွားတဲ့ လှုပ်ရှားမှုတွေ ကြားထဲက စည်းမျဉ်းတွေကို ဖမ်းဆုပ်နိုင်ပြီး သူ့ရဲ့အနှစ်သာရတွေကို နားလည်သွားနိုင်တာ…."

မုန့်ချီက လက်နောက်ပစ်၌ ပြောလိုက်သည်။ သူ၏အင်္ကျီကလည်း လေထဲတွင် လွင့်မျောနေသည်မှာ အလွန်ပေါ့ပါးသွက်လက်ပြီး လှပပုံရသည်။

သူက အပြုံးနှင့် နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ပြီး ပြောလိုက်၏။ “ဒုတိယအချက်ကတော့ များများနားထောင် ၊ များများကြည့် ၊ များများလေ့ကျင့်ပါ။ နှလုံးသားနဲ့ ခံစားပါ။ တော်တော်လေး အစွမ်းထက်တဲ့ လူတွေကလွဲရင် အများစုကတော့ မွေးလာပြီးမှပဲ သူတို့ရဲ့စွမ်းရည်တွေကို ပိုင်ဆိုင်နိုင်ကြတာ။ သူတို့က ဘိုးဘေးတွေ၊ ဒါမှမဟုတ် ကမ္ဘာမြေကြီးကို အတုခိုးပြီး သိုင်းပညာတွေ ဖြစ်လာကြတာ။ တချို့ဂိုဏ်း‌တွေဆီမှာတော့ မှော်သားရဲတွေဆီကနေ သင်ယူထားတဲ့ သိုင်းပညာတွေ ရှိကြတယ်…”

“လူသားတွေဆိုတာ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်ကြရတယ်။ ကမ္ဘာမြေကြီးကတော့ စကြဝဠာကြီးကို အခြေခံထားတယ်။ စကြဝဠာကြီးက တာအိုလမ်းစဉ်ကို လိုက်နာရပြီး တာအိုလမ်းစဉ်ကတော့ သဘာဝတရားကြီးကို လိုက်နာရတယ်။ တကယ်လို့ မင်းက မိုးကြိုးကျင့်စဉ်နဲ့ ဆက်စပ်သိုင်းကွက်တွေကို လေ့ကျင့်ချင်တယ်ဆိုရင် လျှပ်စီးတွေ မိုးကြိုးတွေထဲမှာ ရှိတဲ့ စွမ်းအားတွေကို မခံစားမိဘူး သေချာမလေ့လာဘူးဆိုရင် နားလည်ဖို့ ခက်လိမ့်မယ်…”

“ဥပမာအနေနဲ့ ပြောရရင် လျှပ်စီးရဲ့အရှိန်၊ မိုးကြိုးရဲ့ အလေးချိန် ၊ ကောင်းကင်ကြီးရဲ့ ကျယ်ပြန့်မှုနဲ့ နှိုင်းယှဉ်စရာ တခြားအရာတွေရဲ့ နှေးကွေးမှုတွေက မိုးကြိုးမုန်တိုင်းတစ်ခုကို စောင့်ကြည့်နေမယ်ဆိုရင် သိနိုင်တယ်။ တကယ်လို့ မင်းက ဒီဓားကို ကြည့်လိုက်မယ်ဆိုရင် ဓားထဲမှာ အဆုံးမဲ့ လေဟာနယ်ကြီးကို ထိန်းသိမ်းထားသလို ဖြစ်နေမှပဲ ပြီးပြည့်စုံမှုကို တွေ့ရလိမ့်မယ်…"

မုန့်ချီ၏ စကားသံက အိမ်လေးထဲတွင် ပျံ့နှံ့နေခဲ့သည်။ မကြာခဏဆိုသလို သူက ဓားကို ထုတ်လိုက်ပြီး သိုင်းကွက်များကို ပြသနေခဲ့၏။

သခင်မကြီး ဟွမ်ဖူနှင့် မိန်းကလေးဟွမ်ဖူတို့ကတော့ တိတ်ဆိတ်ငြိမ်းချမ်းမှုကို ခံစားနေရပြီး တိတ်တဆိတ် မှတ်သားနေကြသည်။

"မိုးကြိုးမုန်တိုင်းတစ်ခုကို ကြည့်နေရုံနဲ့လည်း မလုံလောက်သေးဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရှိန်အဝါကို ခံစားမိဖို့ကလည်း အရေးကြီးသေးတယ်။ ဒီတော့ ဘိုးဘေးတွေရဲ့ မှတ်တမ်းတွေကို လေ့လာပြီး ကိုယ်ပိုင်အတွေးနဲ့ ပေါင်းစပ်အသုံးချရတာ…"

သူ၏ရှင်းပြမှုကို နားထောင်ပြီးနောက် ဟွမ်ဖူဖေးက ဝမ်းသာသွားပုံရသည်။

"အခုတော့ ကျွန်မက နည်းနည်းလေး နားလည်လာပြီ ထင်တယ်။ ကျွန်မက ကောင်းကင်ည လှံသိုင်းပညာနှင့် မိုးကြိုးကျင့်စဉ် (၅)သွယ်ကို အစကနေ အဆုံးအထိ လေ့ကျင့်ပြမယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းညွှန်ပေးပါဦး…"

……………

တစ်လကြာပြီးနောက် ဟွမ်ဖူဖေးက သူမ၏အခန်းထဲမှ ထွက်လာခဲ့သည်။ သူမက နေ့စဉ် လမ်းညွှန်ခြင်းနှင့် လေ့ကျင့်မှုအတွက် အဆင်သင့်‌ဖြစ်နေခဲ့၏။ သူမက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ဆံထိုးလေးတစ်ခု ထိုးထား၏။ သူမ၏ပုံစံက သာမန် မိသားစုတစ်ခုမှ မိန်းကလေးတစ်ယောက်နှင့်တူညီနေသည်။

သို့သော် သူမ၏ဖုံးကွယ်ထားမှုက ကြည်လင်‌ဝင်းပနေသော အသားအရည်ကို ဖုံးကွယ်နိုင်ခြင်း မရှိချေ။ ထိုအရာက သူမ၏သဘာဝအလှတရားကို ဖယ်ရှားရန် ခက်ခဲ၏။ မီးဖိုချောင်ကို ဖြတ်လာပြီး သူမ၏အမေကို နှုတ်ဆက်လိုက်ပြီးနောက် သူမက ခြံဝန်းထဲသို့ လျှောက်လာခဲ့သည်။ သူမက လေကို တဝကြီး ရှူလိုက်မိ၏။

တာအိုသခင်ချင်းယွင်ကတော့ သစ်ပင်အောက်တွင် ထိုင်နေပြီး သူ၏ အငွေ့အသက်များကို ဖုံးကွယ်ထားသည်။ သူ့ကို စိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားပြီး ထိုနေရာတွင် လူမရှိသလို ထင်မှတ်ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု ထွက်ပေါ်လာနေသလို ထင်မှတ်ရပြီး သူ့ကို နှောင့်ယှက်ရန် ခက်ခဲနိုင်၏။

ဤအချိန်အတောအတွင်း သူ့ကို ထိုကဲ့သို့ ပုံစံနှင့် ထိုင်နေခြင်းကို ဟွမ်ဖူဖေးက မကြာခဏ မြင်ခဲ့ဖူးသည်။ တဖြည်းဖြည်းနှင့် သူမ၏သံသယများကလည်း ပျောက်ကွယ်သွားပြီး ထိုအရာကို သာမန်မြင်ကွင်းတစ်ခုသဖွယ် ခံစားမိလာရသည်။ သို့သော် ဘာမှမရှိသော ခံစားမှုတစ်ခုက ပြင်းထန်လာပြီး သူမ၏ ကိုယ်ပိုင် ခံစားချက်များ ၊ အာရုံများကိုပင် လွှမ်းမိုးနိုင်ခဲ့၏။

"ဆရာတာအိုသခင်လေး … ကျွန်မ ရောက်ပြီ…"

သူမက မိန်းမောနေရာမှ သတိပြန်ဝင်လာပြီး ဆရာကို နှုတ်ဆက်လိုက်သော တပည့်တစ်ယောက်ကဲ့သို့ နှုတ်ဆက်လိုက်သည်။

သူမက သူ့ကို အခေါ်အဝေါ် ပြောင်းခဲ့သည်မှာ ကြာခဲ့ပါပြီ။ သူတို့က လေ့ကျင့်‌နေသည်မှာ တစ်လခန့် ကြာနေပြီဖြစ်ပြီး သူမ၏စွမ်းရည်များကို တိုးတက်စေရန် အချင်းချင်း တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့၏။ သူမ၏လက်ရှိ ကောင်းကင်ည လှံသိုင်းပညာက နှစ်ဆခန့် တိုးတက်သွားပြီဟု ခံစားနေရသည်။

သူမက ကောင်းကင်မိုးကြိုးကျင့်စဉ် (၅)သွယ်ကို ရုတ်တရက် နားလည်သွားခဲ့သလို ခံစားလိုက်ရ၏။ အကယ်၍ အချိန်ကန့်သတ်ချက်ကြောင့် မဟုတ်လျှင် သူမက ချက်ချင်း အဆင့်တက်သွားနိုင်သည်။

မုန့်ချီ၏ နောက်တွင် ရှိနေသော သစ်ပင်ကြီးကတော့ ဖြောင့်မတ်နေပြီး ကြွေကျနေသော သစ်ရွက်ခြောက် အနည်းငယ်ရှိနေသည်။ သူက တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံး တစ်ဖက်ပွင့်နေ၏။

ဟွမ်ဖူဖေး၏ စကားကို ကြားသည့်အခါ သူက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက မှေးမှိန်နေပြီး အဆုံးမဲ့လေဟာနယ်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရ၏။ ကျယ်ပြန့်ခြင်း၊ ရိုးရှင်းခြင်းနှင့် အဆုံးမဲ့ ခံစားချက်များကြောင့် သူကိုယ်တိုင်က စကြဝဠာကြီးအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ သူက အပေါ်ဘက်မှ ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေ၏။

ဟွမ်ဖူဖေးက နောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်သွားမိသည်။ သူမ၏ ရှေ့တွင် ရှိနေသော တာအိုသခင်လေးက လေးစားကြောက်ရွံ့ဖွယ်ကောင်းသည်ဟု သူမက ခံစားနေရသည်။ သူ့ကို မြင်သည့်သူတိုင်းက သတိလက်လွတ် အရိုအသေ ပေးမိနိုင်၏။

သို့သော် မျက်စိတမှိတ်အတွင်း ထိုကဲ့သို့ ခံစားချက်များက ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာက ဘာမျှမရှိသည့်အလား အိပ်မက်တစ်ခုလို ထင်မှတ်ရ၏။ သူမက သူ့ကို ပြုံးပြလိုက်သည်။

"ဒီနေ့ ငါက မင်းကို လမ်းညွှန်ပေးတာ နောက်ဆုံးနေ့ပဲ…"

အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်၏ အခြေခံအဆင့်ကို အောင်မြင်သွားပြီးနောက် သူက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို စတင် လေ့ကျင့်နေခဲ့သည်။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရှိနေသော ကျင့်စဉ်အများစုက သူ့အတွက် လျှို့ဝှက်ချက် မရှိနိုင်တော့ပေ။ သူသာ ချီစွမ်းအင်စီးဆင်းမှုနှင့် အနှစ်သာရများကို သိမည်ဆိုလျှင် လျင်မြန်စွာ အတုခိုးနိုင်သည်။ စည်းမျဉ်းတစ်ခုကို နားလည်လိုက်ခြင်းက အရာအားလုံးကို နားလည်သွားနိုင်၏။

ထို့ပြင် သူ့ကို တိတ်တဆိတ် ဝမ်းသာစေပြီး အံ့ဩ‌သွားစေခဲ့သော အရာကတော့ ကောင်းကင်ရွှေကျင့်စဉ်က သူ၏အသွင်ပြောင်း(၇၂) မျိုး ကျင့်စဉ်နှင့် ထူးဆန်းစွာ လိုက်လျောညီထွေ ရှိနေခဲ့သည်။ ထို့ကြောင့် သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို သုံးပြီး ကျောက်စိမ်းပုံရိပ်ယောင် ကောင်းကင်ဖွင့်လှစ်ခြင်း ကျင့်စဉ်ကို တုပရန် လဝက်ခန့်သာ လိုအပ်သည်။

သူက ကျောက်စိမ်းပုံရိပ်ယောင် လက်ဝါး (၃၆)မျိုးကို သင်ယူနိုင်ခဲ့ပြီး အလွန်ရိုးရှင်းသော ပုံစံနှင့် အသုံးပြုနိုင်သည်။ ထိုအရာက ယခုမှ စသုံးသော လူတစ်ယောက်နှင့် လုံးဝ မတူတော့ပေ။ သူက အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ပြီးနောက် ကျန်ရှိနေသော လဝက်အတွင်း ဝေ့ကျင်းအဆင့် သိုင်းကွက် (၃)ကွက် လေ့ကျင့်ခဲ့သည်။

သူက ကောင်းကင်ဖျက်လက်ဝါး၏ ပထမတစ်ဝက်ကို တုပ အသုံးပြုနိုင်သည့်အတွက် ကောင်းကင်ပြောင်းပြန် လက်ဝါးသိုင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို သုံးပြီး ထိုလက်ဝါးသိုင်း၏ (၈၀) ရာခိုင်နှုန်းခန့်ကို အသုံးပြုနိုင်ခဲ့၏။

တစ်ဖက်တွင်တော့ တည်ငြိမ်ခြင်းတံဆိပ်နှင့် ဆုတောင်း (၃)မျိုး လက်သီးတို့က တိုးတက်မှု နည်းပါးနေသည်။ သူက အောင်မြင်မှုရရန် နောက်ထပ် တစ်လခန့် လိုအပ်နိုင်၏။ သူက အစောပိုင်းတွင် သူ၏ အရှိန်အဝါကို ပြည့်ပြည့်ဝဝ မထိန်းချုပ်နိုင်ခဲ့သည်မှာ ကျောက်စိမ်းပုံရိပ်ယောင် ဖွင့်လှစ်ခြင်း စွမ်းရည်က ဉာဏ်အလင်းပွင့်မှု အဆင့်တွင်သာ ရှိနေသေးခြင်းကြောင့်ဖြစ်သည်။

"နောက်ဆုံးအကြိမ်လား … "

ဟွမ်ဖူဖေးက မျက်လုံးပြူးသွားခဲ့၏။ သူမ၏ပုံစံကလည်း မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

မုန့်ချီက အပြုံးနှင့် ဖြည်းညင်းစွာ ပြောလိုက်၏။

“လူတိုင်းက တစ်နေ့နေ့မှာ ခွဲခွာကြရမှာပဲလေ။ ငါက မကောင်းဆိုးဝါးဝိညာဉ်နဲ့ ပတ်သက်ပြီး သွားစရာကိစ္စတွေ ရှိနေသေးတယ်…"

ဟွမ်ဖူဖေးက ရုတ်တရက် ဝမ်းနည်းလာသော ခံစားမှုကို ဖိနှိပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။

"ဆရာ တာအိုသခင်လေးရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ဒီတစ်လအတွင်း အများကြီး သင်ကြားခဲ့ရပါတယ်…"

သူမက မိုးကြိုးကျင့်စဉ် (၅)သွယ်နှင့် ကောင်းကင်ည လှံသိုင်းပညာတို့ကို ပြည့်စုံလုနီးပါး တတ်မြောက်လာခဲ့သည်။ အကယ်၍ ထိုအတိုင်းသာ ဆိုလျှင် သူမ၏အဖေထက်ပင် ပို၍ မြင့်မားသော အဆင့်ကို ရောက်ရှိသွားနိုင်သည်ဟု သူမက ယုံကြည်နေခဲ့၏။ သူမ၏အဆင့်ကလည်း သာမန် တံခါး (၉)ပေါက်အဆင့်တွင် ကန့်သတ်နေတော့မည် မဟုတ်ချေ။

"ဒီအရာကနေ ငါတို့ နှစ်ယောက်စလုံး အကျိုးအမြတ် ရှိခဲ့ပါတယ်။ ဒီတော့ ကျေးဇူးတင်စရာ မလိုပါဘူး…."

မုန့်ချီကတော့ လက်ကာ ပြလိုက်သည်။

ဟွမ်ဖူးဖေးက နောက်တစ်ကြိမ် ဦးညွတ်လိုက်၏။

"ဆရာ တာအိုသခင်လေး …

ဂိုဏ်းတူ အစ်ကိုကြီးက ဒီမြို့လေးထဲမှာပဲ ပုန်းနေတယ်။ သူ ဘယ်မှာရှိနေလဲဆိုတာ ကျွန်မ တစ်ယောက်တည်းပဲ သိတယ်။ ကျွန်မတို့က ဒီနေ့ သူနဲ့သွားတွေးပြီး လိပ်နက် ကျောက်စိမ်းပြားလေးကို ပြန်သွားယူကြမလား…"

သူမက ဤတစ်လတွင် သိုင်းပညာကိုသာ အလေးထားနေသည့်အတွက် အချစ်ရေးကို အလေးမထားမိခဲ့ပေ။

"အဲဒီလောက် အလျင်မလိုပါဘူး…"

မုန့်ချီကတော့ အေးအေးဆေးဆေး အမူအရာနှင့်ပြောလိုက်၏။

“ပထမဦးဆုံး အခု ငါ ပြသလိုက်တဲ့ ဓားမောက်ပညာကို သေချာကြည့်ထားပြီး နားလည်အောင် ကြိုးစားပါ…”

သူက ဓားကို ဆွဲထုတ်လိုက်ပြီး နေရာတွင် ဝှေ့ရမ်းတိုက်ခိုက်လိုက်သည်။

ဓားမောက်အရှိန်အဝါက တစ်ခါတစ်ရံ မိုးကြိုးများကဲ့သို့ လေးလံပြီး တစ်ခါတစ်ရံ လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်သည်။ တစ်ခါတစ်ရံ အရာအားလုံးကို ထိန်းသိမ်းထားသလို ကျယ်ပြန့်ပြီး တစ်ခါတစ်ရံ နှေးကွေးသွား၏။ တစ်ခါတစ်ရံ အစွမ်းထက်ပြီး မကောင်းဆိုးဝါးများကို ခြိမ်းခြောက်နိုင်သည်။ တစ်ခါတစ်ရံ ခိုင်မာပြီး အဖျက်စွမ်းအားများက ပြင်းထန်၏။

ဓားအရှိန်အဝါများက ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲနေခဲ့၏။ ထိုကဲ့သို့ ဓားမောက်သိုင်းပညာမျိုးက လူတစ်ယောက်၏ ရင်ထဲတွင် အကြောက်တရားများ ပေါ်လာစေနိုင်သည်။ အနားတွင် ရပ်နေသော ဟွမ်ဖူဖေးကပင် ထက်မြက်သော အငွေ့အသက်များ ၊ကြောက်စရာကောင်းသော လေလှိုင်းများကို ခံစားမိခဲ့ခြင်း မရှိချေ။

"ဗုန်း … "

ဓားမောက် သိုင်းပညာကို ပြသနေသည့်အချိန်တွင် အသံတိုးတိုး ထွက်ပေါ်လာခဲ့သည်။ ထိုအရာကို ဆက်လက် ပြသနေရင်း နတ်ဘုရားအပြစ်ပေးမှုကဲ့သို့ စွမ်းအားတစ်ခု ပေါ်လာခဲ့၏။

ရုတ်တရက် ဆိုသလို ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီး ခြံဝန်းကြီးတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ကြည့်ရသည်မှာ အမှောင်ထုကြီးတစ်ခု ထွက်ပေါ်လာနေသလို ထင်မှတ်ရ၏။ ထိုအချိန်တွင် အပြာရောင် ကောင်းကင်ကြီးပေါ်မှ အလင်းတန်း တစ်ခုထွက်ပေါ်လာပြီး ခြံဝန်းကြီးတစ်ခုလုံး လင်းထိန်နေခဲ့သည်။

"ဂျိမ်းး … "

မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ရောက်လာပြီးနောက် အသံက ထူးထူးခြားခြားကို ကျယ်လောင်သော်လည်း မုန့်ချီက ထိုအရာကိုထိန်းချုပ်ထားနိုင်ခဲ့သည်။ အသံလှိုင်းအနည်းငယ်သာ ထွက်ပေါ်လာခဲ့၏။

အနှစ်သာရ (၅)မျိုးဖြစ်သော စစ်မှန်ခြင်း ၊ လေးလံခြင်း ၊ နှေးကွေးခြင်း ၊ အရှိန်နှင့် ကြမ်းတမ်းခက်ထန်မှု စသည့်အရာများ အားလုံးက တစ်မျိုးတည်း ပေါင်းစပ်သွားသလို ထင်မှတ်ရသည်။ စစ်မှန်ခြင်း ၊ ခိုင်မြဲခြင်းနှင့် စွမ်းအားများကလည်း လေဟာနယ်ထဲတွင် ပြည့်နှက်နေခဲ့၏။ ကောင်းကင်ကြီး၏ ကိုယ်စား မိုးကြိုးသွား (၅)ခု တိုက်ခိုက်လိုက်သည်။

မုန့်ချီက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၅)သွယ်ကို အတော်လေး ပြီးပြည့်စုံအောင် ဖန်တီးထားနိုင်ခဲ့သည်။ သူကတော့ ထိုအရာကို တခြားစွမ်းရည်များနှင့် ပေါင်းစပ်ပြီး သိုင်းကွက်တစ်ခု ဖန်တီးရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထိုအရာက ကံကြမ္မာအမှတ် (၁၀၀) ခန့် လျော့ကျသွားမည်ဟု ခန့်မှန်းရသည်။

ထိုသို့ဆိုရာတွင် သူ၏အရှိန်အဝါကို စုစည်းလိုက်သည့်အတွက် နောက်ဆုံး တိုက်ခိုက်မှုက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် စွမ်းအားထက်ပင် အနည်းငယ် ပိုသာနေသည်။

ဓားချီစွမ်းအင်များက အရာအားလုံးကို လွှမ်းခြုံသွားသည့်အတွက် သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။ မိုးကြိုးအမှတ်အသားများကသာ ဟွမ်ဖူဖေး၏ မျက်လုံးထဲတွင် ကျန်ရှိနေခဲ့၏။

………..

မုန့်ချီက ချီရှောင်ချုံနှင့် ဟွမ်လင်းတို့ကို သူနှင့်ဆက်သွယ်ရန် အမှတ်အသား တစ်ခုဆီ ချန်ထားခဲ့ပြီး မတူညီသောအချိန်များတွင် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် သူက အမှောင်ထဲတွင် ပုန်းနေပြီး သူတို့၏နောက်တွင် လိုက်လာသူများ ရှိ မရှိ စောင့်ကြည့်နေခဲ့၏။ ပြဿာနာမရှိကြောင်း သေချာသွားမှသာ ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့ကို တွေ့ခွင့်ပေးခဲ့သည်။

ညအချိန်တွင် ဟွမ်ဖူဖေးက အဝတ်အစား လဲပြီး မုန့်ချီကို အလွန်ဈေးကြီးသော စံအိမ်တစ်ခုဆီသို့ ခေါ်လာခဲ့၏။ သူမက ချောင်ကျသော တံခါးတစ်ခုကို ထူးဆန်းစွာ ခေါက်လိုက်သည်။

ပထမတွင် တံခါးက တိတ်ဆိတ်နေသော်လည်း သိပ်မကြာခင် ခြေသံများ ကြားလိုက်ရသည်။ ခြံဝန်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် အသက် (၃၀)နီးပါးခန့်ရှိသော လူတစ်ယောက် ပေါ်လာခဲ့၏။ သူကတော့ ခံစားချက်များ ပြည့်နှက်နေပုံရသည်။

"ဆရာတူ ညီမလေး … "

သူမက ရုပ်ဖျက်ထားသော်လည်း သူကတော့ တစ်ချိန်လုံး အိပ်မက်မက်နေရသည့် မိန်းကလေးကို ချက်ချင်း မှတ်မိနေသေးသည်။

သူမ၏ချစ်သူကို နောက်တစ်ကြိမ် တွေ့လိုက်ရသည့်အချိန်တွင် လှုပ်ရှားလာသော ခံစားချက်များကို ဟွမ်ဖူဖေးက အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ သူမက လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး စကားပြောရန် ပြင်လိုက်စဉ် တာအိုသခင် ချင်းယွင်က သူမ၏အနားတွင် ရှိနေကြောင်း မှတ်မိသွားသည်။

သူမက ရှက်ရွံ့စွာ ပြောလိုက်၏။

"ဆရာတူ အစ်ကိုကြီး …

ဒါက တာအိုသခင် ချင်းယွင်လို့ ခေါ်တယ်။ သူ့ရဲ့ကျေးဇူးကြောင့် အမေနဲ့ကျွန်မတို့က အသက်ရှင်နိုင်ခဲ့တာ…"

ဟယ်ကန်ရှန့်က လူသားနှင့် ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်လုနီးပါး ဖြစ်သည်။ ဟွမ်ဖူဖေးကို မြင်လိုက်သည့်အချိန်တွင် သူက မုန့်ချီကို သတိထားမိပြီးသား ဖြစ်၏။ သို့သော် ယုံကြည်ရသော ဆရာတူညီမလေးက သူ့ကို လုံးဝ ထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း ယုံကြည်နေသည်။

ထို့ကြောင့် သူက နောက်ထပ် စုံစမ်းမေးမြန်းခြင်း မရှိဘဲ တာအိုသခင်လေးကို အရိုအသေ ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် တာအိုသခင်ချင်းယွင် ။ တာအိုသခင်ချင်းယွင်ရဲ့ လုပ်ရပ်တွေက ကမ္ဘာကြီးတစ်ခုလုံး ပျံ့နှံ့နေတာ။ ‌ဉာဏ်အလင်းပွင့်မှုအဆင့်နဲ့ သွေးစိမ်းနဂါးဘုရင်ကို အနိုင်ရတဲ့အတွက် ကျွန်တော်လည်း တကယ်ကို လေးစားမိပါတယ်…"

ဟွမ်ဖူဖေးက မုန့်ချီကို ခြံဝန်းထဲသို့ ဝင်ရန် အချက်ပြလိုက်ပြီး ဖြစ်ပျက်ခဲ့သော အရာများကို ရှင်းပြလိုက်သည်။

"ဆရာတူ အစ်ကိုကြီး …

လိပ်နက်ကျောက်စိမ်းပြားလေးက မကောင်းဆိုးဝါးဝိညာဉ်နဲ့ ပတ်သက်နေတယ်။ အဲဒါက အရေးကြီးတဲ့ပစ္စည်းဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး တာအိုသခင်ချင်းယွင်ကို ပေးလိုက်ပါ…"

ဟယ်ကန်ရှန့်က ခါးသီးစွာ ရယ်လိုက်သည်။

"ဒါကြောင့်လည်း ငါက ဘာကျင့်စဉ်ကိုမှ နားမလည်နိုင်ခဲ့တာကိုး ။ တစ်ဖက်မှာလည်း ငါက တစ်စုံတစ်ယောက် သက်ပြင်းချနေသလို အသံကြားမျိုးတွေပြီး အိပ်မက်ဆိုးတွေ မကြာခဏ မက်နေတာ…"

သူက ပြောလိုက်ပြီးလိပ်နက်ကျောက်စိမ်းပြားလေးကို ထုတ်ပေးလိုက်သည်။ ထိုအရာက မကောင်းသော ချီစွမ်းအင်များကြောင့် ပျက်စီးလုနီးပါး‌ဖြစ်နေသော ကျောက်စိမ်းပြားလေးတစ်ခုဖြစ်သည်။ ထိုကျောက်စိမ်းပြားပေါ်တွင် လိပ်ခွံပုံသဏ္ဌာန် ထွင်းထုထားခဲ့၏။

"ဘာကို သက်ပြင်းချနေတာလဲ။ သက်ပြင်းချတာက ဘာ အသံလဲ…"

မုန့်ချီက အတော်လေးကို စိတ်ဝင်စားသွားခဲ့သည်။ သူက ကျောက်စိမ်းပြားလေးကို ယူလိုက်ရာ အေးစက်သော အထိအတွေ့ကို ခံစားမိခဲ့၏။ နှစ်သောင်းပေါင်းများစွာ ကြာရှိနေသော ကျောက်စိမ်းပြားလေးက မည်သို့ရှိကြောင်း သူလည်း သိချင်နေ၏။

"အသံကတော့ အပူအပင်မဲ့ တောင်ကြားဆိုပြီး ပြောနေသလိုပဲ…"

"အပူအပင်မဲ့ တောင်ကြားလား … "

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ကျောက်စိမ်းပြားထဲသို့ ပင်မ စွမ်းအင်များ ပို့လွှတ်လိုက်သည်။ ထိုအချိန်တွင် သူလည်း အေးစက်သော သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရ၏။

"အပူအပင်မဲ့ တောင်ကြား … "

ထိုအသံက အလွန်ကြီးကျယ်ခမ်းနားပြီး မုန့်ချီ၏ နားထဲသို့ ထိုးဖောက်လာခဲ့သည်။

"ကျန်းဝူသေဆုံးမှု လျှို့ဝှက်ချက် အဆင့် (၃)၊ အပူအပင်မဲ့ တောင်ကြားကို ရှာဖွေပါ…"

သံသရာအရှင်သခင်၏ စကားသံက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့၏။

"ငါက အဲဒီနေရာကို လုံးဝမကြားဖူးဘူး…"

မုန့်ချီက သူ့ကို ထိုအရာနှင့် ပတ်သက်ပြီး မေးခွန်းမေးလိမ့်မည်ဟု ဟယ်ကန်ရှန့်က အထင်မှား၍ ယုံကြည်သွားခဲ့သည်။

ဟွမ်ဖူဖေးကလည်း ခေါင်းခါပြလိုက်၏။

"တကယ်လို့ အပူအပင်မဲ့ တောင်ကြားကသာ ရွာ (၉)ရွာထဲမှာ မရှိဘူးဆိုရင် ပင်မ ကမ္ဘာကြီးထဲမှာပဲ သဲလွန်စ ရှိနိုင်တော့မယ်…"

မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိသည်။

အကယ်၍ သူကသာ ထိုအရာနှင့်တွေ့ရန် သံသရာတာဝန်များထဲ၌ မျှော်လင့်ထားမည်ဆိုလျှင် သူ့အခွင့်အရေးများက အလွန်နည်းပါးပြီး မဖြစ်နိုင်သလောက်ဖြစ်သည်။ သူက သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး အစိမ်းရောင်အလင်းတန်းအဖြစ် ပျောက်ကွယ်သွားခဲ့၏။

သူက ကိုယ့်ဖော့ပညာကို သုံး၍ ထွက်ခွာသွားသည့်အတွက် ဟယ်ကန်ရှန့်ကပင် မှင်တက်သွားမိခဲ့သည်။ ဟွမ်ဖူဖေးက တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။

"ဘာဖြစ်လို့လဲ … "

ဟယ်ကန်ရှန့်က မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ တာအိုသခင် ချင်းယွင်က တော်တော်လေး အံ့ဩစရာကောင်းတယ်။ သူက ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ မိုးကြိုးနတ်ဘုရားတစ်ပါးလိုပဲ…"

ဟွမ်ဖူဖေးက အဝေးသို့ ကြည့်နေရင်း ပြောလိုက်သည်။

………….

ကောင်းကင်ကျေးရွာက ရေတံခွန်တောင်ကြားမြို့၏ အနားတွင် တည်ရှိသည်။ သူ၏ ကိုယ်ဖော့ပညာကြောင့် သူ့ပုံစံက ရေထဲတွင် သွားနေသော ငါး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက လူပင်လယ်ကြီးသို့ လျင်မြန်စွာ ဝင်ရောက်ပေါင်းစပ်သွားခဲ့၏။

ခဏကြာပြီးနောက် သူက သီးခြားနယ်မြေတစ်ခုထဲတွင် ပေါ်လာပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ သူက တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲကို ဝင်လိုက်သည့် အချိန်တွင် လိုဏ်ခေါင်းထဲ၌ လူတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် စကားပြောနေသည်ကို မြင်လိုက်ရ၏။

"အင်မော်တယ်တွေရဲ့ စစ်ကူတွေက အခုထိ မရောက်သေးဘူးလား …"

တစ်ဖက်လူက အလျင်အမြန် မေးလိုက်သည်။

Translated by Hein Htet

All Chapters